အတွေးအမြင်

မြန်မာနိုင်ငံ၏ ခုခံတော်လှန်မှုအတွက် အောင်ပွဲဆီသို့ သွားရာလမ်း

မြန်မာနိုင်ငံ၏ ခုခံတော်လှန်မှုအတွက် အောင်ပွဲဆီသို့ သွားရာလမ်း

The road to a resistance victory in Myanmar

  • •••••••••••••••••••••••••

မြို့ပြအခြေပြု ခံစစ်မဟာဗျူဟာဆီသို့ ဆုတ်ခွာလာမှုက စစ်အုပ်စုအား ပြိုလဲလာစေရန် ရည်ရွယ်ချက်ဖြင့် ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်များအား ခုခံတော်လှန်ရေးတပ်ဖွဲများ၏ တိုက်ခိုက်ဖြတ်တောက်ခြင်းများနှင့် ကြုံတွေ့လာရနိုင်သည်။

အန်သနီ ဒေးဗစ်စ် (အေရှားတိုင်းမ်စ် – ဇူလိုင်လ ၈ ရက်၊ ၂၀၂၄ ခုနှစ်)

စစ်ဘေးဒဏ်ခံနေရသည့် နယ်ခြားနယ်နိမိတ်များတစ်ဝိုက်ရှိ မြို့ကြီးများတွင် စစ်ဘက်ဆိုင်ရာ နည်းလမ်းပုံစံတစ်မျိုးက သိသာထင်ရှားစွာ ပေါ်ထွက်လာလျက် ရှိနေသည်။ မြန်မာနိုင်ငံမြောက်ပိုင်းရှိ ကချင်ပြည်နယ်မှ မြစ်ကြီးနားနှင့် ဗန်းမော် မြို့များမှသည် ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းမှ လားရှိုးမြို့နှင့်၊ နိုင်ငံအနောက်ပိုင်းရှိ ဘင်္ဂလားပင်လယ်အော်မှ စစ်တွေမြို့အထိတိုင် မြန်မာစစ်တပ်အနေဖြင့် လေကြောင်း အင်အား၊ အမြောက်ကြီးများနှင့် များပြားလှသည့် လက်နက်ခဲယမ်းများအား အကာအကွယ်ယူလျက် ခံစစ်ဆင်ရန် မြို့ပြဒေသများသို့ ပြန်လည်ဆုတ်ခွာလာလျက် ရှိနေသည်။

တိုင်းရင်းသားလူမျိုးစု ခုခံတော်လှန်ရေးတပ်ဖွဲ့များထံ ရှစ်လကြာ ဆက်တိုက်ရှုံးနိမ့်ခဲ့ပြီးနောက် အကြပ်တွေ့လာနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) စစ်အုပ်စုနေဖြင့် – သေစေလောက်သည့် ဆူးချွန်များ၏နောက်တွင် ဖြူကောင်က မိမိကိုယ်ကို ပတ်ခွေလိုက်သကဲ့သို့သော – ခံစစ်ဗျူဟာအဖြစ် အကောင်းဆုံးဖော်ပြနိုင်သည့် နည်းလမ်းဆီသို့ တဖြည်းဖြည်းချင်းနှင့် သေချာပေါက် ကူးပြောင်းလာလျက် ရှိသည်။

ဤစစ်ရေးအစီအစဉ်က စစ်အုပ်စု၏ ရှင်သန်ရပ်တည်နိုင်ရေးအတွက် အလားအလာကောင်းရှိသည့် လမ်းကြောင်းကို ပေးဆောင်လာခြင်း ရှိ-မရှိဆိုသည်ကို လာမည့်လများအတွင်း အဆုံးအဖြတ်ပေးလာဖွယ်ရှိပြီး၊ ယခုနှစ်အစောပိုင်းက တိုင်းရင်းသားလူမျိုးစုများ၏ နယ်စပ်ဒေသများတွင် စတင်ကျင့်သုံးလာခဲ့သည့် အဆိုပါ နည်းလမ်းက တစ်နိုင်ငံလုံးတွင် ကျယ်ပြန့်စွာ လွှမ်းခြုံလာသည့် ဖြစ်စဥ်တစ်ခု ဖြစ်လာနေသည်။ အမှန်တစ်ကယ်တွင်၊ မြန်မာနိုင်ငံ အလယ်ပိုင်းရှိ နှလုံးသည်းပွတ်နယ်မြေဒေသများတွင်လည်း  ဖြူကောင်ပုံစံ ခံစစ်ဗျူဟာသို့ စတင်ကူးပြောင်းခဲ့ပြီး ဖြစ်သည်။

တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (တီအန်အယ်လ်အေ) နှင့် ၎င်းတို့၏ မဟာမိတ်အဖွဲ့ဖြစ်သည့် ဗမာတိုင်းရင်းသား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပီဒီအက်ဖ်) တို့က ဇွန်လ ၂၅ ရက်နေ့မှ စတင်ကာ မြန်မာစစ်တပ်အား နန်းမြို့တော်ဟောင်းဖြစ်သည့် မန္တလေးဘက်သို့ စတင်ဖိအားပေး တိုက်ထုတ်လာခဲ့ကြသည်။ ထိုးစစ်ဆင်မှုများအတွင်း မန္တလေးမြို့၏ မြောက်ဘက်တွင် ကပ်လျက်တည်ရှိနေသည့် မတ္တရာမြို့နယ်နှင့်၊ မန္တလေးမြို့အား အပေါ်မှစီး၍ မြင်နေရသည့် တောင်ကုန်းတောင်တန်းများနှင့် မြန်မာစစ်တပ်အတွက် ဂုဏ်ယူစရာ စစ်တက္ကသိုလ်တို့ တည်ရှိရာ ပြင်ဦးလွင်မြို့ဆီသို့ ဦးတည်လျက် အရှေ့ဘက်အရပ်မှ ဝင်ရောက် တိုက်ခိုက် လာခဲ့ကြသည်။

