တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 71, September 3, 2024)

၁။ မတူပီမှာ တော်လှန်ရေးအင်အားစုအချင်းချင်းမပြေလည်သေးလို့ စစ်ဘေးရှောင်အများစု နေရပ်မပြန်ရဲကြသေး
 September 2, 2024
ချင်းပြည်၊ မတူပီမြို့မှာ စစ်ကောင်စီ ကင်းစင်ပြီလို့ ကြေညာထားပေမဲ့ စစ်ဘေးရှောင်အများစု ဒီကနေ့အထိ နေရပ်မပြန် ရဲကြသေးဘူးလို့ စစ်ဘေးရှောင် တာဝန်ရှိသူတွေဆီကနေ သိရပါတယ်။ မတူပီမြို့ကို ချင်းညီနောင်အဖွဲ့နဲ့ မဟာ မိတ်ပူးပေါင်းအဖွဲ့ တို့က ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့က အပြီးသတ် သိမ်းပိုက်ရရှိထားပြီး စစ်ကောင်စီ ကင်းစင်မြို့ဖြစ်ပြီလို့ ကြေညာထားတာပါ။ ဒါပေမဲ့ မြို့သိမ်းတိုက်ပွဲဆင်နွှဲစဉ်ကတည်းက ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင်အများစုဟာ နှစ်လကြာတဲ့အထိ နေရပ်ပြန်လာနိုင်ခြင်းမရှိသေးဘူးလို့ စစ်ဘေးရှောင်တာဝန်ရှိသူတစ်ဦးကပြောပါတယ်။“စစ်ကောင်စီလည်း မရှိတော့ မတူပီမြို့ ကို ပြန်လာလို့ရပြီပေါ့နော်။ တာဝန်ရှိတဲ့သူတွေကလည်း ပြန်လာလို့ရပြီလို့ ပြောပါတယ်။ ဒါပေမဲ့ စစ်ဘေးရှောင်တွေက မပြန်ရဲ ကြသေးဘူး။ ကျွန်တော်တို့ကလည်း အတင်းမပြန်ခိုင်းရဲဘူး။ သူတို့ပြန်ချင်တဲ့အချိန်ကျမှ ကျွန်တော်တို့ပြန်ခိုင်းမယ်။ လိုအပ်တာ တွေ ဆောင်ရွက်ပေးမယ်”လို့ ၎င်းက ပြောပါတယ်။ မတူပီ စစ်ဘေးရှောင်တွေဟာ မြို့သိမ်းတိုက်ပွဲတွင်း ၎င်းတို့ထွက်ပြေးတိမ်း ရှောင်နေကြတဲ့ မတူပီမြို့နယ်တွင်းက ကျေးရွာတွေအပြင် ရေဇွာ၊ လိုင်လင်းပီ၊ အိန္ဒိယနိုင်ငံ၊ မိဇိုရမ်ပြည်နယ် စတဲ့မြို့ရွာတွေမှာ ရှိနေသေးတယ်လို့ သိရပါတယ်။
စစ်ဘေးရှောင်တွေဟာ မတူပီမြို့နယ်အတွင်း စစ်ကောင်စီတပ်ကင်းစင်သွားပေမဲ့ တော်လှန်ရေးအဖွဲ့ချင်းချင်းဖြစ်ပွား နေတဲ့ ပဋိပက္ခတွေကြောင့် နေရပ်မပြန်ရဲကြသေးတာဖြစ်တယ်လို့ စစ်ဘေးရှောင်အမျိုးသားတစ်ဦးကပြောပါတယ်။ “အခုလော လောဆယ် ပြန်လာကြတဲ့သူတွေ မရှိသေးဘူး။ အဲဒီအတွက် ကျွန်တော်တို့လည်း မပြန်ရဲသေးဘူး။ တစ်ဖက်မှာလည်း အချင်းချင်း တွေ သတိပေးတဲ့စာတွေ ထုတ်ပြန်နေတုန်းပါ။ ကျွန်တော်တို့ ပြန်လာပြီးမှ တိုက်ပွဲတွေ ပြန်ဖြစ်မလားပေါ့။ အများကြီး စဥ်းစားရ သေးတယ်” လို့ ၎င်းက ပြောပါတယ်။ မတူပီမြို့နယ်အတွင်း တိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင်တွေဟာ စားနပ်ရိက္ခာ၊ ဆေးဝါး၊ အမိုးအကာ၊ နေရာထိုင်ခင်းတို့အပါအဝင် လူသားချင်းစာနာမှုအကူအညီတွေလိုအပ်နေသေးတယ်လို့ သိရပါတယ်။ ချင်းကာ ကွယ်ရေးတပ်(မတူပီ)ရဲ့ တပ်မဟာ ၁ နဲ့ ၂ တို့ တွေ့ဆုံညှိနှိုင်းမှု ပြေလည်မှသာ စစ်ဘေးရှောင်တွေ ပြန်လာနိုင်မယ်လို့ ၎င်းတို့က ပြောဆိုပါတယ်။ မြို့သိမ်းတိုက်ပွဲအတွင်း ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင်တွေ ပြန်လာကြဖို့နဲ့ တိုက်ပွဲတွင်း ထောင် ထားတဲ့ မိုင်း၊ စစ်ကျန်လက်နက်ပစ္စည်းတွေလည်း ရှင်းလင်းပေးပြီးပြီလို့ CDF(မတူပီ) တပ်မဟာ (၁)က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ Read in Full

၂။ မြဝတီနှင့် ကော့သောင်းတို့တွင် လူငယ်များကို စစ်ကောင်စီက ဖြတ်သန်းခွင့်မပြုဘဲ ပြန်လွှတ်
 September 2, 2024
ကရင်ပြည်နယ် မြဝတီ-မဲဆောက်တံတားမှ နိုင်ငံကူးလက်မှတ် PV အမျိုးအစားကိုင်ဆောင်ထားသူများကို ပြန်လွှတ်နေ ပြီး တနင်္သာရီတိုင်း ကော့သောင်း-ရနောင်းဂိတ်မှ အသက်(၁၈)နှစ်မှ (၃၅)နှစ်အတွင်း လူငယ်များကို ဖြတ်သန်းခွင့်ပိတ်ပင်ထား ကြောင်း အလုပ်သမားအရေးကူညီပေးနေသူများထံမှ သိရသည်။ ကော့သောင်းမြို့မှ ထိုင်းနိုင်ငံ ရနောင်းမြို့သို့သွားမည် အသက် (၁၈)နှစ်မှ အသက်(၃၅)နှစ်အတွင်း အမျိုးသားများကို စက်တင်ဘာလ (၂)ရက်နေ့ကစတင်၍ ထွက်ခွာခွင့်ပိတ်ပင်လိုက်ပြီး မြဝတီ-မဲဆောက် ချစ်ကြည်ရေးအမှတ် (၁)တံတားမှတဆင့် ထိုင်းနိုင်ငံသို့ သွား ရောက်မည့်သူများအား မြဝတီရဲတပ်ဖွဲ့က ဩဂုတ်လ (၃၁)ရက်နေ့မှ စတင်ကာ ပြန်လွှတ်နေခြင်းဖြစ်ကြောင်း သိရသည်။“မြဝတီ-မဲဆောက်မှာလည်း စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့ကပြန်လွှတ်တာ၊ ကော့သောင်းမှာလည်း ရဲတပ်ဖွဲ့က ပြန်လွှတ်နေတာ။ ထိုင်းကိုသွားမယ့်သူတွေ တော်တော်များများပြန် လာကြရတယ်။ ရဲတွေက Passport စာအုပ်တောင်းကြည့်တယ်။ ပြီးတော့ ရစ်တယ်။ ထိုင်းနိုင်ငံဘက်သွားမရဘူးလို့ပြောပြီး ပြန်လွှတ်လိုက်တာ။ လဝက တွေက ပြေတာမဟုတ်ဘူး။”ဟု အလုပ်သမားအရေး ကူညီပေးနေသူတစ်ဦးက ပြောသည်။

ပြန်လွှတ်ခံရသည့်အထဲတွင် အမျိုးသမီးများလည်းပါဝင်ကာ ပြီးခဲ့သည့် ဩဂုတ်လကလည်း ရန်ကုန်လေဆိပ်မှ ပြည်ပ ထွက်ခွာမည့် လူငယ်များကို ရဲတပ်ဖွဲ့က ပြန်လွှတ်ခြင်းများရှိခဲ့သည်။ စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေ၊ ရပ်ကွက်များအတွင်း ပြည်သူ့လုံခြုံရေးအဖွဲ့များ လုပ်ဆောင်ခြင်းတို့ကြောင့် တိမ်းရှောင်ကြသည့်လူငယ်များကို တားဆီးပိတ်ပင်ခြင်းဖြစ်နိုင်သည်ဟု ဆိုပြီး မည်သည့်အတွက်ကြောင့် ပြန်လွှတ်သည်ကိုမူ မသိရသေးပါ။ Read in Full

၃။ စစ်ကောင်စီပြည်သူ့လုံခြုံရေးအဖွဲ့မှာ ပါဝင်သူတွေကို ပြတ်သားစွာအရေးယူမယ်လို့ မွန်တော်လှန်ရေးတပ်ဖွဲ့များထုတ်ပြန်
 September 2, 2024
စစ်ကောင်စီဖွဲ့စည်းလိုက်တဲ့ ပြည်သူ့လုံခြုံရေးနဲ့အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့မှာ ပါဝင်ပါတ်သတ်သူတွေကိုပြည်သူ့သစ္စာဖောက်လို့ သတ်မှတ်ပြီး ပြတ်ပြတ်သားသားအရေးယူဆောင်ရွက်သွားမယ်လို့ မွန်တော်လှန်ရေးတပ်ဖွဲ့တွေက စက်တင်ဘာ ၂ ရက်မှာထုတ်ပြန်ပါတယ်။ နိုင်ငံတဝှမ်းက အရေးကြီးစစ်တိုင်းတချို့နဲ့ နယ်မြေတွေကို လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ အာဏာသိမ်း စစ်ကောင်စီဟာ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့ကို ဖွဲ့စည်းကြောင်း ဩဂုတ်လ ၁၆ ရက် နေ့က ကြေညာခဲ့တာပါ။ ကြေညာချက်အရ အဲ့ဒီအဖွဲ့ဟာအသက် ၃၅ နှစ်ကနေ အသက်၆၀နှစ်အထိ အမျိုးသားတွေအနေနဲ့ ပြည်သူ့စစ်သင်တန်းတက်ရောက်ပြီး ရပ်ကွက်လုံခြုံရေးတပ်ဖွဲ့တွေမှာ ပါဝင်ရမှာဖြစ်သလို နယ်မြေလုံခြုံ ရေး၊ ကာကွယ်ရေး၊ စစ်မြေပြင်တာဝန်၊ ရှေ့တန်းစစ်ဆင်ရေးနယ်မြေတွေကို ထောက်ပို့ရေးစတာတွေလည်း ပါဝင်မယ်လို့ ဆိုပါ တယ်။

စစ်ကောင်စီဟာ ဒီအဖွဲ့ကိုနောက်ဆုံးထွက်ပေါက်အဖြစ်ဖွဲ့စည်းလိုက်တာဖြစ်ပြီးရပ်/ကျေးတွေမှာစတင်လူစုနေကြောင်း နဲ့ စုဆောင်းလာသူတွေကို စစ်ကောင်စီဟာ စစ်တပ်ကိုအားဖြည့်ဖို့နဲ့ ထိခိုက်ကျဆုံးမှုများတဲ့ ရှေ့တန်းကိုပို့ဆောင်ဖို့ အစီအစဉ်ရှိ နေတာလို့ စစ်ကောင်စီကိုတော်လှန်တိုက်ခိုက်နေတဲ့ မွန်ပြည် ဖက်ဒရယ်ကောင်စီ ကာကွယ်ရေးဌာန (MSFC- DoD)၊ မွန်ပြည် တော်လှန်ရေးတပ် (MSRF) မွန်ပြည်ကာကွယ်ရေးတပ် (MSDF)တို့က ထုတ်ပြန်ပါတယ်။“အကြမ်းဖက်စစ်ကောင်စီသည် ယနေ့ ကာလတွင် လက်နက်အင်အားအရ အသာစီးရနေသေးသော်လည်း စိတ်ဓါတ်အင်အား၊ တိုက်ခိုက်ရေးစွမ်းရည်နှင့် ခေါင်းဆောင် မှု စွမ်းရည်များတွင် သိသိသာသာကျဆင်းလာပြီး ကျားအစစ်မှ စက္ကူကျား အဆင့်သို့ လျှင်မြန်စွာကျဆင်းနေသည်ကို ပြည်သူများ မျက်မြင်ကိုယ်တွေ့ဖြစ်ပါသည်” ဒါကြောင့် ပြည်သူတွေက စစ်ကောင်စီရဲ့ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့မှာ လုံးဝ မပါဝင် မပတ်သက်ဘဲ ဆန့်ကျင်သွားဖို့၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေကလည်း လုံးဝမကူညီဖို့နဲ့ အဲ့ဒီအဖွဲ့ကို ကူညီလုပ် ဆောင်ပေးနေသူတွေကို ပြည်သူတွေကသတင်းပေးပို့ဖို့နဲ့ အဲ့ဒီလူတွေကိုပြည်သူ့သစ္စာဖောက်လို့ သတ်မှတ်ပြီး ပြတ်ပြတ်သား သားအရေးယူသွားမယ်လို့ မွန်တော်လှန်‌ရေးတပ်ဖွဲ့တွေက ထုတ်ပြန်လာတာပါ။ Read in Full

၄။ သီပေါ၊ ကုံးစုံရွာမှာ လက်နက်ကြီးကျလို့ တစ်ဦး ထိခိုက်ဒဏ်ရာရ
 September 2, 2024
ရှမ်းမြောက်၊ သီပေါမြို့နယ်၊ ကုံးစုံရွာမှာ စက်တင်ဘာလ ၁ ရက် ညနေ ၅ ကျော်အချိန်ခန့်မှာ စစ်ကောင်စီပစ်တဲ့ လက် နက်ကြီးကျလို့ လူတစ်ဦး ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ နယ်စည်းမခြား ပရဟိတအသင်းထံက သိရပါတယ်။ သီပေါမြို့နယ်၊ ကုံးစုံကျေးရွာ(လီဆူရွာ)က နေအိမ် တစ်အိမ်အပေါ် လက်နက်ကြီးကျလို့ ဒဏ်ရာရရှိလူနာတစ်ဦးကို နယ်စည်းမခြားပရဟိတ အသင်းက  အရေးပေါ်ဆေးကုသပေးခဲ့တယ်လို့ သိရပါတယ်။ မနေ့ည ၇း၄၅ အချိန်ခန့်မှာလည်း မြို့တွင်းကို လက်နက်ကြီး ၁ လုံး ကျတာမှာ အထိအခိုက်မသိရသေးဘူးလို့ သိရပါတယ်။“မနေ့က နေရာနားပဲ ဘာမှ ထိတာမကြားသေးဘူး၊ ညနေ ဘက်ကတော့ တုံစင့်က တစ်ယောက် ထိတယ်လို့” သီပေါ ပန်းတိမ်တောင်နေသူ တစ်ဦးက ပြောပါတယ်။

သီပေါကို စက်တင်ဘာ ၁ ရက်နေ့ နေ့လယ် ၂း၄၅အချိန်ခန့်မှာ Y(12)Military Transport Aircraft (၁)စီး အချိန်အနည်း ငယ်ကြာမြင့်စွာ ဝဲပျံခဲ့ပြီး အထုပ်တွေချခဲ့လို့ သီပေါ၊ကျောက်မဲ ညဖက်သတိထားအိပ်ကြဖို့ ဒေသခံတွေ အချင်းချင်း သတိပေးနေကြပါတယ်။ စစ်ကောင်စီဟာ ကျောက်မဲကို သြဂုတ် ၂၈၊ ၂၉ နှစ်ရက်ဆက် ဗုံးကြဲခဲ့ပြီး သီပေါကိုတော့ သြဂုတ် ၂၇ ရက်မှာ ဗုံးရာချီ ကြဲချခဲ့တာ ဖြစ်ပါတယ်။ Read in Full

၅။ စစ်မဖြစ်သေးသည့် မာန်အောင်တွင်  စစ်ကောင်စီက  စစ်ပြင်ဆင်နေပြီး  လုံခြုံရေးတိုးချဲ့
 September 2, 2024
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် စစ်ဖြစ်ပွားခြင်းမရှိသေးသော်လည်း စစ်ကောင်စီကစစ်ပြင်ဆင်ကာအင်အားတိုး ချဲ့နေပြီးလုံခြုံရေးကင်းများ အသင့်ပြင်ထားကြောင်းသိရသည်။ စစ်ကောင်စီကယခုစက်တင်ဘာလအစတွင်ပင်  မာန်အောင်မြို့ ခအုံးမော်ကျေးရွာနှင့် ပင်လယ်ကမ်းစပ်အနီးရှိကျေးရွာများကို စစ်အင်အား ရာချီသုံး၍ စစ်ကြောင်းထိုးမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံက  သိရသည်။ “အင်တာနက်လိုင်း၊ ဖုန်းလိုင်းတွေ အချို့နေရာတွေမရတော့ဘူး။ စက်သုံးဆီပြတ်လပ်လို့ မီးစက်နဲ့ လည်ပတ်​နေတဲ့ ဆက်သွယ်ရေးတာဝါတိုင်အချို့ မလည်ပတ်နိုင်တာလို့တော့ပြောတယ်။ စစ်ကြောင်းထိုးတာက ခအုံးမော်ရွာ ဘက်တွေစစ်ကြောင်းထိုးတယ်။ မြို့ပေါ်တော့ လုံခြုံရေးကရှိပါတယ်” ဟု ရခိုင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ မာန်အောင် တွင် စစ်ဖြစ်ပွားခြင်း မရှိသေးသော်လည်း စစ်ကောင်စီက ပြီးခဲ့သည့် ဇူလိုင် တတိယပတ်မှစတင်ကာ မာန်အောင်ရှိ မျှော်တော်ဦး ရေတပ်ကို စစ်အင်အားဖြည့်တင်းလျက်ရှိကြောင်း သိရသည်။

