အတွေးအမြင်

စားဝတ်နေရေး ခက်ခဲကြပ်တည်းခြင်းနှင့်အတူ ရန်သူငါးပါးနှင့် ရင်ဆိုင်နေရသည့် တိုင်းရင်းသားပြည်သူများ

မင်းကျော်ဖေ | သတင်းဆောင်းပါး

စားဝတ်နေရေး ခက်ခဲကြပ်တည်းခြင်းနှင့်အတူ ရန်သူငါးပါးနှင့် ရင်ဆိုင်နေရသည့် တိုင်းရင်းသားပြည်သူများ

မင်းကျော်ဖေ | သတင်းဆောင်းပါး

မြန်မာနိုင်ငံအတွင်း နေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများသည် အလုပ်အကိုင်ရှားပါးမှု၊ ဝင်ငွေ နည်း ပါးမှု၊ နိုင်ငံရေး၊ စစ်ရေးအရှုပ်အထွေးများကြောင့် နေရာပြောင်းရွေ့ရခြင်းများ၊ အလုပ်အကိုင် အတည်တကျ မရှိခြင်း များနှင့် နေ့စဉ်နှင့်အမျှ ပြောင်းလဲနေသည့် အထွေထွေကုန်ဈေးနှုန်းများကြောင့် ဒုက္ခပေါင်းစုံနှင့် ကြုံတွေ့ နေရ သည်။

အကျပ်အတည်းများသည် ယခုမှ ကြုံတွေ့နေရသည် မဟုတ်ဘဲ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးစ ကတည်းက တဖြည်းဖြည်း စတင်ခဲ့ရာမှ သုံးနှစ်ကျော် လေးနှစ်အတွင်း အဆိုးဆုံးအခြေအနေများနှင့် ရင်ဆိုင်နေရ သည်။

မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားပြည်သူများသည် ရေ၊ မီး၊ မင်း၊ ခိုးသူ၊ မချစ်မနှစ်သက်သောသူ စသည့် ရန်သူမျိုးငါးပါးဒဏ်ကို နေ့စဉ် တစ်မျိုးမဟုတ်တစ်မျိုး ခံစားနေကြရသည်။

ရေဘေး

ဇူလိုင်၊ သြဂုတ်လများအတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှလွဲပြီး နေ့စဉ်ရက်ဆက် မိုးများရွာသွန်း ခြင်း၊ အချို့ဒေသများတွင် မိုးကြီးခြင်းများကြောင့် မြစ်ရေ၊ ချောင်းရေများ အများအပြား တိုးလာပြီး ရေကြီးရေလျှံမှု များ ဖြစ်ပေါ်ကာ မြို့ရွာများ ရေဘေးဒုက္ခများစွာ ကြုံတွေ့ရသည်။

ရေကြီးခြင်းကြောင့် လမ်းတံတားများ ပျက်စီးပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းများ မကြာခဏ ကြုံတွေ့နေရသည်။ စိုက်ပျိုးထားသည့် ဆန်စပါးအပါအဝင် အခြားကောက်ပဲသီးနှံစိုက်ခင်းများ ပျက်စီးကြသည်။ စပါးစိုက်လယ်မြေများ ရေကြီးရေလျှံခြင်းကြောင့် များစွာပျက်စီးသဖြင့် စပါးစိုက်တောင်သူများ အခက်အခဲနှင့် ဒုက္ခ ရောက်ကြရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တောင်ပိုင်းဒေသအချို့တွင် မကြုံစဖူး မိုးရေကြီးပြီး အိမ်ခြေများစွာနှင့် စိုက်ပျိုး မြေများ ပျက်စီးရခြင်းတို့ ကြုံတွေ့နေရသည်။ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတချို့တွင်မူ မိုးရွာသွန်းမှု နည်းခြင်း ကြောင့် စိုက်ပျိုးသီးနှံများမဖြစ်ထွန်းဘဲ ပျက်စီးဆုံးရှုံးနေကြသည်။ စပါးစိုက်လယ်မြေများတွင် ရေသွင်းစိုက်ပျိုးရ သဖြင့် ကုန်ကျစရိတ်မြင့်မားလာပြီး ကုန်ကျစရိတ်မမျှဘဲ အရှုံးနှင့်ရင်ဆိုင်နေကြရသည်။