ထိုးဖောက်တိုက်ခိုက်ရန် ခက်ခဲပုံရသည့် မြို့ပြအမာခံနေရာများသို့ စစ်တပ်က တဖြည်းဖြည်းချင်း ခက်ခဲပင်ပန်းစွာ ဆုတ်ခွာလာမှုက အလျော့ပေးမည့် လက္ခဏာမရှိဘဲ တရကြမ်းတိုး၍တိုက်ခိုက်လာနေသည့် ခုခံတော်လှန်ရေး တပ်ဖွဲ့များအား ဖရိုဖရဲတုံ့ပြန်မှုထက် ပို၍နည်းပါးသည့် အသိရှိမှုဖြင့် လုပ်ဆောင်သည့် ဗျူဟာတစ်ခုဖြစ်သည်။ စနစ်တကျ စီစဥ်မှုထက် အတင်းအကျပ် လုပ်ဆောင်မှုဖြစ်သည့်တိုင် ဖြစ်ပေါ်လာသည့် ဖြူကောင်ပုံစံ မြို့ပြအခြေပြု ခံစစ်ဗျူဟာကျင့်သုံးမှုက   အားသာချက်သုံးခုကို ပေးစွမ်းနေသည်။

စစ်ရေးအရ – ထိုဗျူဟာက ခုခံတော်လှန်ရေးတပ်ဖွဲ့များအား နယ်စပ်ဒေသများရှိ တောင်ကုန်းတောင်တန်းများမှ မြေပြန့် လွင်ပြင်ဒေသသို့ ဆင်းလာရန် ဖိတ်ခေါ်နေပြီး၊ အမြောက်လက်နက်ကြီးများ သံချပ်ကာယာဥ်များနှင့် လေကြောင်း အင်အားအရ စစ်တပ်က သာလွန်စွာ လွှမ်းမိုးထားနိုင်သည့် စပါးစိုက်ခင်းများ ပတ်လည်ဝိုင်းနေသော မြို့ပြဒေသများတွင် ထိတွေ့မှုပြုခြင်းဖြင့် အထိရောက်ဆုံး ချေမှုန်းနိုင်စွမ်း ရှိလာစေလိမ့်မည် ဖြစ်သည်။ အကယ်၍ ထိရောက်မှုရှိရန် အာရုံစိုက်လုပ်ဆောင်နိုင်ပါက ထိုကဲ့သို့သော ပစ်အားဖြင့် လက်နက်တပ်ဆင်မှုအားနည်းပြီး လျော့ရဲစွာပူးပေါင်းထားကြသည့် ပီဒီအက်ဖ်များအား လျော့ပါးသွားစေနိုင်လိမ့်မည် ဖြစ်သည်။

နိုင်ငံရေးအရ – မြို့ပြဒေသများကို ချုပ်ကိုင်ထားမှုဖြင့် နစက.က မြန်မာနိုင်ငံရှိ လူဦးရေအများစုအား ထိန်းချုပ် ထားပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံရေးအရ ထွက်ပေါက်မဲ့ ဒုက္ခရောက်ရမှုဖြင့် ချောင်ပိတ်မိနေသည့်  စစ်တပ်အတွက် တစ်ခုတည်းသော ဖြစ်နိုင်စရာ ထွက်လမ်းဗျူဟာဖြစ်သည့် – လာမည့်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲများအတွက် အခြေခံလိုအပ်ချက်များကို ပေးဆောင်နေသည်။

သံတမန်ရေးအရ – ရှင်းလင်းမြင်သာသည့် ပိတ်ပင်ကန့်သတ်မှုများနှင့် ချို့ယွင်းချက်များ ရှိနေသည့်တိုင် အကယ်၍ ရွေးကောက်ပွဲလုပ်ငန်းစဉ် ပုံစံအချို့ကို အကောင်အထည်ဖော် ပြသနိုင်ခဲ့ပါက – စစ်တပ်အတွက် လက်ရှိစစ်မြေပြင်တွင် အရှုံးနှင့်ရင်ဆိုင်ရမည့် အန္တရာယ်ရှိနေမှုမှ၊ နိုင်ငံတကာ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ညှိနှိုင်းရေးစားပွဲဝိုင်းတွင် အနိုင်ရနိုင်ရေးအတွက် လုံလောက်သည့် အချိန်ရလာစေရန် ရွေးကောက်ပွဲမှ ပေါ်ထွက်လာမည့် အတုအယောင်-အရပ်သားအစိုးရက လုပ်ဆောင်ပေးနိုင်လိမ့်မည် ဖြစ်သည်။

