ပြည်ထောင်စုခြင်း အာဂျင်ဒါ
Areng Pui | အတွေးအမြင်
“နောက်တစ်ကြိမ်ပြည်ထောင်တွေကိုစုကြမလား၊ ဒါမှမဟုတ် မိမိပြည်ထောင်နဲ့မိမိကွန်ဖက်ဒရယ်ရှင်း ပုံစံနဲ့ သွားကြတော့မှာလားဆိုတာက လက်ရှိ တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေကသာ ဆုံးဖြတ် ကြရလိမ့် မယ်”
သမိုင်းတွေမှာ သင်ခဲ့ရတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ဆိုတဲ့ဟာကြီးက လုံးဝနီးပါး ပျောက်ကွယ်သွားပြီလို့ ဆိုနိုင်ပါတယ်။ ပြည်ထောင်စုရဲ့ အနှစ်သာရတွေဆိုတာ အရင်ကလည်းမရှိခဲ့သလို ခုချိန်မှာလည်း မရှိတော့ဘူးလို့ ဆိုနိုင်ပါတယ်။ ဒီလိုပြောလို့ ပြည်သူတွေက စိတ်ဝမ်းကွဲကုန်ကြတာလား ဆိုရင် မဟုတ်ပါ။
အရင်က မိမိကိုယ်ကို အိမ်ရှင်မှန်းမသိဘဲ တခြားရွာမှာ ဧည့်သည် လိုခံစားချက်နဲ့ နေထိုင်လာကြတာကို ပြည်ထောင်စု စိတ်ဓာတ်လို့ ရိုက်သွင်းခံရတဲ့ စိတ်ဓာတ်တွေ မရှိတော့ဘူး ဆိုတာကို ဆိုလိုချင်တာဖြစ်ပါတယ်။
လက်ရှိ နိုင်ငံရေးအလားအလာနဲ့ စစ်ရေးအခြေအနေကို ခြုံငုံသုံးသပ် ရင် ၁၉၄၇ ပင်လုံမတိုင်ခင်ကို ဖန်တီးသွားနေကြတယ်လို့ ဆိုနိုင်ပါတယ်။
ဗမာ မဟုတ်တဲ့ တိုင်းရင်းသားတွေအနေနဲ့ မိမိနယ်မြေသည် မိမိ ပိုင်ဆိုင်မှုဖြစ်တယ်၊ ဘယ်သူ့ဆီကမှ ခွင့်တောင်း ရယူစရာမလိုဘူး၊ ဆိုတဲ့ အိမ်ရှင် mindset တွေရှိနေသလို တဖက်မှာ အာဏာရှင်က လက်ဆင့်ကမ်းပေးတဲ့ ပြည်ထောင်စုကြီးက ငါတို့သာ ပိုင်တယ်ဆိုတဲ့ ဗမာလူမျိုးတစ်စုရဲ့ စိတ်ဓာတ်တွေကိုလည်း ဒီတော်လှန်ရေးမှာ တော်လှန်နိုင်ခဲ့တာဖြစ်ပါတယ်။
အဲအတွက် ဘုံပိုင်ဆိုင်မှု အငြင်းပွားစရာမလိုတော့ဘဲ မိမိ နေရာဒေသကို မိမိကသာ အိမ်ရှင်အဖြစ် အပြန်အလှန် အသိမှတ်ပြု ဆက်ဆံမှုမျိုး ရှိလာတာဖြစ်ပါတယ်။
၂၀၂၃ နှစ်ကုန်ပိုင်းလောက်က စစ်ရေးအရှိန်တွင် ဒေသအသီးသီးမှာ မြင့်တင်လာကြသည့် ပုံစံ၊ စစ်ရေးနဲ့ ပတ်သက်သည့် ထုတ်ပြန်ကြေညာချက်များကို ပြန်ကြည့်မယ်ဆိုရင် လက်ရှိ NUG အစိုးရနဲ့ စစ်ရေးအတူ ဆင်နွှဲပြီး ၄၇ ကတည်ဆောက်ကြတဲ့ပြည်ထောင်စုကြီးကို ကာကွယ်ကြမယ်ဆိုတဲ့ သဘောသဘာဝမျိုး မတွေ့ရ ပါ။
မိမိနယ်မြေကို စိုးမိုးပြီး၊ မိမိနယ်မြေမှာ ရှိတဲ့ အာဏာရှင် အကြမ်းဖက် စစ်ကောင်စီကို တွန်းလှန်နေကြရတာကိုသာ တွေ့ရပြီ၊ ၎င်းအပေါ်မှာ တော်လှန်ရေးအင်အားတစ်ရပ်ဖြစ်သည့် NUG အစိုးရနဲ့ ဆက်ဆံနေကြတာကို တွေ့ရတာဖြစ်ပါတယ်။
