အတွေးအမြင်

ရခိုင်ပြည်ရှိ ချင်းတိုင်းရင်းသားတွေရဲ့ နိုင်ငံ‌ရေးအနာဂါတ် ဘာကြောင့်ပျောက်ဆုံးနေရသလဲ

ဟန်နရီမင်း | အတွေးအမြင်

ရခိုင်ပြည်ရှိ ချင်းတိုင်းရင်းသားတွေရဲ့ နိုင်ငံ‌ရေးအနာဂါတ် ဘာကြောင့်ပျောက်ဆုံးနေရသလဲ

 

ဟန်နရီမင်း | အတွေးအမြင်

၂၀၂၁ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံမှာ လူမျိုးနွယ်စုကို အခြေခံတဲ့ တော်လှန်ရေး/ နိုင်ငံရေး ရည်မှန်းချက်တွေ အများကြီးထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမဲ့ ရခိုင်ပြည်နယ်ရှိ ချင်းလူမျိုးများ အနေဖြင့် ဤကဲ့သို့သော နိုင်ငံရေးဆိုင်ရာ အမျိုးသားတန်းတူရေး ရည်မှန်းချက်များ ရှိထားပုံ မရပေ။ ရခိုင်ပြည်မှာ ချင်းလူမျိုးများနေထိုင်လာခဲ့တာ နှစ်ပေါင်း (၉၅၀)ကျော်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ရခိုင်ပြည်နယ်တွင် ချင်းလူမျိုးစုစုပေါင်း လူဦးရေမှာ (၁၀၈.၄၅၁ ဦး)ခန့်မျှ ဖြစ်ပါသည်။

ရခိုင်ပြည်တွင် ရခိုင်၊ ချင်းနှင့် မူဆလင်ဟူ၍ အဓိက လူမှုအသိုင်းအဝိုင်း (၃)ခုရှိသည်။ ရခိုင်အများစုသည် ဗုဒ္ဓဘာသာ၊ ချင်းလူမျိုးများမှာ နတ်၊ ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာ၊ မူဆလင်အမျိုးစုသည် မူဆလင်/အစ္စလာမ်ဘာသာ အသီးသီးကိုးကွယ် ကြသည်။ ဒါကြောင့် ဒီဆောင်းပါးထဲမှာ ရခိုင်ပြည်ရှိ ချင်းလူမျိုးများ၊ အထူးသဖြင့် အရှိုချင်း အုပ်စုဝင်များ၏နိုင်ငံရေး ရည်မှန်းချက်များကို ပျောက်ဆုံးနေမှုကို ထောက်ပြသွားမှာ ဖြစ်ပါတယ်။

၁။ ရခိုင်ရှင်ဘုရင်ခေတ်ကာလ(မြောက်ဦးခေတ်) ရခိုင်ပြည်ရှိ ချင်းလူမျိုးများရဲ့ နိုင်ငံရေး၌ ပါဝင်သော အခြေအနေ။

ရခိုင်ရှင်ဘုရင်တို့၏ မြောက်ဦးခေတ်ကာလတွင် ချင်းလူမျိုးများအနေဖြင့် ရခိုင်ဘုရင့်နိုင်ငံ၏ နိုင်ငံရေးအခင်းအကျင်းများတွင် အတိုင်းအတာတစ်ခုအထိ ပါဝင်ခဲ့ကြသည်ကို စစ်ကိုင်းမြို့၊ ထူပါရုံစေတီကျောက်စာ၊ ၂၁/၂၂၊ စစ်ကိုင်းမြို့သစ်ဆိမ့် ကတော်ကျောင်း ကျောက်စာ ၅ နှင့်  အမရပူရ မန္တလေး မဟာမြတ်မုနိဘုရား ကျောက်စာ ၂၀၊ ၂၉ များ၌ပင်လျှင် ၎င်းတို့၏ ရှေ့တန်း စစ်မျက်နှာများအထိ ပါဝင်ပတ်သက်ခဲ့မှုများကို တွေ့ရှိရသလို၊ “ရခိုင်ရာဇဝင်သစ်ကျမ်း” ထဲတွင် အတိအလင်းတွေ့ရှိနိုင်ပါသည်။ ၎င်းတို့အနေဖြင့် ထိုအချိန်ကာလတုန်းက ရခိုင် ရိုးမတောနှင့် ၎င်းတောင်ခြေရင်းများတွင် နေထိုင်၊ အခြေချခဲ့ကြပြီး ဖြစ်သည်။

ထိုခေတ် မတိုင်မီ ရခိုင်နဲ့ ဗမာပြည်တို့အား နယ်မြေအရ အတိအလင်းခွဲခြားထားခဲ့ပုံ မရပေ။ သို့တော် မြန်မာသက္ကရာဇ် ၈၁၆ ခုနှစ်ရောက်မှ ရခိုင်ဘုရင် အလိခင်မင်းနှင့် ဗမာဘုရင်(အင်းဝဘုရင်) နရပတိတို့ လက်ရောက်မှ ဖိုးခေါင်တောင်ခေါ် အမ်းမြို့နယ် သို့မဟုတ် မင်းပြားမြို့နယ်ရှိ ရခိုင်ရိုးမ တောင်တန်းကြီးပေါ်တွင် ရခိုင်ရိုးမ၏ အ‌ရှေ့ဘက် ဒေသကို ဗမာပြည်ပိုင်နက်၊ အနောက်ဘက် ဒေသကို ရခိုင်နယ်ဟူ၍ ခွဲခြားသတ်မှတ်ခဲ့ ကြကြောင်း သမိုင်းအထောက် အထားများမှာ တွေ့ရှိရပါသည်။