သေချာသည်မှာ၊ မြန်မာနိုင်ငံ၏ အဓိက အိမ်နီးချင်းနိုင်ငံများဖြစ်ကြသည့် တရုတ်၊ အိန္ဒိယ၊ ထိုင်းနှင့် အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (အာဆီယံ) တို့က ယေဘုယျအားဖြင့် အဆိုပါရွေးကောက်ပွဲအား အလျင်အမြန် ထောက်ခံမှုပြုကာ၊ စစ်ဝတ်စုံထက် အရပ်ဘက်လုံချည်များကို ဝတ်ဆင်ထားသည့် မည်သည့်အစိုးရကိုမဆို ထိတွေ့ဆက်ဆံမှု ပြုလာကြလိမ့်မည် ဖြစ်သည်။ အဆိုပါ ထိတွေ့ဆက်ဆံမှုက အရှိန်ရလာသည်နှင့်တစ်ပြိုင်နက် နာကျည်းတွန့်ဆုတ်မှုများ ရှိနေသည့်တိုင် အနောက်နိုင်ငံများကလည်း တဖြည်းဖြည်းနှင့် အလားတူ လုပ်ဆောင်လာကြလိမ့်မည် ဖြစ်သည်။

ရှေ့လာမည့်နှစ်အတွက် အဓိကကျသည့်မေးခွန်းမှာ၊ စစ်တပ်က မိမိ၏အထူးအခွင့်အရေးအဖြစ် ရှုမြင်နေသည့် လက်ရှိ မြန်မာနိုင်ငံအုပ်ချုပ်ရေးအတွင်း ဗဟိုကျသည့် အခန်းကဏ္ဍတွင် ဆက်လက်၍ရှိနေရန် သေချာစေသည်အထိ လူဦးရေထူထပ်သည့် မြို့ပြဒေသများအား အခြေပြုထားသည့် နစက၏ ဖြူကောင်ပုံစံ ခံစစ်ဗျူဟာက လိပ်ခဲတည်းလည်း ဖြစ်နေသည့် အခြေအနေကို ကြာရှည်ထိန်းထားနိုင်ပါမည်လား ဆိုသည့်အချက်ဖြစ်သည်။

လက်ရှိ ၂၀၂၄ ခုနှစ်၏ မိုးရာသီအစတွင် ရှင်းရှင်းလင်းလင်းဖြစ်လာမည့် အဖြေတစ်ခုကို ထုတ်ဖော်ပြောဆိုရန်ဆိုသည်က မိုက်မဲရူးသွပ်မှုသာ ဖြစ်ပါလိမ့်မည်။ မရပ်မနား ဆက်လက်၍ ရှိလာနေသည့် မကြုံစဖူး စိန်ခေါ်မှုများဖြင့် အလွန်အမင်း ဖြန့်ကျက်ရင်ဆိုင်နေရပြီး စွမ်းအင်များ ကုန်ခန်းလာကာ အခက်ကြုံနေရသည့် စစ်အာဏာရှင်အုပ်စု၏ ရှင်သန်ရပ်တည်ရေးနှင့် ပတ်သက်၍ မည်သည့်အရာကမျှ ရေရာသေချာမှု မရှိချေ။

၁၉၇၅ ခုနှစ်က ဗီယက်နမ်နှင့် ကမ္ဘောဒီးယား၊ ၁၉၉၂ နှင့် ၂၀၂၁ ခုနှစ်များက အာဖဂန်နစ္စတန် စသည်တို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ၏ အဆုံးသတ်များက ငြင်းဆို၍မရအောင် ညွှန်ပြနေသည့် သင်ခန်းစာတစ်ခုမှာ – နိုင်ငံရပ်ခြား ကျောထောက်နောက်ခံပြုမှုကို ကောင်းစွာရရှိထားပြီး လက်နက်ကောင်းစွာတပ်ဆင်ထားသော်လည်း ကျဥ်းမြောင်းလာနေသည့် မြို့ပြနေရာများအား အခြေပြုကာ အကာအကွယ်ယူထားသည့် စစ်တပ်များအနေဖြင့် အကွဲကွဲအပြားပြား ပြိုလဲကျသည်အထိတိုင် နေရာအနှံ့ရှိနေပြီး မရပ်မနားနှင့် မဆုတ်မနစ်ရှိနေသည့် ခုခံတော်လှန်ရေး အင်အားစုများ၏ ပြတ်ပြတ်သားသား စီးနင်းတိုက်ခိုက်ခံရနိုင်ခြေ ရှိခြင်းဖြစ်သည်။

အလားတူပင်၊ မြန်မာနိုင်ငံ ဖက်ဒရယ်ဒီမိုကရေစီ ခုခံတော်လှန်ရေး၏ အောင်မြင်မှုနှင့် ပတ်သက်၍လည်း မည်သည့် ကြိုတင်ပြဌာန်းသတ်မှတ်ချက်မျိုးမျှ ရှိမနေပေ။ ထို့အပြင်၊ ကျယ်ပြန့်သည့် လူထုထောက်ခံမှုကို ရရှိနေသော်လည်း၊ “နွေဦးတော်လှန်ရေး” တွင် ဆက်လက်၍ ကင်းမဲ့နေသည့် တော်လှန်ရေးအောင်ပွဲခံမှုအတွက် အရေးအကြီးဆုံး ကြိုတင်လိုအပ်ချက်သုံးခုတို့မှာ –  ဗျူဟာမြောက် စုစည်းညီညွတ်မှုနှင့် ဦးတည်ချက်များကို ချမှတ်နိုင်စွမ်းရှိသည့် ဦးဆောင်နိုင်ငံရေးပါတီ၊ လှုံ့ဆော်မှုနှင့် စည်းရုံးနိုင်စွမ်းရှိသော အရည်အချင်းနှင့် စွမ်းဆောင်မှုရှိသည့် ခေါင်းဆောင်မှု၊ ရုပ်ဝတ္တုနှင့် သံတမန်ရေးအရ ပံ့ပိုးကူညီရန် စိတ်ဆန္ဒရှိသည့် ပြည်ပမှကျောထောက်နောက်ခံပေးမည့် အဖွဲ့အစည်းတို့ဖြစ်ကြသည်။

