အတွေးအမြင်

ပြုပြင်ပြောင်းလဲရေးအတွက် တွန့်ဆုတ်မနေသင့်တော့

သုဝဏ္ဏခွန် | အတွေးအမြင်

ပြုပြင်ပြောင်းလဲရေးအတွက် တွန့်ဆုတ်မနေသင့်တော့

သုဝဏ္ဏခွန် | အတွေးအမြင်

ယူကရိန်းနဲ့ ရုရှားစစ်ပွဲ အရှိန်လျော့လာခြင်း မ‌ရှိမှုနဲ့ လောလောလတ်လတ် အီရန်က အစ္စရေးကို မစ်ဆိုင်းဒုံး ရာနဲ့ချီပစ်ခတ်မှုတွေကြောင့် ကမ္ဘာ့နိုင်ငံရေးက ပိုပြီးလှုပ်လှုပ်ခတ်ခတ် ဖြစ်လာတဲ့အချိန်မှာ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းမှာ မြန်မာ့အရေးဟာ နောက်ကို ပိုပြီးရောက်လာဖို့ရှိနေပါတယ်။ ဒီလိုမျိုး ကမ္ဘာ့နိုင်ငံရေး လှုပ်ခတ်နေချိန် အထူးသဖြင့် အရှေ့အလယ်ပိုင်းအရေးကိစ္စတွေ လှုပ်လှုပ်ခတ်ခတ်ဖြစ်နေချိန်၊ အမေရိကန် လည်း ရွေးကောက်ပွဲအတွက် အလှုပ်ရှုပ်နေတဲ့ အခုလိုအချိန်မှာ တရုတ်ဟာ အာရှဒေသတွင်းအရေးကိစ္စတွေကို ပိုပြီး လုပ်လာနေပါတယ်။ အထူးသဖြင့် မြန်မာ့အရေးနဲ့ပတ်သက်ပြီး တရုတ်ဟာ ပေါ်ပေါ်ထင်ထင် ဝင်ရောက် စွတ်ဖက်လာပါတယ်။ သမိုင်းကြောင်းအရ တရုတ်ဟာ မြန်မာစစ်‌အစိုးအဆက်ဆက်နဲ့ ဆက်ဆံရေး နီးနီးကပ်ကပ်ရှိခဲ့ပေမယ့် စစ်အာဏာသိမ်းမှုအစောပိုင်းမှာ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အာဏာသိမ်းမှုကို ထောက်ခံသည့်တိုင် အတိအလင်း ထောက်ခံခဲ့တာမျိုး ရှိခဲ့တာကို မတွေ့ခဲ့ရပါဘူး။

အထူးသဖြင့် မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီဟာ အာဏာသိမ်းမှုအစောပိုင်းကာလမှာ တရုတ်ထက် ရုရှားနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတည်ဆောက်ခဲ့တာကြောင့်လည်း ဖြစ်ပါတယ်။ ထို့အတူ အမျိုးသား ညီညွတ်‌ရေး အတိုင်ပင်ခံကောင်စီက ကမကထပြုကျင်းပတဲ့ ပထမအကြိမ်ပြည်သူ့ညီလာခံက အတည်ပြု ပေးတဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အရ ဖွဲ့စည်းပေးတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ တနည်း စစ်ကောင်စီရဲ့ စင်ပြိုင်အစိုးရဟာ အိမ်နီးချင်းဖြစ်တဲ့ တရုတ်နဲ့ ဆက်ဆံရေးကို ထူထောင်ဖို့ထက် ဒီမိုကရေစီစံနှုန်းကို အလေးထားတဲ့ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးထူထောင်ဖို့ အားသန်ခဲ့ပါတယ်။ ဒါတွေကြောင့် တချို့သော နိုင်ငံရေးသုတေသီတွေက အမျိုးသားညီညွတ်ရေးအစိုးရဟာ “အနောက်မျှော်အစိုးရလား”ဆိုပြီး ထောက်ပြတဲ့ အထိ ရှိလာပါတယ်။

