တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 80, October 4, 2024)

၁။ ဖာပွန်မြို့ကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်၍ အမျိုးသမီးတစ်ဦးသေဆုံး
 October 3, 2024
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ထိန်းချုပ်ထားသည့် ဖာပွန်မြို့ကို စစ်ကောင်စီက ယမန်နေ့တွင် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူတစ်ဦးသေဆုံးခဲ့ဟု တပ်မဟာ(၅)က သတင်းထုတ်ပြန် သည်။ အောက်တိုဘာ ၂ ရက် မွန်းလွဲပိုင်းတွင် စစ်ကောင်စီ တိုက်လေယာဉ် ၂ စီးသည် ဖာပွန်မြို့ ရပ်ကွက် (၁)နှင့် ရပ်ကွက် (၂) အတွင်း ဗုံးစံ ၁၀ လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ တိုက်ခိုက်မှုကြောင့် အိမ်ယာဟောင်းအနီး ဟင်းသီးဟင်းရွက် ရှာဖွေနေသည့် အသက်(၅၀) အရွယ် အမျိုးသမီးတစ်ဦး ဗုံးစထိမှန် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ သေဆုံးသူ အမျိုးသမီးသည် ကလေး ၆ ဦး၏ မိခင်ဖြစ်ကြောင်း တပ်မဟာ(၅) က ထုတ်ပြန်ထားသည်။ စစ်ကောင်စီအနေဖြင့် ဖာပွန်အပါအဝင် KNU အုပ်ချုပ် နယ်မြေများသို့ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတိုက်ခိုက်မှုများ မကြာခဏ လုပ်ဆောင်လျက်ရှိရာ အရပ်သားသေဆုံးထိခိုက် မှုများ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိသည်။

KNU တပ်မဟာ(၅)နှင့် တော်လှန်ရေးပူးပေါင်းတပ်များသည် ဖာပွန်မြို့သိမ်းတိုက်ပွဲကို ယခုနှစ်မတ်လမှစတင်ခဲ့ရာ ဖာပွန်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းအားလုံး ဆုတ်ခွာသွား၍ မြို့ကို ထိန်းချုပ်ထားသည်။ စစ်ကောင်စီ၏ ဗျူဟာစခန်းအပါ အဝင် ဖာပွန်မြို့နယ်အတွင်း လက်ကျန် စစ်ကောင်စီတပ်စခန်းများအား ပိတ်ဆို့တိုက်ခိုက်မှုများ ပြုလုပ်နေဆဲဖြစ် ကြောင်း KNU တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကလယ်ဒိုက ယခင်က ပြောကြားထားသည်။  KNU တပ်မဟာ(၅) ပူးပေါင်း တပ်ဖွဲ့သည် ဖာပွန်ရှိ စစ်ကောင်စီတပ်ရင်းဌာနချုပ်အပါအဝင် တပ်စခန်းအများကိုသိမ်းပိုက်ရရှိထားသကဲ့သို့ စစ်ကောင်စီက စခန်းစွန့်သွားသည့် တပ်စခန်းများလည်းရှိခဲ့သည်။  ယခုလပိုင်းများအတွင်း စစ်ကောင်စီက ၎င်းတို့ ဆုံးရှုံးထားသည့် တပ်စခန်း နေရာများ သို့ ထိုးစစ်ဆင်မှုများ ရှိ၍ တိုက်ပွဲဖြစ်ပွားမှု အချို့ရှိနေသည်ဟုလည်း ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောထားသည်။ Read in Full

၂။ NUG  ပြည်ထောင်စုဝန်ကြီး ၂ ဦးကို ဖယ်ရှားပေးရန် ချင်းအတိုင်ပင်ခံကောင်စီ တောင်းဆို
 October 3, 2024
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တွင် ပြည်ထောင်စုဝန်ကြီး နှစ်ဦးဖြစ်သည့် ဒေါက်တာလျန်မှုန်းဆာခေါင်းနှင့် ဒေါက်တာ ငိုင်တမ်မောင်းတို့ကို တာဝန်မှဖယ်ရှားပြီး လူစားလဲပေးရန် ချင်းအတိုင်ပင်ခံကောင်စီ (ICNCC) က NUCC ကို တောင်း ဆိုလိုက်သည်။ အစုအဖွဲ့ကြီး ငါးဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) သည် နိုင်ငံရေး အရ အမြင့်ဆုံး ဆုံးဖြတ်ချက်များ ချမှတ်ပေးနိုင်သည့် ကောင်စီဖြစ်သည်။ ဒေါက်တာလျန်မှုန်းဆာခေါင်း သည် NUG အစိုးရအဖွဲ့ တွင် ဖက်ဒရယ်ပြည် ထောင်စုရေးရာ တာဝန်ယူထားသူဖြစ်ပြီး ဒေါက်တာ ငိုင်တမ်မောင်းသည် လူကယ်ပြန်ဌာန၏ ဒုပြည်ထောင် စုဝန်ကြီးအဖြစ် တာဝန်ယူထားရသူ ဖြစ်သည်။ ဒေါက်တာလျန်မှုန်းဆာခေါင်းနှင့် ဒေါက်တာ ငိုင်တမ်မောင်းတို့သည် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)၏ ကိုယ်စားလှယ်များအဖြစ် NUG အစိုးရအဖွဲ့ထံ တာဝန်ထမ်းဆောင်ရန်စေလွှတ် ခံထားရသူများဖြစ်ပြီး လက်ရှိမှာ ၎င်းတို့နှစ်ဦးလုံး (ICNCC) နှင့် မပူးပေါင်းတော့ဟု ICNCC ထံမှသိရသည်။ ယင်းကြောင့် ထို NUG ပြည် ထောင်စုဝန်ကြီး နှစ်ဦးနေရာတွင် ICNCC ၏ အလှည့်ကျ သဘာပတိဖြစ်သူ ဒေါက်တာကင်တန်လင်းနှင့်  ဆလိုင်း မန်ဘီထန်း ကို လုပ်ထုံးလုပ်နည်းနှင့်အညီ အစားထိုးခန့်အပ်ပေးရန်အတွက် ICNCC ၏ အလှည့်ကျ သဘာပတိနှစ်ဦးက လက် မှတ်ထိုးပြီး NUCC ထံ စက်တင်ဘာလ ၁၉ ရက်နေ့ ရက်စွဲဖြင့် စာပေးပို့ တောင်းဆိုထားခြင်း ဖြစ်သည်။

“၂၀၂၃ ခုနှစ်ထဲမှာ သူတို့နှစ်ဦးစလုံး ICNCC ကနေ ထွက်သွားကြတဲ့အခါကျတော့ ICNCC ကို ကိုယ်စားမပြုတော့တဲ့ အတွက်ကြောင့် ဒီရာထူးတာဝန်တွေကနေလည်း တခါတည်း ထွက်ဖို့လိုတာပါ” ဟု ICNCC အလှည့်ကျ သဘာပတိဖြစ်သူ ဒေါက်တာကင်တန်လင်း ကပြောသည်။ အစားထိုးရန် တောင်းဆိုခံထားရသူနှစ်ဦးအနေဖြင့် ရာထူးနှင့် နိုင်ငံရေး ဂုဏ်သိက္ခာ နှစ်ခု ထဲမှ တခုခုကို ရွေးချယ်ရမည့်အခြေအနေဖြစ်ပြီး နှစ်ခုစလုံးကိုယူရန် မဖြစ်နိုင်တော့ကြောင်း ဒေါက်တာကင်တန်လင်းက ဆက် ပြောသည်။ တော်လှန်ရေးနှင့် နိုင်ငံရေးတိုးတက်မှုဖြစ်စဉ် အပြောင်းအလဲများရှိလာသည့်အပြင် ICNCC ၏ လုပ်ငန်းစဥ်များလည်း ရှေ့မတိုးဖြစ်နေသည့်အခြေအနေကြောင့် ချင်းပြည်အတွင်းက ဒေသန္တရာအုပ်ချုပ်ရေးနှင့် ကာကွယ်ရေးအဖွဲ့များ အပါအဝင် stakeholder များကိုဖိတ်ခေါ်ပူးပေါင်းပြီး လုပ်ငန်းစဉ်အဆင့် ဆင့်နှင့် ဖွဲ့စည်းပုံရေးဆွဲပြဋ္ဌာန်းကာ ချင်းပြည်ကောင်စီကို ဖွဲ့စည်း ခဲ့ခြင်းဟု ဒေါက်တာ ငိုင်တမ်မောင်းက ပြောသည်။ “ချင်းပြည်ဖွဲ့စည်းပုံ အခန်း (၁၀)၊ ပုဒ်မ ၉၆ အရ ICNCC နှင့် ၎င်းရဲ့လုပ်ငန်း တာဝန် များကို လွှဲပြောင်းရယူတဲ့ ချင်းပြည်ကောင်စီကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်မှာဖွဲ့စည်းတယ်”“ဒါကြောင့် NUG မှာ လက်ရှိပါဝင်နေတဲ့ ကျွန်တော်တို့တာဝန်ခံရမှာက မူလ ICNCC နဲ့ ၎င်းရဲ့လုပ်ငန်းတာဝန်များကို လွှဲပြောင်းရယူတဲ့ ချင်းပြည် ကောင်စီ ဖြစ်တယ်လို့ ကျွန်တော်တို့နားလည်တယ်” ဟု ဒေါက်တာ ငိုင်တမ်မောင်းက နေရာအစားထိုးရေးနှင့် ပတ်သက်ပြီး မေးမြန်မှုကို အကြောင်းပြန်သည်။ Read in Full

၃။ ကျောက်ဖြူမှာ ဒရုန်းနဲ့ ဗုံးကြဲခံရလို့ ရေလုပ်သား ငါးဦး ဒဏ်ရာရ
 October 3, 2024
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းမှာရှိတဲ့ စနဲမြို့ကနေ ဈေးလာဝယ်တဲ့ ရေလုပ်သားခုနစ်ဦးကို သံဇစ်မြစ်ဒွေးချ ပိုက်ဆိပ်ကမ်းမှာ အောက်တိုဘာ ၁ ရက်နေ့က စစ်ကောင်စီ ဒရုန်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ငါးဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံ တွေက ပြောပါတယ်။ ဒဏ်ရာရသူတွေဟာ ကုလားမကျွန်းရွာကဖြစ်ပြီး စနဲမြို့ပေါ်ကနေ ဈေးဝယ်ပြီးအပြန်မှာ ဒီတိုက်ခိုက်မှုနဲ့ ကြုံခဲ့ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ “သူတို့က ကုလားမကျွန်းကနေ စနဲကို ဈေးလာ ဝယ်တာ။ ဈေးဝယ်နေတုန်းက ကျွန်တော်နဲ့တောင် စကားပြောလိုက်သေးတယ်။ လာတာက ခုနစ်ယောက်လာတာ။ ၄ နာရီခွဲ လောက်က သူတို့ပြန်သွားတယ်။ ၅ နာရီလောက်မှာတော့ ဒွေးချပိုက်ဆိပ်မှာ ဒရုန်းနဲ့ ဗုံးချခံရတာ။ တောင်ပေါ်ကြီးရေ တပ်စခန်းကနေ ဒရုန်းလွှတ်တာ” ဒဏ်ရာရသူတွေကိုဒွေးချပိုက်ဆိပ်ကမ်းကနေ ကံ့ဂါကျွန်းဘက်ကို ပို့ဆောင်ပြီး ဆေးဝါးကုသမှု ခံယူနေ သလို အသက်အန္တရာယ်စိုးရိမ်ရသူတစ်ဦးကိုတော့ မအီမြို့ကို ဆေးကုသဖို့ ပို့ဆောင်ထားတယ်လို့ သူက ဆိုပါတယ်။

ကျောက်ဖြူမြို့နယ်အတွင်း မြစ်ကြောင်းကနေသွားလာတဲ့သူတွေကို စစ်ကောင်စီရေတပ်ကစောင့်ကြည့်နေပြီး မသင်္ကာ ရင် ဒရုန်းလွှတ်ပြီး ပစ်ခတ်တာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလက စစ်ကောင်စီလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် သံတွဲ၊ မောင်တော၊ ပေါက်တော၊ မြေပုံ၊ တောင်ကုတ်၊ ပုဏ္ဏားကျွန်း စတဲ့မြို့နယ်တွေမှာ အရပ်သား ၉၃ ဦး သေဆုံးပြီး ၆၆ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။ Read in Full

၄။ တနင်္သာရီတွင် စစ်ကောင်စီတပ် ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်နှစ်အရွယ်ကလေးတစ်ဦးသေဆုံး
 October 3, 2024
တနင်္သာရီမြို့နယ်၊ အနောက်မော်တုန်းကျေးရွာတွင် စစ်ကောင်စီက ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်မှုကြောင့် အသက် ခြောက် နှစ် အရွယ် ကလေးငယ်တစ်ဦး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။ အောက်တိုဘာလ ၂ ရက်နေ့ ညနေ ၅ နာရီခွဲဝန်း ကျင်တွင် စစ်ကောင်စီတပ်က အနောက်မော်တုန်းရွာကို ဒရုန်းဖြင့် ဗုံးချ တိုက်ခိုက်ရာ စာသင်ကျောင်းနှင့် အနီးတဝိုက်တွင် ကျ ရောက်ပေါက်ကွဲကြောင်း ဒေသခံများက ပြောသည်။ ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် အနောက်မော်တုန်း စာသင်ကျောင်းနှင့် ပေ ၂၀၀ ခန့်အကွာရှိ နေအိမ်အရှေ့ ပုခက်တွင် ကစားနေသည့် ကလေးငယ်၏ ဦးခေါင်းကို ဗုံးစထိမှန်ကာ ဒဏ်ရာအပြင်းအထန် ရပြီး သေဆုံးကြောင်း အနောက်မော်တုန်း ရွာနေ ဒေသခံတစ်ဦးက ဆိုသည်။ “စာသင်ကျောင်းနဲ့ နေအိမ်ကြားကို ကျသွားတဲ့ ဗုံးသီးက အိမ်ရှေ့ ပုခက်မှာ ကလေး ၅ယောက် ကစားနေကြတဲ့အထဲ ဒီကလေးမလေး တစ်ယောက်ရဲ့ ဦးခေါင်းကို လက်နက်ကြီး စထိမှန်ပြီး ပြင်းထန်ဒဏ်ရာရသွားတာ” ဟု ၎င်းက ပြော သည်။ အဆိုပါ ဒဏ်ရာကြောင့်ပင် အောက်တိုဘာလ ၂ ရက် ည ၈ နာရီ ခန့်တွင် သေဆုံးသွားကြောင်း ဒေသခံများက ပြောဆိုသည်။

ယင်းတိုက်ခိုက်မှုကို အရှေ့မော်တုန်းအခြေစိုက် စစ်ကောင်စီ၏ အမှတ် ၃၀၆ အမြောက်တပ်ရင်းက လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိကြောင်း ဒေသခံတို့က ပြောဆိုသည်။ ဗုံးချတိုက်ခိုက်မှုကြောင့် စာသင်ကျောင်း ထိခိုက်ပျက်စီးသွားပြီး သေဆုံးသွားသည့် ကလေးငယ်၏ နေအိမ်လည်း ပျက်စီးသွားကြောင်း အနောက်မော် တုန်းရွာနေ အမျိုးသားတစ်ဦးက ပြောသည်။ ယင်းကဲ့သို ပြည်သူထိခိုက်သေဆုံးသည့်အပေါ် စစ်ကောင်စီတပ်က မေးမြန်းစုံစမ်း ခြင်း မရှိကြောင်း ၎င်းက ဆိုသည်။ “တာဝန်ယူမှုလည်း မရှိသလို ပြည်သူတွေကို ကြောက်အောင်လုပ်တာမျိုးလို့ မြင်တယ်” ဟု အဆိုပါ အမျိုးသားက မှတ်ချက်ပြုသည်။ မော်တုန်းရွာပတ်ဝန်းကျင်တွင် တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်ပွားလေ့ရှိပြီး စစ်ကောင်စီတပ် က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့်အရပ်သားထိခိုက်သေဆုံးမှုများလည်း ရှိခဲ့သည်။ Read in Full