အဲသည်လို ဆက်ဆံတဲ့နေရာမှာလည်း NUG အစိုးရကို အစိုးရတစ်ရပ်အနေဖြင့် ဆက်ဆံပူးပေါင်းနေတယ်ဆိုတာထက် တော်လှန်ရေးအင်အားစုချင်း မိတ်ဖက်ဆက်ဆံရေးမျိုးသာ ဆက်ဆံ ကြတာကိုတွေ့ရတာဖြစ်တယ်။ စစ်ရေးအရကြည့်မယ်ဆိုရင်လည်း ၁၀၂၇ က အစပြုသည့် ရှမ်းပြည် စခန်းသိမ်းတိုက်ပွဲ၊ ရခိုင်၊ကချင်၊ ချင်း အစရှိသည့် တိုင်းရင်းသားဒေသ စခန်းသိမ်းတိုက်ပွဲတွေမှာ NUG အစိုးရ၊ ကာကွယ်ရေးအလံဖြင့် အောင်ပွဲခံလွှင့်ထူခြင်းမရှိဘဲ ဒေသခံတော်လှန်ရေးအဖွဲ့များ၏ အလံများဖြင့်သာ အောင်ပွဲခံလွှင့်ထူကြတာဖြစ်ပါတယ်။
ချင်းပြည်နယ်ရဲ့ စစ်ရေးကို ကြည့်မယ်ဆိုရင်လည်း ရိန်ဂေါဒါ၊ လိုင်လင်းပီ၊ ရေဇွာ အစရှိသည့် မြို့များနဲ့ တပ်စခန်းသိမ်းပြီးအချိန်တွင်လည်း ဒေသခံတော်လှန်ရေးအဖွဲ့များ၏ အလံနှင့် အောင်ပွဲခံကြပြီး အုပ်ချုပ်ရေးယန္တာရားအကောင်အထည်ဖော်ဆောင်ရွက်ရာတွင်လည်း ဒေသခံတော်လှန်ရေး၏ အုပ်ချုပ်ရေး ယန္တာရားသာ လည်ပတ်သွားမည်ကို အတိအလင်းကြေညာ လာကြတာဖြစ်ပါတယ်။
အဲသည်အပြင် နယ်စပ်မြို့ဖြစ်သည့် ဖလမ်းမြို့နယ်၊ ရိန်ဂေါဒါ နယ်စပ်တံတား ဆိုင်းဘုတ်စာသားတွေမှာ အရင်လို ပြည်ထောင်စုမြန်မာနိုင်ငံတော် ဆိုသည့် စာတမ်းအစား ချင်းလဲန့် ဆိုပြီး ပြောင်းလဲ သုံးနှုန်းနေတာတွေသည် ၁၉၄၇ မတိုင်ခင်က ရှိနှင့်ပြီးသား ချင်းပြည်ထောင်ကို သွားနေကြခြင်းဖြစ်သည်ဟု သုံးသပ်နိုင်တာဖြစ်ပါတယ်။
လက်ရှိတွင် တိုင်းရင်းသား တော်လှန်ရေးအင်အားစုများသည် မိမိတို့နယ်မြေကို လွတ်မြောက်ရေး၊ မိမိတို့နယ်မြေ ထိန်းချုပ်ရေးနှင့် အုပ်ချုပ်ရေးယန္တာရားအကောင်အထည်ဖော်ဆောင်ရွက်ရေးကိုသာ အာရုံစိုက်နေကြပြီး ပြည်ထောင်စု အရေးကို စိတ်ဝင်စားကြအုံးမှာ မဟုတ်ပေ။
နှစ်ပေါင်း (၇၀)ကျော် ပျက်စီးခံခဲ့ကြသည့် မိမိတို့ နယ်မြေ (အိမ်)ကို ကောင်းမွန်အောင် တည်ဆောက်နေကြသည့် အချိန်ဟုလည်း ဆိုနိုင်တာဖြစ်ပါတယ်။ မိမိတို့အိမ်ကို ကောင်းမွန်စွာတည်ဆောက်ပြီးစီးကြတဲ့အချိန်မှသာလျှင် ပြည်ထောင် အရေး (ခေါ်) ပြည်ထောင် ပြန်စု၏ မစု၏ ပြည်ထောင်စုစည်းရေးအာဂျင်ဒါ ကို ဆွေးနွေးကြရမည့် သဘောမှာရှိနေတယ်လို့ သုံးသပ်ရ မှာဖြစ်ပါတယ်။
ထို့အတွက်ကြောင့် ဒီနွေဦးတော်လှန်ရေးသည် ပျက်စီးနေသည့် မိမိတို့နယ်မြေကို ပြန်လည်တည်ဆောက်ကြ ရမှာဖြစ်ပြီး ပိုပြီးစည်းလုံးကြရမှာဖြစ်ပါတယ်။ မိမိအရေးကိုယ်စီကို အရင်ကိုင်တွယ်ဖြေရှင်းပြီးမှသာ အနှစ်အဓိပ္ပါယ် နဲ့ပြည့်စုံသည့် ပြည်ထောင်စုကြီးတစ်ခု ပြန်လည်တည်ဆောက် ကြရမှာဖြစ်သည်။ သို့သော် လက်ရှိ အရှိတရားတစ်ခုဖြစ်သည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး မြေပုံသည် အပြောင်းအလဲများနဲ့ အတူမြေပုံ အသစ်တစ်ခု ထွက်လာနိုင်တာကို သတိချပ်ရမှာဖြစ်ပါတယ်။
Areng Pui