သတင်း

နိုင်ငံအပြောင်းအလဲဖြစ်ဖို့ တာဝန်ကျေခဲ့တဲ့လူထုဟာ အနာဂတ်အတွက်လည်း အရှင်သခင်ဖြစ်နေမယ်လို့ ဗိုလ်မှူးကြီး စောကျော်ညွန့်ပြော

နိုင်ငံအပြောင်းအလဲဖြစ်ဖို့ တာဝန်ကျေခဲ့တဲ့လူထုဟာ အနာဂတ်အတွက်လည်း အရှင်သခင်ဖြစ်နေမယ်လို့ ဗိုလ်မှူးကြီး စောကျော်ညွန့်ပြော

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ

သူရိန်ကျော်၊ စက်တင်ဘာ ၁၃၊ ၂၀၂၄

နိုင်ငံအပြောင်းအလဲဖြစ်ဖို့အတွက် အတိတ်မှာကော၊ ပစ္စုပ္ပန်မှာပါ တာဝန်ကျေခဲ့၊ တာဝန်ကျေဆဲလည်းဖြစ်တဲ့ ပြည်သူလူထုဟာ အနာဂတ်အတွက်လည်း အရှင်သခင်ဖြစ်နေမယ်လို့ ယုံကြည်ကြောင်း 7 EAO Alliance ပြောရေးဆိုခွင့်ရှိသူ KNU/KNLA(PC)မှ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ရက်နဲ့ ၁၁ရက်က ၂ရက်ကြာပြုလုပ်တဲ့ 7 EAO Allianceဒုတိယအကြိမ် ဦးဆောင် အဖွဲ့အစည်းအဝေးနဲ့ပါတ်သက်ပြီး ဖက်ဒရယ်ဂျာနယ်၊ မြန်မာနဲ့ သီးသန့်အင်တာဗျူးပြုလုပ်ရာမှာ ဗိုလ်မှူးကြီး စောကျော်ညွန့်က အောက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ကျနော်တို့ပြည်သူတွေကို ​ငြိမ်းချမ်းသာယာပြီးတော့ ခေတ်မီဖွံဖြိုး တိုးတက်တဲ့ ပြည်ထောင်စုအတွင်းမှာ ဂုဏ်သိက္ခာရှိရှိနေထိုင်နိုင်ဖို့ ရာစုနှစ်ဝက်ကျော်ရှည်ကြာ ပြည်တွင်းစစ်ကို ရပ်စဲနိုင်ဖို့ ကြိုးစားရင်းကပဲ ကံမကောင်းအကြောင်းမလှစွာ ဘယ်ခေတ်၊ ဘယ်အချိန်အခါ၊ ဘယ်အစိုးရလက်ထက်မှာမှ မကြုံဖူးတဲ့ ဆင်းရဲဒုက္ခသံသရာထဲ ယနေ့ချိန်ထိ ကျနော်တို့အားလုံးအတွက် သန်းခေါင်ထက်ညဥ့်နက်နေဆဲဖြစ်ရတာကို အလွန်စိတ်မကောင်းဖြစ်မိပါတယ်။ နိုင်ငံအပြောင်းအလဲဖြစ်ဖို့အတွက် အတိတ်မှာကော၊ ပစ္စုပ္ပန်မှာပါ တာဝန်ကျေခဲ့၊ တာဝန်ကျေဆဲလည်း ဖြစ်တဲ့ပြည်သူလူထုဟာ အနာဂတ်အတွက်လည်း အရှင်သခင်ဖြစ်နေ မယ်လို့ယုံကြည်ပါတယ်”လို့ FJMMကို ပြောပါတယ်။

အဲဒီအစည်းအဝေးမှာ နိုင်ငံရေးဆွေးနွေးမှုဘောင် ချဲ့ထွင်ရေး၊ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာနည်းလမ်းသစ်၊ ဖက်ဒရယ်ဒီမိုကရေစီအသွင်ကူးပြောင်းရေး အစီအစဥ် (Transitional Authority)စသည်တို့ကို ဆွေးနွေးခဲ့သလို နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုလမ်းကြောင်းသစ်ကို ရှာဖွေဖို့အတွက်လည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

“ကျနော်တို့ဟာဆွေးနွေးတာနဲ့ပဲ အချိန်ကာလဆွဲဆန့်တာ မဟုတ်ဘဲနဲ့ ဆွေးနွေးလို့ရလာတဲ့ သဘောတူညီ ချက်တွေကို လက်တွေ့ကျကျပူးတွဲအကောင်အထည်ဖော်ခြင်းဖြင့် နှစ်ဘက်ယုံကြည်မှုလ အတွက်လည်း အားဖြစ်စေတာမျိုးပေါ့ဗျာ။ လက်တွေ့ကျကျလုပ်ငန်းတွေအတွက်က ဆက်လက်ညှိနှိုင်းဆွေးနွေးရမယ့် ဟာတွေ အများကြီးရှိမှာပေါ့။ ဒါကလည်း လက်ရှိဖြစ်ပျက်နေတဲ့ပြည်သူ လူထုတွေရဲ့နေ့စဉ်ဓူဝသေကြေ ပျက်စီး ဆုံးရှုံးမှုတွေကနေ ရုန်းထွက်နိုင်ဖို့၊ တိုင်းရင်းသားပြည်နယ်တွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကိုအစပျိုးတဲ့ သဘောလား။ ကျနော်တို့က ဖက်ဒရယ်ဒီမိုကရေစီသွားဖို့ သဘောတူထားပြီးဆိုတာကို ပြောတာပါ။ တစ်နေ့မဟုတ်တစ်နေ့လုပ်ရမယ့် အတူတူ အခုကတည်းက အားလုံးညှိနှိုင်းပြီးအစပျိုးထားနိုင်ရင် အနာဂတ်အတွက် အကျိုးမယုတ်နိုင်ပါဘူး ထင်လို့ပါ”လို့ ဗိုလ်မှူးကြီး စောကျော်ညွန့်က ဆက်လက်ပြောကြား ခဲ့ပါတယ်။

7 EAO Allianceမဟာမိတ်အဖွဲ့ဝင်တွေအနေနဲ့ လူသားချင်းစာနာမှုအကူအညီပေးရေးနဲ့ပတ်သက်ပြီးတော့ နီပွန်ဆန်ပေးဝေရေးလုပ်နေသလို လာမယ့် ၂၀၂၅ခုနှစ်အတွက်လည်း စတင်ကြိုးပမ်းလုပ်နေပြီး ပုံမှန်လုပ်နေ ကျထက် အကူအညီလိုအပ်နေတဲ့သူတွေအားလုံးထံ ပေးဝေနိုင်ရေး နည်းလမ်းရှာနေကာ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ အရပ်ဘက်အဖွဲ့အစည်းများကွန်ယက်(CNPFD)နဲ့လည်း ချိတ်ဆက်လုပ်ကိုင်ဆောင်ရွက် လျှက်ရှိတယ်လို့လည်း ဗိုလ်မှူးကြီး စောကျော်ညွန့်ထံကနေ သိရပါတယ်။

Related Articles

Back to top button