ဤခေတ်ကာလတွင် ရခိုင်ဘုရင်နှင့် ဗမာဘုရင်အကြားတွင် ချင်းတောင်မင်းများ က ရခိုင်ဘုရင်ဖက်မှ အကူအညီပေးခဲ့ကြသည်ကိုလည်း အောက်ပါ အတိုင်း တွေ့ရှိနိုင်သည်။

“မြောက်ဦးခေတ်မင်းဆက်တစ်ပါးဖြစ်သော အဘယမဟာရာဇာ(၁၇၆၄–၁၇၇၃)အုပ်စိုးသည့် အချိန်တွင် ရခိုင်မှ လူလေးဦးသည် ဗမာ(မြန်မာ)ပြည်ကို အစိုးရသော အင်းဝမင်းထံသို့ သွားရောက်ပြီး ရခိုင်ပြည်တွင် အုပ်စိုးသောဘုရင်ကို ဖြုတ်ချဖို့ရန် စစ်ရေး အကူအညီ တောင်းခံသည့်အချိန်တွင် ရခိုင်ဘုရင် အဘယမဟာရာဇာက ချင်းတောင်မင်းများကို ရခိုင်ရိုးမ တောင်တန်းကြားတွင် စစ်တိုက်ပေးရန် အကူအညီတောင်းခံခဲ့ကာ၊ ချင်းတောင်မင်းများ အနေဖြင့်လည်း ကူညီပေးခဲ့သဖြင့် အင်းဝဘုရင်နှင့် စစ်သည်အပေါင်းအပါတို့ စစ်ရှုံးနိမ့်ပြီး ပြန်လည် ထွက်ပြေးသွားခဲ့ကြသည်ဟု ရခိုင်ရာဇဝင်သစ်ကျမ်း မှတ်တမ်းတင်ထားသည်ကို အတိအလင်းတွေ့ ရှိရပါသည်။”

သို့သော် ချင်းလူမျိုးများအနေဖြင့် ထိုစဉ်ကတည်းကပင် ဗမာ့နိုင်ငံရေး (သို့) ရက္ခိုင့်နိုင်ငံရေး လှုပ်ရှားမှုတို့တွင် ထဲထဲဝင်ဝင်ပါဝင်ဖို့ စိတ်ဝင်စားခဲ့ကြပုံ မပေါက်ပေ။

၂။ အင်္ဂလိပ်ခေတ်(သို့) ကိုလိုနီခေတ်အခြေအနေ။

အင်္ဂလိပ်ခေတ်တွင် “ချင်းတောင်မင်း”များက ၎င်းတို့ တောင်ပေါ်ဒေသရှိ ချင်းကျေးရွာများကို အုပ်ချုပ်ခဲ့ကြသည်။ တောင်မင်းများမှာ အသက်အရွယ်ကြီးသူများသာ ဖြစ်ကြသည်။ ဤကဲ့သို့ ပါဝင်ခဲ့ခြင်းမှာလည်း နိုင်ငံရေးကို စိတ်ဝင်စားခြင်းကြောင့် မဟုတ်ဘဲ အင်္ဂခေတ်မတိုင်မီ ကတည်းကပင် ၎င်းတို့အနေဖြင့် ကျေးရွာအလိုက် (သို့) အများအားဖြင့် မျိုးနွယ်စုအလိုက် ဂုဏ်သရေရှိ၊ ကျေးရွာအဆင့်တွင် ပိုင်ဆိုင်မှုအတော်အသင့်ရှိသူ၊ အများလေးစား ကြောက်ရွံ့ခြင်း ခံရသူများက အုပ်ချုပ်လေ့ရှိကြပါသည်။

သို့သော် အင်္ဂလိပ်ခေတ်တွင် တောင်မင်းများကို အင်္ဂလိပ်ကော်မရှင်နာက တိုက်ရိုက်ခန့်အပ်ပြီး ကျေးရွာတည်ငြိမ်အေးချမ်းရေးနှင့် တောင်ယာအခွန်များကို ကောက်ခံဖို့ရာတွင်လည်း ၎င်းတို့ကို တာဝန်ပေးအပ်ခဲ့သည်။ ထို့ကြောင့် တောင်မင်းများသည် တောင်ပေါ်ဒေသရှိ ချင်းကျေးရွာများကို ချုပ်ခဲ့ကြသည်မှာ အင်္ဂလိပ်ကော်မရှင်နာပေးအုပ်သည့်တာဝန်ဆိုသည် ထက် ၎င်းတို့မျိုးနွယ်စုများကို အစဉ်တစိုက်ကျင့်သုံးခဲ့ကြသော မျိုးနွယ်စုဆိုင်ရာ အုပ်ချုပ်ရေး စနစ်ပင် ဖြစ်ပါသည်။

