အတွေးအမြင်

စစ်ဖက်ခေါင်းဆောင်ကောင်း

စစ်ဖက်ခေါင်းဆောင်ကောင်း

– ရဲဘော်ယောလေး (YPDF)

“အာဏာမပါသော တရားမျှတမှုမှာ တန်ခိုးမဲ့၍ တရားမျှတမှုမဲ့သော အာဏာမှာ ကြမ်းကြုတ်၏။”

ပါစကယ် (AD – 300)

“အချို့သောပုဂ္ဂိုလ်များဟာ မွေးကတည်းက အထွဋ်အထိပ်ခေါင်းဆောင်များ ဖြစ်လာကြတယ်။ အချို့ကတော့ ယင်းအထွဋ်အထိပ်ခေါင်းဆောင်မှုကို ရအောင်ယူကြတယ်။ နောက်တစ်မျိုးဖြစ်တဲ့ အချို့ပုဂ္ဂိုလ်များအတွက်တော့ အထွဋ်အထိပ်ခေါင်းဆောင်မှု သရဖူကို ၎င်းတို့ခေါင်းပေါ်သို့ အပ်နှင်းခြင်း ခံကြရတယ်။”

ဝီလျံရှိတ်စပီးယား

ခေါင်းဆောင် သို့မဟုတ် ဦးစီး

​ခေါင်းဆောင်ဆိုသည်မှာ တစ်ဦးထက်ပိုသော အစုအဖွဲ့ကို ဦးရွက်ဦးဆောင်ပြုရသူကို ဆိုလိုသည်။ ထိုအစုအဖွဲ့သည် ခေါင်းဆောင် သို့မဟုတ် ဦးဆောင်သူကို မူတည်၍ တိုးတက်မှု၊ ဆုတ်ယုတ်မှု စသည်တို့ကို ဖြစ်ပေါ်စေသည်။ ခေါင်းဆောင်အရည်အချင်း ရှိလျင် ရှိသည့်အလျောက် တိုးတက်ပြီး ခေါင်းဆောင်အရည်အချင်း ညံ့ဖျင်းလျင် ညံ့ဖျင်းသည့်အလျောက် ဆုတ်ယုတ်မှုများကိုပါ ကြုံတွေ့ရတတ်သည်။

ခေါင်းဆောင်သည် အစုအဖွဲ့တစ်ခုအတွက်တင်မက အစုအဖွဲ့နဲ့သက်ဆိုင်သော ပတ်ဝန်းကျင်အတွက်ပါ များစွာ အရေးပါလှသည်။ သာယာဝပြောသော ပတ်ဝန်းကျင်ကိုလိုချင်ပါက သာယာဝပြောအောင် စွမ်းဆောင်နိုင်စွမ်း၊ စဉ်းစားတွေးခေါ်နိုင်စွမ်းရှိသော ခေါင်းဆောင်မျိုးကို ရွေးကောက်တင်မြှောက်ကြရသည်။ ဆရာတင်ကြရသည်။

​မြန်မာစကားတွင် ခေါင်းဆောင်ဟူသော အသုံးအနှုံးကို အမျိုးမျိုး သုံးနှုံးတတ်ကြသည်။ ဥသျှောင်၊ သမ္မတ၊ ဥက္ကဌ၊ အုပ်ချုပ်ရေးမှူး၊ ဦးစီး၊ ဆရာ၊ တာဝန်ခံ စသည်အားဖြင့် နေရာဒေသ၊ ဌာနအလိုက် အမျိုးမျိုး သုံးစွဲတတ်ကြသည်ကို တွေ့ရသည်။ မိသားစုတစ်ခုတည်းကိုပင် ကြည့်ပါ။ မိသားစုတွင် အိမ်ထောင့်တာဝန်အလုံးစုံကို တာဝန်ယူရသူ ရှိသည်။ မိသားစုအတွက် အဖေ၊ အမေ၊ အကိုကြီး၊ အမကြီး စသည်အားဖြင့် အုပ်ထိန်းသူများ မိသားစုတိုင်းတွင် ရှိသည်။ မိသားစုအတွက် အုပ်ထိန်းသူကို အိမ်ထောင်ဦးစီးဟု ခေါ်စမှတ် ပြုကြသည်။ အိမ်ထောင်ဦးစီးသည် မိသားစု စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ သာရေး နာရေးကအစ အိမ်ထောင်တစ်ခုလုံး၏ ကိစ္စအဝဝကို တာဝန်ယူ၍ ဖြေရှင်းပေးကြရသည်။