မီးဘေး

နိုင်ငံကို အာဏာသိမ်းအုပ်ချုပ်ပြီးနောက် တိုင်းနှင့်ပြည်နယ်မကျန် နေရာဒေသမရွေး လျှပ်စစ်ဓာတ်အား ပေးနိုင်မှု လျော့နည်းလာခဲ့သည်။ ထိုမှအစပြု၍ တဖြည်းဖြည်းနှင့် လျှပ်စစ်မီး အချိန်ပိုင်းဖြင့်သာ ရရှိကြသည်။ ထို့သို့ မီးမမှန်သည့်အတွက် လျှပ်စစ်ဓာတ်အားကို အသုံးပြုကြသည့် ပြည်သူများမှာ ဒုက္ခရောက်ကြရသည်။ မြို့ကြီးများ တွင် ပိုပြီး ဒုက္ခတွေ့ကြသည်။

အချိန်နာရီသတ်မှတ်ပြီး မြို့နယ်အလိုက်မီးပေးသော်လည်း မီးပေးချိန် အချိန်မမှန်သည့်အတွက် လျှပ်စစ်မီး နှင့် လုပ်ရသည့်လုပ်ငန်းများ၊ အထပ်မြင့်တိုက်ခန်းများတွင် သုံးရေအတွက် ရေတင်ရခြင်းများ စသည်တို့တွင် အခက် အခဲများစွာနှင့် ကြုံတွေ့နေကြသည်။

ထို့အပြင် အာဏာသိမ်းစစ်တပ်မှ မြို့ရွာများရှိ နေအိမ်အဆောက်အဦများကို မီးရှို့ဖျက်ဆီးခြင်း၊ လက်နက် ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်သဖြင့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဘာသာရေးအဆောင်အဦနှင့် လူနေအိမ် များပေါ်တွင် ကျရောက်ပေါက်ကွဲပြီး မီးလောင်ကျွမ်းပျက်စီးဆုံးရှုံးကြရသည်။ ကျေးလက်တောရွာများတွင် စစ်တပ် မှ စစ်ကြောင်းထိုးဝင်ရောက်သည့်အချိန်တွင် နေအိမ်များရှိပစ္စည်းဥစ္စာများ ခိုးယူခြင်း၊ မီးရှို့ဖျက်ဆီးခံရခြင်း တို့ ကြောင့် နေအိမ်တိုက်တာများ မီးလောင်ကျွမ်းပျက်စီးဆုံးရှုံးကြရသည်။ အချို့သော ပြည်သူများမှာ လက်ရှိဘဝမှ လက်မဲ့ဘဝသို့ နေ့ချင်းညချင်း ရောက်ရပြီး နေထိုင်စရာ အိုးအိမ်မဲ့ဘဝ ရောက်ကြရသည်။

မြို့ကြီးများတွင် လျှပ်စစ်ဓာတ်အားအသုံးပြု လုပ်ကိုင်ရသည့် စားသောက်ဆိုင်များ၊ ဖျော်ဖြေရေး လုပ်ငန်း များ၊ စက်ရုံများအလုပ်ရုံများသည် အခြားလောင်စာသုံးစက်ပစ္စည်း အစားထိုးသုံးစွဲရသဖြင့် ကုန်ကျစရိတ် တက်လာ ကြသည်။ ကုန်ကျစရိတ်မြင့်တက်လေ ကုန်ပစ္စည်းဈေးနှုန်းများ တက်လေဖြစ်ကာ ပြည်သူတွေ ဒုက္ခပိုတွေ့ကြရ သည်။ အိမ်ရှင်မများ ပိုဒုက္ခရောက်ရသည်။ ဂတ်စ်ဓာတ်ငွေ့ရည်၊ ထင်းမီးသွေး၊ လောင်စာတောင့် စသည်တို့ အသုံး ပြု ချက်ပြုတ်ရခြင်းကြောင့် ကုန်ကျစရိတ် ပိုတက်လာသည်။ ယခင် ဂက်စ် တစ်ပိဿာ ၃၅၀၀ ကျပ်ခန့် ဈေးရှိရာမှ တဖြည်းဖြည်း ဈေးတက်ခဲ့ရာ ယခု တစ်ပိသာ ကျပ်တစ်သောင်းကျော် ရှိနေပြီဖြစ်သည်။ ထင်းမီးသွေးမှာလည်း ထည့်သည့် အိတ်အကြီးအသေးပေါ်မူတည်ပြီး တစ်အိတ်တ်ဈေးနှုန်း ၁၂၀၀၀ ကျပ်မှ ၃၅၀၀၀ ကျပ်အထိ ဝယ်သုံးနေ ကြရသည်။ လက်လုပ်လက်စား အခြေခံလူတန်းစားများ ပို၍ကျပ်တည်း အဆင်မပြေဖြစ်လာကြသည်။