၃။ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ဗမာပြည်ကွန်မြူနစ်ပါတီ၌ ရခိုင်ပြည်ရှိ ချင်းလူမျိုးများရဲ့ နိုင်ငံရေး၌ ပါဝင်သော အခြေအနေ။

ရခိုင်ပြည်ရှိ ချင်းလူမျိုးများအတွက် နိုင်ငံရေးအခန်းကဏ္ဍ၌ ထဲထဲဝင်ဝင်ပါဝင် ပတ်သက်မှု အချိန် ကာလပင် ဖြစ်ပါသည်။ ဤသည်မှာ တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့် ဗမာပြည် ကွန်မြူနစ်ပါတီ၏ လွှမ်းနိုင်မှုအနေအထားကြောင့်လည်း ဖြစ်နိုင်ပါသည်။ ရခိုင်ပြည်ရှိ ချင်းလူမျိုးများဟု ဆိုရာတွင် အထူးသဖြင့် ရခိုင်ရိုးမတောင်စွယ်၊ တောင်တန်းများအကြားတွင် နေထိုင်ရှင်သန်ကြသည့် ချင်းလူမျိုးများကို ရည်ညွှန်းချင်ပါသည်။

ဤအုပ်စုတွင် လေးတူ၊ တွီးဆစ်(ချင်းပုံ)၊ လောက်တူ၊ အရှိုချင်း(ပင်မ)နှင့် စုမ်းတူချင်းလူမျိုးများ ပါဝင်ကြသည်။ ဤအချိန်ကာလတွင် ဗမာပြည်ကွန်မြူနစ်ပါတီဟု ဆိုသော်လည်းပဲ ရခိုင်လူမျိုးများက တချို့ခေါင်းဆောင်မှုများကို ရယူနိုင်ခဲ့ကြသည့်အပြင် ရခိုင်လူမျိုးများနဲ့အတူ တော်လှန်ရေးကို အားတက်သရောဆင်နွှဲခဲ့ကြခြင်း ဖြစ်သည်။

ပထမပိုင်းတွင် ဗမာပြည်ကွန်မြူနစ်ပါတီကို စတင်တည်‌ထောင်သူတစ်ဦးဖြစ်သော သခင်စိုး၏ လက်အောက်တွင် အနည်းအကျဉ်း ပါဝင်လှုပ်ရှားခဲ့ကြသည်။ ၁၉၇၀ ခုနှစ်တွင် သခင်စိုး အဖမ်းခံရပြီးနောက်ပိုင်း နည်းနည်းငြိမ်သွားသေးသည်။ သို့သော် ဗကပ၏ အနောက်ပိုင်း တိုင်းစစ်ရေးမှူး (ရာထူးအတိအကျအား ပြန်လည်ရှာဖွေရန်)ဗိုလ်တက်ထွန်း သည် စေတုတ္တရာ မြို့နယ်ဘက်မှ ရခိုင်ပြည်နယ် သံချောင်း၊ ဝတ်ချောင်း၊ သရေချောင်းဘက်သို့ လာရောက် တောခိုကာ ချင်းတွေအကြား စည်းရုံးလှုံ့ဆော်မှုပြုလုပ်သည့်အချိန်တွင် တောင်ပေါ်  ဒေသရှိ ချင်းလူမျိုးများမှာ “မိမိတို့ဒေသအား မိမိတို့ ကိုယ်တိုင်အုပ်ချုပ်ခွင့်ရမည်၊ လွတ်လပ်ရေးရမည်” ဟူသော မက်လုံးပေးမှုကို ရရှိခဲ့ကြသည့်အတွက် အားတတ်သရောပါဝင် လာခဲ့ကြသည်။

သို့သော် ဗမာပြည်အစိုးရ၏ ဖြတ်လေးဖြတ်ဗျူဟာရော၊ ဗကပတို့၏ အချင်းချင်းစည်းလုံး ညီညွတ်မှု ပျက်ပြားသွားခြင်းအပြင် ဗိုလ်တက်ထွန်း၏ သေချာ မသိရှိနိုင်ခဲ့သော လျှို့ဝှက်အကြံအစည်များ ကြောင့် ၎င်းတို့ အိပ်မက်ပျက်ပျယ်သွားခဲ့ရပြီး ၎င်းတို့အချင်းချင်းကြားမှာ ယခုထက်ထိတိုင် စိတ်ဝမ်းကွဲပြားမှုကို ဖြစ်ပေါ်စေခဲ့သည်ဟု အခိုင်အမာယုံကြည်ခဲ့ကြသည်။ ဗိုလ်သက်ထွန်းသည် ၁၉၈ဝ ပြည့်နှစ်၊ ဇူလိုင်လ ၁၆ ရက်တွင် ၎င်း၏တပ်ဖွဲ့ဝင်အင်အား စုများနှင့်အတူ လက်နက်ချ အလင်းဝင်လာခဲ့လေသည်။