ယင်းတာဝန်များသည် အိမ်ထောင်ဦးစီးဆိုသည့် ရာထူးနဲ့ လိုက်လျောညီထွေသော တာဝန်၊ ဝတ္တရားများပင် ဖြစ်သည်။ အဆိုပါ တာဝန်များ ကျေပွန်စွာ ထမ်းဆောင်နိုင်ခြင်းမရှိလျှင် ပတ်ဝန်းကျင်၏ ကဲ့ရဲ့ ပြစ်တင်ခြင်း၊ ရှုံ့ချခြင်းများကို ခံရတတ်သည့်အပြင် မိသားစုတွင်း တိုးတက်ရေး၊ စည်းလုံးညီညွတ်မှု ပြိုကွဲခြင်းများကိုလည်း ကြုံတွေ့ရတတ်သည်။

အိမ်ထောင်ဦးစီးသည် မိသားစုတွင်း တာဝန်ဝတ္တရားများ ကျေပွန်စွာ ထမ်းဆောင်ခြင်းသည် ၎င်း၏ တာဝန်ဝတ္တရားဖြစ်သည့်အပြင် ၎င်း၏ အနေအထိုင်၊ အပြုအမူ၊ အပြောအဆို စသည့် ကိုယ်ကျင့်တရား ထိန်းသိမ်းရေးသည်လည်း အင်မတန် အရေးကြီးကြောင်းကို မှတ်ယူရမည်ဖြစ်ပေသည်။

​ထို့ကြောင့် မည့်သည့်နေရာတွင် တာဝန်ယူရသည့် ခေါင်းဆောင်ပင်ဖြစ်စေ တာဝန်ဝတ္တရား ကျေပွန်ရုံမျှဖြင့် မပြီးသေးဘဲ ကိုယ်ကျင့်တရားထိန်းသိမ်းရေးသည်လည်း ခေါင်းဆောင်များအတွက် အရေးကြီးသော အချက်အဖြစ် မှတ်ယူကြရမည် ဖြစ်သည်။

တာဝန်ဝတ္တရားကျေပွန်သည့်ခေါင်းဆောင်ကို လေးစားပုံနဲ့ ကိုယ်ကျင့်တရားပါ ထိန်းသိမ်းတတ်သော ခေါင်းဆောင်ကို လေးစားယုံကြည်ပုံသည် များစွာ ကွာခြားလှပေသည်။ ဥပမာအားဖြင့် အသောက်အစား အပျော်အပါး လိုက်စားတတ်သော ခေါင်းဆောင်ကို လေးစားပုံနဲ့ ကိုယ်ကျင့်သိက္ခာနဲ့ ပြည့်စုံသော ခေါင်းဆောင်ကို လေးစားတန်ဖိုးထားမှုခြင်း ကွာခြားပုံကို အထူးသတိထားသင့်သည်။

အသောက်အစား အပျော်အပါးလိုက်စားတတ်သော ခေါင်းဆောင်သည် တာဝန်ဝတ္တရား အလုံးစုံကျေပွန်ရန်မှာလည်း ခဲယဉ်းလှသည်။ တာဝန်ဝတ္တရားထက် အပျော်အပါး အသောက်အစားကိုသာ ဦးစားပေးနေသည့် တာဝန်ဝတ္တရားထမ်းဆောင်ရန် အချိန်များ အလဟဿ ကုန်ဆုံးသွားတတ်သည်။

​မိသားစုတာဝန်ထမ်းဆောင်နေသော အိမ်ထောင်ဦးစီးသည် ပတ်သက်ဆက်နွယ်မှု သဘောတရားအရ သွေးသားရင်းချာများ ဖြစ်သည်ဟု မှတ်ယူနိုင်သည်။ တပ်ဖွဲ့တစ်ခုတွင် တာဝန်ထမ်းဆောင်နေသော ခေါင်းဆောင် သို့မဟုတ် တပ်မှူး သို့မဟုတ် အကြပ်အဆင့်မှစ၍ ရာထူး၊ တာဝန်အဆင့်ဆင့် ယူထားသူများအားလုံးသည် မတူကွဲပြားသည့် နေရာဒေသအစုံ၊ အသွေးအရောင်အစုံ၊ ဘာသာစကားအစုံ၊ ကိုးကွယ်ယုံကြည်မှုအစုံ၊ လိင်စိတ်ခံယူမှုအစုံ၊ ပုံသဏ္ဌာန်အစုံကို စီမံခန့်ခွဲ အုပ်ချုပ်ရသည် ဖြစ်သောကြောင့် ပို၍ ခက်ခဲ ပင်ပန်းဆင်းရဲမည်မှာ မလွဲဧကန်ပင် ဖြစ်သည်။

