စကားဝိုင်း

ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ခြေလှမ်းသစ်တွေကို ဘယ်လို လှမ်းကြမလဲ(စကားဝိုင်းအနှစ်ချုပ်)

ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ခြေလှမ်းသစ်တွေကို ဘယ်လို လှမ်းကြမလဲ(စကားဝိုင်းအနှစ်ချုပ်)

Naw Zember Paw (Founder / Food Not Bombs Kawthoolei)

၁။ ပထမဆုံးအနေနဲ့ မြန်မာပြည်အတွက် ဖက်ဒရယ်ပြည်ထောင်စုသစ် တည်ဆောက်ရေးက ဘယ်လောက် ထိ အရေးကြီးသလဲ။

မြန်မာနိုင်ငံအတွက် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဟာ အခြေခံနိုင်ငံရေးအပြောင်းလဲမှုအတွက် အလွန် အရေးကြီးပါတယ်။ ဌာနေလူမျိုးစုတိုင်းရင်းသားတွေအတွက်လည်း အရေးကြီးတယ်၊ တန်းတူညီမျှပြီး ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရတဲ့ တရားမျှတတဲ့ ဖက်ဒရယ်နိုင်ငံတော်သစ်တည်ဆောက်ဖို့က ကျမတို့နိုင်ငံမှာ တကယ်ပဲပေါ် ပေါက်ဖို့လိုအပ်ပါတယ်။

စစ်အာဏာရှင်ကြောင့် နိုင်ငံကြီးတဆစီပြိုကျပြီးဖြစ်တာကြောင့် လူကိုလူလိုတန်ဖိုးထားဖို့ ပျောက်ဆုံးနေတဲ့ နိုင်ငံကြီးမှာ ကျမတို့ပြန်ပြီးတည်ဆောက်ရမှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးကို အခြေခံ တဲ့ ဖက်ဒရယ်နိုင်ငံကြီးပေါ်ပေါက်ဖို့လိုအပ်တယ်လို့မြင်တယ်။ ဒါကလည်း လူကိုလူလိုတန်းဖိုးထားခြင်းဆိုတဲ့အရာ ပြန်လည်ထွန်းကားလာဖို့လည်းလိုပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီရဲ့ကျင့်စဉ်တွေနဲ့အတူ တိုင်းပြည်ကြီးကို ပြန်ပြီး တော့ ပြာမှုန့်ထဲကနေ ဖက်ဒရယ်ပြည်ထောင်စုကြီးကို ပြန်ပြီးတည်ဆောက်ဖို့လိုအပ်ပါတယ်။

၂။ မြန်မာပြည်အတွက် ဖက်ဒရယ် ပြည်ထောင်စုသစ် တည်ဆောက်ရေးခရီး ဘယ်အဆင့်ရောက် နေပြီလဲ

လက်ရှိအချိန်မှာ ဖက်ဒရယ်တည်ဆောက်မှု ဘယ်အတိုင်းအတာထိရှိနေပြီလဲလို့ ကြည့်လိုက်လို့ရှိရင် ကျမတို့ ဌာနေ တိုင်းရင်းသား လူမျိုးစုတစ်စုချင်းဆီရဲ့ အခြေခံကျကျတည်ဆောက်နေမှုအပေါ်မှာ ပြန်ပြီးတော့ မီးမှောင်းထိုးကြည့် ဖို့လိုပါမယ်။ Bottom-Up Federalism လို့ခေါ်တဲ့ ဖက်ဒရယ်အခြေခံနဲ့ လက်ရှိ အချိန် သွားနေတာဖြစ်တယ်။

ဒါကြောင့် တိုင်းရင်းသားတွေရဲ့ တည်ဆောင်နေမှု ခိုင်မာမှု နိုင်ငံရေးပေါ်မှာ နိုးကြားမှု တက်ကြွမှု နားလည်သဘော ပေါက်မှုနဲ့ သူတို့ဒေသတွေကို ဘယ်လောက်ထိ ခိုင်မာအောင်အုပ်ချုပ်နိုင်ပြီလဲ၊ စီမံခန့်ခွဲနိုင်ပြီလဲ၊ လူ့အခွင့်အရေး တွေဘယ်လောက်ထိရနေပြီလဲ လူကိုလူလိုတန်ဖိုးထားချင်းတွေ လူ့ဂုဏ်သိက္ခာ လူ့စံတန်ဖိုးတွေ ဘယ်လောက် အတိုင်းအတာထိရှိနေပြီလဲဆိုတဲ့အပေါ်မှာ မူတည်ပြီးတော့မှာ တိုင်းတာနိုင်မှာဖြစ်တယ်။ အဲ့ဒီအရာတွေကိုကြည့် ချင်းအားဖြင့် ဘယ်လူစုတွေရဲ့ဒေသမှာ ဖက်ဒရယ်ရဲ့အခြေခံတွေကို တည်ဆောက်ပြီးနေပြီလဲ အခြေခံကျကျလုပ် ဆောင်နေပြီလဲပေါ့။

ဒေသန္တရအစိုးရ၊ ဒေသန္တရအုပ်ချုပ်မှု စနစ်တွေကို ဘယ်လောက်ထိ အခိုင်မာတည်ဆောက် နေပြီလဲဆိုတဲ့အပေါ်မှာ မူတည်ပြီးတော့မှကြည့်ရပါ မယ်။ ဒီကနေ့ ကျမတို့ မြန်မာပြည်ကို ပြန်ပြီးတော့မှ တည်ဆောက်ဖို့ရန်အတွက် ပြင်ဆင်နေတဲ့ အခြေခံကျတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံရဲ့ အနေအထားအတိုင်း အတာက ဘယ်ထိရှိနေပြီးလဲဆိုတာကို ကျမတို့ ပြန်ပြီးတော့မှ တိုင်းတာ တွေ့မြင်နိုင်မှာဖြစ်ပါတယ်။

လက်ရှိကာလအထိ ဖက်ဒရယ်ပြည်ထောင်စုအိမ်မက်ကို အကောင်အထည်မဖော်နိုင်သေးသည့် အဓိက အကြောင်း ရင်းတွေက ဘာလဲ။

လက်ရှိကာလအထိ ဖက်ဒရယ်ပြည်ထောင်စုအိမ်မက်ကို အကောင်အထည်မဖော်နိုင်သေးတဲ့အဓိက အကြောင်း အရင်းက နိုင်ငံရေးအယူဝါဒဆွဲဖြစ်တဲ့ လူမျိုးကြီးဝါဒနဲ့ လူမျိုးသုဉ်းသတ်ဖြတ်လိုတဲ့ လူကိုလူလိုတန်ဖိုးမထား မလေးစားခြင်းတွေကြောင့်ဖြစ်တယ်။ နိုင်ငံရေးအရ တန်းတူအခွင့်အရေးမပေးချင်ဘူး။

နိုင်လိုမြင်ထက်ပြုမှုတွေ ကြီးမားနေတယ်။ သူတစ်ပါးနယ်ကို ကျူးကျော်အုပ်ချုပ်လိုတဲ့ ဝါဒဆိုးတွေ  ရှိနေသေးတယ်။ လက်ဝါးကြီးအုပ်ပြီး အုပ်စိုးလိုတဲ့ အတ္တစိတ်တွေ၊ ပြည်သူ့ကောင်းကျိုးမကြည့်ရှုဘဲနဲ့ နိုင်ငံရေး တစ်ယူတန် အတ္တတွေကြောင့် ပြည်သူ လူထုကို အကျိုးပြုမဲ့ နိုင်ငံရေးစနစ် တခုတည်ဆောက်ဖို့ နှောင့်နှေးနေတာဖြစ်တယ်။

တကယ်ပဲ ဖက်ဒရယ်စနစ်ရဲ့ ကောင်းမွန်တဲ့အရာတွေ ပြည်သူထဲမှာတည်ဆောက်နိုင်ဖို့ရန်အတွက်က ပြည်သူကို အကျိုးပြုနိုင် ခြင်းဆိုတဲ့အရာ တွေကို ထည့်ပြီး စဉ်းစားမှုတွေ အားနည်းနေသေးတဲ့ အတ္တတွေကြောင့်လို့ သုံးသပ်မိပါတယ်။

၄။ တဘက်က ဖက်ဒရယ်တည်ဆောက်ရေးပြောနေကြပေမယ့် တချို့သောတိုင်းရင်းသား လက်နက် ကိုင် အင်အားစုတွေက ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ရသလောက်တိုက်ယူပြီး အုပ်ချုပ်ရေးနယ် မြေတိုးချဲ့မယ် ကိုယ့်ခြံ စည်းရိုးကို လုံအောင်ကာဖို့ ကြိုးစားနေကြတယ်။ ဒီတော့ လူထုအများစု မျှော်မှန်းနေကြတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို အမှန် တကယ် ဦးတည်နိုင်ပါ့မလား။

ကျမတို့နိုင်ငံကို အခြေခံကျသော ဖက်ဒရယ်စနစ်နဲ့တည်ဆောက်မှာသာ ကိုယ့်စည်းကိုယ့်ဝန်းလည်း လုံလုံခြုံခြုံ အုပ်ချုပ်နိုင်မှာဖြစ်ပါတယ်။ အခြခံကျသော Federalism မှာလည်း ဒီမိုကရေစီရဲ့ သဘောတရားတွေ နည်းနာ တွေကို တည်ဆောက်ထားဖို့လည်း လိုအပ်မှာဖြစ်ပါတယ်။