၅။ ပလက်ဝဆေးရုံအုပ်တာဝန်ခံ ဒေါက်တာအေးကျော်အပါအဝင် ဒေသခံ ၃ ဦးကို AA ဖမ်းဆီး
 October 3, 2024
ချင်းပြည်နယ်၊ တောင်ပိုင်း၊ ပလက်ဝမြို့ပေါ်ရှိ ‌ပလက်ဝဆေးရုံအုပ် (ခေတ္တ) ဒေါက်တာအေးကျော်နှင့်အတူ ဒေသခံ အမျိုးသား ၂ ဦးကို စက်တင်ဘာလ ၂၉ ရက်နေ့က အရက္ခတပ်တော် ULA/ AA က ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရ သည်။“ ဒေါက်တာအေးကျော်အပါအဝင် ၃ ယောက်ကို ULA/ AA က ဖမ်းထားတာဟုတ်တယ်။ ဘာကြာင့်ဖမ်းတာလဲဆိုတော့ သာမန်ရာဇဝတ်မှုတော့မဟုတ်ဘူး၊ ကြီးမားတဲ့ ရာဇဝတ်မှုဖြစ်တဲ့အတွက်ကြောင့် ခဏထိန်းသိမ်းပြီးမှ စစ်ဆေးတာမျိုးပဲ ရှိတယ်။ ဘယ်ချိန်ပြန်လွှတ်ပေးမလဲဆိုတာတော့ လက်ရှိအနေအထားနဲ့ ပြောလို့မရသေးဘူးလို့ပြောတယ်။” ဟု ပလက်ဝ လူငယ်တစ်ဦး က ပြောသည်။ ၎င်းတို့ကို ပလက်ဝမြို့ ULA/ AA စခန်းရှိ အကျဉ်း ထောင်တွင် ပြီးခဲ့သည့်စက်တင်ဘာလ ၁၇ ရက်နေ့က CDF-Paletwa ကိုထောက်ပံ့သည်ဟူသော စွက်စွဲချက်ဖြင့် ဖမ်းဆီးခံထားရသူ ပြည်သူ ၁၀ ဦးတို့နှင့်အတူ ထိန်းသိမ်းထားကြောင်း သိရ သည်။

ဒေါက်တာအေးကျော်သည် သွားဆရာဝန်တစ်ဦးဖြစ်ပြီး ယခင်က ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူဖြစ်သော်လည်း ‌ပလက်ဝ မြို့ကို ‌AA က အုပ်ချုပ်ပြီးသည့်နောက်ပိုင်း  ပလက်ဝဆေးရုံတွင် ဆေးရုံအုပ်တာဝန်ခံ အဖြစ် ‌ULA/AA က ထမ်းဆောင်စေခဲ့ခြင်းဟု သိရသည်။“ သူက သွားဆရာဝန် ခေတ်ကောင်းတုန်းက သူ့ဟာနဲ့သူကိုယ်စီးပွား‌ရေးလုပ်နေတဲ့သူ AA က ဆေးရုံအုပ်တာဝန်ခံ အနေနဲ့ထားပြီးမှ AA ရဲ့ ကျန်းမာရေးနဲ့ပါတ်သက်ပြီး တာဝန်ပေးထားတာဖြစ်တယ်။ တခြား ၂ ယောက်ကတော့ သူ့ရဲ့အသိတွေ ပေါ့နော်။”ဟု ပလက်ဝ လူငယ်အမျိုးသားတစ်ဦးက ပြောသည်။ ပလက်ဝမြို့ပေါ်နှင့် ကျေးရွာများတွင် ULA/AA က ပြည်သူများ ကို ဖမ်းဆီးခြင်းများ ပိုမိုလုပ်လာတာကြောင့် စက်တင်ဘာလ အတွင်း ဒေသခံအချို့ မိသားစုအလိုက် မီဇိုရမ်ဘက်သို့ ထပ်မံ ထွက်ပြေးလာနေကြသည်ဟု မီဇိုရမ်တွင် စစ်ဘေးရှောင်နေသူ တစ်ဦးပြောပြချက်အရ သိရသည်။ 

၆။ NSCN-AngMai အဖွဲ့နဲ့ စစ်ကောင်စီကြား အပစ်ရပ် ဆွေးနွေးမှု ရှိခဲ့ပေမယ့် သဘောတူလက်မှတ်ရေးထိုးထားခြင်းမရှိဟုဆို
October 3, 2024
အန်းမိုင် ဦးဆောင်တဲ့ NSCN အဖွဲ့ ဟာ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာတွေရှိပေမယ့် ၂၀၂၄ ခုနှစ် စက်တင်ဘာ လ ၂၈ ရက်နေ့က တွေ့ဆုံမှုမှာ စစ်ကောင်စီနဲ့ တစုံတရာ သဘောတူလက်မှတ် ရေးထိုးခြင်း မရှိခဲ့ကြောင်း သိရပါတယ်။ လတ်တ လော စစ်ကောင်စီနဲ့ တွေ့ဆုံမှုမှာ သဘောတူလက်မှတ်ထိုးမှု တစုံတရာ မရှိသေးပေမယ့် လက်မှတ်ရေးထိုးနိုင်မည့် အချက်တွေ ကို ဆက်လက် ဆွေးနွေး အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း NSCN-Angmai အဖွဲ့ရဲ့ ပြန်ကြားရေးက အခု လိုပြောပါတယ်။“ဆွေးနွေးတာတော့ ပြီးသွားပြီ။ လက်မှတ်တော့ မထိုးရသေးဘူးပေါ့နော်။ ဘယ်လိုမျိုး အချက်တွေကို သဘော တူထားတာပဲဖြစ်ဖြစ် ကျွန်တော်တို့က စာရွက်ပေါ် လက်မှတ်မထိုးခင် ဆက်လက်ဆွေးနွေးတာကို ဆောင်ရွက်သွားမှာဖြစ်တယ်” လို့ ဆိုပါတယ်။

ထို့ အပြင် စစ်ကောင်စီနဲ့ တရားဝင်လက်မှတ်ရေးထိုးဖို့ လ အနည်းငယ်ကြာနိုင်တယ် လို့ ခန့်မှန်းရကြောင်း၊ ယခုချိန်မှ စပြီး သူတို့အနေနဲ့ လက်မှတ်ရေးထိုးပြီး နောက်ပိုင်းမှသာပြည်သူများကို အသိပေးထုတ်ပြန်တာတွေ ပြုလုပ်တော့မှာဖြစ်ကြောင်းလည်း ပြောဆိုထားပါတယ်။ NSCN-Ang Mai အဖွဲ့က စစ်ကောင်စီနဲ့လက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေး မှုတွေ ပြုလုပ်နေတာနဲ့ ပတ်သက်ပြီး NSCN- ယုန်းအောင်အဖွဲ့က ယခု ဆွေးနွေးပွဲဟာ နာဂလူထုကို ကိုယ်စားပြုမှာမဟုတ်ကြောင်း တုံ့ပြန် ပြောဆိုထား ပြီး အလားတူ ENNO/ENDA မှ လည်း အာဏာသိမ်းစစ်ကောင်စီနဲ့ အတူရပ်တည်ကာ သဘောတူညီချက်များ ရယူနေတဲ့ NSCN-AM ရဲ့ လုပ်ဆောင်ချက်ဟာ နာဂလူထုရဲ့ သဘောထားအမှန် ဖြစ်လာမှာမဟုတ်ဘူး လို့ မှတ်ချက်ပေး ပြောဆိုထားပါတယ်။ Read in Full

၇။ လားရှိုးမြို့က တရုတ်ဘုံကျောင်း အပါအဝင် နေရာတချို့ကို စစ်ကောင်စီဗုံးကြဲ
 October 4, 2024
ကိုးကန့်တပ်မတော် (MNDAA) သိမ်းပိုက်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့က နေရာတချို့ကို အောက်တို ဘာလ ၄ ရက်နေ့ မနက်ပိုင်းမှာ လေကြောင်းကနေ လေးကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတစ်ဦး ဒဏ်ရာရပြီး နေအိမ် ဆယ်လုံးကျော် ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လားရှိုးမြို့ အမှတ်(၅) ရပ်ကွက်မှာရှိတဲ့ တရုတ်ဘုံကျောင်းနဲ့ အမှတ်(၈) ရပ်ကွက်ကို နှစ်ကြိမ်စီဗုံးကြဲသွားတာလို့ လုံခြုံရေးကြောင့်အမည်မဖော်လိုတဲ့ လားရှိုးဒေသခံတစ်ဦးက ပြောပါတယ်။“တရုတ်ဘုံကျောင်းနားတစ်ဝိုက် ကြဲသွားတယ် နှစ်ကြိမ်ကြဲတယ်။ ပြီးတော့ ကုက္ကိုလ်ရိပ်လက်ဖက်ရည်ဆိုင်နောက် လမ်းကြား ဘက်ကိုလည်း ကြဲသွားတယ်။ တစ်ယောက် ဒဏ်ရာရတယ်။ အိမ်တွေ ပျက်စီးတာများတယ်” ထိခိုက်ဒဏ်ရာရသူကို တာဝန်ရှိသူ တွေက ဆေးကုသမှုပေးနေပြီး ပျက်စီးသွားတဲ့နေအိမ်တွေကိုတော့ ရှင်းလင်းရေးတွေ လုပ်နေတယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း စစ်ကောင်စီဘက်က လားရှိုးမြို့ကို လေကြောင်းကနေ ဆယ်ကြိမ်ကျော် ဗုံးကြဲခဲ့တာ ကြောင့် နိုင်ငံရေးအကျဉ်းသားတစ်ဦး အပါအဝင် ဒေသခံသုံးဦးသေဆုံးခဲ့ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်းမှာ MNDAA တပ်ဖွဲ့က လားရှိုးမြို့ကို အပြီးသတ် သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီက လားရှိုးမြို့ကို လေကြောင်းတိုက် ခိုက်မှုတွေ ဆက်တိုက် လုပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ၂၀၂၄ ခုနှစ် ဇူလိုင်လကနေ စက်တင်ဘာလအထိ သုံးလအတွင်း ကိုးကန့် တပ် မတော် (MNDAA) ထိန်းချုပ်ရာ လားရှိုးမြို့အပါအဝင် အထူးဒေသ (၁) ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲ တိုက် ခိုက်တာတွေကြောင့် အရပ်သား ၃၁ ဦးထက်မနည်း သေဆုံးပြီး ကိုးဆယ်ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ အောက်တိုဘာလ ၂ ရက် နေ့မှာ MNDAA က သတင်းထုတ်ပြန်ထားပါတယ်။ Read in Full

၈။ ဗုဒ္ဓရုပ်ပွားတော် ဦးခေါင်တော်ဖြတ်ထားသည့်ဖြစ်စဥ်သည် ဘာသာရေး အဓိကရုန်းဖြစ်စေရန်လုပ်ရပ်ဟု မိုးဗြဲ PDF ပြော
 October 3, 2024
ကရင်နီပြည်၊ ဖယ်ခုံမြို့နယ်၊ လအိကျေးရွာတောင်ပေါ်ရှိ ဗုဒ္ဓရုပ်ပွားတော် ၉ဆူ၏ ဦးခေါင်တော်ဖြတ်ထားသည့် ဖြစ်စဥ် သည် လူမျိုးရေး၊ ဘာသာရေး အဓိကရုန်းဖြစ်ပွားစေရန် ဦးတည် သောလုပ်ရပ်ဟု မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ရင်း (၂)က ယနေ့ ထုတ်ပြန်သည်။ အောက်တိုဘာ ၁ရက်က လအိကျေးရွာ၏ အရှေ့မြောက်ဘက်ရှိ တောင်ပေါ်စေတီတွင် တည်ထားသော စေတီ​၏ ဗုဒ္ဓရုပ်ပွားတော် ၉ ဆူကို ဦးခေါင်းတော် ဖျက်စီးခံရမှုအတွက် များစွာစိတ်မကောင်းဖြစ်ရပြီး စိုးရိမ်မကင်းဖြစ်ရသည်ဟု မိုးဗြဲ PDF က ဆိုသည်။ အိမ်ခြေ ၅၀၀ ကျော်ရှိ သော လအိကျေးရွာသည် ဗုဒ္ဓဘာသာ၊ ကတ်သလစ်ခရစ်ယာန်ဘာသာနှင့် နတ်ကိုး ကွယ်သော ဘာသာပေါင်းစုံများဖြင့် နှစ်ပေါင်းများစွာ အတူယှဥ်တွဲ နေထိုင်လာခဲ့သောကျေးရွာဖြစ်ပြီး ပြဿနာဖြစ်ပွားခဲ့ ခြင်းမရှိ ဘဲ ဘုရားကျောင်း စေတီများဖြစ်ပွားချိန်တွင် ဘာသာခွဲခြားခြင်းမရှိဘဲ ရိုင်းပင်ကူညီခဲ့ကြသည့် အစဥ်အလာရှိခဲ့ကြောင်း သိရ သည်။ “လကွယ်ရက်နီးလာလို့ အောက်တိုဘာ ၁ ရက်နေ့က ဒေသခံ သက်ကြီရွယ်အိုနှစ်ယောက်က ဘုရားပန်းလဲဖို့ တောင်ပေါ် တက်ရင်း ဒီဖြစ်စဥ်ကိုတွေ့တာ။ ရုပ်ပွားတော် ၁၆ဆူမှာ ၉ဆူက ခေါင်းဖြတ်ခံရပြီး ကျန်အဆူတွေက လက်တွေကို ရည်ရွယ်ချက်ရှိ ရှိ ဖျက်စီးခဲ့တယ်”ဟု  မိုးဗြဲ PDF တပ်ရင်း (၂)တာဝန်ရှိသူက ပြောသည်။

ဘုရားဆင်းတုတော်များ ခေါင်းဖြတ်ထားသည့်ဖြစ်ရပ် ကျူးလွန်သူများအားရှာဖွေပြီး ပြင်းထန်သောပြစ်ဒဏ်ပေးမည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။ “အနှစ်နှစ်အလလ ဒီဖြစ်စဥ်မျိုးက လအိ ရွာမှာတင်မဟုတ်ဘူး။ ကရင်နီပြည်နယ်ထဲမှာ မရှိခဲ့တာ။ ဘုရားကျောင်းက ဒီဖက်လမ်းဆို ဘုန်းကြီး ကျောင်းက မျက်နှာချင်းဆိုင် မျိုးမှာရှိနေတဲ့ဒေသပါ။ အခုက ဖယ်ခုံဘက်ကို စကစ စစ်ကြောင်းထိုးနေတာနဲ့ တိုက်ဆိုင် တယ်။ပြီတော့ ဗုဒ္ဓဘာသာ ကိုးကွယ် သူတွေ ပအိုဝ်းလူငယ်တွေပါတယ်။ဒါကို ကရင်နီတွေက ဗုဒ္ဓဘာသာကို ဖျက်ဆီးနေတယ်ဆိုပြီး စကစက ပုံဖျက်တာ”ဟု ကရင်နီ ဒေသခံတစ်ဦးကပြောသည်။ လအိရွာတောင်ပေါ်ရှိ ဘုရားဆင်းတု တော်များကို ကရင်နီအကြမ်းဖက်များ​က ဖျက်ဆီးသည်ဟုဆို ကာ စစ်ကောင်စီဝါဒဖြန့်သူများက ယမန်နေ့ကစ၍ လူမှုကွန်ယက်မှတဆင့် စတင်လှုံ့ဆော်နေသည်။ 

၉။ ဖာပွန်ခရိုင်တွင် စက်တင်ဘာလအတွင်း တိုက်ပွဲပေါင်း ၁၄၄ ကြိမ်ဖြစ်ပွားပြီး စစ်သား ၄၇ ဦး သေဆုံး
 October 3, 2024
ကရင်ပြည်နယ်၊ ဖာပွန်(မူတြော်)ခရိုင်တွင် စက်တင်ဘာလအတွင်း တိုက်ပွဲပေါင်း ၁၄၄ ကြိမ် ဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ တပ်ရင်းမှူး ၁ ဦး၊ တပ်ခွဲမှူး ၂ ဦးအပါအဝင် စစ်သား ၄၇ ဦးသေဆုံးခဲ့ကြောင်း မူတြော်ခရိုင်က ထုတ် ပြန်သည်။ စက်တင်ဘာလ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ ဖာပွန်(မူတြော်)ခရိုင်အတွင်း၌ KNLA-အမှတ် ၅ တပ်မ ဟာ နှင့်အတူ ပူးပေါင်းတပ် ဖွဲ့ဝင်များမှ အကြမ်းဖက်စစ်ရှုံးကောင်စီကို တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပေါင်း ၁၄၄ ကြိမ်ဖြစ် ပွားခဲ့ရာ အကြမ်းဖက်စစ်ရှုံးကောင်စီမှ ၄၇ ဦးသေဆုံးပြီး ၄၁ ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ပွဲများအတွင်း သေဆုံးသူများတွင် အကြမ်းဖက်စစ်တပ်မှ တပ်ရင်းမှ တပ်ရင်းမှူး ၁ ဦး၊ တပ်ခွဲမှူး ၂ ဦးနှင့် ဒုတပ်ခွဲမှူး ၁ ဦးတို့ပါဝင်ပြီး ဒဏ်ရာရရှိသူများတွင် တပ်ရင်းမှူး ၁ ဦး ပါဝင်ကြောင်း သိရသည်။ စက်တင်ဘာလအတွင်း အကြမ်း ဖက် စစ်ရှုံးကောင်စီမှ ဖာပွန် (မူတြော်)ခရိုင်အတွင်းရှိ ပြည်သူလူထု နေထိုင်ရာ ကျေးရွာများ၊ လုပ်ငန်းခွင်များအတွင်းသို့ ရည်ရွယ် ချက်ရှိရှိ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု လက်နက်ကြီး အလုံးရေ ၉၉ လုံး ရှိပြီး အပြစ်မဲ့ပြည်သူ ၁ ဦးသေဆုံးကာ ၅ ဦး ထိခိုက် ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။ Read in Full

