စကားဝိုင်း

စစ်ကောင်စီ ရွေးကောက်ပွဲ လုပ်ခွင့်ရှိသလား (စကားဝိုင်းအနှစ်ချုပ်)

စစ်ကောင်စီ ရွေးကောက်ပွဲ လုပ်ခွင့်ရှိသလား (စကားဝိုင်းအနှစ်ချုပ်)

 

ဦးအောင်မိုးဇော် (ဥက္ကဌ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ)

၁။ ဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံ တစ်နိုင်ငံအတွက် ရွေးကောက်ပွဲဆိုတာ ဘယ်လောက်ထိ အရေးကြီးသလဲ။

ကျနော်လေ့လာဖိုးတဲ့ အထွေထွေရွေးကောက်ပွဲတွေကတော့ အဲ့ဒီတိုင်းပြည်ရဲ့ ဒီမိုကရေစီအခြေအနေကို ဖော်ပြနေတာဖြစ်တယ်။ ရွေးကောက်ပွဲက ဘယ်လောက်ထိလွတ်လပ်လဲ၊ ဘယ်လောက်ထိတရားမျှတလဲ၊ ဘယ်လောက်ထိသန့်ရှင်းလဲ၊ ဒီရွေးကောက်ပွဲကို ဘယ်လိုပုံစံလုပ်သာလဲ အဲ့ဒီအခြေအနေတွေကို ကြည့်ပြီးတော့ ရွေးကောက်ပွဲကျင်းပတဲ့နိုင်ငံရဲ့ ဒီမိုကရေစီအခြေနေကို တိုင်းတာလို့ရပါတယ်။ ဒါကြောင့်မို့လို့ ရွေးကောက်ပွဲ တွေဟာ တိုင်းပြည်တစ်ခုမှာ ဒီမိုကရေစီဘယ်လောက်ထိရှင်သန်လဲ၊ ဖွံ့ဖြိုးလဲဆိုတဲ့ အခြေအနေတွေကို ပိုင်းဖြတ်လို့ ရနိုင်တဲ့ မှတ်ကျောက်လို့တောင် ပြောလို့ရပါတယ်။

၂။         စစ်ကောင်စီက ဆက်လက်ကျင့်သုံးနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပုဒ်မ ၇၄ မှာ မြို့နယ်ကို အခြေ ခံ၍ သော်လည်းကောင်း၊ လူဦးရေကို အခြေခံ၍ သော်လည်းကောင်းဆိုပြီး FPTP နိုင်သူ အကုန်ယူ ရွေးကောက်ပွဲ စနစ် တခုတည်းကိုပဲ ကျင့်သုံးဖို့ ကန့်သတ်ပြဌာန်းထားပါတယ်။ စစ်ကောင်စီက PR စနစ်ကို အစားထိုး ကျင့်သုံးမယ် လို့လည်း ပြောပြန်တယ်။ ဖွဲ့စည်းပုံကိုမပြင်ပဲနဲ့တော့ ကျင့်သုံးဖို့ခက်မယ်လို့ထင်ပါတယ်။ လွှတ်တော်မရှိတဲ့ အခု ကာလက ပြင်လို့လည်းမရနိုင်ဘူးဆိုတော့။ စစ်ကောင်စီက ဒီရွေးကောက်ပွဲကို ဘယ်လိုပုံစံမျိုးနဲ့ လုပ်နိုင်ချေတွေ ရှိပါသလဲ။

            အခု ကျနော်တို့ ရွေးကောက်ပွဲနဲ့ပါတ်သက်လို့ ပြောဆိုနေတဲ့ ကိစ္စတွေက ကနေ့ ကျနော်တို့ နိုင်ငံရေး အခြေ အနေနဲ့ပါတ်သက်လို့ ကျော်ပြီးပြောနေသလားလို့ ကျနော်အဲ့သလို ခံစားမိတယ်။ ဒီကနေ့ကျနော်တို့ နိုင်ငံရဲ့ အခြေ အနေက ရွေးကောက်ပွဲလုပ်မယ်ဆို ဘယ်မှာသွားလုပ်မှာလဲ ရွေးကောက်ပွဲလုပ်စရာနေရာမရှိဘူး။ ရွေးကောက်ပွဲ လုပ်မယ်ဆိုရင်တောင် ကျနော်တို့က ဆန့်ကျင်ရမှာ အဲ့ရွေးကောက်ပွဲကို မပျက် ပျက်အောင် လုပ်ရမှာပဲ။ ကျနော်တို့ ရပ်တည်ချက်က ဒီရွေးကောက်ပွဲဖြစ်မလာဖို့ပဲ သူတို့လည်း ဖြစ်လာအောင် လုပ်နိုင်တဲ့ အနေအထားမရှိဘူး။

ပြည်တွင်းမှာ နိုင်ငံရေးပါတီတွေရှိကြတယ်၊ ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ကြတယ်။ တကယ်တမ်းကြ တော့ ကြံ့ဖွံ့နဲ့ Alliance ဆိုတော့ ကြံ့ဖွံ့ကို နိုင်ငံရေးပါတီတခုအဖြစ် ခများတို့မြင်လား၊ မြင်ရင် ပြဿနာရှိတယ်လို့ ကျနော်ကတော့ထင်တယ်။ အဲ့ဒီလိုပဲ နိုင်ငံရေးပါတီထောင်ကြတယ်။ ကိုယ့်ရဲ့ ဒီမိုကရေစီကို ရိုက်ချိုးဖြတ်ဆီး နေတဲ့သူရဲ့အောက်မှာ နိုင်ငံရေးပါတီတည်ထောင်တယ်ဆိုတာက တကယ် ဒီမိုကရေစီနိုင်ငံရေးပါတီတွေ ဟုတ်မဟုတ် ကျနော်တို့ ဆန်းစစ်ဖို့လိုတယ်။

အဲ့ဒါတွေကို ဒီမိုကရေစီနိုင်ငံရေးပါတီအဖြစ် လက်ခံပြီဆိုရင် ပြဿနာရှိတယ်။ အခု (၄၈)ပါတီ မှတ်ပုံတင်တယ်။ အသိမှတ်ပြုတယ်။ အဲ့ဒီ (၄၈)ပါတီတွေက နိုင်ငံရေးပါတီ တွေလား ခများတို့ သေသေချာချာကြည့်စေချင်တယ်။ ရွေးကောက်ပွဲလုပ်ခဲ့ ပြည်သူလူထုက မဲ ထည့်ခဲ့တယ်။ ပြည်သူလူထုက ဘယ်စိတ်သဘောဆန္ဒနဲ့ မဲ ထည့်ခဲ့တာလဲ ဆန်းစစ်စေချင်တယ်။ ကျနော် နားလည်တာက ပြည်သူလူထု မဲ ထည့်တယ်ဆိုတာက ဒီကောင်တွေကို မှောင်းချတာ မင်းတို့သွား၊ မင်းတို့ကို မလိုချင်တော့ဘူးဆိုပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပုံပေးတာ။ ဟိုကောင်တွေကို မှောင်းချတာ။ ရွေးချယ်တာ မဟုတ်ဘူး။ ကျနော်က အဲ့သလိုပဲနားလည်တယ်။ ဆိုတော့ လက်ရှိနိုင်ငံရေးအခြေအနေမှာတော့ စစ်အုပ်စုကို နိုင်ငံရေး အဝန်းအဝိုင်းကနေ မှောင်းထုတ်ဖို့က အဓိက ဖြစ်တယ်။

စစ်အုပ်စုကို မှောင်းထုတ်ပြီးသာနဲ့ အာဏာရှင်တွေကို မှောင်းထုတ်ပြီးသာနဲ့ ကျနော်တို့ တိုင်းပြည်ကို ဖက်ဒရယ်ဒီမိုကရေစီအခြေခံ ပြန်တည်ဆောက်ဖို့လိုတယ်။ အဲ့ဒါပြီးတော့မှ ရွေးကောက်ပွဲ ဆိုတာလာမှာဖြစ်တယ်။ ဆိုတော့ ဖက်ဒရယ်ဒီမိုကရေစီကို တည်ဆောက်ကြမယ်ဆို ဘယ်ပုံဘယ်နည်း တည်ဆောက်ကြမလဲဆိုရင် အခုအခြေနေက ရှုပ်ထွေးနေတယ်။

ပြီးတော့ နဂိုတိုင်းနဲ့ပြည်နယ် (၁၄)ခုဆိုတာ မဖြစ်နိုင်တော့ဘူး။ နောက်တခုက ပြည်နယ်တွေ ဖွဲ့စည်းမှုကလည်း ကျနော်တို့ အစဉ်အဆက်စဉ်းစားခဲ့သလို Top down ပုံစံ အပေါ်ကလာမှာဟုတ်တော့ဘူး။ အခု ကရင်နီကိုကြည့် ကရင်နီ သူ့ဖာသာသူတည်ဆောက်တာ သူ့ပြည်နယ် ရလို့နီးနီးဖြစ်နေပြီ။ KIA ကလည်း အဲ့လိုပဲ စဉ်းစားမှာပဲ သူတို့ကိုယ်တိုင်တည်ဆောက်မယ်။ ရခိုင်လည်း ဒီလိုပဲ စဉ်းစားမှာပဲ။ ရခိုင်က ရခိုင်ပြည်နယ်ကိုအရင် ဖော်ထုတ်မယ်။

အဲ့ဒီလိုပဲ ကျနော်တို့တိုင်းပြည်ထဲမှာရှိတဲ့ ဧရာဝတီတိုင်းပဲဖြစ်ဖြစ် တနင်္သာရီပဲဖြစ်ဖြစ် ကိုယ့်ဖာသာကို အောက်ခြေကနေပြန်တည်ဆောက် နိုင်အောင်လုပ် ရမယ်။ ပြီးတော့မှာ သွားပြီးတော့ စုစည်းမယ်။ ဆိုလိုတာက Bottom-Up ပေါ့ အဲ့သလို ပုံစံသွားစုစည်းမှ။ ဆိုတော့ အဲ့အခြေအနေပြီးမှ ဘယ်လို ရွေးကောက်ပွဲပုံစံလုပ်ကြမလဲဆိုတာ ပေါ်ပေါက်မယ်။

အခုအခြေအနေ ပြီးပြီးရော ဆိုပြီး ခများတို့လာဆိုပြီး စကားထိုင်ပြောကြ ပြီးတော့မှ တိုင်းပြည်ကိုဆက်သွား အဲ့ဒီပုံစံကမဖြစ်တော့ဘူးလို့ ထင်ပါ တယ်။ တကယ်တမ်း လက်တွေ့ကြည့် မြို့နယ် (၇၀)ကျော်က အသေခြာသိမ်းပြီးနေပြီ။ ရန်ကုန်လိုနေရာမျိုးမှာ ရွေးကောက်လုပ်နိုင်ဖို့ ခက်တယ်။ ကနေ့အခြေအနေမှာ ရွေးကောက်ပွဲလုပ်နိုင်မယ်ဆိုရင် ဧရာဝတီတိုင်းလိုနေရာမှာ ဖြစ်ကောင်းဖြစ်နိုင်တယ်။

ဒါကလွဲလို့ရှိရင် တတိုင်းပြည်လုံးအနေအထားက တကယ်ကို မတည်မငြိမ်ဖြစ်နေတာ။ အကယ်လို့ သူတို့လုပ်နိုင်လို့လုပ်တယ်ပဲထား ကျနော်တို့က ဒါကိုသားရမယ်။ နိုင်ငံရေးအရ ဒီကောင်တွေ ရွေးကောက်ပွဲလုပ်တာကို လက်ခံလို့မရဘူး။ အခုက ဒီကောင်တွေ တရုပ်အားကိုး အိန္ဒိယအားကိုးနဲ့ ရွေးကောက်ပွဲ လုပ်နိုင်ဖို့ ကြိုးစားနေတာ ဒါတောင် တရုပ်က အရမ်းထောက်ခံနေတာမဟုတ်ဘူး။ ချိန်ချိန်စစနဲ့ အနားကပ်နေတာ။

အဲ့တော့ ကျနော်ပြောချင်တာကတော့ ရွေးကောက်ပွဲကိစ္စက နည်းနည်းလေး အချိန်စောသေးတယ်လို့ ထင်ပါတယ်။ ကနေ့ အနေအထားက တစ်တိုင်းပြည်လုံး ဒီကောင်တွေကို မှောင်းချနိုင်ဖို့ ကြိုးစားနေတဲ့ အနေအထားဖြစ်တယ်။ ဒီကောင်တွေလွှင့်သွားမဲ့ အနေအထားကလည်း အမှန်တကယ်မြင်တွေ့နေရတယ်။ ကျနော်တို့ဖက်က ညီညီညွတ်ညွတ်ရှိဖို့ပဲ လိုတယ်လို့ ကျနော်ထင်ပါတယ်။

၃။        လက်ရှိ စကစ ခန့် UEC မှာ တိုင်းရင်းသားပါတီများအပါအဝင် ပါတီပေါင်း ၆၃ ပါတီ မှတ်ပုံတင်ကြတယ် လို့ သိရပါတယ်။ ဒီထဲကတချို့တိုင်းရင်းသား ပါတီကြီးတွေကိုတော့ ပါတီမှတ်ပုံတင်မပေးတာကို လည်းတွေ့ရ ပါတယ်။ ဆိုတော့ တရားမဝင် စစ်အာဏာသိမ်းထားတဲ့ စစ်ကောင်စီက ရွေးကောက်ပွဲ လုပ်ခွင့်ရှိသလား။ ယုံကြည် လို့ရော ရပါ့မလား