ဒီအရာတွေမရှိဘဲနဲ့ ကိုယ့်ရဲ့မြေနေရာအတိုင်း တွေကို ရေရှည်တည်တံ့အောင် အုပ်ချုပ်နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ကျမတို့လိုနေတာက အမှန်တကယ် အခြေခံကျ သော Bottom-Up Federalism ကို လက်တွေ့ကျကျ တည်ဆောက်နိုင်မှသာလျှင် ကိုယ့်ရဲ့ဒေသ ကိုယ့်ရဲ့နယ်မြေ တွေကို ကိုယ်ကိုယ်တိုင်ကနေ လွှမ်းမိုးအုပ်ချုပ်မှုကို အပြည့်အဝရနိုင်မှာဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ ကျမတို့ တည်ဆောက်နေတဲ့ Federalism က အခြေခံကျသော ဖက်ဒရယ်ရဲ့ နည်းနာတွေဟုတ်သလား၊ အခြေခံကျသော Federalism ရဲ့ စနစ်ရော သေသေခြာခြာတည်ဆောက်နိုင်ပြီလားပေါ့ ဒီအရာတွေကို တည်ဆောက်ဖို့ နေရာဒေသ မှာရှိနေတဲ့ ပြည်သူတွေ၊ အုပ်ချုပ်သူတွေ နောက်ပြီး ဒီနေရာမှာရှိနေတဲ့ နိုင်ငံရေးပိုင်း ဆိုင်ရာ၊ စစ်ဖက်ပိုင်းဆိုင်ရာ တွေမှာရှိနေတဲ့ လူတွေရဲ့ နိုင်ငံရေးအသိပညာကြွယ်ဝမှုနဲ့ သူတို့ရဲ့ တကယ့်လက်တွေ့ ကျကျလုပ်ဆောင်နိုင်မှု အနေအထားက ဘယ်အတိုင်းအတာထိရှိနေပြီးလဲဆိုတာတွေက အဓိက မူတည်တယ်။ သူတို့ရဲ့ အတွေးအခေါ် ပိုင်းဆိုင်ရာ အမှန်တကယ်ပဲ တိုးတက်ပြောင်းလဲလာပြီလား။

တကယ်ပဲ ဒီမိုကရေစီ စနစ်ထဲ ကိုသွားနိုင်ဖို့ အတွေးအခေါ်တွေရော ပြည်သူတွေနဲ့ အုပ်ချုပ်သူတွေထဲမှာ တကယ်တည်ဆောက်နိုင်ပြီလားပေါ့။ ဒီအရာတွေပေါ် မှာမူတည်ပြီးတော့ပဲ ကိုယ့်ရဲ့ဘောင်တွေကို ဘယ်အတိုင်းအတာထိ လုံလုံခြုံခြုံနဲ့ အုပ်ချုပ်နိုင်မလဲ၊ စီမံခန့်ခွဲနိုင်မလဲ၊ အာဏာလွှမ်းမိုးမှုရှိနိုင်မလဲဆိုတာကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

၅။ ဒီနေရာမှာ အုပ်ချုပ်ရေးနယ်မြေတိုးချဲ့မှုကြောင့် နောက်ဆက်တွဲ လက်ရှိ စစ်ကောင်စီကို တော်လှန်နေကြတဲ့ EROs/ EAOs တို့အချင်းချင်း နယ်မြေအရ ထိစပ်နေတဲ့ အင်အားစုတွေ ကြား မှာ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ပတ်သက်ပြီး အချင်းချင်း ပွတ်တိုက်မှုဖြစ်လာရင် ဖက်ဒရယ်တည် ဆောက်ရေးကို ဘယ်လိုထိခိုက်နိုင်မလဲ။ ကြားကာလ (ဖက်ဒရယ် ကိုသွားနေတဲ့ကာလ)မှာ ပွတ်တိုက်မှု မဖြစ်လာအောင် ဖြစ်နေတဲ့ ပွတ်တိုက်မှုတွေကို လျော့နည်းလာအောင် ဘယ်လို ရှောင် ရှားသင့်သလဲ။ ဘယ်လို ယန္တရားတွေကို ခိုင်မာအောင်တည်ဆောက် သင့်သလဲ။ 

အချင်းချင်းကြားမှာ ပွတ်တိုက်မှုတွေဖြစ်ပွားနိုင်လားဆိုတော့ တစ်ယောက်နဲ့တစ်ယောက်၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့၊ တစ်စုနဲ့ တစ်စုကြားမှာ ဘယ်လောက်အတိုင်းအတာထိ လေးစားအသိအမှတ်ပြုမှု ရှိတယ်ဆိုတဲ့အပေါ်မှာ မူတည် မှာဖြစ်တယ်။ ကျမတို့လူသားအချင်းချင်း ဘယ်လောက်ထိ လေးစားယုံကြည်မှုရှိသလဲ ဘယ်အတိုင်းအတာထိ တရားမျှတမှုကို ဖော်ဆောင်နိုင်ကြသလဲဆိုတဲ့ အပေါ်မှာမူတည်ပြီးတော့မှာပဲ ပွတ်တိုက်မှုတွေကို ဖြေရှင်းသွားလို့ ရမှာဖြစ်ပါတယ်။

နောက်တခုက ဖက်ဒရယ်ဒီမိုကရေစီလို့ ပြောလို့ရှိရင် ကျမတို့ တစ်ဦးတစ်ယောက်ချင်းဆီကရော ကိုယ်ကိုယ်တိုင်က ကိုယ့်နိုင်ငံရဲ့ ဖက်ဒရယ်စနစ်တခုဖြစ်လာအောင် လူသားဆန်တဲ့ လူသားတစ်ယောက် ဖြစ်လာ အောင် ဘယ်အတိုင်းအတာထိ အသက်ရှင်နေပြီလဲပေါ့။ ဘယ်အတိုင်းအတာထိ လူ့စံတန်ဖိုးလူ့ဂုဏ်သိက္ခာနဲ့ အသက်ရှင်တဲ့ လူတစ်ယောက်ဖြစ်သလဲဆိုတဲ့အပေါ်မှာပဲ ဖက်ဒရယ်ရဲ့ အခြေခံနဲ့သွားမှာဖြစ်တဲ့အတွက်ကြောင့် တစ်ယောက်ချင်းဆီက အခိုင်အမာတည်ဆောက်သွားမယ် ဆိုလို့ရှိရင် ဒီပွတ်တိုက်မှုတွေကို ဖြေရှင်းနိုင်မှာဖြစ်တယ် လို့ ယူဆပါတယ်။ 

နိုင်ဗညားမွန် (ဒါရိုက်တာ – မွန်ပြည်ဖွံ့ဖြိုးရေးစင်တာ)

၁။ ပထမဆုံးအနေနဲ့ မြန်မာပြည်အတွက် ဖက်ဒရယ်ပြည်ထောင်စုသစ် တည်ဆောက်ရေးက ဘယ်လောက် ထိ အရေးကြီးသလဲ။

ကျနော်တို့ မြန်မာနိုင်ငံအတွက် ဖက်ဒရယ်တည်ဆောက်ရေးက တကယ်ကိုအရေးကြီးပါတယ်။ လွတ်လပ်ရေး မတိတုင်ခင်ကတည်းက မြန်မာနိုင်ငံကို ဖက်ဒရယ်တည်ဆောက်ဖို့ ၁၉၄၇ ခုနှစ်မှာ ဗိုလ်ချုပ်အေင်ဆန်း နဲ့ တိုင်းရင်းသားခေါင်းဆောင်များက သဘောတူလက်မှတ်ရေးထိုးခဲ့ကြတယ်။

သို့ပေမဲ့ အားလုံးမျှော်မှန်းတဲ့ ဖက်ဒရယ်အိပ်မက်ကတော့ အခုချိန်အကောင်အထည်မဖော်နိုင်သေးဘူးပေါ့။ အဲ့ဒီရဲ့ အကျိုးဆက် ကျနော်တို့နိုင်ငံ မှာ တန်းတူရေးပြဿနာတွေအစပြုလာတယ်၊ ပြည်တွင်းစစ်မီး၊ ခွဲခြားဆက်ဆံမှု တွေက ဆက်တိုက်ဖြစ်ပေါ်လာ တယ်။ စစ်အာဏာရှင်စနစ်အောက်မှာလည်း နှစ်ပေါင်း ၇၀ ကျော် နေလာခဲ့ရတယ်။

အဓိကအဖြေက ကျနော်တို့ နိုင်ငံအတွက် လူမျိုးစုအားလုံးအတူယှဉ်တွဲနေထိုင်နိုင်တဲ့ ဖက်ဒရယ်စနစ်ကို မတည်ဆောက်တဲ့ အတွက် အခုလို အနေအထားမျိုးဖြစ်ခဲ့ရတာပေါ့။ ဒါကြောင့် ဖက်ဒရယ်တည်ဆောက်ရေးသည် ကျနော်တို့ တိုင်းပြည်အတွက် မနေကအရေးကြီးသလို ဒီနေ့လည်းအရေးကြီးတဲ့ အချက်ဖြစ်တယ်ဆိုတာကို ကျနော်ပြောလိုပါတယ်။

၂။ လက်ရှိကာလအထိ ဖက်ဒရယ်ပြည်ထောင်စုအိမ်မက်ကို အကောင်အထည်မဖော်နိုင်သေးသည့် အဓိက အကြောင်း ရင်းတွေက ဘာလဲ။

တခုနဲ့တခုကတော့ ဆက်စပ်နေတာပါပဲ၊ ဒါပေမဲ့ အဓိကပြောလိုတာက အတွေးအခေါ်ဆိုင်ရာ ပြဿနာက စတယ်လို့မြင်တယ်၊ အဲ့ဒီအတွေးအခေါ်ဆိုင်ရာပြဿနာကနေ နိုင်ငံရေးစနစ်ဆိုင်ရာပြဿနာပေါ်ပေါက်လာတယ်။ အဲ့ဒီနိုင်ငံရေးပြဿနာကနေ ဖွဲ့စည်းပုံဆိုင်ရာပြဿနာဖြစ်ပေါ်လာတယ်လို့ နားလည်လို့ရတယ်။

ကျနော်တို့ လွတ်လပ်ရေးမတိုင်ခင်တော့ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို တည်ဆောက်မယ်လို့ ပြောကြတယ် ပေါ့လေ။ ဒါပေမဲ့ ဦးနေဝင်း လက်ထက်မှာတော့ ဖက်ဒရယ်ဆိုတဲ့စရားတောင်ပြောလို့မရဘူးပေါ့လေ ဖက်ဒရယ်က တိုင်းပြည်ပြိုကွဲ စေတယ်၊ အထူးသဖြင့် မဟာဗမာအယူဝါဒလွှမ်းမိုးတဲ့ စစ်တပ်က အဲ့သလိုအမြင်ရှိတဲ့အခါကြတော့ ဖက်ဒရယ်တည် ဆောက်ရေးကိုလှုပ်ရှားတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကို ဖက်ဒရယ်စကားတစ်ခွန်း ထောင် ၈ နှစ် အဲ့သလို ပုံစံမျိုုးပေါ့လေ၊ အတွေးအခေါ်ဆိုင်ရာအလွှဲအမှားတွေဖြစ်နေကြတာပေါ့။

