အတွေးအမြင်

ရခိုင်ရိုးမတောင်တန်းနဲ့ ဆက်နေတဲ့ချင်းတောင်တန်း

ကျော်ကိုကို | အတွေးအမြင်

ရခိုင်ရိုးမတောင်တန်းနဲ့ ဆက်နေတဲ့ချင်းတောင်တန်း

ကျော်ကိုကို | အတွေးအမြင်

ချင်းပြည်တော်လှန်ရေးအင်အားစုတွေကြားထဲမှာ သဘောထားကွဲလွဲမှုတွေဖြစ်ပွားပြီး တဖက်နဲ့ တဖက် တိုက်ပွဲဖြစ်ရတဲ့အထိ ကြုံတွေ့ခဲ့ရတဲ့ နောက်ကွယ်က တကယ့်အကြောင်းအရင်းက ဘာလဲ။

ပထဝီနိုင်ငံရေးအရ ချိန်ထိုးသုံးသပ်ကြည့်ရင် အထက်ပါ ပဋိပက္ခရဲ့ အဓိကကျတဲ့ အရင်းခံတရားတွေကို ကျနော်တို့ တွေ့ရှိရမှာပါ။

ပြဿနာမီးပွားဖြစ်ရတဲ့ နယ်စည်းဆိုင်ရာပဋိပက္ခတွေတိုင်းမှာ အဓိကကျတဲ့ အရင်းခံတရားလေးပါးရှိပါတယ်။

(၁) လူမျိုးစုအမှတ်သရုပ် – identity

(၂) သဘာဝသယံဇာတထိန်းချုပ်မှု –  control of natural resources

(၃) နယ်နမိတ်ပိုင်းခြားမှု မရေရာခြင်း – uncertainty of demarcation

(၄) လုံခြုံရေး – security

တို့ပဲဖြစ်ပါတယ်။

တချက်ချင်းစီကို ကျနော်တို့ သုံးသပ်ကြည့်ကြပါစို့။

လူမျိုးစုအမှတ်သရုပ်

ချင်းလဲန်းမှာ လူမျိုးစုတွေ အရမ်းထွေပြားပါတယ်။တစုနဲ့တစု ဘာသာစကား ဆင်တူတာလည်းရှိသလို ကွဲပြားတာလည်းရှိပါတယ်။ကိုးကွယ်သည့်ဘာသာကလည်း ယေဘုယျအားဖြင့် ခရစ်ယာန်တွေလို့ဆိုနိုင်ပေမယ့် အသင်းတော်တွေမတူကြပါဘူး။နောက်ထပ်ပြီး နတ်စားလို့ခေါ်တဲ့ တောတောင်ရေမြေသဘာဝကို ကိုးကွယ်တဲ့ လူမျိုးစုတွေလည်း ရှိနေပါသေးတယ်။

အရေးကြီးပြဿနာက ချင်းလဲန်းမှာ ဘုံဘာသာစကားနဲ့ ဘုံစာပေမရှိတဲ့ ပြဿနာပါ။ဒါကြောင့် ချင်းတွေကို CNF/ CNA ရဲ့ အလံတလက်ထဲအောက်မှာ စုစည်းထားဖို့ ခက်ခဲနေပါတယ်။

CNF/ CNA မှာ လိုင်လူမျိုးစုတွေ အဓိကပါဝင်လှုပ်ရှားနေတယ်လို့ ဝေဖန်ထောက်ပြကြတာကိုတွေ့ရတယ်။ Zo (ဇို)လူမျိုးစုတွေက သီးခြားလက်နက်ကိုင်တပ်တွေ ဖွဲ့စည်းကြတာကိုလည်း မြင်တွေ့ရပါတယ်။

CDF လို့ခေါ်တဲ့ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့တွေ အမြောက်အများပေါ်ထွက်လာတာကို တွေ့ရတယ်။ဒီနေရာမှာ လူမျိုးစု အခြေစီုက် CDF နဲ့ ဒေသအခြေစိုက် CDF ဆိုတဲ့ သဏ္ဍာန်နှစ်ရပ်ကို တွေ့ရတယ်။

CDF ဇိုဖေး၊ CDF ဇိုတုန်း တို့လို လူမျိုးစုအခြေစိုက်တွေဖွဲ့သလို CDF ဇိုလဲန်းလို CDF မင်းတပ်လို ဒေသအခြေစိုက်တွေကို ပြောတာပါ။

ချင်းလဲန်းမှာ CDF တွေအပြင် CNDF တို့လည်း ရှိပါတယ်။ခြုံငုံကြည့်လိုက်ရင် ပြည်နယ်တခုထဲမှာ တော်လှန်ရေးအဖွဲ့အစည်းအများကြီးရှိနေတာ ချင်းနဲ့ကရင်နီတို့ဖြစ်ပါတယ်။