| မဟာဗျူဟာမြောက် ချဉ်းကပ်မှုနှစ်ခု |

ဤသေချာရေရာမှုမရှိသည့် နောက်ခံကားအား ဆန့်ကျင်လျက် လာမည့်နှစ်အတွက် မြန်မာနိုင်ငံ၏ ဖရိုဖရဲဖြစ်နေသည့် စစ်မြေပြင်အနေအထားကို ပုံဖော်ရာတွင် အဓိကကျသည့် အချက်နှစ်ခုက အရေးကြီးပါလာနိုင်သည်။ ယနေ့တိုင် သိရှိထားကြခြင်း မရှိသည့် အဆိုပါအချက်နှစ်ခုစလုံးကို ၂၀၂၅ ခုနှစ်အစပိုင်းခန့်တွင် အပြည့်အဝ တွေ့မြင်လာကြရတော့မည် ဖြစ်သည်။

ပထမ၊ ပို၍အရေးတကြီး ဖြစ်နိုင်သည့်အဓိကအချက်မှာ၊ နစက၏ ဖြူကောင်ပုံစံ ခံစစ်မဟာဗျူဟာအပေါ် ခုခံတော်လှန်ရေး အင်အားစုများက ကျင့်သုံးသည့် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ ချဉ်းကပ်မှု၏ အတိုင်းအတာဖြစ်သည်။

တိုက်ရိုက်ချဉ်းကပ်မှုအတွင်း အမျိုးသားညီညွတ်ရေး အစိုးရ (အန်ယူဂျီ) လက်အောက်ရှိ သို့မဟုတ် သီးခြားဖြစ်နေသည့် ပီဒီအက်ဖ်တပ်ဖွဲ့များ ပါ၀င်လိမ့်မည်ဖြစ်ပြီး ကြီးမားကျယ်ပြန့်သည့် မြို့ပြနေရာများအား တိုက်ခိုက်ရန် ကြိုးပမ်းရာတွင်၊ ၂၀၂၁ ခုနှစ်နောက်ပိုင်း သုံးနှစ်ခွဲကြာ ပဋိပက္ခအတွင်း ထူးခြားသိသာကောင်းမွန်စွာ ထုသားပေသားရထားပြီးဖြစ်နေသော ခုခံတော်လှန်ရေး၏ စိတ်ဓာတ်အပေါ် ဆိုးရွားသည့် သက်ရောက်မှုဖြစ်ရန် အလားအလာရှိနိုင်သော စစ်တပ်၏ လက်နက်ကြီးများရှေ့တွင် သတ်ဖြတ်နှိမ်နင်းခံကြရမည့် အန္တရာယ် ရှိနေသည်။

အန်ယူဂျီ ကာကွယ်ရေးဝန်ကြီးဌာန၏ ယနေ့အထိရှိနေသည့် ယေဘုယျသဘောထားမှာ “တစ်နှစ်အတွင်း အောင်ပွဲရရှိရေး” ဆိုသည့် စိတ်လှုပ်ရှားတက်ကြွစရာ တောင်းဆိုမှုများနှင့်အတူ ရုပ်ပစ္စည်းအရင်းအမြစ်များနှင့် ထိရောက်မှုရှိသည့် အမိန့်ပေးကွပ်ကဲမှုများ ကင်းမဲ့နေခြင်းအတွက် အစားထိုးဖြည့်ဆည်းပေးရန် ဖြစ်သည်။ စစ်မှန်လက်တွေ့ကျသည့် စစ်ရေးအတွေ့အကြုံ နည်းပါးနေသည့် ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် လက်တွေ့မကျသည့် ရည်မှန်းချက်များဖြင့် လှုံ့ဆော်မှုပေးသည့် တောင်းဆိုမှုများဖြင့် ဆက်လက်၍ တွန်းအားပေးသွားလိမ့်မည်မဟုတ်ဟု အာမ.မခံနိုင်ပေ။

တိုက်ရိုက်ချဉ်းကပ်မှုနှင့် ဆန့်ကျင်ခြားနားစွာပင်၊ သွယ်ဝိုက်၍ ချဉ်းကပ်မှုအတွင်း အင်အားလျော့ကျလာနေပြီးဖြစ်သည့် စစ်အုပ်စု၏ တပ်ဖွဲ့များအား အကွဲကွဲအပြားပြား ဖြစ်သွားစေရန်နှင့် အားအင်ကုန်ခမ်း ပင်ပန်းနွမ်းနယ်လာစေရန် ရည်ရွယ်သည့် ဘက်ပေါင်းစုံမှ ကြိုးပမ်းမှု ပါဝင်လိမ့်မည် ဖြစ်သည်။ ထိုကြိုးပမ်းမှုအတွက် ပူးပေါင်းညှိနှိုင်းလုပ်ဆောင်မှု အနည်းငယ်မျှသာ လိုအပ်ပြီး၊ အဓိကကျသည့် စစ်ရေးအရအာရုံစိုက်မှုကို မြို့ပြဒေသများအနီးတွင် ထားရှိရန်မဟုတ်ဘဲ – အထူးသဖြင့် လာမည့်လများအတွင်း – ၎င်းတို့အား ဆက်သွယ်ပေးမည့် မဟာဗျူဟာမြောက် ဆက်သွယ်ရေးလမ်းကြောင်းများ ဖြစ်ကြသည့် လမ်းမကြီးများ၊ ရထားလမ်းများနှင့် မြစ်တွင်းရေလမ်းကြောင်းများ အပေါ်တွင်သာ ထားရှိရန် ဖြစ်သည်။

