သတင်း

ပအိုဝ်းနိုင်ငံရေးဦးဆောင်မှုကဏ္ဍအသစ်ဟာ လူငယ်တွေ၊ ပညာရှင်တွေပါဝင်တဲ့ ဦးဆောင်မှုမျိုး ဖြစ်သင့်တယ် လို့ PNLOပြောရေးဆိုခွင့်ရှိသူပြော

ပအိုဝ်းနိုင်ငံရေးဦးဆောင်မှုကဏ္ဍအသစ်ဟာ လူငယ်တွေ၊ ပညာရှင်တွေပါဝင်တဲ့ ဦးဆောင်မှုမျိုး ဖြစ်သင့်တယ် လို့ PNLOပြောရေးဆိုခွင့်ရှိသူပြော

သူရိန်ကျော်၊ ဖက်ဒရယ်ဂျာနယ်၊ မြန်မာ

စက်တင်ဘာ ၁၉၊ ၂၀၂၄

ပအိုဝ်းတိုင်းရင်းသားလူထုတွေအကြားမှာ အမျိုးသားနိုင်ငံရေးဦးဆောင်မှုကဏ္ဍအသစ် လိုအပ်နေပြီး လူငယ်တွေ၊ ပညာရှင်တွေ ပါဝင်တဲ့ ဦးဆောင်မှုမျိုး ဖြစ်သင့်တယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO/PNLA)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ခွန်အောင်မန်းက ဖက်ဒရယ်ဂျာနယ်၊ မြန်မာကို ပြောပါတယ်။

လက်ရှိပအိုဝ်းနိုင်ငံရေးအခင်းအကျင်းမှာ ပအိုဝ်းလူထုတွေဟာ များပြားပြီး ပြန့်ကျဲနေတဲ့ ပအိုဝ်းအဖွဲ့အစည်း တွေအကြား ဘယ်အဖွဲ့ရဲ့ ဦးဆောင်မှုကို ခံယူလျှောက်လှမ်းရမယ်မှန်းမသိတဲ့ နိုင်ငံရေးအမြင်ဝေဝါးမှုတွေ ရှိနေတာကြောင့် ပအိုဝ်းမှာ အမျိုးသားနိုင်ငံရေးဦးဆောင်မှုကဏ္ဍအသစ် လိုတယ်ဆိုပြီး အကြံပြုတိုက်တွန်း ထားတာတွေရှိနေတဲ့အပေါ် ဗိုလ်မှူးကြီး ခွန်အောင်မန်းက အောက်ပါအတိုင်း ပြောကြားခဲ့ပါတယ်။

“ပုဂ္ဂိုလ်တစ်ဦးတည်းကို ဦးတည်တဲ့ခေါင်းဆောင်မှု၊ ပုဂ္ဂိုလ်ရေးကိုးကွယ်မှု၊ ပုဂ္ဂိုလ်ရေးအာဏာတည်ဆောက်မှု တွေကို မလုပ်ဆောင်ပဲ မူတွေကို အခြေခံတဲ့ ခေါင်းဆောင်မှုနဲ့ ယန္တရားစနစ်တွေကို တည်ဆောက်ပြီး မူအတိုင်း၊ စနစ်အတိုင်း ဦးဆောင်တဲ့ပုံစံမျိုး လိုပါတယ်။ လူငယ်တွေ၊ ပညာရှင်တွေ ပါဝင်တဲ့ ဦးဆောင်မှုမျိုး ဖြစ်သင့်ပါတယ်”လို့ သူက FJMMကို ပြောပါတယ်။

စစ်တပ်အာဏာသိမ်းမှု သုံးနှစ်ကျော်အကြာ PNLO/PNLAအတွင်း နိုင်ငံရေးအရ သဘောထားကွဲလွဲမှုတွေ ကြောင့် သီးခြားစီ ရပ်တည်သွားတော့မယ်လို့ ပြီးခဲ့တဲ့ရက်က နှစ်ဖက်ကြေညာချက် အသီးသီးထုတ်ပြန်ထားပြီး နောက် ပအိုဝ်းမှာ အမျိုးသားနိုင်ငံရေးဦးဆောင်မှုကဏ္ဍအသစ် လိုအပ်နေတယ်လို့ ဒေသအရေးစောင့်ကြည့် လေ့လာသူတွေက တိုက်တွန်းထားတာ တွေ့ရပါတယ်။