စစ်ကောင်စီကိုတိုက်ရင်း ကိုယ့်နယ်မြေကိုယ်ထိန်းချုပ်ရေးလည်း တပြိုင်နက်လုပ်ကြတဲ့အခါ ချင်းတပြည်လုံးရဲ့အုပ်ချုပ်ရေးအာဏာကို ရည်မှန်းချက်ထားတဲ့အဖွဲ့နဲ့ ပွတ်တိုက်မှုကြီးကြီးမားမားရှိလာတာပဲဖြစ်တယ်။

ချင်းဆိုတဲ့ လူမျိုးစုသရုပ်သကန်တခုတည်းမရှိသေးတဲ့အတွက် မျိုးနွယ်စုတွေကြားမှာ ဘုံသဘောဆောင်တဲ့ လူမျိုးစုသရုပ်သကန်ကို အသေအချာတည်ဆောက်ဖို့လိုအပ်ပါတယ်။ဒါမှမဟုတ်ရင်လည်း ဘုံလုပ်ငန်းစဥ်တခုပေါ်လာအောင် အပြန်အလှန်ဆွေးနွေးတာမျိုး မဖြစ်မနေလုပ်ဖို့လိုအပ်ပါတယ်။

သဘာဝသယံဇာတထိန်းချုပ်မှု

ချင်းပြည်ရဲ့ သဘာဝသယံဇာတထိန်းချုပ်မှုဆိုတာထက် ချင်းပြည်ကိုဖြတ်သွားတဲ့ တရုတ်ရဲ့ ရေနံပိုက်လိုင်း၊သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို ထိန်းချုပ်ဖို့က တော်လှန်ရေးအဖွဲ့တွေရဲ့ စဥ်းစားချက်ဖြစ်နေပုံရတယ်။

အထူးသဖြင့် တရုတ်နဲ့ နားလည်မှုရယူထားတဲ့ အာရက္ခတပ်တော်က အဆိုပါပိုက်လိုင်းကို သွားရာလမ်းတလျောက်က နယ်မြေကို ဝင်ထိန်းဖို့ကြိုးစားနေတယ်လို့ ယူဆတယ်။

တဖက်ကလည်း အနောက်အုပ်စုလိုလားတဲ့ K3C အဖွဲ့ဝင် CNF/ CNA ထိန်းချုပ်ထားမှာကို တရုတ်ပြည်အစိုးရကလည်း လိုလားပုံမပေါ်ပါဘူး။

ဒါကြောင့် အာရက္ခတပ်တော်နဲ့ အဆင်ပြေပြီး ပူးတွဲလှုပ်ရှားမယ့် ချင်းညီနောင်တပ်တွေ ပေါ်ထွက်လာအောင် အစစအရာရာ ပံ့ပိုးကူညီပေးခဲ့ပုံရပါတယ်။

အခြေခံကျတဲ့အချက်ကတော့ တရုတ်- အမေရိကန် အကျိုးစီးပွားအပေါ်မူတည်တဲ့ အားပြိုင်မှုဟာ ချင်းပြည်မှာ လာဖြစ်နေတဲ့ကိစ္စပါ။ချင်းမှမဟုတ်ဘဲ ဒီအားပြိုင်မှုဟာ ဗမာပြည်အနှံ့မှာရှိပါတယ်။

တရုတ်ပိုက်လိုင်းတွေနဲ့ စီမံကိန်းတွေရှိရာနေရာတိုင်းဟာ မဟာဗျုဟာအရ အရေးပါတဲ့နေရာတွေဖြစ်လာပြီး ဒီနေရာတွေကို ထိန်းချုပ်နိုင်ဖို့ နှစ်ဖက်လုံးက အပြိုင်ကြိုးစားကြတဲ့ရလာဒ်အရ အခု ပဋိပက္ခသစ်တွေထွက်ပေါ်လာတာပါ။

နောက်တချက်က CNF /CNA ရဲ့ သဘောထားက အခုထက်ပိုပြီး စည်းရုံးရေးဆန်ဖို့လိုပါတယ်။နွေဦးတော်လှန်ရေးစပြီးမှ ထွက်ပေါ်လာတဲ့ ချင်းလက်နက်ကိုင်တပ်တွေအားလုံးကို တဖွဲ့မကျန်စုစည်းထားတဲ့ နိုင်ငံရေး၊စစ်ရေး ပလက်ဖောင်းမရှိရင် အခုပဋိပက္ခကို ဖြေရှင်းလို့မရနိုင်ပါဘူး။