၁၀။ စစ်သည်အင်အားပြပြီး တော်လှန်ရေးကို PNA ခြိမ်းခြောက်နေကြောင်း လေ့လာသူတွေပြော
 October 4, 2024
ပအိုဝ်းအမျိုးသားတပ်မတော် (PNA) က အခုသီတင်းပတ်တွေတွင်းမှာ စစ်သင်တန်းဆင်းပွဲတွေ ဆက်တိုက်ဆိုသလို လုပ်လာပါတယ်။  ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသ(၆) ရန်ကင်းစစ်ဒေသမှာ ပအိုဝ်းအမျိုးသားတပ်မတော် (PNA) က  သြဂုတ် (၂၁) နေ့မှာ စစ်သည်အင်အား တစ်သောင်းကျော် သင်တန်းဆင်းခဲ့သလို စက်တင်ဘာ ၃ဝ ရက်နေ့မှာလည်း အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို အင်သည်အင်အား နှစ်သောင်းကျော်နဲ့ ပြုလုပ်ခဲ့ပါတယ်။ အောက်တို ဘာ ၃ ရက်နေ့မှာလည်း စစ်သည် အင်အား ခုနစ်ထောင်ကျော် စစ်သင်တန်းဆင်းလာခဲ့ပါတယ်။ PNA က ပအိုဝ်းပြည်သူတွေကို အဓမ္မစုဆောင်းပြီး တော်လှန်ရေး ကို ခြိမ်းခြောက်တဲ့သဘောဖြစ်တယ်လို့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက ပြောပါတယ်။ “လူအင်အားတွေ သောင်းချီပြနေတာက စစ်သည်မဟုတ်ပါဘူး။ တစ်နည်းအားဖြင့်ပြောရရင် စစ်အင်အားလည်း မဟုတ်ပါဘူး။ ဒါတွေက ကျွန်တော်တို့ ပြည်သူလူထုတွေပါ။ အသက်ကြီးတဲ့သူတွေလည်းအများကြီးပါဝင်ပါတယ်။  ပြည်သူလူထုကို ယူနီဖောင်း ဝတ်ခိုင်းပြီးတော့မှ လူထုကြီးပုံစံနဲ့ တော်လှန်ရေးကို ခြိမ်းခြောက်ပြတာ။ ပအိုဝ်းပြည်သူလူထုတွေကို ခြိမ်းခြောက်ပြီးတော့မှ ဒီလိုမျိုး လုပ်ထားခိုင်းပါတယ်” ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ၊ ရှမ်းပြည်နယ်တောင်ပိုင်း အထူးဒေသ (၆) မှာ အောက်တိုဘာ (၃) ရက်နေ့က ကျင်းပတဲ့ သင်တန်းဆင်းပွဲမှာ ပအိုဝ်းအမျိုးသားခေါင်းဆောင် ဦးအောင်ခမ်းထီနဲ့ စစ်ဦးစီးချုပ်တွေ၊ စစ်ဒေသမှုး၊ ဗျူဟာနဲ့ ဒေသခံတွေ တက်ရောက်ခဲ့ပါတယ်။ 

ဒါဟာ စစ်ကောင်စီက ပအိုဝ်းခေါင်းဆောင်တွေကို အသုံးချပြီး စစ်တပ်အာဏာသက်ဆိုးရှည်ဖို့ ကြိုးပမ်းလာတာဖြစ် တယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး PYO ပြောခွင့်ရသူက ပြောပါတယ်။ “စစ်ကောင်စီက ပအိုဝ်းအမျိုးသားခေါင်း ဆောင်တွေကို အသုံးချပြီးတော့မှပဲ လူငယ်တွေကို အာဏာသိမ်းပြီးနောက်ပိုင်းမှာ လူငယ်တွေကို စစ်အာဏာတည်မြဲဖို့ အသုံးချရုံသက်သက် ဖြစ်တယ်။ ပအိုဝ်းလူထုတွေကော အများပြည်သူကော သတိထားဖို့ လိုတယ်။  ဒီလူငယ်တွေက အတင်းအဓမ္မ အာဏာသုံးပြီး တော့မှပဲ ဖြားယောင်းတာမျိုးရှိလို့ မလွှဲမရှောင် လူငယ်တွေ ဝင်ရတဲ့ဟာ အများကြီးရှိတယ်” စစ်ရေးအရ စစ်ရှုံးနေတဲ့ စစ်ကောင်စီ က ပအိုဝ်းဒေသမှာ အရွယ်ရောက်သူအားလုံးကို စစ်ထဲဝင်ဖို့ ဖွဲ့စည်းလိုက်တာဖြစ်တယ်လို့  နိုင်ငံရေး ‌လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် ကလည်း သုံးသပ်ပါတယ်။ လူအင်အားတိုးလာတိုင်း စစ်တိုက်တဲ့ အရည်အသွေးရှိမှာ မဟုတ်သလို စစ်ရေးအင်အား လည်း မဖြစ်နိုင်ဘူးလို့ ဦးသန်းစိုးနိုင် က ပြောပါတယ်။ PNO/PNA ဟာ ၁၉၉၁ ခုနှစ်က တပ်မတော်နဲ့ ငြိမ်းချမ်းရေးယူခဲ့ပြီးနောက် ရှမ်းပြည်နယ်တောင်ပိုင်းမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အထူးဒေသ (၆) အဖြစ် သတ်မှတ်အုပ်ချုပ်နေတာဖြစ်ပါတယ်။ Read in Full

၁၁။ အင်းတော်ကြီးဒေသမှာရှိတဲ့ စစ်ကောင်စီနဲ့ ရှမ်းနီဂိတ်တွေမှာ ဆေးဝါးသယ်ယူခွင့် တင်းကျပ်ထား
 October 3, 2024
ကချင်ပြည်၊ မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသမှာရှိတဲ့ စစ်ကောင်စီနဲ့ ရှမ်းနီဂိတ်တွေမှာ ဆေးဝါးသယ်ယူခွင့် တင်းကျပ်ထားတာကြောင့် ဒေသတွင်း ဆေးဝါးရရှိဖို့ ခဲယဉ်းနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဆေးဝါးတွေ သယ်ဆောင်လာရင် ဂိတ်တွေမှာ တားဆီးစစ်ဆေးပြီး ဖမ်းယူလိုက်တာတွေ လုပ်ဆောင်နေတာကြောင့် ဆေးဝါးသယ် ယူရာမှာ အခက်အခဲကြုံနေရ တယ်လို့ အင်းတော်ကြီး ဒေသခံ တစ်ဦးက အခုလိုပြောပါတယ်။ ” သွားရလာရခက်တယ်။ အဓိကတော့ ဆေးတွေ သယ်ဖို့ခက် တာပေါ့နော်။ ဈေးအရမ်းကြီးတယ်။ နဂိုဈေးတွေ မဟုတ်တော့ဘူး။ စစ်တဲ့ဂိတ်တွေကလည်း တွေ့တာနဲ့ ဖမ်းယူပေးလိုက်တော့ ကားသမားတွေလည်း မသယ်ရဲကြဘူး။” လို့ ဒေသခံက ဆိုပါတယ်။ များသောအားဖြင့် အင်းတော်ကြီးဒေသထဲ တင်ဆောင်တဲ့ ကုန်ပစ္စည်းတွေကို နန့်မွန်းအဝင် တောင်ထိပ် စစ်ကောင်စီတပ်နေရာနဲ့ နန့်မွန်းမြို့က ရှမ်းနီဂိတ်တွေမှာ စစ်ဆေးတားဆီးတဲ့ အပြင် လုံးတုံဂိတ် မှာလည်း စစ်ဆေးမှုတွေ လုပ်ဆောင်လေ့ရှိတယ်လို့ သိရပါတယ်။

အဲဒီဂိတ်တွေဟာ ဆေးဝါးသာမက တခြားသော ကုန်ပစ္စည်းတွေကိုလည်း သယ်ယူခွင့် တင်းကျပ်တာတွေ လုပ်ဆောင် နေတာအပြင် ဒေသခံတွေကိုလည်း စစ်ဆေးတာတွေ လုပ်ဆောင်လေ့ရှိတယ်လို့ နောက်ထပ်ဒေသခံတစ်ဦးထံကလည်း သိရပါ တယ်။ အင်းတော်ကြီးဒေသမှာ ဟိုပင်နဲ့ ဖားကန့်လမ်းကြောကလွဲပြီး ဆေးဝါးတွေကို သယ်ယူဖို့ တခြားလမ်း ကြောင်းလည်း မရှိ တဲ့အတွက် လတ်တလောမှာတော့ ဒေသထဲမှာ ဆေးဝါးတွေ ရဖို့ခဲယဉ်းပြီး ဈေးကြီးမြင့်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အခြေ အနေတင်းမာမှုတွေကြောင့် နန့်မွန်းကနေ တိမ်းရှောင်နေရတဲ့ ပြည်သူတွေလည်း တိမ်းရှောင်နေတာ သုံးလကျော်ကြာ မြင့်လာပြီ ဖြစ်တဲ့အတွက် ယူဆောင်လာတဲ့ ဆေးဝါးတွေပြတ်လပ်ပြီး ဆေးဝါးလို အပ်မှုရှိနေတယ်လို့ သိရပါတယ်။ 

၁၂။ သီပေါတိုက်ပွဲ သုံးလအတွင်း အရပ်သား သုံးဆယ်ကျော် သေဆုံး၊ ကိုးဆယ်ကျော် ဒဏ်ရာရ
 October 3, 2024
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း စတင်ပြီးနောက် ၂၀၂၄ ခုနှစ် ဇူလိုင် ကနေ စက်တင်ဘာအထိ သုံးလအတွင်း လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား ၃၁ ဦး သေဆုံးခဲ့ပြီး ကိုးဆယ်ကျော် ဒဏ်ရာရခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။ သေဆုံးသူတွေထဲမှာ ကလေးငယ်တွေနဲ့ အမျိုးသမီး တွေလည်း ပါဝင်ပြီး ကျား၊ မ အရေအတွက် အတိအကျကိုတော့ ကူညီရေးအဖွဲ့တွေဘက်က ထုတ်ဖော်ပြောဆိုတာ မရှိသေးပါ ဘူး။ နောက်ထပ် ဒဏ်ရာရသူတွေထဲမှာတော့ ကလေးငယ် ၁၃ ဦးနဲ့ အမျိုးသား ၄၅ ဦး၊ အမျိုးသမီး ၃၃ ဦး ပါဝင်တယ်လို့ ဆိုပါ တယ်။ ဒဏ်ရာရသူတွေကို သီပေါမြို့ နယ်စည်းမခြား ပရဟိတအဖွဲ့ အခမဲ့ဆေးခန်းမှာ ဆေးကုသပေးနေပြီး ဒဏ်ရာပြင်းထန်တဲ့ သူတွေကို လားရှိုးဆေးရုံကို လွှဲပြောင်းကုသပေးနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီနဲ့ TNLA တပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်နေတဲ့ ခလရ- ၂၃ တပ်ရင်းအနီးမှာတော့ လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဥ် ရှိနေတယ်လို့ သီပေါမြို့ခံတစ်ဦးက ပြောပါတယ်။“လေယာဥ်က နေ့တိုင်းလိုလို လာတယ်။ မြို့ထဲလည်း ကြဲတယ်။ စစ်တပ်နဲ့နီးတဲ့ ရွာဘက်တွေလည်း ကြဲတယ်။ တချို့ ဗုံးတွေဆိုရင် တစ်လုံးကနေ အဆင့်ဆင့် ကွဲတဲ့ဗုံးတွေလည်း ပါတယ်။ ဇာတ်စုရပ်ကွက်အနောက်ဘက်က ရွာတွေမှာ ခဏခဏ ကြဲခံနေရတယ်” စက်တင်ဘာ ၂၈ ရက်နေ့ကနေ ၃၀ ရက်နေ့အတွင်း သီပေါမြို့မှာ စစ်ကောင်စီတပ်နဲ့ TNLA တပ်ဖွဲ့ကြား တိုက်ပွဲပြင်းထန်ခဲ့သလို စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲတိုက် ခိုက်ခဲ့တာကြောင့် ကလေးငယ် တစ်ဦးအပါအဝင် လေးဦး သေဆုံးခဲ့ရပါတယ်။ Read in Full

၁၃။ ချီဖွေမြို့ လေယာဉ် ဗုံးကြဲခံရတဲ့အတွက် COC အသင်းတော်က သင်းထောက်တစ်ဦးသေဆုံး
 October 4, 2024
ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားတဲ့ ချီဖွေမြို့မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ ဗုံးကြဲတိုက် ခိုက်လို့   COC အသင်းတော် သင်းထောက်တစ်ဦး အသက်သေဆုံးမှုရှိခဲ့တယ်လို့ဒေသခံတွေဆီကနေ သိရပါတယ်။ အောက်တိုဘာလ ၃ ရက်နေ့ မနေ့ည ၉ နာရီခွဲအချိန် စစ်ကောင်စီတပ်ဟာ ချီဖွေမြို့ကို ဂျက်လေယာဉ်တစ်စီးနဲ့ ဗုံးလေးကြိမ်ထက်မနည်း လာ ရောက် ပစ်ခတ်ချိန် ဘေးလွတ်ရာထွက်ပြေးခဲ့ပေမယ့် လမ်းခုလတ်မှာတင် ဗုံးကျည်ထိမှန်ပြီး ပွဲချင်းပြီးသေဆုံးသွားတာဖြစ်တယ် လို့  ချီဖွေဒေသခံ တစ်ဦးက ပြောပါတယ်။“အိမ်မှာကျကွဲပြီးဖြစ်တာတော့ မဟုတ်ဘူး။ လေယာဉ်တက်လာလို့ ထွက်ပြေးနေတဲ့ နေရာမှာတင် လေယာဉ်ဗုံးကျကွဲလို့ ပွဲချင်းပြီးဆုံးသွားတာ”လို့ ပြောပါတယ်။ စစ်ကောင်စီရဲ့ လေယာဉ်ဗုံးကြောင့် အသက်သေဆုံး သွားသူဟာ အသက် ၄၀ ကျော်အရွယ်ရှိ လီဆူလူမျိုးဖြစ်ပြီး COC (ခရစ်တော်၏အသင်းတော်)ရဲ့ သင်းထောက်တစ်ဦးဖြစ်တယ် လို့ သိရပါတယ်။ အောက်တိုဘာ လ ၃ ရက်ည စစ်ကောင်စီတပ်တွေ လာရောက်ပစ်ခတ်ခဲ့တဲ့ လေယာဉ် ဗုံး ၄ လုံးထဲကနေ ၂ လုံးဟာ ရစ်လော်ရပ်ကွက်နဲ့ မြို့မရပ်ကွက် စာသင်ကျောင်းပတ်ဝန်းကျင်မှာ ကျကွဲမှုရှိခဲ့ပြီး ကျန်ဗုံး ၂ လုံးကမေခ(လောင်ဗျစ်) ချောင်း တစ်ဖက်ကမ်းမှာ ပေါက်ကွဲသွားတယ်လို့ ဒေသခံတွေပြောပါတယ်။