            ရွေးကောက်ပွဲကတော့ ယုံလို့မရဘူး။ ဒီကောင်တွေကိုလည်း ယုံလို့မရဘူး။ အထူးသဖြင့် လွတ်လပ်ရေး ရပြီးကတည်းက နောက်ပိုင်း အဆက်ဆက် စစ်တပ်ကိုကိုင်လာတဲ့ကောင်တွေ ဗမာတပ်ပေါ့။ ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေက အဲ့လိုပဲပြောကြတာလေ။ ဒီဗမာ့တပ်မတော်ကို တသက်လုံးယုံလို့ရမှာမဟုတ် ဘူး။ ဆိုတော့ အဲ့လို ပုဂ္ဂိုလ်မျိုးတွေ၊ အဲ့လိုအဖွဲ့အစည်းမျိုးတွေကို ကျနော်တို့တိုင်းပြည်က မှောင်းထုတ်နိုင်မှ ကျနော်တို့တိုင်းပြည် ရေရှည်ဖွံ့ဖြိုးတိုးတက်အောင်၊ ငြိမ်းချမ်းအောင်လုပ်လို့ရမယ်။ အဲ့ကောင်တွေရှိနေသ၍ ကျနော်တို့တိုင်းပြည် ဘယ်တော့မှ ငြိမ်းချမ်းမှာမဟုတ်ဘူး။ အခုကောင်းချင်ယောင်ဆောင်လည်းခဏပဲ နောက်တခါပြန်သိမ်းမှာပါပဲ။

ဖွဲ့စည်းပုံအခြေခံဥပဒေတခုလုံး၊ ကျနော်တို့နိုင်ငံရေးစနစ်တခုလုံး ပြောင်းပစ်မှရမယ်။ တကယ့်ဒီမိုကရေစီကို အခြေခံတဲ့စနစ်၊ တကယ့်ဖက်ဒရယ်ကိုအခြေခံတဲ့စနစ်ကို ကျနော်တို့ ခိုင်ခိုင်မာမာပြန်တည်ဆောက်နိုင်မှ၊ အဲ့ဒီ တည်ဆောက်တဲ့အထဲမှာ စစ်အုပ်စုမပါမှ၊ ပျယ်ချနိုင်မှရမယ်။ နိုင်ငံရေးထဲမှာ အဲ့ကောင်တွေရှိနေသ၍ ကျနော်တို့ တိုင်းပြည် ဘယ်တော့မှငြိမ်းချမ်မှာမဟုတ်ဘူး။ အဲ့တော့ ကျနော်တို့အလုပ်က ဒီပုဂ္ဂိုလ်တွေကို ဖယ်ပစ် မှောင်းထုတ် ရမယ်။

၄။        စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲကို သူ့ရဲ့ နိုင်ငံရေးထွက်ပေါက်အဖြစ် အသုံးပြုနိုင်တယ်လို့ သုံးသပ်ကြ တာတွေလည်းရှိပါတယ်။ လက်ရှိစစ်ကောင်စီကို တော်လှန်နေတဲ့ အင်အားစုတွေဘက်က ဘယ်လောက်အဆင့်ထိ ဆန့်ကျင် ဟန့်တားဖို့ ပြင်ဆင်ထားကြပြီလဲ။

            ကျနော့်အမြင်ကတော့ အမေရိက အထူးသဖြင့် ဥရောပပေါ့ အကယ်လို့ စစ်ကောင်စီ‌ ရွေးကောက်ပွဲလုပ် မယ်ဆိုလို့ရှိရင် ဒီကိစ္စကို မပူးပေါင်းဖို့အတွက် ကျနော်တို့ တိုက်တွန်းဖို့လိုပါမယ်။ လက်ရှိမှာလည်း အမေရိကန် ပြည်ထောင်စု ဆိုလို့ရှိရင် ဒီရွေးကောက်ပွဲကို အသိအမှတ်ပြုချင်တဲ့သဘောမရှိဘူး။ သို့သော်လည်းပဲ ကျနော်တို့ အိမ်နီးချင်းနိုင်ငံတွေပေါ့ ထိုင်းနိုင်ငံကတော့ ရွေးကောက်ပွဲလုပ်စေချင်တဲ့သဘောရှိတယ်။

လက်ရှိအစိုးရရော လက်ရှိခေါင်းဆောင်တွေရောပေါ့။ အိန္ဒိယလည်းသဘောထားရှိတယ်။ အိန္ဒိယကကြိတ်ပြီးတော့ ကူညီနေပုံရတယ်။ ဒါပေမဲ့ တရုပ်ကတော့ မသေချာသေးဘူးလို့ ကျနော်ထင်တယ်။ တရုပ်က လုပ်စေချင်တယ်။ ဒါပေမဲ့ ပြောင်ကြီး မင်းတို့လုပ်ကွာဆိုတဲ့အခြေအနေမျိုးတော့ မရောက်သေးဘူး။ တရုပ်တွန်းနေတဲ့လမ်းကြောင်းက တွေ့ဆုံဆွေးနွေး ရေးဆိုတဲ့ လမ်းကြောင်းကို တွန်းနေပုံရတယ်။ တဖက်က အာဆီယံရဲ့ ကြိုးစားမှုကိုလည်း တရုပ်က ထောက်ခံပုံရ တယ်။ အဲ့ဒီဟာတွေအကုန်လုံးက ကျနော်တို့အတွက်က အန္တရာယ်လိုဖြစ်တယ်။ သို့သော်လည်းပဲ ကျနော်တို့ ပြည်တွင်းက ကျနော်တို့ ပြည်သူတွေ၊ တကယ်တော်လှန်ရေးလုပ်နေတဲ့လူတွက ပြင်းပြင်းထန်ထန် ဒီကိစ္စကို ဆန့်ကျင်မယ်ဆိုလို့ရှိရင် ဆန့်ကျင်လို့ရနိုင်မယ်လို့ ကျနော်ယူဆတယ်။ အခြေခံအားဖြင့် ကျနော်တို့ တော်လှန်ရေး လုပ်နေတဲ့သူတွေရဲ့ သဘောထား ညီညီညွတ်ညွတ်နဲ့ သေသေခြာခြာ တရုပ်ကိုပြောနိုင်မယ်၊ အာဆီယံကိုပြောနိုင် မယ်၊ ထိုင်းကိုပြောနိုင်မယ်ဆိုရင် အခြေနေကပြောင်းသွားနိုင်တယ်။

ထိုင်းရဲ့သဘောထားကလည်း ရွေးကောက်ပွဲ ဆိုတာကို အခြေခံအားဖြင့်လက်ခံပေမဲ့ တနေ့တခြားတော့ သူလည်း ပြောင်းလာနိုင်တယ်။ ကျနော်တို့ အထဲမှာ တော်လှန်ရေးအင်အားစုတွေက သိမ်းလာနိုင်တာနဲ့အမျှ သူတို့သဘောထားကလည်း နည်းနည်းတော့ရွေ့လာတယ်။ ကနေ့ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေ ဘယ်လောက်ထိအားကောင်းလဲ နောက်ထပ်မြို့တွေ ဘယ်လောက်ထိ ဆက်သိမ်းနိုင်မလဲ၊ အဲ့လိုပဲ ပြည်တွင်းမှာရှိတဲ့ ကျနော်တို့ပြည်သူတွေက ဘယ်လောက်ထိ ဆက်ပြီးတော့ ဒီအခြေအနေကြီးကို တောင့်ခံနိုင်မလဲပေါ့။ ဘယ်လောက်ထိ ဆက်ပြီး စစ်အုပ်စုကိုတွန်းနိုင်မလဲပေါ့။

ဒီကနေ့ ဗမာပြည်တွင်းမှာ ဖြစ်ပျက်နေတဲ့အရာတွေက ချက်ခြင်းကမ္ဘာကြီးကို ကျယ်ပြန့်လာတယ်ဆိုတဲ့အခါက အထဲမှာ ဘာတွေဖြစ်ပျက်နေတယ်ဆိုတဲ့ သတင်းတွေကို သိဖို့အတွက် ကြိုးစားရတဲ့အခြေအနေမဟုတ်တော့ဘူး နိုင်ငံတကာက ချက်ခြင်းသိနေတယ်။ အဲ့ဒီအတွက်ကြောင့် ဒီရွေးကောက်ပွဲနဲ့ပါတ်သက်လို့ ကျနော်တို့ရဲ့ သဘောထားကို တိတိကျကျပြောဆိုတဲ့ ကိစ္စတွေကိုလည်း နိုင်ငံတကာက အကုန်လုံးသိပါတယ်။

ကျနော်တို့ ထူးပြီးတော့ လောဘီတောင် လုပ်နေစရာမလိုတော့ဘူး။ အဓိက ကတော့ တရုပ်၊ ထိုင်း၊ အိန္ဒိယ၊ အာဆီယံပေါ့ဗျာ ဒီနိုင်ငံတွေကိုတော့ ကျနော်တို့ ဆက်ပြီးတော့ တွန်းဖို့လိုမယ်လို့ ကျနော်ကတော့ ထင်တယ်။ သူတို့မသိတာ မဟုတ် ဘူး သိတယ်။ ထိုင်းဆိုလည်းမသိတာမဟုတ်ဘူး သိတယ်။ ဒါပေမဲ့ ပြဿနာက သူ့နိုင်ငံကိုယ်၌က ဝန်ထုပ်ဝန်ပိုး ကြီးလိုဖြစ်နေတာကိုး၊ ဗမာပြည်ထဲက လူများတွေက သူ့တိုင်းပြည်ထဲကို ရောက်နေတယ်ဆိုတဲ့အခါကျတော့ သူ့တိုင်းပြည်အတွက်ကအတော် ပြဿနာရှိနေတယ်။ သူ့အခြေအနေကိုလည်း စာနာပါတယ်။ သို့သော်လည်း သူနဲ့ သေခြာဆက်ပြီးတော့ စကားပြောရမယ်။ ဆက်ပြီးတော့ တွန်းရမယ်လို့ ကျနော်ကတော့ ထင်ပါတယ်။

၅။        စစ်ကောင်စီက အတင်းအကျပ်နဲ့ ရွေးကောက်ပွဲကို ပြုလုပ်နိုင်ခဲ့ရင် နောက်ဆက်တွဲ ဘာတွေ ဖြစ်လာ နိုင်မယ်လို့ သုံးသပ်ပါလဲ။ စစ်ကောင်စီအပေါ် နိုင်ငံတကာအနေနဲ့ ထိတွေ့ဆက်ဆံရေး အခင်းအကျင်း အပြောင်းလဲ ရှိလာနိုင် မလား။ တဘက်က တော်လှန်ရေးအပေါ် သက်ရောက်မှုတွေ ရှိသွားနိုင်မလား။

            သူတို့ဖာသာ သူတို့လုပ်မယ်ဆိုလို့ရှိရင်တောင် ဘယ်သူမှအသိမှတ်ပြုတဲ့ ရွေးကောက်ပွဲဖြစ်မယ်လို့ ကျနော် မထင်ဘူး။ ပြည်တွင်းကပြည်သူတွေလည်း အသိမှတ်ပြုမှာမဟုတ်သလို၊ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း အသိမှတ်ပြုမှာမဟုတ်လောက်ဘူး။ သူလုပ်မဲ့ ရွေးကောက်ပွဲက သူလုပ်နိုင်တဲ့ ကွက်ကွက်ကလေးကိုပဲ သူလုပ်မှာ ဖြစ်တယ်။ ဒါကို မဖြစ်အောင် ကျနော်တို့တားရမှာဖြစ်တယ်။ အကယ်၍ လုပ်နိုင်ခဲ့သည်ရှိသော် ဘယ်ဒေသတွေမှာ လုပ်နိုင်မှာလဲ ပဲခူးတိုင်း အခြေခြမ်း တောင်ငူဖက်မှာလုပ်နိုင်မယ်ထင်လား၊ ညောင်လေးပင်ဖက်မှာ လုပ်နိုင်မယ် ထင်လား၊ အခုမြေပြင်မှာဖြစ်ပျက်နေတာကိုကြည့်ကြည့်ပါ လုပ်နိုင်ဖို့အတွက်တော်တော်ခက်တယ်။ ဧရာဝတီတိုင်း မှာရော တစုံတရာဖြစ်နိုင်ခြေရှိတယ်လို့ပြောလို့ရတယ်။ ဒါပေမဲ့ ညဖက်တွေမှာ ပစ်တာခတ်တာတွေရှိလာမယ်။ တော်တော်ကို ရုပ်ဆိုးအကျဉ်းတန်တဲ့ဟာတွေဖြစ်နိုင်တယ်။

သို့သော်လည်း စစ်အုပ်စုက ဘယ်သူ့မျက်နှာမှကြည့် တာမဟုတ်ဘူး။ နင်းကန်ပြီးလုပ်ချင်ရင်လုပ်မှာ သူတို့ပိုင်တဲ့နေရာလေးမှာပေါ့။ သို့သော် သူတို့ပိုင်တဲ့နေရာမှာ ရွေးကောက်ပွဲဖြစ်တယ်ပဲထားအုံးပေါ့ ဘယ်သူက ထောက်ခံမှာလဲ။ ပြီးတော့ အချို့အချို့သော မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတွေ အဲ့လိုအခြေအနေမျိုးမှာ ရွေးကောက်ပွဲဝင်ရဲမလား။ သူတို့ ဝင်ရဲလို့ရှိရင်ဝင် ပြဿနာအများကြီးရှိ တယ်။ နောက်ဆက်တွဲပြဿနာတွေ အများကြီးဖြစ်လာလိမ့်မယ်။