နွေဦးတော်လှန်ရေးစတင်ပြီးနောက် တော်လှန်ရေးတပ်ဦးမှာ ဦးဆောင်နေတဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီအပေါ် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းတွေ၊ လူထုနဲ့ လူငယ်ထုတွေရဲ့ မျှော်လင့် တကြီး ရှိခဲ့ပါတယ်။ ဒါပေမယ့် အန်ယူစီစီရဲ့ အစောပိုင်းစုဖွဲ့မှုမှာ ပါဝင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ကြားကာလ ကချင်နိုင်ငံရေးပူးပေါင်းဆောင်ရွှက်ရေးအဖွဲ့(KPICT)လို အဖွဲ့အစည်းတွေက စုဖွဲ့မှုကနေ နှုတ်ထွက်သွားတဲ့အခါ အန်ယူစီစီရဲ့ အတွင်းပိုင်း စုဖွဲ့မှု၊ အလုပ်မတွင်မှု၊ အလုပ်မဖြစ်မှုတွေနဲ့ ပတ်သက်ပြီး တော်လှန်ရေးအင်အားစုတွေရဲ့ ဝေဖန်ထောက်ပြမှုတွေ ရှိလာပါတယ်။ အဲဒီလို ပြုပြင်ပြောင်းလဲ‌ရေး ဝေဖန်ထောက်ပြမှုတွေဟာ အန်ယူစီစီတခုတည်းအပေါ်မှာ ရှိတာတော့မဟုတ်ပဲ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ စုဖွဲ့မှုနဲ့ အစိုးရဝန်ကြီးဌာနဖောင်းပွမှုနဲ့ ပတ်သက်ပြီးလည်း ဝေဖန်ထောက်ပြလာတာ ရှိပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နိုင်ငံရေးခြားရေးဝန်ကြီးဖြစ်သူ ဒေါ်ဇင်မာအောင်ကတော့ အန်ယူဂျီမှာ ပါဝင်နေတဲ့သူတွေဟာ ပြုပြင်ပြောင်းလဲဖို့ ကြောက်ရွံ့သူတွေမဟုတ်ဘူးပဲ ပြုပြင်ပြောင်းလဲချင်စိတ်ရှိသူလို့ ထုတ်ဖော်ပြောဆိုတာတွေ ရှိပါတယ်။ ဒါပေမယ့် အခုလိုမျိုး မြန်မာ့အရေးနဲ့ ပတ်သက်ပြီး တရုတ်ရဲ့  ဝင်ရောက် စွတ်ဖက်မှုကြီးကြီးမားမားကြုံတွေ့နေရတဲ့အချိန် အထူးသဖြင့် ဝပြည်‌သွေးစည်းညီညွတ်ရေး တပ်မတော်နဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်အပေါ် တရုတ်ရဲ့ ခြိမ်းခြောက်မှုနဲ့ စွတ်ဖက်မှုကို ထင်ဟပ်စေတဲ့ အစည်းအဝေးမှတ်တမ်းတွေ ထွက်ပေါ်လာချိန်၊ စစ်ကောင်စီကို တရုတ်အနေနဲ့ ထောက်ခံ ကြောင်း ပေါ်ပေါ်ထင်ထင်ပြသနေတဲ့အချိန်မှာ ထိရောက်တဲ့ တုန့်ပြန်မှု‌တွေကို မတွေ့ရသေးတဲ့အပြင် အန်ယူစီစီနဲ့ အန်ယူဂျီရဲ့ ပြုပြင်ပြောင်းလဲရေး အရိပ်အယောင်ကိုလည်း မြင်တွေ့ရတာမျိုး မရှိသေးပါဘူး။

အန်ယူစီစီဟာ နွေဦးတော်လှန်ရေး တနည်း ကြားကာလမှာ အမြင့်ဆုံးသော နိုင်ငံရေးမဟာမိတ်တပ်ပေါင်းစု စုဖွဲ့မှုတခု ဖြစ်ပါတယ်။ အန်ယူစီစီရဲ့ အစောပိုင်း စုဖွဲ့မှုတွေက အားကောင်းတယ်လို့ ပြောလို့ရပေမယ့် အခုလို ကာလမှာ အတွင်းပိုင်းစုဖွဲ့မှုတွေက တမြေ့မြေ့ ပြိုကျလာနေတဲ့အပြင် စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေတဲ့ တခြားသော တော်လှန်ရေးအင်အားစုတွေကို စုစည်းစည်းရုံးနိုင်စွမ်း မရှိတဲ့အပြင် သူ့ရဲ့ စုဖွဲ့မှုကိုက ဆွဲဆောင်မှု မရှိတော့တဲ့ အနေအထားဖြစ်လာပါတယ်။ အန်ယူစီစီရဲ့ အတွင်းပိုင်းစုဖွဲ့မှု ပြိုကျလာမှုဟာ ပထမအကြိမ် ပြည်သူ့ညီလာခံက အတည်ပြုလိုက်တဲ့ ဖက်ဒရယ်ဒီမိုကရေစီအစိတ်အပိုင်း (၂)အပေါ် မကြေလည်မှု တွေကြောင့်လို့ နားလည်ရပါတယ်။