ဒေသခံပြည်သူတွေရဲ့ပြောဆိုချက်အရ စက်တင်ဘာလ ၂၉ ရက်နေ့ ချီဖွေမြို့တစ်ခုလုံးကို လက်လွတ်လိုက်ရပြီးနောက် စစ်ကောင်စီတပ်တွေဟာ ဂျက်လေယာဉ်နဲ့ တစ်ရက်ကို တစ်ကြိမ်နှုန်းနဲ့ လာရောက်ဗုံးတိုက်ခိုက်နေတာ ဖြစ်တယ်လို့လည်းသိရ ပါတယ်။ အခုလို စစ်ကောင်စီဘက်က နေ့တိုင်းလိုလို လေကြောင်းအင်အားသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်နေတာဟာ  KIO/KIA ရဲ့ အုပ်ချုပ်ရေးယန္တရားတွေ မလည်ပတ်နိုင်အောင်၊ ဒေသခံပြည်သူတွေ မြို့ထဲကိုမဝင်လာအောင် မြို့ကို တမင်ဖျက်ဆီးနေတာ ဖြစ်တယ်လို့ ချီဖွေဒေသခံ တစ်ဦးက ဆက်ဆိုပါတယ်။“သူတို့ လာပစ်ချင်တဲ့ အချိန်တက်လာပြီး လာလာပစ်နေတာ။ အခုတ လောဆို ညတိုင်းလိုလိုလာပစ်နေတာ။ သေနတ်တွေက စိုးရိမ်စရာမရှိတော့တာ နှစ်ရက် သုံးရက်လောက်ရှိပြီ။ ဒေသခံတွေလည်း လေကြောင်းတစ်ခုပဲ စိုးရိမ်နေကြတာ။ ပြီးရင် မြို့ကို KIA တွေ မထိန်းချုပ်နိုင်အောင်၊ မြို့ပျက်စီးသွားအောင် တမင်လုပ်နေတယ် လို့ပဲမြင်ပါတယ်”လို့ပြောပါတယ်။ အောက်တိုဘာလ ၁ ရက်နေ့နောက်ပိုင်း စစ်ဘေးရှောင်တစ်ချို့ မြို့ထဲကို ပြန်ဝင်လာကြ ပေမယ့် အခုလို ဗုံးကြဲတိုက် ခိုက်ခံရပြီး အသက်သေဆုံးတာတွေ ရှိနေတာကြောင့် ပြန်လည်တိမ်းရှောင်နေကြတယ်လို့ သိရပါ တယ်။ Read in Full

 
၁၄။ အမ်းမြို့ စစ်ဘေးရှောင်များ ရာသီတုပ်ကွေးကူးစက်နေ
 October 3, 2024
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင် ယခုရက်ပိုင်းအတွင်း ရာသီတုပ်ကွေးဖျားနာမှုများ ဖြစ်ပွား နေပြီး ကူးစက်မှုများဖြစ်ပေါ်နေသဖြင့် စိုးရိမ်မှုများရှိနေရသည်ဟု အမ်းဒေသခံများထံမှ သိရသည်။ ပြီးခဲ့တဲ့ စက်တင် ဘာလ အ တွင်းက ရေကြီးမှုဖြစ်ပွားပြီးနောက် အမ်းမြို့စစ်ဘေးရှောင်များနှင့် ကဇုကိုင်းကျေးရွာအုပ်စုထဲရှိစစ်ရှောင်များသည် ချောင်းဆိုး၊ နှာစေးနှင့် အဖျားရောဂါဝေဒနာများ ဖြစ်ပွားနေခြင်းဖြစ်သည်။“ရောဂါကလည်း ကပ်ဘေးတစ်ခုလိုပုံစံမျိုး ဖြစ်နေပါတယ်။ လူ တိုင်းဖျားတယ်။ လူတိုင်းချောင်းဆိုးတယ်။ ဒါက ကူးစက်ရောဂါလိုမျိုး ဖြစ်နေပါတယ်။ အိမ်တိုင်းလိုလိုမှာဖြစ်နေပါတယ်”ဟု အမ်း စစ်ဘေးရှောင်ဒေသခံတစ်ဦးက ဆိုသည်။

ထို့အပြင် တချို့နေရာများတွင် ဆေးဝါးဝယ်ယူရနိုင်သော်လည်း အဆမတန်ဈေးမြင့်တက်နေခြင်းကြောင့် စီးပွားရေး ကြပ်တည်းနေသည့် ဒေသခံများအနေဖြင့် မဝယ်ယူနိုင်သည့်အခြေအနေတွင်ရှိသည်ဟု သိရသည်။“ဆေးဝါးအလုံ့ အလောက် ရှိနေပေမဲ့ အဆမတန်ဈေးကြီးနေတာပေါ့။ ဆိုတော့ လူတိုင်းကတော့ အခက်အခဲကြုံကြရပါတယ်။ မရှိတဲ့အနေအထား  ဆင်းရဲ နွမ်းပါးပြီး အခက်အခဲတွေရှိနေကြတော့ ဆေးဝါးကလည်း မသုံးစွဲနိုင်ဘူးပေါ့။ မဝယ်နိုင်တဲ့ လူတွေကလည်းရှိတာပေါ့” ဟု ၎င်းက ဆိုသည်။ စစ်ကောင်စီ၏ အနောက်ပိုင်း စစ်ဌာနချုပ်ရှိသည့် အမ်းမြို့ကို အာရက္ခတပ်တော်- AA က ပြီးခဲ့သည့် စက်တင်ဘာလ (၂၆) ရက်မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ယခုရက်ပိုင်းအတွင်းတွင် တိုက်ပွဲများပြင်း ထန်းနေသည်ဟု သိရသည်။ 

 
၁၅။ နေရပ်ပြန်လာ​သော ဆိုင်းတောင်မှ ​ဒေသခံများကို စစ်ပွဲဇုန်ဖြစ်၍ ​ခေတ္တတိမ်း​ရှောင်​​​ပေးရန် KIA အသိပေး
 October 3, 2024
ဖားကန့်မြို့နယ်မှဆိုင်းတောင်ရွာမှ စစ်​ဘေး​ရှောင်​နေရာမှ ပြန်​ရောက်လာ​​သောပြည်သူများကို စစ်ပွဲဧရိယာအတွင်းဖြစ်​နေ၍ ဒေသခံများ ဘေးလွတ်ရာသို့ ယာယီထွက်ခွာပေးရန်  KIA ကအသိပေးထားကြောင်း သတင်းရရှိသည်။ “ပြီးခဲ့တဲ့တပတ်က တိုက်ပွဲတွေပြင်းထန်စဉ်က ရှောင်ခဲ့ကြသေးတယ်။ နောက်ပိုင်းပြန်ဝင်လာတယ်။ တိုက်ပွဲကမပြီးသေးဘူးဆိုတော့ KIA က သတိပေးတာ။ ဒီ‌နေရာဟာ စစ်ပွဲဇုန်မို့လို့ ဘေးကင်းအောင် သတိပေးတာလို့ပြောပါတယ်”ဟု ဒေသခံ တဦးကပြောသည်။ ဆိုင်းတောင် ရွာတွင် စက်တင်ဘာ ၇ ရက်မှစ၍  တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး KIA နှင့် KPDF တို့က ဆိုင်းတောင် ရဲစခန်းကို စက်တင်ဘာ ၁၂ ရက် တွင်သိမ်းပိုက်ခဲ့သည်။ ထို့နောက်စစ်ကောင်စီက ဒေသခံများ၏နေအိမ်များမီးရှို့ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ သည်။

စစ်ကောင်စီက ဆိုင်းတောင်ရွာအတွင်းရှိ  Lucky Man ဟိုတယ်နှင့် ယူမာကျောက်စိမ်းရုံး၌ တပ်စွဲထားပြီး ယင်းနှစ်နေရာ တွင် စက်တင်ဘာလ ၂၅ ရက်အထိ  တိုက်ပွဲများ ပြင်းထန်ခဲ့သည်။စစ်​ကောင်စီက Lucky Men ဟိုတယ်တွင်ဖမ်းဆီးထား​​သော ပြည်သူအများစုမှာ လွတ်​မြောက်သွားပြီဖြစ်​ကြောင်းလည်းသိရသည်။ စက်တင်ဘာ လကုန်ပိုင်းနောက်ပိုင်းတွင် တိုက်ပွဲ​ခေတ္တ ငြိမ်သက်သွားရာ စစ်ရှောင်ခဲ့သောဒေသခံအချို့ ပြန် လည်ဝင်ရောက်လာခဲ့သည်။ ထိုသို့ပြန်လာ​သော​ဒေသခံများကို စစ်ပွဲဇုန် ဖြစ်​နေ​သေး၍ ​ခေတ္တတိမ်း​ရှောင်ရန် KIA တပ်ဖွဲ့ဝင်အချို့က အသိ​ပေးခြင်းဖြစ်​ကြောင်းသိရသည်။ ဆိုင်တောင်ရွာအတွင်းရှိ ရပ်ကွက် ၁ ၊၂၊ ၃၊ ၄ တို့မှ ဒေသခံပြည်သူများ တိန်းရှောင်ကြရန် အသိ​ပေးခြင်းဖြစ်သည်ဟု ဒေသခံတဦးကပြောသည်။ KIA နှင့်ပူး​ပေါင်း တပ်က စစ်ကောင်စီတပ်စခန်းများကို  ထိုးစစ်ဆင်တိုက်ခိုက်လျင် စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်လာနိုင်သောကြောင့် ဒေသခံများ၏လုံခြုံရေးအတွက် ကြိုတင်သတိပေးခြင်းဖြစ်နိုင်​ကြောင်း KIA နှင့် နီးစပ်သူအချို့ကပြောသည်။ 

၁၆။ မရာမျိုးနွယ်စုအကြား ပြန်လည်ပေါင်းစည်းရေး IMC/CDF – Mara အနေနဲ့ ပေါင်းဆောင်ရွက်ဖို့ MTC /MDF ထုတ်ပြန်
 October 4, 2024
မရာမျိုးနွယ်စုအကြား ငြိမ်းချမ်းရေးနဲ့ ပြန်လည်ပေါင်းစည်းရေးအတွက် IMC/CDF – Mara အနေနဲ့ မကြာမီကျင်းပမယ့် တတိယအကြိမ် မရာပြည်သူ့ညီလာခံ မတိုင်မီ အမြန်ပူးပေါင်းဆောင်ရွက်ဖို့ MTC / MDF က မရာမြေအုပ်ချုပ်ရေးကောင်စီ၏ တတိယအကြိမ် ပုံမှန်ကောင်စီအစည်းအဝေးကျင်းပတဲ့ဟာကို အောက်တိုဘာလ (၃) ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ မရာအချင်း ချင်းအကြား ပြန်လည်သင့်မြတ်ရေးကို (၂) နှစ်နီးပါး ကြိုးပမ်းခဲ့တဲ့အပြင်  မရာနယ်ဘာသာရေးခေါင်းဆောင်တွေရဲ့ စေ့စပ်ညှိနှိုင်း မှုဖြင့် ငြိမ်းချမ်းရေးနှင့် ပြန်လည်ပေါင်းစည်းရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကာ MEC ငြိမ်းချမ်းရေး ကော်မရှင်ရဲ့ ထုတ်ပြန်ချက်ကို အပြည့်အဝလေးစား လိုက်နာခဲ့သော် လည်း IMC/CDF – Mara အနေနဲ့ အဆိုပါ သဘောတူစာချုပ်ကို ပျက်ပြယ် စေရန် ရည်ရွယ်ချက်ဖြင့် အွန်လိုင်းကနေတဆင့် အကြိမ်ကြိမ် စွပ်စွဲပြောဆိုခြင်း၊ မဟုတ်မမှန် ထုတ်ပြန်ချက်တွေ ထုတ်ပြန်ခြင်း အကြောင်းအမျိုးမျိုးပြပြီး  ဇွန်လ ၂၆ ရက်နေ့က ဇောင်းလိန်ကျေးရွာမှာ တစ်ကြိမ်၊ စက်တင်ဘာလ ၁၅ ရက်နေ့က တွီပန်းမြို့မှာ ကျင်းပတဲ့  RIC အစည်းအဝေးကို ၂ ကြိမ်တိုင်တိုင် တက်ရောက်ဖို့ ပျက်တာတွေကြောင့် ပြန်လည်ပေါင်းစည်းရေး ဖြစ်စဉ်မှာ ရပ်တန့်နေခြင်းဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် ငြိမ်းချမ်းရေးနဲ့ ပြန်လည်ပေါင်းစည်းရေး လုပ်ငန်းစဉ်မှာ အမြန်ဆုံးပူူးပေါင်းဆောင်ရွက်ဖို့ နဲ့ CDF – Mara တပ်ဖွဲ့ဝင်များအနေနဲ့ မိမိတို့နေရပ်အသီးသီးက မိဘရင်ခွင်ကို ပြန်လည်ခိုလှုံကြပါရန် ထိုသို ပြန်လည်ခိုလှုံလာသူတွေကို MTC / MDF ကနေ လုံခြုံရေးအားမခံချက် အပြည့်အဝ ပေးမှာဖြစ်ကြောင်းကိုလည်း အသိပေးထုတ်ပြန်ထားပါတယ်။ အကြောင်းမျိုးမျိုး ကြောင့် ပြည်တွင်းပြည်ပရောက် မရာပြည်သူတွေအနေနဲ့ မရာနယ်မြေတစ်ခုလုံးမှာ စစ်ကောင်စီအုပ်ချုပ်ရေးယန္တယားနဲ့ အာဏာ စက်သက်ရောက်မှု လုံးဝချုပ်ငြိမ်းသွားပြီဖြစ်လို့ မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ အနေနဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကို ပြည်တွင်းပြည်ပရှိ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ကာ စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်တဲ့တွက် မရာနယ်မြေအတွင်း အမြန်ဆုံးပြန်လည် ဝင်ရောက်အခြေ ချနေထိုင်ကြဖို့ကိုလည်း တိုက်တွန်း ဖိတ်ခေါ်ကြောင်းလည်း ထုတ်ပြန် ထားပါတယ်။ Read in Full

၁၇။ TNLA ထိန်းချုပ်ထားသည့်မြို့များမှ တစ်အိမ်တစ်ယောက် မဖြစ်မနေ စစ်သင်တန်းတက်ရောက်နေရ
 October 4, 2024
TNLA ထိန်းချုပ်ထားသည့် မြို့နယ်များတွင် တစ်အိမ်တစ်ယောက် မဖြစ်မနေ စစ်သင်တန်းတက်ရောက်နေရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ၂၀၂၄ ခုနှစ်၊ ဩဂုတ် လမှစတင်ကာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ရှိ ရပ် ကွက်အချို့နှင့် ကျေးရွာအချို့မှ ဒေသခံများ စစ်သင်တန်းတက်ရောက်ရန် TNLA က ခေါ်ယူခဲ့ခြင်းဖြစ်ပြီး စက်တင် ဘာလအတွင်း ကျောက်မဲ၊ မန်တုံနှင့် ကွတ်ခိုင်မြို့တို့တွင် စစ်သင်တန်းတက်ရောက်ရန် ခေါ်ယူမှုများပြုလုပ်နေခြင်းဖြစ်သည်။ အဆိုပါပါ စစ်သင်တန်းသည် ၁၅ရက်ခန့်သာကြာမြင့်ပြီး အပတ်စဉ်တစ်ခု၌ သင်တန်းသူ၊ သင်တန်းသား ၃၀၀ ခန့်ရှိကြောင်း လုံခြုံရေးအရ အမည်မဖော်လို သည့် သင်တန်းတက်ရောက်ခဲ့သည့် အမျိုးသားတစ်ဦးက ပြော သည်။ “ရပ်ရွာ အရေးပေါ်ရင် ကာကွယ်ဖို့အတွက်ဆိုပြီး စစ်သင် တန်းတက်ခိုင်းတာ၊ ကိုယ့်ရပ်ရွာမှာဘဲနေရမယ်။ ပြည်သူ့စစ်သဘောမျိုးပေါ့၊ ဒါပေမဲ့ သင်တန်းပြီးတော့ စကားကတစ်မျိုး ပြောင်း ပြီး ရှေ့တန်းပါသွားရမယ်ဆိုတဲ့စကားထွက်လာတယ်။ အချို့အိမ်တွေက အရမ်းခက်ခဲတယ်။ မိဘကို လုပ်ကျွေးမဲ့သူတွေ မရှိဘူး ဗျ”ဟု ၎င်းကပြောသည်။ ယခုကဲ့သို့ TNLA က စစ်သင်တန်းပေးမှုသည် ရပ်ရွာကာကွယ်ရေးအတွက်ဟုဆိုသော်လည်း ရှေ့တန်း များသို့ပါ လိုက်ပါရမည်ဆိုသည့် သတင်းများကြောင့် သင်တန်းသားများနှင့် မိဘဖြစ်သူများ စိုးရိမ်မှုများဖြစ်ပေါ်လျက်ရှိနေသည်။