ဒါကြောင့်မို့လို့ အဲ့ဒီ ရွေးကောက်ပွဲရလာဒ်က ဘယ်လိုပဲထွက်လာထွက်လာ အပေါင်းလက္ခဏာဆောင်မလာဘူးလို့ ကျနော်ထင်တယ်။ ပိုပြီးတော့ ရုပ်ဆိုးလာနိုင် တယ်။ ဒီမှာ တချို့နိုင်ငံတွေက ထောက်ခံတယ်ပဲထားအုံး တရုတ်ကထောက်ခံမယ်၊ အိန္ဒိယက ထောက်ခံမယ်။ တကယ်တမ်း တရုပ်က ပြဿနာကို ရွေးကောက်ပွဲဆိုတာထက် နှစ်ဖက်တွေ့ပြီးတော့ ဆွေးနွေးစေခြင်နေတာ၊ ဆွေးနွေးအဖြေရှာခိုင်နေတာ။

ရွေးကောက်ပွဲလုပ်ခိုင်နေတာမဟုတ်ဘူး။ ရွေးကောက်ပွဲလုပ်ဖို့ လက်တွေ့မှာ အနောက်ကနေ ဆော်ဩနေတာက အိန္ဒိယ၊ ထိုင်းဆိုရင် နည်းနည်းစမ်းကြည့် နေတာ၊ ထိုင်းရဲ့ အခြေအနေက နိုင်ငံ တကာရဲ့သဘောထားအပေါ်မှာ အများကြီးအလေးထားတယ်၊ သူ့သဘောထားပြောင်းနိုင်တယ်။ အတင်းအကြပ် ဖိတွန်းလို့မရဘူး။ အခုကုန်သွယ်ရေးကိစ္စပဲကြည့် ဟိုကောင်တွေက မြဝတီဖက်ကနေ မဖြတ်တော့ဘူး။ ပင်လယ် လမ်းကြောင်းကနေဖြတ်လာတာ။ ထိုင်းကိုယ်၌ကလည်း ဗမာအစိုးရကို မယုံရဲဘူး။ ရွေးကောက်ပွဲသူလုပ်စေချင် တယ်ဆိုတာ သူ့ပခုံးပေါ်မှာကျနေတဲ့ ဝန်ထုပ်ဝန်ပိုး တစုံတရာဖြေလျော့စေချင်လို့ပဲ ကျနော်ထင်တယ်။

ဆိုတော့ ကျနော် အဓိက ပြောချင်တာကတော့ အဲ့ဒီရွေးကောက်ပွဲဖြစ်လာမယ်ဆိုလို့ရှိရင်လည်း အဲ့ဒီရွေးကောက်ပွဲက ကျနော်တို့နိုင်ငံရဲ့ နိုင်ငံရေးအတွက် အဖြေမဟုတ်ဘူး။ မင်းအောင်လှိုင် အတွက်တော့ အဖြေဖြစ်ရင်ဖြစ်မှာပေါ့။ ရွေးကောက်ပွဲလုပ်ပြီး တယောက်ယောက်ရဲ့ ပခုံးပေါ် ပုံချပြီး သူထွက်ပြေးရင် ပြေးမှာပေါ့။ သူ့အတွက်ကတော့ ဟုတ်ချင်ဟုတ်မယ်။ သို့သော်လည်းပဲ တိုင်းပြည်တခုလုံးရဲ့ အဖြေလုံးလုံးမဟုတ်ဘူးလို့ ကျနော်ထင်ပါတယ်။

၆။        NUG အပါအဝင် NUCC ဟာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် စုံရပ်တခု ဆိုရင် ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကိုင်ဆွဲထားကြတဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူ အင်အားစုတွေနဲ့ ဖက်ဒရယ် အရေး လှုပ်ရှားခဲ့ကြတဲ့ အင်အားစုတွေကြား တဘက်က စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကိုဆန့်ကျင်မှုအပြင် လက်ရှိ မြန်မာ့ နိုင်ငံရေး အခင်းအကျင်းကို ပိုအားကောင်းတဲ့ ပေါင်းစပ်မှုမျိုးဖြစ်အောင် ဘယ်လိုပုံဖော်သင့်ပြီလဲ။

            ကျနော်အနေနဲ့ အခြေခံအားဖြင့် နှစ်ချက်ပြောချင်ပါတယ်။ ပထမတခုက မြေပြင်မှာတကယ်လက်တွေ့ တိုက်ပွဲဝင်နေတဲ့ အင်အားစုတွေရှိတယ် Local PDF ၊ PDF တွေ နောက်ပြီး တိုင်းရင်းသားအဖွဲ့အစည်းတွေရှိတယ်။ တိုင်းရင်းသားအဖွဲ့အစည်းနယ်မြေထဲမှာ အလုပ်လုပ်နေကြတဲ့ PDF အဖွဲ့အစည်းတွေရှိကြတယ်။ တခြားသူတို့ရဲ့ မိခင်နိုင်ငံရေးအဖွဲ့အစည်းတွေရှိကြတယ်။ အဲ့ဒီအဖွဲ့အစည်းတွေအသီးသီးကြားမှာ ပြောဆိုဆက်ဆံမှု အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုက အင်မတန်လိုအပ်တယ်လို့ ကျနော်ထင်ပါတယ်။ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှု တွေက တဆင့်ယုံကြည်မှုကို ခိုင်ခိုင်မာမာရအောင် တည်ဆောက်သင့်တယ်။

အဲ့ဒါမှ ကျနော်တို့ ပြောနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့ ကိစ္စက ပိုပြီးတော့ ခိုင်မာအားကောင်းလာလိမ့်မယ်လို့ ကျနော်ထင်တယ်။ အဲ့ကိစ္စကို လေးလေးနက်နက်ဆောင်ရွက်စေခြင်တယ်။ ကရင်နီမှာပဲကြည့်ကြည့်၊ ကရင်ဒေသ မှာပဲကြည့်ကြည့် တခြား ကချင်၊ စစ်ကိုင်းဒေသတွေမှာပဲကြည့်ကြည့် အင်အားစုတွေက ပြန့်ကျဲနေကြတယ်။ တချို့ NUG PDF တွေရှိတယ်၊ Local PDF တွေရှိတယ်။ ဒီဖက်မှာဆိုရင်လည်း KNU ကို အခြေခံပြီး လှုပ်ရှားဆောင်ရွက် နေတဲ့ PDF တွေရှိတယ်။ နောက် ကရင်နီမှာဆိုရင်လည်း ဒီလိုပဲ အင်အားစုတွေကွဲပြား နေကြတယ်။ ကွဲပြားခြားနား နေတဲ့ အင်အားစုတွေကြားမှာ အပြန်အလှန်ညှိနှိုင်းဆောင်ရွက်ဖို့၊ အပြန်အလှန် နားလည်မှုတည်ဆောက်ဖို့ ပိုပြီး တော့ ခိုင်ခိုင်မာမာလက်တွဲဆောင်ရွက်ကြဖို့ အဲ့ကနေတဆင့်မှ ဖက်ဒရယ်နိုင်ငံကို ဦးတည်ဖို့လိုမယ်။ အဲ့အခြေခံကို သေသေခြာခြာကျအောင် ကျနော်တို့အားလုံးက ဝိုင်းပြီးတော့ အာပေးစေချင်တယ်။

နောက်တခုက အင်အားစု အသီးသီးကပြောကြပါတယ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဆိုတာ ကျနော်တို့ နွေဦးတော်လှန်ရေးဖြစ်ခါစက ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးဆိုတဲ့ အသံအင်မတန်နည်းတယ်။ ဒါပေမဲ့ ကနေ့ကာလမှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး ဆိုတာက တတိုင်းပြည်လုံးပြောနေပြီ။

အင်အားစုအသီးသီးကပြောနေတာ ဆိုတဲ့အခါကျတော့ ဟုတ်ပြီ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကို ဘယ်လို တည်ဆောက်ကြမလဲ ဆိုတဲ့ကိစ္စနဲ့ပါတ်သက်လို့ ကျနော်တို့ NUCC မှာပဲဖြစ်ဖြစ် ဒီထက်ကျယ်ပြန့်တဲ့ နိုင်ငံရေး အဖွဲ့အစည်းအသီးသီး စုပေါင်းပြီးတော့ပဲဖြစ်ဖြစ် အသေအခြာ ဆွေးနွေးစေချင်တယ်။ အချိန်ကျနော်တို့ရပါတယ်။ NUCD အပေါ်မှာမြင်တဲ့အမြင်တွေကတော့ အမျိုးမျိုးရှိကြတယ်။ ဒီကိစ္စက ကျနော်အနေနဲ့ကတော့ သဘာဝကျ တယ်လို့ထင်ပါတယ်။

နိုင်ငံရေးဆွေးနွေးမှုတွေက ချက်ချင်းလက်ငှင်းကြီးတော့ အကုန်လုံးတထိုင်ထဲ သဘောမတူ နိုင်ဘူး၊ အမြင်တွေလည်း မတူကြဘူး ဒီကိုရောက်လာတဲ့ လူတွေ၊ ကိုယ်စားပြုတာတွေ နေရာဒေသအသီးသီးက နောက်ခံလူမျိုးဆိုလည်း အသီးသီးက ဒေသဆိုလည်းအသီးသီးက ချက်ချင်းလက်ငှင်းနားလည်းမှုတွေက တထပ်ထဲ မဖြစ်နိုင်ဘူး။ သို့သော်လည်း ယေဘုယျအားဖြင့် စစ်အုပ်စုကို လုံးလုံးဖယ်မယ်၊ ၂၀၀၈ ကို လုံးလုံးဖယ်မယ်၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်မယ်ဆိုတဲ့အပေါ်မှာ အခြေခံအားဖြင့်တော့တူကြတယ်။ အသေးစိတ်အား ဖြင့် တူညီအောင်ဆိုတဲ့ ကိစ္စသည် ကျနော်တို့ ဆက်စကားပြောကြရမှာဖြစ်တယ်။ စကားပြောပြီးမှ အားလုံးသဘောတူနိုင်တဲ့အနေအထားကို ဒီမှာရှိနေတဲ့ တိုင်းရင်းသားအင်အားစုတွေ KIO, KNU, KNPP တွေရှိမယ်။ အခြား ပလောင် တို့ရှိမယ်။ ဒီအင်အားစုနဲ့ NLD နဲ့ NUG နဲ့ အကြားမှာ နားလည်မှု တည်ဆောက်နိုင်မယ်ဆို ကျနော်တို့အတွက် အများကြီးအောင်မြင်တယ်ပြောရမယ်။

နောက်တဆင့် ကျနော်တို့ CSO အင်အားစုတွေ အသီးသီးရှိကြမယ် ဒီအင်အားစုတွေလည်း ညှိနှိုင်းနိုင်မယ်ဆိုလို့ရှိရင် ပိုပြီးတော့ အောင်မြင်နိုင်မဲ့ အနေအထား ဖြစ်လာမယ်။ သဘောသဘာဝအရ နည်းတော့နည်းနိုင်တယ်၊ စကားများမှာပဲ၊ ရန်ဖြစ်မှာပဲ အဲ့ဒါတွေကို စိတ်ဓါတ်ကျနေစရာမလိုဘူး။ ကျနော်တို့ကြားမှာ လက်သီးနဲ့ တယောက်နဲ့တယောက်ထမထိုးဖို့ပဲလိုတယ်။ နိုင်ငံရေးအရတော့ ဆွေးနွေး ငြင်းခုန်ကြမှာပဲ။ အဲ့ဒါတွေကို သီးခံပြီးတော့ သဘောတူညီမှုတွေကို တနေ့တခြားရ အောင် ကြိုးစားသွားဖို့ ကျနော်အနေနဲ့ ရဲဘော်တွေအားလုံးကို တိုက်တွန်းလိုပါတယ်။

 

နုနုလှိုင် (ဥက္ကဌ၊ Generations’ Solidarity Coalition of Nationalities – GSCN)

၁။ ဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံ တစ်နိုင်ငံအတွက် ရွေးကောက်ပွဲဆိုတာ ဘယ်လောက်ထိ အရေးကြီးသလဲ။

ကျမတို့က လူငယ်လည်းဖြစ်တယ်ဆိုတော့ ရွေးကောက်ပွဲဆိုလို့ရှိရင် ဗမာပြည်ထဲမှာဆို စာကနေ လေ့လာခဲ့တာတွေပဲရှိတယ်။ နောက်တစ်ခုက ကျမတို့ရဲ့ မျိုးဆက်အနေနဲ့ ကြုံတွေ့ခဲ့ရတာက ၂၀၁၅ ရွေးကောက်ပွဲ ပေါ့နော၊ ၂၀၁၀ မှာ လုပ်တဲ့ဟာကိုတော့ ကျမတို့က ရွေးကောက်ပွဲလို့ မသတ်မှတ်ဘူး။ ဒါပေမဲ့ စစ်တပ်ဖက်ကတော့ ၂၀၀၈ အရ ရွေးကောက်ပွဲလုပ်တယ်ပေါ့။