နိုင်ငံအုပ်ချုပ်သည့် မင်းဒဏ်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ နေ့တွင် နိုင်ငံကိုအာဏာသိမ်းပြီး အုပ်ချုပ်မင်းလုပ်နေသည့် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ထိ နိုင်ငံတော်ကို ကောင်းစွာ စီမံအုပ်ချုပ်နိုင်ခြင်းမရှိဘဲ နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာ ရေး၊ ပညာရေး၊ စစ်ရေး အဘက်ဘက်မှာ ကျဆုံးနေသည်။ နိုင်ငံတကာဆက်ဆံရေးကြည့်ပါကလည်း ရုရှား၊ တရုတ် အပါအဝင် နိုင်ငံအနည်းငယ်သာရှိပြီး အာဆီယံနိုင်ငံများနှင့် အခြားဘယ်ဥရောပနိုင်ငံများမှ တရားဝင်အစိုးရဟု အသိအမှတ်ပြု ဆက်ဆံခြင်းမရှိသည်ကို တွေ့ရသည်။

စီးပွားရေးအရ ကြည့်ပြန်လည်း နိုင်ငံတိုးတက်အောင် ဘာတစ်ခုမှ မယ်မယ်ရရ လုပ်ဆောင်နိုင်သည်ကို မတွေ့ရဘဲ နဂိုရှိရင်းစွဲအခြေအနေများပင် တဖြည်းဖြည်း ဆုတ်ရုတ်လာခဲ့သည်။ နိုင်ငံခြားစီးပွားရေး ရင်းနှီးမြှပ်နှံမှု အပိုင်းတွင် တိုးတက်လာခြင်းမရှိဘဲ ယခင်ရင်းနှီးမြှုပ်နှံထားကြသူများပင် တချို့က ပြန်လည်ထွက်ခွာသွားကြ သည်။

အာဏာမသိမ်းမီက ရွှေတစ်ကျပ်သားဈေးနှုန်းမှာ ၁၃ သိန်းကျော်မှ သုံးနှစ်ကျော်ကာလအတွင်း ကျပ်သိန်း ၈၀ နီးပါးထိ ရောက်ရှိခဲ့ပြီး ၅ ဆကျော် မြင့်တက်လာခဲ့သည်။ နိုင်ငံခြားငွေလဲနှုန်းလည်း မထိန်းနိုင်ဘဲ တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။ အမေရိကန်ဒေါ်လာ၊ ထိုင်းဘတ်၊ တရုတ်ယွမ်၊ စင်္ကာပူဒေါ်လာ၊ မလေးရှားရင်းဂစ် စသဖြင့် နိုင်ငံခြားငွေများ၏ ငွေလဲနှုန်းသည် အာဏာသိမ်းကာလ သုံးနှစ်ကျော်အတွင်း အဆမတန်မြင့်လာခဲ့သည်။