ခအုံးမော်ကျေးရွာနှင့် ပင်လယ်ပြင်တွင်လည်း စစ်သင်္ဘောများတိုးချဲ့၍ စစ်ကူရန်အသင့်ပြင်ထားပြီး ခအုံးမော်၊ ကံတိုင်း ကျေးရွာအနီးရှိ လယ်ကွင်းနှင့် ကမ်းစပ်များအပြင် ဂုံးကောက်ကမ်းခြေအနီးတွင်လည်း မြေမြှုပ်မိုင်းထောင်ပြီး မိုင်းသတိပေးစာ ကပ်ထားကြောင်းသိရသည်။ စစ်ကောင်စီသည် ပြီးခဲ့သည့်ဩဂုတ်လအတွင်းမှစပြီး စစ်ကောင်စီအင် အားရာချီဖြင့် ခအုံးမော်၊ သစ်ပုံ၊ ငှက်ပျောတော၊ အနောက်ပါး စသည့် ကျေးရွာများအပြင် ရွာပေါင်း ၁၅ ရွာခန့်ကို စစ် ကြောင်းထိုးခဲ့ကြောင်း သိရသည်။ စစ်ကောင်စီက မာန်အောင်လေယာဉ်ကွင်းကို အဓိကထားစစ်အင်အားတိုးချဲ့နေပြီး မြို့တော်ခန်းမနှင့် မြို့အဝင်အထွက်ဂိတ်များတွင်လည်း လုံခြုံရေးထူထပ်စွာ ချထားကြောင်းသိရသည်။ Read in Full

၆။ ကုန်သွယ်ရေးလမ်းကြောင်း ပြတ်တောက်၍ နမ့်ဆန်တွင် ကုန်ပစ္စည်းပြတ်လပ်လာ
 September 2, 2024
ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်း ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းတိုက်ပွဲများနှင့် လမ်းမကြီးများကို စစ်ကောင်စီ ဖျက်ဆီးထားမှုတို့ကြောင့် နမ့်ဆန်မြို့မှ မန္တလေးသို့ ကုန်သွယ်ရေးလမ်းကြောင်း ပြတ်တောက်ကာ ကုန်ပစ္စည်းများ ပြတ်လပ်လာ ကြောင်း မြို့ခံများထံက သိရသည်။ နမ့်ဆန်မြို့ ကုန်သည်တဦးက “ဂေါ်ဖီထုပ်၊ ပန်းပွင့် (မုန်လာပန်း)၊ ခရမ်း ချဉ်သီးတို့ ကြက်ဥတို့ ကျ ကျောက်မဲကနေ သွားသယ်ရောင်းလို့ရတယ်။ ကုန်ခြောက်တော်တော်များများက အောက်ပြည်ကနေလာတာ များတယ်။ လမ်းကြောင်းကလည်း ကုန်ကားကြီးတွေဆို အဆင်မပြေဘူး။ လားရှိုးဘက်ဆိုလည်း ကိုယ်တွေ လိုသလောက်မရဘူး။ ဒီပစ္စည်း တွေကုန်ရင်တော့ဆိုင်ပိတ်ရုံပဲပေါ့”ဟုပြောသည်။ လမ်းပန်းဆက် သွယ်ရေး အခက်အခဲနှင့် စစ်ကောင်စီဂိတ်များဖြတ်သန်းသွား လာရာတွင် အဆင်မပြေသောကြောင့် အရောင်းအဝယ် ရပ်တန့်ရသည့်ဆိုင်များလည်း ရှိနေသည်ဟု ၎င်းက ဆိုသည်။

“သာရေး နာရေးအတွက် ပစ္စည်းဝယ်တဲ့အချိန်မပြောနဲ့ အိမ်မှာလိုအပ်တဲ့ ပစ္စည်းလေးတွေ တမြို့လုံးပတ်ရှာရင်တောင် အစုံမရဘူး။ စစ်ပြန်တိုက်ကတည်းက လမ်းကြောင်းကကျပ်သွားတာကို တခါတလေဖြေသိမ့်ရတာပေါ့၊ အညာဒေသထက် ကိုယ်တွေတောင်ပေါ်က နည်းနည်းအဆင်ပြေသေးတယ်လေ” ဟု ဒေသခံ အမျိုးသားတဦးက ပြောသည်။ ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့ကို ပလောင် (တအန်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ၂၀၂၃ ဒီဇင်ဘာ ၁၅ ရက်တွင် အပြီးသတ် သိမ်းပိုက်လိုက်ခြင်း ဖြစ်သည်။ လက်ရှိတွင် နမ့်ဆန်မြို့အား စစ်တပ်က မကြာခဏ ဗုံးကြဲမှုများရှိနေသည်။ 

၇။ လောင်းလုံး ရွာနှစ်ရွာက နေအိမ်ရှစ်ဆောင်ထက်မနည်းမီးရှို့ခံရပြီး အမျိုးသားနှစ်ဦးပစ်သတ်ခံရ
 September 2, 2024
လောင်းလုံးမြို့နယ်၊ စခန်းကြီးကျေးရွာအုပ်စုရှိ ဖွားဘုတ်ပြင်နှင့် ဘူချိုင်းရွာနှစ်ရွာက နေအိမ်ရှစ်ဆောင်ထက်မနည်း မီးရှို့ ခံထားရပြီး အမျိုးသားနှစ်ဦးလည်း ပစ်သတ်ခံထားရကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ်သည် ဩဂုတ်လ ၃၁ ရက်နေ့ကစ၍ မီးရှို့ခဲ့ခြင်းဖြစ်ပြီး ဖွားဘုတ်ပြင်ရွာတွင် နေအိမ် ငါးဆောင် ဘူချိုင်းရွာတွင် နေအိမ် သုံးဆောင်ကို မီးရှို့ခဲ့ခြင်းဖြစ် ကြောင်း ဒေသခံများက ပြောသည်။ “အခု ကျွန်မတို့သိထားတဲ့ အရေအတွက်ပဲ ရှိသေးတယ်။ မြေပြင်မှာ အဲဒီထက်ပိုများနိုင် တယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။ စစ်ကောင်စီတပ်သည် နေအိမ်မီးရှို့ ခဲ့သည့်အပြင် စက်တင်ဘာလ ၁ ရက် နေ့က ဖွားဘုတ်ပြင်ရွာသား အသက် ၅၀ ဝန်းကျင် အရွယ်ရှိ ဦးကျော်သန်းဆိုသူကိုလည်း ပစ်သတ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။ “သူက ရွာမှာ နွားကျောင်းပြီး သူ့ဘာသာသူ အေးဆေးနေတာ။ သူ့ကိုလည်းပစ်သတ်ခဲ့တယ်” ဟု ဒေသခံအခြား တစ်ဦးက ပြောသည်။

ယင်းနောက် စွန်တောင်ပေါ်ရွာနှင့် ဖွားဘုတ်ပြင်ရွာကြားတွင် နှိပ်စက်ပြီးဒဏ်ရာများဖြင့် စွန်ပစ်ခံထားရသည့် အလောင်း တစ်လောင်းကိုလည်း ထပ်မံတွေရသေးကြောင်း ဒေသခံများက ပြောဆိုသည်။  “မော်တုံးကုန်းလို့ခေါ်တဲ့ ချောင်းထဲမှာ ဘယ်သူ ဘယ်ဝါမှန်းတောင်မသိဘူး၊ အဲဒါ သူတို့ စဝင်တဲ့နေ့က တွေ့ရတာ နှိပ်စက်ထားတဲ့ ဒဏ်ရာတွေနဲ့(သေဆုံးနေတာ)”ဟု ဒေသခံ တစ်ဦးကပြောသည်။ ယင်းအပြင် ဖွားဘုတ်ပြင်နှင့် ဘူချိုင်းရွာနှစ်ရွာက ဒေသခံ တစ်ဆယ်ကျော်ကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ စစ်ကောင်စီတပ် စစ်ကြောင်းသည် ဩဂုတ်လ ၂၈ ရက်နေ့ ကစပြီး စခန်းကြီးကျေးရွာအုပ်စုကို စစ်ကြောင်းထိုးနေပြီး ဒေသခံများမှာ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရသည်။ Read in Full

၈။ AA၊ TNLA နဲ့ MNDAA အဖွဲ့တွေကို အကြမ်းဖက်အဖွဲ့တွေအဖြစ် စစ်ကောင်စီကြေညာ
 September 3, 2024
တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကိုးကန့်တပ်မတော် (MNDAA) နဲ့ အာရက္ခတပ်တော် (AA) အဖွဲ့တွေကို အကြမ်းဖက်အဖွဲ့တွေအဖြစ် သတ်မှတ်ကြောင်း စစ်ကောင်စီက စက်တင်ဘာ ၂ ရက်နေ့ညမှာ ကြေ ညာချက် ထုတ် ပြန်ပါတယ်။ ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ AA၊ TNLA နဲ့ MNDAA အဖွဲ့တွေကို အကြမ်းဖက်အဖွဲ့တွေအဖြစ် စစ်ကောင်စီ ပြည် ထောင်စုအစိုးရအဖွဲ့ရဲ့ သဘောတူညီချက်နဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့က သတ်မှတ်လိုက်တာလို့ စစ်ကောင်စီက ကြေညာပါတယ်။ AA၊ TNLA နဲ့ MNDAA အဖွဲ့တွေဟာ လမ်း၊ တံတားတွေကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးတာ၊ လျှပ်စစ်တာဝါ တိုင်တွေကို ဖောက်ခွဲဖျက်ဆီးတာ၊ လူနေထူထပ်တဲ့ မြို့ရွာတွေကို အဝေးကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာ၊ Drop ဗုံး တွေကြဲချတိုက်ခိုက်တာတွေလုပ်နေတာကြောင့် အကြမ်းဖက်အုပ်စုအနေနဲ့ကြေညာတာလို့ စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာပြော ထားပါတယ်။

ကိုးကန့်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ အာရက္ခတပ်တော် (AA) တို့ဟာ “၁၀၂၇ စစ်ဆင်ရေး” ကြေညာပြီး ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်ကမြို့တွေကို ၂၀၂၃ ခုနှစ် အောက်တို ဘာ ၂၇ ရက်နေ့က စတင်ပြီး တိုက်ခိုက်သိမ်းပိုက်နေတာဖြစ်ပါတယ်။ ညီနောင်မဟာမိတ် သုံးဖွဲ့ရဲ့ စစ်ဆင်ရေးမှာ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော် MDY-PDF၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော်(BPLA)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)တို့က ပူး ပေါင်းပါဝင် တိုက်ခိုက်နေပါတယ်။ Read in Full

၉။ သထုံတွင် ခရီးသည်တင်ယာဉ်တစ်စီး မိုင်းဆွဲခံရ၊ နှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရ
 September 2, 2024
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကမာစိုင်ကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် စက်တင်ဘာလ ၁ ရက်နေ့ ညက ခရီး သည်ယာဉ်ငယ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး အမျိုးသားနှစ်ဦးသေဆုံးကာ ခရီးသည် လေးဦးထိခိုက်ဒဏ်ရာရကြောင်း ဒေသခံ တို့ထံမှ သိရသည်။ ယမန်နေ့ ည ၈ နာရီခွဲခန့်က ဘီးလင်းဘက်မှ သထုံဘက်သို့ မောင်းနှင်လာသည့် ခရီးသည်ယာဉ်ငယ်သည် ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် ၁၃၃/၆ နှင့် ၁၃၃/၇ ကြား အရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခံရခြင်း ဖြစ် ကြောင်း ၎င်းတို့ထံမှ သိရသည်။ ခရီးသည်တင်ယာဉ်ငယ် မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ယာဉ်မောင်း ဖြိုးဝေကျော်နှင့် ခရီးသည်အမျိုးသား တစ်ဦး အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။“ယာဉ်မောင်းနဲ့ ခရီးသည်အမျိုးသား တစ်ဦးကတော့ သေသွားတယ်။ ဒဏ်ရာရတာက အမျိုးသမီးလေးဦး၊ အဲဒီအထဲမှာ တစ်ဦးကတော့ ဒဏ်ရာပြင်းထန်တယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ ခရီးသည်တင်ယာဉ်ပေါ်တွင် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်၊ အသက် ၄ လနှင့် အသက် ၄ နှစ်အရွယ် ကလေး ငယ်နှစ်ဦးအပါအဝင် ခရီးသည် အမျိုးသား၊ အမျိုးသမီး ၁၁ ဦး စုစုပေါင်း ၁၃ ဦး လိုက်ပါစီးနင်းလာကြောင်း ဒေသခံတို့က ပြောဆို သည်။ ထိခိုက်သေဆုံးသူများကို လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ အကူအညီဖြင့် သထုံခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ခရီးသည်တင်ကားအား မိုင်းဆွဲတိုက်ခိုက်မှုကို မည်သူတို့က မည်သည့်အကြောင်းအရင်း ကြောင့် လုပ်ဆောင်ခဲ့သည်ကို အတည်မပြုနိုင်သေးပေ။ သထုံ၊ ဘီးလင်း၊ ကျိုက်ထိုမြို့နယ် မော်လမြိုင်-ရန်ကုန်ကားလမ်း တစ် လျှောက်တွင် ခရီးသည်တင်ကား၊ လူမှုကယ်ဆယ်ရေး ကား မိုင်းဆွဲ ပစ်ခတ်ခံရသည့်ဖြစ်စဉ် မကြာခဏဖြစ်ပွားလေ့ရှိပြီး ခရီးသွား များ ထိခိုက်သေဆုံးမှုများလည်း ရှိခဲ့သည်။ ဧပြီလကလည်း ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာ ရန်ကုန်-မော်လမြိုင်ကား လမ်း တွင် ခရီးသည်တင်ကား တစ်စီး မိုင်းဆွဲခံရပြီး သေနတ်ဖြင့်ပါ ပစ်ခတ်ခံရမှုကြောင့် ယာဉ်နောက်လိုက်တစ်ဦးသေဆုံးပြီး၊ ယာဉ် မောင်းအပါအဝင် ခရီးသည် လေးဦး ဒဏ်ရာရခဲ့သည်။  Read in Full

၁၀။ တော်လှန်ရေးတပ်များ မင်းတပ်မြို့သိမ်းတိုက်ပွဲ ပြင်ဆင်နေချိန် စစ်တပ်က လေကြောင်းမှ ဗုံးကြဲ
 September 2, 2024
မင်းတပ်မြို့နယ်မှာ တော်လှန်ရေးတပ်တွေက မြို့သိမ်းတိုက်ပွဲအတွက် ပြင်ဆင်နေပြီး စစ်ကောင်စီဘက်ကလည်း လေ ကြောင်းကနေ ဗုံးကြဲတာ၊ ရိက္ခာဖြည့်တင်းတာတွေ ပြုလုပ်နေပါတယ်။ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်မြို့မှာ တော်လှန် ရေးတပ်တွေက မြို့သိမ်းတိုက်ပွဲအတွက် ပြင်ဆင်နေပြီး မင်းတပ်မြို့ပေါ်က ခလရ-၂၇၄ ကို ရိက္ခာဖြတ်ထားတာ ၈ လဝန်းကျင် ကြာမြင့်လာပါပြီ။ ဒါကြောင့်ပဲ စစ်ကောင်စီတပ်က ရိက္ခာနဲ့ လက်နက်ခဲယမ်းလို့ ယူဆရတဲ့ အထုပ်တွေကို လေကြောင်းကနေ ချပေးနေပြီး မြို့နယ်ထဲ CDF တွေ ရှိမယ်ထင်တဲ့ နေရာတွေကိုလည်း နေ့တိုင်း ဗုံးကြဲနေကြောင်း သိရပါတယ်။ တဖက်မှာလည်း စစ်တပ်ကလေကြောင်းနဲ့ ဒရုန်းတိုက်ခိုက်မှုတွေ ပိုလုပ်လာတာကြောင့် အချိန် မရွေး တိုက်ပွဲဖြစ်လာနိုင်တယ်လို့ CDF-Mindat က ဩဂုတ် ၂၁ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ မင်းတပ် ပအဖ ပြောခွင့်ရ ဆလိုင်းယောမန်က “အဓိကတော့ ကျနော်တို့က မြို့သိမ်း တိုက်ပွဲ ပြင်ဆင်နေတယ်။ ခြေသံလုံလုံနဲ့ ပြင်ဆင်နေတာကို စကစက သိတယ်။ သူက လက်ဦးမှုရယူတဲ့ သဘောမျိုးနဲ့ပေါ့နော် လိုက်ကြဲတယ်။ ကျနော်တို့လူတွေ ရှိနိုင်တဲ့နေရာတွေ၊ အမိန့်ပေးတဲ့နေရာတွေ၊ ဟိုနေရာ၊ ဒီနေရာ လိုက်ဗုံးကြဲပြီးတော့မှ စစ်ဦး ကျိုးအောင်လုပ်ချင်တဲ့ သဘောမျိုးပါ။ ဆိုတော့ ဒီဘက်ကတော့ ခြေသံလုံလုံနဲ့ သွားနေတယ်။ စစ်ချီတက်နေတဲ့ သဘောမျိုးပဲဗျ။ ပေါင် ၅၀၀ ဗုံးတွေပေါ့နော်၊ အဲဒါမျိုးတွေက ပေါင် ၅၀၀ ဗုံးတွေဘာတွေ အကုန်လုံးတွက်လိုက်မယ်ဆိုရင်တော့ ၃၀ နဲ့ ၅၀ ကြား လောက် ရှိမယ်။ ဗုံးကြဲတာက‌တော့ အရေအတွက်က ၂ စီးနဲ့လာလာကြဲတာပေါ့နော်။ မနက် ၃ နာရီဝန်းကျင်လောက်ဆိုအမြဲ တမ်းလာကြဲတာတွေ့ရတယ်” လို့ ပြောပါတယ်။