သို့သော် ခက်ခဲ ပင်ပန်းသည့်ကြားမှ အဆိုပါ မတူကွဲပြားမှုအစုံကို ညီမျှအောင်၊ စည်းလုံးမှု မပြိုကွဲအောင် ကြပ်မတ်ထိန်းသိမ်းရမည့် တာဝန်လည်း ရှိသည်။ စည်းလုံးမှု မပြိုကွဲအောင် ထိန်းသိမ်းကြပ်မတ်ရန်နည်းလမ်းမှာ သတ်မှတ်ပြဌာန်းထားသော စည်းကမ်း၊ ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာ အကောင်အထည်ဖော်ခြင်းပင် ဖြစ်သည်။ မိမိအဖွဲ့အစည်း၏ သတ်မှတ်ပြဌာန်းထားသော စည်းကမ်း၊ ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များကို တန်ဖိုးမထား၊ မလေးစားလျှင် “အမှိုက်ကစ ပြဿမီးလောင်” ဖြစ်တတ်သည်ဟူသော စကားပုံကို သတိချပ်သင့်သည်။

အခြားစကားပုံတစ်ခုလည်း ရှိသေးသည်။ “ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်သွားမှ နောက်နွားတသိုက် ဖြောင့်ဖြောင့်လိုက်မည်” ဟူသော စကားပုံသည်လည်း ခေါင်းဆောင်အပေါ်မှာ မူတည်၍ နောက်လိုက်ရဲဘော်များက လိုက်နာကျင့်ကြံကြသည်ဆိုသည်ကို နားလည်သဘောပေါက်ရန် လိုအပ်သည်။

​တပ်ဖွဲ့ခေါင်းဆောင်များသည် အများလက်ခံထားသော အောက်ပါ ခေါင်းဆောင်မှု အင်္ဂါရပ် (၁၆) ရပ်ကို မပျက်မကွက် လိုက်နာဆောင်ရွက်ကြရမည်ဖြစ်သည်။

(၁) ထိုးထွင်းကြံဆ လုပ်ဆောင်တတ်မှုနှင့် တီထွင်ဆောင်ရွက်တတ်မှု ရှိရမည်။

(၂) ကွပ်ကဲမှုနှင့် ကြီးကြပ်မှုကောင်းရမည်။

(၃) ဗဟုသုတကြွယ်ဝပြီး လေ့လာလိုစိတ်ရှိရမည်။

(၄) အကျင့်စာရိတ္တ ကောင်းမွန်ရမည်။

(၅) စိတ်ဓာတ်ကောင်းရမည်။

(၆) သစ္စာရှိရမည်။

(၇) ခေါင်းဆောင်ကောင်းစိတ်ဓာတ်နှင့် မိဘသဖွယ် စိတ်ဓာတ်ရှိရမည်။

(၈) စည်းကမ်းအရာမှာ စံနမူနာပြ ဖြစ်ရမည်။

(၉) တပ်ဖွဲ့၏ကောင်းရာကောင်းကျိုးအတွက် အစဉ်ကြိုးပမ်းဆောင်ရွက်လိုစိတ် ရှိရမည်။

(၁၀) ဇွဲ၊ လုံံ့လ၊ ဝီရိယနှင့် ကြိုးစားမှု ရှိရမည်။

(၁၁) စိတ်ရင်းစေတနာကောင်းရမည်။

(၁၂) တညီတညွတ်တည်း စုပေါင်းဆောင်ရွက်လိုသည့် အဖွဲ့အစည်းစိတ်ဓာတ် ရှိရမည်။

(၁၃) သတ္တိ၊ ဗျတ္တိ ရှိရမည်။

(၁၄) မိမိခေါင်းဆောင်သည့် အဖွဲ့အစည်းအား အမြဲစည်းလုံးညွတ်မှုရှိအောင် တည်ဆောက်နိုင်စွမ်းရှိရမည်။

