ရှမ်းပြည်က စစ်ကောင်စီထိန်းချုပ်ဒေသ မြို့နယ်အနည်းစုမှာ သန်းခေါင်စာရင်း စတင်ကောက်ခံ
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
အောက်တိုဘာ ၁၊ ၂၀၂၄
ရှမ်းပြည်နယ်အတွင်းရှိ စစ်ကောင်စီထိန်းချုပ်ဒေသ မြို့နယ်အနည်းစုမှာ လူဦးရေ သန်းခေါင်စာရင်းကို ဒီကနေ့ အောက်တိုဘာလ ၁ရက်က စတင်ကောက်ခံနေပြီဖြစ်တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
ဒီကနေ့ အောက်တိုဘာလ မနက်ပိုင်းက မြို့ပေါ်ရှိ ဟိုတယ်နဲ့ တည်းခိုခန်း၊ ဆေးရုံ၊ ဆေးခန်း၊ အဆောင်တွေကို လူဝင်မှုကြီးကြပ်ရေးဌာန ဝန်ထမ်းတွေ၊ ရဲ၊ စစ်သား၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က စတင်ကောက်ခံနေတာဖြစ်ပြီး ကျေးရွာအချို့မှာလည်း စတင်ကောက်ခံနေပြီဖြစ်တယ်လို့ ဆိုပါတယ်။
“ကားတွေ၊ ဆိုင်ကယ်တွေနဲ့ လူ၂၀လောက်ပါတယ်။ လက်နက်အပြည့်အစုံနဲ့ လိုက်ကောက်တာ။ ရပ်ကွက်တွေ ကတော့ မကောက်သေးဘူး။ အဆောင်တစ်ခုလုံးကို အခန်းတိုင်းဝင်စစ်ပြီးမှ ကောက်သွားတာ။ အလုပ်အကိုင်တွေ၊ ကုမ္ပဏီဝန်ထမ်းဆိုရင် ကုမ္ပဏီနာမည်တွေနဲ့ လိပ်စာတွေပါ တောင်းယူသွားကြတယ်”လို့ တောင်ကြီးဒေသခံတစ်ဦးက FJMMက ပြောပါတယ်။
အဲဒီသန်းခေါင်စာရင်းကောက်ယူမှုကို ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီး၊ ကလော၊ ညောင်ရွှေ၊ ပင်းတယ၊ ဟိုပုံး၊ ပင်လောင်း၊ လွိုင်လင်၊ နမ့်စန်၊ ကွန်ဟိန်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းပျဉ်း၊ မိုင်းဖြတ်၊ ကျိုင်းတုံ၊ မိုင်းယောင်းစတဲ့ မြို့နယ်တွေမှာ ကောက်ခံနေတာ ဖြစ်တယ်လို့ သိရပါတယ်။
“ကျွန်မတို့ရပ်ကွက်ထဲက ကျောင်းဆရာ၊ ဆရာမတွေက သန်းခေါင်စာရင်း ကောက်ယူရေး သင်တန်းဆိုပြီး ၁၇ရက်တက်ခိုင်းထားတယ်။ ဒါပေမယ့် ကောက်တဲ့နေရာမှာ မပါလာကြဘူး။ သန်းခေါင်စာရင်းကောက်ဖို့ ဆိုပြီး ဘာမှ လာပြောတာလည်း မရှိဘူးတဲ့။ မနေ့ညကတော့ ဒီနေ့မှာ သန်းခေါင်စာရင်း ကောက်ယူမယ်ဆိုပြီး ရပ်ကွက်ထဲမှာ လော်စပီကာနဲ့ လိုက်ကြေညာနေပေမယ့် အခုထိတော့ လာမကောက်သေးဘူး၊ တည်းခိုခန်းတွေတော့ လာကောက်သွားပြီ”လို့ ကလောဒေသခံတစ်ဦးက FJMMကို ပြောပါတယ်။
နိုင်ငံတဝန်း တိုက်ပွဲပြင်းထန်နေတဲ့ ဒေသတွေမှာလည်း လုံခြုံရေး တိုးမြှင့်ပြီး အချိန် ၃ လအထိ ယူကာ သန်းခေါင်းစာရင်း ကောက်ယူမယ်လို့ စစ်ကောင်စီရဲ့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး ဦးမြင့်ကြိုင်က ပြောဆိုထားပေမယ့် ဒီကနေ့ကောက်ယူတဲ့ဒေသတွေထဲမှာ တိုက်ပွဲပြင်းထန်နေတဲ့ ဒေသတွေ မပါလာသေးဘူးလို့ သိရပါတယ်။
စစ်ကောင်စီက သန်းခေါင်စာရင်း အောက်တိုဘာ ၁ရက်မှ ၁၅ရက်အထိ ကောက်ယူမှာဖြစ်ပြီး စာရင်းကောက် ကွက်ပေါင်း ၁၁၀၀၀၀ခန့်ကို ကောက်ယူမည့်သူ ၄၂၀၀၀ ခန့်နဲ့ ကောက်ယူသွားမှာဖြစ်သလို အိမ်ထောင်စု မေးခွန်း ပုံစံအတွက် မေးခွန်း ၆၈ ခု၊ အဖွဲ့အစည်းမေးခွန်းပုံစံအတွက် မေးခွန်း ၁၈ ခုတို့ကို မေးမြန်းသွားမှာဖြစ်တယ်လို့ စစ်ကောင်စီ လက်အောက်ခံ မီဒီယာတွေမှာ ဖော်ပြထားပါတယ်။
ဓာတ်ပုံ-စစ်ကောင်စီပြန်ဆက်
၎
င
၎
၎