တော်လှန်ရေးတပ်တွေက မြို့ပြင်ကို ထိန်းချုပ်ထားသလို မြို့ထဲဝင်မယ့် ရိက္ခာတွေကို ထိန်းချုပ်ထားပြီး စစ်တပ်က ခလရ-၂၇၄ တပ်အပြင် မြို့ထဲက စာသင်ကျောင်း၊ ဘာသာရေးအဆောက်အဦနဲ့ ဆေးရုံလိုမျိုးနေရာတချို့မှာပါ တပ်စွဲထား ကြောင်း ဒေသခံတွေက ပြောပါတယ်။ တဖက်မှာလည်း  မြို့သိမ်းတိုက်ပွဲသတင်းကြောင့် ခန့်မှန်းခြေ လူဦးရေ ၁၀,၀၀၀ ကျော်ရှိ တဲ့ မင်းတပ်မြို့ပေါ်က ဒေသခံ ၉၀ ရာခိုင်နှုန်းလောက်က စစ်ရှောင်သွားကြပါပြီ။ မင်းတပ်မှာ တိုက်ပွဲစဖြစ်တဲ့ ၂၀၂၁ ခုနှစ် ကတည်းက စစ်ရှောင်ရသူတွေရှိခဲ့ပြီး အခုတခါ မြို့သိမ်းတိုက်ပွဲသတင်းကြောင့် ၂၀၂၃ ခု မေလလောက်ကစလို့ နောက်ထပ် စစ်ရှောင်နေကြရတာပါ။ မင်းတပ်မြို့နယ် စစ်ရှောင်ကူညီရေးကော်မတီ တာဝန်ရှိသူတယောက်က “၂ ခုလုံး ပေါင်းလိုက်ရင်‌တော့ မင်းတပ်စစ်ဘေးရှောင်က မင်းတပ်မြို့နယ်အတွင်းမှာ ၁၅,၀၀၀ လောက် ရှိပါတယ်ဗျ။ နောက်ပြီး တခု မင်းတပ်မြို့ပေါ်က ၉၀ ရာခိုင်နှုန်းလောက်က မင်းတပ်မြို့ပေါ်မှာ မရှိတော့ဘူး။ ပြီးတော့မှ မင်းတပ်မြို့နဲ့ ထိစပ်နေတဲ့ ကျေးရွာတွေ၊ မင်းတပ်မြို့နဲ့ နီးကပ် တဲ့ ကျေးရွာတွေလည်း ရှိတယ်ဗျ။ အဲဒီကျေးရွာက လူတွေလည်း ပြေးရခတ်ရနဲ့ အကုန်လုံး အိမ်တွေကိုထားပြီးတော့မှ တခြား နေရာမှာ ထွက်ပြေးတိမ်းရှောင် နေရပါတယ်” လို့ ပြောပါတယ်။ Read in Full

၁၁။ တောင်ခမ်းကျေးရွာရှိ စစ်ကောင်စီရဲ့ အမြောက်တပ် ၉၀၂ မှာ TNLA နဲ့ ၎င်းတပ်အကြား တိုက်ပွဲဆက်လက်ပြင်းထန်နေ
 September 2, 2024
စစ်ကောင်စီရဲ့ အမြောက်တပ်တွေတည်ရှိရာ နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာရှိ စစ်ကောင်စီရဲ့ အမြောက်တပ် ၉၀၂ မှာ တအာင်းတပ်မတော် TNLA နဲ့ ၎င်းတပ်အကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ သိရပါတယ်။ စက်တင်ဘာ ၂ ရက် မနက်ပိုင်းမှာ စစ်ကောင်စီရဲ့ ၉၀၂ တပ်စခန်းကို TNLA က ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ဘက်က ဂျက်ဖိုက်တာနဲ့ ဗုံးဆက်တိုက်ကြဲနေတယ်လို့ စစ်မြေပြင်မှာ ရှိနေသူတစ်ဦးက ပြောပါတယ်။“၂၀၆ တပ်စခန်းတော့ ရသွားပြီ။ အခုက ၂၀၆ ကြားနဲ့ ၉၀၂ တပ်စခန်းမှာ တိုက်ပွဲပြင်းထန်နေတယ်။ တိုက်ပွဲကတော့ နေတိုင်းပြင်းထန် နေတယ်။ လေယာဉ်လည်း နေ့တိုင်း ဗုံးလာကြဲတယ်” စစ်ကောင်စီရဲ့ ၉၀၂ တပ်စခန်းအနီးရှိ အမြောက်တပ် ၂၀၆ ကိုတော့ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၈ ရက်မှာ TNLA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

နောင်ချိုမြို့ကို TNLA နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ပြီးနောက်ပိုင်း နောင်ချိုမြို့ကို ပြန်လည်ထိုးစစ်ဆင်ဖို့ စစ်ကောင်စီ တပ်ဟာ ရှမ်းတောင် ရပ်စောက်မြို့နယ်ကနေ တောင်ခမ်းကျေးရွာဘက်ကို စစ်အင်အားတွေ ဖြည့်တင်းနေပြီး တောင်ခမ်းမှာ ၎င်း တပ်တို့အကြား တိုက်ပွဲပြင်းထန်နေတာ ၁ လနီးပါး ရှိနေပြီ ဖြစ်ပါတယ်။ နောင်ချိုမြို့ကိုတော့ ၁၀၂၇ စစ် ဆင်ရေး ဒုတယလှိုင်း အတွင်း ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ ရက်ကတည်းက TNLA နဲ့ ပူးပေါင်းတပ်က ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 

 
၁၂။ တနင်္သာရီ ၆ မိုင်ရွာတွင် လေးရက်ကြာတိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်ပြန်ဆုတ်
 September 2, 2024
တနင်္သာရီမြို့နယ်၊ဘန်လောကျေးရွာအုပ်စုရှိ ၆ မိုင်ကျေးရွာတွင်လေးရက်အကြာတိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ် သားများ ပြန်ဆုတ်သွားကြောင်း တော်လှန်ရေးတပ်များထံမှ သိရသည်။ ဩဂုတ်လ ၂၆ ရက်ကစပြီး ၂၉ ရက်နေ့အထိ လေးရက် အကြာတိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ပြန်လည်ဆုတ်ခွာသွားခြင်းဖြစ်သည်။ ဩဂုတ် ၂၅ ရက်နေ့တွင် တနင်္သာရီ မြို့နယ် ညောင်ပင်ကွင်းရွာအခြေစိုက် ခမရ ၅၆၁ တပ်ရင်းက အင်အား ၈၀ ကျော်ပါသည့် စစ်ကြောင်းက ဘန်လောကျေးရွာအုပ်စု ထုံတော်ရွာဘက်သို့ စစ်ကြောင်းထိုးလာကြောင်းတော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ကဆိုသည်။ ထို့နောက် ဩဂုတ်လ၂၆ ရက်နေ့တွင် ဘန်လောကျေးရွာအုပ်စုရှိ ၆ မိုင်ရွာသို့ ရောက်လာကြောင်း ၎င်းတို့က ပြောသည်။ ယင်းအချိန်မှစ၍ စစ်ကောင်စီတပ်နှင့် တော် လှန်ရေးတပ်များအကြား လေးရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ဗိုလ်ကြီးတစ်ဦးအပါအဝင် ခုနစ်ဦးသေဆုံး ကြောင်း မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း-၁ တာဝန်ခံကဆိုသည်။“ခေါင်းပွင့်နေတဲ့ ဗိုလ်ကြီးအလောင်းကို တော့ထမ်းသွားတယ်။ လက်ရှိမှာတော့ စကစ သုံးလောင်းကိုတော့တွေ့ထားတယ်” ဟုအဆိုပါတာဝန်ခံက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်သား ၁၀ ထက်မနည်းဒဏ်ရာရကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်ကလေးဦး မစိုးရိမ်ရသည့် ဒဏ်ရာရခဲ့ကြောင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ တိုက်ပွဲအတွင်း တနင်္သာရီမြို့နယ် အတွင်းရှိ သည့် စစ်ကောင်စီတပ်ရင်းများနှင့် တပ်စခန်းများက လက်နက်ကြီးပစ်ကူပေးခဲ့ကြောင်း တော်လှန် ရေးတပ်ဖွဲ့ဝင်များကဆိုသည်။ စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် အရပ်သား ၁၂ ဦးမှာ ပြန်လည်လွတ်မြောက်လာကြောင်း ၆ မိုင်ရွာနေ ဒေသခံတစ်ဦးက ပြောသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများက ကျေးရွာများရှိ နေအိမ်များကို ဖောက်ထွင်းပြီး ပစ္စည်းများ ယူဆောင် သွားကြောင်း ၆ မိုင်ရွာ ဒေသခံများထံမှ သိရသည်။ တိုက်ပွဲအတွင်း ၆၀ မမ လက်နက်ကြီးတစ်လက်အပါအဝင် ၆၀ မမကျည် လေးလုံး၊ RPG  လေးလုံး၊ ပို့ယမ်း လေးတောင့် ၊ ကျည်ဘောက် သုံးခု၊ အီနာကာဗုံးသီးများ သိမ်းဆည်းရမိကြောင်း တော်လှန်ရေး ပူးပေါင်းတပ်က ထုတ်ပြန်ထားသည်။ အဆိုပါတိုက်ပွဲကို မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း-၁၊ ပူးပေါင်းစစ် ကြောင်း-၂နှင့် KNLA တပ် ရင်း (၁၁)၊ KTLA စသည့် တော်လှန်ရေးပူးပေါင်းတပ်များနှင့် ADF၊ Dragon Squad ဒရုန်းတပ်ဖွဲ့များလည်း ပူးပေါင်းတိုက်ခိုက်ခဲ့သည်။ Read in Full

၁၃။ တောင်ကုတ်တွင် စစ်ကောင်စီ လေကြောင်းထပ်မံဗုံးကြဲ၍ အရပ်သားတစ်ဦးဒဏ်ရာရ
 September 2, 2024
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် စစ်ကောင်စီက လေကြောင်းဖြင့် ထပ်မံလာရောက်ဗုံးကြဲမှုကြောင့် ခရိုင်ကျွန်း ကျေးရွာမှ အရပ်သားတစ်ဦး ဒဏ်ရာရရှိသွားခဲ့သည်ဟု သိရသည်။ ဩဂုတ် ၃၁ ရက်တွင် စစ်ကောင်စီ ကြဲချလိုက်သောဗုံးမှာ ခရိုင်ကျွန်းကျေးရွာ ဘုန်းကြီးကျောင်းအနီးကျရောက်ပေါက်ကွဲပြီး အနီးအနားရှိ အသက်(၄၀) ကျော်အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာရရှိသွားခြင်းဖြစ်သည်။“ဂျက်ဖိုင်တာနဲ့လာကြဲသွားတာ။ ဘုန်းကြီးကျောင်းနားမှာ တစ်လုံးကျတယ်၊ သူက ကျည်စထိမှန် ပြီး ဒဏ်ရာရှိသွားတာ။ ဒဏ်ရာကတော့ စိုးရိမ်ရတဲ့အနေအထားမဟုတ်ဘူး။ နောက်ထပ် ရွာပြင်မှာလည်း တစ်လုံးကျတယ်” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ ယမန်နေ့က ခရိုင်ကျွန်းကျေးရွာအပြင် ဖုန်ညို၊ ခေါင်းလောင်းတူ၊ တရဂူကျေးရွာများကို လည်း စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။  တောင်ကုတ်မြို့နယ်တွင် စစ်ကောင်စီက လေကြောင်းဗုံးကြဲမှု၊ တပ်စခန်းများမှ လက်နက်ကြီးဖြင့် ရမ်းသမ်း ပစ်ခတ်မှုနေမှုကြောင့် ဒေသခံများမှာ စိုးရိမ် ကြောက်လန့်၍ ဘေးလွတ်ရာနေရာအသီးသီးတွင် တိမ်းရှောင်နေကြသည်။“တိုက်ပွဲဖြစ်တာလည်း မဟုတ်ဘဲနဲ့ ဒီအတိုင်း ထင် ရာစိုင်းပြီး ဗုံးကြဲနေတော့ မနေရဲကြတော့ဘူး။ ဒါကြောင့် လုံခြုံမဲ့နေရာတွေမှာ ရွှေ့ပြောင်းနေထိုင်နေကြတယ်” ဟု တောင်ကုတ် ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ် ၂၂ ရက်တွင် စစ်ကောင်စီက လေကြောင်းဗုံးကြဲမှုကြောင့် တောင်ကုတ်မြို့နယ်၊ မီးချောင်းထိုးကျေးရွာ မှ မွေးကင်းစ ကလေးမိခင်တစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိသွားခဲ့သည်။ ဩဂုတ် ၁၆ ရက်ကလည်း တောင်ကုတ်မြို့နယ်၊ ရွှေကွမ်းစမ်းကျေးရွာအနီးရှိ မိုးပညာဒါနသင်တန်းကျောင်းကို စစ်ကောင်စီက ဂျက်တိုက်လေ ယာဉ်ဖြင့် ၃ ကြိမ်တိုင်တိုင်ဗုံးကြဲခဲ့ ပြီး ဗုံးသီး ၅ လုံးပေါက်ကွဲခဲ့သည်။ စစ်ကောင်စီက စစ်ရာဇဝတ်ကျိုးဖောက်နေမှုများကြောင့် ရခိုင်တွင် အရပ်သားထိခိုက် သေဆုံး မှု လစဉ်တိုးလာနေပြီး ဩဂုတ်လအတွင်း အရပ်သား ၇၂ ဦးထိ သေဆုံးဒဏ်ရာရရှိခဲ့သည်။ “စစ်ကောင်စီက မဆင်မခြင်လုပ် နေတဲ့အတွက် ပြည်သူတွေမှာ ကျီးလန်းစာစား ဖြစ်နေကြရတယ်။ လုံခြုံမှုနေရာတွေကိုလည်း တိမ်းရှောင်လို့မရ၊ အကုန်လုံးကို သိမ်းကျုံးတိုက်ခိုက်နေလို့ လုံတဲ့နေရာဆိုတာလည်း မရှိတော့ဘူး”  ဟု ရခိုင်က လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။  Read in Full

၁၄။မိုးမောက်တပ်ကိုစစ်ကောင်စီပြန်လည်သိမ်းယူလိုက်တယ်ဆိုတဲ့ သတင်းဟာသတင်းအမှားဖြစ်တယ်လို့ KIO ပြော
 September 2, 2024
ဗန်းမော်ခရိုင် မိုးမောက် ခမရ ၄၃၇ တပ်ရင်းတစ်ခုလုံးကို စစ်ကောင်စီဘက်က ပြန်လည်ထိုးစစ်ဆင်ထိန်းချုပ်လိုက်ပြီး ဆိုတဲ့ သတင်းဟာ သတင်းအမှားသာဖြစ်တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ပြောပါတယ်။“မိုးမောက်နဲ့ ဗန်းမော်ကြားမှာ ဖြစ်နေတဲ့တိုက်ပွဲက ၆ မိုင်ကုန်းဆိုတဲ့ နေရာမှာ ဒီကနေ့ အထိ တိုက်ပွဲတွေ ဆက်ဖြစ်နေသေးတယ်။ စစ်ကောင်စီတပ်ဘက်ကနေ ထိုးစစ်ဆင်ပြီး သိမ်းယူတာမရှိသေးပါဘူး။ လော်ဘီသတင်းတွေပါ”လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ ပြောပါတယ်။ မိုးမောက် ၄၃၇ ကိုလက်လွတ်လိုက်ရတဲ့နောက် စစ်ကောင်စီတပ်ဟာ ဒီကနေ့ စက်တင်ဘာလ ၂ ရက်နေ့အထိ ဗန်းမော်ဘက်ကနေ စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်တိုက်ခိုက်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ KIA ပူးပေါင်းတပ်တွေ ၆ မိုင် ကုန်းနေရာမှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူ ပြောပါတယ်။ KIA တပ်တွေ မိုးမောက်ကို သိမ်းပိုက်ပြီး နောက် ဩဂုတ်လ ၂၄ ရက်နေ့မှာ စစ်ကောင်စီတပ်တွေက ဗန်းမော်ဘက်ကနေ တင့်ကားအပါ စစ်အင်အားအလုံးအရင်းနဲ့ တန် ပြန်ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် ဗန်းမော်နဲ့ မိုးမောက်ကြားက ၆ မိုင်ကုန်းနေရာမှာ တိုက်ပွဲဖြစ်နေတာ ၁၀ ရက်ခန့်ကြာ မြင့်လာပြီဖြစ်ပါတယ်။