(၁၅) အခွင့်အရေးနှင့် ယှဉ်လာပါက မိမိကအမြဲ အနစ်နာခံတတ်ရမည်။

(၁၆)) အုပ်ချုပ်ရေးစွမ်းရည်၊ တိုက်ခိုက်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်၊ လေ့ကျင့်ရေးစွမ်းရည် စသည့် စွမ်းရည်လေးရပ်နဲ့ ပြည့်စုံရမည်။

​အထက်ပါအင်္ဂါရပ်များသည် မိမိတင်မက မိမိတပ်ဖွဲ့၊ မိမိ၏ ပြည်သူလူထု၊ မိမိ တော်လှန်ရေးအတွက်ပါ များစွာ အရေးပါလှပေသည်။

​ခေတ်အဆက်ဆက် ပဒေသရာဇ်စနစ်မှသည် မျက်မှောက်ခေတ်အထိ လက်နက်ခဲယမ်း၊ စစ်နည်းဗျူဟာ၊ နည်းပညာ တိုးတက်ပြောင်းလဲလျက်ရှိသည်။ သို့သော် မပြောင်းလဲဘဲ ရှိနေတာသည် စိတ်ဓာတ်ပင်ဖြစ်သည်။ ၎င်းစိတ်ဓာတ်ကြောင့်ပင် တိုက်ပွဲများအောင်မြင်ခြင်း၊ ကျရှုံးခြင်းတို့ကို အဆုံးအဖြတ်ပေးခြင်းဖြစ်သည်။

တော်လှန်ရေး၏ အနှစ်သာရသည် မိမိယုံကြည်ရာအပေါ် မည်သို့သော အခက်အခဲပင်ရှိရှိ မဆုတ်မနစ် ရင်ဆိုင်ဖြတ်ကျော်ရဲသော စိတ်ဓာတ်ခိုင်ကြည်ခြင်းပင် ဖြစ်သည်။

တိုက်ပွဲတစ်ခုတွင် စိတ်ဓာတ်ပျက်ပြားနေသော ရဲဘော်တစ်ယောက်ကြောင့် တပ်ဖွဲ့တစ်ခုလုံး ဖရိုဖရဲဖြစ်သွားနိုင်သည်။ စိတ်ဓာတ်ကျနေလျှင် စိတ်ဓာတ်မပြတ်သားလျှင် မတိုက်ခင်ကပင် တိုက်ပွဲတဝက်ရှုံးပြီးသား ဖြစ်သည်ကို နားလည်ကြရမည်။ နောင်ရိုးတိုက်ပွဲကို ဦးဆောင်ခဲ့သော စစ်သူကြီး ဘုရင့်နောင်၏ “ဘုရင့်နောင် ဖောက်ဖျက်” စိတ်ဓာတ်ကို အတုယူကြရမည်။ “ငုပ်မိသဲတိုင်၊ တက်နိုင်ဖျားရောက်” ကြိုးစားကြရမည်။

​အထက်တွင် ဖော်ပြခဲ့သလို မတူကွဲပြားမှုများဖြင့် စုဖွဲ့ထားရသော အစုအဖွဲ့ (ဝါ) တပ်ဖွဲ့အနေဖြင့် ဟန်ချက်ညီရန် (Harmony) ဖြစ်စေရန်မှာ စုပေါင်းခေါင်းဆောင်မှု (Collective Leadership) သည် အရေးပါပြီး စုဖွဲ့လုပ်ကိုင်တတ်မှု (Team Work) ဖြစ်ရန်မှာ အင်မတန် အရေးကြီးလှပေသည်။

အဘယ်ကြောင့်ဆိုသော် တစ်ဦးတစ်ယောက်ထဲဖြင့် တော်လှန်ရေးကို ဆင်နွှဲ၍ မရသောကြောင့်ပင်ဖြစ်သည်။ ဥပမာအားဖြင့် လက်ချောင်းကလေးများကို စုပေါင်းမှသာ လက်သီးဆုပ်ကို ဖန်တီးနိုင်သကဲ့သို့ပင် ဖြစ်သည်။ တစ်ဦးတစ်ယောက်ချင်းရှိပြီးသော စွမ်းရည်များကို စုပေါင်း၍ ထင်မှတ်မထားသော စွမ်းအင်များကို ဖန်တီးနိုင်ရမည်။