ဆိုတော့ ဒီလို ရွေးကောက်ပွဲတွေပဲ ကျမတို့ကကြုံရတယ်။ ပြီးရင် တခြားနိုင်ငံကနေပြီးတော့မှ လေ့ခွင့်ရတဲ့ ရွေးကောက်ပွဲစနစ်တွေကိုပဲ ကျမတို့က မြင်ရတယ်။ ရွေးကောက်ပွဲက တော့ နိုင်ငံတစ်နိုင်ငံကို ဘယ်လိုမျိုးပုံစံနဲ့ ပြည်သူလူထုကို သူ့ရဲ့သက်တမ်းအတွင်းမှာ ဦးဆောင်သွားမှာလဲဆိုတာကို ပြသရတဲ့ အမှတ်အသားတစ်ခုလို့ မြင်တယ်။ ကိုယ့်မှာတာဝန်ကျလာတဲ့ ကာလ လေးနှစ်ပဲဖြစ်ဖြစ်၊ ငါးနှစ်ပဲဖြစ်ဖြစ် ပေါ့။ ရွေးကောက်ခံပြီးတော့ တက်လာတဲ့ လူတွေရဲ့ နိုင်ငံအပေါ်မှာ အုပ်ချုပ်သွားတဲ့ စနစ်ပေါ့ အဲ့ဒါက ဒီမိုကရေစီ အရ ဘယ်လောက်စည်းစနစ်ကျလဲ၊ ဒီမိုကရေစီကို ဘယ်လောက်ထိ ကျင့်သုံးသုံးသွာလဲဆိုတဲ့ဟာကို ပြည်သူလူထု ကိုပြသရတာဖြစ်တယ်။

တကယ့် ဒီမိုကရေစီနိုင်ငံတွေကျတော့ သူတို့ရဲ့ နိုင်ငံကို ခေါင်းဆောင်တွေ အပြောင်းအလဲ လုပ်တဲ့အဟာကျရင်လည်း ဒီမိုကရေစီစည်းစနစ်တွေကို ကျင့်သုံးတဲ့ပေါ်မှာကြည့်ပြီးတော့မှပဲ သူတို့ခေါင်းဆောင် ကို ရွေးချယ်ကြတာဖြစ်တယ်ပေါ့လေ။ ဒါကြောင့်မိုလို့ ရွေးကောက်ပွဲတွေကနေတက်လာတဲ့ ခေါင်းဆောင်များသည် လူထုအတွက်ဆိုလို့ရှိရင် သူတို့ကို စောင့်ကြည့်နေတဲ့ ကာလဖြစ်တယ်။ သူတို့ရဲ့ နိုင်ငံကိုဦးဆောင်တဲ့ တရားမျှတမှု၊ လွတ်လပ်ခွင့်တွေ ပွင့်လင်းမြင်သာမှုတွေ ဒါတွေဟာ ဒီမိုကရေစီရဲ့ စံနှုန်းတွေဖြစ်တဲ့အတွက်ကြောင့်မှု ဒါတွေကို ပြတရတဲ့ကာလတစ်ခုအနေနဲ့ပေါ့။ ဒါကလည်း နိုင်ငံသားတွေအတွက် အရေးကြီးတယ်လို့ မြင်ပါတယ်။

၂။         မြန်မာပြည်ရဲ့ အနီးစပ်ဆုံးရွေးကောက်ပွဲ သမိုင်းကိုကြည့်ရင် (FPTP) လို့ခေါ်ကြတဲ့ အနိုင်ရသူ အကုန်ယူ ရွေးကောက်ပွဲစနစ်ကို ကျင့်သုံးခဲ့တာ တွေ့ရပါတယ်။ (PR) လို့ခေါ်တဲ့ အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲစနစ်ကို ကျင့်သုံးတာ မတွေ့ရသေးပါဘူး။ ရွေးကောက်ပွဲစနစ် အမျိုးမျိုးရှိကြတဲ့ထဲက အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ကြတဲ့အခါ ဘယ်လို ရွေးကောက် စနစ်က သင့်တော်မယ်လို့ ယူဆပါသလား။

            ကျမတို့ အနာဂါတ် ဖက်ဒရယ်နိုင်ငံမှာ ဘယ်လိုရွေးကောက်ပွဲပုံစံကျင့်သုံးမလဲဆိုတာက ကျမတို့ရဲ့ လက်ရှိ ဖြစ်နေတဲ့ နိုင်ငံရေးအကျပ်အတည်းကို ဘယ်လိုကျော်လွှားမလဲဆိုတဲ့အပေါ်မှာလည်း အများကြီး မူတည်တာပေါ့ လေ။ အခုက ဖက်ဒရယ်နိုင်ငံကိုသွားမယ်ဆိုတာက ဒီနိုင်ငံ နယ်နိမိတ်ထဲမှာရှိနေတဲ့ ပါဝင်ပါတ်သက် သူများအားလုံး က အဆင်သင့်ရှိနေပြီလား နိုင်ငံရေးစိတ်ဆန္ဒရှိနေပြီလားဆိုတာကို ကိုယ့်ဟာကိုယ် ဆန်းစစ်ရမဲ့ အခြေအနေတခုလို့ ကျမမြင်တယ်။

ဘာကြောင့်လဲဆိုတော့ လက်ရှိအခြေအနေနဲ့ ကျမတို့က PR စနစ်ဆိုလို့ရှိရင် ၂၀၁၅ ကို ပြန်ကြည့် လိုက်ရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေပြီးတော့ မဲ အပြက်အသတ်နိုင်တယ်။ ဒါပေမဲ့ဒုတိယသည် ပြည်ခိုင်ဖြိုး ပါတီဖြစ်တယ်။ ဆိုတော့ အဲ့လိုအခြေနေမျိုးမှာ ၂၀၀၈ လို ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ၂၅% က အုပ်ချုပ်ရေးပိုင်းကစ သူ့ရဲ့ကဏ္ဍတိုင်းမှာ ယူထားတာက စစ်တပ်ဖြစ်တယ်ပေါ့နော။

အဲ့ဒါကိုကြည့်လိုက်ရင် ကျမတို့ က ၁ မဲ အသာ အနိုင်ရစနစ်ကို ဖော်ပြထားသော်လည်း ဒါက အတုအရောင် သဘောမျိုး ဖြစ်တယ်ဆိုတာကို ကျမတို့ မြင်တွေ့ရမှာဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ စစ်တပ်က သူ့ဟာသူ ဝင်ယူတယ်။ ပြည်ခိုင်ဖြိုးကလည်း သူ့ဟာသူ ရှိနေတုန်းပဲဖြစ်တယ်။

အဲ့တော့ အနာဂါတ်မှာဆိုရင် ကျမတို့က ဒီနိုင်ငံရေးပြဿနာကိုအရင် အားလုံးသဘောတူညီ နိုင်တဲ့ နိုင်ငံရေးတည်ဆောက်မှုကို အုပ်မြှင့်ချရမှာကို ဦးစားပေး အခြေအနေဖြစ်မယ်ထင်တယ်။ ဖက်ဒရယ်နိုင်ငံ စစ်စစ်ထူထောင်ဖို့အတွက် အုပ်မြှင့်ချနိုင်ပြီဆိုရင် ဘယ်လို မဲစနစ်၊ ဘယ်လိုရွေးကောက်ပွဲစနစ်နဲ့ သွားမလဲဆိုတဲ့ ဟာကို ဒီနေ့ဒီအချိန်မှာတော့ ခန့်မှန်းဖို့စောတယ်။

            ကျမဉာဏ်မီသဘောက် စဉ်းစားကြည့်ရင် ကျမတို့က အချိုးကျ ကိုယ်စားပြုမှုစနစ်ကို ကျမတို့ နိုင်ငံက တော့ ကျင့်သုံးရလိမ့်မယ်။ ဒါပေမဲ့ အဲ့ဒီအချိုးကျ ကိုယ်စားပြုမှုကိုကျင့်သုံးတဲ့အချိန်မှာကျတော့ ပြည်နယ် (၇)ခု တိုင်း(၇)ခု ဆိုတဲ့ ဖွဲ့စည်းမှုနဲ့တော့ အလုပ်ဖြစ်မှာမဟုတ်ဘူး။ ဆိုတော့ အနာဂါတ်မှာဖြစ်လာမဲ့ ပြည်ထောင်စု အဖွဲ့ဝင်ဖြစ်လာမဲ့ ပြည်နယ်တွေရဲ့ ဖွဲ့စည်းမှုစနစ်မှာလည်း ရွေးကောက်ပွဲစနစ်ကို အများကြီး ပုံဖော်သွားနိုင်မဲ့ အခြေအနေဖြစ်တယ်။ အဲ့ဒါကြောင့် PR စနစ်ကို သွားတဲ့အချိန်မှာလည်း တစ်ပါတီထဲကနေတော့မှ အားလုံးကို လွှမ်းမိုးသိမ်းကျုံးပြီး ရရှိသွားတဲ့ဟာမျိုးကတော့ ကျမတို့နိုင်ငံမှာ နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်တဲ့ ရွေးကောက်ပွဲ စနစ်မဟုတ်ဘူးဆိုတာကိုတော့ ကျမတို့ ဒီနေ့အခြေနေမှာ ကွက်ကွက်ကွင်းကွင်းမြင်နေရတယ်။

အဲဒါ ဘာကိုပြ လည်းဆိုတော့ ၂၀၁၅ ကိုလည်း ပြလို့ရသလို ၂၀၁၀ မှာလည်း ရွေးကောက်ပွဲလို့ပြောနေပေမဲ့ သူ့ဟာသူလုပ်ပြီး သူ့ဟာသူနိုင်သွားတယ်၊ သူ့ဟာသူ အစိုးရတက်လုပ်တယ်ပေါ့။ နောက် ၁၉၉၀ ကို ပြန်ပြီး လေ့လာကြည့်လိုက်ရင် လည်း ထိုနည်း၎င်းပဲ။ ကျမတို့နိုင်ငံမှာက လူမျိုးစုတွေအများကြီးရှိတယ်။ လူမျိုးစုထဲမှာမှ လူမျိုးစု အကြီးတွေ၊ လူနည်းစု တွေကလည်း အများကြီးရှိနေတဲ့အတွက်ကြေင့် အချိုးကျစနစ်ကို စနစ်တကျ အကောင်ထည်ဖော်ဖို့ တော့လိုတယ်။ နိုင်ငံရေးပါတီတစ်ခုတည်းက လက်ဝါးကြီးအုပ်တာကို ပြင်ဆင်နိုင်တာက အချိုးကျစနစ်ဖြစ်တယ်။ အခုလိုမျိုး (၇)တိုင်း (၇) ပြည်နယ် ဆိုတဲ့ခေါင်းစဉ်မျိုးနဲ့တော့ PR စနစ်ဆိုလည်း တကယ့် နိုင်ငံရေးတန်းတူညီမျှမှု ကိုတော့ ဖြေရှင်းနိုင်မဲ့ စနစ်တော့မဟုတ်သေးဘူး။

အခု စစ်တပ်က စဉ်းစားနေတဲ့ပုံစံ PR တော့ PR စနစ် ဒါပေမဲ့ လက်ရှိ နယ်နိမတ်အတိုင်း စဉ်းစားတာက ကျမတို့အတွက် အဖြေမဟုတ်ဘူး။ ဆိုတော့ အနာဂါတ်မှာတော့ လူနည်းစုတွေ၊ လူများစုတွေအားလုံးကို ထည့်သွင်းစဉ်းစားဖို့ အရေးကြီးတယ်။

အထူးသဖြင့် ကျမတွေးမိသလောက် ဆို အထက်လွတ်တော်လိုမျိုးဆိုရင် လူမျိုးစုအားလုံးကနေပြီးတော့ အချိုးတူ ကိုယ်စားပြုတဲ့ စနစ်မျိုးကို ကျင့်သုံး ရင် ကျမတို့နိုင်ငံအတွက် ဒါကအနည်းငယ် နိုင်ငံရေးအရထွက်ပေါက်တခု အနေနဲ့လည်း ဖြစ်တယ်။ နောက်ပြီး တည်ငြိမ်မှုကိုလည်းဖြစ်စေနိုင်တယ်။ လွတ်လပ်ရေးရခါစ ဖဆပလ အစိုးရလက်ထက်မှာလည်း ဖက်ဒရယ်စနစ် ပုံစံ လို့ ပြောသော်လည်း တကယ်တမ်းဖြစ်သွားတာက တပြည်ထောင်စနစ်ပုံစံနဲ့ ကျင့်သုံး သွားကြတယ်။ လွှတ်တော် မှာ ကျန်တဲ့နိုင်ငံရေးပါတီတွေထက် ဖဆပလ ကပဲ သိမ်းကျုံးပြီးတော့မှ မဲ ရသွားတဲ့ ဟာမျိုးတွေက တောက် လျှောက်ဖြစ်ခဲ့တယ်။

ဆိုတော့ ကျမတို့နိုင်ငံရဲ့ နိုင်ငံရေးပဋိပက္ခတွေကို ပြန်ကြည့်ရင်တော့ ရွေးကောက်ပွဲ စနစ်တွေ ရဲ့ ပုံဖော်မှုမှာ နိုင်ငံရေးအရ တန်းတူညီမျှမှုကို ထည့်သွင်းစဉ်းစားတဲ့ ပုံစံမျိုးကိုတော့ မတွေ့ရဘူးပေါ့။ ဒါကြောင့် အာနာဂါတ်မှာတော့ အချိုးကျစနစ်ကိုကျင့်သုံးရမယ်။ အဲ့ဒီထက်မှာမှ အထက်လွှတ်တော်မျိုးမှာဆို လူမျိုးအားလုံး ပါဝင်တဲ့ အချိုးတူစနစ် ရဖို့အတွက်ကို စဉ်းစားသင့်တယ်။ နောက်တခုကတော့