ဩဂုတ်လ ၃၀ ရက်နေ့မှာ ‘KIA သိမ်းပိုက်ထားပြီဖြစ်တဲ့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို သိမ်းပိုက်ထားပြီး ၄ ရက်အ ကြာမှာ စစ်ကောင်စီတပ်တွေ ပြန်လည်သိမ်းယူလိုက်ပြီလို့ စစ်တပ်ထောက်ခံသူတွေ အသုံးပြုတဲ့ လူမှုကွန်ယက်စာမျက်နှာပေါ် တွေမှာ ရေးသားဖော်ပြခဲ့ရာကနေ Facebook, Telegram, Wechat အသုံးပြုတွေဆီမှာ ပျံနှံ့သွားတာဖြစ်ပါတယ်။ အခုလို မိုးမောက်တပ်စခန်းကို စစ်ကောင်စီတပ်တွေ သိမ်းပိုက်လိုက်ပြီဆိုတဲ့ သတင်းတွေထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီး KIA ရှေ့တန်း သတင်းအရင်းအမြစ်တစ်ဦးလည်း ဆက်ဆိုပါတယ်။“သတင်းဆိုက်ဝါးဖြစ်အောင်လုပ်နေတာ။ အခုတိုက်ပွဲဖြစ်နေတာက ၆ မိုင် နဲ့ ၇ မိုင်ကြားမှာ ဖြစ်နေသေးတယ်။ မိုးမောက်တပ်ရှိတဲ့ဘက်ကို မရောက်နိုင်သေးဘူး။ KIA တပ်တွေလည်း ကျော်တက်လို့မရ အောင် ပိတ်ဆို့တိုက်ခိုက်နေတယ်”လို့ ပြောပါတယ်။ မိုးမောက်တပ်ကို စစ်ကောင်စီတပ်တွေ ပြန်လည်သိမ်းယူလိုက်ပြီဆိုတဲ့ သတင်းအမှားတွေကြောင့် ပြည်သူလူထုတစ်ချို့ကလည်း ထင်ယောင်ထင်မှားဖြစ်နေကြတာကိုလည်း မြင်တွေ့ရပါတယ်။ မိုးမောက် ခမရ ၄၃၇ စခန်းကို KIA ပူးပေါင်းတပ်တွေ ၄ လကြာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ဩဂုတ်လ ၁၉ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်ထားတာလည်းဖြစ်ပါတယ်။ Read in Full

၁၅။ PNO  ပြည်သူ့စစ်က အသက် ၆၀ ကျော်အရွယ် အဖိုးတစ်ဦးကို PDF လို့ စွပ်စွဲပြီး ဖမ်းဆီးရိုက်နှက်လို့သေဆုံး
 September 2, 2024
ရှမ်းတောင်၊ ညောင်ရွှေမြို့နယ်၊ စံကားဒေသ၊ လွယ်လုံရွာမှာ PNO က PDF နဲ့ ပါတ်သတ်တယ်ဆိုပြီး ဖမ်းဆီးသွားတဲ့ ရွာ သား ၇ ဦးမှာ ၆ ဦး ပြန်လွတ်လာပြီး အသက် ၆၂ အရွယ် ဦးဆောင် ဆိုသူမှာတော့ PNO ရဲ့ ရိုက်နှက်မှုကြောင့် သေဆုံးသွားခဲ့ပြီလို့ သိရပါတယ်။ ညောင်ရွှေမြို့နယ်၊ စံကားဒေသမှာ စစ်ကောင်စီနဲ့ စစ်တပ်လက်အောက်ခံ PNO တွေနဲ့တော်လှန်ရေးတပ်ဖွဲ့တို့ ဇူလိုင်လအတွင်း တိုက်ပွဲဖြစ်ပွားပြီးနောက် လွယ်လုံရွာသား ၇ ဦးကို PNO ပြည်သူ့စစ်က PDF တွေလို့ စွပ်စွဲပြီး ဖမ်းဆီးသွားခဲ့ရာ က ဦးဆောင်ဆိုသူ အဖိုးအို သေဆုံးသွားခဲ့ရတာပါ။ ပြီးခဲ့တဲ့ဇူလိုင်၁၈ရက် တိုက်ပွဲတွေဖြစ်ပြီး ၄ ရက်မြောက်နေ့ ဇူလိုင် ၂၁ ရက် နေ့လယ် ၁ နာရီခန့်မှာ အိမ် ၃ အိမ်က ရွာသား၇ ဦးကို ဖမ်းဆီးသွားတာလို့ သိရပါတယ်။ ဖမ်းဆီးခံရသူတွေဟာ အိုက်တို ၂၁ နှစ်၊ အိုက်ဟတ် ၂၁ နှစ်၊ အိုက်တူ ၂၂နှ စ်၊ အိုက်ပယ် ၂၂ နှစ်၊ အိုက်မူ ၂၆ နှစ်၊ ကျော့ကျေ ၂၂ နှစ်နဲ့ဦးဆောင် ၆၂ နှစ်တို့ဖြစ်တယ်လို့ သိရ ပါတယ်။ PNO ရဲ့ဖမ်းဆီးခံရာက ပြန်လွတ်လာသူတွေရဲ့ပြောပြချက်မှာ သူတို့စီးလာတဲ့ဆိုင်ကယ် ၄ စီးနဲ ဖုန်း ၆ လုံးကို သိမ်းသွား ကာ ၂ ယောက်တစ်တွဲ လက်ထိပ်ခတ်ခေါ်သွားပြီး  ရိုက်နှိက်ညှင်းပန်း နှိပ်စက်ခံကြရတယ်လို့ပြောပါတယ်။

ဖမ်းဆီးခံ​နေရစဥ်ခေါင်းကိုသေနတ်နဲ့ထုတာ၊ ထမင်းမကျွေး ရေမတိုက်တာ၊ စောင်ကိုရေလောင်းပြီး အိပ်ခိုင်းတာတွေခံခဲ့ ရလို့ အသက်ကြီးတဲ့ ဦးဆောင် သေဆုံးရတာလို့သိရပါတယ်။ ဖမ်းဆီးခံရသူတွေကို ငွေကျပ်သိန်း ၃၀၀ နဲ့ရွေးခိုင်းတာမှာ မိသားစု တွေ မတတ်နိုင်လို့ တစ်လကျော်ကြာမှ သိန်း ၂၀ စီနဲ့ ပြန်ရွေးလို့ သြဂုတ်လ ပထမပတ်အတွင်းမှာ ပြန်လွတ်မြောက်လာတာလို့ သိရပါတယ်။ ဦးဆောင် သေဆုံးတာကိုတော့ သြဂုတ်လနောက်ဆုံးပတ်ထဲကျမှ မိသားစုတွေ သိရတယ်လို့ဆိုပါတယ်။ စစ်​ကောင် စီ လက်အောက်ခံ PNO ပြည်သူ့ စစစ်ရဲ့ မတရားဖမ်းဆီးရိုက်နှက်ခံရမှုကြောင့် သေဆုံးသွားခဲ့ရတဲ့ ဦးဆောင်အပါအဝင် လူငယ် ၆ ဦးတို့ဟာ PDF တပ်ဖွဲ့ဝင်​တွေမဟုတ်ဘဲ တောင်သူတွေသာ ဖြစ်တယ်လို့သိရပါတယ်။ Read in Full

၁၆။ စစ်ကောင်စီစစ်ဆေးရေးဂိတ်မှာ သေနတ်နဲ့ပစ်ခတ်ခံရပြီး ဆေးကုသမှုခံယူနေသူကို ဖမ်းဆီး
 September 2, 2024
စစ်ကောင်စီတပ်သားတွေက စစ်ဆေးရေးဂိတ်မှာ သေနတ်ပစ်ခတ်မှုကြောင့် ဆေးရုံတက်နေရတဲ့ ဒဏ်ရာရအမျိုးသား ကို စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ အဖမ်းခံရသူနဲ့ နီးစပ်သူတွေဆီကသိရပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၃၀ ရက်၊ မွန်းလွဲပိုင်းက မြိတ်မြို့နယ်၊ တောတန်းကျေးရွာ လမ်းမကြီးမှာ ယာယီဂိတ်ချစစ်ဆေးနေတဲ့ စစ်ကောင်စီတပ်သားတွေကနေ အသက် ၃၀ ဝန်း ကျင်အရွယ်အမျိုးသားတစ်ဦးကို သေနတ်နဲ့ပစ်ခတ်ခဲ့တယ်လို့တောတန်းရွာဒေသခံတွေပြော ပါတယ်။  သေနတ်နဲ့ပစ်ခတ်ခံရ သူက မြိတ်မြို့နယ်၊ တောင်ရှည်ရွာက ကိုနောင်ချိန်ဆိုသူဖြစ်ပြီး စစ်ကောင်စီတပ်သားတွေ ဂိတ်ချစစ်ဆေးနေစဥ် ဆိုင်ကယ်ပြန်လှည့်တာကြောင့် ပစ်ခတ်ခံရခြင်းဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။ အဲ့ဒီနောက် မြိတ်မြို့ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသ မှုခံယူနေတဲ့ ကိုနောင်ချိန် ကို စက်တင်ဘာ ၁ ရက်နေ့မှာ တောင်ရှည်ရွာအုပ်ချုပ်ရေးမှူးနဲ့ ရဲတွေက လာရောက်ဖမ်းဆီးခဲ့တာဖြစ် တယ်လို့ ကိုနောင်ချိန်နဲ့ နီးစပ်သူတွေက ပြောပါတယ်။ “ သူတို့ကတော့ ဆိုင်ကယ်ထဲမှာ မူးယစ်ဆေးဝါးတွေ့လို့ လာဖမ်းတယ် လို့ ပြောတယ်ဗျ။ ပစ်လိုက်တုန်းကတော့ ဒီတိုင်းပြန်လှည့်ပြေးလို့ ပစ်လိုက်တာပဲ” လို့ ကိုနောင်ချိန်နဲ့ နီးစပ်တဲ့ တောင်ရှည်ရွာခံ တစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် ကိုနောင်ချိန်ရဲ့ ခြေသလုံးနဲ့ ပေါင်နေရာတွေမှာ ရှပ်ထိဒဏ်ရာတွေရှိခဲ့ပြီး နောက်ကျောမှာတော့ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ တောင်ရှည်ရွာ ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာတော့ သေနတ် ဒဏ်ရာတွေနဲ့ဆေးကုနေတဲ့ ကိုနောင်ချိန်ကို မြိတ်မြို့ပြည်သူ့ဆေးရုံကြီးက အချုပ်သားကုသဆောင်သို့ ရွှေ့ ပြောင်းထားတယ်လို့ ကိုနောင်ချိန်နဲ့ နီးစပ်သူတွေဆီကသိရပါတယ်။ ကိုနောင်ချိန် သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတဲ့ ဩဂုတ် ၃၀ ရက်က ဇဝဲရွာအခြေစိုက် ခြေ မြန်တပ်ရင်း ခမရ (၅၅၆) ကို စစ်ကောင်စီရိက္ခာကားတွေ သွားတာကြောင့် မြိတ်မြို့နယ် တုံးဗျောရွာကနေ တောတန်းရွာအထိ တောက်လျှောက်ကို လုံခြုံရေးတိုးမြှင့်စစ်ဆေးခဲ့တာလို့ ဒေသတွင်းတော် လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ ဩဂုတ် ၃၀ ရက်က တောတန်းရွာမှာ ယာယီဂိတ်ချစစ်ဆေးခဲ့တဲ့ စစ်ကောင်စီတပ်သားတွေဟာ ကိုနောင်ချိန်ကို သေနတ်နဲ့ပစ်ခတ်တာအပြင် ဖြတ်သွားဖြတ်လာ ဒေသခံတစ်ဦးကိုလည်း ရိုက်နှက်စစ်ဆေးခဲ့သေးတယ်လို့ တောတန်းရွာဒေသခံတွေက ပြောပြပါတယ်။“ စစ်ဆေးတာကို မချေမငံပြန်ပြောလို့ ရိုက်ထုတာတွေလုပ်တာဗျ။ အဲ့နေ့က အစစ်အဆေးတော်တော်ကြမ်းတယ်” လို့ တောတန်း ရွာဒေသခံ အမျိုးသားတစ်ဦးက ဆိုပါတယ်။ Read in Full

၁၇။ ပလက်ဝ၊ ဆမီးမြို့တွင် အမျိုးသမီးတစ်ဦး မြေမြုပ်မိုင်းနင်းမိ၍ သေဆုံး
 September 2, 2024
ချင်းပြည်နယ်တောင်ပိုင်း၊‌ ပလက်ဝမြို့နယ်၊ ဆမီးမြို့ပေါ် အမှတ် (၂) ရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီးတဦး ဩဂုတ်လ (၃၁) နေ့မနက်ပိုင်းတွင် မျှစ်ချိုးသွားစဉ် မြေမြှုပ်မိုင်းနင်းမိကာ သေဆုံးခဲ့သည်ဟု ဆမီးမြို့ အမှတ်(၂) ရပ်ကွက်တွင် နေထိုင်သည့် ဒေသခံတဦးကပြောသည်။ ဆမီးမြို့ဒေသခံက “စနေနေ့ကဖြစ်တာ၊တနဂ်နွေနေ့က ဂြိုလ်တယ်။ မြို့တွင်းရပ်ကွက် ထဲမှာပဲဖြစ်တာ မြို့ ဖြစ်ပေမယ့်တောရှိတာကိုး ဝါးမျှစ်ရှာသွားတဲ့အခါ မိုင်းနင်းမိတာ၊ ဆေးရုံတော့ရောက်ပေမယ့်ဆုံးသွားတယ်။ ညာဖက်ခြေထောက်က ဒူးကနေဖြစ်သွားတယ်၊ ခြေထောက်အသားတွေ အကုန် လုံး အစိတ်စိတ် အမွှာမွှာ ဖြစ်ပြီးတော့ အသားကဘာမျှမကျန်ဘူး၊ ဆရာဝန်ပြောတာတော့ ပေါင်ကသွေးကြောအကြီး က ပြတ်သွားတဲ့အပြင်၊ အချိန်ည်း ကြာလည်း ကြာတယ် သွေးကလည်းလွန်သွားတာနဲ့သတိမရတော့ဘူးဘယ်လိုမှ ကယ်လို့ မရတော့ဘူး။” ဟု ပြောသည်။ မြေမြုပ်မိုင်းကြောင့် သေဆုံး သွားသူမှာ အသက် (၃၀) အရွယ် မနီဒုန်းဖြစ်ပြီး ခြေထောက်နှစ်ဖက်စလုံးပြတ်သွားကာ သွေးထွက်လွန်ခြင်းကြောင့် သေဆုံးခဲ့ရ ခြင်းဖြစ်သည်ဟု သိရသည်။

သေဆုံးသွားသည့် အမျိုးသမီး၏ ခင်ပွန်းဖြစ်သူမှာလည်း ၂၀၂၃ ခုနှစ်က အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲအတွင်း လက်နက်ကြီးသံ၊ သေနတ်သံများကြောင့် နှလုံးရပ်သေဆုံးခဲ့သည်ဟုသိရသည်။ လက်ရှိတွင် သား သမီး (၄) ဦး ကျန်ခဲ့သည်ဟု သိရသည်။ ဆမီးမြို့ပေါ်တွင် မြေမြုပ်မိုင်းပေါက်ကွဲမူကြောင့် ယခု အမျိုးသမီးအပါအဝင် အရပ်သားပြည်သူ (၄) ဦးထိခိုက်ကာ (၃) ဦးသေဆုံးခဲ့ပြီး အမျိုးသား တဦးသည် မြေမြုပ်မိုင်းကြောင့် ခြေနှစ်ဖက်ဖြတ်တောက်ခဲ့ရသည်ဟု ဆမီးမြို့ခံထံမှ သိရသည်။ Read in Full

၁၈။  ဝိုင်းမော် ခလရ ၅၈ ရှော့တိုက်ဒုံးနှင့်ပစ်ခတ်ခံရသည့်အပြင် တပ်စခန်းအချို့ဖယ်ပေးခဲ့ရသည့်အတွက် စစ်ရေးတင်းမာနေ
 September 2, 2024
ကချင်ပြည်နယ် ဝိုင်းမော်မြို့ရှိစစ်ကောင်စီ၏ ခလရ ၅၈ တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ရှော့တိုက် ဒုံးနှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ဝိုင်းမော်မြို့အနီး ဝိုင်းမော်- ဆဒုံး- ကန်ပိုက်တည်လမ်းပိုင်းရှိ စစ်ကောင်စီ၏ ခလရ ၅၈ တပ်ရင်း အတွင်းကို ပြီးခဲ့သည့် ဩဂုတ် ၃၀ရက်နေ့တွင်  KIA က ရှော့တိုက်ဒုံးနှင့်ပစ်ခတ်ခဲ့သည့်အတွက် ထိခိုက်မှုများ ကြောင်းသိရသည်။ “စစ်တန်းလျားပျက်စီးတယ်တဲ့။ ပစ်တာကတော့ ၃၀ ရက်နေ့ကတည်းကပါ။ အဲနေ့က ဂျက်ဖိုက်တာနဲ့ ခလရ-၅၈ တောင်ကြောတဝိုက်လာပစ်သွားတယ်။ စစ်ရေးကတော့ တင်း မာ နေတယ်”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။ အဆိုပါ ခလရ ၅၈ တွင် ဗျူဟာမှူးတစ်ဦး ကိုယ်တိုင်ကြီးကြပ်အုပ်ချုပ်နေပြီး  ဝိုင်းမော် ခမရ ၃၂၁ ကိုပြီးခဲ့သည်မေလ ၂၁ ရက်နေ့ တွင် KIA သိမ်းပိုက်ပြီးကတည်းက စစ်ကောင်စီသည် ခလရ-၅၈ ကို အထူးကြပ်မတ်အုပ်ချုပ်နေခြင်းဖြစ်ကြောင်းသိရသည်။

