သတင်း

စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲကို တိုက်ဖျက်ဖို့နဲ့ မွန်ပြည်အစိုးရဖော်ဆောင်ဖို့ မွန်လူငယ် အစုအဖွဲ့ ၁၁ဖွဲ့ သဘောတူညီချက်ရရှိ

စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲကို တိုက်ဖျက်ဖို့နဲ့ မွန်ပြည်အစိုးရဖော်ဆောင်ဖို့ မွန်လူငယ် အစုအဖွဲ့ ၁၁ဖွဲ့ သဘောတူညီချက်ရရှိ

 
သူရိန်ကျော်၊ ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
စက်တင်ဘာ ၂၀၊ ၂၀၂၄
 
စစ်ကောင်စီကပြုလုပ်မယ့် ရွေးကောက်ပွဲကိုဆန့်ကျင်တိုက်ဖျက်ဖို့နဲ့ မွန်ပြည်အစိုးရဖော်ဆောင်ဖို့ အပါအဝင် အချက် (၄)ချက်ကို မွန်လူငယ် အစုအဖွဲ့ ၁၁ဖွဲ့က နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲမှာ ဘုံသဘော တူညီချက်ရရှိ ခဲ့တယ်လို့ ဒီကနေ့ စက်တင်ဘာလ ၂၀ရက် ရက်စွဲနဲ့ ပူးပေါင်းထုတ်ပြန်အသိပေးထားပါတယ်။
 
တော်လှန်ရေးမှာပါဝင်နေတဲ့ မွန်လူငယ်တွေက နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတရပ်ကို အခုစက်တင်ဘာလ အတွင်း လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပခဲ့ပြီး နိုင်ငံရေးအစုအဖွဲ့တွေ၊ ကျောင်းသားများသမဂ္ဂ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ လက်နက်ကိုင်အင်အားစုတွေစတဲ့ အစုအဖွဲ့(၁၁)ဖွဲ့က လူငယ်ကိုယ်စားလှယ် တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
 
အဲဒီတွေ့ဆုံဆွေးနွေးပွဲမှာ မွန်ပြည်ရဲ့ နိုင်ငံရေး၊ စစ်ရေးနဲ့ လူသားချင်းစာနာမှုအခြေအနေတွေကို ဆွေးနွေးခဲ့ပြီး အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ အနာဂါတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတို့အတွက် တော်လှန်ရေး အစုအဖွဲ့အသီးသီးအကြား ချိတ်ဆက်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု ပိုမိုအား ကောင်းမြှင့်တက်လာစေရေးအတွက် ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
မွန်ပြည်တော်လှန်ရေးအဖွဲ့အစည်း ပါဝင်ပြီး မွန်ပြည်နဲ့ မွန်ပြည်ရဲ့ပြည်သူလူထုကို ကိုယ်စားပြုနိုင်မယ့် အစိုးရ တရပ် ဖွဲ့စည်းဖော်ဆောင်ဖို့၊ မွန်ပြည်အတွင်းက တော်လှန်ရေးအင်အားစုတွေအနေနဲ့ တပ်ပေါင်းစုအသွင် ဟန်ချက်ညီညီပူးပေါင်း ဆောက်ရွက်သွားဖို့၊ စစ်ကောင်စီကပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်တိုက်ဖျက် ဖို့နဲ့ မွန်ပြည်နဲ့ထိစပ်ဒေသတွေမှာ ဖြစ်ပွားလျက်ရှိတဲ့ လူသားချင်းစာနာမှုအခြေ အနေတွေကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့အတွက် တော်လှန်ရေးအစုအဖွဲ့တွေက စနစ်တကျချိတ်ဆက်ပူးပေါင်းဆောင်ရွက်ဖို့ ဘုံသဘောတူညီချက်ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
 
ဒီထုတ်ပြန်ကြေညာချက်ကို မွန်ပြည်ဖက်ဒရယ်ကောင်စီ-လူငယ်ကိုယ်စားလှယ်(MSFC)၊ ရာမညဖက်ဒရယ် အင်အားစုသစ်(NRFF)၊ မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ မွန်ပြည်ကာကွယ်ရေးတပ်(MSDF)၊ ရေးပျောက်ကြားတပ်(YGF)၊ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း( Hurfom)နဲ့ အမည်မဖော်လိုတဲ့ အစုအဖွဲ့(၄)ဖွဲ့တို့က ပူးပေါင်းထုတ်ပြန်ထားတာလည်း ဖြစ်ပါတယ်။
 
#FJMM

Related Articles

Back to top button