ဗိုလ်ချုပ်အောင်ဆန်း နဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေချခဲ့တဲ့ ဖက်ဒရယ်မျိုးစေ့ကို နောက်ပိုင်း တိုင်းပြည်ကို အစဉ်အဆက်အုပ်ချုပ်နေတဲ့ ဗမာလူမျိုးစု တွေထဲမှာ ဖက်ဒရယ်ဆိုင်ရာအယူအဆအလွှဲတွေပြောဆိုကြတယ်။ ကျနော်တို့တိုင်းရင်းသားတွေ ပြောတဲ့ ဖက်ဒရယ်စနစ်ဆိုတာကို အလွှဲအမှားသတ်မှတ်ကြတယ်။ အဲ့အပေါ်မှာနိုင်ငံရေးစနစ်ကို တည်ဆောက်ကြတယ်။ ဖက်ဒရယ်ဆိုတာ မတူကွဲပြားမှုတွေကြားမှာ အတူယှဉ်တွဲနေထိုင်နိုင်ရေးဆိုတာကို လက်မခံတာပေါ့လေ။ အဲ့ဒီတော့ နိုင်ငံရေးစနစ်ကို ဖက်ဒရယ်စနစ်မဟုတ်ဘဲ တစ်ပြည်ထောင်စနစ်နဲ့အောက်ကို ရောက်သွားတယ်။

အဲ့ဒီအယူအဆက ဦးနေဝင်း လက်ထက်ကနေအခုချိန်ထိလည်း အချို့ပြည်မနိုင်ငံရေးခေါင်းဆောင်တွေမှာ ဒီအယူ အဆ ရှိနေတုန်းပဲလို့ ကျနော်နားလည်တယ်။ စစ်တပ်အပြင် အခြားအင်အားစုတွေမှာလည်း ဒီအတွေးအခေါ် ရှိနေတုန်းပါပဲ။ ဒါကို ကျနော် ဘာလို့ပြောလဲဆိုတော့ သူတို့ပြောတဲ့ အထဲမှာ တိုင်းရင်းသားတွေရဲ့ တန်းတူအခွင့် အရေးကို အပေါ်ကနေချလိုက်တဲ့ ဗဟိုချုပ်ကိုင်မှု Centralization ပုံစံနဲ့သွားတဲ့ ပုံစံနဲ့ပြောနေတာက အယူအဆ အတွေးအခေါ်ပြဿနာမှာ အဟန့်အတားဖြစ်စေတယ်လို့ မြင်တယ်။

အတွေးအခေါ်အယူအဆကနေ နိုင်ငံရေး ပြဿနာကို ရောက်သွားတဲ့အခါမှာကတော့ အတွေးအခေါ်ဆိုင်ရာက Unitary system ကိုရောက်သွားတဲ့အခါမှာ အာဏာက ဗဟိုမှာချုပ်ကိုင်ထားတဲ့သူတွေထဲ ရောက်သွားတဲ့ အနေအထားဖြစ်သွားတယ်။ အဲ့ဒီ Unitary system အောက်မှာမှ ဖွဲ့စည်းပုံဥပဒေ Constitution ပြဿနာကို ဦးတည်စေတဲ့ အနေအထားမျိုးဖြစ်သွားတယ်။

ဒါကြောင့် ကျနော့်ရဲ့ နားလည်မှုသည် အတွေးအခေါ်ဆိုင်ရာ ပြဿနာဖြစ်တယ် ဒီအတွေးအခေါ်ဆိုင်ရာ ပြဿနာကနေ System ဆိုင်ရာပြဿနာကိုရောက်သွားတယ် အဲ့ကနေမှ system ဆိုင်ရာကို အကောင်အထည် ဖော်တဲ့ ဖွဲ့စည်းပုံဆိုင်ရာပြဿနာကို ဖြစ်ပေါ်စေတယ်လို့ပဲ နားလည်းပါတယ်။

၃။ လက်ရှိ မြန်မာ့ဖက်ဒရယ် တည်ဆောက်ရေးချဉ်းကပ်မှုမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်း (EROs) အင်အားစုတွေကတော့ တော်လှန်ရေးသမိုင်းကြောင်းနောက်ခံတွေကနေ Bottom-Up Federalism လို့ခေါ်တဲ့ ပြည်နယ်အခြေခံကနေ စဉ်းစားချက်ကို ဦးတည်ပြီး Coming Together federalism ကို တွန်းကြတယ်။ ဒါပေမယ့် ဒီမိုကရေစီအင်အားစုတွေနဲ့ လေ့လာသူ တချို့ ဘက်ကတော့ Bottom-Up Federalism ဟာ ဖက်ဒရယ် ပြည်ထောင်စု ကို ဦးတည်ရာ ကနေ ဘော်လကန် နှိုက်ဇေးရှင်း (တိုင်းပြည်အစိတ်စိတ် အမွှာမွှာ ) ဖြစ်စေမယ့် အလားအလာကို ကူးပြောင်းသွားမလားဆိုတဲ့ စိုးရိမ်မှုကို ပြောလာကြပါတယ်။ holding together federalism ကို စဉ်းစားဖို့ ပြောလာကြ ပါတယ်။

Bottom-Up Federalism ကိုချဉ်းကပ်တဲ့အခါမှာ သတိပြုစရာတွေနဲ့ လူထုပါဝင်မှုတွေကို ပိုမိုအားကောင်း စေဖို့ ဘယ်လိုခြေလှမ်းမျိုးကို ပြင်ဆင် ဆောင်ရွက်သင့်သလဲ။

ဖက်ဒရယ်လို့ပြောတဲ့အခါမှာ သူ့ရဲ့ဖြစ်ပေါ်လာတဲ့ ပုံစံက နှစ်မျိုးရှိတယ်လို့ မြင်ရတယ်ပေါလေ၊ တစ်ချို့ကတော့ သုံးမျိုးပေါ့လေ။ ကျနော်တို့ အလွယ်တန်းပြောရလို့ရှိရင် Coming together နဲ့ Holding together model မျိုးပေါ့နော။ ဒါကိုပြန်ကြည့်လို့ရှိရင် Coming together ရဲ့ ဖြစ်ပေါ်လာတဲ့ ဖြစ်စဉ်က နဂိုရှိနေပြီးသား နိုင်ငံဒေသ တွေကို အခြေနေတခုအောက်မှာ (ဥပမာ ပြည်ပရန်ကိုကာကွယ်ရန်) နိုင်ငံတခုအနေနဲ့ လာရောက်ပူးပေါင်းပြီးတော့ အတူတကွတည်ဆောက်တာကို Coming together လို့ ပြောကြတယ်။ Holding together ပြောတဲ့အခါကြတော့ နိုင်ငံကအရင်ဖြစ်တည်လာတယ်။

နိုင်ငံဖြစ်တည်လာတဲ့ပေါ်မှာ အုပ်ချုပ်ရေးယန္တရားကို ပိုမိုတက်ရောက်စေတာပဲ ဖြစ်ဖြစ်၊ ရှိနေတဲ့ ပဋိပက္ခကို ဖြေရှင်းတာပဲဖြစ်ဖြစ်ပေါ့ ပြည်နယ်ယူနစ်တွေကို ပြန်ခွဲပေးတဲ့သဘောပေါ့လေ။ နဂိုချုပ်ကိုင်ထားပြီးသားကို ပြန်ချပေးလိုက်တဲ့ ပုံစံမျိုး ဒါကကျနော်နားလည်းတဲ့ ပုံစံမျိုးပေါ့လေ။ တချို့နိုင်ငံတွေ ကြတော့ Coming together နဲ့ Holding together နှစ်ခုကို ရောစပ်တဲ့ ပုံစံမျိုးလည်း ရှိကောင်းရှိနိုင်ပါတယ်။ ဥပမာ ကနေဒါနိုင်ငံလိုမျိုးပေါ့နော။ ဒါပေမဲ့ Holding together ပဲပြောပြော Coming together ပဲဆိုဆို အဓိက ကျနော်နားလည်းတဲ့ ဖက်ဒရယ်ရဲ့ အနှစ်သာရက ပြည်ထောင်စုနဲ့ ယူနစ်ကြားထဲမှာ အာဏာကိုခွဲဝေပြီးတော့ အုပ်ချုပ်တဲ့စနစ်ဖြစ်တယ်။

အဲ့သလို အာဏာခွဲဝေတဲ့ဖွဲ့စည်းပုံအခြေခံဥဒေပုံစံက Holding together မှာလည်း ရှိတယ်။ Coming together မှာလည်းရှိတယ်။ ဒါပေမဲ့ တူတော့မတူဘူးပေါ့လေ။ အချို့နိုင်ငံတွေမှာကြ တော့ Coming together မှာက ပြည်နယ် Constitution ရှိတဲ့အခါ ပြည်နယ်တွေရဲ့ အခြေခံတာဖြစ်တယ်။

ကျနော်တို့ နိုင်ငံအနေနဲ့ ပြန်ကြည့်တဲ့အခါမှာ အဲ့ဒီနှစ်ခုက ဘယ်ဟာမှမဖြစ်လာသေးဘူး။ ကျနော်တို့နိုင်ငံမှာ ကတော့ ဗဟိုချုပ်ကိုင်မှုစနစ်ကို နည်းနည်းသာသာလျော့ချတဲ့ အခြေအနေမှာပဲရှိတယ်။ ဘယ်ဖက်ဒရယ်ပုံစံနဲ့မှ မညီတဲ့ အနေအထားဖြစ်နေတယ်။ နှောင်အကောင်အထည်ဖော်မဲ့ ပုံစံမျိုးမှာက ဘယ်လိုသွားကြမလဲဆိုတာက သက်ဆိုင် တဲ့အင်အားစုတွေက သေခြာဆွေးနွေးရမယ်လို့ထင်တယ်။ Coming together ဆိုဆို Holding together ပဲ ပြောပြော အဓိကက Power sharing ကို Constitution အရ ဘယ်လို အာဏာခွဲဝေမလဲဆိုတာက က္ခရာကျတယ် လို့မြင်ပါတယ်။

