နွမ်းလျသော်လည်း…..
ဒုက္ခဆိုတာ အဖော်အပေါင်းနဲ့ လာတတ်တယ်ဆိုလား။
ကိုယ်တိုင်က ဒီဒုက္ခတွေကို ချိုမြိန်နေတော့လည်း
အချိုပွဲတည်စရာတောင် မလိုဘူး။
ဘယ်သူ့ရဲ့ စေ့ဆော်ချက်ကြောင့်မဟုတ်
တာဝန်ဆိုတဲ့ ခေတ်ရဲ့၊ စနစ်ရဲ့ လိုအပ်ချက်တွေကြောင့်သာပေါ့။
ဘယ်သူမပြု မိမိမှုဘဲလေ
ဘာတွေများ တွေးကြောက်နေစရာရှိလဲ။
တိုက်စရာရှိရင် ရဲရဲတိုက်
မတရားတာတွေ့ရင် လက်ပိုက်ကြည့်မနေတတ်တာ
ငါတို့ မျိုးဆက်တွေပဲ ရှိတာ။
ညီလေးရေ ဆက်လျှောက်ထား
ရဲဘော်ရေ အားတင်းထား။
သူငယ်ချင်းရေ… အားပေးစကား ငါတို့ကြားချင်ကြရဲ့။
ကိုယ့်မြေ၊ ကိုယ့်ပတ်ဝန်းကျင်၊
ကိုယ့်လူမျိုး ဂုဏ်သိက္ခာအတွက်
ကိုယ့်ရိုးရာ အမွေအနှစ်တွေအတွက်
ကိုယ့်ရဲ့ ပင်ကိုဓလေ့စရိုက်တွေအတွက်
သားစဉ်မြေးဆက် ဦးဆွေးဆံမြည့်တဲ့ထိပေါ့။
နွမ်းတာပေါ့…
ပန်းတာပေါ့…
လွမ်းတာပေါ့…
နွမ်းလျသော်လည်း…
ပန်းကြသော်လည်း…
လွမ်းရသော်လည်း…
ဤခရီး မနီးသေးတော့ ဆက်ပြီးတော့ လျှောက်ရဦးတော့မပေါ့။
ရဲဘော်ယောလေး