Freedom is Power
ညီညီ | အတွေးအမြင်
အချုပ်အနှောင်တွေနဲ့ ပြည့်နှက်နေတဲ့ ကောင်းကင်အောက်မှာ နေရတဲ့အခါ လွတ်လပ်မှုရဲ့ အငွေ့ အသက်ကို မက်မောတောင့်တတက်လာတယ်။ ဒါဆို လွတ်လပ်မှုက ဘာလဲ လို့မေးတဲ့ အခါ ကျနော်က အကြောက်တရားကင်းကင်းနဲ့ အသက်ရှင်နေထိုင်ခွင့်ရခြင်းလို့ပဲ ဖြေလိမ့်မယ်။ လူငယ်တစ်ယောက် အတွက် ညဘက် အပြင်ထွက်တဲ့ အခါ ဘယ်သူတစ်ဦးတစ်ယောက်ကမှ မတရားဖမ်းဆီးမှာကို မကြောက်ရတဲ့အချိန်၊ ဘယ်သူ့ရဲ့ ခွင့်ပြုမိန့်မှမပါပဲ တစ်နိုင်ငံလုံးခရီးထွက်ခဲ့ရတဲ့အချိန်တွေ၊ စစ်သားတွေ သေနတ်ကိုင်ထားတာ ငါတို့ ကို မပစ်ပါဘူးလို့ သိထားခဲ့ရတဲ့ အချိန်တွေ၊ လေယာဉ်တွေ ပျံသွားရင် ကတုတ်ကျင်းထဲပြေးဝင်စရာမလိုပဲ ငေးမောကြည့်ခွင့်ရခဲ့တဲ့ အချိန်တွေ၊ အတားအဆီးမရှိ အိမ်ပြန်ခွင့်ရခဲ့တဲ့ အချိန်တွေကို လွတ်လပ်ခြင်းတွေလို့ ကျနော် သိထားခဲ့တယ်။ ကျနော်တို့ ဒီလွတ်လပ်မှုတွေကို ပြန်ရှာဖွေနိုင်ပဲ ကျနော်တို့ဟာ စစ်အာဏာရှင်ကို ရတဲ့ နည်းနဲ့ ဆန့်ကျင်ရမယ်ဆိုတာ နားလည်လာခဲ့တယ်။
လူငယ်တိုင်းရဲ့ တော်လှန်ရေး ရည်မှန်းချက်ကိုမေးလိုက်ရင် လွတ်လပ်မှုအတွက်တိုက်ပွဲဝင်နေတာပါလို့ အားလုံးနီးပါးက ဖြေကြလိမ့်မယ်။ ကျနော်တို့ဟာ ဒီလွတ်လပ်မှု အတွက် တိုက်ပွဲဝင်ရင်းနဲ့ ဒုက္ခဘုံမှာပျော်မွေ့တက်လာကြတယ်။ ကိုယ်တိုင်လွတ်လပ်မှုကို လိုချင်တယ်ဆိုပေမယ့် ကိုယ်ရလာတဲ့ အာဏာအပေါ်မှာ ကိုယ်တိုင်ကချုပ်နှောင် ခံရသူတွေဖြစ်လာတယ်။ တော်လှန်ရေးမတိုင်ခင်က သာမန်ဘဝလေးတစ်ခုကနေ တော်လှန်ရေးကြောင့်လူသိများထင်ရှားလာခဲ့တယ်။ တော်လှန်ရေးကြောင့် နေရာရလာတယ်။ အာဏာရလာတယ်။ ကိုယ်ရလာတဲ့ အာဏာတွေကို စွန့်လွတ်ရမှာ စိုးရိမ်လာလို့ တော်လှန်ရေးကြီး အဓွန့်ရှည်ပါစေလို့ ကြိတ်ပြီး ဆုတောင်းနေတဲ့သူတွေ တချို့ကိုလည်း စိတ်ပူပင်စွာ တွေ့လာရတယ်။
ဒီဆောင်းပါးမှာတော့ ကျနော်တို့တော်လှန်ရေးမှာ ရလာတဲ့ အတုယောင် အာဏာတွေထက် ကျနော်တို့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ လွတ်လပ်ခြင်းဟာ ဘယ်လောက် အင်အားကြီးလဲဆိုတာကို ပြောကြဖို့ ရည်ရွယ်ထားတာပါ။
လွတ်လပ်ခြင်း
“For to be free is not merely to cast off one’s chains, but to live in a way that respects and enhances the freedom of others.”