ဒီပလက်ဖောင်းကို စနစ်တကျတည်ဆောက်ဖို့လိုပါတယ်။ဒီပလက်ဖောင်းတည်ဆောက်ရာမှာ တန်းတူညီမျှတဲ့ တွေ့ဆုံညှိနှိုင်းမှုတွေလုပ်ဖို့ CNF ကဦးဆောင်ပေးဖို့လိုပါတယ်။ချင်းလဲန်းကောင်စီနဲ့ ကြားကာလညီညွတ်ရေးအစိုးရကို တိုးချဲ့ဖို့ဖြစ်ပါတယ်။

အရေးကြီးတာက အချင်းချင်းကြား ပစ်ခတ်တိုက်ခိုက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ဖြစ်တယ်။ Chinland Council ဘက်ကရော၊ Chin Brotherhood ဘက်ကပါ ကိုယ့်အလောင်းကိုယ်ထမ်းပြီး ညီညွတ်ရေးလမ်းကို ဖောက်ရမှာဖြစ်တယ်။

နယ်နမိတ်ပိုင်းခြားမှုမရေရာခြင်း

နယ်နမိတ်ပိုင်းခြားမှုတွေက ကိုလိုနီခေတ်ကနေ ခုခေတ်အထိ မရေရာ မပြတ်သားတဲ့အတွက် ပြဿနာဟောင်းတွေအများကြီးကျန်ရစ်နေခဲ့တယ်။ ပလက်ဝကို AA ကသိမ်းလိုက်တော့ ပြဿနာအဟောင်းကနေ အသစ်ပြန်ဖြစ်လာပါတယ်။

ကလေး- ကဘော်ချိုင့်ဝှမ်းဆိုရင်လည်း ချင်းတွေနဲ့သက်ဆိုင်တယ်လို့ လက်ခံယူဆလို့ရတယ်။ ဒါပေမယ့် စစ်ကိုင်းရဲ့အစိတ်အပိုင်းတွေဖြစ်နေတာမျိုးကို တွေ့ရတယ်။ ဒါဟာဆိုရင် တော်လှန်ရေးအပြီးမှာ အသေအချာပြန်လည်ဆွေးနွေးရမယ့်ကိစ္စ ဖြစ်ပါတယ်။

ချင်းတော်လှန်ရေးတပ်တွေအားလုံးနီးပါးက အာရက္ခတပ်တော်နဲ့ ရန်ဘက်ဖြစ်ဖို့ စဥ်းစားချက်မရှိကြဘူးလို့မြင်ပါတယ်။ဘာကြောင့်လဲဆိုရင် AAနဲ့ စစ်ဖြစ်ရင် သူတို့လည်း နစ်နာဆုံးရှုံးမှုကြီးမားမယ်ဆိုတာ ကောင်းကောင်းသိပါတယ်။

ချင်းပြည်ကို စစ်အုပ်စုက အကုန်လု၊အကုန်သတ်၊အကုန်ရှို့ ပေါ်လစီနဲ့ ဖျက်ဆီးနေတဲ့အချိန်မှာ ချင်းနဲ့ရခိုင် ရန်သူဖွဲ့ရမယ့်အချိန်မဟုတ်ဘူး။မိတ်ဆွေဖွဲ့ရမယ့်အချိန်ဖြစ်တယ်ဆိုတာ ချင်းပြည်သူတွေရော၊ ချင်းတော်လှန်ရေးအဖွဲ့တွေရော နားလည်သဘောပေါက်ကြမှာပါ။

မရေရာတဲ့ နယ်နမိတ်စည်းကြောင်းကိစ္စကိုလည်း နားလည်မှုရှိရှိနဲ့ ဆွေးနွေးဖို့လိုပါတယ်။ဆိုလိုတာ နိုင်ငံရေးနည်းနဲ့ အဖြေရှာဖို့ တိုက်တွန်းတာပါ။စစ်ရေးနည်းနဲ့ ခေါင်းချင်းဆိုင်ရိုက်ခွဲရင် အားနည်းတဲ့ဘက်က အကွဲအပြဲဖြစ်ပြီး မာတဲ့ဘက်က ဖူးယောင်တာလောက်တော့ဖြစ်မှာပဲ။မတူပီကိစ္စကို သင်ခန်းစာယူစရာလို့ သဘောထားဖို့လိုပါမယ်။