နိုင်ငံတော်အာဏာ သိမ်းယူအုပ်ချုပ်သည့်မင်းက ငွေစက္ကူများ လိုသလောက်ရိုက်ထုတ်နေသည့်အတွက် ကျပ်ငွေ တန်ဖိုးကျဆင်းကာ နိုင်ငံခြားမှဝယ်ယူတင်သွင်းရသည့် ကုန်ပစ္စည်းများအပါအဝင် အခြားလူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများအားလုံး ဈေးမြင့်တက်လာခဲ့သည်။ ထို့ပြင် ပြည်တွင်းထွက်သည့် ကုန်ပစ္စည်းများလည်း ကျပ်ငွေတန်ဖိုးကျဆင်းခြင်းကြောင့် ဈေးနှုန်းများ မြင့်တက်လာခဲ့သည်။ အများပြည်သူအတွက် မရှိမဖြစ် နေ့စဉ် သုံးစွဲနေရသည့် ဆီ၊ ဆေး နှင့်လောင်စာဆီများ ရှားပါးလာခြင်း ကြုံတွေ့လာသည်။ အခုနောက်ဆုံး ပြည်ပပို့ကုန် ဝင်ငွေရမှ ပြည်ပသွင်းကုန် တင်သွင်းခွင့်ပြုမည်ဆိုသည့် မူဝါဒါကြောင့် ဆီ၊ ဆေးဝါး၊ လောင်စာဆီနှင့် အခြား စား သောက်ကုန်ပစ္စည်းများ ပိုရှားပါးလာနိုင်သည်။

သြဂုတ်လဆန်းမှစတင်ပြီး ကား၊ ဆိုင်ကယ်များနှင့် အခြားလုပ်ငန်းခွင်သုံးယာဉ်များအတွက် ဓာတ်ဆီနှင့် ဒီဇယ်ဆီများ လိုသလောက်ဝယ်ယူမရတော့ဘဲ အကန့်အသတ်ဖြင့်သာ ဆီအရောင်းဆိုင်များတွင် တိုးဝှေ့စီတန်း ဝယ်ယူနေရသည်။ စက်သုံးဆီရရန် ညအိပ်စောင့်ပြီး တန်းစီဝယ်ယူရသဖြင့် အချိန်ကုန်လူပန်း ဒုက္ခများစွာ ကြုံတွေ့ နေရသည်။ စားသုံးဆီဖြစ်သည့် စားအုန်းဆီလည်း စီတန်းဝယ်ယူနေရသည်မှာ ကြာပြီဖြစ်သည်။ စစ်ကောင်စီ သတ်မှတ်ဈေးနှင့် အပြင်ဈေးကွက်ပေါက်ဈေး ကွာခြားသဖြင့် ငွေကြေးမတတ်နိုင်သည့်အခြေခံလူတန်းစားများက နေပူမိုးရွာမရှောင် တန်းစီဝယ်ယူနေကြခြင်းဖြစ်သည်။ အိမ်ထောင်စုဇယားပြ၊ စာအုပ်လုပ်ခိုင်းပြီး သတ်မှတ်သည့် အရေအတွက်သာပေးမည်ဟု ကြားရသည်။

အုပ်ချုပ်သူများမှ ဆေးမီးတိုဖြင့် ယာယီကုစားပေးလည်း ဈေးနှုန်းခဏသာကျမည်ဖြစ်ပြီး ရေရှည် ဈေးနှုန်း ကျရန် ခက်ခဲနေဦးမည်ဖြစ်သည်။ ယခင် ဒီမိုကရေစီအစိုးရလက်ထက်နှင့် နှိုင်းယှဉ်ပါက ပြည်သူလူထုမှ နေရေး၊ စားရေး အစစအရာရာ ကွာခြားသွားခဲ့သည်။ လွတ်လပ်မှုများ တဖြည်းဖြည်း ဆိတ်သုဉ်းကာ အကြောက်တရားဖြင့် နေသတိ၊ သွားသတိ နေထိုင်ရကာ အာဏာရှင်နေဝင်း၊ သန်းရွှေခေတ်ထက်ဆိုးတဲ့ခေတ်ကို ပြန်ရောက်သွားခဲ့သည်။

လူဆိုးလူမိုက်သူခိုးများဒဏ်

နိုင်ငံတစ်ဝှမ်း အာဏာသိမ်းစစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။ တိုက်ပွဲများကြောင့် တိုင်းရင်းသားဒေသများနှင့် ပြည်မဒေသများပါမကျန် စစ်ဘေးလွတ်ရာဒေသများသို့ ထွက်ပြေးခိုလုံနေကြရသည်။ မရှိမဖြစ် အသုံးအဆောင်ပစ္စည်းများမှလွဲ၍ ကျန်သည့် အိမ်ရှိ ပစ္စည်းဥစ္စာများ ဒီအတိုင်းထားကာအသက်စွန့်ပြေးကြရသည်။

