ပင်လောင်းမှာ PNLAနဲ့ PNA၊ စစ်ကောင်စီပူးပေါင်းတပ်တို့အကြား တိုက်ပွဲပြင်းထန်နေ
သူရိန်ကျော်၊ ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
စက်တင်ဘာ ၃၀၊ ၂၀၂၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်မှာ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA)နဲ့ ပအိုဝ်းအမျိုးသားတပ်မတော်/ ပအိုဝ်းပြည်သူ့စစ်(PNA)၊ စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။
ပင်လောင်းမြို့နယ်၊ ဗန်းမောက်နဲ့ နမ့်ဖာမူကျေးရွာအနီးတဝိုက် စက်တင်ဘာလ ၁၇ ရက်က ထိတွေ့တိုက်ပွဲ စတင်ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ဒီကနေ့ စက်တင်ဘာ ၃၀ရက်အထိ တိုက်ပွဲပြင်းထန်နေသလို စစ်ကောင်စီက လက်နက်ကြီး အသုံးပြုပြီး ရမ်းသမ်းပစ်ခတ်တာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
“တိုက်ပွဲဖြစ်နေတာတော့ ၁၇ရက်ကတည်းကပဲ၊ မနေ့(စက်တင်ဘာ ၂၉ရက်)ကစပြီး တိုက်ပွဲက ပိုပြင်းထန် လာတယ်။ ဒီဖက်(PNAနဲ့ စစ်ကောင်စီ ပူးပေါင်းတပ်)ကတော့ လက်နက်ကြီးတွေနဲ့ ရွာတွေထဲကို ပစ်နေတာပဲ။ နှစ်ဖက်စလုံး အထိအခိုက်ရှိတယ်၊ တိတိကျကျတော့ မသိရသေးဘူး”လို့ သတင်းရင်းမြစ်တစ်ဦးက FJMMကို ပြောပါတယ်။
PNAနဲ့ စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့က ကျေးရွာအတွင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို လူနေအိမ် ၇လုံး ထိခိုက်ပျက်စီးခဲ့ပြီး လေကြောင်းအသုံးပြု တိုက်ခိုက် လာနိုင်တာကြောင့် ဒေသခံ ၂သောင်းကျော်ဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေတယ်လို့ သိရပါတယ်။
PNA စစ်ကောင်စီရဲ့ ခိုင်းစေမှုအရ ပအိုဝ်းဒေသအတွင်းမှာ အင်အားစုဆောင်းမှုတွေကို အတင်းအဓမ္မ ပြုလုပ်နေပြီး ပင်လောင်းဒေသမှာ တပ်သားစု ၁၅၀၀၀ကို ထုတ်ပြမယ်လို့ ကြေညာထားလို့ ပအိုဝ်းဒေသတွင်းမှာ ဆုံးရှုံးထားတဲ့ နယ်မြေတွေကို ပြန်လည်ရယူဖို့ ကြိုးစားနေတယ်လို့ ဒေသအရေး စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။
ပအိုဝ်းဒေသမှာ စစ်ဘေးအပြင် ရေဘေးအန္တရာယ်လည်း ကြုံတွေ့နေရပြီး PNAအနေနဲ့ ရေဘေးကူညီ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ထိထိရောက်ရောက်လုပ်ဆောင်တာ မတွေ့ရပေမယ့် အခွန်ကောက်ခံတာကိုတော့ ပုံမှန်အတိုင်းပြုလုပ်နေတယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ-CJ(ပုံဟောင်း)