ထို့ပြင် ၁၅ ရက်တာ စစ်သင်တန်း တက်ရောက်ရသူများသည် အသက် ၁၈ နှစ်မှ ၄၅ အရွယ် အမျိုးသား၊ အမျိုးသမီးများ ဖြစ်ပြီး စစ်သင်တန်းတက်ရောက်ရန် ငြင်းဆိုခွင့်မရှိကြောင်းလည်း ဒေသခံများထံမှ သိရသည်။ ” အရင်တုန်းက သားနှစ်ယောက် ရှိရင် တစ်ယောက်က အိမ်မှာ မိဘကို လုပ်ကျွေးလို့ရတယ်။ တစ်ယောက်က တပ်ထဲဝင်ရမယ်ပေါ့၊ အခုတော့မဟုတ်ဘူး။ အကို ဖြစ်သူလည်းသွားရ၊ သီဖြစ်သူလည်း သင်တန်းသွားတက်ရနဲ့၊ သင်တန်းတက်ပြီး အိမ်ကို ပြန်နေရတယ်ဆိုပေမဲ့ နိုင်ငံရေး မကောင်းတော့ ဘယ်အချိန် တိုက်ပွဲထဲပို့ခံရမလဲဆိုပြီး တွေးရင် ညညဆို အိပ်မရဘူး ” ဟု နမ့်ခမ်းမြို့တွင် နေထိုင်သည့် အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။ “ဒီလို လုပ်နေတာတွေက ပြည်သူ့လုံခြုံရေးအရပဲ လုပ်တယ်လို့ထင်တယ်။ အပစ် ပြောလို့လည်းမရဘူး။ စစ်တပ်ရဲ့ လုပ်ရပ်တွေကိုကြည့်မယ်ဆိုရင် လေးပုံမှာ တစ်ပုံပဲရှိသေးတယ်။ အခုခေါ်တာကလဲ ပြည်သူ့စစ် အနေနဲ့ ခေါ်တာပဲတွေ့ရတယ်။ ရှေ့တန်းသွားရမယ်လို့လည်း မကြားမိဘူး။ သင်တန်းပြီးလို့ ပြန်လာတဲ့သူတွေတောင် အများကြီး ဘဲ၊ ဒီလိုလုပ်တာ ပြည်သူတွေအတွက် လုံခြုံရေးလို့ပဲ မြင်တယ်” ဟု မန်တုံမြို့နယ်မှ ဒေသခံ အမျိုးသမီးတစ်ဦးကပြောသည်။ ယခုကဲ့သို့ TNLA ထိန်းချုပ်နယ်မြေအတွင်း စစ်မှုထမ်းခေါ်ဆောင်ရခြင်းသည် နိုင်ငံရေးမတည်ငြိမ်မှုကြောင့် လုပ်ဆောင်ရခြင်း ဖြစ်သည်ဟုလည်း TNLA က ဆိုထားသည်။ Read in Full

၁၈။ ထားဝယ်မှာ သန်းခေါင်စာရင်းကောက်ချိန် လုံခြုံရေးတင်းကြပ်၊ မသင်္ကာလို့ဆိုပြီး မြိုခံဆယ်ဦး ထက်မနည်းဖမ်းဆီးထား
 October 3, 2024
ထားဝယ်မြို့ပေါ်မှာ သန်းခေါင်စာရင်းကောက်ယူနေချိန် တစ်မြို့လုံးကို စစ်ကောင်စီတပ်သား၊ ရဲနဲ့ ပျူစောထီးတွေက လုံခြုံရေးတင်းကြပ်ထားပြီး အရပ်သားဆယ်ဦးခန့်ကိုလည်း ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ အခုလ ၁ ရက်နေ့ ကစ လို့ မြို့ပေါ်က ကြက်စားပြင်ရပ်ကွက်မှာ သန်းခေါင်စာရင်း စတင်ကောက်ယူခဲ့ပြီး မနေ့ကနဲ့ ဒီနေ့တွေမှာတော့ ဘုမ္မော်၊ ဇရစ်၊ သင်္ဘောဆိပ်၊ မြို့တွင်း၊ တလိုင်းထိန်၊ တလိုင်းမ၊ မြောင်းပုလဲနဲ့ အိုးလုပ် စတဲ့ရပ်ကွက်မှာ ဆက် လက်ကောက်ခံနေတာပါ။ သန်းခေါင်စာရင်းကောက်ခံနေချိန်နဲ့ မကောက်ခင်အချိန်တွေမှာ ထားဝယ်မြို့ပေါ်က လမ်းဆုံ လမ်းခွတွေနဲ့ သန်းခေါင်စာရင်း ကောက်ခံတဲ့နေရာနဲ့ အနီးအနားဝန်းကျင်တွေမှာ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေက အင်အားအများအပြားနဲ့ ကင်းချပြီး လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။  “စခန်းတွေထဲမှာ တောင်လူမရှိလောက်တော့ဘူး။ လမ်းဆုံတိုင်းမှာ စစ်သားတွေရှိနေတယ်။ ကားတွေနဲ့လည်း လှည့်နေတယ်။ လမ်းတစ်လမ်းမှာ သန်းခေါင်စာရင်းဝင်‌ကောက်ရင် ဘေးပတ်ပတ်လည်က လမ်းတွေမှာလုံးဝကင်းအပြည့်ပဲ” လို့ ထားဝယ်မြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။ ဆက်သွယ်ရေး လှိုင်းဖြတ်တောက်တဲ့ကရိယာ ဂျမ်မာ (Jammer)တပ်ဆင်ထားတဲ့ ကားတွေလည်း လမ်းဆုံတချို့မှာ ရပ်ထားတယ်လို့ မြို့ခံတွေ ရဲ့ ပြောပြချက်အရ သိရပါတယ်။

မြို့ထဲမှာကင်းချထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ သန်းခေါင်စာရင်းစကောက်တဲ့နေ့ မနက်အစောပိုင်းမှာ ထား ဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက် သရက်ချောင်းကားဝင်းထဲမှာ အမျိုးသားသုံးဦးကို ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ဆိုပါတယ်။ ဖမ်းဆီးခံရတဲ့သူတွေဟာ သရက်ချောင်း ဒေသခံတွေဖြစ်တယ်လို့လည်း ကနဦးသိရပါတယ်။ အဲဒီနေ့တစ်ရက်တည်းမှာပဲ အိမ်စီးကားနဲ့လာတဲ့ လှေလုပ်သား သုံးဦးခန့်ကိုလည်း စစ်ကောင်စီတပ်သားတွေက မသင်္ကာလို့ဆိုကာ ထပ်မံဖမ်းဆီးခဲ့တယ်လို့ မြိုခံ တွေက ပြောပါတယ်။ အဲဒီအမျိုးသားတွေကိုတော့ အလုပ်ရှင်ကပြန်လည်ထုတ်ယူပေးခဲ့တာကြောင့် ပြန်လွတ်လာတယ်လို့ မြိုခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ သန်ခေါင်စာရင်းကောက်တဲ့ ဒုတိယနေ့ မနေ့ကညနေပိုင်းမှာတော့ ကြက်စားပြင်ရပ်ကွက် မှာ လာရောက်နေထိုင်နေတဲ့ လူငယ် အမျိုးသားလေးဦးခန့်ကို စစ်ကောင်စီတပ်သားတွေက လာရောက်ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေကဆိုပါတယ်။ “အလုပ်သမားကားလိုမျိုးတွေဆို ပိုစစ်တယ်။ ပစ္စည်းတစ်ခုချင်းကအစ လှန်ရှာပြီးစစ်တာ။ အကုန်လုံးကို သံသယထားနေတာပါ။  အဖွဲ့တွေကလည်းစာထုတ်ထားတော့ လာပစ်မှာကိုစိုးရိမ်တာမျိုးဖြစ်မယ်” လို့ မြို့ခံ လူငယ်တစ်ဦးက ပြောပါတယ်။ Read in Full

၁၉။ ရေကြီးနေတာကြောင့် စစ်ရေးလှုပ်ရှားမှု ရပ်ထားတယ်လို့ လွိုင်ကော် Local PDF ပြော
 October 4, 2024
ကယား(ကရင်နီပြည်)မှာ လက်ရှိ ကြုံတွေ့နေရတဲ့ ရေကြီးရေလျှံမှုတွေကြောင့် စစ်ရေးလှုပ်ရှုားမှု ရပ်ထားရတယ်လို့ Loikaw Local PDF တာဝန်ရှိသူက ပြောပါတယ်။ ကရင်နီပြည်နဲ့ ရှမ်းတောင်အစပ်က ဘီလူးချောင်းဘေး တစ် လျှောက် ကျေးရွာ ပေါင်း ၅ ထောင်ကျော် အပါအဝင် မြို့တော်လွိုင်ကော်မှာလည်း ရေနစ်မြုပ်နေတာကြောင့် စစ်ရေးလှုပ်ရှားမှု ရပ်ဆိုင်းထားရတယ် လို့ ဆိုပါတယ်။“လမ်းပန်းဆက်သွယ်ရေးအရ သေချာပေါက်က အခက်အခဲ ရှိတာပေါ့နော်။ စစ်ရေးပုံဖော်ဖို့က ဘယ်လိုမှ မဖြစ် နိုင်တော့ဘူးလေနော်။ လွယ်ကော်မြို့တောင်မှ လူသွားမရလို့ ဒီအတိုင်း လှေနဲ့ ကူးနေရတဲ့ အခြေအနေပေါ့နော်။ ပြည်သူတွေက လည်း ဒုက္ခရောက်သလို ကျနော်တို့လည်း စစ်ရေး ခက်ခဲလာတာပေါ့နော်” လို့ လွိုင်ကော် LPDF ပြန်ကြားရေး တာဝန်ခံ ကိုလင်းလင်းက ပြောပါတယ်။ လွိုင်ကော်မြို့ရှိ ပန်ကန်း၊ မိုင်းလုံး၊ ရွာတန်းရှည် စတဲ့ရပ်ကွက်တွေနဲ့ GTC တက္ကသိုလ် နေရာတွေ မှာ ဇူလိုင်နဲ့ ဩဂုတ်လအတွင်း စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေအကြား တိုက်ပွဲပြင်းထန်ခဲ့ပေမယ့် စက်တင်ဘာလ အစပိုင်းလောက်ကစပြီး ရေကြီးရေလျှံမှုတွေကြောင့် အခြေအနေ ပြန်လည်ငြိမ်သက်သွားခဲ့တာပဲ ဖြစ်ပါတယ်။

ရေကြီးရေလျှံ့မှုဖြစ်ရတဲ့ အကြောင်းအရင်းဟာ စစ်ကောင်စီဖက်က နယ်မြေစိုးမိုးမှုပြန်ရရှိစေဖို့အတွက်ရည်ရွယ်ချက် ရှိရှိ လုပ်ဆောင်တာ ဖြစ်တယ်လို့လည်း ကိုလင်းလင်းက သုံးသပ်ပါတယ်။“ရေဖောက်ချတယ် ဆိုတာက စစ်ကောင်စီရဲ့ ဗျူဟာ လို့တောင် ပြောလို့ရတယ်ပေါ့နော်။ မနှစ်က နွေတစ်နွေလုံး ရေလိုအပ်တဲ့ အချိန်မှာ မဖောက်ချဘဲနဲ့ ဒီနှစ်မိုးများမှ ဖောက်ချတော့ တခါဖောက်ရမယ့်ဟာက ၂ ခါစာ ဖြစ်သွားတယ်ပေါ့။ အဲဒီမှာ ပြည်သူတွေနဲ့ တပ်ရင်းတပ်ဖွဲ့တွေက ရေကြီးပြီး အကုန်လုံး ဒုက္ခ ရောက်ကုန်ရော။ စစ်ဘေးရော ရေဘေးရော တစ်ပြိုင်နက် ကြုံလာရတဲ့အချိန် စစ်ရေးဘက်ကို အားစိုက်ဖို့က လျော့သွားတာပေါ့” စစ်ကောင်စီဖက်က ရေကြီးရေလျှံမှုကို အသုံးချပြီး နယ်မြေ ရှင်းလင်းရေးကို အားစိုက်လုပ်ဆောင်နေတာကြောင့် လွိုင်ကော်မြို့ ပေါ်မှာ တော်လှန်ရေး အင်အားစုတွေကလည်း တပ်ဆုတ်ပေးထားရတယ်လို့ ဆိုပါတယ်။ လက်ရှိ လွိုင်ကော် LPDF အနေနဲ့ စစ်ရေးရပ်ထားရတဲ့ အချိန်မှာ ရေဘေးကူညီရေးကိုသာ အားစိုက်လုပ်ဆောင်နေပြီး ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့ကလည်း ထိုင်းနဲ့ ဂျပန်တို့က ထောက်ပံ့ပေးလာတဲ့ သိန်း ၃၀ နဲ့ စားနပ်ရိက္ခာတွေကို ရေဘေးသင့် ပြည်သူတွေဆီ သွားရောက်လှူဒါန်းခဲ့ သေးတယ်လို့ ကိုလင်းလင်းက ဆက်ပြောပါတယ်။ Read in Full

၂၀။ သီပေါမှာ တစ်ခုတည်းကျန်တဲ့ စစ်ကောင်စီစခန်းကို TNLA ဆက်လက်တိုက်ခိုက်နေ
 October 3, 2024
ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ စစ်ကောင်စီတပ်ဖွဲ့ တို့ တိုက်ပွဲဆက်လက် ပြင်းထန်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာ ၁၄ ရက်မှာ စစ်ကောင်စီနဲ့ TNLA တို့ကြားမှာ တိုက်ပွဲပြန်လည်ပြင်းထန်ခဲ့ပြီး စစ်ကောင်စီစခန်း ခမရ ၅၀၃၊ ၅၀၄ ကို TNLA က နှစ်ပတ်ကြာအောင်တိုက်ယူ သိမ်းပိုက်နိုင်ခဲ့ပြီး ခလရ ၂၃ စခန်းတစ်ခုသာ ကျန်ရှိနေပါတယ်လို့ သိရပါတယ်။ ရှေ့တန်းသတင်းအရင်းမြစ်တစ်ဦးက “တိုက်ပွဲက ပြင်းထန်နေဆဲ ပါဘဲ။ တိုက်လိုက် နားလိုက် ပစ်လိုက်နဲ့ စစ်ကောင်စီဘက်ကလည်း လေကြောင်းနဲ့တိုက်ခိုက်နေလို့ပါ “ လို့ပြောပါတယ်။

သီပေါမှာ ဖုန်းလိုင်းတွေပြတ်တောက်ပြီး စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းနဲ့ဗုံးကြဲမှုတွေ ပြုလုပ်ခဲ့တယ်လို့ သူကဆိုပါ တယ်။ စစ်ကောင်စီတပ်က စစ်တင်ဘာ ၂၈ ရက်ကနေ ၃၀ ရက်နေ့ထိ လေကြောင်းနဲ့ဗုံးကြဲတာကြောင့် ကလေးအပါ ၄ ဦးသေ ဆုံး၊ ၁၁ ဦးဒဏ်ရာရရှိခဲ့ပြီး စစ်တပ်ကဂျက်လေယာဉ်နဲ့ Y-12 လေယာဉ်နဲ့ အသုံးပြုတိုက်ခိုက်တာကြောင့် ပြည်သူနေအိမ်တွေ ပျက်ဆီးမှုတွေရှိခဲ့ပါတယ်။ Read in Full

၂၁။ မိုးမိတ်နဲ့တွင်းငယ်ကြားက ကျေးရွာဆေးခန်း လေယာဉ်ဗုံးကြဲခံရပြီး ကျန်းမာရေးဝန်ထမ်းတစ်ဦး ဒဏ်ရာရ
 𝗢𝗰𝘁𝗼𝗯𝗲𝗿 𝟰, 𝟮𝟬𝟮𝟰
ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မန္တလေးတိုင်းအစပ်ဖြစ်တဲ့ မိုးမိတ် – တွင်းငယ် လမ်းပေါ်မှာရှိတဲ့ ကျောက်မောကျေးရွာက ဆေးခန်းတစ်ခုကို စစ်ကောင်စီတပ်က လေကြောင်းတိုက်မှု ပြုလုပ်ခဲ့လို့ ‌ကျန်းမာရေးဝန်ထမ်းတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ် လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အောက်တိုဘာ ၃ ရက် ည ၁၀ နာရီလောက်မှာ တံတားဦးကနေ တက်တဲ့ ဂျက်ဖိုက်တာ (၁) စီးနဲ့ ပေါင် (၂၀၀) ဗုံးနှစ်လုံးကြဲချခဲ့ပြီး ကျောက်မောရွာ ဆေးခန်းမှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ကျောက်မောဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