ထိုသို့ စစ်ဘေးလွတ်ရာဒေသများသို့ ပြောင်းရွှေ့နေထိုင်ရသူများ၏ နေအိမ်များကို အခွင့်ကောင်းယူပြီး လူဆိုးလူမိုက်၊ သူခိုးများက ဖောက်ထွင်းခိုးယူကြသည်။ အချို့မြို့ရွာများတွင် တရားဥပဒေစိုးမိုးမှုမရှိတော့ဘဲ တော မီးလောင် တောကြောင်လက်ခမောင်းခတ် ဆိုသလို အခြေအနေများဖြစ်နေသည်။ ရွှေဆိုင်အနုကြမ်းစီးမှုများ၊ လူ ပြန်ပေးဆွဲ ငွေတောင်းခံသူများ၊ ဆိုင်ကယ်၊ ကား လုယူခိုးယူများ၊ လူသတ်မှုများ တဖြည်းဖြည်းများပြားလာသည်။ လက်နက်ကိုင် အနုကြမ်းစီးမှုများ၊ ပြန်ပေးဆွဲမှုများ၊ လုယက်မှုများသည် နေ့ခင်းဘက်တွေမှာ ပေါ်ပေါ်ထင်ထင် လုပ်လာနေကြပြီဖြစ်သည်။

ရှမ်းပြည်မြောက်ပိုင်း လားရှိုး၊ ကျောက်မဲ၊ နောင်ချို၊ သီပေါ စသည်မြို့များတွင် စစ်ဘေးရှောင် နေရသည့် နေအိမ်များကို သူခိုးများက ဖောက်ထွင်းပြီး ပစ္စည်းဥစ္စာများ ခိုးယူကြသည့်အခြေအနေကို ဒေသခံပြည်သူများ ရင်ဆိုင် တွေ့ကြုံနေရသည်။ အလုပ်အကိုင်ရှားပါးခြင်းနှင့်အတူ ဝင်ငွေထွက်ငွေ မမျှ၊ ကုန်ဈေးနှုန်းများ ဈေးတက် လာခြင်းတို့ကြောင့် အခြေခံလူတန်း စားလက်လုပ်လက်စားများ ပို၍ခက်ခဲကြပ်တည်းလာသည်။ မူးယစ်ဆေးဝါး၊ လောင်းကစားဝိုင်းများ ပိုပေါများလာသည်။ အလုပ်လက်မဲ့များ ပေါများခြင်းနှင့်အတူ လူလိမ်များ၊ သူခိုးများ၊ လက်နက်ပြ အနုကြမ်းစီးမှုများ၊ ပြန်ပေးဆွဲငွေတောင်းမှုများလည်း ပို၍ပေါများလာဦးမှာဖြစ်သည်။

ပြည်သူများမှာစားဝတ်နေရေးအတွက်ခက်ခက်ခဲခဲရုန်းကန်လုပ်ရှားရှာဖွေစားသောက်နေကြရသလိုတဖက်ကလည်းလူဆိုးသူခိုးဓားမြများအန္တရာယ်ကလည်းကြောက်နေရပြန်သည်။တချို့သောတိုင်းရင်းသားနယ်မြေများတွင်ခေါင်းစဉ်အမျိုးမျိုးတပ် အကြောင်းအမျိုးမျိုးပြ ငွေကြေးတောင်းခံနေသည့်အတွက် ချေးဌားပြီး မဖြစ်မနေ ထည့်နေကြရပြန်သည်။

မချစ်မနှစ်သက်သူများနှင့်နေရသည့်ဒဏ်

ပြည်သူများက အာဏာရှင်စစ်အုပ်ချုပ်မှုကို မလိုလား ဆန့်ကျင့်ခဲ့ကြသော်လည်း ရက်စက်ဖိနှိပ်သည့် အတွက် မချစ်သော်လည်း အောင့်ကာနမ်းနေရသည့် အဖြစ်မျိုးကြုံနေသည်။ မချစ်မနှစ်သက်သည့်သူနှင့် ပေါင်းရ သလို ပျော်ရွှင်ခြင်းကင်းမဲ့ပြီး ဒုက္ခပေါင်းစုံရောက်နေရသည်။