နောက်တခုက Bottom-Up Federalism လို့ ပြောတဲ့ အခါတော့ Coming together ပုံစံနဲ့ နှီးနွယ် နေတယ်လို့ နားလည်လို့ရတယ်ပေါ့လေ။ ဒါပေမဲ့ တစ်ချို့တိုင်းရင်းသား ခေါင်းဆောင်တွေပြောတာက ပြည်နယ် အားကောင်းတဲ့ ပြည်ထောင်စုပုံစံမျိုးနဲ့သွားမယ်ဆိုတာပေါ့လေ။

ဒီမှာ ကျနော်နားလည်တာက ဖက်ဒရယ်ပြည် ထောင်စု ကိုသွားမယ်ဆိုလို့ရှိရင် ဖက်ဒရယ်သက်သက်နဲ့တော့ သွားလို့မရဘူးလို့ ကျနော်ထင်တယ်။ ဖက်ဒရယ် ပြည်ထောင်စုရဲ့ ဖြစ်ပေါ်တိုးတက်မှုက ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်မှုနဲ့ ဆက်စပ်ချိတ်ဆက်နေတဲ့ အနေအထားမျိုး ဖြစ်တယ်။ ဒီမိုကရေစီမရှိဘဲနဲ့ ဖက်ဒရယ်က ဘယ်လိုမှ ဖြစ်ပေါ်လာ နိုင်စရာမရှိဘူး။ ဒီမိုကရေစီမရှိတဲ့ ဖက်ဒရယ် ပုံစံမျိုးက အာဏာရှင်စနစ်ကို တစ်နည်းတစ်ဖုံပြန်ပြီးရောက်သွားတဲ့ အနေအထားမျိုးဖြစ်သွားနိုင်တယ်။

၄။ ဒီနေရာမှာ အိမ်နီးချင်းနိုင်ငံတွေရဲ့ အခန်းကဏ္ဍကို ပြန်ကြည့်မယ်ဆိုရင် အနီးစပ်ဆုံး သာဓက ကတော့ လူအများ မျှော်လင့်ချက်ကြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာလည်း အိမ်နီးချင်းနိုင်ငံတွေရဲ့ ဖိအားပေးမှုကြောင့် တိုက်ပွဲရပ်စဲပြီးတော့ စစ်ကောင်စီနဲ့ တွေ့ဆုံရေး ဦးတည်သွားတယ်၊ ဒီလို တွေ ဆွေးနွေးကြပြီးနောက် လွတ်မြောက်ဒေသ တချို့လည်းထွက်ပေါ်လာခဲ့တယ်။ ဒါပေမယ့် ဖက်ဒရယ် တည်ဆောက်ရေးအတွက် ခိုင်မာတဲ့ လမ်းကြောင်းမှန်ပေါ် ရောက်မလာစေနိုင်သလို ဖြစ်နေတယ်။ ဒါကကော် ဖက်ဒရယ် တည်ဆောက်ရေးအတွက် ဘယ်လိုထည့်သွင်း စဉ်းစား သင့်ပါသလဲ။

ဘယ်နိုင်ငံဖြစ်ဖြစ် သူတို့နိုင်ငံရဲ့ နိုင်ငံရေးပေါ်လစီကို ချမှတ်တဲ့အခါမှာ သူတို့နိုင်ငံရဲ့ အကျိုးစီးပွား၊ သူတို့နိုင်ငံ လုံခြုံရေးအတွက်ကြည့်ပြီးတော့ ချမှတ်ခဲ့တာပေါ့လေ၊ ဒါကတော့ နိုင်ငံတိုင်းပါပဲ။ ဆိုတော့ ကျနော်တို့ နိုင်ငံဘေး မှာရှိတဲ့ တရုတ်၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံပဲဖြစ်ဖြစ် ဒီအယူအဆပေါ်မှာပဲချမှတ်တာတွေ့ရတယ်။ သူတို့ရဲ့ နယ်စပ်အနီး မှာ တိုက်ပွဲဖြစ်တဲ့အနေအထားမျိုး လုံးဝမလိုလားတဲ့ပုံစံမျိုးဖြစ်နေတယ်။

ဒါကသူတို့နိုင်ငံရဲ့ လုံခြုံရေးနဲ့ တိုက်ရိုက် ဆက်စပ်တဲ့အချက်ဖြစ်တယ်။ အနိမ့်ဆုံးအဆင့် နယ်စပ်မှာတိုက်ပွဲဖြစ်ရင် စစ်ဘေးဒုက္ခသည်တွေ သူတို့ နိုင်ငံကို ရောက်လာတာကို သိပ်ပြီးတော့ မလိုလားတဲ့သဘောပေါ့။ အခုဒီ ၁၀၂၇ စစ်ဆင်ရေးဟာလည်း တရုတ်ရဲ့ နယ်စပ် ဘေးမှာဖြစ်တဲ့ဟာကြတော့ သူတို့ရဲ့ နယ်စပ်လုံခြုံရေးအခြေခံ အကြောင်းပြပြီးတော့ အပစ်ရပ်စဲရေး နှစ်ဖက်စလုံး ကို ဖိအားပေးတဲ့ အနေအထားမျိုးဖြစ်တယ်။

ဒီအပေါ်မှာလည်း ဟိုင်ဂင်သဘောတူညီချက်ထွက်လာ ခဲ့တယ်။ ကျနော့်အမြင်ကတော့ တချို့နေရာတွေမှာ သူတို့နဲ့ဆက်စပ်ကောင်း ဆက်စပ်နိုင်ပေမဲ့လည်း ဖက်ဒရယ်တည် ဆောက်ရေးမှာက ကျနော်တို့အရေးသာ ဖြစ်တယ်။ ကျနော်တို့အရေးကိုတော့ ကျနော်တို့ကိုယ်တိုင်ပဲ စဉ်းစားဆုံး ဖြတ်သင့်တယ်လို့ ကျနော်ထင်တယ်။ ကျနော်တို့ စစ်ပွဲရပ်စဲတိုင်း ရပ်စဲတိုင်း တကယ်တမ်းအကျိုးအမြတ်ရသွား တာက စကစ ဖြစ်တယ်။

သူကတစ်နေရာရပ်ပြီးရင် တစ်နေရာကို ထိုးစစ်ဆင်တဲ့ပုံစံမျိုးပေါ့။ ဥပမာတွေလည်း အများကြီးရှိခဲ့သလို မနေ့တနေ့က ရှမ်းမြောက်မှာအပစ်ရပ်ပြီး သူ့စစ်တပ်တွေကို ကရင်နီဖက်ကိုရွှေ့လိုက် အဲ့လိုအနေ အထားမျိုး ရှိတယ်။ ဒီအပေါ်မှာလည်း တိုင်းရင်းသားတော်လှန်ရေးအင်အားစု အားလုံးက နာလည်ပြီး သားလို့ ကျနော်ထင်ပါတယ်။ အခြေနေအကြောင်းကြောင်းကြောင့် ဖိအားပေးဖို့ အောက်မှာ အနည်းနဲ့အမျှတော့ ကျနော်တို့ တော်လှန်ရေးအပေါ်မှာ တက်ရောက်မှုတွေတော့ရှိပါတယ်။

စိုင်းကျော်စောဟန် (သျှမ်းကျောင်းသားသမဂ္ဂ)

ပထမဆုံးအနေနဲ့ မြန်မာပြည်အတွက် ဖက်ဒရယ်ပြည်ထောင်စုသစ် တည်ဆောက်ရေးက ဘယ်လောက် ထိ အရေးကြီးသလဲ။

ဖက်ဒရယ်က ကျနော်တို့နိုင်ငံရေးခေါင်းဆောင်၊ တော်လှန်ရေးခေါင်းဆောင်အားလုံးက လိုချင်တာလည်းဖြစ်ချင်မှ ဖြစ်မယ်။ တချို့က ဖက်ဒရယ်ထက်ပိုတာလည်း လိုလားတာရှိချင်ရှိမယ်။ ဒါကလက်ရှိအနေအထားပေါ့လေ။ ကျနော်တို့ရှေ့မှာ ဖက်ဒရယ်စနစ်အရင်ထူထောင်တဲ့နိုင်ငံတွေ အများကြီးရှိတယ်။ ဖက်ဒရယ်နဲ့အလားတူသွားခဲ့တဲ့ နိုင်ငံတွေလည်းရှိခဲ့တယ်။ တချို့နိုင်ငံတွေမှာ ပြည်တွင်းစစ်တွေပြန်ဖြစ်ကြတယ်၊ လက်ရှိအချိန်ထိလည်း ဖြစ်နေတဲ့ နိုင်ငံတွေရှိတယ်။ နိုင်ငံရေးပဋိပက္ခတွေဖြစ်နေတဲ့နိုင်ငံတွေရှိတယ်။ ပြီးလို့ရှိရင် ခွဲထွက်ပြီး နိုင်ငံသစ်ထူထောင်တဲ့ နိုင်ငံတွေလည်းရှိကြတယ်။ ဆိုတော့ ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုသာကို ကျနော်တို့ အတုယူရမယ်။

ကျနော်တို့ နိုင်ငံက တခြားနိုင်ငံတွေနဲ့အတူတာက လူမျိုးအတော်စုံတယ်။ ဘာသာပေါင်းစုံကိုးကွယ်တဲ့ နိုင်ငံလို့လည်း ပြောလို့ ရတယ်။ ကြည့်ရလို့ရှိရင် လွတ်လပ်ရေးပြီးနောက်ပိုင်း ကျနော်တို့နိုင်ငံမှာ လူမျိုးရေး ပဋိပက္ခ၊ ဘာသာရေးပဋိပက္ခ တွေလည်း အဆက်ဆက်ဖြစ်တယ်။ အကယ်လို့ကျနော်တို့သာ ဖက်ဒရယ်စနစ်ကို ကျင့်သုံးနိုင်ခဲ့မယ်ဆိုလို့ရှိရင် လူမှုဘဝနဲ့ ပဋိပက္ခတွေကို လျော့ချတဲ့ သင့်လျှော်တဲ့အဖြေတခုလို့ဆိုရပါမယ်။