ဤနေရာတွင် ဗိုလ်တက်ထွန်းအပေါ် အမြင်(၂)မျိုးတွေ့ ရှိရသည်။

(၁) ဗမာပြည်ကွန်မြူနစ်ပါတီ၏ အနောက်မြောက်တိုင်း စစ်ဌာနကို ကွပ်ကဲခဲ့သည့် ဗိုလ်တက်ထွန်းသည် ထိုစဉ်က ရန်ကုန်အစိုးရ(စစ်တပ်ခေါင်းဆောင်)များနဲ့ သေချာ ဆွေးနွေးပြီး ပဲခိုးရိုးမတွင် ၎င်း၏တပ်ရင်းတချို့နဲ့ တောခိုသွားခဲ့ကာ ၎င်းရိုးမပေါ်၌ အမှန်တကယ်ပင် အချင်းချင်း (စစ်ကြောင်းထိုးလာသည့်ဗမာစစ်တပ် တပ်ရင်း)များနဲ့ အသေအကြေတိုက်ခိုက်ခဲ့ပြီး လူယုံသွင်းကာ တောခိုသွားခဲ့သည်။ ထို့နောက် စေတုတ္တရာ ဘက်မှ ရခိုင်ရိုးမတောထဲသို့ ရောက်ရှိလာပြီး ချင်းနဲ့ ရခိုင်လူမျိုးများကို အယုံသွင်းခဲ့သည်။ နောက်ပိုင်း ဗမာပြည်အစိုးရနဲ့ ခိုးကြောင်ခိုးဝှက် ကြေးနန်းဖြင့် အဆက်အသွယ်ရှိခဲ့သည်။ သတ်မှတ်ချိန်ရောက်လာသောအခါ အလင်းဝင်ဖို့ ဆက်သွယ်ခဲ့ သည်ဟု ဆိုသည်။

အဘယ်ကြောင့်ဆိုသော် ၎င်းရောက်ရှိလာပြီး နောက်ပိုင်း သူသည် ခေါင်းဆောင် ကောင်းလည်း ဖြစ်သလို၊ ထူးချွန်ထက်မြက်သည့်အတွက် ၎င်းကို ရခိုင်ပြည်/ ရခိုင်ရိုးမနယ်မြေ တစ်ခုလုံးအတွက် ခေါင်းဆောင်အဖြစ် တင်မြှောက်ခန့်အပ် လိုက်ပြီး နောက်ပိုင်း ဗမာပြည်စစ်တပ်နဲ့ လုံးဝတိုက်ခိုက်ခြင်း မပြုစေဘဲ၊ အမြဲတမ်းရှောင်ခိုင်းခဲ့ သည်ဟု ဆိုသည်။

(၂) ဗိုလ်တက်ထွန်းရောက်ရှိလာပြီးနောက်ပိုင်း ဗမာပြည်စစ်တပ်နဲ့ လုံးဝတိုက်ခိုက်ခြင်း မပြုစေဘဲ၊ အမြဲတမ်းရှောင်ခိုင်းခဲ့သည်မှာ မှန်ကန်သော်လည်းပဲ ၎င်းသည် ဗဟိုအစိုးရ/ ဗမာပြည်အစိုးရနဲ့ ခိုးကြောင်၊ ခိုးဝှက်တိုက်ရိုက်ဆက်သွယ်ခဲ့ခြင်း မရှိခဲ့ပေ။ သို့သော် ၎င်းသည် ဗမာပြည်ကွန်မြူနစ်ပါတီ၏အကွဲအပြဲနှင့် ဗဟိုအစိုးရ၏ ဖြတ်လေးဖြတ်အစီအစဉ်ကြောင့် ၎င်းတို့ တော်လှန်ရေးရည်မှန်းချက်မအောင် မြင်နိုင်သည်ကို သိရှိလာရသည့်အတွက် အလင်းဝင်သွားခဲ့ ခြင်းသာ ဖြစ်သည်ဟု တချို့က ယုံကြည်ကြသည်။

ဤအချက်နဲ့ ပတ်သက်ပြီး ယခုချိန်အထိ ဗိုလ်တက်ထွန်းတပည့်ဟောင်းများ အသက်ရှင်ကြ သေးသည့် အတွက် နောက်ပိုင်း မေးမြန်း တင်ပြသွားပါမည်။ သို့သော် မည်သူမှန်သည်၊ မှားသည်မှာ ဤဆောင်းပါး၏ ရည်ရွယ်ချက် မဟုတ်သည့်အတွက် ဤအချက်အား ဆက်လက် ဆွေးနွေး မည် မဟုတ်ပေ။