ဝိုင်းမော်မြို့နယ်အတွင်းရှိ စန်းကားကျေးရွာတွင် ပြီးခဲ့သည့် ဇူလိုင်လအတွင်း ကတည်းက တပ်စွဲနေထိုင်နေသည့် စစ်ကောင်စီတပ်အချို့နှင့် ပြည်သူ့စစ်များကို KIA က ကျေးရွာအတွင်းမှ ဖယ်ခိုင်း၍ မောင်းထုတ်ခဲ့ကြောင်း သိရသည်။ KIA  သည် စန်းကားကျေးရွာရပ်ကွက်(၃)နှင့်ရပ်ကွက်(၇)ရှိ လူနေအိမ်အချို့တို့တွင်လက်နက်ကြီးများချ၍တပ်စွဲထားသော စစ်ကောင်စီတပ် များကိုမောင်းထုတ်ခဲ့ကြောင်းသိရသည်။ အဆိုပါစခန်းချရာနေရာများကိုပြန်လည်ရရှိရန်အတွက် စစ်ကြောင်းထိုးတက်လာသည့် စစ်ကောင်စီတပ်များကို KIA က ကြားဖြတ်တိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီတပ်များ နောက်ပြန်ဆုတ်သွားရကြောင်းသိရ သည်။ လက်ရှိတွင် ဝိုင်းမော်မြို့နယ်အတွင်း၌ စစ်ရေးတင်းမာလျက်ရှိပြီး စစ်ကောင်စီက မိုးမောက်နှင့် မံစီမြို့နယ်များအတွင်း စစ်ကြောင်းထိုးကာ လေကြောင်းမှ တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။ Read in Full

၁၉။ကရင်နီပြည်မှာ ဩဂုတ်လအတွင်းတိုက်ပွဲတွေမှာ အကြမ်းဖက်စစ်သား ၆ ဦးသေဆုံးတပ်စခန်းတစ်ခုသိမ်းပိုက်နိုင်
 September 3, 2024
ကရင်နီပြည်နယ်မှာ အကြမ်းဖက်စစ်တပ် နဲ့ တော်လှန်ရေးတပ်တွေကြား သြဂုတ်လအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ အကြမ်းဖက်စစ်သား ၆ ဦးသေပြီး ရန်သူရဲ့တပ်စခန်း တစ်ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (Karenni Nationalities Defence Force – KNDF) က ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ဘောလခဲမြို့နယ် မယ်စလောင်းတောင် နဲ့ ဘောလခဲမြို့အကြားမှာရှိတဲ့ ရန်သူ ရေကျော်တပ်စခန်း အား သြဂုတ် ၈ ရက်မှာ တော်လှန်ရေး ပူးပေါင်းအဖွဲ့က ရှင်းလင်းနိုင် ခဲ့ပြီး ရန်သူအလောင်း ခြောက်လောင်းနဲ့ လက်နက်ခဲယမ်းပစ္စည်းများ သိမ်းဆည်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လထဲမှာဘဲ လွိုင်ကော်၊ ဒီးမော့ဆို ကားလမ်းမ တလျှောက်ကို စစ်ကြောင်းထိုးလာတဲ့ ရန်သူစစ်ကြောင်းကို ပိတ်ဆို့တိုက်ခိုက်ခဲ့မှုမှာ အကြမ်း ဖက်စစ်တပ်ဘက်မှ ထိခိုက်မှုများခဲ့ပြီး၊ ယင်းတို့ထံမှ ခဲယမ်း၊မီးကျောက်၊ ကျန်းမာရေး ပစ္စည်းများ၊ လူ့အသုံး ဆောင်ပစ္စည်းများ သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။

ဖရိူဆိုမြို့နယ်၊ဖားဆောင်းမြို့နယ်၊ ဘောလခဲမြို့နယ်၊ဒီးမော့ဆို မြို့နယ်၊ ကရင်နီ-ရှမ်းတောင်နယ်စပ်ဖယ်ခုံမြို့နယ်တို့မှာ ထိတွေ့တိုက်ပွဲများ နေ့စဥ်ဖြစ်ပွားနေဆဲဖြစ်တယ်လို့ပြောပါတယ်။ ဖော်ပြထားတဲ့မြေပြင်စစ်ရေးအခြေအနေများအရ လွိုင်ကော်၊ ဒီးမော့ဆို၊ လမ်းမကြီး နဲ့ ဆက်စပ် လမ်းသွယ်များအား အသုံးပြု သွားလာတာ မလုပ်ကြဖို့အတွက်လည်း အသိပေးဖော်ပြထား ပါတယ်။ Read in Full

၂၀။ နောင်မွန်အဝင်မှာ ပြည်သူ့စစ်က ဂိတ်သစ်ဖွင့်ပြီး အကြောင်းအမျိုးမျိုးပြ ဆက်ကြေးကောက်နေ
 September 2, 2024
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်မွန်ကျေးရွာအဝင်မှာပြည်သူ့စစ်က ဂိတ် သစ်ဖွင့်ပြီး အကြောင်းအမျိုးမျိုးပြဆက်ကြေးကောက်နေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတစ်ဦးကပြောပါတယ်။ အဲဒီ စစ်ဆေး ရေးဂိတ်အသစ်မှာ ပအိုဝ်းပြည်သူ့စစ် (PNA)ကောက်ခံတာမဟုတ်ဘဲ စစ်ကောင်စီလက်သပ် မွေးမြူထားတဲ့ နောင်မွန်ပြည်သူ့စစ် က ကောက်ခံနေတာပါ။“အကုန်လုံးကဗမာတွေပဲ။ ပျူစောထီးလို့ပြောရမှာပေါ့။ PNO မပါဘူး။ တခါတလေလာလည်တာတော့ တွေ့တယ်။ အသွားရောအပြန်ရော၊ ဒေသခံဟုတ်ဟုတ် မဟုတ်ဟုတ်ပေးရတယ်”လို့ ကိုယ်တိုင်ကြုံခဲ့ရသူတစ်ဦးကပြောပါတယ်။ စစ်ဆေးရေးဂိတ်အသစ်ဟာ နောင်မွန်မြောက်ဘက်အထွက် ဆီဆိုင်နဲ့ ဟိုပုံးမြို့နယ် စပ်ကြား၊ ဟိုတိညောင်ပင်အောက် နေရာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီဂိတ်မှာတွဲကား၊ ကုန်ကား၊ အဝေးပြေးကားတွေက ၂ သောင်းကျပ်ဝန်းကျင်၊ အိမ်စီးကားနဲ့ဆိုင်ကယ် တွေက တစ်ထောင်ကျပ်စီ ပေးဆောင်နေရတဲ့အပြင် လူအခြေနေကိုကြည့်ပြီးတော့လည်း တောင်းတယ်လို့ သိရပါတယ်။

“ကားငယ်တွေဆို ချမ်းသာတဲ့ပုံပေါက်ရင် သောင်းဂဏန်းလောက် တောင်းတယ်။ နည်းနည်းမပြေလည်တဲ့ ဆိုင်ကယ် ဆို တစ်ထောင်ပဲ ယူတယ်”လို့ ကိုယ်တိုင်ကြုံခဲ့ရသူ နောက်တစ်ဦးကလည်း ဝေမျှပါတယ်။ တောင်ကြီးဆီဆိုင် လမ်းတစ်လျှောက်မှာ စစ်ကောင်စီဂိတ်၊ PNA ဂိတ်အပြင် အခု ပျူစောထီးဂိတ်ပါ ထပ်တိုးလာတာကြောင့် ပြည်သူတွေအတွက် ငွေကြေးကုန်ကျမှု ပိုများလာပြီး သွားရေးလာရေး အဆင်မပြေမှုတွေ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းက ဆီဆိုင်၊ ပင်လောင်း၊ လွိုင်ကော်မြို့တို့မှာ PNA လူသစ်အပါအဝင် ပျူစောထီးတွေလည်း စုဆောင်းခဲ့ပြီး ရှမ်းတောင်နဲ့ ကရင်နီအစပ်တွေမှာ စစ်ဆေးရေးဂိတ်တွေ တိုးချဲ့ဖွင့်လှစ်ထားပါတယ်။ Read in Full

၂၁။ မောင်​တောမကျ​စေ​ရေးအတွက် စစ်ကောင်စီကလေ​ကြောင်းမှအပြင်း အထန်တိုက်ခိုက်၍ ခုခံကာကွယ်​နေ
 September 2, 2024
ရခိုင်ပြည်နယ် မောင်​တောမြို့သိမ်းတိုက်ပွဲတွင် စစ်​ကောင် စီ၏ လက်ကျန်တပ်စခန်းများ အာရက္ခတပ်​တော် (AA) လက်ထဲ မကျ​ရောက်​စေရန်အတွက် စစ်​ကောင်စီက ​လေ​ကြောင်းမှနေ၍ ​နေ့စဥ်နီးပါး ဗုံးကြဲတိုက်ခိုက်လျက်ရှိ​ကြောင်း သိရသည်။ စစ်ကောင်စီသည်  စက်တင်ဘာ ၁ ရက်​နေ့ ည​နေ ၄ နာရီခန့်က တိုက်ပွဲဖြစ်ပွားရာ ​မောင်​တောမြို့တွင်းကိုဂျက်ဖိုက်တာများဖြင့် လှည့်ပတ်ဗုံးကြဲခဲ့​ကြောင်း သိရသည်။ “​မောင်​တောမြို့ထဲမှာ စစ်တပ်က ကင်းစခန်း၊ ဘန် ကာ​တွေ​ဆောက်ပြီး ခုခံ​နေသလို လူ​နေ အိမ်​တွေထဲမှာလည်း တပ်စွဲတိုက်​နေတာရှိတယ်။ ​လေယာဥ်က​နေ့တိုင်းဝဲတယ်။ AA က​တော့ ကယ်ထုတ်နိုင်သ​လောက် လူ​တွေ ကို ကယ်ထုတ်ထားပြီးပြီ။ မ​ပြောင်းချင်လို့ ကျန်​နေသူ​တွေနဲ့ ​ရှောင်စရာကို​နေရာမရှိသူ​တွေ​လောက်​တော့ မြို့ထဲကျန်​သေးတယ်” ဟု ​မောင်​တောမှ စစ်​ရှောင်လာသူတစ်ဦးကပြောသည်။ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွား​နေသည့် လူကယ်ပြန်ရုံးနှင့် ဘင်္ဂလား ဘုန်းကြီး​ကျောင်းအနီးတို့ကို ဗုံးကြဲချတိုက်ခိုက်ခဲ့ပြီး အဆိုပါ ​နေရာနှစ်ခုတွင်တပ်စွဲထားသည့် စစ်​ကောင်စီတပ်များနှင့် AA တို့ တိုက်ပွဲ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။

စစ်​ကောင်စီသည်  ပြီးခဲ့သည့် သြဂုတ် ၃၀ရက်​​နေ့ကလည်း ​မောင်​တော နခခ-၅ အနီးမြို့အဝင်တံတားနှင့် မြို့မကညင် တန်းအနီးကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချခဲ့သလို သြဂုတ် ၂၉ ရက်​နေ့ကလည်း ​နေ့လယ် ၂ နာရီမှ ည​နေ ၄ နာရီအထိ ဂျက်ဖိုက်တာ နှစ်စီးဖြင့် ဗုံးအလုံး​ရေ ၂၀ ​ကျော် ကြဲချတိုက်ခိုက်ခဲ့သည်။ AA အနေဖြင့် ​မောင်​တောမြို့ကို သိမ်းပိုက်နိုင်ရန် စစ်​ကောင်စီစခန်းကြီး ကြီးမားမားဟူ၍ နခခ-၅ မြို့သူကြီး နယ်ခြား​စောင့်စခန်းတစ်ခုသာကျန်ရှိ​တော့ကြောင်းသိရသည်။ ကစဥ့်ကလျား ပြန့်ကျဲကာ ထွက်​ပြေးနေကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြို့အတွင်းတွင် ခံစစ်အထပ် ထပ်ပြင်တိုက်ခိုက်​နေပြီး AA ကလည်း စစ်​ကောင်စီပူး​ပေါင်းတပ်စခန်းများကို တစ်ခုပြီးတစ်ခုသိမ်းယူထား သည်။ AA သည် အစုလိုက်ထွက်​ပြေး​နေကြ​သော စစ်​ကောင်စီ ပူးပေါင်းတပ်များကို လိုက်လံရှင်းလင်း​နေရသည့်အတွက် ​မောင်​တောမြို့တွင်းအနှံ့တိုက်ပွဲများဆက်လက်ပြင်းထန်​နေ​ကြောင်း  သြဂုတ် ၂၉ ရက်က ထုတ်ပြန်ထားသည်။ လက်ရှိတွင် ​မောင်​တောမြို့သိမ်းနိုင်​ရေးအတွက် AA က အပြင်းအထန်တိုက်​နေပြီး စစ်​ကောင်စီကလည်း မူဆလင် လက်နက်ကိုင် ARSA၊ ARA၊ RSO တပ်များဖြင့် ပူး​ပေါင်းကာ ခုခံတိုက်ခိုက်လျက်ရှိသည်။ 

၂၂။ ရခိုင်မှာ ဗလာစာအုပ် တစ်ဒါဇင် ကျပ် ၅ သောင်းအထိ ဈေးကြီးနေ၍ ကျောင်းသားများအခက်ကြုံနေ
 September 3, 2024
ရခိုင်ပြည်က မြို့ ၈ မြို့ဖြစ်သည့် မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပေါက်တောဒေသတို့တွင် ကျောင်းသုံး ဗလာစာအုပ်တစ်ဒါဇင်ကို ကျပ် ၃၀,၀၀၀ ကနေ ကျပ် ၅၀,၀၀၀ အထိ ဈေးကြီးနေ၍ ကျောင်းသားကျောင်းသူများမှာ စာအုပ်မဝယ်နိုင်သည့်အခက်အခဲကိုကြုံတွေ့နေရသည်ဟု ကျောင်းသားမိဘများထံမှသိရသည်။ အဆိုပါဒေသက မိဘများမှာ ကလေးငယ်များအား ကျောင်းဆက်လက်ထားရန် ခက်ခဲနေကြောင်းနှင့် အိမ်တစ်အိမ်တွင် ကျောင်း တက်ရမည့်အရွယ် ၂ ဦးကနေ ၃ ဦးအထိရှိနေသော်လည်း စာရေးကိရိယာများဈေးကြီး၍ ကလေးငယ်တစ်ဦးကိုသာ ကျောင်းထား ပေးနိုင်တော့သည်ဟု အမည်မဖော်လိုသည့် ကျောက်တော်ဒေသခံ ကျောင်းသားမိဘတစ်ဦးက ပြောသည်။ “ဒီနှစ် တစ်ယောက် က Grade- 9 တက်ရမှာ၊ တစ်ယောက်ကတော့ မူလတန်းအရွယ်ပါ။ ဒီနှစ်မှာက ကျောင်းလခမပါသေးဘဲ စာအုပ်ဖိုး နဲ့တင်မလွယ် တော့ နှစ်ယောက်လုံးထားဖို့ မတတ်နိုင်ဘူး။ ဒါကြောင့် အကြီးကောင်ကို ကျောင်းထုတ်ထားလိုက်ရတယ်။ အငယ်လေးကိုပဲ စာဆက်သင်နေရတယ်” ဟု ပြောသည်။ ဗလာစာအုပ် ၁၂ အုပ်ပါသော တစ်ဒါဇင်ကို ကျပ် ၅ သောင်းအထိ ဈေးကြီးနေခြင်းမျိုး မဟုတ်ဘဲ အခြားသော စာရေးကိရိယာများလည်း ဈေးကြီးနေပြီး ဘောပင်အမျိုးအစားပေါ်လိုက်၍ အချောင်း ၃၀ ပါတစ်ဘူးကို ကျပ် ၃၀,၀၀၀ မှ ကျပ် ၅၀,၀၀၀၊ မှင်ဖျက်တစ်ခုကို ကျပ် ၃,၀၀၀၊ ခဲတံတစ်ချောင်းကို ကျပ် ၈၀၀ မှ ကျပ် ၁,၀၀၀ အထိ ဈေးရှိနေ ခြင်းဖြစ်သည်။

ယင်းအပြင် မူလတန်း ပုံနှိပ်စာအုပ်တစ်စုံကို ကျပ် ၃၀,၀၀၀ မှ ကျပ် ၄၅,၀၀၀၊ အလယ်တန်း ပုံနှိပ်စာအုပ်တစ်စုံကို ကျပ် ၅၀,၀၀၀ မှ ကျပ် ၆၀,၀၀၀ နှင့် အထက်တန်း ပုံနှိပ်စာအုပ်တစ်စုံကို ကျပ် ၈၀,၀၀၀ မှ ကျပ် ၁၂၀,၀၀၀ အထိ ဈေးကြီးနေခြင်း လည်းဖြစ်သည်။ စာရေးကိရိယာများမှာ စျေးကြီးသည့်အပြင် အလွယ်တကူဝယ်ယူ၍လည်း မရနိုင်ကြောင်း ရသေ့တောင်ဒေသခံ တစ်ဦးက ဆိုသည်။”စျေးကလည်း အရင်ကထက် မြင့်ပါတယ်။ အရင်တုန်းကလိုမျိုးလဲ စာအုပ်ဆိုင်တွေမှာ လိုချင်တဲ့အချိန် လို ချင်သလောက် ဝယ်လို့မရပါဘူး။ ပစ္စည်းရောက်တဲ့အချိန် သွားမဝယ်ဖြစ်လိုက်ရင် နောက်ရဖို့က မသေချာတော့ဘူး။ စားသောက် ကုန်လိုမျိုးပဲ စာအုပ်တွေ၊ ဘောပင်တွေ၊ ကျောင်းသုံးစာအုပ်တွေကို ကလေးတွေအတွက် လုယက်ပြီး ပြေးဝယ်ရတယ်။ ” ဟု ပြော သည်။ အဆိုပါမြို့ ၈ မြို့အပြင် ရမ်းဗြဲဒေသမှာလည်း ယင်းကဲ့သို့ ဈေးကြီးနေကြောင်းနှင့် စစ်ကောင်စီထိန်းချုပ်ထားဆဲ မြို့များ တွင် ကျောင်းဖွင့်ထားသော်လည်း ဒေသခံပြည်သူများမှာ စစ်ရှောင်သွားကြပြီဖြစ်၍ ကျောင်းတက်ရောက်သူ အလွန်နည်းပါးကြ သည်။ မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပေါက်တော၊ ရမ်းဗြဲနှင့် ပလက်ဝ ဒေသတို့တွင် စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်နှင့် လက်နက်ကြီး၊ ဒရုန်းများအန္တရာယ်တို့ကြောင့် စာသင်ကျောင်းများဖွင့် လှစ် စာသင်ကြားခြင်းကို အာရက္ခတပ်တော် AA က ယာယီရပ်ဆိုင်းထားသည်။ Read in Full