“ကျောက်မော ဆေးခန်းဝင်ပေါက်ရှေ့တည့်တည့် ပေါင်နှစ်ရာတစ်လုံး။ ဆေးခန်းတည်နေရာအနောက်အရပ် ကပ်လျက် ခြံအလွတ်ထဲပေါင်နှစ်ရာတစ်လုံး။ စုစုပေါင်းဂျက်ဖိုက်တာနဲ့ ပေါင်နှစ်ရာဗုံးသီးနှစ်လုံး တပြိုင်နက်တည်းကြဲချခဲ့တယ်။ “လို့ ဒေသခံ အမျိုးသားက ပြောပါတယ်။ အဆိုပါ ဗုံးကြဲချမှုကြောင့် ရွာကိုဆေးကုသမှုပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး ‌ဆေးခန်းအဆောက်အအုံ (၂) လုံး ထိခိုက်ပျက်စီးတယ်လို့လည်း ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ မနေ့ အောက်‌တိုဘာလ ၃ ရက်နေ့ တစ်ညလုံး ရှမ်းပြည်မြောက်ပိုင်းနဲ့ မန္တလေးတိုင်း တချို့နေရာတွေမှာ လေကြောင်းတိုက်ခိုက်မှုပြု လုပ်နေခဲ့တယ်လို့ သိရပါတယ်။ Read in Full

၂၂။ သထုံထောင်မှာ ထောင်ဝင်စာပို့ခွင့် ငွေအတောင်းကြမ်းနေ
 October 3, 2024
မွန်ပြည်နယ် သထုံမြို့နယ် ဈေးမသွယ်ကျေးရွာရှိ သထုံအကျဉ်းထောင်မှာ ထောင်ဝင်စာပို့ခွင့်နဲ့ လူတွေ့ခွင့်အတွက် ထောင်အာဏာပိုင်တွေက ငွေကြေးအဆမတန် တောင်းခံတာတွေ ရှိနေတယ်လို့အကျဉ်းထောင်နဲ့ နီးစပ်သူတွေကပြောပါတယ်။ စစ်ကောင်စီ ထောင်အာဏာပိုင်တွေကအကျဉ်းသားမိသားစုဝင်တွေ ထောင်ဝင်စာပါဆယ်ပစ္စည်းလာပို့ရင်ပါဆယ်တစ်ထုတ်လျှင် ကျပ် ၅၀၀၀ ကနေ ကျပ် ၁၀၀၀၀၊ ထောင်ဝင်စာတွေ့ခွင့်အတွက် ကျပ် ၅၀၀၀၀ ကနေ ကျပ်သိန်းနဲ့ချီ တောင်းခံနေတာပါ။ ဒါ့အပြင် စစ်ကောင်စီထောင်အာဏာပိုင်တွေဟာ ထောင်အတွက်ကုန်ကျတဲ့ ရေဖိုး၊ မီးဖိုး၊ ဆေးဝါးဖိုးတွေကအစ ငွေကြေးတောင်း ခံတာတွေရှိနေပြီး ငွေကြေးမပေးနိုင်တဲ့ အကျဉ်းသားတွေအပေါ် ဖိနှိပ်တာတွေ ရှိနေတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူ တွေက ပြောပါတယ်။ ထောင်ဝင်စာပါဆယ်ပစ္စည်းတွေ လာပို့ရင်လည်းထောင်အာဏာပိုင်တွေက အကျဉ်းသားတွေထံရက်လွန်ပြီးမှ ပေး ဆောင်တာတွေ ရှိနေတဲ့အတွက် မကြာခဏဆိုသလို ဝမ်းပျက်ဝမ်းလျောရောဂါ ဖြစ်ပွားမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

အကျဉ်းသားတွေ နေထိုင်မကောင်းဖြစ်ပါက ထောင်အာဏာပိုင် အောင်ခိုင်လတ်ထံ သွားရောက် သတင်းပို့ရာမှာလည်း ဆေးဝါးကုသပေးဖို့ ညွှန်ကြားတာမရှိသလိုသေရင် မြေပေါက်ပြီးမြှုပ်လိုက်ဆိုပြီး မစာမနာပြောဆိုတာတွေ ရှိနေတယ်လို့ အကျဉ်း သားထောင်နဲ့နီးစပ်သူတွေက ပြောကြပါတယ်။ လက်ရှိမှာတော့ အကျဉ်းသားတွေဟာ ရောဂါဖြစ်ပွားလာပါက မိသားစုဝင်တွေ က ပေးပို့လာတဲ့ဆေးတွေနဲ့ အကျဉ်းသားအချင်းချင်း ပြန်လည်ဝေငှအသုံးပြုနေရတယ်လို့ သိရပါတယ်။ သထုံအကျဉ်း ထောင်မှာ အကျဉ်းသားအကျဉ်းသူ ၇၀၀ ကျော် ရှိနေပြီး နိုင်ငံရေးအကျဉ်းသား ၂၂၅ ဦး ပါဝင် တယ်လို့ သိရပါတယ်။ 

၂၃။ ပေါက်တော ဒုက္ခသည်စခန်းအချို့တွင် ဝမ်းရောဂါကြောင့် သေဆုံးသူ ၁၃ ဦးရှိလာ
 October 3, 2024
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်က မွတ်ဆလင်ဒုက္ခသည်စခန်းတွေမှာ ဝမ်းရောဂါ ဖြစ်ပွားမှုကြောင့် ဒုက္ခသည်တွေ သေဆုံးတာတွေ ရှိနေတယ်လို့ ဒုက္ခသည်စခန်းရဲ့ တာဝန်ရှိသူတွေဆီက သိရပါတယ်။ ဝမ်းရောဂါဖြစ်ပွားနေတဲ့ ဒုက္ခသည်စခန်း တွေကတော့ ဆင်တက်မော်၊ အနောက်ရဲ၊ ကြိမ်နီပြင်နဲ့ ငှက်ချောင်း ဒုက္ခသည်စခန်းတို့ဖြစ်ပြီး ပြီးခဲ့တဲ့လပိုင်းတွေကစလို့ စခန်း တွင်း ဝမ်းရောဂါ စတင်ဖြစ်ပွားတာလို့ သိရပါတယ်။ ဒီအထဲက အနောက်ရဲ မွတ်ဆလင်ဒုက္ခသည်စခန်းမှာတော့ ဝမ်းရောဂါ ကြောင့် ၅ နှစ်အောက် ကလေးငယ် ၉ ယောက် အပါအဝင် စုစုပေါင်း ၁၃ ယောက် သေဆုံးခဲ့ပြီး လက်ရှိမှာလည်း ရောဂါဖြစ်ပွား နေကြသူတွေ ဆက်ရှိနေတယ်လို့ စခန်းတာဝန်ရှိသူတယောက်က ပြောပါတယ်။

“ဝမ်းရောဂါနဲ့ ကလေးနဲ့လူကြီး စုစုပေါင်း ၁၃ ယောက်သေပြီ။ ကလေးတွေက ၅ နှစ်အောက်လေးတွေ။ အခုလည်း ဖြစ်နေတဲ့သူတွေ ရှိသေးတယ်။ ဆေးဝါးမလုံလောက်မှုတွေ ဖြစ်နေပါတယ်။” အနောက်ရဲအပြင် ဆင်တက်မော် ဒုက္ခ သည် စခန်း မှာလည်း ဝမ်းရောဂါကြောင့် ၄ ယောက် သေဆုံးခဲ့ရပြီး လက်ရှိမှာလည်း ရောဂါဖြစ်ပွားနှုန်း မြင့်နေသေးတယ်လို့ ဆင်တက်မော် ဒုက္ခသည်စခန်း တာဝန်ရှိသူတယောက်က ပြောပါတယ်။“၅ နှစ်အောက်ကလေး ၃ ယောက်နဲ့ အမျိုးသမီငယ်တဦး သေတယ်။ ဒီရက်ပိုင်းမှာ ဝမ်းရောဂါကြောင့် ဆိုးဆိုးရွားရွား ဝေဒနာခံစားနေရသူတွေလည်း ရှိနေတယ်။ အကူအညီတွေ လိုအပ်နေတယ်။” ခုလို ဝမ်းရောဂါတွေ အဖြစ်များနေတဲ့ မွတ်ဆလင်ဒုက္ခသည်စခန်းတွေကို အာရက္ခတပ်တော်က ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေ လွှတ်ပြီး ဆေးကုသခဲ့ပေမဲ့ ဝမ်းရောဂါ ဖြစ်ပွားနှုန်းဟာ သိသိသာသာ လျော့ကျသွားတာ မရှိသေးဘူးလို့ သိရပါတယ်။ လက်ရှိ ဝမ်းရောဖြစ်ပွားမှုရှိတဲ့ ပေါက်တောမြို့နယ်က ဒုက္ခ သည်စခန်းတွေမှာ လူဦးရေ ၂,၀၀၀ ကျော်ကနေ ၅,၀၀၀ ကျော်အထိ နေထိုင် ကြပါတယ်။ Read in Full

၂၄။ မြစ်ကြီးနား-မန္တလေးလမ်းပိုင်းမှာ နှစ်ဖက်တပ်တွေရဲ့အခွန်ကောက်ဂိတ်များလာ
 October 3, 2024
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကနေ မန္တလေးမြို့ကိုသွားတဲ့ လမ်းပိုင်းမှာနှစ်ဖက်လက်နက်ကိုင်တပ်တွေရဲ့ အခွန် ကောက်ခံတဲ့ ဂိတ်တွေများလာတယ်လို့ ကားသမားတွေကပြောပါတယ်။ မြစ်ကြီးနား–မန္တလေး လမ်းပိုင်းတစ်ခုလုံးမှာဆိုရင် စစ်ကိုင်းတံတားစစ်ကောင်စီဂိတ်၊ နန့်စီးအောင် စစ်ကောင်စီဂိတ်တွေနဲ့ ကာကွယ်ရေးတပ်တွေကတော့ ဆားတောင်နယ်၊ ရွှေဘို နယ် တွေထဲမှာ အများဆုံး ဖြစ်ပြီး ကာကွယ်ရေးတပ်နှစ်ဖက်လက်နက်ကိုင်တပ်တွေအခွန်ကောက်တဲ့ ဂိတ်စုစုပေါင်း ၁၀ ခုထက် မနည်းရှိတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အဲ့ဒီထဲမှာ ကာကွယ်ရေးတပ်တွေရဲ့ဂိတ်တွေရဲ့ အခွန်ကောက်ခံတဲ့ဂိတ်ကပိုများတယ်လို့ ကားသမား တွေကပြောပါတယ်။“ဂိတ်တွေကတော်တော်များတယ်။ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လက်အောက်မှာရှိတဲ့ ဂိတ် တွေရှိသလို သူတို့ဘာသာ ကောက်တဲ့ဂိတ်တွေလည်း အနည်းအကျဥ်းရှိတယ်။ ဂိတ်တွေကကောက်တာက လမ်းကြေးတင်ကို ၅ ထောင် ၁ သောင်း ကောက်တာပေါ့။ ဂိတ်ကြေးကမများပေမဲ့ ဂိတ်တွေက အများကြီးပေါ့လေ။ အဲ့တော့ အသွား တစ်ကြောင်းပဲကို ၂ သိန်းကျော်လောက်ကျတာပေါ့”လို့ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ဂိတ်တွေဖြစ်တဲ့ မန္တလေးမြို့အထွက် စစ်ကိုင်းတံတားဂိတ်မှာဆိုရင် အန်စာတုံးကား အသေးတစ်စီး ကို ၂ သိန်းကျော်အထိပေးရတယ်လို့ ကားသမားတွေကပြောပါတယ်။ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ဂိတ်တွေကတော့ ကား အသေးတစ်စီးကို ၅၀၀၀ ကျပ်၊ ၁၀၀၀၀ ကျပ် ကောက်ခံပြီး တင်ဆောင်လာတဲ့ပစ္စည်းပေါ်မူတည်ပြီးတော့ အခွန်ထပ်ကောက်ခံ တာလို့ သိရပါတယ်။“အခုလမ်းတွေက ဂိတ်တွေကနေတောင်းလာကြတယ်။ KIA PDF ပဲဖြစ်ဖြစ် စစ်တပ်ဘက်ကပဲဖြစ်ဖြစ်ပေါ့။ အခွန်ရယ်လို့ တစ်စီးကိုဘယ်လောက် သတ်မှတ်တာတော့မရှိသေးဘူး။ တင်လာတဲ့ပစ္စည်းပေါ်မူတည်ပြီး မင်းတို့ ဘာတွေတင် လာတာလဲ အဲ့လိုမျိုးပေါ်မူတည်ပြီးပေးရတာ”လို့ပြောပါတယ်။ အခုလိုအခွန်ဂိတ်တွေများပြားလာတာ အခွန်ကောက်ခံတဲ့ ငွေကြေး များပြားလာတာတွေကြောင့် မြစ်ကြီးနား မြို့ဒေသခံတွေပိုမိုခက်ခဲကြရပြီး လမ်းပိတ်ထားတဲ့ကာလမှာ အခွန်ကောက်ခံ တဲ့ ဂိတ်များလာတာဟာ တက်လာတဲ့ကုန်ဈေးနှုန်းကိုမလျှော့ချနိုင်တော့ပဲ ဒေသခံတွေသာနစ်နာရတယ်လို့ ကားသမားတွေက ပြောပါတယ်။ Read in Full

၂၅။ မော်လမြိုင်မှာ ရဲနဲ့ဒုစရိုက်သမားတွေပေါင်းပြီး ပြည်သူတွေအပေါ် ခြိမ်းခြောက်ငွေညှစ်နေ
 October 4, 2024
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ရဲတပ်ဖွဲ့ဝင်တွေဟာ ပြစ်မှုကျူးလွန်ပြီးနောက် ပြန်လည်လွတ် မြောက်လာတဲ့ဒုစရိုက် သမားတွေနဲ့ပေါင်းပြီး ပြည်သူတွေအပေါ် နည်းလမ်းအမျိုးမျိုးနဲ့ ခြိမ်းခြောက် ငွေညှစ်တာတွေ ရှိလာတယ်လို့ မြို့ခံတွေက ပြောပါ တယ်။ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေဟာ ခိုးမှု၊ လိမ်လည်မှုအပါအဝင် တခြားအမှုတွေနဲ့ ပြန်လည်လွတ်မြောက် လာတဲ့ ဒုစရိုက်သမားတွေကို အသုံးချပြီး အပေါင်ဆိုင်၊ ဖုန်းအရောင်းဆိုင်နဲ့ ဆိုင်ကယ်အရောင်းဆိုင်တွေကို ပစ်မှတ်ထား ငွေညှစ် မှုတွေ လုပ်ဆောင်လာတာပါ။ ခြိမ်းခြောက်ငွေညှစ်မှုတွေထဲမှာတော့ ဆိုင်ကယ်၊ကားနဲ့ဖုန်းတွေ ခိုးယူလာတဲ့ ဒုစရိုက်သမား တွေ ဟာ ကနဦးအနေနဲ့ သက်ဆိုင်ရာ အရောင်းဆိုင်တွေမှာ ပစ္စည်းတွေ လာရောက်ရောင်းချသွားတာပါ။ အဲဒီနောက်မှာတော့ ရဲတပ် ဖွဲ့ဝင်တွေက ဒုစရိုက်သမားတွေကို ခေါ်ယူလာပြီးနောက် သူခိုးပစ္စည်း လက်ခံမှု စွပ်စွဲချက်နဲ့ ငွေကျပ်သိန်းဆယ်နဲ့ချီ တောင်းခံ တာတွေ ရှိနေသလို အမှုတွဲထဲ မပါဖို့ သိန်း ရာနဲ့ချီ ပေးဆောင် ရတဲ့ ဖြစ်စဉ်တွေလည်း ရှိနေတာပါ။