ပြီးရင် ဖက်ဒရယ်စနစ်ကို သွားမယ် ဆိုလို့ရှိရင် သူများနိုင်ငံရဲ့ သွားနေတဲ့ ဖက်ဒရယ်ပုံစံကို ကူးချတာထက် ကျနော်တို့ နိုင်ငံနဲ့ကိုက်ညီတဲ့ ဖက်ဒရယ် စနစ်ကိုပဲ ကျနော်တို့တည်ဆောက်ဖို့လိုမယ်။ နောက်ပြီး ကျနော်တို့တိုင်းပြည်က လူမျိုးစုကသာအနိုင်ဆိုတဲ့ ဒီမိုကရေစီဖြစ်နေတယ်၊ အဲ့တော့ လူမျိုးစုရဲ့ ဆန္ဒကိုလည်း လေးစားပြီးတော့ လူနည်းစုရဲ့ သဘောထားဆန္ဒ ကိုလည်း အလေးထားတဲ့ ဖက်ဒရယ်စနစ်မျိုးကိုသာ တည်ဆောက်ဖို့လိုပါလိမ့်မယ်။

၂။ လက်ရှိကာလအထိ ဖက်ဒရယ်ပြည်ထောင်စုအိမ်မက်ကို အကောင်အထည်မဖော်နိုင်သေးသည့် အဓိက အကြောင်း ရင်းတွေက ဘာလဲ။

ဖက်ဒရယ်ပြဿနာက ကျနော်တို့ လူမျိုးစုတွေနဲ့ပဲသက်ဆိုင်တဲ့ ပြဿနာမဟုတ်ဘူး နိုင်ငံသားအားလုံးနဲ့ သက်ဆိုင် တဲ့ ပြဿနာဖြစ်တယ်။ ကျနော်တို့တိုင်းပြည်မှာ လူဦးရေ ၇၀ ရာခိုင်နှုန်းက ဗမာလူမျိုး ဖြစ်နေတယ်။ ပြီးရင် ခေတ်အဆက်ဆက်ဒီဖက်ဒရယ်တည်ဆောက်ရေးဆိုတာ ဗမာမဟုတ်တဲ့ အခြားတိုင်းရင်း သားတွေနဲ့ပဲ သက်ဆိုင် တယ်လို့ ယူဆကြတယ်။ လက်ရှိကာလမှာ ဗမာအမျိုးသားတွေလည်း ဖက်ဒရယ်ဆိုတာကို ပြောဆိုလာကြပါပြီ။ ဒါပေမဲ့ ပြောဆိုတဲ့ လူတွေဟာ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းထဲကနေ ပါဝင်လာတဲ့ ရာခိုင်နှုန်းက ဘယ်လောက်မှ မရှိဘူး။ အဓိက ကျနော်တို့ဖက်ဒရယ်သွားဖို့ဆိုလို့ရှိရင် သူတို့ရဲ့အားလည်းပါမှရဖြစ်တယ်။

ကျနော်အနေနဲ့ ဒီအကြောင်းအရာထဲမှာ ဆွေးနွးဖို့ အကြောင်းအရာ ငါးခုလောက်ရှိပါတယ်။ အဓိကက အချင်းချင်း ယုံကြည်မှုမရှိ ပြည်မတောင်တန်းဆိုတာကို တစ်ပိုင်းထား ကျနော်တို့ လူမျိုးစုတွေကြားမှာလည်းဖြစ်နေတယ်။ လူမျိုးတူကြားမှာ လည်းဖြစ်နေတယ်။ နောက်ပြီး အင်အားကြီးတဲ့သူတွေက အင်အားနည်းတဲ့သူတွေကို အနိုင်ကျင့် ဗိုလ်ကျမှုက အစဉ်အဆက်ဖြစ်နေတယ်။ နောက် လူမျိုးကြီး ဝါဒဘာညာရှိမယ်။ ပြင်းထန်တဲ့ အမျိုးသားရေးဝါဒ ကျင့်သုံးတာ တွေရှိမယ်၊ ကျင့်သုံးတယ်ဆိုတာကို လူထုအတိုင်းအဝိုင်းထဲက ရာခိုင်နှုန်းဘယ်လောက်လောက် ကျင့်သုံးနေလဲဆို တာနဲ့ သတ်မှတ်ရမှာဖြစ်တယ်။

နောက်ပြီးရင် အင်အားကြီးတဲ့သူက အင်အားနည်းတဲ့သူကို အနိုင်ကျင့်တာဟာ ကျနော်တို့ အသက်အရွယ်ကြီးမှ ဖြစ်လာတာမဟုတ်ဘူး ကျနော်တို့ အခြေခံစာသင်ကျောင်းက စပြီး ဖြစ်ခဲ့တဲ့ ပြဿနာလို့ ကျနော်တို့ ပြောလို့ရတယ်။ ဆိုကြပါစို့ ဘာသာစကားမတူတဲ့ ကလေးတစ်ယောက်ရှိ မယ်၊ အဲ့ဒီမှာ လူအများစုဖြစ်နေတဲ့လူတွေက ဒီကလေးကို အနိုင်ကျင့်မယ်။ ပြီးရင် အင်အားကြီးတဲ့သူတွေမှာ သိစိတ်မသိစိတ် ထဲမှာ အင်အားနည်းတဲ့သူတွေကို ငါတို့ သူတို့ကို ဖိထားရမယ်ဆိုတဲ့ အတွေးအခေါ်ရှိတယ်။ နည်းတဲ့ သူကလည်း ငါတို့လည်းမခံဘူး ငါတို့လည်းတွန်းလှန်ရမယ်ဆိုတဲ့ အတွေးအခေါ်ရှိလာတယ်။ ဒါပေမဲ့ ဒီမတူညီ နှစ်ဦးကြားက ပြဿနာတွေကို ယုံကြည်မှုဘယ်လိုတည်ဆောက်ကြမလဲဆိုတဲ့ဖက်ကို သွားတာက နည်းနေကြ သေးတယ်။

ကျနော်တို့ ဖက်ဒရယ်လို့ပြောကြမယ်၊ နိုင်ငံရေးမူဝါဒတွေပြောကြမယ်၊ ပြောတဲ့လူတွေကသာ ပြောကြတာ အခြေခံ လူထုက နားမလည်ဘူး။ ဘာလို့ဆို လူမျိုးစုဒေသတွေမှာ ဖက်ဒရယ်ကို အဆက်ဆက်ပြောခဲ့ကြတယ်။ မြို့မှာရှိတဲ့ ပညာတတ်လူတွေကို မေးကြည့်လိုက်လို့ရှိရင် ဖက်ဒရယ်ဆိုတာ စေ့စေ့ငှငှ သိကြတာမရှိဘူး။ အခြေခံ လူထုကို လွှမ်းခြုံနိုင်မှု အားနည်းနေတယ်လို့ ပြောလို့ရတယ်။

ကျနော်တို့နိုင်ငံရဲ့ ပြဿနာကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော်ကတည်းက ခေါင်းဆောင်ကြီးတွေက ဖြေရှင်းဖို့ ကြိုးစားခဲ့ကြတယ်။ ဒါက တိုင်းပြည်ကို ဖက်ဒရယ်စနစ်နဲ့ သွားမယ်ဆိုပြီးတော့ပေါ့။ ဒါပေမဲ့ ဘယ်လို ဖြစ်လဲဆိုတော့ တိုင်းပြည်ရဲ့ အဓိက အာဏာကိုယူထားတဲ့ ဗမာအမျိုး သား ခေါင်းဆောင်အများစုက အာဏာခွဲဝေပေးဖို့ကို သူတို့ကြောက်နေကြတဲ့အခါ ဖက်ဒရယ်ကို သူတို့အနေနဲ့ ပြိုကွဲမှုဆိုတဲ့ ခေါင်းစဉ်သတ်ခဲ့ကြတယ်။

နောက် ဦးနေဝင်း က အာဏာသိမ်းခဲ့တယ် ဒီအာဏာသိမ်းမှု ကိုလည်း ဗမာ လူမျိုးအများစုက ထောက်ခံခဲ့ ကြတာဗျ။ အဲ့သလိုထောက်ခံခဲ့ကြပြီး လူထုတွေကိုယ်တိုင်က ကန့်ကွက်ရကောင်း မှန်းမသိကြဘူး။ မကန့်ကွက်ခဲ့ ဘူးပေါ့။ ဒါက ကျနော်တို့ လူထုတွေကို စည်းရုံးနိုင်မှု အားနည်းတာ၊ ဆိုကြပါစို့ ကျနော်တို့ရဲ့ ကိုယ့်တိုင်းရင်းသား လူထုရှိမယ်၊ ကိုယ့်ပြည်နယ်လူထုရှိမယ်၊ ဖက်ဒရယ်ဆိုတာဘာ ဖက်ဒရယ်ရလို့ ရှိရင် ကျနော်တို့ တိုင်းပြည် ဘယ်လိုရှိမယ် ဒါတွေကို ပြောပြရမယ်။

 နောက် ဗမာပြည်သူလူထုတွေကို လည်းပြော ရမှာ ငါတို့ဖက်ဒရယ်ရလို့ရှိရင် ငါတို့တိုင်းပြည်ကဘယ်လိုဖြစ်မယ်၊ ငါတို့အတူငြိမ်းငြိမ်းချမ်းချမ်း နေနိုင်မယ်။ ဒါတွေ ကို ကျနော်တို့မစည်းရုံနိုင်ခဲ့ဘူး။ နောက်တခုက အာဏာပြဿနာ ကျနော်တို့ တောင်တန်း ပြည်မ ပူးပေါင်းပြီး လွတ် လပ်ရေးယူခဲ့ကြတယ်ဆိုတာ အလုံးအသိပဲ။ ဒါပေမဲ့ ဗမာခေါင်းဆောင်အဆက်ဆက်က ကျနော်တို့ တိုင်းရင်းသား ခေါင်းဆောင်တွေအပေါ် တန်းတူရည်တူ ဆက်ဆံတယ်ဆို ဘယ်တော့အခါမှ မရှိခဲ့ဘူး။ သူတို့အတွေးမှာက အသုံးချ ခံသာသာပဲ။ ဒါက လွတ်လပ် ရေးရပြီးမှလည်းမဟုတ်ဘူး။ လွတ်လပ်ရေးမခင်ကလည်း အတူတူပဲ။