လွတ်လပ်ခြင်းဟာ ကိုယ့်ကိုယ်တိုင် စနစ်ကနေ လွတ်မြောက်ဖို့ပဲ မဟုတ်ဘဲ အခြားသူတွေရဲ့ လွတ်လပ်ခွင့်ကိုလည်း ရိုသေလေးစားဖို့ လိုအပ်ကြောင်းကို Nelson Mandela က ပြောခဲ့တယ်။
“Freedom for the wolves has often meant death to the sheep.”
အင်္ဂလန် ဒဿနိကပညာရှင် Isaiah Berlin က လွတ်လပ်ခွင့်ရဲ့ ထိခိုက်မှုအနေအထားကို ပြောထားတာဖြစ်ပြီး တစ်ဖက်က လွတ်လပ်ခြင်းက အခြားဖက်ကို ထိခိုက်ဖို့ အခွင့်အလမ်း ပေးမသင့်ကြောင်း သတိပေးထားခဲ့ ပြန်တယ်။
“The only freedom which deserves the name, is that of pursuing our own good in our own way, so long as we do not attempt to deprive others of theirs, or impede their efforts to obtain it.”
အခြားသူတွေရဲ့ လွတ်လပ်ခွင့်ကို ထိခိုက်စေတာမဟုတ်ရင် ကိုယ့်အတွက် ကောင်းကျိုးရှိမယ့် လုပ်ရပ်ကို ကိုယ့်စိတ်ကြိုက် လုပ်ပိုင်ခွင့်ရှိသင့်တယ်လို့ ဘရစ်တန်နိုင်ငံသား John Stuart Mill ကဆိုခဲ့တယ်။
လူတိုင်းက လွတ်လပ်ခြင်းဆိုတာကို လူတစ်ဦးချင်းရဲ့ စိတ်ချမ်းသာစွာနေထိုင်ခွင့်၊ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်၊ ကိုယ့်ရဲ့ ကောင်းကျိုးအတွက်လုပ်ဆောင်နိုင်ခွင့်လို့ အားလုံး နားလည်ထားကြတယ်။ လွတ်လပ်ခြင်းမှာ အချုပ်အခြာအာဏာရှိခြင်း၊ ကိုယ်ပိုင်ဆုံးဖြတ်နိုင်ခြင်း၊ ချုပ်ချယ်မှုကင်းစွာ စိတ်ကြိုက်ရွေးချယ်နိုင်ခြင်း စတဲ့ အခွင့်အရေးတွေပါဝင်သလို လွတ်လပ်ခြင်းမှာ တာဝန်တွေလည်းရှိပါတယ်။ ကိုယ့်ရဲ့ လွတ်လပ်မှုကို တရားမျှတစွာ အသုံးပြုခြင်း၊ တခြားသူတွေရဲ့ လွတ်လပ်ခွင့်ကို မထိခိုက်စေခြင်းနှင့် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ခြင်းတို့မှာ လွတ်လပ်ခြင်းရဲ့ တာဝန်တချို့ပါပဲ။
အာဏာ
ကျနော်တို့က လွတ်လပ်မှုရဲ့ သဘောတရားတွေအပြင် အာဏာရဲ့ သဘောသဘာဝကို သိဖို့ လိုအပ်မယ်ထင်ပါတယ်။ အာဏာဆိုတဲ့ စကားကို ပညာရှင်တွေက အမျိုးမျိုးဖွင့်ဆိုကြပြီး၊ ဖြစ်ပေါ်နေတဲ့အခြေအနေ၊ နယ်ပယ်အလိုက် မတူညီတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေရှိပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး စတာတွေနဲ့ပတ်သက်ပြီး၊ အာဏာဟာ အဓိပ္ပါယ် အမျိုးမျိုး ကွဲပြားနိုင်တယ်။