ဤအချိန်ကာလအတွင်း တောင်ပေါ်နေ/ရိုးမပေါ်ရှိ ချင်းလူမျိုးများ ရာပေါင်းမြောက်မြားစွာ အသက်ပေးခဲ့ကြသည်။ အိုးအိမ်များစွန့်ခွာခြင်း၊ လူနေကျေးရွာများ မီးရှို့ခံရခြင်းနှင့် မိန်းကလေးနှင့် အမျိုးသမီးများပင်လျှင် မှုဒိန်းကျင့်ခံရမှုပေါင်း မြောက်မြားစွာ ကြုံတွေ့ခဲ့ ကြသည်။ ၎င်းတို့အနေဖြင့် မည်သူ့ထံတွင်မှ တရားစွဲဆိုခွင့် အခွင့်အရေးမရှိခဲ့ကြသည့်အပြင်၊ တောတောင်ထဲတွင် စစ်ပွဲကြောင့် ထွက်ပြေးခဲ့ရပြီး တစ်သက်လုံး ပြန်မဆုံစည်းနိုင်သည့် မိသားစုများစွာသာ ကျန်ခဲ့ကြရသည်။ ထို့အပြင် ဗကပဘက်မှ သစ္စာဖောက်ဆိုပြီး သတ်ဖြတ်၊ ဗမာစစ်တပ်ဘက်မှလည်း သတ်ဖြတ်သွားသည့် ချင်းလူမျိုးများစွာ ရှိခဲ့သေးသည်။

ထို့ကြောင့် ဤခေတ်ကာလသည် ရခိုင်ပြည်အလယ်ပိုင်းဒေသရှိ ချင်းလူမျိုးများအတွက် အခါးသီးဆုံးနှင့် ယခုထက်တိုင် အမာရွက်များကို ကျန်ရစ်စေခဲ့သော နိုင်ငံရေးအိမ်မက် ဆိုးကြီးပင် ဖြစ်ပါသည်။ ၎င်းတို့အနေဖြင့် နောက်တစ်ကြိမ်နိုင်ငံရေး၊ အထူးသဖြင့် တိုက်ခိုက်၍ရယူရမည့် နိုင်ငံရေးအမျိုးအစားမျိုးတွင် ပါဝင်ဖို့ စိတ်ပါဝင်စားမှု မရှိကြတော့ပေ။

ထို့အပြင် “နိုင်ငံရေး” ဟူသော စကားလုံးကို ကြားလျှင်ပင် စိတ်နာကြရသည်အထိ တချို့က ခံစားနေကြရသည်။ နိုင်ငံရေးလှည့်ကွက်ကြောင့် ၎င်းတို့ ပေးဆပ်မှုများမှာ သဲထဲရေသွန် ဖြစ်သွားခဲ့ရသောကြောင့် လက်ရှိ ရခိုင်ပြည်နိုင်ငံရေး အခင်းအကျင်းများတွင် ပါဝင်ပတ်သက်မှု မရှိဘဲ နိုင်ငံရေးအား စိတ်နာသွားကြရသည်ဟု ဆိုနိုင်ပါသည်။

၄။ ၂၀၁၅ ခုနှစ်မှ ၂၀၂၀ မတိုင်မီနှစ်များအတွင်း အခြေအနေ။ 

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်နယ်အဆင့် လွှတ်တော်အမတ်နေရာရဖို့ အဆင့်ပင် ခဲယဉ်းလွန်းသည့်အတွက် ညီအစ်ကို ရခိုင်လွှတ်တော်ကိုယ်စားလှယ်များကိုသာ မဲပေးခဲ့ ကြရသည်။ သို့သော် မဲဆွယ်စဉ်က “တိုင်းရင်းသားလူမျိုးအားလုံးအတွက်” သို့ “၎င်း လွှတ်တော်မဲ ဆန္ဒနယ်မြေအားလုံး တိုးတတ်စေရမည်”…..ဘာညာ ကတိပေးခဲ့သည်များ ရှိပေမဲ့လို့ တကယ့်လက်တွေ့ ၎င်းတို့ လွှတ်တော်အမတ် ဖြစ်‌လာသောအခါ “ချင်း ကျေးရွာများ”မှာ အမြဲတမ်း ချန်လှပ်ခံရသည်သာ ဖြစ်သည်။ ဤသည်မှာ ဗဟိုအစိုး (သို့) ပြည်နယ်အစိုးရ၏ ဘက်ဂျတ်မပေးနိုင်မှု သို့မဟုတ် သက်ဆိုင်ရာလွှတ်တော် ကိုယ်စားလှယ် ၏တမင်တကာ လျစ်လျူရှုမှုတို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဖွံ့ဖြိုးရေး ကဏ္ဍများတွင် ရိုးမပေါ်ရှိ ချင်းကျေးရွာများဝေးစွ မြေပြန့်ဒေသရှိ ချင်းကျေးရွာများပင်လျှင် အမြဲတမ်း ကျန်ရစ်ခဲ့သည်သာ ဖြစ်သည်။ တောင်ပေါ်ရှိ တချို့ချင်းကျေးရွာများ၌ စာသင်ကျောင်း အဆောက်အအုံများနှင့် ကျေးလက်ဆေးပေးခန်းများ ရှိလာခဲ့သည်မှာလည်း ညီအစ်ကို ရခိုင်တိုင်းရင်းသားတချို့၏ တစ်သီးပုဂ္ဂလ (သို့) ဗုဒ္ဓဘာသာသာနာပြု ဆရာတော်ကြီးများ၏ အလှူအတန်း တို့ကြောင့်သာ တည်ဆောက်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။