ကျနော်တို့နဲ့ အနီးစပ်ဆုံး NLD အစိုးရလက်ထပ်မှာလည်း လူနည်းစုတန်းတူအခွင့်အရေးကို သူတို့မလေးစားခဲ့ဘူး။ သူတို့ပြောတဲ့စကားရှိတယ် မင်းတို့ ဖက်ဒရယ်လိုချင်လား ဖက်ဒရယ်လိုချင်ရင် ငါတို့အောက်ဝင်၊ ငါတို့ကို မဲပေး ဒါမျိုးတွေက မဖြစ်သင့်ဘူး။ ဒါက အင်အားကြီးတဲ့သူက အင်အားနည်းတဲ့သူကို ဖိနိုပ်လိုက်တာဖြစ်တယ်။

၃။ တဘက်က ဖက်ဒရယ်တည်ဆောက်ရေးပြောနေကြပေမယ့် တချို့သောတိုင်းရင်းသား လက်နက်ကိုင် အင်အား စုတွေက ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ရသလောက်တိုက်ယူပြီး အုပ်ချုပ် ရေးနယ်မြေတိုးချဲ့မယ် ကိုယ့်ခြံ စည်းရိုးကို လုံအောင်ကာဖို့ ကြိုးစားနေကြတယ်။ ဒီတော့ လူထု အများစုမျှော်မှန်းနေကြတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို အမှန် တကယ် ဦးတည်နိုင်ပါ့မလား။

လက်ရှိကာလကတော့ တစ်နိုင်ငံလုံးရဲ့ တော်လှန်ရေးကာလမို့လို့ နယ်မြေတိုးချဲ့မှုတွေကတော့ ရှိမှာပဲ စစ်ဖက် မြေပြင်အသာစီးရယူမှုက အဓိကဖြစ်တယ်။ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ သဘောသဘာဝက ပြည်သူလူထုတွေ သဘောတူလားမတူလား လူထုဆန္ဒက နောက်မှပဲ၊ အဖွဲ့အစည်းရဲ့ လုံခြုံမှုကိုသူတို့ကရှေ့တန်းတင်ထားတာရှိ တယ်။ လက်ရှိလူမျိုးစုတော်လှန်ရေးတပ်တွေရဲ့ စစ်အုပ်ချုပ်မှုအရ ဒေသအနေအထာပေါ်မူတည်ပြီးတော့လည်း ဖက်ဒရယ်တည်ဆောက်မှုမရဘူးလားဆိုပြီး ဆွေးနွေးလို့ရှိရင် ဖြစ်ရင်လည်းဖြစ်လာနိုင်တယ်။ ဒါပေမဲ့ အောက်ခြေ လူထု ဒါမှမဟုတ် အခြားသော လူမျိုးစုတွေက ကန့်ကွက်မယ်၊ ပြန်လည်တော်လှန်မှုဖြစ်မယ်ဆိုလို့ရှိရင်တော့ ကျနော်တို့လိုချင်တဲ့ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တခုတော့ မဖြစ်နိုင်ဘူးပေါ့။

ပြီးနောက်တခုက ကျနော်တို့ ပြည်နယ်တွေမှာပဲ စစ်အုပ်ချုပ်ရေးနယ်မြေတွေ တိုးချဲ့ကြတာ မဟုတ်ဘူး။ ပြည်မမှာလည်း ဖြစ်ပျက် နေတာတွေအများကြီးကြာသိရပါတယ် ဒါက တစ်ပိုင်းပေါ့။ ကျနော်တို့ စစ်အာဏာရှင်လည်း ပြုတ်ကျပြီးရင် ကျနော်တို့ ဒီတပ်တွေကို ဘယ်လိုလုပ်ကြမလဲ ဒီတပ်သားတွေကို အရပ်သား အဖြစ်အသွင်ပြောင်းခွင့်ပေးမှာလား၊ လျှော့ချခွင့်ပြုမှာလား။

နောက်တခုက အဲ့ဒီတပ်တွေအနေနဲ့ကရော သူတို့ရဲ့ နယ်မြေမှာ လူထုအုပ်ချုပ်ရေးစနစ်ကို ခွင့်ပြုမှာလားပေါ့။ လက်ရှိမှာတော့ အပြိုင်အဆိုင်ပဲ စစ်အုပ်ချုပ်နယ်မြေတွေ တိုးချဲ့ကြ တိုက်ကြတာပဲ။ ဒီအတွက် ကြောင့် ပွတ်တိုက်မှုတွေရှိလာကြမှာပဲ။ ဒါက အဓိကပြဿနာမဟုတ်ဘူး။ အဓိက ပြဿနာကတော့ အဲ့ဒီအုပ်ချုပ် ရေးနယ်မြေမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုသွားတဲ့အခါမှာ တခြားသော မတူညီ တဲ့ လူမျိုးစုတွေရှိမယ်၊ လူမျိုးစုငယ်တွေ ရှိမယ်။ ဒီလူမျိုးစုငယ်တွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုရော အသိအမှတ်ပြုကြ မလားပေါ့။ သူတို့ရဲ့ရပိုင်ခွင့်ကိုရော အသိမှတ်ပြုကြမလား။

နောက်ထပ်တစ်ခုက စစ်ဖက်အုပ်ချုပ်မှုမဟုတ်ဘဲနဲ့ အရပ်သားနိုင်ငံရေးမူဘောင်၊ အခြားသော မတူညီတဲ့ လူမျိုးစု တွေ၊ အခြားအရပ်ဖက်အဖွဲ့အစည်းတွေကိုရော ရပ်တည်ဖွဲ့စည်းခွင့်ပေးမှာလား၊ နောက်ပြီး သူတို့က စစ်အုပ်ချုပ် ရေးနဲ့ပဲနေမှာလား သူတို့မှာ စစ်အုပ်ချုပ်ရေးကနေ နိုင်ငံရေးအုပ်ချုပ်မှုပုံစံပြောင်းဖို့ ဆန္ဒရောရှိလားပေါ့။ နောက်ပြီး သူတို့က အတူတန်းတူယှဉ်တွဲနေထိုင်ဖို့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်ဖို့ ဆန္ဒရှိလား ဒါက အရေးကြီးတဲ့ ကဏ္ဍတစ်ခုဖြစ်ပါတယ်။ သူတို့ကလည်း လူထုဆန္ဒကိုလေးစားတယ် လူထုဆန္ဒနဲ့တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ အတွေးပေါင်းစပ်မယ်ဆိုရင်တော့ ဖက်ဒရယ်ပြည်ထောင်စုဖြစ်လာနိုင်ပါတယ်။

၄။ ဒီနေရာမှာ အုပ်ချုပ်ရေးနယ်မြေတိုးချဲ့မှုကြောင့် နောက်ဆက်တွဲ လက်ရှိ စစ်ကောင်စီကို တော်လှန်နေကြတဲ့ EROs/ EAOs တို့အချင်းချင်း နယ်မြေအရ ထိစပ်နေတဲ့ အင်အားစုတွေကြား မှာ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ပတ်သက်ပြီး အချင်းချင်း ပွတ်တိုက်မှုဖြစ်လာရင် ဖက်ဒရယ်တည် ဆောက်ရေးကို ဘယ်လိုထိခိုက်နိုင်မလဲ။ ကြားကာလ (ဖက်ဒရယ် ကိုသွားနေတဲ့ကာလ)မှာ ပွတ်တိုက်မှု မဖြစ်လာအောင် ဖြစ်နေတဲ့ ပွတ်တိုက်မှုတွေကို လျော့နည်းလာအောင် ဘယ်လို ရှောင် ရှားသင့်သလဲ။ ဘယ်လို ယန္တရားတွေကို ခိုင်မာအောင်တည်ဆောက် သင့်သလဲ။ 

လက်ရှိအနေအထားက တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေဖက်ကရော၊ ပြည်သူ့တော်လှန်ရေးတပ် PDF တွေဖက်ကရော ထိုးစစ်ဆင်ပြီးတော့ နယ်မြေတွေကျယ်ပြန့်လာတော့ သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ အုပ်ချုပ်ရေးတော့ မဖြစ်မနေချရတဲ့ အနေအထားဖြစ်တယ်ပေါ့လေ။ ဘာလို့ဆိုရင် နယ်မြေရလာတဲ့အခါတော့ လူထုဝန်ဆောင်မှုတွေ လုပ်ငန်းတွေချပေးရ အကောင်အထည်ဖော်ရတာတွေရှိတယ်ပေါ့။

သို့သော်ဒီနေရာမှာ ကျနော်တစ်ခု အလေးပေးပြီးတော့ ပြောချင်တာက ကျနော်တို့ သွားချင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုဟာ စစ်အာဏာရှင်စနစ်မကျရှုံးဘဲနဲ့တော့ ကျနော်တို့ အကောင်အထည်ဖော်လို့မရဘူး။ သူတို့နယ်မြေကို ထိန်းထားနိုင် သည်ထား တစ်နိုင်ငံလုံးစစ်အာဏာရှင်စနစ်ကို အမြစ်မဖြတ်နိုင်လို့ရှိရင် စစ်အာဏာရှင်ပြန်အားကောင်းလာရင် အခုထိန်းထား၊ သိမ်းထားတဲ့ နယ်မြေအားလုံးက ပြန်ပြီးထိုးစစ်ဆင် ကျေမွအောင်ပျက်စီးအောင် အမှဲ့ချွေမဲ့အနေ အထားမျိုးရောက်လာမယ်။

အဲ့လိုအနေအထားမျိုးမှာ အခုထိန်းထားသိမ်းထားတဲ့ နယ်မြေသေးသေး ကွက်ကွက် လေးမှာ ခဏတဖြုတ် ဖက်ဒရယ်နဲ့ဒီမိုကရေစီစနစ် တည်ဆောက်လို့ရရင်ရမယ်၊ ရေရှည်မှာကတော့ ဘယ်လိုမှရမှာ မဟုတ်ပါဘူး။ အဲ့ကြောင့်အဓိကအချက်က စစ်အာဏာရှင်စနစ်ကို ဒီနိုင်ငံကနေ ကျဆုံးအောင် အမြစ်ဖြတ်တိုက်ဖို့ က အဓိကဖြစ်ပါတယ်။ နေပြည်တော်မှာ စကစ ၊ တိုင်းရင်းသားနယ်မြေတွေမှာ သူ့နည်းသူ့ဟန်နဲ့ အုပ်ချုပ်ရေး ထူထောင်မယ်ဆိုရင်တောင် တစ်နေ့တစ်ချိန်မှာတော့ စစ်အာဏာရှင်စနစ်က ပြန်ပြီးတော့ ခေါင်းထောင်လာမယ်။

