အတွေးအမြင်

တော်လှန်ရေးထဲက လူ့ဂုဏ်သိက္ခာ၊ လူသားဖြစ်တည်မှုနှင့် လူသားဆန်မှု

စိုင်းထက် | အတွေးအမြင်

“တော်လှန်ရေးထဲက လူ့ဂုဏ်သိက္ခာ၊ လူသားဖြစ်တည်မှုနှင့် လူသားဆန်မှု”

 

စိုင်းထက် | အတွေးအမြင်

မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေး လူနည်းစုအခွင့်အရေးနဲ့ပတ်သက်ရင် (တိုင်းရင်းသား) လူမျိုးစုလူနည်းစု ပြည်သူတွေနဲ့အတူ ရိုဟင်ဂျာပြည်သူတွေအပေါ်ကိုပါ ခွဲခြားဆက်ဆံမှုမရှိဘဲ သင့်လျော်မျှတစွာ ရပ်တည်နိုင်ရေး ဟာလည်း အရေးကြီးပါတယ်။

အခုလက်ရှိ ရခိုင်ပြည်မှာဖြစ်ပွားနေတဲ့ လူမျိုးရေး-နိုင်ငံရေး ရောယှက် ပဋိပက္ခအခြေအနေကိုကြည့်ရင် ဆိုရှယ် မီဒီယာပေါ်က မှတ်ချက်တချို့မှာ လူ့အခွင့်အရေး လူသားဖြစ်တည်ရေးကို ထိခိုက်စော်ကားတဲ့ အရေးအသား အသုံးနှုန်းတွေ၊ လူမျိုးရေးခွဲခြားဆက်ဆံတဲ့အရေးအသား (အထူးသဖြင့် K words) တွေကို သိသိသာသာတွေ့လာရပြန်ပါတယ်။ ဒီလိုမှတ်ချက်တချို့ဟာ အစွန်းရောက်အမျိုးသားရေးဝါဒီတချို့ရဲ့ လူမျိုးရေး ခွဲခြားဆက်ဆံမှု အမုန်းတရားဖြန့်ဝေမှုတွေလည်းပါဝင်နေသလို အကြမ်းဖက်စကစထောက်တိုင် သပ်လျှိုဝါဒဖြန့် သမားတွေရဲ့ ခလောက်ဆန်သွေးထိုးလှုံ့ဆော်မှုတွေလည်း ပါဝင်တာတွေ့ရပါတယ်။

“လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်” ဟာ ဒီမိုကရေစီကျင့်စဥ်အနှစ်သာရတစ်ခုဆိုပေမယ့် ဒီအခွင့်အရေးကို တလွဲအသုံးချပြီး လူမျိုးရေး – ဘာသာရေး စတဲ့ ပဋိပက္ခသွေးချောင်းစီးမှုကို ဖြစ်ပွားစေမယ့် အမုန်းတရားဖြန့်ဝေမှု ဝါဒဖြန့်သွေးထိုးလှုံ့ဆော်မှုတွေဟာလည်း ဒီမိုကရေစီတလွဲအသုံးချခြင်းမို့ ဒီလိုလုပ်ရပ်တွေ အလေ့အထတွေ လျော့နည်းပပျောက်လာအောင် တော်လှန်ရေးကာလမှာကတည်းက ပဲ့ပြင်ထိန်းကျောင်းရမှာ ကာကွယ် တားဆီးကြရမှာ ဖြစ်ပါတယ်။

အထူးသဖြင့် လူမျိုးရေးနဲ့ ဘာသာရေး ပဋိပက္ခတွေ ဟာ ထိလွယ်ရှလွယ်ဖြစ်တာကြောင့် “သတင်းအချက်အလက် တိကျခိုင်မာမှုမရှိဘဲ အတွင်းကျကျမသိထားဘဲ” ကိုယ်ယုံကြည်ထောက်ခံရာအုပ်စုတစ်စုဘက်ကိုပဲ မျက်စိစုံမှိတ်ပြီး ကာကွယ်တာ၊ ကျန်အုပ်စုတစ်စုဘက်ကိုပဲ အကုန်ပုံချထိုးနှက်တိုက်ခိုက်တာဟာ စစ်အာဏာရှင်တွေ ဖန်တီးထားတဲ့ လူမျိုးရေး-နိုင်ငံရေး ပဋိပက္ခတွေကို လျော့နည်းပပျောက်အောင် ကူညီဖြေရှင်းမှုမဖြစ်စေဘဲ မြေပြင်ကဒုက္ခသည်ပြည်သူတွေအပေါ် ပိုပြီးဒုက္ခရောက်စေနိုင်သလို ပိုမိုရှူပ်ထွေးစေနိုင်ပြီး အမုန်းတရားတွေကြီးမားပြန့်ပွားစေနိုင်ပါတယ်။