ခြိမ်းခြောက်ငွေညှစ်မှုတွေ ကြုံခဲ့ရတဲ့သူတွေရဲ့ ပြောပြချက်အရ နောက်ပိုင်းမှာ အဲဒီဒုစရိုက်သမားတွေ ဖမ်းဆီးခံရတာ မရှိဘဲ မြို့ထဲမှာ ပေါ်ပေါ်တင်တင်သွားလာပြီး စစ်ကောင်စီရဲ့ သတင်းပေးအဖြစ် ဆောင်ရွက်နေတာ တွေ့ရတယ်လို့ ဆိုပါတယ်။ အဲဒီဖြစ်စဉ်တွေအပေါ် သိရှိသူတစ်ဦးရဲ့ ပြောပြချက်အရ ရဲတပ်ဖွဲ့ဝင်တွေရဲ့ လုပ်ရပ်ဟာ ဒုစရိုက်သမားတွေနဲ့ ပေါင်းပြီး ပြည်သူ တွေအပေါ် နည်းလမ်းမျိုးစုံနဲ့ တရားဝင်သဖွယ် ဓားပြတိုက်နေတာ ဖြစ်တယ်လို့ ဝေဖန်ပါတယ်။ “နည်းတွေက အများကြီးဖြစ်နေ တယ်။ ဥပမာ သူတို့ကလိုင်စင်ဘီးကို Without နဲ့ ရောင်းထားတဲ့ နေရာတွေသိလို့ရှိရင် သူခိုးတစ်ကောင်ကို ခေါ်လာတယ်။ ခေါ် လာပြီးရင် အဲဒီသူခိုးက လက်ညှိုးထိုးတယ်။ မင်းဝယ်တယ်ဆိုရင် စခန်းမှာလာရှင်း။ သူခိုးလက်ခံဆိုပြီး ထောင်ချမယ်ဆိုပြီး ခြိမ်း ခြောက်တာ။ ပြီးတော့ ထောင်မကျချင်ရင် သိန်းဆယ်နဲ့ချီ တောင်းတာ။ အခုကနည်းပေါင်းစုံနဲ့လိမ်စားနေတာ။ တရားဝင် ဓားပြ တိုက်တာပေါ့”လို့ ဆိုပါတယ်။ မော်လမြိုင်မြို့မှာ အာဏာသိမ်းကာလအတွင်း ဒုစရိုက်မှုတွေဖြစ်တဲ့ ခိုးမှု၊ လုယက်မှု၊ လိမ်လည်မှု အပါအဝင် တခြားအမှုအခင်းတွေ အများအပြား ဖြစ်ပေါ်နေပေမယ့် ရဲတပ်ဖွဲ့ဘက်က ဖမ်းဆီးဖော် ထုတ်ပေးနိုင်တာ မရှိဘူးလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရှိရပါတယ်။ Read in Full

၂၆။ ကရင်နီပြည်နယ်တွင် ရေဘေးကြောင့် လယ်ဧကတစ်သောင်းခန့် ပျက်စီးဆုံးရှုံး
 October 3, 2024
ကရင်နီပြည်နယ်တွင် ရေဘေးကြောင့် လယ်ဧကတစ်သောင်းခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး စားနပ်ရိက္ခာဖူလုံရေးအတွက် စိုး ရိမ် ရသည့်အခြေအနေတွင်ရှိကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)အတွင်းရေးမှူး ဦးဗညားက ပြောသည်။ စက်တင်ဘာ ဒုတိယပတ်ကစ၍ မိုးအဆက်မပြတ်ရွာခြင်းနှင့် စစ်ကောင်စီက မိုးဗြဲရေကာတာဖောက်ချခြင်းတို့ကြောင့် ကရင်နီ ပြည်နယ်အတွင်း ရေကြီးရေလျံမှုများ ဖြစ်ပေါ်ခဲ့သည်ဟု ဆိုသည်။ “အခြေခံအားဖြင့် အခု ရေနစ်ပျက်စီးသွားတဲ့ လယ် ဧက က တစ်သောင်းဝန်းကျင် လောက်ရှိတယ်။ အထူးသဖြင့် မိုးစပါးစိုက်ပျိုးတဲ့ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်ရယ် နန်းမယ်ခုံ တစ်ကြောက တော်တော်လေးရေနစ်သွားတယ်။လက်ကျန်နွေစပါးနဲ့ အရင်နှစ်က စပါးတွေပေါင်းလိုက်ရင်တော့ နောက်နှစ်လ စာပဲ ကျန်တော့တယ်”ဟု ဦးဗညားက ပြောသည်။

စစ်ကောင်စီသည် ကရင်နီပြည်နယ်အတွင်းသို့ ပြည်မမှကုန်စည်စီးဆင်မှုကို ပိတ်ဆို့ထားကြောင်းလည်း ၎င်းက အသိ ပေးသည်။ “စားနပ်ရိက္ခာနဲ့ပတ်သက်လို့က ကျွန်တော်တို့မှာ စိုးရိမ်ချက်တွေ အမြဲတမ်းရှိတယ်။ ကျွန်တော်တို့ပြည်နယ်ထဲကိုလည်း ပြည်မဘက်က ဆန်စပါးဝင်လာမှုကမရှိသလောက်ဖြစ်သွားပြီ”ဟု ဦးဗညားကပြောသည်။ စစ်ကောင်စီ ၏ ဖြတ်လေး ဖြတ်စနစ်အပြင် လက်ရှိ ရေကြီး၊ရေလျှံမှုကာလတွင်ပင် စစ်ကြောင်းထိုးနေသည်မှာ ကရင်နီပြည်နယ်ရှိ ဆုံးရှုံးထားသော နယ်မြေ များကို ပြန်လည်ရရှိရန် စစ်ကောင်စီကကြိုးပမ်းနေကြောင်း ကရင်နီဒေသခံတစ်ဦးကဆို သည်။ “တောင်ငူလမ်းဆိုပါတော့ ပြည်မ ဖက်ကနေ ဆန်တွေကို ကရင်နီထဲကို တင်လာလို့မရဘူး။ စကစက ပိတ်ဆို့ထားတယ်။ဒါပေမဲ့ ကရင်နီထဲကနေ အဲဖက်ကို ဆန် တင်သွားရင် စကစကခွင့်ပြုတယ်။ဘာကြောင့်လဲဆိုတာသဘော ပေါက်ကြမှာပါ”ဟု ၎င်းကပြောသည်။ ထို့ကြောင့် ကရင်နီပြည် နယ်အတွင်း ဆန်ရိက္ခာပြတ်တောက်မှုမရှိအောင် ကျန်နေသေးသည့်  ဆန်စပါးများကို ထိန်းချုပ် သိုလှောင်ထားရန် ပြည်နယ် တာဝန်ရှိသူများ အနေဖြင့် ကြပ်မတ်ရန် လိုကြောင်းလည်း ၎င်းက တိုက်တွန်းသည်။ Read in Full

၂၇။ ချီဖွေ – ပန်ဝါလမ်းပိုင်းရှိ စစ်ကောင်စီလက်အောက်ခံ တပ်စခန်းအချို့ KIA ထပ်မံသိမ်းပိုက်
 October 3, 2024
ကချင်ပြည်နယ် ချီဖွေ – ပန်ဝါလမ်းပိုင်းရှိ စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့် တပ်ဖွဲ့(BGF) တပ်စခန်းတစ်ခုကို ကချင် လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့နံနက် ထပ်မံ သိမ်းပိုက်နိုင်ခဲ့ဟု စစ်ရေးသတင်းရင်းမြစ် အချို့က အသိပေးသည်။ ချီဖွေ-ပန်ဝါကြား (၁၁)မိုင် BGF တပ်ခွဲစခန်းကို အောက်တိုဘာ ၃ ရက် နံနက် ၁၀ နာရီခွဲတွင် သိမ်းနိုင်ခဲ့ဟု ကချင်စစ်ရေးသတင်း ရင်းမြစ်က လူမှုကွန်ရက်တွင် ရေးသားထားသည်။ အခြား သတင်းရင်းမြစ်တစ်ဦးကလည်း အဆိုပါ (၁၁) မိုင်ရှိ စစ်ကောင်စီလက် အောက်ခံ စခန်းကို KIA က သိမ်းနိုင်ခဲ့ဟု အသိပေးသည်။  အလားတူ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ် တွင်လည်း ပန်ဝါဒေသရှိ စစ်ကောင်စီ လက်အောက်ခံတပ်စခန်းအချို့ကို KIA က သိမ်းယူလိုက်ပြီး ပန်ဝါမြို့ကို ဆက်လက်ထိုးစစ်ဆင်နေဟု ရေးသားထား သည်။ ” ကာကင်းတွေလည်းကျကုန်ပြီ။ တကယ်တော့ ကချင်အထူးဒေသ (၁)ဟာ မကြာခင် လက်လွှတ်ရတော့မှာပါ”ဟု စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်တစ်ခုတွင် ရေးသားထားသည်။

KIA နှင့် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ် (KPDF) ပူးပေါင်းတပ်သည် ဦးဇခုန်တိန့်ယိန်းဦးဆောင်သည့် ကချင် အထူးဒေသ(၁)နယ်မြေတွင် ပါဝင်သော ချီဖွေမြို့ကို စက်တင်ဘာလကုန်ပိုင်းတွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး ဆော့လောမြို့ကို (အောက်တိုဘာ ၂ ရက်)တွင် သိမ်းပိုက်နိုင်ခဲ့သည်။ မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပမ်းများနှင့် လက်နက် ခဲယမ်းများရရှိခဲ့ဟု စစ်ရေးသတင်းရင်မြစ်တစ်ဦးက အသိပေးထားသည်။ KIA သတင်းပြန် ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကလည်း ချီဖွေနှင့် ဆော့လော်မြို့များကို သိမ်းပိုက်ပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်လျက်ရှိသည်ဟု ပြောသည်။ Read in Full

၂၈။ ပင်လုံတွင် PNO စစ်သားစုဆောင်းလို့ လူငယ်များထွက်ပြေးနေရ
 October 3, 2024
သျှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင် ပင်လုံ(အရှေ့) ကျေးရွာများတွင် ပအိုဝ်းပြည်သူ့စစ် (PNO) မှ စစ်သားစု ဆောင်းနေတာကြောင့် လူငယ်များ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။  စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို တရားဝင်ပြဌာန်းခဲ့ပြီးနောက် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့မှ အတင်းအဓမ္မ စစ်သားစု ဆောင်းခြင်း၊ ရပ်ရွာ အလိုက် မဲနှိပ်ကာ တပ်သား စုဆောင်းခြင်းများ လုပ်ဆောင်ခဲ့သည်။ ပင်လုံမြို့ (အရှေ့)ဖက်တွင် ကျေးရွာ (၈)ရွာရှိပြီး အများစုမှာ ပအိုဝ်းလူမျိုးအများဆုံးနေထိုင်ကြကာ  PNO မှ လစဉ် စစ်မှုထမ်းစာရင်းလာရောက်ကောက်ခံနေတာကြောင့် လူငယ်အများစု နိုင်ငံခြားထွက်ခွာ ရှောင်တိမ်းနေရကြောင်း သိရသည်။“ ဘယ်အဖွဲ့ပဲဖြစ်ဖြစ် ကျနော်ဖိအားပေးတယ် ။ ရွာကလူကြီးတွေလည်း ဒီပြဿနာကို မဖြေရှင်းနိုင်တာတွေရှိတယ်။ အဲတာကြောင့် ရွာကလူငယ်တွေက သူများနိုင်ငံကိုသွားရတယ်။ ဘယ်သူကမှမသွား ချင်ပဲသွားရတာ။” ဟု ပင်လုံဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထိုကဲ့သို့ စစ်မှုထမ်းခေါ်ယူစုဆောင်းနေသည် သုံးကြိမ်ရှိပြီဖြစ်ပြီး ရပ်ရွာထဲတွင်လူငယ်မရှိကြသဖြင့် လူငှားပြီး စစ်မှု ထမ်း ခိုင်းနေရကြောင်း ၎င်းအမျိုးသားကထပ်လောင်းပြောသည်။ ထို့အပြင် သဘာဝဘေးဖြစ်သည့် ရေကြီးမှုမြေပြိုမှုဒဏ်ကိုခံစားနေရ ပြီး  ရပ်ရွာထဲတွင် အသက်ကြီးရွယ်အိုနှင့် ကလေးများသာ ကျန်ရှိသဖြင့် ပြန်လည်ထူထောင်ရေးတွင် ပို၍ခက်ခဲကာ အလှူရှင်များ ကိုသာ အားကိုးနေရသည်။“ ရွာမှာက အသက်ကြီးတဲ့သူပဲကျန်တာ။ PNO ကလဲ စစ်မှုထမ်းဖို့ ဖိအားပေးတာက တစ်မျိုး  အခုက ရေကြီးပြီး မြေပြိုထားတော့ သွားရလာရလဲခက်တယ်။ နေအိမ်တွေ ပြုပြင်ဖို့ လမ်းတွေပြုပြင်ဖို့ဆို လုပ်နိုင်ကိုင်နိုင်တဲ့ လူငယ်တွေ မရှိတော့ဘူး။ အလှူရှင်တွေကိုပဲ အားကိုးရတော့မှာပေါ့။” ဟု ဒေသခံ တစ်ဦးက ပြောသည်။ ပင်လုံ(အရှေ့) တွင် ကုန်းလမ်း၊ နောင်လိုင်၊ ဝမ်အင်၊ ဝမ်လုံ ၊ ကျူယုံး ၊ ကောင်း၊ ဟွေကြိမ်နှင့် ဟွေဆန်း စသဖြင့် ကျေးရွာရှိပြီး အများစုမှာ PNO ထိန်းချုပ်ထား သည့်ရွာများဖြစ်ပြီး  လူငယ်အများစုမှာနိုင်ငံခြားတွင် တိမ်းရှောင်နေရသည်။ Read in Full

၂၉။ လက်နက်ကြီး ပစ်ခတ်ခံရသည့် ဖလူးကြီးစာသင်ကျောင်း ပြန်ဖွင့်နိုင်ရန် မသေချာသေး
 October 3, 2024
မြဝတီမြို့တောင်ပိုင်း၊ လေးကေ့ကော်မြို့အနီးရှိ စစ်ကောင်စီ၏ အမြောက်ကုန်း (စွယ်တော်ကုန်း)မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် လက်နက်ကြီးထိမှန်ခဲ့သည့် ဖလူးကြီးကျေးရွာ စာသင်ကျောင်းကို ယာယီပိတ်ထားရပြီး ပြန်ဖွင့်နိုင်ရန် မသေချာ သေးကြောင်း ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူများထံမှ သိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၁ ရက်နေ့တွင် စစ်ကောင်စီ၏ လေးကေ့ကော် အမြောက်ကုန်း(ဒေသအခေါ် စွယ်တော်ကုန်း)မှ (၁၂၀ မမ) လက်နက် ကြီး ပစ်ခတ်မှုကြောင့် ဖလူးကြီး ကျေးရွာရှိ စာသင်ကျောင်းပေါ်သို့ လက်နက်ကြီး ကျည် ၃ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းအဆောက်အဦးများ ထိခိုက်ပျက်စီးမှု ဖြစ် ပေါ်ခဲ့သည်။ အဆိုပါ ပစ်ခတ်မှုကြောင့် လက်နက်ကြီးထိမှန်ခဲ့သည့် စာသင်ကျောင်းကို ပြန်ဖွင့်ရန်မသေချာသေးဘဲ လက်ရှိ တိုက်ပွဲအခြေအနေပေါ်မူတည်နေပြီး ဆက်လက်စောင့်ကြည့် ရအုံးမည်ဖြစ်ကြောင်း ဖလူးကြီးကျေးရွာ၏ အုပ်ချုပ်ရေး တာဝန်ရှိ သူတစ်ဦးက ယခုလိုပြောသည်။ “ကျောင်း သူကျောင်းသားတွေအတွက် ကျောင်းဘယ်နှစ်ရက်ပိတ်မလဲဆိုတာတော့ သေချာမ ပြောတတ်သေးဘူး။ လောလော ဆယ် အခြေအနေကိုတော့ စောင့်ကြည့်နေဆဲပဲပေါ့” ဟု ပြောသည်။ လက်နက်ကြီး ပစ်ခတ်မှု အပြီး လတ်တလောတွင် ပစ်ခတ်မှု အနည်းငယ် ငြိမ်သက်နေသော်လည်း စိတ်ချရသည့်အခြေအနေမဖြစ်သေးကြောင်း ဒေသခံများကပြောသည်။