Foucault ရဲ့ အဆိုအရ အာဏာဆိုတာက တရားဝင်အဖွဲ့အစည်းတွေ၊ ဒါမှမဟုတ် အစိုးရတွေရဲ့ ထိန်းချုပ်မှုတွေကိုပဲ ဆိုလိုတာမဟုတ်ပဲ၊ လူမှုစုဖွဲ့မှုအတွင်းက လူတစ်ဦးနဲ့ တစ်ဦးကြား လူစုစည်းမှုတွေကြား ဆက်ဆံစုဖွဲ့မှုတွေထဲမှာရှိပြီး ပြောင်းလဲနေတဲ့ အင်အားတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။
John Locke ကတော့ အာဏာဆိုတာ လူတွေရဲ့ သဘာဝအခွင့်အရေးနဲ့ အုပ်ချုပ်မှုအတွက် တရားနည်းလမ်းကျကျ အသုံးချရတဲ့ အရာတစ်ခုအဖြစ် သတ်မှတ်ထားကြတာမျိုးဖြစ်ပြီး အာဏာကို စည်းမျဉ်းစည်းကမ်းနဲ့ သင့်တော်စွာ လုပ်ဆောင်ဖို့၊ မတရားသုံးစွဲတာနဲ့ လူ့အခွင့်အရေးတွေကို ဖျက်စီးတာမျိုးက မသင့်ကြောင်း ဖော်ပြထားတယ်။
Lord Acton ရဲ့ ဖွင့်ဆိုချက်တစ်ခုမှာ ” အကြွင်းမဲ့အာဏာဟာ အကြွင်းမဲ့အဂတိကို ဖြစ်စေတယ်။ (Power corrupts; absolute power corrupts absolutely) လို့ဆိုထားပါတယ်။ ဒီအချက်အရ အာဏာရဲ့ ဆိုးကျိုးဟာ အာဏာရှိသူတွေက အလွဲသုံးစားလုပ်ပြီး စနစ်တကျ ထိန်းချုပ်မှုမရှိတဲ့အခါ အစိုးရနဲ့ အဖွဲ့အစည်းတွေမှာ မတရားမှု၊ လိမ်လည်မှု၊ လောဘကြီးမှုတို့ ပေါ်ပေါက်နိုင်ခြင်း ဖြစ်ပါတယ်။
Max Weber (မက်စ် ဝေဘား) ကလည်း အာဏာရရှိထားသူတွေဟာ ခေါင်းဆောင်မှုအမှား၊ အုပ်ချုပ်မှုအမှား ပြုလုပ်သွားတဲ့အခါ အုပ်ချုပ်မှုစနစ်တွေ ပျက်စီးသွားနိုင်ကြောင်း သတိပေးခဲ့ပါတယ်။ သူ့အမြင်အရ အာဏာပိုင်တွေက အာဏာကို မမှန်ကန်တဲ့နည်းနဲ့သုံးတဲ့အခါ လူအုပ်စုနဲ့ အဖွဲ့အစည်းအတွင်း ပေါ်ပေါက်လာတဲ့ ဆန့်ကျင်မှု၊ အတိုက်အခိုက်နဲ့ စနစ်ပျက်စီးမှုတွေ ဖြစ်လာနိုင်ကြောင်းကို ဖော်ပြထားပါတယ်။
အာဏာနဲ့ ပတ်သက်တဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်များစွာရှိသလို အာဏာဟာ ကောင်းခြင်း ဆိုးခြင်းနှစ်ခုလုံး ဒွန်တွဲ နေစမြဲဆိုတာကို ကျနော်တို့အားလုံးက လက်ခံထားကြတယ်။ အာဏာကို ကောင်းစွာ အသုံးချမယ်ဆိုရင် လူ့ အဖွဲ့ အစည်းအတွင်းမှာ တည်ငြိမ်မှု၊ ငြိမ်းချမ်းမှု၊ လုံခြုံမှုနှင့် တိုးတက်မှုတို့ကို ဖြစ်ပေါ်စေနိုင်သလို အာဏာကို အလွဲသုံးစားလုပ်ခြင်းဖြင့် လူတွေကို ဖိနှိပ်ခြင်း၊ လွတ်လပ်ခွင့်ဆုံးရှုံးခြင်းနဲ့ အဖွဲ့အစည်း စနစ်ပျက်စီးခြင်းတွေဖြစ်ပေါ်စေတယ်။
Freedom is Power