အဲ့ချိန်ကျရင် အခုရထားတဲ့ ဒေသမှာလည်း ဘာမှဆက်ပြီးတော့ ထိန်းသိမ်းထားနိုင်မဲ့ အနေအထားမရှိဘူး။ နောက်တခုက အခုလို အုပ်ချုပ်ရေးတည်ဆောက်နေတဲ့အချိန် ကျနော်တို့ တိုင်းရင်းသားတွေ အချင်းချင်းကြားမှာ ပွတ်တိုက်မှုတွေ ရှိကောင်းရှိနိုင်ပါတယ်။ အချို့နေရာတွေမှာလည်း ရှိလာနေတယ်လို့ ကြားလည်းကြားနေရတယ် လေ။ ကျနော်တို့က ဖက်ဒရယ်ကို လူထုပါဝင်မှုအားကောင်းတဲ့ အုပ်ချုပ်ရေးပုံစံနဲ့ အကောင်အထည်ဖော်တဲ့အခါ ဒီနယ်မြေဆိုင်ရာပြဿနာက လူထုရဲ့သဘောထားကို အခြေခံပြီးတော့ ဖြေရှင်းရမယ်။ အဲ့လိုပုံစံမဟုတ်ဘဲနဲ့ အားကောင်းတဲ့ သူကများများသိမ်း ငါတို့အုပ်ချုပ်ပုံချမယ်ဆိုရင်တော့ စစ်အာဏာရှင်စနစ်နဲ့ကို သိပ်ပြီးမထူးခြားဘူး ပေါ့။

၅။ တဘက်က မြန်မာလူထုအများစုကတော့ ဖက်ဒရယ်တည်ဆောက်ရေးကို ဦးတည်နိုင်ဖို့ တော်လှန်ရေးကို ဆင်နွဲနေချိန် အာဆီယံအင်အားစုတွေက မြန်မာလူထု တရပ်လုံးကို ရန်သူ တဖွယ် သဘောထားပြီး နိုင်ငံတကာအဆင့် ပြစ်မှုကြီးကို ကျူးလွန်တဲ့ စစ်ကောင်စီကို အရေးယူရ မယ့်အစား စင်မြင့်ပေါ်ကို အတင်းအဓ္ဓမ တွန်းတင်နေတယ်။ တနည်းပြောရရင် စစ်ကောင်စီကို လွတ်ငြိမ်းခွင့်ရ နိုင်အောင် ထွက်ပေါက်ရှာပေးနေတယ်။ ဒါကမြန်မာ့ဖက်ဒရယ်တည် ဆောက်ရေး လမ်းကြောင်းပေါ် ဘယ်လို အတားအဆီးဖြစ်နေမလဲ။ အာဆီယံအင်အားစုအပေါ် ဘယ်လိုရှုမြင် သင့်သလဲ။

အာဆီယံနိုင်ငံဆိုတာ တကယ်တော့ သေခြာကြည့်မယ်ဆိုလို့ရှိရင် အာဏာရှင်နိုင်ငံတွေရဲ့ အစုအဝေးတစ်ရပ်။ တချို့နိုင်ငံတွေတော့ အာဏာရှင်စစ်စစ်မဟုတ်ပေမဲ့ အာဏာရှင်တစ်စိပ်တစ်ပိုင်းပါဝင်နေတယ်။ ဒီလိုနိုင်ငံတွေ စုဝေးထားတဲ့ အစုအဖွဲ့က စစ်ကောာင်စီကို အားပေးထောက်ခံတယ်ဆိုတာက သိပ်ပြီးတော့ အထူးအဆန်း မဟုတ်ပါဘူး။

စစ်အာဏာသိမ်းချိန်စက ကျနော်တို့ UN ကို မျှော်တဲ့အချိန်ရှိခဲ့ဖူးတယ်။ အာဆီယံကို မျှော်ဖူးတယ်။ စစ်ကောင်စီကို တခုခုများလုပ်မလား ဘာညာပေါ့။ လူထုမျှောကိုးရတဲ့အစုအဖွဲ့မဟုတ်ဘူးပေါ။ အာဆီယံနိုင်ငံ တော်တော်များမျာကိုကြည့်လို့ရှိရင် လူ့အခွင့်အရေး စံနှုန်းတွေကို ခိုင်ခိုင်မာမာဆွဲကိုင်ထားတဲ့ နိုင်ငံ ဆိုတာလည်း မရှိဘူး။ သူတို့နိုင်ငံမှာ သူတို့ရှိမှာလည်း လူမျိုးပဋိပက္ခတွေရှိတယ်။ တော်လှန်ပုန်ကန်မှုတွေရှိခဲ့တယ်။

နောက်ပြီး အာဆီယံထဲက နိုင်ငံအချို့ကို သေခြာစာရင်းစရားနဲ့လုပ်ကြည့်လို့ရှိရင် ကျနော်တို့နိုင်ငံရဲ့ သံယံဇာတ ရင်းနှီးမြုပ်နှံမှု မှာ ပါဝင်ပါတ်သက်နေတဲ့ ကိစ္စတွေရှိတယ်။ တော်တော်များများက နိုင်ငံကြီးတွေလောက်ပဲ သတိထားမိကြတယ်။

တချို့နိုင်ငံတွေဆိုလို့ရှိရင် စစ်ကောင်စီအတွက် စစ်လက်နက် အရောင်းအဝယ် တင်ပို့မှုတွေ လုပ်နေကြတယ်။ နောက်ပြီး သူတို့နိုင်ငံမှာလည်း ပြည်တွင်းစစ်တွေဖြစ်ခဲ့ဖူးတယ် မတူညီတဲ့ လူမျိုးစုတွေကြားမှာ ပြဿနာတွေဖြစ်ခဲ့ ကြတာတွေလည်းရှိတယ်။ ဒီတော့ ဗမာစစ်အစိုးရပြိုကျသွားမှာ သူတို့လည်း လိုလားမယ်မထင် ဘူး။ ကိုယ့်အိမ်က ပူလို့ရှိရင် ဘေးအိမ်ကလည်းလှောင်တာပဲလေနော။

သူတို့ဆီမှာ ရိုက်ခတ်လာမဲ့ အနေအထားမျိုးကို သူတို့လည်း လိုလားတော့ ပြိုကျမဲ့ စစ်ကောင်စီကို အလုံစုံပြိုလဲမှုမဖြစ်အောင် ဝိုင်းဝန်းထောက်ခံ ထောက်ခံနေကြတယ်လို့ ကျနော်ကတော့မြင်တယ်။ နောက်ပြီး အာဆီယံနိုင်ငံတွေကို ကြည့်မယ်ဆိုလို့ရှိရင် အစုအဖွဲ့ သုံးဖွဲ့ပုံစံမျိုးတွေ့ ရတယ် တရုတ်နိုင်ငံနဲ့အစုရေ၊ အနောက်နိုင်ငံတွေနဲ့ နီးတဲ့အစုရေ နောက်တစုက ကိုယ်ကျိုးစီးပွားအတွက် သွားနေ တဲ့ အစုအဖွဲ့တွေပေါ့။ ဒါပေမဲ့ တူတာတစ်ခု မြန်မာစစ်တပ်ကို တစ်ပြိုင်ထဲထောက်ခံတာပဲ။

အဖြစ်အပျက်တွေကို ကြည့်မယ်ဆိုလို့ရှိရင် အာဆီယံတွေကပဲ စစ်တပ်ကို ထောက်ခံတာမဟုတ်ဘူး။ အမေရိကန်လိုနိုင်ငံတောင်မှ ဦးနေဝင်း ကို ထောက်ပံ့ပေးခဲ့တယ်။ ဆုတံဆိပ်တွေ ချီးမြှင့်ခဲ့ဖူးတာတွေရှိတယ်။ ပြီးရင် အာဆီယံနိုင်ငံမှာ မတူညီတဲ့ အစုအဖွဲ့တွေ ဘက်ပေါင်စုံရှိကြတယ်ဆိုပေမဲ့ စစ်ကောင်စီက အမေရိကန်နဲ့လည်း နီးခဲ့ဖူးသလို အိန္ဒိယ၊ တရုတ်၊ ရုရှား အကုန်လုံးနဲ့ စစ်ခေါင်းဆောင်အဆက်ဆက် က အဖေခေါ်သလိုမျိုး ဆက်စပ်မှုတွေရှိခဲ့တယ်။ အာဆီယံနိုင်ငံ တွေကို စစ်ကောင်စီကို ထောက်ပံ့ပေးယူတင်မက ကျနော်တို့ တော်လှန်ရေးအဖွဲ့တွေ ကိုမှောက်ကမဖြစ်အောင် လုပ်တာတွေရှိသလို နိုင်ငံရေးပါတီ၊ နိုင်ငံရေးအုပ်စုတွေကို စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးစေ့စပ်သာတွေရှိခဲ့ တယ်ဆိုတာ ကျနော်တို့ကြားသိရတယ်။

၆။ နွေဦးတော်လှန်ရေးနှင့်အတူ ဖက်ဒရယ်တည်ဆောက်ရေးအတွက် လူမှုသဟဇာတဖြစ်မှု အားကောင်လာ အောင်ဘယ်လိုလုပ်ဆောင်ကြမလဲ။ အဖွဲ့အစည်းတဖွဲ့နဲ့ တဖွဲ့သော်လည်း ကောင်း တဦးနဲ့တဦး၎င်း ယုံကြည်မှု ဘယ်လို တည်ဆောက် ကြမလဲ။