ဒီလိုမျိုး ပဋိညာဉ်မကြေလည်မှုတွေကြောင့် အတွင်းပိုင်းစုဖွဲ့မှု ပြိုကျလာ နေတာကို အန်ယူစီစီအနေနဲ့ သုံးသပ် ပြီး ပြင်ဆင်တာမျိုးလည်း လုပ်နေတာမျိုးမတွေ့ရသေးပါဘူး။ အန်ယူစီစီအနေနဲ့ ပဋိညာဉ်ရဲ့ မကြေလည်မှု ရှိနေတဲ့အပေါ် သုံးသပ်ပြင်ဆင်မှုလုပ်ပြီး တခြားသောတော်လှန်ရေးအင်အားစုတွေကို ဆွဲဆောင်စုစည်း တာတွေမရှိတဲ့အတွက် ပဋိညာဉ်မကြေလည်မှုကနေ အသွင်ကူး‌ပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းရှိမှသာ လုံလောက်တော့မယ် နိုင်ငံရေးအပြောင်းအလဲတွေ ဖြစ်လာနေပါတယ်။

၁၀၂၇ စစ်ဆင်ရေးစတင်ပြီးတဲ့နောက်မှာ တော်လှန်ရေးအင်အားစုတွေရဲ့ သိမ်းပိုက်ထိန်းချုပ်နယ်မြေတွေ ပိုမိုကျယ်ပြန့်လာပြီး စစ်ကောင်စီရဲ့ စစ်ရေးအရှုံးတွေဟာလည်း ပိုပြီး ပေါ်လွင်ထင်ဟပ်လာပါတယ်။ ဒီလိုမျိုး စစ်‌ရေးရလဒ် သိသိသာသာ အရှုံးပေါ်လာတဲ့ စစ်ကောင်စီကို တရုတ်ဟာ မြန်မာပြည်တွင်းထဲက သူ့ရဲ့အကျိုးစီးပွားတွေအတွက် မဖြစ်မနေ ပေါ်ပေါ်ထင်ထင် ထောက်ခံလာနေတဲ့အပြင် အမျိုးသား ညီညွတ်ရေးအစိုးရနဲ့ တော်လှန်ရေးအင်အားစုတွေကို အမေရိကန်လူလို့ သတ်မှတ်ပြီး ဆက်ဆံရေးတွေ ဖြတ်တောက်ဖို့ တရုတ်နဲ့ နယ်စပ်ခြင်းထိစပ်နေတဲ့ အထူးသဖြင့် တရုတ်ကျောထောက်နောက်ခံနဲ့ ရပ်တည်ရတဲ့ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းတွေကို ဖိအားပေးနေပါတယ်။ ဒီနေရာမှာ ထင်သာမြင်သာ ရှိတာက တရုတ်ဟာ သူ့ရဲ့အကျိုးစီးပွားကြောင့် နယ်မြေထိန်းချုပ်ထားနိုင်နေသေးတဲ့ စစ်ကောင်စီကို မလွဲသာ မရှောင်သာ ဆက်ဆံရေး ဆက်လက်ထူထောင်ထားရတာ ဖြစ်ပါတယ်။