ထို့ကြောင့် တောင်ပေါ်ဒေသရှိ ချင်းလူမျိုးများအနေဖြင့် မည်သည့်လွှတ်တော် ရွေးကောက်ပွဲ မဆို စိတ်ဝင်စားမှု မရှိတော့ပေ။ သို့သော် မြေပြန့်ဒေသနေ အများစုအနေဖြင့် ၎င်းတို့၏ နောက်ဆုံး မျှော်လင့်ချက်မှာ “တိုင်းရင်းသားရေး ရာဝန်ကြီး” သာ ဖြစ်ပါတော့သည်။

တိုင်းရင်းသားရေးရာဝန်ကြီးသည်လည်းပဲ ဘတ်ဂျတ်အကန့်အသတ်ရှိခြင်း၊ လုပ်ပိုင်ခွင့် ထိထိ ရောက်ရောက် မရှိခြင်း၊ ပြည်နယ်လွှတ်တော်တွင် ဘတ်ဂျတ်တစ်ခုခုတင်ပြပါက ညီအစ်ကို ရခိုင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များ၏ ကန့်ကွတ်နေခြင်းသာ ကြုံခဲ့ကြရသည့် အပြင်၊ ချင်းတိုင်းရင်းသူ/သားထဲမှာ လွှတ်တော်နှစ်ရပ်ပေါင်းတစ်ဦးပင် မရှိခဲ့သည့်အတွက် မည်သို့မျှ ပြည်နယ်လွှတ်တော်အဆင့်မှာ အဆိုပြုချက်ပင်လျှင် အောင်မြင်ဖို့ မဖြစ်နိုင် တော့ပေ။ ထို့ကြောင့် “တိုင်းရင်းသားရေးရာဝန်ကြီး” အပေါ် အားကိုးနေရခြင်းသည်လည်း အရာမထင် တော့ပေ။

၅။ ရခိုင်ပြည်ရှိ ချင်းလူမျိုးများ၏ ရက္ခိုင့်တပ်တော်(Arakan Army/ULA) နှင့် ချင်း အမျိုးသားတပ်မတော်(CNA/CNF)တို့၌ ပါဝင်မှုနှင့် သဘောထား။

(က) တော်လှန်ရေးအဖွဲ့အစည်းများတွင် ပါဝင်ခြင်းအခြေအနေ။

ရခိုင်ပြည်နယ်ရှိ ချင်းလူမျိုးအနေဖြင့် နယ်မြေဒေသနှင့် လူမျိုးရေးအခြေအနေအရ ရက္ခိုင့်တပ်တော်(AA)တွင် တပ်သားအဖြစ်တချို့ ပါဝင်နေကြသလို၊ တချို့ကလည်း ချင်း အမျိုးသားတပ်မတော်(CNA)တွင်လည်း ပါဝင်နေကြသည်။ ဤအချက်မှာ စိတ်ဝင် စားစရာ ကောင်းသည်ဟု ဆိုနိုင်ပါသည်။

သို့သော် ၎င်းတို့အနေဖြင့် တစ်သီးပုဂ္ဂလ ဆန္ဒသဘောအရ ၎င်းတို့ ပါဝင်ချင်သည့်အဖွဲ့အစည်းတွင် ပါဝင်ကြခြင်းသာ ဖြစ်ပါသည်။ ရက္ခိုင့်တပ်တော်(AA) အနေဖြင့် ရခိုင်ပြည်ရှိ ချင်းတိုင်းရင်းသားများအပေါ် အချိန်ပြည့် ရှေ့တန်းစစ်မျက်နှာများတွင် အတင်းအဓမ္မ စုဆောင်းခြင်းမျိုး ရှိမရှိတော့ သေချာမသိရပေ။ သို့သော် ကျေးရွာအလိုက်နှင့် အသက်အရွယ် အလိုက် စစ်သင်တန်းသွား တက်ရသည့် ဖြစ်စဉ်များတော့ ရှိနိုင်ပါသည်။ ချင်းအမျိုးသား တပ်မတော်(CNA) ထံတွင်လည်း ၎င်းတို့ ဝါသနာအရသာ သွားရောက် ပါဝင်ကြခြင်း ဖြစ်ပါသည်။

ချင်းအမျိုးသားတပ်မတော်၌ ပါဝင်နေခြင်းသည် ရခိုင်ပြည်တွင်းရှိ ချင်းလူမျိုးများအတွက် မည်သို့မျှ တိုက်ရိုက်အထောက်အကူ မဖြစ်စေနိုင်ပေ။ သို့ရာတွင် CNF အုပ်ချုပ်ရေး အခန်းကဏ္ဍတွင် ရခိုင်ပြည်ရှိ ချင်းလူမျိုးများ တစ်ဦးတစ်ယောက်မျှ ပါဝင်နေကြောင်း မကြား သိရသေးပေ။