အဆိုပါ ထင်မှတ်မထားသော စွမ်းရည်များကို ဖန်တီးနိုင်ရေးအတွက် ဦးဆောင်သူတွင် စဉ်းစားတွေးခေါ်တတ်မှု၊ အမြော်အမြင်ရှိမှု၊ လေ့လာအားထုတ်မှုတို့သည် မရှိမဖြစ် လိုအပ်သည်။ ၎င်းဦးဆောင်သူ၏ အမြော်အမြင်ရှိမှု၊ စဉ်းစားတွေးခေါ်တတ်မှု၊ လေ့လာအားထုတ်မှုသည် တပ်ဖွဲ့တစ်ခု ရှင်သန်ရပ်တည်နိုင်ရေး၊ ရည်မှန်းချက်ပန်းတိုင် အကောင်အထည်ဖော်ရေးတို့အတွက် အကျိုးသက်ရောက်မှု များစွာ ရှိနေသောကြောင့်ပင် ဖြစ်သည်။ တပ်ဖွဲ့တစ်ခုထူထောင်ခြင်း၊ ဖျက်သိမ်းခြင်းသည် လွယ်ကူသော ကိစ္စရပ် ဖြစ်သည်။ သို့သော် တပ်ဖွဲ့ရှင်သန်ရပ်တည်ရေးကိစ္စမှာ ကြီးမားသော စိန်ခေါ်မှုဖြစ်သည်။

တိုက်ပွဲဟူသည် အစားထိုး၍မရသော အသက်များနဲ့ ရင်း၍ လုပ်ကိုင်ဆောင်ရွက်ကြရသော အလုပ်ဖြစ်သည်။ ထိုကဲ့သို့ အသက်ကိုရင်း၍ လုပ်ရသော အလုပ်ဖြစ်သည့်အတွက် တစ်ယောက်တစ်ပေါက်၊ ဦးနင်းပဲ့ထောင် လုပ်ကြမည်ဆိုပါက အသက်များစွာ ဆုံးရှုံးသွားနိုင်သလို၊ မိမိ၏ ရည်မှန်းချက် ပန်းတိုင်များမှာလည်း ဘယ်သောအခါမျှ အကောင်အထည်ပေါ်လာမည် မဟုတ်ပေ။

စုဖွဲ့လုပ်ကိုင်တတ်မှု (Team Work) ကို မည်သည့် အစုအဖွဲ့မဆို အလွယ်တကူ တည်ဆောက်၍ မရနိုင်ပါ။ အချိန်ပေးပြီး အလေးထား ဆောင်ရွက်ကြမှသာ ရရှိတတ်ကြသည်။ အခက်အခဲများ၊ စိန်ခေါ်မှုများ မလွဲမသွေ ကြုံတွေ့ကြရမည်ဖြစ်သည်။ အတွေးအခေါ်၊ အယူအဆ၊ လာရာ၊ လားရာ မတူကြသူတွေကို တစ်စိတ်တစ်ဝမ်းထဲ စိတ်တူကိုယ်တူ သေဖော်ရှင်ဖက်များအဖြစ် အသွင်ပြောင်းရသည်မှာ ဦးဆောင်သူများအဖို့ ကြီးမားသည့်စိန်ခေါ်မှု ဖြစ်သည်။ စုဖွဲ့လုပ်ကိုင်တတ်မှု (Team Work) ကို အဝေးမှ တည်ဆောက်၍ မရပေ။

ဝါရင့် ကရင်တော်လှန်ရေးခေါင်းဆောင် ဖဒိုစောသမိန်ထွန်း၏ နွေဦးတော်လှန်ရေးအတွက် အကြံပြုချက်တွင် “တကယ့်ခေါင်းဆောင်ကောင်းတို့မည်သည်မှာ ရဲဘော်တွေနဲ့ တတန်းထဲနေပြီးမှ အဲဒီကနေ သူလည်း ဆင်းဆင်းရဲရဲ ဒုက္ခခံလုပ်၊ ရဲဘော်တွေလည်း ဆင်းဆင်းရဲရဲ ဒုက္ခခံလုပ်။ အဲဒီခေါင်းဆောင်မျိုးကို အောက်ခြေထုက ကြိုက်တာ၊ ချစ်တာ၊ လေးစားတာ။ 