လုံခြုံရေး

Chinland Council နဲ့ နီးစပ်တဲ့ တော်လှန်ရေးအဖွဲ့တဖွဲ့က လက်နက်ကိုင် ချင်းလူငယ်တဦးပြောစကားကို ကိုးကားပြီးပြောရရင် AA ရဲ့ တော်လှန်ရေးအောင်ပွဲတွေကို ကြည့်ပြီး အားတက်စရာဖြစ်ပေမယ့် ချင်းပြည်နဲ့ပတ်သက်လာရင် နယ်မြေခံ ဒေသခံပြည်သူတွေကို အလေးထားရမယ်၊နယ်မြေခံတွေရဲ့ လူ့ရပိုင်ခွင့်တွေကို လေးစားရမယ်၊ အတင်းအကြပ်ဖိအားပေးတာမျိုးတွေ မလုပ်ဖို့နဲ့ အသက်အိုးအိမ်တွေ လုံခြုံအောင် ကာကွယ်စောင့်ရှောက်ပေးဖို့ဆိုတဲ့ သဘောထားမျိုးရှိပါတယ်။

ကိုယ့်နယ်မြေထဲကို အခြားလူမျိုးစုတပ်တခုက လာစခန်းချတဲ့အခါ အဆိုပါ လုံခြုံရေးပြဿနာတွေပေါ်ပေါက်လာတာမျိုးတွေ ကြုံရပါတယ်။ ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းမှာ အမေရိကန်စစ်အခြေစိုက်စခန်းချတာကို ကျွန်းသားတွေက လက်မခံချင်၊ဆန္ဒပြကြသလိုပေါ့။

ရှမ်းမြောက်မှာလည်း အလားတူပြဿနာတွေ ဖြစ်နေတာတွေ့ရပါတယ်။မိုးမိတ်နဲ့ ကွတ်ခိုင်၊ ကျောက်မဲနဲ့သီပေါ၊နမ့်ခမ်းမြို့ပေါ်မှာ သျှမ်း၊ကချင်လူထုက စစ်ရေးအရ အနိုင်ယူသိမ်းပိုက်ထားတဲ့ TNLA ကို သဘောမကျနေတာဟာ မဆန်းပါဘူး။

လူမျိုးစုမတူညီတဲ့အတွက် ကိုယ်ပိုင်အမျိုးသားရေးဝါဒအစွဲတွေရှိတာကြောင့်ရယ်၊ ကိုယ့်အသက်အိုးအိမ်စည်းစိမ်တွေ လုံခြုံမှုရှိပါ့မလားလို့ သံသယဝင်လာတာရယ်ကြောင့် တင်းမာမှု၊ပွတ်တိုက်မှုတွေဖြစ်လာပါတယ်။

အထက်က ချင်းရဲဘော်ပြောသလို နယ်မြေဒေသခံပြည်သူကို အလေးထားဖို့နဲ့ သူတို့ရဲ့ လူရပိုင်ခွင့်တွေကို အပြည့်အဝအာမခံဖို့တော့ အုပ်ချုပ်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ၊အခြေစိုက်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေမှာ တာဝန်ရှိတယ်လို့မြင်တယ်။

တော်လှန်ရေးပြီးသွားတဲ့အခါ ကိုယ်ဘယ်နေရာမှာ နေချင်သလဲဆိုတာ ပြည်သူတွေက ဆုံးဖြတ်ခွင့်ရှိရပါမယ်။ ချင်းပြည်ထဲက ပလက်ဝ ပြည်သူတွေကို AA ကသာ ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့ရင် ပလက်ဝသား ချင်းဇာတိဖွားတွေက လူမျိုးစုတစုအဖြစ် လွတ်လပ်စွာနေဖို့ ဆုံးဖြတ်ကြမှာဖြစ်တယ်။ အကယ်၍ ပြောင်းပြန်ဆန့်ကျင်ဘက်လုပ်ပြီး ပလက်ဝဒေသခံ ချင်းတွေအပေါ်ဖိနှိပ်မှုတွေလုပ်နေမယ်ဆိုရင်တော့ ဘယ်သူမှ အတူယှဥ်တွဲနေထိုင်ဖို့ ဆန္ဒရှိကြမှာမဟုတ်ပါဘူး။

ပြည်သူကို ကောင်းကောင်းဆက်ဆံဖို့နဲ့ ပြည်သူကို လွတ်လပ်စွာ ဆုံးဖြတ်ခွင့်ပေးဖို့ နှစ်ချက်ကိုတော့ သက်ဆိုင်တဲ့အဖွဲ့အစည်းအားလုံးကို အလေးအနက်ထားပြီး တောင်းဆိုချင်ပါတယ်။

ရခိုင်ရိုးမတောင်တန်းနဲ့ ဆက်နေတဲ့ချင်းတောင်တန်းပေါ်မှာ အရောင်အသွေးစုံလင်တဲ့ လူမျိုးစုတွေ ညီညီညွတ်ညွတ် ရှင်သန်နေထိုင်နိုင်ကြပါစေ။

ဒါမှလည်း ချင်းပြည်ရဲ့ အလှတခုဖြစ်ပါလိမ့်မယ်။

ကျော်ကိုကို

Related Articles

Back to top button