၃။        စစ်ကောင်စီက ဆက်လက် ကျင့်သုံးနေ တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပုဒ်မ ၇၄ မှာ မြို့နယ်ကို အခြေခံ၍ သော်လည်းကောင်း၊ လူဦးရေကို အခြေခံ၍ သော်လည်းကောင်းဆိုပြီး FPTP နိုင်သူ အကုန်ယူ ရွေးကောက်ပွဲစနစ် တခုတည်းကိုပဲ ကျင့်သုံးဖို့ ကန့်သတ် ပြဌာန်း ထားပါတယ်။ စစ်ကောင်စီက PR စနစ်ကို အစားထိုးကျင့်သုံးမယ်လို့လည်း ပြောပြန်တယ်။ ဖွဲ့စည်းပုံကိုမပြင်ပဲ နဲ့တော့ ကျင့်သုံးဖို့ခက်မယ်လို့ထင်ပါတယ်။ လွှတ်တော်မရှိတဲ့ အခုကာလက ပြင်လို့လည်း မရနိုင်ဘူးဆိုတော့။ စစ်ကောင်စီက ဒီရွေးကောက်ပွဲကို ဘယ်လို ပုံစံမျိုးနဲ့ လုပ်နိုင်ချေတွေရှိပါသလဲ။

 စစ်တပ်ကို ပြန်ကြည့်မယ်ဆိုရင် သူတို့ကိုယ်တိုင်ရေးဆွဲ ဥပဒေကိုလည်း လေးစားတဲ့သူမဟုတ်ဘူး။ ပြီးရင် ဥပဒေဆိုတာ သူ့ရဲ့ပါးစပ်ပေါ်မှာ မူတည်တာပေါ့လေ၊ ဒါကို စစ်ခေါင်းဆောင်တွေ တောက်လျှောက်ကျင့်သုံးခဲ့တပဲ။ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံထဲမှာ ၁ မဲ သာ အနိုင်ရစနစ်ကို ပြဌာန်းထားလည်း အခုသူတို့က PR အချိုးကျစနစ်ကို လုပ်ရင် လည်းလုပ်မှာပဲ သေနတ်ကို အားကိုးပြီးတော့လုပ်တာအတွက်ကြောင့်မို့ တရားဝင်သည်ဖြစ်စေ တရားမဝင်သည် ဖြစ်စေ သမိုင်းမှာလည်း အဲ့လိုပဲ တောက်လျှောက်လုပ်လာခဲ့တယ်လေ။ အဲ့တော့ ကျမတို့မှာ ငြင်းစရာမရှိ ပါဘူး။ သူလုပ်ချင်ရင်ထလုပ်မှာပေါ့နော။ သူအနေနဲ့ ရွေးကောက်ပွဲကိုလုပ်ဖို့ စီစဉ်နေတာကြာခဲ့ပြီ ၂၀၂၃ ကတည်းက လုပ်မယ်ပေါ့လေ အခု ၂၀၂၄ တောင်ရောက်နေပြီ။

အဲ့ဒီအခြေအနေတွေကို ကျမတို့ပြန်ကြည့်ရင် အခုက ရွေးကောက်ပွဲဖြစ်နိုင်ခြေဆိုတာထက် လက်ရှိသူက စစ်ရေးမှာလည်း ရှုံးနိမ့်နေတယ်၊ စီးပွားရေးမှာလည်း မြန်မာငွေ ၁ သိန်း နဲ့ ထိုင်း ဘတ် ၅၀၀-၆၀၀ ရှိနေတယ်ဆိုတော့ သူက အဆိုးဆုံးအခြေအနေကို သူရင်ဆိုင်နေရပြီ။ နောက် တခုက လူထုကလည်း ဘယ်လောက်ပဲ စီးပွားရေးကြပ်တည်းနေပါစေ ကြံ့ကြံ့ခံပြီးတော့မှ ဒီတော်လှန်ရေးမှာ ပါဝင် နေဆဲဖြစ်တယ်။ သူ ရွေးကောက်ပွဲကို ရတဲ့နည်းနဲ့ လုပ်ချင်ရင်တော့ လုပ်လို့တော့ရမယ်။ ကျမအနေနဲ့က တော့ ရွေးကောက်ပွဲ ယတိပျက်ဖြစ်မယ်ဆိုတာကိုတော့ ယုံကြည်မှုနည်းတယ်။

ဘာဖြစ်လို့လဲဆိုတော့ သူတို့ စီစဉ်ခဲ့တာ ကြာပြီ အခုအခက်ခဲဆုံးအခြေအနေမှာ ရွေးကောက်ပွဲထလုပ်ဖို့ဆိုတာက ဖြစ်နိုင်ခြေနည်းတယ်။ ဖြစ်ရင်တောင် သူတို့အားကောင်းတဲ့ နေရာအနည်းငယ်မှာသာ ရမယ်။ ရန်ကုန်တောင်မှ သိပ်မသေခြာဘူးပေါ့။ မန္တလေး၊ လားရှိုးတို့ ဆိုလည်း သူတို့လုံးဝ ထိန်းချုပ်လို့မရတဲ့နေရာတွေဖြစ်နေပြီ။

အဲ့လိုအခြေအနေကိုကြည့်ရင် ရွေးကောက်ပွဲကို ဘယ်နေရာမှာလုပ်မှာလဲလို့ ကျမတို့က မေးခွန်းတောင်ပြန်ထုတ်ရလိုဖြစ်နေတယ်။ ဘယ်ပြည်သူက မဲရုံးကို ဘယ်လိုသွားမလဲပေါ့။ နောက်တခုက စစ်တပ်က ရွေးကောက်ပွဲလုပ်တာတစ်ခုတည်းမဟုတ်ဘူး။

ကျမတို့ နိုင်ငံမှာရှိ တဲ့ နိုင်ငံရေးပါတီတွေကရော သူတို့ရဲ့ နိုင်ငံရေးရပ်တည်ချက်က ဘာလဲ၊ဘယ်လဲဆိုတာကို ကြည့်ရမှာဖြစ်တယ်။ စစ်တပ်တခုတည်းကိုပဲကြည့်ရမှာမဟုတ်ဘူး။ ရွေးကောက်ပွဲ လုပ်တယ်ဆိုတာ နိုင်ငံရေးပါတီ ရှိမှ လုပ်လို့ရတာကိုး၊ အဲ့တော့ အခု ကျမတို့နိုင်ငံမှာရှိတဲ့ နိုင်ငံရေးပါတီတွေက ဘယ်လိုမျိုးနိုင်ငံရေးရပ်တည်ချက် ရှိနေလဲဆိုတာက မေးခွန်းထုတ်စရာတခုလိုမြင်တယ်။ စစ်တပ်က သူလုပ်ချင်ရင်ထလုပ်မှာ အဲ့ဒါကိုပံ့ပိုးနေတဲ့ နိုင်ငံရေးပါတီတွေ ကလည်း ကျမတို့နိုင်ငံအတွက် တာဝန်ရှိတဲ့ အဖွဲ့အစည်းအတွေလို့မြင်ပါတယ်။

၄။        စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲကို သူ့ရဲ့ နိုင်ငံရေးထွက်ပေါက်အဖြစ် အသုံးပြုနိုင်တယ်လို့ သုံးသပ်ကြ တာတွေလည်းရှိပါတယ်။ လက်ရှိစစ်ကောင်စီကို တော်လှန်နေတဲ့ အင်အားစုတွေဘက်က ဘယ်လောက်အဆင့်ထိ ဆန့်ကျင် ဟန့်တားဖို့ ပြင်ဆင်ထားကြပြီလဲ။

            လက်ရှိ နွေးဦးတော်လှန်ရေးမှာ စစ်တပ်က အတော်လည်းထိနာနေတာကိုတွေ့ရတယ်။ ဒါပေမဲ့ ကျမတို့ နိုင်ငံမှာက ဘာပဲလုပ်လုပ် တသံထဲထွက်ဖို့ဆိုတာက တော်တော်လည်းခက်ခဲတဲ့ အခြေနေဖြစ်တယ်။ ကျမတို့ အရပ်ဖက်အဖွဲ့အစည်းတွေကြားမှာလည်း ဒီနေ့အထိ ပြည်တွင်းမှာ ပုံစံမျိုးစုံနဲ့ စစ်တပ်မှာ မှတ်ပုံတင်ပြီးနေတဲ့ သူတွေလည်းရှိတယ်။ မှတ်ပုံမတင်ဘဲနဲ့ အထဲမှာ လှုပ်ရှားမယ်ဆိုတဲ့ သူတွေလည်းရှိတာပေါ့လေ။ ဒါက အရပ်ဖက် အဖွဲ့အစည်းတွေတခုထဲမဟုတ်ဘူး နိုင်ငံတကာအဖွဲ့အစည်းတွေလည်းရှိတယ်။ ဒါက တနည်းအားဖြင့် စစ်တပ်ကို တရားဝင်မှုပေးနေတယ်လို့ပဲ နိုင်ငံရေးအရ ဆန်းစစ်ကြည့်ရင်တော့ အဲ့လိုပဲမြင်တယ်။ ဘာကြောင့်လဲဆိုတော့ စစ်တပ်ဆီကခွင့်ပြုချက်ရမှ နေထိုင်ရမဲ့အခြေနေဆိုတော့ စစ်တပ်ကို တရားဝင် အသိမှတ်ပြုတာပါပဲ။

အခုအခြေနေ မှာပြန်ကြည့်ရင်တော့ သန်ခေါင်စာရင်းပဲကောက်ကောက် သူ့ကိုသူဘာပဲလုပ်လုပ် ရာနှုန်းပြည့်လုပ်နိုင်တာတော့ မရှိဘူး။ ဘာကြောင့်လဲဆိုတော့ နယ်မြေတော်တော်များများက ရှုံးဆုံးထားရပြီဖြစ်တယ်။ ဒီဟာတွေကိုကြည့်ခြင်း အားဖြင့် သူတို့အခေါ် စစ်မှုထမ်းပေါ့ စုဆောင်းရေးမှာတောင်မှ ဒီနေ့အထိ အောင်မြင်သလားဆိုတဲ့ခါကို ပြန်ကြည့် လို့ရတယ်။

ဘာလို့ဆို လူငယ်တွေ နည်းမျိုးစုံ ပုံစံမျိုးစုံနဲ့ ရှောင်နေကြတယ်။ ဒါကိုကြည့်လိုက်ရင် သူ့ရဲ့လက်အောက် မှာ တာဝန်မထမ်းဆောင်ချင်ကြဘူး။ ဆိုတော့ ရွေးကောက်ပွဲမှာ သန်ခေါင်စာရင်းကောက်တယ်ဆိုပေမဲ့လည်း ဒါကို ကူညီပေးတဲ့ သူတွေအတွက်လည်းအန္တရာယ်များတယ်။ သူတို့လုပ်နိုင်တဲ့ ရွေးကောက်ပွဲနယ်မြေက မဆို့သလောက် ပဲရှိတယ်။ အဲ့တော့ ကျမတို့က ကိုယ်လုပ်နေတဲ့ အလုပ်ကို တစိုက်မတ်မတ်လုပ်ပြီး နယ်မြေတွေကို သိမ်းနိုင်နေရုံ မဟုတ်ဘူး အုပ်ချုပ်ရေးယန္တရားတွေ စတင်ရှင်သန်နိုင်ပြီးတော့မှ တည်တန့်ခိုင်မြဲရေးက စစ်တပ်ရဲ့ ရွေးကောက်ပွဲ ကို ဟန့်တားနိုင်တဲ့ အခြေနေဖြစ်တယ်။ လောလောဆယ်မှာဆိုရင် ကရင်နီကို ရှေ့မှာမြင်နေရတယ်လေ။

ဒီလိုမျိုးထိကို ကျမတို့ နေရာတော်တော် များများမှာလုပ်နိုင်ပြီဆိုလို့ရှိရင် ကျမတို့ရဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ အမြင် တွေလည်းပြောင်းလဲလာတယ်။ အဲ့ဒီအပြင်ကို အနောက်နိုင်ငံတွေကလည်း ကျမတို့ရဲ့ မြေပြင်အခြေအနေ ပြောင်းလဲမှုပေါ်မှာ မူတည်ပြီးတော့မှ သူတို့ ချဉ်းကပ်မှုတွေကရွေ့နေတာဖြစ်တယ်။ အဲ့ဒါကြောင့်မို့လို့ ကျမတို့နဲ့ အတူ အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ လည်း စစ်တပ်ကိုဖြုတ်ချနိုင်မယ်ပေါ့။ ဒါပေမဲ့ ကျမတို့ အရပ်ဖက်အဖွဲ့ အစည်းတွေကြားမှာလည်း ညီညွတ်မှုမရှိဘူးပေါ့။

၅။        NUG အပါအဝင် NUCC ဟာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် စုံရပ်တခုဆို ရင် ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကိုင်ဆွဲထားကြတဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူ အင်အားစုတွေနဲ့ ဖက်ဒရယ်အရေး လှုပ်ရှားခဲ့ကြတဲ့ အင်အားစုတွေကြား တဘက်က စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကိုဆန့်ကျင်မှုအပြင် လက်ရှိ မြန်မာ့ နိုင်ငံရေး အခင်းအကျင်းကို ပိုအားကောင်းတဲ့ ပေါင်းစပ်မှုမျိုးဖြစ်အောင် ဘယ်လိုပုံဖော်သင့်ပြီလဲ။

            ကျမတို့က စစ်အာဏာရှင် အမြစ်ဖြတ်ခြေမှုန်းရေးလို့ပြောတဲ့အခါ၊ အဲ့ဒီစစ်အာဏာရှင်ကို ပြုတ်ကျနိုင်မဲ့ လုပ်ငန်းစဉ်တွေမှာတော့ ကိုယ့်ဟာကိုလည်းပြန်ပြီးတော့ သုံးသပ်ဖို့လိုမယ်။ လက်ရှိ NUCC ရဲ့ အခြေအနေကိုလည်း အားလုံးသိပြီးသားဖြစ်တယ်ပေါ့လေ၊ ပြည်သူလူထုတွေပြောတာက လူများပြီးတော့ အလုပ်မဖြစ်ဘူးပေါ့။ နောက်တခုက မရွေ့နိုင်ဘူးပေါ့။ သုံးနှစ်ကျော်ကာလအတွင်းမှာ NUCC ကဘာတွေလုပ်နေလဲ ပြည်သူက သိတောင် မသိဘူး။ ကျမကိုယ်တိုင်လည်း NUCC ကကောင်စီထဲမှာဝင်ပြီးတော့ တာဝန်ယူဖိုးပါတယ်။