အဝေးကနေပဲ လုပ်နေမယ်ဆိုရင် မရဘူးဗျ။ ဒီလိုပုံစံမျိုးနဲ့ တော်လှန်ရေး ဘယ်လိုသွားလုပ်မလဲ။ စစ်တိုက်တယ်ဆိုတာ သေတယ်ဗျ။ မသေရင်လည်း ခြေပြတ်၊ လက်ပြတ်ဖြစ်တယ်။ အဲဒီတော့ ဒီလိုမှ မလုပ်နိုင်ရင် မစွန့်စားနိုင်ရင်လည်း အစကတည်းက မလာပါနဲ့။ လက်ဝဲစကားနဲ့ပြောရရင် လူထုသာလျှင် သမိုင်းဖန်တီးသူတွေ ဖြစ်တယ်။

ခေါင်းဆောင်တွေဆိုတာက လူထု သမိုင်းဖန်တီးတဲ့နေရာမှာ ပါဝင်လုပ်ကိုင်တဲ့ ဇာတ်ရုပ်လေးတွေ ဖြစ်တယ်။ တကယ်ဖြစ်သင့်တာက အထက်ကနေ ချပေးတဲ့ ခေါင်းဆောင်မျိုး မဖြစ်သင့်ဘူး။ အထက်က ချပေးလိုက်တဲ့ ခေါင်းဆောင်ဟာ တကယ်လူထုနဲ့ ဆက်ဆံမှုကောင်းလား၊ အောက်ခြေရဲ့ ကြည်ညိုလေးစားမှု ခံရလား။ ချပေးလိုက်တဲ့ ခေါင်းဆောင်ရဲ့ အကျင့်စာရိတ္တက ဘယ်လိုလဲ။ ဒါတွေ သိပ်အရေးကြီးတယ်။” လို့ အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့ဖူးသည်။

​တပ်ဖွဲ့ခေါင်းဆောင် သို့မဟုတ် တပ်မှူးကောင်းတစ်ယောက်တွင် အောက်ပါ ကိုယ်ပိုင်အရည်အချင်းများလည်း ရှိရန်လိုအပ်ပေသည်။

(၁) မိမိကိုယ်ကို မိမိထိန်းသိမ်းမှုနှင့် ယုံကြည်မှု

(၂) ခေါင်းဆောင်ရန် တင့်တယ်သော ကိုယ်ဟန်ရှိမှု

(၃) ခေါင်းဆောင်ရန် ဆန္ဒပြင်းပြမှု

(၄)သူရသတ္တိနှင့် သန္နိဌာန်ချတတ်မှု

(၅) တွေးခေါ်မြော်မြင်တတ်မှု

(၆) မေတ္တာအစစ်အမှန်ထားနိုင်မှု

(၇) သမာဓိရှိမှုနှင့် ခိုင်မာပြတ်သားစွာ ဆုံးဖြတ်ပေးနိုင်မှု

(၈) အပြုသဘောအကောင်းမြင်ဝါဒ လက်ကိုင်ထားမှု

(၉) ကိုယ်ကျိုးစွန့်လွှတ်မှုနှင့် တာဝန်ကို ရိုသေလေးစားစွာ ထမ်းဆောင်တတ်မှု

(၁၀) ကိုယ်ကျင့်တရားကောင်းမွန်မှုနှင့် ရိုးသားဖြောင့်မတ်မှန်ကန်မှု

စသည်တို့သည် တပ်မှူးကောင်းများ၊ ခေါင်းဆောင်များအတွက် ကိုယ်တိုင်လိုက်နာ ကျင့်ကြံရန် လိုအပ်ပေသေးသည်။ 

​ရဲဘော်တိုင်း၊ တပ်သားတိုင်းသည် ခေါင်းဆောင်များဖြစ်ကြသည်။ အဘယ်ကြောင့်ဆိုသော် သူတစ်ပါးနဲ့မတူသော စွမ်းရည်များ၊ စိတ်ဓာတ်များကို ပိုင်ဆိုင်ထားကြသူများချည်း ဖြစ်နေသောကြောင့်ပင်။ ထိုစွမ်းရည်များ၊ စိတ်ဓာတ်များကို အသုံးချ၍ နောက်လိုက်စိတ် မမွေးဘဲ ခေါင်းဆောင်စိတ် မွေးမြူလုပ်ကိုင်ကြရန်သာ အရေးကြီးလှပေသည်။