ရက္ခိုင့်တပ်တော်(AA) တိုက်ခိုက်ရေးတပ်သားအဖြစ် ပါဝင်မှုတွင် အနည်းအကျဉ်းသာရှိပေမဲ့ ULA အုပ်ချုပ်ရေးယန္တရားပိုင်းတွင် ပါဝင်ကြသူများ ပိုမိုများပြားမည်ဟု ယုံကြည်ရသည်။ ဤအခန်းကဏ္ဍ၌ ပါဝင်ခြင်းသည် သက်ဆိုင်ရာဒေသ၊ ကျေးရွာ အတိုင်းအတာတစ်ခုအထိ အကျိုးသက်ရောက်မှု ရှိလိမ့်မည် ဖြစ်သည်။ သို့သော် မည်သူတစ်ဦးတစ်ယောက်မျှ ရခိုင်ပြည်ရှိ ချင်းလူမျိုးများမှ ကိုယ်စားခန့်အပ်ခြင်း (သို့) အသိအမှတ်ပြုပါဝင်စေခြင်းမျိုးလည်း မဟုတ်ပေ မဟုတ်သည်ကို သတိပြုရမည်ဖြစ်ပါသည်။

ဤကဲ့သို့ ရက္ခိုင့်တပ်တော်၏ ULA အုပ်ချုပ်ရေး လုပ်ငန်းစဉ်များတွင် တစ်မျိုးသားလုံးအတွက် ကိုယ်စားပြုပါဝင်မည်ဆိုပါက တစ်သီးပုဂ္ဂလ အနေအထားထက် အဖွဲ့အစည်းတစ်ခုအမည်အရ ပါဝင်ဖို့ရန် ရခိုင်ပြည်ရှိ ချင်းတစ်မျိုးသား၏ ပြည်သူ့ ဆန္ဒခံယူခြင်း (သို့) အများစုသဘောထားရယူရမည် ဖြစ်သည်။

ဤနေရာတွင် ရက္ခိုင့်တပ်တော်အေအေနှင့် ULA တို့၏ ရခိုင်ပြည်ရှိ ချင်းလူမျိုးများ/ တခြားတိုင်းရင်းသားများ အပေါ် ရှင်းလင်းပြတ်သားသည့် မူဝါဒတစ်စုံတစ်ရာ ထုတ်ပြန်မှုမရှိသေးသော်လည်းပဲ အနာဂတ်တွင် ၎င်းတို့၏မူဝါဒရေးရာနှင့် ရခိုင်ပြည်ရှိ ချင်းတိုင်းရင်းသားများ၏ တက်ကြွစွာ လှုပ်ရှားမှုတို့ အပေါ်တွင်လည်း မူတည် သွားမည်ဖြစ်သည်။

ဤနေရာတွင် “ချင်းနိုင်ငံရေးဦးဆောင်ကော်မတီ (ရခိုင်ပြည်နယ်)”(Chin Political Steering Committee – Rakhine State) ၏ လှုပ်ရှားမှုမှာ အတိုင်းအတာတစ်ခုအထိ အားရစရာ ကောင်းသည်ကို တွေ့ရှိရသည်။ ပညာတတ်လူငယ်များဖြင့် ဖွဲ့စည်းထားပုံရသည်။

သို့သော် ၎င်းတို့အနေဖြင့် နိုင်ငံရေးပါတီတစ်ခုအနေဖြင့် ချဥ်းကပ်နေခြင်း မဟုတ်ဘဲ ရခိုင်ပြည်ရှိ ချင်းတစ်မျိုးသားလုံးကိုယ်စားပြုမှုပုံစံအနေဖြင့် ရခိုင်ပြည်ရှိ ချင်းတိုင်းရင်းသားများ၏ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို သက်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ တိုက်ရိုက် ထိတွေ့ ဆက်ဆံပြီး ဖြေရှင်းပေးနေကြသည်ကို တွေ့ရှိရသည်။ ဤအဖွဲ့အသည် ၂၀၂၁ ခုနှစ်နောက်ပိုင်းမှ ပေါ်ပေါက်လာခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် လှုပ်ရှားမှုသိပ်မတွေ့ရ တော့ပေ။ သို့သော် ၎င်းတို့အပေါ် ချင်းပြည်သူလူထုမှ ထောက်ခံမှုအများအပြား ရရှိထား ပုံရသည်။ 