ထို့အတူ တရုတ်အနေနဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်ပြီး သူ့ရဲ့ အကျိုးစီးပွားတချို့ဟာ တော်လှန်ရေး အင်အားစုတွေရဲ့ ထိန်းချုပ်နယ်မြေထဲ ရောက်ရှိနေတာကိုလည်း သိရှိထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေဟာ အန်ယူဂျီထိန်းချုပ်နယ်မြေမဟုတ်ကြောင်း တရုတ်က ယူဆနားလည်ထားပုံ ရပါတယ်။ ဆိုလိုတာသည် အန်ယူဂျီရဲ့ စုဖွဲ့မှုသည် Dejure အရ တရားဝင်မှုရှိပေမယ့် တကယ်တမ်း တရုတ်ရဲ့အကျိုးစီးပွားကို အကာကွယ်ပြုပြီး အာမခံပေးနိုင်တဲ့ နယ်မြေ ထိန်းချုပ်ထားနိုင်တဲ့ Defacto တရားဝင်မှုမရှိဘူးလို့ ယူဆထားတာပါ။ ထင်သာမြင်သာပြောရရင် အနောက်နိုင်ငံတွေကို ဦးတည်ပြီး ဆက်ဆံရေးထူထောင်ခဲ့တဲ့ အန်ယူဂျီဟာ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက်မှာ တရုတ်နဲ့ ဆက်ဆံရေးထူထောင်လာနိုင်ဖို့ တရုတ်နဲ့ ပတ်သက်တဲ့ အန်ယူဂျီရဲ့ မူဝါဒကို ထုတ်ပြန်ခဲ့ပါတယ်။

ထုတ်ပြန်ချက်ထဲမှာပါတဲ့ “တရုတ်တစ်နိုင်ငံတည်းမူဝါဒ (One China Policy) ကို ‌အသိအမှတ်ပြု ထောက်ခံပါတယ်” “ တရုတ်ရဲ့ အကျိုးစီးပွားကို ကာကွယ်ပါမယ်” “၂၀၂၁ မတိုင်မီ တရုတ်အစိုးရနဲ့ မြန်မာ အစိုးရအကြား ချုပ်ဆိုတဲ့ စာချုပ်တွေကို အသိအမှတ်ပြုပြီး တာဝန်ယူ/ခံပါတယ်” စတဲ့အချက်ဟာ အန်ယူဂျီမှမဟုတ် စစ်ကောင်စီအနေနဲ့လည်း တရုတ်ကို ပေးနိုင်နေတဲ့အပြင် ပေးလည်းပေးနေတဲ့ အချက်တွေ ဖြစ်ပါတယ်။ ပြောရရင် တရုတ်ဟာ သူ့ရဲ့ အရေးကြီးစီမံကိန်းတွေက စစ်ကောင်စီထိန်းချုပ်နယ်မြေထဲမှာ ရှိနေသေးတယ်လို့ ယူဆထားတဲ့အပြင် တရုတ်ရဲ့ အခြားသော စီးပွားရေးလုပ်ငန်းတွေဟာလည်း အန်ယူဂျီ ထိန်းချုပ်ထားတာမဟုတ်ပဲ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ထိန်းချုပ်နယ်မြေထဲမှာ ရှိနေတာ ဖြစ်တယ်လို့ နားလည်ယူဆထားတာပါ။ နောက်ပြီး တရုတ်အနေနဲ့ အန်ယူဂျီ ထိန်းချုပ်နယ်မြေ ကျယ်ပြန့်လာပြီး Defacto wတရားဝင်မှုရှိမှာကို စိုးရိမ်နေတယ်ဆိုတာ တရုတ်နဲ့ နယ်မြေချင်းထိစပ်တဲ့အပြင် သူ့ကို ကျောထောက်နောက်ခံပြုထားရတဲ့ တိုင်းရင်းသားလက်နက်ကိုင်‌တော်လှန်းအ‌ဖွဲ့အစည်းတွေအပေါ် ဖိအားပေးပြီး ဆက်ဆံရေးနဲ့ အထောက်အပံ့‌တွေ ဖြတ်တောက်ခိုင်းနေတာက ထင်ဟပ်စေပါတယ်။ ပြောရရင် တရုတ်အနေနဲ့ တော်လှန်ရေးအရှိန်မြင့်လာနေမှုကို စိုးရိမ်တကြီးရှိနေပါတယ်။ နောက်ပြီး ဒါတွေဟာ အန်ယူဂျီအတွက် သူ့ရဲ့ စုဖွဲ့မှုနဲ့ တရားဝင်မှုနဲ့ ပတ်သက်ပြီး ပြန်လည်သုံးသပ်ရမယ့်အချက်ကို ညွန်ပြနေ ပါတယ်။