အတိုချုပ်၍ ဆိုရလျင်၊ မြို့ကြီးများအား တိုက်ခိုက်မည့် မည်သည့်စစ်ပွဲမဆို၏ရှေ့တွင် လမ်းမများအားစိုးမိုးထားနိုင်မည့် စစ်ပွဲများဖြင့် စတင်ရန် လိုအပ်သည်။ ထောက်ပံ့ရေးလမ်းကြောင်းများအား ပိတ်ဆို့ထားလျက် စစ်တပ်အတွင်းပိုင်း ပြိုကျမှုကို ဖြစ်ပေါ်စေခြင်းဖြင့်၊ ခုခံတော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် မြို့များအားတိုက်ခိုက်ရန် လိုအပ်မှုများကို ရှောင်ရှားနိုင်မည် ဖြစ်သည်။ အထက်တွင် ဖော်ပြခဲ့သည့် အင်ဒိုချိုင်းနားနှင့် အာဖဂန်နစ္စတန်နိုင်ငံ စစ်ပွဲများ၏ ဥပမာများက ပြသခဲ့သည့်အတိုင်း၊ တိုက်ပွဲအနည်းငယ်မျှသာ သို့မဟုတ် တိုက်ပွဲလုံးဝမရှိခဲ့ဘဲ အစိုးရဆန့်ကျင်ရေးတပ်ဖွဲ့များထံ ဆိုင်ဂုံ၊ ဖနွမ်းပင်နှင့် ကဘူးလ် မြို့ကြီး သုံးခုစလုံးတို့နှင့် ပြည်နယ်မြို့တော်အများစု ကျရောက်လာခဲ့ခြင်းက မတော်တဆဖြစ်မှုများ မဟုတ်ခဲ့ကြပေ။

ထိုကဲ့သို့သော မဟာဗျူဟာမြောက်ချဉ်းကပ်မှုအတွက် မြန်မာနိုင်ငံအလယ်ပိုင်း၏ မြေမျက်နှာသွင်ပြင်က အံ့သြဖွယ်ကောင်းလောက်အောင်ပင် အခွင့်အရေးအတွက် မျက်နှာသာပေးလျက် ရှိနေသည်။ ဧရာဝတီနှင့် စစ်တောင်း မြစ်ဝှမ်းများတစ်လျှောက် တောင်နှင့်မြောက် ဆက်သွယ်ရေးလမ်းကြောင်းများကို အနောက်ဘက်တွင် ရခိုင်ရိုးမနှင့် ချင်းတောင်တန်းများ၊ အရှေ့ဘက်တွင် ကရင်တောင်တန်းများနှင့် အလယ်ပိုင်းတစ်လျှောက်တွင် ပဲခူးရိုးမတို့ဖြင့် ဝန်းရံထားသည်။

အရေးကြီးသည့် လောင်စာဆီနှင့် ခဲယမ်းမီးကျောက်များ ပေးပို့မှုအတွက် အရေးပါသည့် ဆက်သွယ်ရေးနှင့် ထောက်ပံ့ရေး လမ်းကြောင်းများတစ်လျှောက် အဖွဲ့ငယ်များ၏ ပစ်ခတ်-ဆုတ်ပြေး နည်းလမ်းဖြင့် ခြုံခိုတိုက်ခိုက်မှု များနှင့် အနှောင့်အယှက်ပေးမှုများအား စတင်လုပ်ဆောင်ခြင်းဖြင့် အမှည့်ခြွေစစ်ပွဲကို မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။ အကာအကွယ်ပေးမည့် တပ်ဖွဲ့များမရှိသည့်အတွက် အရေးမကြီးသည့် လမ်းကြောင်းများအား စွန့်လွှတ်လိုက်ရကာ မြို့ငယ်များအား ဆုံးရှုံးရမှုနှင့်အတူ တစ်ချိန်တည်းတွင် စိုးမိုးခံထားရသော အရေးကြီးသည့် ဆက်သွယ်ရေးလမ်းကြောင်းများအား ဖွင့်လှစ်နိုင်ရန်နှင့် နောက် တစ်ကြိမ် ပြန်လည် ဖွင့်လှစ်နိုင်ရန် စစ်ရေးဆောင်ရွက်မှုများအတွက် ကြီးမားသည့် ကုန်ကျရမှုများဖြင့် စစ်အုပ်စုအား ပင်ပန်းနွမ်းနွယ်လာစေမည် ဖြစ်သည်။

အ‌ဆိုပါ ဗျူဟာမြောက်ချဉ်းကပ်မှုကို၊ ရန်ကုန်-မော်လမြိုင်နှင့် ရန်ကုန်-မန္တလေး ရထားလမ်းများအား ဖျက်ဆီးမှုများ တိုးမြင့်လုပ်ဆောင်ခြင်းနှင့်အတူ ဘင်္ဂလားပင်လယ်ဘေးရှိ တနင်္သာရီကမ်းရိုးတန်းတွင် နစက.က ထိန်းချုပ်ထားသည့် တောင်ပိုင်းမြို့များနှင့် ဆက်သွယ်ထားသည့် အဓိက အဝေးပြေးလမ်းမကြီးတစ်လျှောက် ပြီးခဲ့သည့် ခြောက်သွေ့ရာသီအတွင်း အတိုင်းအတာတစ်ခုအထိ အခက်အခဲမရှိဘဲ ဖော်ဆောင်ခဲ့ကြပြီး ဖြစ်သည်။