PNLO/PNLAနာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) မူကို စွဲကိုင်ထားတယ်လို့ဆိုကာ ခွဲထွက် PNLOလို့သုံးနှုန်းပြီး အဖွဲ့က နုတ်ထွက်ကြောင်း စက်တင်ဘာ ၁၀ ရက်က ကြေညာခဲ့သလို ဥက္ကဋ္ဌ ခွန်သူရိန်ဦးဆောင်တဲ့အဖွဲ့ကလည်း PNLO အား ခေါင်းဆောင် ၅ဦးက ဆက်လက် ဦးဆောင်သွားမှာဖြစ်တယ်လို့ စက်တင်ဘာ ၁၃ ရက်က ကြေညာထားပါတယ်။

အဲဒီအခြေအနေနဲ့ပါတ်သက်ပြီး ဗိုလ်မှူးကြီး ခွန်အောင်မန်းက “ကျနော်တို့ PNLO/PNLA ထုတ်ပြန်ကြေငြာ ချက်က သီးခြားရပ်တည်သွားမယ်လို့ မဆိုလိုပါဘူး။ လက်ရှိ နိုင်ငံရေး၊ စစ်ရေးအခြေအနေ၊ အဖွဲ့ချုပ်တွင်း အခြေအနေ၊ အဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်မှုပိုင်း ပြန့်ကျဲကွဲလွဲမှုတွေ ရှိနေလို့ ဦးဆောင်မှု ကျစ်လစ်စုစည်းမှု ရှိအောင် ဗဟိုအမှုအလုပ်အမှုဆောင် အထူးအစည်းအဝေးကနေ ကာလတစ်ခုမှာ ဦးဆောင်ပေးဖို့ ခေါင်းဆောင်ကြီး(၅)ဦးကို တာဝန်ပေးကြောင်းဆုံးဖြတ်ပါတယ်။ အဲဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီးတော့ ဗဟိုကော်မတီဝင်တွေရဲ့ သဘောထားကို ရယူပြီး PNLO/PNLA ရဲ့ တတိယအကြိမ် ညီလာခံသက်တမ်း ကုန်ဆုံးတဲ့အထိ ခေါင်းဆောင်ကြီး(၅)ဦးက ဦးဆောင်သွားမယ့် အကြောင်း အသိပေးတာပါ။ အဖွဲ့ချုပ်ရဲ့ နဂို မူဝါဒလုပ်ငန်းစဉ်တွေ အတိုင်းဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ အများဆန္ဒသဘောထားနဲ့ ခေါင်ဆောင်ကြီး(၅)ဦးကို တာဝန်ပေးတဲ့အပေါ် သဘောမတူလို့ အဖွဲ့ချုပ်ကနေ နုတ်ထွက်ကြောင်းကြေငြာပြီး သီးခြားရပ်တည်မယ်လို့ နာယကကြီး ပြောတာကတော့ သူ့ခံယူချက် သဘောထားပဲ ဖြစ်မှာပါ”လို့ FJMMကို ပြောပါတယ်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာကတော့ သူ့အနေနဲ့ NCA လက်မှတ်ထိုးစဉ်က အမည်ဖြစ်တဲ့ PNLO အမည်နဲ့ တချို့ကိစ္စရပ်တွေကို ဆက်လက်လုပ်ဆောင်မှာဖြစ်ပြီး ပအိုဝ်းလူထုကြား ကွင်းဆင်းဆောင်ရွက်မှုတွေအတွက် သီးခြားအဖွဲ့အစည်းတစ်ခုအမည်နဲ့ ဆောင်ရွက်သွားဖို့ ရှိနေတယ်လို့ ဧရာဝတီသတင်းဌာနကို ဖြေကြားထားတာ တွေ့ရပါတယ်။

ဗိုလ်မှူးကြီးခွန်သူရိန်ဦးဆောင်တဲ့ PNLO/PNLAအနေနဲ့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)အနေနဲ့ စစ်ရေးမှာ လက်တွဲဆောင်ရွက်ပြီး နိုင်ငံရေးမှာ ညှိနှိုင်းဆောင်ရွက်နေသလို အခြားမဟာမိတ်တော်လှန်ရေး အင်အားစုတွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီ၊ PNO/PNAပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ ထိတွေ့ပစ်ခတ်မှုတွေ ဖြစ်ပွားနေတယ်လို့လည်း သိရပါတယ်။

#FJMM

Related Articles

Back to top button