ရဲဘော်တိုင်းအတွက် အရေးကြီးဆုံးအချက်မှာ ကိုယ်ချင်းစာနာစိတ်ပင် ဖြစ်သည်။ ကိုယ်ချင်းစာနာစိတ်ဖြင့် မိမိတို့၏ တက်လမ်းကို ရှေ့ရောက်စေရန် လုပ်ဆောင်တတ်ဖို့ လိုအပ်သည်။ ခေါင်းဆောင်ဟူသည် ပျင်းနေ၍ မရပေ။ ဝါသနာ၊ စေတနာ၊ အနစ်နာအပြင် စံနမူနာပြဖြစ်နေရန်အတွက်လည်း အမြဲကြိုးစားကြရမည်။ တနည်းအားဖြင့် မြင်ရုံဖြင့် ကြည်ညိုလေးစားဖွယ် ဖြစ်နေရမည်။

ခေါင်းဆောင်တစ်ယောက်အတွက် အပြုအမူ၊ အပြောအဆို၊ အနေအထိုင်၊ အသွားအလာ၊ ဝတ်စားဆင်ယင်မှု၊ အစားအသောက်၊ အလုပ်အကိုင် မှန်သမျှ လက်အောက်ငယ်သားများက နမူနာယူတတ်သည်ကို သတိပြုရမည်။ ဆောင်းခေါင်ကောင်းဖြစ်ရန် အရင်ဦးဆုံး နောက်လိုက်ကောင်းများ ဖြစ်ဖို့ များစွာအရေးကြီးလှသည်။ “ခေါင်းဆောင်ဆိုသည်မှာ တချိန်က နောက်လိုက်ပဲ” ဖြစ်သည်။

လူဆိုသည်မှာ မည်သည့်နေရာတွင် နေရစေကာမူ သင့်တင့်လျောက်ပတ်သည့် သာယာမှုမျိုးကိုသာ လိုလားကြသည်ချည်းဖြစ်သည်။ ရဲဘော်၊ တပ်သားများသည်လည်း လူထဲက လူသာဖြစ်သည့်အလျောက် ချိုသာမှု၊ ပျူငှာမှု၊ သာယာအေးချမ်းမှု၊ ညင်သာမှုမျိုးကိုသာ လိုချင်ကြတာ အဆန်းမဟုတ်ပေ။ တစ်ယောက်၏ အခက်အခဲကို တစ်ယောက်စာနာ နားလည်မှုဖြင့် ရှေ့ဆက်ကြရမည်ဖြစ်သည်။

သို့သော် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့်အလျောက် တာဝန်နှင့် အမိန့်သည် အသက်တမျှ လေးစားတန်ဖိုးထားရန် လိုအပ်သည်ကိုလည်း နားလည် သတိပြုရမည် ဖြစ်သည်။ ခေါင်းဆောင်ကောင်းတို့မည်သည် မိမိလက်အောက်ငယ်သားများ၏ မိဘသဖွယ် သဘောထားသည့်အလျောက် မည်သည့် ခေါင်းဆောင်မျှ မိမိ၏ ရဲဘော် တပ်သားများကို အန္တရာယ်ကျရောက်စေမည့် ကိစ္စများကို ပြုမူမည် မဟုတ်ပေ။

ခေါင်းဆောင်သည် စစ်ရေးပိုင်းဦးဆောင်မှုနှင့် လူမှုရေးဦးဆောင်မှုကို တပြိုင်နက်တည်း ဆောင်ရွက်ကြရသည်။ လူမှုရေးပိုင်းဦးဆောင်မှုတွင် မိဘမှ သားသမီး၏ အခက်အခဲ လိုအင်ဆန္ဒများကို ဖြည့်ဆည်းပေး၊ အနစ်နာခံပေးသကဲ့သို့ ကူညီစောင့်ရှောက်ပေးရမည်ဖြစ်သည်။

စစ်ရေးပိုင်းဦးဆောင်မှုတွင် ပြတ်ပြတ်သားသား ခေါင်းဆောင်ရန်လိုအပ်သည်။ မိမိက တိုက်ဆိုလျှင် တိုက်၊ ဆုတ်ဆိုလျှင် ဆုတ် ဆိုသော တိကျပြတ်သားသည့် ဦးဆောင်မှုမျိုး ပေးရမည် ဖြစ်သည်။