၂၃။ ကချင်ဒေသမှာ အခြေခံစားသောက်ကုန်အများပိုင်းစတင်ပြတ်လပ်
 September 2, 2024
ကချင်ပြည်နယ် မြစ်ကြီးနား–မန္တလေးလမ်း ပိတ်ဆို့မှုကြောင့် ကချင်ပြည်နယ်အတွင်း အခြေခံစားသောက်ကုန်တွေ ပြတ်လပ်လာပြီး မြစ်ကြီးနားဒေသခံတွေကပြောပါတယ်။ ဩဂုတ်လ ၁၆ ရက်နေ့ မြစ်ကြီးနား–မန္တလေးကားလမ်းတစ်လျှောက် KIA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲစတင်ဖြစ်လာကတည်းက ကားလမ်းပိုင်းသွားလာခွင့်မရတာ ခုဆိုရင်  ၂ ပတ်ကျော်ကြာလာပြီဖြစ်ပါတယ်။ ခုလိုအခြေအနေတွေကြောင့် မြစ်ကြီးနားကိုတက်လာတဲ့ ကုန်တင်ကားတွေ လမ်းခရီးတွေ မှာ အများအပြားပိတ်မိနေပြီး ကုန်ကားအဝင်မရှိတော့တဲ့အတွက် မြစ်ကြီးနားမြို့အပါအဝင် ကချင်ပြည်နယ်က မြို့နယ်အားလုံး မှာ ကုန်ဈေးနှုန်းအဆမတန်မြင့်တက်နေတာဘဲ ဖြစ်ပါတယ်။ “စျေးက မနက်နဲ့ ညတောင်မတူတော့ဘူး။ မနက်တစ်မျိုး ညနေ တစ်မျိုး မနက်ဒီစျေးဆို ညနေဒီစျေးမရတော့ဘူး။ တချို့ဆို ဆိုင်တွေပိတ်သိမ်းထားတယ်။ တစ်နေ့ထဲဝယ်တစ်နေ့ထဲ ရောင်းတာ တောင် အရင်းပြုတ်တယ်ပြောတယ် အရမ်းငြီးနေကြတယ်။ ကျမတို့တောင်စျေးမှာပြောနေကြတယ် ရှေ့ဆက်ပြီး ဒီလိုပဲဖြစ်မယ် ဆိုရင်တော့ စားဝတ်နေရေးမလွယ်တော့ဘူး အရင်းပဲပြုတ်နေတာ။ စားဖို့သောက်ဖို့တောင်မလွယ်တော့ဘူး။ စိတ်ညစ်စရာကြီး တွေးတောင်မတွေးဝံ့ဘူး” လို့မြစ်ကြီးနား စျေးသည်ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

တိုက်ပွဲတွေကြောင့် မြစ်ကြီးနား–မန္တလေးလမ်းပိုင်းပိတ်ထားတာရက်ကြာမြှင့်လာတာနဲ့အတူ မြစ်ကြီးနားမြို့မှာ ကြက်ဥ တစ်လုံးကို ၁၃၀၀၊  ခရမ်းချဉ်သီး ၂ လုံး ၃ ထောင်၊ တစ်ပိဿာကို တစ်သောင်းခွဲ၊ စားသုံးဆီ တစ်ပိဿာ နှစ်သောင်း ၊ ကြက်သွန် ဖြူ၊ ကြက်သွန်နီ တစ်ပိဿာ နှစ်သောင်းခွဲထိ မြှင့်တက်နေတဲ့အပြင်  ကုန်တွေပြတ်လပ်လာတာကြောင့် ပိတ်ထားတဲ့ဆိုင်တွေ လည်းရှိလာတယ်လို့သိရပါတယ်။ စစ်ရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာပြတ်လပ်နေပြီး ကူညီထောက်ပံ့မှုတွေလည်း လိုအပ်နေတယ်လို့ ခါနန်စစ်ရှောင်စခန်းတာဝန်ခံက ခုလိုပြောပါတယ်။“အဓိကခက်တယ်ဆိုတာက ဆန်ပဲ။ ဆန်သာရှိနေရင် ကျန်တာက ဘာနဲ့ပဲဖြစ်ဖြစ်ရှာဖွေစားပြီး ဆက်နေလို့ရသေးတယ်။ ဟင်းသီး ဟင်းရွက်တွေ တောထဲကရှာကြံပြီး စားလို့ရတယ်။ တချို့ စားဖို့ဆန်မရှိတော့ပဲ အရမ်းခက်လာတဲ့သူတွေကိုတော့ အသင်းတော်ကနေမှ ဆယ်ဘို့တစ်ဘို့ဆန်ထားထားတဲ့ထဲကခွဲ ဝေမျှစား တချို့ကူညီမှုပြန်ရရင် ပြန်မျှစားအဲလိုနဲ့ လည် ပတ်နေတယ်။ ရေရှည်ဆိုရင်တော့ တော်တော်ခက်ခဲလာပြီ။ ဝိုင်းမော် တဝိုက် စစ်ရေးအခြေအနေ တည်ငြိမ်သွားရင်တော့ သူ့ဟာနဲ့သူအနည်းငယ်တော့ ခံသာသွားမယ်ထင်တယ်”လို့ဆိုပါတယ်။“မြစ်ကြီးနား လမ်းပိုင်းအခြေအနေက လောလောဆယ်က လမ်းကပိတ်တုန်းပဲ။ ကျနော်တို့ ကားတွေတောင်မှ ၁၀ ရက်လောက် စောင့်ပြီး အခုပြန်လှည့်လာတယ်။ အခုမန္တလေးကိုရောက်ပြီ။ ဖွင့်ဖို့အခြေအနေကမရှိဘူး။ ကြာအုံးမှာလို့ပြောတယ်။ ခရီးသည် တွေက အခုပိတ်ထားတဲ့နေရာမှာ ဆိုင်ကယ်နဲ့ ၂ သိန်းတော့ပေးရပြီး အဲလိုဖြတ်နေကြတယ်။ ပိတ်မိနေတဲ့ကားတွေပေါ့။ သူတို့က မြစ်ကြီးနားကနေလာတယ်။ ပြီးတော့ မှော်လူး–မှော်ဟန်တွေမှာ ပိတ်မိနေကြတာပေါ့”လို့ မြစ်ကြီးနား–မန္တလေးလမ်းပြေးဆွဲ နေတဲ့ ကားဆရာတစ်ဦးက ပြောပါတယ်။ Read in Full

၂၄။ မြေဝယ်လိုအားကောင်းသဖြင့် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်နေရာအချို့ကိုပါ မြေပိုင်ရှင်များက ရောင် းထုတ်လာ
 September 2, 2024
စစ်ဘေးရှောင်ပြည်သူအပါအဝင် လူနေများပြားသည့် ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုခရိုင်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် မြေများဝယ်လိုအားကောင်းလာသဖြင့် မြေပိုင်ရှင်မှ စစ်ရှောင် ပြည်သူများနေထိုင်ရာ နေရာအချို့ကိုပါ ထုတ်ရောင်းမှုရှိလာကြောင်း ကရင်နီအခြေစိုက် စစ်ရှောင်ကူအဖွဲ့များမှ သိရသည်။ အာဏာသိမ်းပြီးနောက် စစ်ရေးပဋိပက္ခ ပြင်း ထန်လာမှုကြောင့် ဒီးမော့ဆိုအနောက်ဘက်ဒေသသို့ ပြည်သူများ စစ်ရှောင်နေထိုင်လာကြရာမှ လူနေစည်ကား၍ အရောင်းအ ဝယ်များထွန်းကားလာပြီး မြေဈေး အဆမတန်ထိုးတက်၍ မြေယာဝယ်လိုအားနှင့်ရောင်းလိုအား များပြားလာခြင်းဖြစ်သည်။ ၎င်း အနက် မြေယာပိုင်ရှင်အချို့မှာ ယခင်ကစစ်ရှောင်များ နေထိုင်ရန်ပေးထားသော မြေများကို အကြောင်းအမျိုးမျိုးကြောင့် ထုတ် ရောင်းလာကြ၍ ပရဟိတအဖွဲ့အချင်းချင်းအကူအညီဖြင့် စစ်ရှောင်ပြည်သူများ ဆက်လက်နေထိုင်နိုင်ရေးဖြေရှင်းရကြောင်း စစ်ဘေးရှောင်ကူအမျိုးသားတစ်ဦးက ပြောသည်။ ၎င်းအမျိုးသားက “ပိုင်ရှင်ကစစ်ရှောင်တွေရဲ့အမျိုးပဲ တော်လှန်ရေးမပြီးမချင်း နေဆိုပြီး နေရာပေးထားတာ။ ဒါပေမဲ့ နောက်ပိုင်း မြေဈေးတွေအဆမတန်များတော့ မြေထုတ်ရောင်း တာတွေရှိလာတယ်။ စစ်ရှောင်နေရာမှန်းမသိ၊ ဝယ်တဲ့သူကလည်းဝယ်ကြတယ်။ လတ်တလောဆို စာသင်ကျောင်းနေရာပေါ့။ ထုတ်ရောင်းလိုက်လို့ စာသင်ကျောင်းဆောက်ပေးတဲ့ပရဟိတအဖွဲ့က သိန်း(၅၀)မတည်ပြီး ကျနော်တို့ တွေ ဝိုင်းကူထည့်၊ မြေပိုင်ရှင်ဆီက ပြန်ဝယ်ရတယ်” ဟု ပြောသည်။

အလားတူပင် ဒီးမော့ဆိုမြို့နယ်၊ လိုဘာခိုကျေးရွာရှိ လိုဘာခိုဈေးကုန်းနေရာအား မြေပိုင်ရှင်မှ အိမ်ပြန်ဆောက်လိုသည် ဟုကာ လက်ရှိနေထိုင်သည့် စစ်ဘေးရှောင်များကို လေးလအတွင်း ပြောင်းခိုင်း ထားသလို အိမ်ခြေ(၇၀)ကျော်ရှိ လက်ပံကုန်း စစ်ဘေးရှောင်စခန်းကိုလည်း ရောင်းထုတ်တော့မည့် အသိပေးချက်ရရှိထားသည်ဟုလည်း ဖော်ပြပါ စစ်ရှောင်ကူအဖွဲ့ထံမှ သိရ သည်။“လိုဘာခိုဈေးကုန်းဆိုလည်းပြောင်းခိုင်းပြီ နောက်တစ်ခုကလည်းမကြာခင်ရောင်းတော့မယ်ဆိုပြီး အသံ ကြားရတယ်။ နောက်ဆုံးရောင်းထွက်သွားရင် ကျနော်ကတော့ စစ်ရှောင်တွေကို ပြောင်းဖို့အချိန်ပေးဖို့ ကြိုတင်သတိပေးတဲ့သဘောပါ။ တချို့နေရာတွေမှာလည်း အဲ့လိုရောင်းထုတ်နေတာတွေရှိနေတယ်၊ အတိအကျသာမသိရသေးတာ။” ဟု ၎င်း စစ်ဘေးရှောင်ကူ အမျိုးသားက ဆက်ပြောသည်။ မြေယာပိုင်ရှင်များအနေဖြင့် အခက်အခဲအမျိုးမျိုးကြောင့် မိမိတို့ပိုင်မြေများကို ထုတ်ရောင်းရန်ရှိ သော ၎င်းမြေတွင် လက်ရှိနေထိုင်သော စစ်ဘေးရှောင်များအား ကြိုတင်အသိပေးစေလိုပြီး စစ်ဘေးရှောင်များ အနေဖြင့်လည်း လက်ရှိရောင်းအား၊ ဝယ်အားကောင်းနေသော ကတ္တရာလမ်းမကြီးဘေးမှ မြေများကို ရွေးမနေစေလိုကြောင်း ဒေသတွင်းသတင်း အရင်းအမြစ်များက ဆိုသည်။ Read in Full

၂၅။ စစ်ကောင်စီနှင့် ပူးပေါင်းသည့် နိုင်ငံရေးပါတီ ၅၁ ခုရှိလာ
 September 3, 2024
မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ပြင်ဆင်လိုက်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကြောင့် ယနေ့ စက်တင်ဘာလ ၃ ရက်နေ့အထိ စစ်ကောင်စီက ခွင့်ပြုထားခြင်းနှင့် မြန်မာ့နိုင်ငံရေးအား စစ်ကောင်စီနှင့် အတူပူးပေါင်းနေသော နိုင်ငံရေးပါတီ ၅၁ ခုရှိပြီဖြစ်သည်။ စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်များ စာအရင်း အရ ပြန်လည်လျှောက်ထားသည့် နိုင်ငံရေးပါတီ ၆၇ ခုရှိသည့်အနက် ၅၁ ခုကို စစ်ကောင်စီက မှတ်ပုံတင်ခွင့်ပြုပေးထားကြောင်း သိရသည်။ ပါတီတည်ထောင်ခွင့် လျှောက်ထားသည့် နိုင်ငံရေးပါတီ ၃ ခုနှင့် တည်ထောင်ပြီးမှ မှတ်ပုံတင်ခွင့် လျှောက်ထားသည့် နိုင်ငံရေးပါတီ ၈ ခု စုစုပေါင်း ၁၁ ပါတီကို အာဏာသိမ်း စစ်ကောင်စီက ငြင်းပယ်ခဲ့သည်။  ယင်းငြင်းပယ်မှုထဲတွင် ရခိုင်က အင် အားအကြီးဆုံးပါတီဖြစ်သော ရခိုင်အမျိုးသားပါတီ ANP လည်းပါဝင်ခဲ့ပြီး အာဏာသိမ်း စစ်ကောင်စီသည် နိုင်ငံရေးကို အလေး မထားကြောင်း ANP ထိပ်ပိုင်းခေါင်းဆောင်အချို့က ဝေဖန်ထောက်ပြထားကြသည်။

အာဏာသိမ်း စစ်ကောင်စီသည် ၎င်းတို့နှင့် ထိပ်တိုက်တွေ့ရမည့်ပါတီများ၊ ဆန့်ကျင်တိုက်ခိုက်နိုင်သည့် ပါတီများကို ရည်ရွယ်ချက်ရှိရှိ ငြင်းပယ်ကာ လမ်းတူလျှောက်နိုင်မည့် နိုင်ငံရေးပါတီများကို ဦးစားပေးရွေးချယ်ပြီးနောက် ပြည်သူ လူထု ဆန္ဒ မဟုတ်သော ပြည်လုံးကျွတ် ရွေးကောက်ပွဲကြီး ပြုလုပ်ရန် ပြင်ဆင်နေသည်။ ပြည်သူလူထုမှ ရွေးကောက်တင်မြှောက်ထားသော NLD အစိုးရအဖွဲ့ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက မြန်မာစစ်တပ်သည် လက်နက်အားကိုးဖြင့် အတင်းအဓမ္မအာဏာသိမ်းယူကာ စစ်ကောင်စီဖွဲ့စည်းပြီး ရွေးကောက်ပွဲကို ပြန်လည်ကျင်းပရန် ပြင်ဆင်နေခြင်းဖြစ်သည်။ သို့သော်လည်း မြန်မာပြည်သူများနှင့် NLD အသိုင်းအဝိုင်းများအပါအဝင် တော်လှန်ရေး လက်နက်ကိုင်အင်အားစုများက မြန်မာစစ်တပ်၏ အာဏာသိမ်းခြင်းကို လက်မခံကြသလို ပြန်လည်ကျင်းပမည့် ရွေးကောက်ပွဲကိုလည်း ဆန့်ကျင်ထားကြသည်။ Read in Full