သို့ရာတွင် လာမည့်လများအတွင်း မဟာဗျူဟာအရ တွန်းအားရရှိနိုင်စေရန်အတွက် လမ်းမကြီးများအား ရက်ပေါင်းများစွာကြာ တစ်ဆက်တည်း ဖြတ်တောက်ထားနိုင်မည့် ပိုမိုကြီးမားသည့် လှုပ်ရှားတပ်ဖွဲ့များ လိုအပ်လာမည်မှာ သေချာသည်။ အဆိုပါအစီအစဥ်အတွင်း စစ်အုပ်စုတပ်ဖွဲ့များကိုယ်တိုင် ရွေးချယ်ထားသည့် နေရာများတွင် အင်အားအလုံးအရင်းဖြင့် ခြုံခိုတိုက်ခိုက်ခြင်း၊ ထို့နောက် အခြားနေရာများတွင် ထိုကဲ့သို့ ထပ်မံမလုပ်ဆောင်မီ အနီးအနားရှိ တောင်ကုန်းများတွင် တပ်ဖျောက်ထားခြင်းတို့ ပါဝင်ကြသည်။

ထိုကဲ့သို့သော နည်းဗျူဟာများက ၁၉၄၄ ခုနှစ်အစောပိုင်းကာလ စစ်ကိုင်းတိုင်းမြောက်ပိုင်း အင်းတော်ဒေသရှိ ဂျပန်ဧကရာဇ်တပ်ဖွဲ့များ၏ နောက်ကွယ်တွင် လည်ပတ်လှုပ်ရှားနေခဲ့ကြသည့် ဗြိတိသျှခြင်္သေ့ (ချင်းဒစ်) စစ်ကြောင်းများက ဂျပန်တို့၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ဖြတ်တောက်ခြင်းဖြင့် ခြေမှုန်းနိုင်ခဲ့သည့် စစ်ဆင်ရေးများကို ပြန်လည်ထင်ဟပ်စေလိမ့်မည် ဖြစ်သည်။

သွယ်ဝိုက်သောချဉ်းကပ်မှုအတွက် အခြားလိုအပ်သည့် အချက်များတွင် တစ်ကြိမ်ဆုံးရှုံးသွားပြီးသည်နှင့် ပြန်လည်ရယူရန် လူအင်အားမရှိတော့သည့် အစွန်အဖျားမြို့နယ်များအပေါ် ဖိအားများ တိုးမြှင့်ပေးသွားရန်နှင့်၊ ဆိုးရွားလှသည့် စီးပွားရေးပြဿနာများနှင့်အတူ မကြာမြင့်မီက မရပ်မနားလှုပ်ရှားနေသော ကြီးမားများပြားလှသည့် လူထု၏ စိန်ခေါ်မှုတို့ကို ရင်ဆိုင်နေရပြီးဖြစ်သည့် နစကရှိရာ အဓိကမြို့ကြီးများအတွင်း ပျောက်ကြား တိုက်ခိုက်မှုများ ဖြစ်လာစေရန်တို့ ပါဝင်သည်။

| လူမျိုးရေးကွဲပြားမှုအပိုင်း |

ဒုတိယ အဓိကကျသည့် အချက်မှာ လူမျိုးရေးအရ၊ အထူးသဖြင့် ကချင်၊ ကရင်၊ တအာင်းနှင့် ရခိုင်တို့က အဓိက တိုင်းရင်းသား ခုခံတော်လှန်ရေး အဖွဲ့အစည်းများ၏ ခေါင်းဆောင်များအနေဖြင့် ဆုံးဖြတ်မှုမပြုရသေးပါက မကြာမီ ဆုံးဖြတ်ချက်ချမှတ်ရန် လိုအပ်သည့်အချက် ဖြစ်သည်။

နောက်ဆက်တွဲအကျိုးဆက် သက်ရောက်မှုများက သမိုင်းဝင်ဖြစ်လာခဲ့သည့် တိုင်းပြည်အတွင်း ဗမာဒေသမှ အာဏာကို ဆုပ်ကိုင်ထားသူ (ဗမာများ) နှင့် ဆက်ဆံမှုပြုရာတွင် မည်ကဲ့သို့သော ချဥ်းကပ်မှုက တိုင်းရင်းသား အသိုက်အဝန်းများ အားလုံး၏ ရေရှည်အကျိုးစီးပွားများကို ပိုမိုကောင်းမွန်လာစေနိုင်မည်နည်း ဆိုသည့်အပေါ် အဆိုပါ ဆုံးဖြတ်ချက်ကို ရိုးရှင်းစွာ အခြေခံထားသည်။

ရွေးချယ်စရာ နည်းလမ်းတစ်ခုမှာ သွယ်ဝိုက်သောချဉ်းကပ်မှုကို အားပေးရန်အတွက် လက်နက်ခဲယမ်းများ၊ အကြံပေးများနှင့် သင်ကြားလေ့ကျင့်ပေးမှုများဖြင့် မဟာမိတ် ပီဒီအက်ဖ်တပ်ဖွဲ့များအား တိုးမြှင့်ပံ့ပိုးပေးမှုများ ပါဝင်ပြီး၊ နစကအား စစ်ရေးအရ ထိန်းညှိရာတွင် အဆုံးအဖြတ်ပေးကာ အန်ယူဂျီကို ဗဟိုပြုသည့် ကြားကာလအုပ်ချုပ်ရေးကို လက်ခံခြင်းမျိုး ဖြစ်သည်။