(ခ) တော်လှန်ရေးအဖွဲ့အစည်းများအပေါ် သဘောထားမှုအခြေအနေ။

ရခိုင်ပြည်ရှိ ချင်းတိုင်းရင်းသားများအနေဖြင့် ချင်းအမျိုးသားတပ်မတော်အပေါ် ထောက်ခံမှုများ ရှိနိုင်သော်လည်းပဲ ၎င်းတို့အတွက် တိုက်ရိုက်အကျိုးသက်ရောက်မှု မရှိသည့် အတွက် သာမန် သဘောကျ၊ ထောက်ခံခြင်းထက် ပိုမည် မထင်ပေ။ သို့သော်  ၎င်းတို့အတွက် အနီးစပ်ဆုံးနှင့် တိုက်ရိုက်အကျိုးသက်ရောက်မှုရှိုနိုင်သည့် ရက္ခိုင့်တပ်တော်(AA)နှင့် ၎င်း၏ အုပ်ချုပ်ရေးယန္တရား ကဏ္ဍဖြစ်သော (ULA)တို့တွင် ပါဝင်ခြင်းသည်လည်းပဲ သဘောကျခြင်း၊ ကြိုက်ခြင်းဆိုသည်ထက် သာမန်အနေအထားနှင့် လက်ရှိအခြေအနေရပ်တို့အရ ပါဝင်နေခြင်းသာ ဖြစ်ပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် ညီအစ်ကို ရခိုင်တိုင်းရင်းသားများ ဆီမှလည်း တန်းတူရပိုင်ခွင့်၊ တန်းတူဖြစ်မှုအား လေးစားမှုတို့ထက် ပိုသောအရာတစ်စုံတစ်ခုမှ မျှော်လင့်ထားကြပုံ မပေါက်သလို၊ ၎င်းတို့အနေဖြင့် ၎င်းရပိုင်ခွင့် အခွင့်အရေးများ ဆုံးရှုံးမည်ဆိုသည့် အတွေးအခေါ် မျိုးလည်းရှိပုံ မပေါက်ပေ။ ထို့အပြင် Arakanization အပေါ်လည်း စိုးရိမ်ကြပုံ မပေါက်ပေ။

၎င်းတို့အနေဖြင့် ရခိုင်ဘာသာစကားကို သေချာပြောဆို ဆက်ဆံနိုင်သလို၊ ရခိုင်ရိုးရာယဉ်‌ကျေးမှု၊ ဓလေ့တို့ကိုလည်း အတော်အသင့် သိထားကြသည့် အတွက် ၎င်းတို့အပေါ် နောက်ထပ် လွှမ်းမိုးနိုင်စရာ မရှိတော့ဟု ယူဆကြပုံလည်းရသည်။ ဒါ့အပြင် ၎င်းတို့ အနေဖြင့်လည်း မိခင်ဘာသာစကား အရေးအသား ပိုင်းဆိုင်ရာများ တစ်ဖြေးဖြေးချင်း အောင်မြင်လာသည့် အတွက်ကြောင့်လည်း ဖြစ်နိုင်ပါသည်။ 

ထို့ကြောင့် ရခိုင်ပြည်ရှိ ချင်းတိုင်းရင်းသားများအနေဖြင့် ချင်းအမျိုးသားတပ်မတော်(CNA)နှင့် ရက္ခိုင့်တပ်တော်(AA)တို့အပေါ် သဘောထားမှုအတူတူပင် ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ရက္ခိုင့် နိုင်ငံရေးအခင်းအကျင်းတွင် ချင်းလူမျိုးများအနေဖြင့် တိုက်ရိုက်နှင့် ထဲထဲဝင်ဝင် ပါဝင်ပတ်သက်ချင်ပုံ မပေါက်ရသည့်အကြောင်းအရင်းများစွာထဲမှာ တစ်ခုမှာ အတိတ်ကာလ တုန်းက နိုင်ငံရေး သစ္ဆေများခြှောက်လှမ်းမှုကြီး ရှိနေဆဲ ဖြစ်သည့်အတွက် ဖြစ်နိုင်သည်။ ထို့ကြောင့် ရခိုင်ပြည်ရှိ ချင်းတိုင်းရင်းသားများ၏ နိုင်ငံရေးဆိုင်ရာအရ အနာဂတ် မျှော်လင့်ချက် ပျောက်ဆုံးနေရခြင်း ဖြစ်သည်ဟု ဆိုနိုင်ပါသည်။

ကိုးကားချက်။

၁။ အရှင်စန္ဒမာလာလင်္ကာရ၊ ရခိုင်ရာဇဝင်သစ်ကျမ်း (ပ+ဒုပေါင်းချုပ်) (ရန်ကုန်၊ ရခိုင်သားကြီး

       စာပေ၊၂၀၁၇)။  

၂။ အောင်မြင့်၊ အာရကန်(ရခိုင်)ဒေသအတွင်းသို့ ချင်းလူမျိုးများ မည်သည့်အချိန်မှစပြီး ဝင်ရောက် အခြေချခဲ့ကြ သနည်း? ၊ ၂၀၂၃ ခုနှစ်။

၃။ U Tha Tun Pru, The Minbya Chin Hills of the Akyab District (1921)။

၄။ Ro Sang၊ ရခိုင်သမိုင်းမှ လေးတူချင်းမျိုးနွယ်စုများ၊ လူမျိုးစုလေ့လာမှုစာစဉ်(၇)၊ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ။

၅။ အောင်မြင့်၊ ရခိုင်ပြည်နယ်ရှိ ချင်းတိုင်းရင်းသားများရဲ့ ၂၀၂၁ လွန်အနာဂတ် နှင့် ချင်းတိုင်းရင်းသားရေးရာဝန်ကြီးဂယက်ရိုက်ချက်။

  • ဟန်နရီမင်း

ဤဆောင်းပါးသည် ရေးသားသုံးသပ်သူ ဟန်နရီမင်း၏ သဘောထားအမြင်၊ အာဘော်သာ ဖြစ်ပါသည်။

Related Articles

Back to top button