ဖလူးကြီး စာသင်ကျောင်းသည် ယခင်အာဏာသိမ်းမှု မတိုင်ခင်က အစိုးရကျောင်းအနေဖြင့် မူလွန်အဆင့်ဖွင့် ထားရာမှ လက်ရှိတွင် မူလတန်းအထိသာ ဖွင့်လှစ်ထားနိုင်ပြီး ကျောင်းသူ၊ ကျောင်းသား ၁၈၄ ဦး ပညာ သင်ယူနေကြောင်းသိရသည်။ ထို့အပြင် လက်နက်ကြီး ပစ်ခတ်ခံရမှု မတိုင်ခင် ကျောင်းသူ၊ ကျောင်းသားများကို ဆရာမများက နေအိမ် ပြန်လွတ်ပေးလိုက် ခြင်း ကြောင့် ကျောင်းသူ၊ကျောင်းသား ထိခိုက်မှုမဖြစ်ပေါ်ခဲ့ဘဲအနီးအနားရှိ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်-DKBA တပ်ဖွဲ့ဝင် တစ်ဦးသာထိခိုက်ဒဏ်ရာရရှိခဲ့သည်။ အလားတူထိုဖလူးကြီးစာသင်ကျောင်းအနီးရှိ မူကြိုကျောင်းကိုလည်းပိတ်ထားရပြီး ဒေသခံ အချို့မှာ ဘေးလွတ်ရာ စိုက်ပျိုးရေးခြံများ၊ နီးစပ်ရာစစ်ရှောင်စခန်းများသို့ ယာယီထွက်ပြေးတိမ်းရှောင်နေကြရသည်။“ကျောင်း ကလည်းပြိုတယ်။ မှန်ကွဲမှန်စတွေနဲ့ သွပ်မိုးတွေလည်းလှန်တယ်ဆိုတော့ မိုးရွာရင် ဘယ်လိုလုပ် ကျောင်းသားတွေ စာသင်မလဲ။ သေချာတာက၂ ရက်၃ရက်ပိတ်မယ်လို့ လူကြီးတွေ ကျောင်းကော်မတီတွေက ခန့်မှန်းကြတာပေါ့” ဟု ဖလူးဒေသခံအမျိုးသား တစ်ဦးကပြောသည်။ Read in Full

၃၀။ မွန်ပြည်နယ်မှာ လူအင်အား ၁၂၀၀ ကျော်နဲ့ သန်းခေါင်စာရင်းကောက်ယူနေ
 October 3, 2024
လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအတွက် မွန်ပြည်နယ်မှာ ကွက်ကောက်ပေါင်း ၃၆၀၀ ကျော်ကို လူအင် အား ၁၂၀၀ ကျော်နဲ့ စာရင်းကောက်ယူနေတယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ သန်းခေါင် စာရင်း ကောက် ယူမှုကို အောက်တိုဘာ ၁ ရက်နေ့ကစပြီး သူတို့ထိန်းချုပ်ထားတဲ့ မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတချို့မှာ တပြိုင်နက်တည်း ကောက်ယူနေတာ ဖြစ်ပါတယ်။ သန်းခေါင်စာရင်း ကောက်ယူရေးအဖွဲ့ရဲ့ လုံခြုံရေးကို စစ်ကောင်စီတပ်၊ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ် အဖွဲ့တွေနဲ့ ပျူစောထီးအဖွဲ့တွေက လက်နက်အပြည့်အစုံနဲ့ လုံခြုံရေးယူပေးထားတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

သန်းခေါင်စာရင်း ကောက်ယူရာမှာ သတ်မှတ်ထားတဲ့ အိမ်ထောင်စုမေးခွန်းပုံစံ ၆၈ ခု မေးမြန်းသွားပြီး ကောက်ယူပြီး စီးသွားနေတဲ့ နေအိမ်တွေမှာ ကောက်ယူပြီးစီးကြောင်း စာကပ်သွားတယ်လို့ သိရပါတယ်။ တချို့ရပ်ကွက်ကျေးရွာတွေမှာတော့ သန်းခေါင်စာရင်း ကောက်ယူမယ့်နေ့ရက်မှာ အိမ်ထောင်ဦးစီး ဒါမှမဟုတ် မိသားစုအကြောင်းအရာ ဖြေပေးနိုင်မယ့်သူတစ်ဦး ရှိ နေပေးဖို့ စာလိုက်ဝေတာတွေ ရှိနေတာပါ။ စစ်ကောင်စီဟာ အောက်တိုဘာ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ပြည်လုံး ကျွတ် သန်းခေါင်စာ ရင်း ကောက်ယူသွားမှာဖြစ်ပြီး လာမယ့်ဒီဇင်ဘာမှာ ရှေ့ပြေးလူဦးရေစာရင်းထုတ်ပြန်သွားမယ်လို့ ပြောဆိုထားပါ တယ်။ မွန်ပြည်နယ်အခြေစိုက် တော်လှန်ရေးအင်အားစုအဖွဲ့တွေကတော့ စစ်ကောင်စီရဲ့ သန်းခေါင်စာရင်း ကောက်ယူမှုအပေါ် ပြည်သူတွေအနေနဲ့ မပူးပေါင်း မပါဝင်ကြဖို့နဲ့ တတ်နိုင်ဘက်က ဆန့်ကျင်ကြဖို့ တိုက်တွန်းထားပါတယ်။ 

 
၃၁။ တီးတိန်က စစ်ကောင်စီကျန်းမာရေးဝန်ထမ်းတွေ လုပ်အားခ လေးလစာမရသေး
 October 4, 2024
ချင်းပြည်(မြောက်ပိုင်း)၊ တီးတိန်မြို့မှာ စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရား လည်ပတ်နေဆဲဖြစ်ပေမဲ့ အဲဒီက ကျန်းမာ ရေး ဝန်ထမ်းတွေရဲ့ လုပ်အားခ လေးလစာအထိမရရှိသေးဘူးလို့ ၎င်းတို့ဆီကနေ သိရပါတယ်။ တီးတိန်မြို့ရှိ တခြားဌာနတွေကတော့ ပုံမှန်လစာထုတ်ယူလို့ရနေပေမဲ့ ကျန်းမာရေးဝန်ထမ်းတွေကတော့ မေလအထိသာ ပုံမှန်လစာ ရရှိပြီး ဇွန်၊ ဇူလိုင်၊ သြဂုတ်နဲ့ စက်တင်ဘာလတွေအတွက် စစ်ကောင်စီဘက်က လစာမထုတ်ပေးသေးဘူးလို့ ဆိုကြပါတယ်။ “ကျွန်တော်တို့ ကျန်းမာရေး ဌာန တစ်ခုပဲ လစာမရကြသေးတာ။ တခြားဌာနက ဝန်ထမ်းတွေအားလုံး လစာပုံမှန်ရကြပါတယ်။ ကျွန်တော်တို့ဌာနကလည်း ပုံမှန်လည်ပတ်နေတာပါပဲ။ ဘာအတွက်ကြောင့် လစာမပေးတာလည်း မသိဘူး” လို့ တီးတိန်မှ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။ တီးတိန်မှာ ပြီးခဲ့တဲ့ မေနဲ့ ဇွန်လတွေမှာ တိုက်ပွဲပြင်းထန်နေလို့ ဌာနဆိုင်ရာရုံးအားလုံး ပိတ်ထားရပေမဲ့ ဇူလိုင်လ ပထမအပတ်မှာ ဌာနဆိုင်ရာရုံးတွေ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

မြို့နယ်ပြည်သူ့ဆေးရုံကိုလည်း ဆရာဝန်နှစ်ဦးက ဦးစီးပြီး ဖွင့်လှစ်လှည်ပတ်နေပြီး လူနာတွေကလည်း ဆေးရုံတက် ရောက် ဆေးကုသမှုတွေ ခံယူနေကြပြီလို့ သိရပါတယ်။“တိုက်ပွဲဖြစ်တုန်းက ဆေးရုံတာဝန်ခံ ဆရာဝန်ကြီးကို ပြန်သွားတယ်။ ပြန်မရောက်လာသေးဘူး။ အခုဆရာဝန်နှစ်ဦးကနေ ဦးဆောင်ပြီး ပြန်လည်ဖွင့်လှစ်နေပြီ။ ကျန်းမာရေးဝန်ထမ်းတွေလည်း ပုံမှန် တာဝန်ထမ်းဆောင်နေကြပြီ။ လူနာတွေကိုလည်း ဆေးကုသမှုတွေ၊ ခွဲစိတ်မှုတွေ ဆောင်ရွက်ပေးနေပါပြီ” လို့ ကျန်းမာရေးဝန် ထမ်းတစ်ဦးက ပြောပါတယ်။ တီးတိန်မြို့က ကျန်းမာရေးဝန်ထမ်းတွေဟာ လစာမရရှိပေမဲ့ ပုံမှန်အလုပ်ဆင်းနေရပြီး ရေရှည် အတွက် ကျန်းမာရေးဝန်ထမ်းတွေဟာ စားဝတ်နေရေး ပိုကျပ်တည်းလာနိုင်တယ်လို့ ဆိုပါတယ်။ လက်ရှိ တီးတိန်မြို့ဟာ စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်မှာ ဆက်ရှိနေတဲ့ မြို့တွေထဲကတစ်ခုဖြစ်ပြီး အုပ်ချုပ်ရေးယန္တရားတွေ ပုံမှန်လှည်ပတ်နေပါတယ်။ Read in Full

၃၂။ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြောင့် လေးလအတွင်း အရပ်သား ခုနစ်ရာကျော် သေဆုံး
 October 4, 2024
၂၀၂၄ ခုနှစ် မေလကနေ ဩဂုတ်လကုန်အထိ လေးလအတွင်း လူငါးယောက်အထက် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု နိုင်ငံတစ်ဝန်းက မြို့နယ် ၃၅ မြို့နယ်မှာ အနည်းဆုံး အကြိမ် ၆ဝ ရှိခဲ့တယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့က အောက်တိုဘာလ ၁ ရက်နေ့က ထုတ်ပြန်ပါတယ်။ အဲဒီသတ်ဖြတ်မှုတွေအတွင်း အရပ်သား ၇ဝ၅ ဦး သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီအထဲမှာ စစ်ကောင်စီက ကျူးလွန်မှု ၉၃ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်ခဲ့ပြီး ကျူးလွန်တဲ့ အဖွဲ့ကို အတည်မပြုနိုင်တဲ့ ဖြစ်စဉ်တွေလည်း ပါဝင်တယ်လို့ ရေးသားထားပါတယ်။ စစ်ကောင်စီက ကျူးလွန်ခဲ့တဲ့ ၅၆ ကြိမ်မှာ အရပ်သား ၆၄၃ ဦး သေဆုံးခဲ့ပြီး ကျူးလွန်တဲ့အဖွဲ့အစည်းကို မသိရတဲ့ ဖြစ်စဉ်လေးခုမှာ သေဆုံးသူ ၆၂ ဦး ရှိတယ်လို့လည်း ဆိုပါတယ်။ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေမှာ တိုက်ပွဲဖြစ်တာမရှိဘဲ အရပ်သားတွေကို ပစ်မှတ်ထားပြီး စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ပစ်တာ၊ စစ်ကြောင်းထိုးဝင်ရောက်ချိန်မှာ သတ်ဖြတ်တာစတာတွေမှာ အများ ဆုံး ဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။ စစ်ကောင်စီတပ်နဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်တွေကြား နှစ်ဖက်ပစ်ခတ်မှု တွေအတွင်း အရပ်သား အစုလိုက်အပြုံလိုက် သေဆုံးခဲ့တာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ဒီသေဆုံးမှုတွေမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးတာ ၂၇၁ ဦးရှိပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု အရေအတွက်ရဲ့ ၃၈ ရာခိုင်နှုန်းရှိပြီး သေဆုံးမှု အများဆုံးလို့လည်း ရေးသားထားပါတယ်။ နိုင်ငံတစ်ဝန်း စစ်ကောင်စီ လေကြောင်းအသုံးပြုတိုက်ခိုက်မှုကြောင့် အစုလိုက်အပြုံလိုက် သေဆုံးရတဲ့ဖြစ်စဉ် ၂၄ ခုရှိပြီး အဲဒီအထဲမှာ မန္တလေး တိုင်းမှာ ခြောက်ခု၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းမြောက်မှာ ငါးခုစီ၊ စစ်ကိုင်းနဲ့ မကွေးမှာ သုံးခုစီနဲ့ မွန်နဲ့ ချင်းမှာ တစ်ခုစီ ဖြစ်ခဲ့တယ်လို့ ရေးသား ထားပါတယ်။ စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ် ဩဂုတ်လအထိ စစ်ကောင်စီ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ် အနည်းဆုံး ၃၂၀ ရှိပြီး အရပ်သား ၃၁၉၅ ဦး သေဆုံးခဲ့ပြီး အရပ်သားတွေနဲ့အတူ တော်လှန်ရေးအင်အားစုတွေထဲက ၄၂ ဦး ပါဝင် တယ်လို့လည်း ဆိုပါတယ်။ ဒီအချက်အလက်တွေဟာ မြေပြင်တော် လှန်ရေးအဖွဲ့အစည်းတွေနဲ့ လွတ်လပ်တဲ့သတင်းမီဒီယာ တွေရဲ့ ထုတ်ပြန်ချက်တွေကို အခြေခံပြုကောက်ယူထားတာလို့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့က ပြောပါတယ်။ Read in Full

၃၃။ မိုင်းရယ်မှာ စစ်ရေးတင်းမာမှုတွေရှိနေပေမဲ့ သန်းခေါင်စာရင်းကောက်နေ
 𝗢𝗰𝘁𝗼𝗯𝗲𝗿 𝟯, 𝟮𝟬𝟮𝟰
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းရယ်မြို့မှာ စစ်ကောင်စီတပ်နဲ့ MNDAA တို့ စစ်ရေး တင်းမာမှုတွေရှိနေပေမဲ့ စစ်ကောင်စီဘက်က သန်းခေါင်စာရင်း လိုက်ကောက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ရပ်ကွက် (၃) ခုရှိ‌တဲ့ မိုင်းရယ်မြို့မှာ အောက်တိုဘာလ ၂ ရက်နေ့က မြို့နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ စာရေးမတွေ ရက်ကွက် (၁) ကနေစပြီး၊ သန်းခေါင်စာရင်း စတင်ကောက်ခဲ့တယ်လို့ မိုင်းရယ်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။ “မနက်က ကွမ်းယာသွားဝယ်ရင်း ကွမ်းယာဆိုင်မှာကြားခဲ့တယ်။ ရက်ကွက်(၁)ကို ကောက်သွားတယ်တဲ့။ ကျွန်တော်တို့ ရပ်ကွက်ကိုတော့ မကောက်သေးဘူး။”လို့ ဒေသခံက ပြောပါတယ်။ ဒါ့အပြင် မိုင်းရယ်မြို့မှာ MNDAA နဲ့ စစ်ကောင်စီတပ်တွေက စစ်ရေးတင်းမာမှုတွေရှိနေ ပြီး စစ်ကောင်စီတပ်ဘက်က အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်နေတယ်လို့လည်း ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ စက်တင်ဘာလ ကတည်းက ဆောက်လုပ်ရေးကားကြီးတွေနဲ့ မြို့ထဲက (၃၂၅) တပ်မှာ ခံစစ်အခိုင် အမာပြင်နေပြီး၊ ဟိုယရွာဘက်က (၆၇) တပ်မှာလည်း အင်အားဖြည့် ကတုတ်ကျင်းတူး၊ အဆောက်အအုံဆောက်တာတွေ လုပ်ဆောင်နေပြီး SSPP ကတော့ အရင်တိုင်း အပြောင်းအလဲသိပ်မရှိ၊ မြို့ထဲမှာပဲ ဆက်ရှိနေတယ်လို့ ဒေသခံက ပြောပါတယ်။ MNDAA ဘက်ကလည်း မိုင်းရယ်မြို့နဲ့ (၅) မိုင်လောက်ဝေးတဲ့ ဟိုယရွာဘက်နဲ့ မန့်ဆန်ရွာဘက်တွေမှာ အင်အားဖြည့်တာတွေ လုပ်ဆောင်နေပေမဲ့ မြို့တွင်းတိုက်ပွဲ ဖြစ်လာနိုင်ခြေတွေတော့ မရှိသေးဘူးလို့ မိုင်းရယ်မြို့ခံ အမျိုးသားတစ်ဦးက ဆိုပါတယ်။ “မြို့ထဲ SSPP ရှိနေသ၍ စစ်မဖြစ်နိုင်ဘူးဆိုပြီး သိထားကြတယ်။ အကယ်၍ SSPP မရှိတော့ဘူးဆိုရင်တော့ မြို့ကနေရှောင်ရ မယ်လို့ ပြောနေကြတယ်။ သူတို့က ဖြစ်မယ်ဆိုရင်တော့ ကြိုပြောမယ်လို့ ပြောထားတယ်တဲ့။”လို့ မြို့ခံက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ အောက်တိုဘာလ ၂ ရက်နေ့ ည ၈ နာရီလောက်က မိုင်းရယ်မြို့ကို လေကြောင်းနဲ့ ဗုံးကြဲခဲ့ပြီး လွယ်ဆီ ဘုန်းကြီးကျောင်းအနီး ကျရောက်ခဲ့လို့ လူအထိခိုက်မရှိခဲ့ကြောင်း ပြောပါတယ်။ Read in Full

 

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button