အဆိုပါ ရွေးချယ်စရာ နည်းလမ်းမှာ စစ်မြေပြင်တွင် အများအပြားအနိုင်ရရှိခဲ့ပြီးနောက်၊ ပြုပြင်ပြောင်းလဲမှုမရှိသော်လည်း အားနည်းနေသည့် စစ်တပ်အား နိုင်ငံကို ဦးဆောင်မောင်းနှင်သည့် နေရာတွင်ဆက်လက်ထားရှိခြင်းဖြင့် ဖြစ်လာနိုင်သည့် အန္တရာယ်ရှိမှုကို လစ်လျူရှုလက်ခံကာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို နစကထံမှ တရားဝင်ရရှိထားခြင်းဖြင့်၊ တိုင်းရင်းသားအကျိုးစီးပွားများကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်မည်ဟူသည့် ဆန်းစစ်အကဲဖြတ်မှုအပေါ်တွင် အခြေခံထားသည်။

၂၀၂၄ ခုနှစ်၏ အလယ်နှောင်းပိုင်းတွင်၊ တိုင်းရင်းသားစစ်တပ်များဘက်က ဆက်လက်စောင့်ကြည့်သည့် ချဥ်းကပ်မှု သို့မဟုတ် အကာအကွယ်ရယူသည့် ချဥ်းကပ်မှုအတွင်း လက်နက်ကောင်းစွာ တပ်ဆင်ထားခြင်းမရှိဘဲ ထိ‌ရောက်မှုကင်းမဲ့စွာ လမ်းညွှန်ခံထားရသည့် ပီဒီအက်ဖ်များ အောင်မြင်မှုရလာသည်ထက် ဖြူကောင်ပုံစံ ခံစစ်ဗျူဟာအတွင်း နစက၏ ရှင်သန်မှုကို ပို၍အလေးထားပြီး အရှိအတိုင်းကြည့်မြင်လာသည်မှာ သေချာသလောက်ဖြစ်နေသည်။

အထက်ပါ အဓိကအချက်နှစ်ခုတို့က စစ်တပ်၏ အားနည်းချက်ဖြစ်သည့် လူအင်အားလျော့နည်းလာမှုအပေါ် မူတည်၍ ဖြစ်ထွန်းလာလိမ့်မည် ဖြစ်သည်။ ပြီးခဲ့သည့် နှစ်နှစ်ဆယ်အတွင်း တပ်ရင်းတပ်ဖွဲ့များတွင် တောက်လျှောက်ရှိလာနေခဲ့သည့် ပြဿနာမှာ ပြဌာန်းသတ်မှတ်ထားသည့် တပ်ရင်းတစ်ရင်းလျင် လူ ၈၂၇ ဦးရှိရမည့်အစား ယေဘုယျအားဖြင့် လူ ၂၀၀ သာ ရှိနေခဲ့ခြင်းဖြစ်ပြီး ထိုအချက်ကြောင့် ယနေ့ကာလတွင် ဆိုးရွားသည့် သက်ရောက်မှုများဖြင့် အကျပ်အတည်း ဖြစ်လာခဲ့ရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းပြီးနောက်ပိုင်း လူသစ်များ အလျင်အမြန်ရရှိရန် ကမန်းကတန်းနှင့် အပြင်းအထန် ခက်ခဲစွာ လုပ်ဆောင်ခဲ့ရခြင်းက ဝီကီပီးဒီးယားတွင် ဖော်ပြထားသည့် ၃၅၀,၀၀၀ မှ ၄၀၀,၀၀၀ ကြားရှိ တပ်မတော်၏ စစ်သည်အင်အားဆိုသည်မှာ မှန်ကန်မှုမရှိကြောင်း သက်သေပြနေသည်။ အဆိုပါ ကိန်းဂဏန်းများ၏ မှန်ကန်သည်ဆိုသည့် အတိုင်းအတာမှာ အင်အားအပြည့်ရှိသည့် တပ်ရင်းတပ်ဖွဲ့များအဖြစ် အခြေခံ၍ တွက်ချက်ထားမှုများမှ ရရှိလာခဲ့ခြင်းဖြစ်ပြီး စစ်တပ်၏ နာမည်ဆိုးရွားစွာ ဖောင်းကားနေသည့် – အုပ်ချုပ်ရေး၊ စီးပွားရေး၊ နည်းပညာနှင့် ဆေးဘက်ဆိုင်ရာ စသည့် တိုက်ခိုက်ရေးမဟုတ်သည့် အပိုင်းများပါ ပါဝင်နေခဲ့သည်။

ယနေ့အချိန်တွင် စစ်တပ်၏ တိုက်ခိုက်ရေး တပ်ဖွဲ့ဝင်အင်အားနှင့် ပတ်သက်၍ မြန်မာနိုင်ငံနှင့် နိုင်ငံရပ်ခြား လေ့လာဆန်းစစ်သူများ၏ ယုံကြည်ရလောက်သော အကဲဖြတ်မှုများ အားလုံးနီးပါးက တပ်ဖွဲ့ဝင်အင်အား ၇၀,၀၀၀ မှ ၉၀,၀၀၀ ကြားတွင်ရှိကြောင်း တညီတညွတ်တည်း ဖော်ပြနေကြသည်။