၂၆။ UWSA တောင်ပိုင်းတပ်မှ စစ်မှုထမ်း ၄ ထောင် စုဆောင်းရန် ပြည်ပရောက် ဝ အမျိုးသားများ နေရပ်ပြန်ခေါ်
 September 2, 2024
သျှမ်းပြည် အရှေ့ပိုင်း မိုင်းဆတ်ခရိုင်အတွင်းရှိ ‘ဝ’တပ်ဖွဲ့ UWSA တောင်ပိုင်းစစ်ဒေသ (၁၇၁) မှ စစ်မှုထမ်း တပ် သားသစ် (၄၀၀၀) စုဆောင်းမည်ဖြစ်ပြီး ပြည်ပရောက် ‘ဝ’အမျိုးသားများကို နေရပ်ပြန်ခေါ်နေကြောင်း စုံစမ်းသိရသည်။ မိုင်းဆတ်ခရိုင် အတွင်း နေထိုင်ပြီး လာအိုနိုင်ငံသို့ အလုပ် သွားရောက်လုပ်ကိုင်နေသည့် ‘ဝ’အမျိုးသားများကို အမြန်ဆုံး နေရပ်ပြန်ပြီး စစ်ရေး ကော်မတီများထံ စက်တင်ဘာလ (၇) ရက် နောက်ဆုံး စာရင်းပေးသွင်းရန် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ၏ တောင်ပိုင်းစစ်ဒေသ (၁၇၁) မှ ဩဂုတ်လ ၃၀ ရက်စွဲဖြင့် သတင်းထုတ်ပြန်လိုက်သည်။“စကောက်တာကတော့ ပြီးခဲ့တဲ့ လ ကတည်းက၊ စစ်သားကောက်မယ်လို့ စပြီးကြေညာက တည်းကပဲ။ သတင်းမှာ တက်တာတော့ သိပ်မတွေ့ဘူးလေ။ ဘယ်မှာပဲ ရောက်ရောက် အကုန်ခေါ်တယ်။ သားမရှိရင် အဖေကို ယူတယ်၊ သားကအဖေကိုသွားပြီး အစားမထိုးခင်အထိ ခေါ်ထားတာ”ဟု မိုင်းတုံမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးကပြောသည်။ UWSA တောင်ပိုင်းတပ်(၁၇၁)စစ်ဒေသအတွင်းနေထိုင်ပြီးပြည်ပရောက် နေသူများသည် သတ် မှတ်ချိန် ကျော်လွန်၍ စာရင်းပေးသွင်းရန် ပျက်ကွက်ပါက အုပ်ချုပ်ရေးနှင့် စစ်ရေးကော်မတီ၏ ဖမ်းဆီး အရေးယူခံရမည် ဖြစ်ပြီး စစ်မှုထမ်းရန် တပ်သားသစ် (၄၀၀၀) အထိ စုဆောင်းသွားမည်ဟုလည်း ဒေသခံများက ပြောသည်။

            “စစ်သားတွေက တော်တော်များများကို လားရှိုးလုံခြုံရေးအတွက် ခေါ်သွားပြီ။ ဒီဘက်မှာရှိတဲ့ တချို့တပ်စခန်းတွေ ဆိုရင် အရင်က အင်အား ၆၀ လောက်ရှိတဲ့ တပ်က အခု ၁၅ ယောက်‌ အဲ့လောက်ပဲ ကျန်တယ်။ အခု လူသစ်ကောက်တယ်ဆိုတာ လိုတဲ့နေရာမှာ အင်အားပြန်ဖြည့်ဖို့”ဟု UWSA တောင်ပိုင်းတပ်မှ အရာရှိငယ်တစ်ဦးက ပြောသည်။ အလားတူ ဩဂုတ်လဆန်း ပိုင်းမှ စတင်ပြီး မိုင်းတုံမြို့နယ်အတွင်းရှိ မုံးထော်-မုံးထ၊ ဟွေအော်၊ ဟိုပန်၊ ဟိုရွက်၊ မိုင်းကျွတ်နှင့် ခိုင်းလုံကျေးရွာအုပ်စုများတွင် ‘ဝ’တပ်ဖွဲ့ UWSA မှ အသက် (၁၅) နှစ်အထက် ကျား/မ အားလုံးကို စစ်မှုထမ်းရန် လူသစ်စုဆောင်းနေကြောင်း မိုင်းတုံဒေသခံ များထံမှ သိရသည်။ သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်ခရိုင်အတွင်း တည်ရှိပြီး ထိုင်းနိုင်ငံနှင့် ထိစပ်နေသည့် ‘ဝ’တပ်ဖွဲ့ တောင်ပိုင်း စစ်ဒေသ (၁၇၁) တွင် တပ်မဟာ (၅) ခု၊ တပ်ရင်း (၂၅) ခုဖြင့် ဖွဲ့စည်းထားပြီး ‘ဝ’လူဦးရေ တစ်သိန်းခန့် နေထိုင်သည်။ 

၂၇။ ဖရူဆိုတွင် ကလေးငယ်များ အရေပြားရောဂါ ဖြစ်ပွား၊ ကရင်နီ စစ်ရှောင်စခန်း ၁၅ ခုတွင် ဆန်ပြတ်လပ်နေ
 September 3, 2024
ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက ဒိုမိုစောကျေးရွာအုပ်စုမှာရှိတဲ့ ကလေးငယ်တွေမှာ အရေပြား ကူးစက်ရောဂါတွေ သြဂုတ်လကစပြီး ခုချိန်ထိ ဖြစ်ပွားနေတယ်လို့ ကျေးရွာတာဝန်ခံက ပြောပါတယ်။ ဒိုမိုစောကျေးရွာအုပ်စုက ခါးဘယ်ရွာမှာ အိမ်ခြေ ၁၀၀ ကျော်ရှိပြီး လူဦးရေ ၅၀၀ ဝန်းကျင်နေထိုင်နေကာ နေအိမ်တိုင်းရှိ ကလေးငယ်အားလုံးနီးပါး အရေ ပြား ကူးစက်ရောဂါတွေ ဖြစ်ပွားနေပြီး ပတ်ဝန်းကျင်ရွာတွေဖြစ်တဲ့ ဒိုမိုစော၊ ခေါသခေါ၊ ခီးလိုပရာ၊ ပလေလာ၊ ရီကီခေါ၊ ထီးလိုဘူး ရွာတွေမှာလည်း ကလေးငယ်တွေ အရေပြားကူးစက်ရောဂါ ဖြစ်ပွားမှုရှိတယ်လို့ သိရပါတယ်။“တအိမ်မှာ တ​ယောက်ဖြစ်ရင် တအိမ်လုံး ကူးစက်တာတွေ ဖြစ်တယ်။ အဓိကက ကလေးငယ်တွေမှာ ဖြစ်တာများတယ်။ ရွာတွေမှာ ဖြစ်တယ်။ စစ်ရှောင်တွေ လည်း ဖြစ်တယ်။ အဲဒီလိုဖြစ်ရင် ယားတယ်။ ကလေးတွေက ငိုပဲငိုနေတာ။ ဆေးခန်းကလည်း ရွာဆေးခန်းပဲ ပြရတာပေါ့။ ဆေး သောက်ချိန်တော့ သက်သာတယ်။ ပြီးရင် ပြန်ဖြစ်တယ်၊ အဲဒီလိုဖြစ်နေတာ။ ရေကျောက်ပုံစံမျိုးလားပဲ။ ဖြစ်တာ သုံး လေးရက်ရှိ ရင်အနာတွေက ခြောက်သွားတယ်။” ဆေးဝါးကုသမှုအနေနဲ့ ရွေ့လျားဆေးခန်းက ကုသမှုကိုတခေါက်ခံယူခဲ့ကာ ဆေးသောက် ချိန်မှာ သက်သာပေမဲ့ပြန်ဖြစ်တာတွေရှိနေပြီး ကျေးရွာဆေးခန်းကလည်း ဆေးဝါးအနေနဲ့ ပါရာစီတမော၊ စီထရင်း၊ အမောက်စ လင် တို့ ကိုသာ တိုက်နိုင်တယ်လို့ သိရပါတယ်။

ကလေးမိခင်တယောက်က “ကျမသမီး နှစ်ယောက် ရှိတယ်။ သမီးတွေဖြစ်တော့ ကျောင်းတပတ်လောက် နားလိုက်ရ တယ်။ အဲဒါ ပျောက်သွားပြီးတော့ အခု ဒုတိယအကြိမ် ပြန်ဖြစ်နေတယ်။ တယောက်ဖြစ်ရင် နောက်လူပါ ကူးသွားတယ်” လို့ ပြောပါတယ်။ ဒါ့အပြင် ဒီးမော့ဆို အရှေ့ဘက်ခြမ်းက စစ်ရှောင်စခန်းတချို့မှာလည်း အရေပြား ကူးစက်မှုတွေ ဖြစ်ပွားနေပြီး ၆ လအရွယ် ကလေးငယ်ကနေ မူလတန်းအရွယ်ရှိ ကလေးငယ်တွေမှာ ဖြစ်ပွားမှုနှုန်း များတယ်လို့ သိရပါတယ်။ ဒီးမော့ဆိုမြို့ နယ်နဲ့ ဖရူဆိုမြို့နယ်ထဲက စစ်ရှောင်စခန်း ၁၅ ခုလောက်မှာ စားနပ်ရိက္ခာ ပြတ်လပ်မှုတွေ ကြုံတွေ့နေတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေတဲ့အဖွဲ့က ပြောပါတယ်။ ဆန်ပြတ်လပ်နေတဲ့ စစ်ရှောင်စခန်းတွေက လွိုင်နန်းတော်စခန်း ၂၊ မျှော်လင့်ခြင်းရောင် ခြည်၊ လိုဘာခိုစျေးကုန်း၊ ဆီးဘူးပလော့ သဇင်ကုန်း၊ ကန်ကလို့စစ်ရှောင်စခန်း၊ ဆူးပြောင်းစစ်ရှောင်စခန်း၊ ဆူးပြောင်းရွာသစ်၊ ဒိုးလီစခန်း၊ ဆာခေါစခန်း၊ ပရေးပရိုစခန်း၊ မာဆေးပလိုစခန်း၊ ဟားမူစခန်း၊ လေးမိုင်မြေနီကုန်း၊ လယ်တော ၂ စခန်း၊ ဖရူဆို အမှတ် ၁ စခန်း၊ တဖူးဒီးကူစခန်း၊ လျားဒူစခန်းတို့ ဖြစ်ပါတယ်။ ဆန်ပြတ်လပ်နေတဲ့ စခန်းတချို့က ထမင်းအစား ဆန်ပြုတ် ချက်ပြုတ်စားသောက်ရတာအပြင် ထမင်းတနပ် လျှော့စားတာတွေလည်း ရှိတယ်လို့ သိရပါတယ်။ Read in Full

၂၈။ ဖားကန့်မြို့နယ်နေရာအချို့တွင် ATOM(Telenor) နှင့် MPT ဖုန်းလိုင်း ပြန်လည်ရရှိ
 September 2, 2024
ဆက်သွယ်ရေးလိုင်းများ အားလုံးဖြတ်တောက်ခံထားရသည့် ဖားကန့်မြို့နယ်ရှိ နေရာအချို့တွင် MPT နှင့် ATOM (Telenor) ဖုန်းလိုင်းများပြန်လည်ရရှိသော်လည်း ဆက်သွယ်ရခက်ခဲနေဆဲဖြစ်ကြောင်း သိရသည်။ ဖုန်းလိုင်းမိသောနေရာသို့ လာရောက်ကာဖုန်းခေါ်ဆိုသော်လည်း ဆက်သွယ်ရအလွန်ခက်ခဲသည်ဟု အသက် ၄၀ ကျော်ရွယ်ရှိအမျိုး သမီးတစ်ဦးက ပြော သည်။ “ကျွန်မတော့ နှစ်နာရီနီးနီးလာနေပြီး ဆက်တာတောင်မှ တစ်မိနစ်ကျော်ပဲပြောလိုက်ရတယ်။ အဲ့ဒါတောင်မှ ကြားရလား ကြားရလားနဲ့ပဲကျသွားတာ။ စာပို့ရင်တော့ တစ်ချက်၊ တစ်ချက်ဝင်တယ်။ အဲ့ဒါဝောာင် မိုးပေါ်မြောက်ထားရတာ တကယ် တကယ်” ဟုပြောသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၈ ရက်နေ့မှစတင်ကာ Telenor (Atom) ဖားကန့်မြို့ နမ့်မဖြစ်၊ မော်ဝမ်း၊ ယူမာ ရပ်ကွက်တို့တွင် ဖုန်းလိုင်းများပြန်လည်ရရှိခဲ့ခြင်းဖြစ်ပြီး လုံးခင်း သုဿန်၊ လယ်ပြင်နှင့် မှော်စီစာ အောင်သာယာရပ်ကွက်ရှိ KBC ဆုတောင်းကုန်းတို့တွင်လည်း လိုင်းမိကြောင်း သိရသည်။ လိုင်းမိသောနေရာများတွင် ဒေသခံများက လာရောက်ကာ ဖုန်းခေါ်ဆို နေပြီး လုံးခင်းသုဿန်အနီး လမ်းတစ်လျောက်တွင် လာရောက်ဖုန်းခေါ်ဆိုသူ ၃၀ ခန့်ရှိကြောင်း အသက် ၄၀ အရွယ်ရှိအမျိုးသမီး တစ်ဦးကပြောသည်။

ဖားကန့်မြို့နယ်အပါအဝင် ကချင်ပြည်နယ်ရှိ မြို့နယ်အများစုတွင် ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်နေ့မှစတင်ကာ ဖုန်းနှင့် အင်တာနက်လိုင်းများအားလုံးပြတ်တောက်သွားခဲ့ပြီး အင်တာနက်အသုံးပြုလိုသူများက Wifi ရသော ဆိုင်များတွင် တစ်နာရီ ငါးထောင်ကျပ်မှ သုံးသောင်းကျပ်အထိပေးဆောင်ကာ တန်းစီစောင့်ဆိုင်း အသုံးပြုနေရသည်။ လက်ရှိအချိန် ကချင်ပြည်နယ် နေရာအချို့တွင် MPT ဖုန်းလိုင်းပြန်ရသော်လည်း ကချင် – စစ်ကိုင်းအစပ်တွင် တိုက်ပွဲဖြစ်ပွားနေသောကြောင့် လမ်းများပိတ်နေ ပြီး ကုန်စည်ဝင်ရောက်မှုမရှိသဖြင့် တစ်နေ့တခြား ကုန်ဈေးနှုန်းပိုမိုမြင့်တက်လာနေသည်။ Read in Full

၂၉။ မိုင်းတုံမှာ ရပ်ရွာလုံခြုံရေးအတွက် စစ်ကောင်စီ လူစာရင်းစကောက်
 September 3, 2024
ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံမြို့မှာ ရပ်ရွာလုံခြုံရေးအတွက် စစ်ကောင်စီက  လူစာရင်း စတင်ကောက်ခံနေတယ်လို့ သိရ ပါတယ်။ စက်တင်ဘာလ ၁ ရက်က မိုင်းတုံမြို့မှာ အသက် ၃၅ နှစ်မှ ၆၅ နှစ်အထိအမျိုးသားတွေကို အုပ်ချုပ်ရေးမှူးတွေက အစည်းအဝေးခေါ်ပြီး လုံခြုံရေးအတွက် လူစာရင်းစကောက်နေပြီလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “ရွာတိုင်းအမာခံ ၁၀ ဦးနဲ့ အရန် ၂၀ ဦးဖွဲ့ရမယ်ပြောတယ်၊ အသက်ကကြီး ကျန်းမာရေးမကောင်းနဲ့ အားလုံးကိုဒုက္ခပေးနေတာ၊ လူငယ်တွေကတော့ မရှိသ လောက်ဘဲ” လို့ နားကောင်းမူး ကျေးရွာခံတစ်ဦးက ပြောပါတယ်။ နားကောင်းမူးက ၁၀၀ ဦး အပါအဝင် ပုံပါကျင်၊ မိုင်းတုံ၊ မုံးထ အပါ အင်အားအနည်းဆုံး ၃၀၀ ကျော်ကို ရွာတွေ၊ ရပ်ကွက်တွေအလိုက် စာရင်းကောက်နေတာလို့ သိရပါတယ်။ နားကောင်းမူးနဲ့ ပုံပါကျင်ကြားက ဟွေအောမှာ UWSA ‘ဝ’ တောင်ပိုင်း စစ်ဒေသ ၁၇၁ ရှိနေပြီး အရှေ့ဘက် ဟိုပန်ဟိုရွက်မှာ စစ်သင်တန်းပေးနေ တာရှိကြောင်း သိရပါတယ်။

“ဟိုကလာတိုက်ရင် တစ်ယောက်မှကျန်မှာ မဟုတ်ဘူး၊ လူ ထောင်ချီရှိတာ၊ ပြောတာတော့ ကင်းစောင့်ဖို့နဲ့ အကြမ်း ဖက်တွေ သတင်းရရင်ပြောဖို့တဲ့၊ သေနတ်ကိုင်တဲ့ စစ်တပ်၊ ပြည်သူ့စစ်တွေက တိုက်ပွဲသွားရင် ကိုယ့်မြို့ ကိုယ့်ရွာ လုံခြုံဖို့တဲ့၊ သေနတ်ကိုင်ရ၊ မရ မသိရသေးဘူး၊ စစ်မှုထမ်းဟောင်းထဲက တချို့တော့ တပ်ထဲပြန်ခေါ်သွားတာ ကျိုင်းတုံတိုင်း ရုံးမှာ ကင်း စောင့်နေရတယ်ကြားတယ်၊ တပ်အတော်များများကတော့ ခိုလန်ဘက်စုဖွဲ့နေတယ်လို့ကြားတယ်” လို့ မိုင်းတုံစစ်မှုထမ်း မိသားစု ဝင်တစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ ရက်က ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေး ဗဟိုကြီးကြပ်မှုအဖွဲ့ စစ်ကောင်စီက ဖွဲ့စည်းလိုက်ပြီးနောက် လမ်းအလိုက်၊ ရပ်ကွက်အလိုက်၊ ကျေးရွာအလိုက် လုံခြုံရေး တည်ဆောက်ရမည်ဟု စစ်ခေါင်းဆောင် က ပြောဆိုထားပါတယ်။ Read in Full