ဒီမှာ ကျနော်တို့ စဉ်းစားစရာရှိ နွေဦးတော်လှန်ရေးကြောင့်ရလာတဲ့ အာဏာတွေက စစ်မှန်တဲ့ အခွင့်အာဏာတွေဖြစ်ပြီးလို့ ဆိုနိုင်ပြီလား။ ဒီအာဏာတွေကို ဘယ်နှစ်ကြိမ် အလွဲသုံးစားလုပ်ခဲ့ဖူးလဲ၊ ဘယ်လောက်အထိ အလွဲသုံးစား လုပ်ခဲ့ပြီးလဲဆိုတာ ပြန်သုံးသပ်ဖို့လည်းလိုမယ်ထင်ပါတယ်။ နွေဦးတော်လှန်ရေးရဲ့ စစ်မှန်တဲ့ အာဏာဆိုတာ ပြည်သူတွေရဲ့ လွတ်လပ်လိုစိတ်ကနေလာတာဖြစ်တယ်။ ပြည်သူတွေရဲ့ လွတ်လပ်မှုကိုတောင့်တနေတဲ့ စိတ်ဆန္ဒတွေက နွေဦးတော်လှန်ရေးအတွက် အခွင့်အာဏာဖြစ်သလို လွတ်မြောက်မှုကို ဖန်တီးနိုင်မယ့်အင်အားတစ်ခုဖြစ်တယ်။ ဒီမှာတော့ လွတ်လပ်ခြင်းဆိုတာ အတုယောင်အာဏာတွေထက် ဘယ်လောက်အင်အားကြီးလဲဆိုတာကို ပြောပြသွားမှာဖြစ်ပါတယ်။
လွတ်လပ်ခြင်းဆိုတာ တရားမဝင်စွာ ထိန်းချုပ်ခံထားရတဲ့အနေအထားကနေ လွတ်မြောက်ခြင်းအဖြစ်လည်း ပြောနိုင်ပါတယ်။ မတရားတဲ့ အာဏာရှင်စနစ်များကို ဆန့်ကျင်တိုက်ဖျက်နိုင်တဲ့ စွမ်းအားအဖြစ် Power ကို ထုတ်ဖော်ပြတယ်။ “Freedom is power” ဆိုတဲ့အထဲမှာ ဒီစွမ်းအားဟာ လူတစ်ဦး တစ်ယောက်အတွက် သာမက လူ့အသိုင်းအဝိုင်း တစ်ခုလုံးအတွက်လည်း အရေးပါလာတယ်။ Freedom နဲ့ Power တို့ဟာ တစ်ခုနဲ့တစ်ခု မျှတစွာ ရှိနေဖို့ လိုအပ်ပါတယ်။ လွတ်လပ်မှုရရှိတဲ့အခါမှာ ပိုမို အင်အားရှိလာပြီး ကိုယ့် ဘဝကိုကိုယ် ထိန်းညှိနိုင်စွမ်းရှိဖို့ လိုအပ်တယ်။
တော်လှန်ရေးနဲ့ လွတ်လပ်မှုတို့ကြားက ဆက်စပ်မှုမှာ ပြောနေစရာတောင် မလိုတော့ပါဘူး။ လွတ်လပ်မှုဟာ တရားမျှတမှု၊ ညီမျှမှုနှင့် လူထုတစ်ခုလုံးတိုးတက်မှုရဲ့ အခြေခံ အင်အားတွေဖြစ်တယ်။ နွေဦးတော်လှန်ရေးက လွတ်လပ်မှုတစ်ခုတည်း အတွက်သာမက ငြိမ်းချမ်းရေး၊ တရားမျှတမှုတို့အတွက်လည်း အရေးကြီးတဲ့ လှုပ်ရှားမှုတစ်ခုဖြစ်တယ်။
ဒါကြောင့်နွေဦးတော်လှန်ရေးမှာပါဝင်နေတဲ့လူတိုင်းက တော်လှန်ရေးကြောင့် ရလာတဲ့ အာဏာတွေ၊ အောင်မြင်ကျော်ကြားမှုတွေ၊ နာမည်ကြီးမှုတွေ၊ တော်လှန်ရေး စည်းစိမ်တွေပေါ်မှာ ဇိမ်ယစ်မူးနေခြင်းမဖြစ်ဖို့ သတိပြုဖို့လိုအပ်တယ်။ ကျနော်တို့ရဲ့ တော်လှန်ရေးမူလပန်းတိုင်ဖြစ်တဲ့ လွတ်လပ်ခြင်းဆိုတာ အင်အားကြီးတဲ့ အခွင့်အာဏာတစ်ခုဖြစ်တယ်။ လွတ်လပ်မှုက တိုင်းပြည်ရဲ့ သော့ချက်ဖြစ်တယ်၊ ဖက်ဒရယ်ဒီမိုကရေစီရဲ့ သော့ချက်ဖြစ်တယ်၊ လူငယ်တွေရဲ့ အနာဂတ်ဖြစ်တယ်၊ နွေဦးတော်လှန်ရေးရဲ့ မူလရည်ရွယ်ချက်ဖြစ်တယ်။ မမေ့မလျော့၊ မသွေမဖည်ပဲ ဆက်လက်ချီတက်ကြဖို့လိုပါတယ်။
ညီညီ