ဆိုတော့ လူငယ် တယောက်အနေနဲ့ပြန်ကြည့်ရင် ကျမတို့ နိုင်ငံရေးရှေ့ရွေ့ဖို့အတွက် လုံလောက်တဲ့ အားထုတ်မှုက NUCC မှာ မရှိဘူးဆိုတာထက် မမြင်နိုင်ဘူးပေါ့လေ။ ဒါက ကျမတို့တော်လှန်ရေးကို သွားတဲ့အချိန်မှာ မလိုလားအပ်တဲ့ နှောင့်နှေးကြပ်ကြာမှုတွေဖြစ်စေနိုင်တယ်။ အဲ့ဒါကို NUCC ကိုယ်တိုင်က ကိုယ့်ရဲ့အခန်းကဏ္ဍ၊ ကိုယ့်ရဲ့လုပ်ဆောင် နိုင်မှုကို ပြန်ပြီးတော့မှ သုံးသပ်ဖို့လိုနေတယ်။ တချိန်ထဲမှာပဲ တခြားသောအင်အားစု NUG ပဲပြောပြော CRPH ပဲပြောပြော CRPH ဆိုလို့ရှိရင် NUCC ထဲမှာ သူလည်းဝင်ပါတာဖြစ်တယ်။ အဲ့ဒါတွေကို ကျမတို့ပြန်ကြည့်ရင် ၂၀၂၀ ရလာဒ်ကို အကောင်အထည်ဖော်နိုင်ရေးထက်ကို ဗမာပြည်ရဲ့ ရှေရှည်တည်တံ့ခိုင်မြဲမဲ့ ဖက်ဒရယ်နိုင်ငံကို သွားမဲ့ဟာ ကို တစိုက်မတ်မတ်နဲ့ စဉ်းစားရမယ်။ စဉ်းစားတဲ့အချိန်မှာလည်း အမှန်တကယ် စိတ်ဆန္ဒရှိရှိနဲ့ စဉ်းစားဖို့လိုမယ် ထင်တယ်။ အဲ့သလိုစဉ်းစားလာပြီဆိုရင် ဒီစုရပ်တွေအကုန်လုံးပေါင်းရင် အခုစစ်တပ်က အားနည်းသွားတယ် ယိုင်လာတယ်ဆိုတာက ကျမတို့ရဲ့ စုစည်းမှုအားကောင်းလာလို့ဖြစ်တယ်။

ဆိုတော့ ကျမတို့ ဒီထက်မက အားကောင်းအောင်တည်ဆောက်နိုင်ရင် စစ်တပ်က မေးမိန်သွားလာမှာဖြစ်တယ်။ နောက်ဆုံးပြိုကွဲသွားတဲ့အထိ ဖြစ်သွားနိုင်တယ်။ ကျမတို့က စည်းလုံးတယ်ဆိုတာထက် မတူကွဲပြားတဲ့ အခြေအနေတွေ၊ လိုလားချက်တွေကို လက်ခံနိုင်ဖို့လိုအပ်တယ်။ အဲ့ဒါက NUCC, NUG တခုထဲမဟုတ်ဘူး CRPH အပါအဝင် ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ တဲ့ နိုင်ငံရေးပါတီတွေကိုယ်တိုင်ကလည်း အရေးကြီးတယ်။ ဒါပေမဲ့ အခု ကျမတို့ စစ်အာဏာရှင်ကို ဖြုတ်ချနေတဲ့ အချိန်မှာ စစ်အာဏာရှင်က ပြုမူတဲ့ အပြုမူတွေကို ကိုယ်တွေက မလုပ်မိဖို့အရေးကြီးတယ်။ အစုအဖွဲ့အားလုံးပေါ။ မဟုတ်ရင် ပြည်သူက ဘယ်သူ့ကို အားကိုးရမှန်းမသိတော့ဘူး ဖြစ်နေမယ်။ ဒါကိုလည်း ကျမတို့ သတိထားဖို့လိုပါ တယ်။

နောက်တခုက ကျမတို့ ဖက်ဒရယ်နိုင်ငံသွားမယ်လို့ ပြောထားတဲ့အတွက်ကြောင့်မို့ ဖက်ဒရယ်နိုင်ငံမှာရှိ သင့်တဲ့ ကျင့်သုံးမှုတွေ ဖက်ဒရယ်ရဲ့ အနစ်သာရကို အခုကတည်းက စပြီးတော့အကောင်အထည်ဖော်မှရမယ်။ စစ်အာဏာရှင်ကို ဖြုတ်ချနေတဲ့ တပြိုင်နက်ထဲမှာ ဒီစနစ်တွေကိုလည်း ကျင့်သုံးသွားဖို့လိုမယ်။  

 

ဦးကျော်စိုး(ခ)ပူကမ်လမ်ခုပ် (တွဲဖက်အတွင်းရေးမှူး၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)

၁။        ရွေးကောက်ပွဲစနစ်အမျိုးအစား ဘယ်နှစ်မျိုးရှိသလဲ။ လွတ်လပ်တဲ့ ရွေးကောက်ဆိုတာ ဘယ်လိုအခြေ အနေ မျိုးမှာ ကျင်းပကြသလဲ။

ရွေးကောက်ပွဲစနစ်အမျိုးအစားကတော့ အများကြီးရှိကောင်းရှိမှာပါ။ ကျနော်တို့ကြုံတွေ့ခဲ့ရတာတွေ ကျနော်တို့ အနီးအနားမှာမြင်တွေ့ခဲ့ရတဲ့ တောင်ကိုးရီးယား၊ ဂျပန် တို့ဆိုရင် PR စနစ်ကျင့်သုံးခဲ့တာတွေရှိတယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာတော့ FPTP ကို တောက်လျောက်သုံးလာတွေ့ရတယ်။

လွတ်လပ်တဲ့ ရွေးကောက်ပွဲဆို တာက ဘယ်လိုအခြေအနေမှာ ကျင်းပရမလဲဆိုလို့ရှိရင် ကျနော်အမြင်ကို ပြောရမယ်ဆိုလို့ရှိရင်၊ လက်ရှိ ကျနော်တို့ မြန်မာနိုင်ငံအနေနဲ့ပြောရရင် စစ်ဘောင်အင်မတန်မှကျယ်နေတဲ့ အချိန်ကာလဖြစ်နေတယ်။ နိုင်ငံရေးအရ အဝန်း အဝိုင်းတစ်ခု သင့်သင့်မျှတတဲ့ နိုင်ငံရေးအခင်းအကျင်းတခုအဖော်ဆောင်သေးပဲနဲ့တော့ ရွေးကောက်ပွဲမလုပ်သင့် ဘူးပေါ့။

၂။         မြန်မာပြည်ရဲ့ အနီးစပ်ဆုံးရွေးကောက်ပွဲ သမိုင်းကိုကြည့်ရင် (FPTP) လို့ခေါ်ကြတဲ့ အနိုင်ရသူ အကုန်ယူ ရွေးကောက်ပွဲစနစ်ကို ကျင့်သုံးခဲ့တာ တွေ့ရပါတယ်။ (PR) လို့ခေါ်တဲ့ အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲစနစ်ကို ကျင့်သုံးတာ မတွေ့ရသေးပါဘူး။ ရွေးကောက်ပွဲစနစ် အမျိုးမျိုးရှိကြတဲ့ထဲက အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ကြတဲ့အခါ ဘယ်လို ရွေးကောက် စနစ်က သင့်တော်မယ်လို့ ယူဆပါသလဲ။

ကျနော်အမြင်ကိုပြောရမယ်ဆိုလို့ရှိရင် FPTP စနစ်ကိုပဲ ပိုသဘောကျပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ PR စနစ်ကို ကျင့်သုံးမယ်ဆိုလို့ရှိရင် နည်းနည်းရှုပ်ထွေးတယ်။ နိုင်သူအကုန်ယူဆိုတဲ့ FPTP မှာတောင် မဲပေးတဲ့အချိန် မှာ ပြယ် မဲ တွေက အင်မတန်မှများနေတယ်ဆိုတော့ PR စနစ် အင်မတန်မှရှုပ်ထွေးတဲ့ မဲပေး စနစ်က ကျနော်တို့ နိုင်ငံအတွက် ဖြစ်နိုင်ပါ့မလားပေါ့။

၃။        စစ်ကောင်စီခန့် UEC တွေက လက်ရှိ ရွေးကောက်ပွဲစနစ်ဖြစ်သည့် နိုင်သူအကုန်ယူ စနစ် (FPTP) နေရာမှာ အချိုးကျ ကိုယ်စားပြုစနစ် (Proportional Representation) PR ဖြင့် အစားထိုးနိုင်ရေး ရှေ့တိုးလုပ်ဆောင်လျက် ရှိနေပါတယ်။ PR စနစ်က တိုင်းရင်းသားပါတီတွေ လိုလားကြတဲ့စနစ်လည်း ဖြစ်နေတော့ ရွေးကောက်ပွဲ ဖြစ်လာ နိုင်ပါသလား။

            စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲကို အတင်းအဓ္ဓလုပ်မယ်ဟေ့ဆိုလို့ရှိရင်တော့ လုပ်နိုင်မယ်။ ဘာဖြစ်လို့ လဲဆိုတော့ အာဏာသုံးရပ်လုံးကို သူ့လက်ထဲမှာ ရှိတာကိုး၊ ဥပဒေပြုရေးအာဏာ၊ တရားစီရင်ရေးအာဏာ၊ အုပ်ချုပ် ရေးအာဏာ အဲ့ဒါတွေက သူ့လက်ထဲမှာရှိတယ်ဆိုတော့ အတင်းအဓ္ဓမလုပ်မယ် ဆိုရင် လုပ်နိုင်ပါတယ်။ လုပ်နိုင်တဲ့ နေရာကတော့ အကန့်အသတ်နဲ့ပေါ့နော။

မြန်မာတစ်နိုင်ငံလုံး အထွေထွေ ရွေးကောက်ပွဲပုံစံမျိုးတော့ မဖြစ်လာနိုင် ဘူး။ အတင်းအဓ္ဓမလုပ်တဲ့ ရွေးကောက်ပွဲက NLD ပါဘူး။ SNLD မပါဘူး၊ ANP မပါဘူးဆိုရင် အဲ့ဒီရွေးကောက်ပွဲက တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်လာနိုင်မလားပေါ့။ နိုင်ငံတကာကရော အသိမှတ်ပြုနိုင်မလား။ ပြည်သူလူထု ကိုယ်၌ကလည်း ရွေးကောက်ပွဲရလာဒ် ဘယ်လိုပဲထွက်လာထွက်လာ အသိမှတ်ပြုနိုင်မလားပေါ့။

ပါတီစုံ ရွေးကေက်ပွဲဆိုကတည်းက ပါတီတွေအားလုံးကို ပါဝင်ခွင့်ပေးရမယ်။ သူတို့ ဝင်ပြိုင်နိုင်အောင် နိုင်ငံရေးအရ ဂုဏ်သိက္ခာရှိရှိ ဆွဲခေါ်နိုင်တဲ့အားက စစ်ကောင်စီမှာ လုံးဝမရှိတဲ့အခါကျတော့ ဒီရွေးကောက်ပွဲလုပ်နိုင်ခဲ့သည် ရှိတော့ ရလာဒ်ကတော့ ရလာဒ်ကောင်းမဖြစ်လာနိုင်ဘူးလို့ပဲ ကျနော် သုံးသပ်မိပါတယ်။

၄။        စစ်ကောင်စီက အတင်းအကျပ်နဲ့ ရွေးကောက်ပွဲကို ပြုလုပ်နိုင်ခဲ့ရင် နောက်ဆက်တွဲ ဘာတွေ ဖြစ်လာနိုင် မယ်လို့ သုံးသပ်ပါလဲ။ စစ်ကောင်စီအပေါ် နိုင်ငံတကာအနေနဲ့ ထိတွေ့ဆက်ဆံရေး အခင်းအကျင်း အပြောင်းလဲ ရှိလာနိုင် မလား။

            စစ်ကောင်စီကနေပြီးတော့ အတင်းအကျပ်ရွေးကောက်ပွဲကို ပြုလုပ်နိုင်ခဲ့ရင် နောက်ဆက်တွဲအနေနဲ့ အကောင်းထက် အဆိုးဖက်ကိုပိုရောက်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ လုပ်နိုင်ခဲ့ရင် ၁ အချက်က နိုင်ငံရေး သမားတွေကို လုပ်ကြံသတ်ဖြတ်တာတွေ အများကြီးပေါ်လာမယ်။ အစိုးရကိုယ်၌က အစိုးရတရပ်အနေနဲ့ ပီပီပင်ပင် ပုံဖော်နိုင်လိမ့်မယ်လို့မထင်ဘူး။ ယနေ့ကျနော်တို့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ကဒေါင်းကနင်းပဲပြောပြော ပဋိပက္ခပဲ ပြောပြော အကျပ်အတည်းကနေလွတ်မြောက်ဖို့ရန်အတွက် နိုင်ငံရေးထွက်ပေါက်တော့ မဟုတ်ဘူး။ ဒါကြောင့် ရွေးကောက်ပွဲလုပ်လို့ရှိရင် ပိုပြီးမှတောင် ဆိုးရွားနိုင်တယ်လို့ယူဆတယ်။