စစ်သည်အင်အား လျော့နည်းမှုက အချက်နစ်ခုကြောင့် ပို၍ဆိုးရွားလာခဲ့ရသည်။ ပထမတစ်ခုမှာ ဖွဲ့စည်းမှုနှင့် သက်ဆိုင်ပြီး – နိုင်ငံရပ်ခြားမှ ကျူးကျော်ရန်စမှုများအား ခုခံကာကွယ်ရမည့်အစား အဓိကအားဖြင့် တစ်နိုင်ငံလုံးရှိ၊ အထူးသဖြင့် တိုင်းရင်းသားဒေသများရှိ လူဦးရေအားအကျဥ်းချထားရန် နိုင်ငံရေးအရ လိုအပ်ချက်ကြောင့်၊ အရွယ်အစား သေးငယ်သည့် တပ်ရင်းများဖြင့် တိုင်းစစ်ဌာနချုပ်နယ်မြေ ၁၄ ခု အကြား ဖြန့်ကျက်ချထားမှု ဖြစ်သည်။

ဒုတိယအချက်မှာ၊ ရခိုင်နှင့် ကချင်ပြည်နယ်တို့တွင် မကြာမြင့်မီက လုပ်ဆောင်ခဲ့သည့် ခြောက်သွေ့ရာသီ စစ်ဆင်ရေးများက မီးမောင်းထိုးပြသထားသည့်အတိုင်း စစ်ဆင်ရေးအရ ဖြစ်ပြီး – တန်ပြန်ထိုးစစ်အတွက် အင်အားပြန်လည်စုဖွဲ့ရန် လိုအပ်မှုအတွင်း နယ်မြေကို ယာယီအဆုံးရှုံးမခံလိုသည့် ခေါင်းမာမှုမျိုးကြောင့် ဖြစ်လာခဲ့ရသည်။

ရလဒ်အနေဖြင့် လူအင်အား အလျင်အမြန်လျော့နည်းနေသည့်အကြား တိုက်ခိုက်မှုများအတွင်း ဝင်ရောက်စီးနင်းခံရသည့် သို့မဟုတ် လက်နက်ချလိုက်ရသည့် သီးခြားအထီးကျန်နေသော တပ်ရင်းများ သို့မဟုတ် ပိုမိုကြီးမားသည့် အခြေချစစ်ဗျူဟာများကို ထပ်ခါတလဲလဲ မြင်တွေ့လာကြရသည်။

အမှန်တကယ်တွင်၊ တိုက်ခိုက်ရေး အတွေ့အကြုံမရှိသည့် စစ်သားစုဆောင်းခံရသူများအကြား တိုက်ခိုက်မှုပြုရန် စိတ်ပါဝင်စားမှုအချို့ ရှိနေသည်ဟု ယူဆသည့်တိုင် – စစ်တပ်အတွက် လက်ရှိစစ်မြေပြင်တွင် ဆုံးရှုံးရမှုများက မကြာမီက စုဆောင်းရန် ကြော်ငြာထားသည့် တစ်လလျှင် စစ်သားသစ် ၅,၀၀၀ နှုန်းထက် များနေသည့် အန္တရာယ်ရှိမှုနှင့် ရင်ဆိုင်နေရဦးမည် ဖြစ်သည်။

ယခုနှစ်၏ လက်ကျန်ကာလများအတွင်း နစကထိန်းချုပ်ထားသည့် ဖြူကောင်ခံစစ်ဗျူဟာအောက်မှ မြို့ပြများထက် ဆက်သွယ်ရေးနှင့် ထောက်ပံ့ရေးစင်္ကြံများအား အတိအကျပစ်မှတ်ထားသည့် ခုခံတော်လှန်ရေးဗျူဟာက စစ်တပ်၏ တိုးလာနေသည့် လူအင်အားအကျပ်အတည်းကို ပိုမိုအရှိန်မြှင့်တင်ပေးရန်အတွက် ကောင်းမွန်သည့် တွက်ချက်မှု ဖြစ်လိမ့်မည် ဖြစ်သည်။

သို့ရာတွင် ဤကဲ့သို့သော မဟာဗျူဟာကို ကျင့်သုံးမည်လား သို့မဟုတ် ထိုသို့ကျင့်သုံးသည့်တိုင် ယခုအခါ အမျိုးသားနိုင်ငံရေးဇာတ်ခုံပေါ်တွင် အဆုံးအဖြတ်ပေးနိုင်သည့် အခန်းသို့ ရောက်ရှိလာနေသည့် မြန်မာနိုင်ငံမှ အဓိကကျသည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအနေဖြင့် အဆိုပါမဟာဗျူဟာအား ထောက်ခံပံ့ပိုးမှုပေးရန် ဆန္ဒရှိပါမည်လားဆိုသည်က သေချာ‌ရေရာမှု မရှိသေးပေ။

————————-.

Translated from Asia Times:

The road to a resistance victory in Myanmar

By Anthony Davis

Igor Blazevic ဖေ့စ်ဘုတ်စာမျက်နှာမှ သဘောတူညီချက်ဖြင့် ပြန်လည် ဖော်ပြပေးသည်။

မူရင်းတင်ဆက်ထားတဲ့ လင့်ခ်မှာ ဖတ်ရှုလိုပါက –

The road to a resistance victory in Myanmar

 Read in full

Related Articles

Back to top button