သုံးသပ်ကြည့်ရရင် အန်ယူဂျီရဲ့ စုဖွဲ့မှုကို Dejure အရ တရားဝင်မှုရှိပါတယ်လို့ နားလည်ယူဆလို့ရနိုင်ပေမယ့် တကယ်တမ်း Defacto အရ တရားဝင်မှုရှိပါတယ်ဆိုပြီး သိမ်းကြုံးပြီး ပြောလို့ရမယ်မထင်ပါဘူး။ အန်ယူဂျီမှာ ပါဝင်နေတဲ့ ဝန်ကြီးဝန်လေးတွေဟာ အမှန်တကယ် နယ်မြေတွေကို ထိန်းချုပ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ နှိုင်းယှဉ်ရင် Deacto အရ တရားဝင်မှုမရှိနိုင်ပါဘူး။ ဆိုလိုတာသည် အန်ယူဂျီအနေနဲ့ Dejure အရရော Defacto အရပါ တရားဝင်မှုရှိဖို့အတွက်ဆိုရင် စုဖွဲ့မှုကို ပြင်ဆင်ပြီး Dejure အရ တရားဝင်မှုရှိတဲ့ အန်ယူဂျီဝန်ကြီးတွေနဲ့ Defacto အရ တရားဝင်မှုရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေက ဝန်ကြီးတွေနဲ့ ပါဝင်စုဖွဲ့မှသာ ပိုပြီးပြည့်စုံတဲ့ တရားဝင်မှုရှိမှာ ဖြစ်ပါတယ်။

တချို့သော အန်ယူဂျီဝန်ကြီးအများစုက မြန်မာနိုင်ငံရဲ့ မြို့ပေါင်း (၈၀) ကို တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားနိုင်နေပါပြီ၊ တနည်း သွယ်ဝိုက်ပြီး အန်ယူဂျီက ထိန်းချုပ်ထားသယောင်နဲ့ နိုင်ငံရေးအမြတ် ထုတ်ပြီး အားတက်သရော ပါးစပ်အရသာခံပြီး ပြောနေကြတာရှိပါတယ်။ ဒါဟာ အန်ယူဂျီ ဝန်ကြီးတွေအနေနဲ့ သူတို့ကိုသူတို့ ဗဟိုအစိုးရရူးရူးနေတာဖြစ်တဲ့အပြင် အာဏာရရှိရေးနဲ့ ပါးစပ်အရသာခံပြီး ပြောနေရုံသပ်သပ်ပဲ ဖြစ်ပါတယ်။ အန်ယူဂျီဝန်ကြီးတွေကိုယ်တိုင် ကိုယ့်ကိုယ်ကို “ငါဟာ ဗဟိုအစိုးရဆိုတဲ့ ဝေါဟာရအောက်မှာ မသိမသာ အာဏာမက်နေတာလား” ဆိုတာ ပြန်မေးသင့်တဲ့အချက်ဖြစ်ပါတယ်။ လက်တွေ့မြန်မာ့နိုင်ငံရေး အခြေအနေကို သေချာသုံးသပ်ရှုမြင်ကြဖို့ လိုပါတယ်။ အခုချိန်ဟာ မြန်မာ့နိုင်ငံရေးအပြောင်းအလဲအတွက် ဖြစ်ချင်တာထက် ဖြစ်နိုင်ချေကို သုံးသပ်ပြီး ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာကို မျှမျှတတပေါင်းစပ်ရမှာဖြစ်ပါတယ်။

လက်တွေ့မြန်မာ့နိုင်ငံရေးအခင်းအကျင်းမှာ တရုတ်ရဲ့ ဝင်ရောက်စွတ်ဖက်‌မှုတွေကို Dejure အရ တရားဝင်မှု ရှိတဲ့ အန်ယူဂျီလည်း တုန့်ပြန်ဖို့ ခက်ခဲသလို Defacto အရ တရားဝင်မှုရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေအနေနဲ့လည်း တုန့်ပြန်ဖို့ ခဲယဉ်းလှပါတယ်။ တရားဝင်မှု ကိုယ်စီရှိနေပြီး ထိန်းချုပ်နယ်မြေပိုမို ကျယ်ပြန့်လာတဲ့ အခုလိုအချိန်အခါမှာ စုစည်းကျစ်လစ်တဲ့ နိုင်ငံရေး၊ စစ်ရေးတပ်ပေါင်းစု သို့တည်းမဟုတ် တော်လှန်ရေးညွန့်ပေါင်းအစိုးရအဖြစ် ပြောင်းလဲစုစည်းနိုင်မှသာ တရုတ်ရဲ့ ဖိအားအတွက် ထိရောက်တဲ့ တုန့်ပြန်မှုဖြစ်လာမှာပါ။ ထို့အတူ တရုတ်ဟာ သူ့ရဲ့ အကျိုးစီးပွား အတွက် စစ်ကောင်စီကို တဖက်သက်အသိအမှတ်ပြုမှာ မဟုတ်တော့ပဲ တော်လှန်‌ရေးညွန့်ပေါင်း အစိုးရကိုလည်း အသိအမှတ်ပြု ထိတွေ့ဆက်ဆံလာမှာ ဖြစ်ပါတယ်။

