သတင်း

ကိုးကန့်တပ် MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို စစ်ကောင်စီမှ လေကြောင်းကနေ တစ်လအတွင်း ၈ကြိမ်မြောက် ဗုံးကြဲတိုက်ခိုက်

ကိုးကန့်တပ် MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို စစ်ကောင်စီမှ လေကြောင်းကနေ တစ်လအတွင်း ၈ကြိမ်မြောက် ဗုံးကြဲတိုက်ခိုက်

သူရိန်ကျော်၊ ဖက်ဒရယ်ဂျာနယ်၊ မြန်မာ

စက်တင်ဘာ ၂၉၊ ၂၀၂၄

ကိုးကန့်တပ်MNDAAက ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို စစ်ကောင်စီတပ်မှ ယမန်နေ့ စက်တင်ဘာလ ၂၈ရက်၊ ညပိုင်းအချိန်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု(Airstrike) ပြုလုပ်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ လေကြောင်းကနေ စက်တင်ဘာလ ၂၈ရက်၊ ည ၈နာရီခွဲဝန်းကျင်အချိန်မှာ လားရှိုးမြို့တွင်းကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ရပ်ကွက်(၈)ရုံး အနောက်ဘက် ကားဝပ်ရှော့နဲ့ ဘေးတဝိုက် အဆောက်အဦအများအပြားနဲ့ ကားတွေ ထိခိုက်ပျက်စီးသွားခဲ့ပြီး လူထိခိုက်သေဆုံးမှု မရှိဘူးလို့ သိရပါတယ်။

“လူထိခိုက်သေဆုံးမှုတော့ မရှိဘူး။ ဒီလအတွင်း စကစရဲ့ အဆက်မပြတ်လေကြောင်းတိုက်ခိုက်ခိုက်မှုကြောင့် လားရှိုးမြို့တွင်းက ပြည်သူအများအပြား ထိခိုက်ပြီး နေအိမ် အဆောက်အအုံများစွာ ပျက်စီးခဲ့ပါတယ်။ စစ်ကောင်စီအဖွဲ့ရဲ့ လုပ်ရပ်တွေဟာ လူမဆန်စွာ ပြည်သူလူထုအပေါ်ကို မငဲ့ညှာပဲ လူနေအိမ်တွေ၊ ဈေးတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာ ဖြစ်ပါတယ်။

လားရှိုးမှာ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် တိမ်းရှောင်နေရသူတွေ ပြန်လည်စည်ကားလာစ ပြုနေတဲ့  လက်ရှိကာလမှာ ထပ်မံဗုံးကြဲချသွားခဲ့တာဖြစ်သလို ဩဂုတ်လ ၃၀ရက်ကနေ စက်တင်ဘာလ ၂၈ ရက်အထိ လားရှိုးမြို့ ပေါ်ကို လေကြောင်းနဲ့ ၈ကြိမ်မြောက်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

MNDAAက NUGနဲ့ စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်းတာ၊ စစ်မြေပြင်တွေ ချဲ့ထွင်တာ၊ တောင်ကြီးနဲ့ မန္တလေးကို ထိုးစစ်ဆင်တိုက်ခိုက်တာတွေ ပြုလုပ်မှာမဟုတ်ကြောင်းနဲ့ မြန်မာနိုင်ငံရဲ့အခြေအနေကို တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ဖြေရှင်းပေးဖို့ မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ခဲ့ပေမယ့် စစ်ကောင်စီတပ်ကတော့ MNDAAထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို လေကြောင်းကနေတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

သတင်း-FJMM

ဓာတ်ပုံ-စောနေဝေစိုး

Related Articles

Back to top button