အဲ့ဒါကြောင့် နိုင်ငံတကာဖက်ကရော စစ်ကောင်စီအပေါ်မှာ တိုင်းပြည်ပိုပြီးတော့ ဒုက္ခရောက်လာမယ်၊ ပြည်သူလူထုပိုပြီး ဒုက္ခရောက်လာမယ် ပိုပြီး ကျပ်တည်းလာမယ်ဆိုလို့ရှိရင် နိုင်ငံတကာအဝန်းအဝိုင်းကလည်း ဆက်ဆံရေးတွေပိုမိုပြီးတော့ ဖြတ်တောက်လာ လိမ့်မယ်၊ ပိုပြီးကင်းကွာသွားလိမ့်မယ်လို့ပဲ ကျနော်သုံးသပ်မိပါတယ်။

၅။        NUG အပါအဝင် NUCC ဟာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် စုံရပ်တခု ဆိုရင် ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကိုင်ဆွဲထားကြတဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူ အင်အားစုတွေနဲ့ ဖက်ဒရယ် အရေး လှုပ်ရှားခဲ့ကြတဲ့ အင်အားစုတွေကြား တဘက်က စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကိုဆန့်ကျင်မှုအပြင် လက်ရှိ မြန်မာ့ နိုင်ငံရေး အခင်းအကျင်းကို ပိုအားကောင်းတဲ့ ပေါင်းစပ်မှုမျိုးဖြစ်အောင် ဘယ်လိုပုံဖော်သင့်ပြီလဲ။

            ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်ဖို့ရန်အတွက် လက်ရှိမြန်မာ့နိုင်ငံရေး အခင်းအကျင်း ကနေ ဘယ်လိုပိုပြီးတော့ အားကောင်းအောင် ဘယ်လိုဆောင်ရွက်သင့်သလဲဆိုလို့ရှိရင် ကျနော့် အနေနဲ့တော့ ဂနဦးပြည်ထောင်စုဖွဲ့စည်းစဉ်က ၁၉၄၇ ခုနှစ်က အခြေအနေကို မေ့ပစ်လို့တော့မရဘူးပေါ့။ ပြီးရင် ကျနော်တို့မှာ အပြန်အလှန်နားလည်မှုတွေ အပြန်အလှန်ယုံကြည်မှုတွေ အပြန်အလှန်လေးစားမှုတွေအတွက် တွေ့ဆုံကြဖို့တော့ လိုတယ်လို့ ထင်ပါတယ်။

ဘယ်အုပ်စုတွေပါဝင်ဖို့လိုသလဲဆိုလို့ရှိရင် ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေး အတွက်လှုပ်ရှား နေတဲ့ အင်အားစုတွေ၊ ဒီမိုကရေစီရရှိရေးအတွက် အင်အားစု အစုအဖွဲ့အသီးသီး နိုင်ငံရေးပါတီသော်လည်းကောင်း Stakeholder တွေအားလုံး တွေ့ဆုံပြီးတော့ သင့်သင့်မျှတတဲ့ နိုင်ငံရေးအခင်းအကျင်းတခု မဖော်ဘဲနဲ့တော့ ကျနော်တို့ပြည်သူလူထုတွေ လိုလားတဲ့ ဒီမိုကရေစီပြည်ထောင်စုကြီး ကတော့ တည်ဆောက်နိုင်ကြလိမ့်မယ်လို့ မယူဆဘူး။ ကောင်းမွန်တဲ့ အပြောင်းအလဲလည်းဖြစ်မလာနိုင်ဘူးလို့ပဲ ကျနော် သုံးသပ်ပါတယ်။

 

ဆရာ သွန်းနေစိုး (နိုင်ငံရေး လေ့လာသုံးသပ်သူ)

၁။        ရွေးကောက်ပွဲစနစ်အမျိုးအစား ဘယ်နှစ်မျိုးရှိသလဲ။ လွတ်လပ်တဲ့ ရွေးကောက်ဆိုတာ ဘယ်လိုအခြေ အနေ မျိုးမှာ ကျင်းပကြသလဲ။

ရွေးကောက်ပွဲ ဘယ်နှစ်မျိုးရှိသလဲ ဒါတွေကတော့ အမျိုးစုံရှိပါလိမ့်မယ်။ စာအုပ်တွေထဲ ရေးဆွဲပြထမ်းထားတာပဲ လေ။ အခုအချိန်မှာ ကျနော်တို့နိုင်ငံမှာ ဘယ်လို ရွေးကောက်ပွဲမှ လုပ်လို့မရဘူး။ လုပ်ရင်တောင် အဓိပ္ပါယ်မရှိဘူး။ အထူးသဖြင့် မင်အောင်လှို နဲ့ စစ်ကောင်စီက လုပ်တဲ့ရွေးကောက်ပွဲဆို လုပ်ကို မလုပ်သင့်တဲ့ ရွေးကောက်ပွဲပဲ။ သူကတခြားဘာမှမဟုတ်ဘူး သူ့ကိုယ်သူ Legitimate တရားဝင်မှုဖြစ်အောင် အရောင်ပြရွေးကောက်ပွဲကိုပဲ သူလုပ်ချင်တာဖြစ်တယ်။ သူ့ကိုယ်သူဆွဲတင်ချင်နေတာ ဒါပဲ။ သူ့ရဲ့ အာဏာသိမ်းချင်းကလည်း တရားမဝင်ဘူး။ အဲ့ဒီအာဏာသိမ်းတဲ့အပေါ်မှာလည်း လက်တဆုပ်စာလောက်တော့ရှိရင်ရှိမယ်၊ ဒါပေမဲ့ ပြည်သူလူထုတရပ်လုံး (လုံးဝ) လက်မခံဘူး။ လက်မခံလို့ပဲ ကျနော်တို့ နှစ်ငါးလုံး အရေးတော်ပုံနေ့မှာ လမ်းပေါ်ထွက်တဲ့ လူဦးနေဟာ ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်အစိုးရကိုမဆို ပြုတ်ကျသွားစေနိုင်တဲ့ လူဦးရေမျိုး ကျနော်တို့ထွက်ခဲ့တယ်။

အခုဆို ကျနော်တို့ အရမ်းရင်နာစရာကောင်းတယ်။ ဘင်္ဂလားဒေရှ့် ကျနော်တို့အနောက်မှာ ဖြစ်သွားတဲ့ တော်လှန်ရေးက တော်လှန်ရေးဖက်တွေက အနိုင်ရသွားပြီ။ သူတို့ထွက်တဲ့ လူအုပ်က ကျနော်တို့ထွက်တဲ့ လူအုပ်ရဲ့ သုံးပုံ နှစ်ပုံ လောက်တောင်မရှိဘူး။ ဒါပေမဲ့ သူများနိုင်ငံရဲ့ အစိုးရတွေက လူလိုသိတဲ့အတွက်ကြောင့်၊ လူတွေအုပ်ချုပ်နေတဲ့ တိုင်းပြည်၊ တိုင်းပြည်ကိုချစ်တဲ့ လူတွေတွက်ကြောင့်မို့၊ တိုင်းပြည်ကို မနာစေချင်တဲ့အတွက်ကြောင့်မို့ ဆင်းပေး သွားတယ်။ ကျနော်တို့နိုင်ငံမှာ တစ်နိုင်ငံလုံးနီးပါးက မလိုလားပါဘူးပြောတဲ့ဟာကိုလည်း မဆင်ပေးပဲ သေနတ် နဲ့ပစ် သွေးလမ်းခင်းပြီးတော့ နေတယ်။

အဲ့လိုကောင်မျိုးက ဘာရွေးကောက်ပွဲမှ လုပ်လို့မရဘူး။ ဥပမာ ရွာတစ်ရွာကို ဒါးမြတိုက်ထားပြီးတော့မှ ငါ့ကိုထောက်ခံမလား မထောက်ခံဘူးလားဆိုပြီး သေနတ်ချိန်ပြီး ရွေးကောက်ပွဲလုပ်တဲ့ ပုံစံမျိုးပဲ။ အခုဟာက ရွေးကောက်ပွဲဆိုတဲ့ အခြေခံအကြောင်းတရားနဲ့ကို မညီညွတ်ဘူး။ နောက်ပြီးတော့ သူက အာဏာကို အတင်းအဓ္ဓမ လု ထားတဲ့ သူက ရွေးကောက်ပွဲလုပ်မယ်၊ လုပ်မဲ့ရွေးကောက်ပွဲကိုလည်း စနစ်ပြောင်းမယ် ဆိုတော့ ပြောင်းဖို့အတွက် မန်ဒိတ် ဘယ်ကရှိတာလဲ၊ ဘယ်သူကပေးတာလဲ သူ့မှာ သေနတ်ပဲရှိတယ်။ ပြည်သူလူထုရဲ့ ထောက်ခံမှုမရှိဘဲနဲ့ သူ့ဟာသူလုပ်နေတာ ဒါရွေးကောက်ပွဲမဟုတ်ဘူး။ အလိမ်အညာပြဇာတ် တခုတာဖြစ်တယ်။

၂။         စစ်ကောင်စီခန့် UEC တွေက လက်ရှိ ရွေးကောက်ပွဲစနစ်ဖြစ်သည့် နိုင်သူအကုန်ယူ စနစ် (FPTP) နေရာမှာ အချိုးကျ ကိုယ်စားပြုစနစ် (Proportional Representation) PR ဖြင့် အစားထိုးနိုင်ရေး ရှေ့တိုးလုပ်ဆောင်လျက် ရှိနေပါတယ်။ PR စနစ်က တိုင်းရင်းသားပါတီတွေ လိုလားကြတဲ့စနစ်လည်း ဖြစ်နေတော့ ရွေးကောက်ပွဲ ဖြစ်လာ နိုင်ပါသလား။

ဘယ်လိုမှ မဖြစ်လာနိုင်ဘူးထင်တယ်။ ဘာလို့ဆို မကြာခင်မှာ မန္တလေးတိုင်းမှာရှိတဲ့ မြို့တွေ တော်တော် များများကျပါတော့မယ်။ လားရှိုး ရမခ လိုမျိုး သူတို့ရဲ့ အင်္ဂါစဉ်အရဆို စစ်ဌာနချုပ် နံပါတ် (၃) ရှိပါတယ်။ ဒီလောက် အင်္ဂါစဉ်မြင့်တဲ့ ဌာနချုပ်၊ ပြောရလို့ရှိရင် သူတို့အင်မတန် ဂုဏ်ယူရတဲ့နေရာလေ၊ ဗကပ ကို ရင်ဆိုင်တဲ့နေရာ၊ နောက်ပြီးလို့ရှိရင် ရှမ်းမြောက်တကြောမှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေကို အဓိက ဆန့်ကျင်အနိုင်ယူ နိုင်ခဲ့တဲ့ နေရာ ဒီနေရာကြီးကိုတောင်မှ လပိုင်းနဲ့ ကျသွားတယ်ဆိုတော့လေ။

ပြောရရင် မင်းအာင်လှိုင် ရဲ့ သားနဲ့သမီး တောင် မြန်မာနိုင်ငံထဲမှာမရှိတော့ဘူး။ ပြီးတော့ သူတို့အထက်ပိုင်းက မိသားစုတွေတော်တော်များက နိုင်ငံခြားကို ရောက်နေကြပြီ။ ထိပ်ပိုင်းခေါင်းဆောင်တော်တော်များမျာက ထွက်ပြေးဖို့ပြင်ဆင်နေကြချိန် အောက်က ကောင် တွေပဲ ရူးလို့ စစ်တိုက်နေတာ၊ ဆိုတော့ ဒီလိုအခြေအနေမျိုးမှာ ဘယ်လိုမှ သူတို့နိုင်ဖို့အခြေနေမရှိတော့ဘူး။ ကျနော်ထင်တယ် နောက်ထပ် အလွန့်အလွန်ဆုံး ၆ လ လောက်ဆိုရင် အဖြူအမဲသဲကွဲတော့မယ်ထင်တယ်။

အဲ့လောက်ယိုယွင်းနေတဲ့ အုပ်ချုပ်မှုမျိုးနဲ့ကတော့ ဘယ်လိုမှ ရွေးကောက်ပွဲဆိုတာ လုပ်လို့မရဘူး။ သူတို့ဖက်က အာဏာတည်ပါတယ်ဆိုတဲ့ မြို့တွေမှာတောင်မှ သူတို့လုံလုံခြုံခြုံနေနိုင်တာမဟုတ်ဘူး။ အညာ ဖက်မှာဆိုရင်လည်း အခု ကျနော်တို့ဖက်က လူတွေလွှမ်းမိုးထားတာ အညာတကြောက ကျနော်တို့နိုင်နေပြီ။ သူတို့တွေ လေယာဉ်နဲ့ လာတယ် လူချပေးတယ်၊ ပစ်တယ် အဲ့လိုအခြေအနေမှာ ကျနော်တို့ဖက်က ခဏရှောင်ပေးရတယ်။ သူတို့ပြန်သွား ရင် ကျနော်တို့ ပြန်ရတယ်။ ဟိုနေကဆို ဒီပဲယင်း ကို ကျနော်တို့ရလိုက်တာပဲ။ ဒါပေမဲ့ ဒီကောင်တွေက အပေါ်က လာတယ် ကျနော်တို့မှာ လေယာဉ်ပစ်မရှိဘူး။ အဲ့တော့ ကျနော်တို့ရဲ့ အသက်တွေထိခိုက်မှာဆိုလို့ ပြန်ဆုတ် ပေးရတယ်။