အာဏာသိမ်းစစ်ကောင်စီလက်အောက်ရှိ တိုင်းရင်းသားပြည်သူများသည် တစ်နေ့ထက်တစ်နေ့ ကြပ် တည်းလာပြီး ပိုမိုမွန်းကြပ်နေကြပြီဖြစ်သည်။ အမျိုးမျိုးသော ဥပဒေများ၊ အမိန့်များထုတ်ပြန်ပြီး စိတ်ဒုက္ခသာ ပေး နေသည်ကို တွေ့ရမှာဖြစ်သည်။ လူငယ်လူရွယ်များ တိုင်းတစ်ပါးထွက်၊ ရရာအလုပ် လုပ်နေကြသည်။ ပညာသင် ရမည့်အရွယ်တွေ စစ်မှုထမ်းဥပဒေကြောင့်ထွက်ပြေးနေရသည်။ အလုပ်လည်း ကောင်းကောင်းမလုပ်နိုင်ကြတော့ သလို အနာဂတ်လည်း ပျောက်နေကြပြီဖြစ်သည်။

အခုနောက်ထုတ်ပြန်သည့် မြို့ရွာလုံခြုံရေးအတွက် ပြည်သူ့ ကာကွယ်ရေးဆိုပြီး အသက် ၃၅ နှစ်မှ အသက် ၆၅ နှစ်အထိ စစ်ပညာသင်၊ လက်နက်ကိုင်ရမည်ဆိုသဖြင့် ယောက်ျားတိုင်း မိသားစုစားဝတ်နေရေးအတွက် အလုပ်မလုပ်ရဘဲ စစ်ထဲဝင်တိုက်ရတော့မလို ဖြစ်လာနေပြီ ဖြစ်သည်။

တိုင်းပြည်ကိုလည်း ကောင်းစွာမအုပ်ချုပ်နိုင်၊ ဖွံ့ဖြိုးတိုးတက်အောင်လည်း မကြံဆောင်တတ်၊ ပြည်သူ ပြည်သားများကိုလည်း ကျန်းမာရေး၊ ပညာရေးကအစ ဘာတစ်ခုမှ ထိထိရောက်ရောက် မပံ့ပိုးပေးနိုင်သည့်အပြင် ယခင်အစိုးရလက်ထက်များထက်စာရင် ပို၍ကြပ်တည်းခက်ခဲလာသည့် အခြအနေများ ဖန်တီးပေးထားသည့် အစိုးရမျိုး၊ ပျော်ရွှင်မှုဆိတ်သုဉ်းလာအောင်လုပ်သည့် အစိုးရမျိုးကို ဘယ်ပြည်သူမှ ကြိုက်နှစ်သက်မည်မဟုတ်ပေ။ အခုအနေအထားသည် လက်နက်အာဏာပြပြီး အတင်းအဓမ္မ လက်ထပ်ယူထားသည့်သူကို အခြေအနေအရပ်ရပ် ကိုကြည့်ပြီး မချစ်မနှစ်သက်သော်လည်း ပေါင်းနေရသည့်အဖြစ်မျိုးလို ဖြစ်နေသည်။

ရှေ့လျှောက်ပိုပြီးခက်ခဲကျပ်တည်း ဒုက္ခရောက်ကြတော့မည်ပင်ဖြစ်သည်။ အာဏာသိမ်းစစ်တပ် အုပ်ချုပ် နေသရွေ့၊ အာဏာသိမ်းစစ်တပ်အုပ်ချုပ်မှုကိုဖယ်ရှားပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ် အားကောင်းရှင်သန်အောင် မထူနိုင်သရွေ့ နိုင်ငံတစ်ဝှမ်းလုံးရှိ တိုင်းရင်းသားပြည်သူများ ဒုက္ခများအမျိုးမျိုး ဆက်လက်ကြုံတွေ့နေဦးမှာ ဖြစ်သည်။

မင်းကျော်ဖေ

Related Articles

Back to top button