တရုတ်နဲ့ပတ်သက်ပြီး တရုတ်ဆန့်ကျင်ရေးလုပ်နေတာထက် တရုတ်ရဲ့ မြန်မာ့ပြည်တွင်းရေးအပေါ် ဝင်ရောက် စွတ်ဖက်နိုင်တဲ့ပါဝါကို တန်ပြန်ကစားနိုင်မှသာ တော်လှန်ရေးအတွက် အကျိုးရှိစေမှာပါ။ တရုတ်ရဲ့ပါဝါကို တန်ပြန်ကစားနိုင်စွမ်းသည် အန်ယူဂျီမှာမရှိနေသေးတာ အမှန်ပဲဖြစ်ပါတယ်။ တန်ပြန်ကစားနိုင်တဲ့ အခင်းအကျင်းအတွက် ပေါင်းစပ်လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ တော်လှန်ရေးအင်အားစုတွေအနေနဲ့ တရုတ် ဆန့်ကျင်ရေးလုပ်လေလေ တရုတ်က တော်လှန်ရေးအင်အားစုနဲ့ ခပ်ခွာခွာ နေလေလေဖြစ်ပြီး သူ့ရဲ့ အကျိုးစီးပွားအရ စစ်ကောင်စီကို အသိအမှတ်ပြု ထိတွေ့ဆက်ဆံလေလေ ဖြစ်စေပါတယ်။

အန်ယူစီစီရဲ့ စုဖွဲ့ကိုပြုပြင်ပြောင်းလဲပြီး တခြားသောတော်လှန်ရေးအင်အားစုတွေကို နိုင်ငံရေးအရ ဆွဲဆောင် စည်းရုံးနိုင်ရမယ့်အပြင် နိုင်ငံရေးကတိကဝတ်တွေနဲ့ အာမခံချက်တွေကို အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေ‌ခံဥပဒေမူကြမ်းမှာ ထည့်သွင်းရေးဆွဲပြဌာန်းပေးဖို့ လိုပါတယ်။ အန်ယူဂျီအစိုးရကိုလည်း နယ်မြေတွေကို အမှန်တကယ် ထိန်းချုပ်ထားတဲ့ တိုင်းရင်းသား တော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းတွေ ပါဝင်ပြီး တော်လှန်ရေးညွန့်ပေါင်းအစိုးရအဖြစ် ပြောင်းလဲစုဖွဲ့ရမှာ ဖြစ်ပါတယ်။

သို့မဟုတ်ရင် တရုတ်ဟာ သူ့ရဲ့အကျိုးစီးပွားအရ စစ်ကောင်စီကို တရားဝင်မှုရှိတဲ့ အစိုးရအနေနဲ့ ဆက်ပြီးထောက်ခံသွားမှာဖြစ်တဲ့အပြင် အန်ယူဂျီရဲ့ စုဖွဲ့ထားမှုကို ကျော်လွန်ပြီး Defacto အရ တရားဝင်မှုရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေကို တိုက်ရိုက်ဆက်ဆံမှုတွေ ဆက်ရှိပါလိမ့်မယ်။ တရုတ်ရဲ့ စစ်ကောင်စီကို အသိအမှတ်ပြု ဆက်ဆံတာနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို တိုက်ရိုက်ဆက်ဆံတာသည် မြန်မာနိုင်ငံတည်ဆောက်ရေးနဲ့ တော်လှန်ရေးတစုံလုံးအတွက် မကောင်းတဲ့ အကျိုးသက်ရောက်မှု ကြီးကြီး မားမား ရှိစေပါတယ်။ အန်ယူဂျီအနေနဲ့ ဗဟိုအစိုးရဆိုတဲ့နေရာက ခဏထပြီး တော်လှန်ရေးညွန့်ပေါင်းအစိုးရကို အမှန်တကယ် ပြောင်းလဲစုဖွဲ့ သင့်ပါတယ်။

သုဝဏ္ဏခွန်

Related Articles

Back to top button