အဆိုပါ အခြေအနေများကို မိမိကိုယ်တိုင်နားလည်ရန်နှင့် မိမိလက်အောက်ငယ်သားများ နားလည်သဘောပေါက် ခံယူတတ်စေရန် အစဉ်အမြဲ လမ်းညွှန်ပြသပေးရမည် ဖြစ်သည်။ သို့မှသာ အပြန်အလှန် ယုံကြည်လေးစားမှု၊ အားကိုးမှု၊ တန်ဖိုးထားမှုများကို ခံစားကြရပေလိမ့်မည် ဖြစ်သည်။

​နိဂုံးချုပ်အားဖြင့်ဆိုသော် ခေါင်းဆောင်ကောင်းတင်မက နောက်လိုက်ကောင်းရှိရန်လည်း အရေးကြီးသည့် အလျောက် ခေါင်းဆောင်ကောင်းများ၏ နောက်တွင် နောက်လိုက်ကောင်းများ အမြဲရှိနေရန်အတွက် အစဉ်မွေးမြူ ပြုစုပျိုးထောင် ပေးကြရပေလိမ့်မည်။

အမြဲတမ်းခေါင်းဆောင် အဖြစ်နေလိုလျှင် အမြဲတမ်းခေါင်းဆောင်အသစ်များကို မွေးထုတ်ပေးရန် လိုအပ်သည်။ ယုံကြည်စိတ်ဖြင့် ရာထူး၊ တာဝန်များ လွှဲပြောင်းပေးကြရမည်။ လူတို့သည် အစဉ်အမြဲ တပါးသူ ခိုင်းတာကိုချည်း မလုပ်လိုကြ။ မိမိ၏ ထိုးထွင်းကြံဆမှုဖြင့် နည်းသစ်၊ လမ်းသစ်များ ဖောက်လိုကြသည့်အလျောက် နည်းသစ်၊ လမ်းသစ်များကို လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်မည့် လုပ်ပိုင်ခွင့်များ ဖန်တီးပေးရမည်။

သို့မှသာ ခေါင်းဆောင်လုပ်ရသူကို စာနာတတ်မည်၊ တန်ဖိုးထားတတ်မည် ဖြစ်သည်။ မည်သည့်အရာမှ လွယ်လွယ်နဲ့ မရဆိုသည်ကို သဘောပေါက် နားလည်လိမ့်မည်ဖြစ်သည်။ အရှေ့တိုင်းသည် မင်းလောင်းမျှော်သည့်ဝါဒ သို့မဟုတ် ကယ်တင်ရှင်မျှော်သည့် ဝါဒ ထွန်းကားသည်။

မိမိကိုယ် ကျိုးစားအားထုတ်လိုစိတ် နည်းပါးကြသည်။ အဆိုပါ ကယ်တင်ရှင်မျှော်လင့်နေမှုများနဲ့ပတ်သက်၍ ပြောက်ကျားတော်လှန်ရေးခေါင်းဆောင် အာနက်စတို ချေဂွေဗားရားက “I’m not a liberator. Liberator does not exit. The people can liberate themselves.” လို့ ပြောဆိုခဲ့ဖူးသည်။ အဓိပ္ပါယ်မှာ “ငါက ကယ်တင်ရှင်မဟုတ်။ ကယ်တင်ရှင်ဆိုတာလည်း မရှိဘူး။ ကိုယ်တိုင်လွတ်မြောက်ဖို့ ကိုယ်တိုင် ကြိုးစားကြရမယ်။” ဟူ၍ ဖြစ်သည်။

လက်ရှိတော်လှန်ရေးသည် ကယ်တင်ရှင် ရှာနေ၍ မရပေ။ ကိုယ့်အနာဂတ်အတွက် ကိုယ်တိုင်တိုက်ယူကြရပေလိမ့်မည်။ တော်လှန်ရေးအောင်မြင်ချိန်၊ မိမိလိုလားတောင့်တသော နိုင်ငံရေးစနစ်တစ်ခု ရရှိချိန်ထိ ခေါင်းဆောင်စိတ်အပြည့်ဖြင့် ပုဂ္ဂလခံစားချက်ကို ဦးစားမပေးဘဲ သမိုင်းပေးတာဝန်ကျေပွန်စွာ ထမ်းရွက်နိုင်ကြပါစေကြောင်း ဆန္ဒပြုရင်းဖြင့်……။

– ရဲဘော်ယောလေး (YPDF)

Related Articles

Back to top button