ဒါ့အပြင် ဒါဟာ တကယ့်အရှိတရား အမှန်တရား ကို ဘက်လိုက်မှုကင်းကင်းနဲ့မမြင်နိုင်တော့ဘဲ တရားမျှတမှု စစ်စစ်မှန်မှန်ကိုလည်း မတွေ့ရှိနိုင်သလို ကိုယ်ယုံကြည်ရပ်တည်ထားတဲ့အုပ်စုအတွက်ပါ ကူညီဖြေရှင်းရာ မရောက်စေတာမို့ ကိုယ်တိုင်ကိုယ်ကျမသိထားရင် ပဋိပက္ခကိုပိုပြီးဆိုးအောင်ကြားဝင်စွက်ဖက်ခြင်းမပြုဘဲ ကိုယ်နဲ့ ဆိုင်တယ်လို့ခံယူထားပြီး ဝင်ဖြေရှင်းမှဖြစ်မယ်ဆိုရင်တော့ မျှတစွာ ပါဝင်ရပ်တည်နိုင်ဖို့ ဘက်ပေါင်းစုံက အခြေအနေတွေ အချက်အလက်တွေကို မျှတစွာနားထောင်လေ့လာပြီး ဘက်ပေါင်းစုံကတရားမျှတမှု နစ်နာသူ အားလုံးရဲ့တရားမျှတမှုကို တန်းတူညီတူဖော်ထုတ်ပေးရမှာပဲ ဖြစ်ပါတယ်။ “အုပ်စုအပေါ်ရပ်တည်မှုနဲ့ အမှန်တရား အပေါ်ရပ်တည်မှု” ကွဲပြားစွာသိမြင်နားလည်ဖို့ အရေးကြီးပါတယ်။

ရိုဟင်ဂျာလူနည်းစုပြည်သူတွေအပါအဝင် ရခိုင်ပြည်နယ်က လူမျိုးစုအသီးသီးရဲ့ ဒေသခံပြည်သူတွေအားလုံးအပေါ် ချနင်းပြီး နိုင်ငံရေးအမြတ်ထုတ် အသုံးချမှုတွေဟာလည်း မျှတမှုအတွက် အမှန်စင်စစ် ရပ်တည်တို က်ပွဲဝင် နေကြသူများအပေါ် ထိခိုက်နစ်နာစေပါတယ်။

တချို့ကလည်း ရခိုင်ပြည်အတွင်းကပြည်သူတွေအတွက် စိတ်ရင်းစေတနာစစ်မှန်စွာနဲ့ရပ်တည်ပေးလိုတာထက် မိမိတို့အတွက်နိုင်ငံတကာအသိအမှတ်ပြုမှုနဲ့ နိုင်ငံတကာထောက်ပံ့မှု အရေးစိုက်ခံရမှုတွေကို ပိုပြီးလိုချင်မက်မော ကြလို့သာ လူ့အခွင့်အရေးနဲ့ လူနည်းစုအခွင့်အရေးတွေကို သံယောင်လိုက် ဟန်ပြလုပ်ကြတာဟာ အင်မတန်မှ အောက်တန်းကျတဲ့လုပ်ရပ်လို့မြင်ပါတယ်။

နောက်တချက်က တန်းတူရေးလို့ပြောရင် လူနည်းစုအခွင့်အရေးဆိုတာဟာလည်း ထပ်တူတန်းတူ အရေးပါ ပါတယ်။ တော်လှန်ရေးကာလမှာကော အသွင်ကူးပြောင်းရေးနဲ့ အနာဂတ်ကာလအတွက်ပါ မဖြစ်မနေ ထည့်သွင်းစဉ်းစားပြီး အလေးထားကာကွယ်ရမှာဖြစ်ပါတယ်။ “လူနည်းစုအခွင့်အရေး” လို့ ပြောတဲ့အခါ “လူမျိုးစု-လူမျိုးရေး” ဆိုတဲ့အချက်တစ်ခုထဲကိုပဲ ကွက်မမြင်ကြသင့်ပါဘူး။

အင်အားနည်းတဲ့အဖိနှိပ်ခံ အစုအဖွဲ့ကိုဖြစ်စေ၊ တစ်ဦးချင်းကိုဖြစ်စေ “လူသားဖြစ်တည်မှု လူ့ဂုဏ်သိက္ခာ” ဆိုတဲ့အချက်ကို အဓိကအလေးထားပြီး ကာကွယ်ပေးရမှာ တရားမျှတမှုဖော်ဆောင်ပေးရမှာ ဖြစ်ပါတယ်။ လူသားဖြစ်တည်မှု၊ လူ့ဂုဏ်သိက္ခာ၊ လူသားလုံခြုံ‌ရေး ကို အလေးမထားသူတိုင်း ဖိနှိပ်ဆန့်ကျင်သူတိုင်းဟာ မည်သို့ပင် အာဏာရှင်စနစ်ဆန့်ကျင်ကြောင်း ကြွေးကြော်နေစေကာမူ လွတ်လပ်မှု၊ တန်းတူညီမျှမှုတွေနဲ့ ထိုက်တန်ရဲ့လား အာဏာရှင်စရိုက်ဆန်နေမလား ဆိုတာကိုလည်း ပြန်ဆန်းစစ်ဖို့လိုပါတယ်။

စကားမစပ် ဒါနဲ့ဆက်စပ်တွေးမိတာက ၂၁ တော်လှန်ရေးအစောပိုင်းမှာကြားခဲ့ကြရတဲ့ ရိုဟင်ဂျာပြည်သူတွေ အပါအဝင် တိုင်းရင်းသား (လူမျိုးစု) တွေအပေါ် စာနာနားလည်တာ ဝန်ချတောင်းပန်ခဲ့ကြတာတွေဟာလည်း ကိုယ့်အကျိုးအတွက်မျော်ကိုးပြီး ညောင်ရေသွန်းတာမျိုး အပေါ်ယံဟန်ပြ မဖြစ်စေချင်သလို ဖက်ဒရယ် အရေးကိုလည်း စစ်ရေးအားသာဖို့တစ်ခုတည်းအတွက် အသုံးချခံအဖြစ် မသတ်မှတ်ကြဖို့ အထူးသတိချပ် စေချင်ပါတယ်။

Related Articles

Back to top button