၃၀။ စစ်တပ်အာဏာသိမ်းကာလအတွင်းအမျိုးသမီးတစ်ထောင်ကျော်သေဆုံး
 September 2, 2024
စစ်တပ်အာဏာသိမ်းထားတဲ့ ၃ နှစ်ကျော်ကာလအတွင်း အမျိုးသမီးဦးရေ တစ်ထောင်ကျော် သတ်ဖြတ်ခံခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)က စက်တင်ဘာလ ၁ ရက်မှာထုတ်ပြန်ပါတယ်။ အရေအတွက် အတိအကျအနေနဲ့ အမျိုးသမီး ၁,၁၃၂ ဦး သတ်ဖြတ်ခံရတာဖြစ်ပြီး  အမည်နဲ့တကွ မှတ်တမ်းတင်ထားနိုင်ခဲ့တယ်လို့ AAPP က ဆိုပါတယ်။ အမျိုးသမီးတစ်ထောင်ကျော် အသက်ဆုံးရှုံးရတဲ့အကြောင်းရင်းတွေကတော့ လက်နက်ကြီးထိမှန်သေဆုံးတာ၊ လေ ကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးတာ၊ ပစ်ခတ်သတ်ဖြတ်ခံရတာ၊ ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခံရတာ၊ အဓမ္မပြုကျင့် သတ် ဖြတ်ခံရတာ နဲ့အခြားသော နည်းလမ်းတွေကြောင့် လို့ AAPP ကဆိုထားပါတယ်။ အဲဒီ အချက်တွေထဲမှာ လက်နက်ကြီးထိမှန် တာ၊ လေကြောင်းတိုက်ခိုက်မှုကြောင့်နဲ့ ပစ်ခတ်သတ်ဖြတ်ခံရမှုတွေကြောင့် သေဆုံးသူဦးရေဟာအများဆုံး ဖြစ်တယ်လို့ AAPP ရဲ့ စာရင်းအရ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံရပြီးနောက် အကျဉ်းထောင်၊ ရဲဘက်စခန်းနဲ့ စစ်ကြောရေးစခန်းတွေမှာ သတ်ဖြတ်ခံရတဲ့ အမျိုးသမီးဦးရေဟာလည်း ၁၄ ဦးထိရှိတယ်လို့သိရပါတယ်။ အမျိုးသမီးတွေ အများဆုံးအသက်ဆုံးရှုံးရတဲ့ဒေသတွေမှာတော့ စစ်ကိုင်းတိုင်းက အများဆုံး ဖြစ်ပါတယ်။ အဲဒီနောက်မှာ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ မန္တလေး တိုင်းနဲ့ ရှမ်းပြည်နယ်တို့ ကလည်း အမျိုးသမီးတွေ စစ်တပ်လက်ချက်နဲ့ အသက်ဆုံးရှုံးမှုများပြားတဲ့ ဒေသတွေအဖြစ် AAPP ရဲ့စာရင်းအရသိရပါတယ်။ စစ်တပ်အာဏာသိမ်းထားတဲ့ ၃ နှစ်ကျော်ကာလမှာ လူပေါင်း  ၂၇,၀၀၀ ကျော် ဖမ်းခံရပြီးအမျိုးသမီးဦးရေဟာ ၅,၆၀၀ ကျော်ပါဝင် ပါတယ်။  အာဏာသိမ်းကာလအတွင်း လူ ၅,၅၀၀ ကျော် သေဆုံးရာမှာ အမျိုးသမီးဦးရေ ၁,၀၀၀ ကျော်ထိပါဝင်နေတာပါ။ Read in Full

၃၁။ UWSA (၃၁၈) တပ်မဟာမှူး ဈာပနသို့ ညီနောင်မဟာမိတ်ခေါင်းဆောင်များ တက်ရောက်
 September 2, 2024
 ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ၏ တပ်မ(၃၁၈) တပ်မဟာမှူးဖြစ်သူ ပေါက်ရန်လုံ ၏ ဈာပန အခမ်းအနားသို့ ညီနောင်မဟာမိတ်တပ်မှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြောင်း သတင်းသိရသည်။ (စက်တင်ဘာ လ ၁ ရက်) တွင် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ဒေသ မိုင်းမောမြို့နယ်ရှိတပ်မ (၃၁၈) တပ်မဟာမှူးဖြစ်သူ ပေါက်ရန်လုံ ၏ နေအိမ်တွင် ပြုလုပ် ခဲ့သည့် ၎င်း၏ ဈာပနအခမ်းအနားသို့ တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ် မတော် TNLA ဥက္ကဋ္ဌဖြစ်သူ ဒုဗိုလ်ချုပ် ကြီး တားအိုက်ဘုန်းနှင့် အာရက္ခတပ်တော် AA မှ ဒုစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်တို့ တက်ရောက်ခဲ့သည်။‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) မှ ဗဟိုကော်မတီဝင်နှင့် တာဝန်ရှိသူများလည်း ဈာပန အခမ်းအနားသို့ တက် ရောက်ခဲ့ပြီး ဒုတိယ အထွေထွေအတွင်းရေးမှူးနှင့် လက်ရှိ UWSA ဉက္ကဋ္ဌ ပေါက်ယူချန်း၏ သားဖြစ်သူ ပေါက်အိုက်ခမ်း ကိုလည်း ညီနောင်မဟာမိတ် ခေါင်းဆောင်များနှင့်အတူ တွေ့ရသည်။

ထို့အပြင် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးမှုညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင်များလည်း ၎င်းဈာပနအခမ်း အနားသို့ တက်ရောက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။ ဩဂုတ်လ ၂၈ ရက်တွင် ကွယ်လွန်သွားခဲ့သည့် ‘ဝ’တပ်ဖွဲ့၏ တပ်မ(၃၁၈) တပ်မဟာမှူးဖြစ်သူ အသက်(၅၇)နှစ်အရွယ်ရှိ ပေါက်ရန်လုံသည် UWSA ဗဟိုကော် မတီဝင်တစ်ဦး ဖြစ်ကာ ယခင် က တပ်မ(၄၆၈) ဒုတပ်မဟာမှူး၊ ဆောက်လုပ်ရေးနှင့် စိုက်ပျိုးရေးကဏ္ဍများတွင် တာဝန်ယူခဲ့ဖူးပြီး ဇွန်လတွင်အနားယူခဲ့ ကြောင်း UWSA ဘက်မှ (စက်တင်ဘာလ ၁  ရက်)တွင် ထုတ်ပြန်သည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက် ညပိုင်းမှစတင်ပြီး အရှေ့ မြောက်တိုင်း စစ်ဌာနချုပ် ရမခ အခြေစိုက်ရာ လားရှိုးမြို့ရှိ ‘ဝ’ပြင်ပဆက်ဆံရေးရုံးနှင့် ပိုင်ဆိုင်မှုများကို ကာကွယ်ရန် ဟုဆိုကာ ‘ဝ’တပ်ဖွဲ့ UWSA ၏ မိုင်းမောမြို့ဘက်မှလာသည့် တပ်မ(၃၁၈) လုံခြုံရေးတပ်ဖွဲ့ဝင်များသည် လားရှိုးမြို့နယ် မိုင်းကျက်၊ မိုင်းယော်ဘက်မှတဆင့် လားရှိုးမြို့ပေါ်သို့ ဝင်ရောက်တပ်စွဲခဲ့သည်။ Read in Full

၃၂။ ဆောင်းပြောင်းတိုက်ပွဲမှာ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း ၆ ဦးကို ကရင်နီပြည် ရဲတပ်ဖွဲ့က တရားစွဲဆို
 September 3, 2024
ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာတိုက်ပွဲမှာ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း ၆ ဦးကို ကရင်နီပြည် ရဲတပ်ဖွဲ့(KSP) က တရားစွဲဆိုလိုက်ပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ တိုက်ပွဲတွေအတွင်း ကရင်နီအမျိုးသားများကာကွယ် ရေးတပ် (KNDF)က ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ကရင်နီပြည် အမှတ် ၁၁ ရဲစခန်း ရဲတပ်ဖွဲ့ က တရားစွဲ ဆိုထားတာပါ။“လောလော ဆယ်တော့ ၅၀ (က)နဲ့ပဲ စွဲထားတယ်။ တရားရုံးက ဘယ်လို အမိန့်ချမလဲတော့ မသိသေးဘူး။ တကယ်လို့ တခြားကျူးလွန်တာ တွေထပ်တွေ့တယ် ဘာညာဆိုရင်တော့ တခြားပုဒ်မတွေထပ်တိုးမှာပေါ့နော်။ အခုက စစ်ဆေးနေတုန်းဆိုတော့ ပြောရခက်သေး တယ်” လို့ KSP ဒုရဲချုပ် (၂) ကိုဘိုဘိုက ပြောပါတယ်။ ဖမ်းမိထားသူတွေဟာ စစ်ကောင်စီတပ်က စိုင်းသူအောင် (၅၅၃ – ခြေမြန် တပ်ရင်း )၊ အောင်မြင့်ကျော် (ဒသရ – ၆၀၄ တပ် ရင်း)၊ မျိုးမင်းသူ (အစရ – ၉၀၃)၊ တင်ထွန်းဦး (အမှတ် – ၄ အခြေခံစစ်ရေး လေ့ကျင့်ရေးကျောင်း)၊ မြမင်းသိန်း (ပင်လောင်းမြို့ အခြေခံစစ်သင်တန်း) နဲ့ ပအိုဝ့်ပြည်သူ့စစ် PNA တပ်ရင်း ၇ က တပ်သား ပန်းလှ တို့ ဖြစ်ကြတယ်လို့ သိရပါတယ်။

“တရားခံတွေတော့ ဒီတိုင်းတော့မထားဘူး။ သူတို့ဒဏ်ရာရတာတွေရှိရင် ဆေးကုပေးတယ်။ နီးစပ်ရာဆေးရုံ၊ ဆေးခန်း တွေ ပို့ပေးတာပေါ့နော်။ ဟိုတခါ ဧပြီတုန်းက ဖားဆောင်းတိုက်ပွဲမှာ ဖမ်းမိတဲ့ အယောက် ၅၀ ကျော်လည်း ကျနော်တို့ပဲ ထိန်း သိမ်းထားပါတယ်”လို့ KSP ဒုရဲချုပ်(၂) ကိုဘိုဘိုက ဆက်ပြောပါတယ်။ ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်သားနဲ့ ပြည်သူ့စစ် တွေ ဟာ အရပ်သားများကို သတ်ဖြတ်တာ၊ လူနေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာ၊ ခိုးဝှက်တာတွေကျူး လွန်ခဲ့ပြီး လက်ရှိမှာ အကြမ်းဖက် တိုက်ဖျက်ရေးပုဒ်မ ၅၀(က)အရ အရေးယူစစ်ဆေးသွားမယ်လို့ ခရိုင်တရားသူကြီး ဦးစောဒေးကလည်း ရှင်းပြပါတယ်။ ကရင်နီ ပြည်မှာ စစ်အာဏာသိမ်း ၃ နှစ်ကျော် ကာလအတွင်း KSP က ရဲစခန်း ၁၄ ခုနဲ့ ရဲကင်း ၁၇ ခု ဖွင့်လှစ်ထားနိုင်ခဲ့ပြီး အမှုပေါင်း ၄၃၉ မှုကို တရားစွဲဆိုနိုင်ခဲ့တယ်လို့ တာဝန်ရှိသူတွေဆီက သိရပါတယ်။ Read in Full

၃၃။ မော်လမြိုင်မြို့မှာ CDM ဆရာ၊ ဆရာမတွေ စာသင်ကြားခြင်း ရှိ မရှိ စစ်ကောင်စီ လိုက်လံ စစ်ဆေးနေ
 September 2, 2024
မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM လုပ်ဆောင်ထားတဲ့ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေ စာသင်ကြားခြင်း ရှိ၊ မရှိ စစ်ကောင်စီ လက်အောက်ခံ ပညာရေးဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တွေကလိုက်လံ စစ်ဆေးနေတယ်လို့သိရပါတယ်။ လက်ရှိမှာ စစ်ကောင်စီ လက်အောက်ခံတွေက CDM လုပ်ဆောင် ထားတဲ့ ဆရာ၊ ဆရာမတွေ စာသင်ကြားခြင်းရှိ၊ မရှိကို ပုဂ္ဂလိကကိုယ်ပိုင် အထက်တန်းကျောင်းတွေ၊ စာသင်ဝိုင်း တွေ အပြင် ရပ်ကွက်တွေ အတွင်းက ကျူရှင်တွေအထိ ရှောင်တခင်လိုက်လံစစ်ဆေးနေတာပါ။ အခုလို စစ်ဆေးတဲ့နေရာမှာလည်း ပုဂ္ဂလိက ကိုယ်ပိုင် အထက်တန်း ကျောင်းတွေမှာ CDM ဝန်ထမ်းတွေမခန့်ဖို့ ယခင်ကာလမှာကတည်းက ခံဝန်လက်မှတ် ထိုးခိုင်းထားပြီးဖြစ်တဲ့အတွက် လက်ရှိ CDM ဝန်ထမ်းတွေကိုတွေ့ရှိပါက ဖမ်းဆီးအရေးယူမယ့်အပြင် ကျောင်းတွေကိုပါ ပိတ်သိမ်းမယ်ဆိုပြီး ခြိမ်းခြောက် ပြောဆိုတာတွေရှိတယ်လို့ သိရပါတယ်။ CDM ဆရာမတစ်ဦး ကတော့ လက်ရှိ စစ်ကောင်စီ လက်အောက်ခံတွေက CDM ဆရာ၊ ဆရာမ တွေကို ပုဂ္ဂလိကကျောင်းတွေမှာ ရှာဖွေတာ ရှိသလို CDM တွေကို စစ်ကောင်စီက အချိန်ပြည့် ဖိနှိပ်နေတဲ့အတွက် ကျီးလန့်စာစား နေရတယ်လို့ ပြောပါတယ်။

“ပုဂ္ဂလိကကျောင်းတွေမှာတော့ အဲဒီလိုမျိုးပေါ့နော်။ ပြန်ရှာတာတော့ ရှိတယ်။ အဲဒီလိုမျိုး CDM ဆရာမတွေကိုလေ။ အဲဒီလိုမျိုး အလုပ်မလုပ်ရဘူး ဘာညာ အဲဒါတော့ကြားတယ်။ ပုဂ္ဂလိကကျောင်းတွေမှာ တရားဝင်သင်ခွင့်မရှိဘူး၊ သူက ကဒ်တွေ ဘာတွေလုပ်ရတယ်ဆိုတော့လေ။ အချို့ကျောင်းတွေကလည်း CDM ဆရာမတွေဆိုရင်မခန့်ဘူးပေါ့နော်။ မခန့်ဘူးဆိုတော့အပြင် မှာ ပေါ်ပေါ်တင်တင် လုပ်စားဖို့တော့ခက်တာပေါ့နော်။ ဖိနှိပ်တာကတော့အချိန်ပြည့်ပဲပေါ့နော်။ အခုထက်ထိ ကျမတို့ စမတ်ကဒ် တောင်မလုပ်ရဲပါဘူး။ ဖိနှိပ်တာကတော့အမြဲတမ်း ကျီးလန့်စာစားတော့ရှိတာပေါ့”လို့ဆိုပါတယ်။ ဒါ့အပြင် စစ်ကောင်စီဟာ CDM ဝန်ထမ်းတွေကို နည်းမျိုးစုံနဲ့ ပစ်မှတ်ထား စောင့်ကြည့်ပြီး ဖိနှိပ်မှု အမျိုးမျိုး လုပ်ဆောင်တာဟာ လက်ရှိ စစ်ရှုံးနေတဲ့ စစ်ကောင်စီ လက်အောက်ကနေ ဝန်ထမ်းတွေ CDM မလုပ် ဆောင်စေဖို့ ဖိနှိပ်ပြနေတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။ CDM ဆရာတစ်ဦးကလည်း လက်ရှိ စစ်ကောင်စီ အနေနဲ့ အခုလို လိုက်လံ စစ်ဆေးနေတာဟာ CDM ဝန်ထမ်း တွေကို စားပေါက်ပိတ်အောင် လုပ်ဆောင်တာဖြစ်တဲ့အပြင် ကိုယ်ပိုင်ကျောင်းတွေကိုလည်း ငွေညှစ်ဖို့လုပ်ဆောင်တာဖြစ်တယ်လို့ပြောပါတယ်။“အခုတလော ကိုယ်ပိုင် ကျောင်းတွေ ဇာတ်လမ်းက ကျွန်တော်တို့ CDM တွေကြီးပဲ မဟုတ်ဘူး။ အဲဒီ ကိုယ်ပိုင် ကျောင်းမှာ ရှိတဲ့ ဆရာ၊ ဆရာမတွေနဲ့ ကိုယ်ပိုင်ကျောင်း တည်ထောင်သူတွေကိုပါ ထပ်ပြီးတော့ ညှစ်စားတဲ့ အကွက်ပေါ့နော်။ CDM တွေကိုလည်း ပိတ်စေ၊ ဟိုဘက်ကလည်း ညှစ်စေ။ တကယ်တော့ ပြန်ချုပ်ကြည့်ရင် ပုဂ္ဂလိက ပညာရေးဥပဒေရော လက်ရှိ သူတို့လုပ်နေတဲ့ဟာရော လုပ်ရပ်တွေရော (၂) ချက်ပဲ။ကျွန်တော်တို့ CDM ဝန်ထမ်းတွေ စားပေါက်ပိတ်စေ။ ကိုယ်ပိုင် ကျောင်း တွေဆီကနေပြီးတော့ သူတို့ ရသမျှ ညှစ်စားစေ၊ ဒါပဲ။ အဲဒီ (၂)ချက်ပဲ ရှိတာပါ။ အဲဒါ သူတို့ စလာကတည်း က လုပ်နေတာပါပဲ” လို့ ဆိုပါတယ်။ 

Related Articles

Back to top button