မကြာခင်မှာ ဒီနေရာတွေအားလုံး ကျနော်တို့ပြန်သိမ်းနိုင်မှာ၊ အဲ့ဒီနေရာတွေအားလုံးမှာ ကျနော်တို့ ရှိပြီးသားဟုတ်တယ်။ ဂိတ်ဆိုလို့ရှိရင် စစ်တပ်ဂိတ်ရဲ့ မလှမ်းမကမ်းမှာ ကျနော်တို့ PDF ဂိတ်ရှိတယ်။ ကျနော် ဟိုတလောကပဲ အညာကနေပြန်လာတာပါ။ 

ဆိုတော့ ပြောချင်တာက ကျနော်တို့အကုန်လုံး လွှမ်းမိုးနေပြီ။ အထူးသဖြင့် မြောက်ပိုင်းမှာက အင်အားတအားကောင်းနေပြီ။ မြစ်ကြီးနား၊ ဗန်းမော်၊ ဝိုင်းမော် တို့ဆိုရင်လည်း ကျနော်တို့ အကုန်လုံးဝိုင်းထားပြီးပြီ။ တကယ့်တကယ်တမ်း စစ်ကောင်စီရဲ့ လွှမ်းမိုးနိုင်မှုအားက မြို့ပေါ် ကွက်ကွက်လေးတွေမှာနဲ့ စစ်ဌာနချုပ်ကွက်ကွက်လေးတွေမှာပဲ ကျန်ပါတော့တယ်။

ဒီလောက်နဲ့ကတော့ ဘယ် ရွေးကောက်ပွဲမှ လုပ်လို့မရသလို သူတို့ကိုယ်တိုင်တောင် အသက်ကို ဖက်နဲ့ထုပ်ထားနေရတဲ့ အခြေအနေဖြစ်ပါ တယ်။ ဒီလိုအခြေနေမှာ နိုင်ငံတော်ကို လွှမ်းခြုံနိုင်တဲ့ ရွေးကောက်ပွဲမပြောနဲ့ ရပ်ကွက် ရွေးကောက်ပွဲတောင် စစ်ကောင်စီမှာ လုပ်ပိုင်နိုင်မစွမ်းမရှိဘူး။

၃။        လက်ရှိ စကစ ခန့် UEC မှာ တိုင်းရင်းသားပါတီများအပါအဝင် ပါတီပေါင်း ၆၃ ပါတီ မှတ်ပုံတင်ကြတယ် လို့ သိရပါတယ်။ ဒီထဲကတချို့တိုင်းရင်းသား ပါတီကြီးတွေကိုတော့ ပါတီမှတ်ပုံတင်မပေးတာကို လည်းတွေ့ရ ပါတယ်။ ဆိုတော့ တရားမဝင် စစ်အာဏာသိမ်းထားတဲ့ စစ်ကောင်စီက ရွေးကောက်ပွဲ လုပ်ခွင့်ရှိသလား။ ယုံကြည် လို့ရော ရပါ့မလား

            သူက ရွေးကောက်ပွဲလုပ်ချင်နေတာမဟုတ်ပါဘူး။ ရွေးကောက်ပွဲရဲ့ အခြေခံအကျဆုံးကို စဉ်းစားရင်တောင် မှ ပြည်သူတွေအနေနဲ့ ငါတို့ကို ဘယ်သူအုပ်ချုပ်မလဲဆိုတဲ့ မဲပေးပြီးတော့ ရွေးရမဲ့ကိစ္စပေါ့။ အဲ့ဒါ သူက ငါ အုပ်ချုပ် ချင်တယ်၊ မင်းတို့ ငါ့ကို ထောက်ခံကြဆိုတဲ့ ပွဲ ကိုပဲ သူလုပ်ချင်နေတာဖြစ်ပါတယ်။ သူစစချင်း တက်လာကတည်း ကိုက ပြောထားတဲ့ စကားရှိရှိတယ်၊ သူကို နိုင်ငံခြားသတင်းထောက်က မေးတဲ့အခါမှာ သူပြောတဲ့စကားက အခုလို အာဏာသိမ်းမှုကြောင့် နိုင်ငံတကာက ဝိုင်းပျယ်ရင် ဘယ်လိုလုပ်မှာလဲ မေးတာကို သူက မိတ်ဆွေနိုင်ငံအချို့နဲ့ ဆက်ပြီးနေမယ်လို့ သူပြောတယ်။ အခုက ပြောတဲ့ မိတ်ဆွေနိုင်ငံအချို့တောင်မှ သူ့ကို ကျဉ်လာတယ်၊ အင်လာ တယ်။ ဒီလူရဲ့ အာဏာသိမ်းမှု၊ ဒီလူရဲ့ ဥပဒေချိုးဖောက်မှုတွေကို နိုင်ငံတကာမှာပြန်ပြီးတော့ နှိုင်းယှဉ်စရာတောင် မရှိတော့ဘူး။ ပြောမယ်ဆိုရင် ကမ္ဘာပေါ်မှာရှိတမျှအာဏာရှင်တွေ အများကြီးပါပဲ။

ဒါပေမဲ့ အဲ့ဒီအာဏာရှင်တွေက သူတို့ရဲ့ Ideology ကို မှန်မှန်ကန်ကန်တည်ဆောက်နိုင်ကြတယ်။ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ သူတို့မှာ အခြေခံခိုင်မာတဲ့ Ideology ရှိတယ်။ နောက်ဆုံး Osama bin Laden လူမျိုးမှာတောင် အနည်းဆုံး Ideology တခုရှိတယ်။ အဲ့ဒါကို ကျနော်မှန်တယ်လို့မပြောလိုဘူး။ ဒါပေမဲ့ သူတို့မှာ မှန်ကန်ခိုင်မာတဲ့ အတွေးအခေါ်ခံယူချက် ဖောင်ဒေးရှင်းတခုရှိတယ်။ ဒါပေမဲ့ မင်းအောင်လှိုင် နဲ့ စစ်အုပ်စုဟာ ခံယူချက်မှမရှိဘူး။

ပြောမယ်ဆိုလို့ရှိရင် အဖွဲ့အစည်းတခု (Organization) တခု မဟုတ်တော့ဘူး။ နိုင်ငံရေးအင်အားစုလည်းမဟုတ်ဘူး။ သူတို့က ဒါးမြအဖွဲ့ပဲ။ သူတို့ရဲ့ Ideology တခွန်းထဲ အမှန်တိုင်းပြောရလို့ရှိရင် သူတို့ မိသားစုတွေ ကောင်းကောင်းနေချင် တယ်၊ ကောင်းကောင်းစား ကောင်းကောင်းဝတ်ချင်တယ်။ တစ်တိုင်းပြည်လုံးရဲ့ စည်းစိမ်ဥစာတွေကို သူတို့တစုထဲ ပဲလိုချင်တယ်။

တိုင်းပြည်ပျက်သွားအောင်လုပ်ပြီးတော့ တိုင်းပြည်ကိုရောင်းစားမယ်။ အဲ့တော့ ရွေးကောက်ပွဲတွေ ဘာတွေ သူလုပ်ချင်နေတာမဟုတ်းဘူး။ ငါ့ကို ရာထူးပေးကြ၊ ငါ့ကိုနေရာပေးကြ၊ ငါသတ်ရင်သေကြ၊ ငါထောင်ထဲ ထည့်လို့ရှိရင်နေကြ၊ ငါမှောင်းထုတ်လို့ရှိရင် ပြေးကြဒါတွေကိုပဲ သူလိုချင်တာ။ ဒါက ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်း ထဲမှာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ သူ့ကိုသူတော့ အမျိုးသားရေးလိုလိုလုပ်ပြီး ဘုန်းကြီးလည်း သူသတ်တာပဲ။

၄။        စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ ပါဝင်ဖို့ စီစဥ်နေတဲ့ နိုင်ငံရေးပါတီတွေအပေါ် ဘယ်လိုအမြင်ရှိပါသလဲ။

            နှစ်မျိုးမြင်ပါတယ်။ တချို့ကြတော့ ရိုးသားစွာနဲ့ စစ်ကောင်စီပေးထားတဲ့ထဲမှာ လုပ်လို့ရနိုင်မလားဆိုပြီး တော့ပေါ့။ တချို့ကတော့ အရင်တုန်းက အစဉ်အဆက် နေရာမရခဲ့ဘူး။ မရခဲ့တော့ အခုအခါမှာ ကြောသက် ရင်သက်လုပ်ခံရတော့ ပျော်ပြီးတော့ ရောပါသွားတယ်ပေါ့။ ဒါပေမဲ့ အဲ့ဒီလူတွေအားလုံးက မင်းအောင်လှိုင် နဲ့ စစ်အုပ်စုရဲ့ မတရားလုပ်တာကို တရားပါတယ်လို့ ဟန်ဆောင်ဖို့အတွက် လုပ်ဇာာတ်ကြီးပြချင် တယ်။

ကျနော်တို့က ပါတီမှတ်ပုံတင်တဲ့ ပါတီတွေကို ဆန့်ကျင်ဖို့ပြောတဲ့အခါမှာ ငါတို့က ဒီလိုပေးထားချက်ထဲမှာ မလုပ်ရဘူးလား၊ ငါတို့ကငြိမ်းချမ်းစွာမလုပ်ရဘူးလား၊ ငါတို့က ဂုဏ်သိက္ခာရှိစွာ နိုင်ငံရေးလုပ်နေတာ ဖြစ်ပါတယ်ပေါ့။ စစ်ဘောင် ကျယ်တာက တိုင်းပြည်အတွက်မကောင်းဘူးဘာညာပေါ့။ ကျနော် ပြန်ပြောချင်တာက စစ်ဘောင်ကျယ် နေတာက ၁၉၆၂ ခုနှစ်ထဲကကျယ်တာ။

ဘာလို့ဆို ကျနော်တို့တွေရဲ့ အရပ်ဖက်နေရာတွေမှာကိုက စစ်တပ်က နေရာဝင်ယူ နေတာဗျာ။ ကျနော် စစ်တွေမြို့ကိုရောက်တယ် ရခိုင်ခေါင်းဆောင်တွေနဲ့ စကားပြောဖြစ်တော့ စစ်တွေမြို့ရဲ့ ကမ်းနားတစ်လျှောက်မှာ ဒီနေရာကြီးက အရမ်းကောင်းတာပဲ ခရီးသွားအပန်းဖြေနေရာလုပ်ဖို့ အတွက်လို့ပြော တော့ ဆရာရေ မလုပ်နဲ့ အဲ့နေရာတွေက စစ်တပ်နေရာတဲ့။ ပြောချင်တာ နေရာကောင်းတွေ တော်တော်များများမှာ စစ်စခန်းတွေစိုက်ထားတယ်။ စစ်ဘောင်က တစ်နိုင်ငံလုံးကို ကုတ်သွေးဆုပ်ပြီးကို ကျယ်နေတာ အခုမှ ကျနော်တို့ က စစ်ဘောင်ကိုပြန်ကျဉ်းအောင်စပြီး လုပ်နေရတာ။ နောက်တခုက ကျနော်တို့ ကိုယ်တိုင် ဂုဏ်သိက္ခာရှိစွာ နိုင်ငံရေးလုပ်လို့မရလို့ ဥပမာ ကျနော်ဆိုလို့ရှိရင် အမှုပေါင်း များစွာနဲ့ပြေးနေရတယ်။ ကျနော်ဘာလုပ်မိလဲဆိုတော့ သတင်းတွေတင်မိတယ်။ မတရားတာကို မတရားဘူးလို့ ပြောတယ်။ အဲ့ဒါလေးကို အမှုပေါင်းများစွာ ဖမ်းဖို့ဆီးဖို့ လုပ်တယ်။ ကျနော့် သူငယ်ချင်း ကဗျာဆရာ ခက်သီ ဆိုရင်လည်း ကဗျာလေးရေးရုံနဲ့ အသတ်ခံရတယ်။

ဆိုတော့ ကျနော်တို့တွေ ဂုဏ်သိက္ခာရှိစွာနဲ့ နေထိုင်ဖို့ ဂုဏ်သိက္ခာရှိစွာနဲ့ နိုင်ငံရေး ပြောဖို့ကိစ္စကို ပြောခွင့်မရှိတာမို့လို့ အဲ့ဒီဂုဏ်သိက္ခာကိုပြန်တိုက်ယူနေရတာဖြစ်တယ်။ အခုကသူတို့က သူတို့ရဲ့လမ်းစဉ်ကို လိုက်ရ မယ် မလိုက်နိုင်ရင် သေရမယ်ဆိုသလိုမျိုးဖြစ်နေတယ်။

ဆိုတော့ ကျနော်တို့က သေပေးရမဲ့လမ်းစဉ်ကို ကျနော်တို့ မလိုက်နိုင်လို့ ကျနော်တို့ရဲ့ အခွင့်အရေးကို ကျနော်တို့က ပြန်ယူနေတာဖြစ်တယ်။ အချိန်နိုင်ငံရေးပါတီတွေ ဘယ်လိုမြင်လဲဆို တော့ သူတို့ရဲ့ အရူးဇာတ်ကြီးကို လိုက်ကပေးပြီး သူတို့ကို အားပေးရာရောက်နေပါတယ်။ မဆန့်ကျင်ဘူး ဆိုရင်တောင်မှ မအားပေးသင့်ပါဘူး။ ကိုယ့်ဟာကိုယ် ငြိမ်ငြိမ်လေးနေလိုက်ရင်တောင် ပိုကောင်းပါလိမ့်မယ်။

 

 

 

Related Articles

Back to top button