ကျနော်တို့ ဒီတော်လှန်ရေးကာလမှာ နိုင်ငံရေးအဖွဲ့အစည်းတွေကြားမှာဖြစ်ဖြစ် တော်လှန်ရေးအဖွဲ့အစည်း ကြား မှာဖြစ်ဖြစ် မတူညီမှုတွေရှိကြမယ်။ ပွတ်တိုက်မှုတွေရှိကြမယ်။ ဒါပေမဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး အခုရောနောင်ရော တည်ဆောက်ကြမယ်ဆိုရင် ကျနော်တို့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ကြား အုပ်စုတစ်စုနဲ့တစ်ကြားမှာ တွေ့ဆုံဆွေးနွေးမှုတွေ ကျနော်တို့လုပ်ဖို့မယ်။

ဆွေးနွေးပွဲတစ်ခုမှာ အဖြေမထွက်ဘူး ဆိုရင် နောက်ထပ်ဆွေးနွေးပွဲ တစ်ခုထပ်ရှိဖို့လိုတယ်။ အမြဲတမ်းကျနော်တို့စကားပြောနေဖို့လိုတယ်။ စကားမပြောဘဲနဲ့တော့ တစ်ယောက်ရင်ထဲ မှာဖြစ်နေတာကို တစ်ယောက်က သိနိုင်မှာမဟုတ်ဘူး။ ဆွေးနွေးပွဲတွေ ရှိမှ ရင်းနှီးမှုတွေရှိလာမယ်။ ရင်းနှီးမှုတွေရှိမှ ကျနော်တို့ရဲ့ ယုံကြည်မှုတွေတည်ဆောက်နိုင်မယ်။

နောက်တစ်ခု ကျနော်တို့ ဘယ်ကစတည်ဆောက်မလဲဆိုရင် စာသင်ကျောင်းကနေစပြီး တည်ဆောက်ရမယ်။ လက်ရှိမှာ တော်လှန်ရေးဒေသက စာသင်ကျောင်းတွေ ဖွင့်နေတာ ရှိတယ်။ ဒီစာသင်ကျောင်းတွေမှာ မတူညီတဲ့ လူမျိုးစုံတွေရှိကြမှာပဲ တစ်ယောက်ရဲ့ယာဉ်ကျေးမှုကို တစ်ယောက်က နားလည်အောင် တန်ဖိုးထားတတ်အောင် သင်ကြားပေးဖို့လိုတယ်။

ကျနော်တို့တိုင်းပြည်ရဲ့ ပညာရေးစနစ်ကိုကြည့် လိုက်လို့ရှိရင် လူမျိုးတစ်ခု ဘာသာတစ်ခု ထဲကို အခြေပြုပြီးသင်ခဲ့ရတယ်။ အဲ့ဒီတော့ တစ်ခြားလူမျိုးတွေရဲ့ အကြောင်းကို နားမလည်တဲ့အခါမှာ တိုင်းပြည်မှာ ဖြစ်လာခဲ့တဲ့ ပဋိပက္ခတွေထဲက အကြောင်းအရင်းခံ တစ်ရပ်ထဲ မှာလည်းပါတယ်။

ကျနော်တို့ လက်ရှိ ပညာရေးစနစ်သစ်ကို သွားမယ်ဆိုလို့ရှိရင် မတူညီတဲ့လူမျိုးစုတွေရှိခဲ့ တယ်ဆိုလို့ရှိရင် တခြားလူမျိုးစုတွေရဲ့ ဘာသာစကားတွေကို ထည့်သွင်းသင်ကြားပြီး မတူညီတဲ့ယာဉ်ကျေးမှု တွေကို အချင်းချင်းဖလှယ်ကြရပါမယ်။ နောက်ပြီးတော့ လူကြီးပိုင်းတွေအနေနဲ့လည်း ပုံမှန်တွေ့ဆုံနေဖို့လိုတယ်။ တွေ့ဆုံဆွေးနွေးမှသာ သူတို့အဖွဲ့ရဲ့ လမ်းစဉ်က ဒီလိုရှိတယ်၊ နိုင်ငံရေးအဖွဲ့အစည်းတွေဆိုလို့ရှိရင်လည်း သူတို့ရဲ့ မူဝါဒက အဲ့လိုရှိရင် ကျနော်တို့ရဲ့ မူဝါဒက ဒီလိုရှိတယ် မတူညီတာတွေကို ကျနော်တို့ ညှိလုပ်ကြမယ်ပေါ။

ဆလိုင်းကစ်(ပ်) (ဖက်ဒရယ်ရေးရာနှင့် ပင်လုံသမိုင်း ကြောင်း ဆိုင်ရာကျွမ်းကျင်သူ)

၁။ ပထမဆုံးအနေနဲ့ မြန်မာပြည်အတွက် ဖက်ဒရယ်ပြည်ထောင်စုသစ် တည်ဆောက်ရေးက ဘယ်လောက် ထိ အရေးကြီးသလဲ။

ကျနော်တို့ လွတ်လပ်ရေးမယူခင် တစ်နှစ်လောက်ကစ တိုင်းရင်းသားတွေနဲ့ ဗမာခေါင်းဆောင်တွေ ပြည်ထောင်စု တည်ဆောက်ဖို့ကိုပဲ ဦးတည်လာခဲ့တာပဲ။ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့ ကျနော်တို့ရဲ့ အင်မတန်မှ ကြီးကျယ်ခန်းနားတဲ့ အိပ်မက်တွေ ဖျက်ဆီးခံခဲ့ရတယ်။

အဲ့သလို ရိုက်ချိုးခံလိုက်ရပြီးနောက်ပိုင်း ပြည်တွင်းစစ်တွေ ဖြစ်တယ်။ နောက်ဆုံးဒီနေ့ဒီအချိန်ထိ ရောက်ခဲ့တာပါပဲ။ ဒီအနေ့ဒီအချိန်ကတော့ ဘယ်လောက်ထိ ဆိုးဝါးသွား လည်းဆိုတော့ နှစ်ပေါင်း ၇၀ အတွင်းမှာ ပြောင်းလဲသွားတယ်ဆိုပေမဲ့၊ တိုးတက် ပြောင်းလဲသွားတာမဟုတ်ဘဲနဲ့ အောက်ကိုထိုးကျသွားတာ တိုင်းပြည်ကတော်တော်ကို ပျက်ဆီးသွားတယ်။

ဖက်ဒရယ်ပြည်ထောင်စု မထူထောင် နိုင်ခဲ့တဲ့အတွက် ဖက်ဒရယ်အိပ်မက်တွေကို ရိုက်ချိုးခံလိုက်ရတဲ့အတွက် ဘယ်လောက်ထိဖြစ်သွားပြီလဲဆိုတော့ ကျနော်တို့နိုင်ငံက ကျဆုံးနိုင်ငံဖြစ်တော့မယ် (ဖြစ်နေပြီလို့လည်း)တချို့က ပြောကြတယ်။ ဆိုတော့ ကျဆုံးနိုင်ငံ မဖြစ်အောင် ဘယ်လိုလုပ်မလဲ ဘယ်လိုကယ်တင်ရမလဲဆိုတာလည်း တာဝန်တခု၊ တာကိုကယ်တင်ဖို့ကလည်း အရင်နှစ်ပေါင်း ၇၀ အတွင်းက လုပ်သလို လူမျိုးကြီးဝါဒ ပဒေသရာဇ်စနစ်နဲ့ ရှေးဟောင်းအတွေးအခေါ်နဲ့ လွတ်လပ် ရေးရပြီးနောက်ပိုင်းမှာ အဲ့သလိုအုပ်ချုပ်လာခဲ့ကြတယ်။

ဖက်ဒရယ်အတွေးအခေါ်၊ ဒီမိုကရေစီအတွေးအခေါ် လုံးဝကိုမရှိဘူး။ ဝန်ကြီးချုပ် ဦးနု ကစပြီးတော့ ဘုရင်က နေပြည်တော်ကနေအုပ်ချုပ်ပြီး တိုင်းရင်းသားနယ်တွေ အကုန်လုံး ကိုလိုနီသဖွယ်အုပ်ချုပ်မယ်ဆိုတဲ့ အတွေးအခေါ် အိပ်မက်နဲ့ သွားလာတယ်။ ဒါကိုဖုံးချင်တဲ့အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်း နာမည်သုံးတယ်။ ပြည်ထောင်စုဆိုတဲ့ အမည်သုံးတယ်။ အဲ့သလို တိုင်းပြည်ကို လိမ်ညာပြီး တော့ အုပ်ချုပ်လာခဲ့တယ်။ စစ်အာဏာရှင်တက်လာတယ်။ အဲ့လိုကနေ ဒီနေ့ဒီအချိန်ရောက်လာတယ်။ အားလုံးကတော့ ဒီအခြေအနေကနေ လွတ်မြောက်ချင်တယ်။ ဗမာ ညီကိုတွေကရော တိုင်းရင်းသားတွေကရော အားလုံး မလွတ်မြောက်ချင်တဲ့သူမရှိဘူး။ ရုန်းထွက်ချင်ကြတယ်။

အခုက ဘယ်လိုရုန်းထွက်မလဲဆိုတာလည်း အား လုံးကသိပြီးဖြစ်တယ်။ ဖက်ဒရယ်ပြည်ထောင်စုဆိုတာကို အရင်တုန်းကတခါမှ အခုလိုဖက်ဒရယ်ပြည်ထောင်စု ဆိုပြီး မပြောဆိုကြဘူး။ အဲ့တော့ ကျနော်တို့နိုင်ငံကို ကျဆုံးနိုင်ငံ ပျောက်ဆုံးနိုင်ငံမဖြစ်သွားဖို့ ဖက်ဒရယ်နိုင်ငံပြန် တည်ထောင်ဖို့က အင်မတန်မှအရေးကြီးတယ်။ ကမ္ဘာ့နိုင်ငံကြား၊ ကမ္ဘာ့နိုင်ငံအသီသီးက လူတွေ ကျနော်တို့ကို ပြန်လည်အသိအမှတ်ပြုဖို့ မြန်မာလူထု ပြည်ထောင်စုသားတွေကို လေးလေးစားစားဆက်ဆံလာဖို့ အများကြီး လုပ်ဖို့လိုနေပြီ။

အဲ့တော့ ကျနော်တို့ ဖက်ဒရယ်အတွေးအခေါ်ကို မဆုပ်ကိုင်သ၍တော့ ဘယ်တော့မှမရဘူး။ အရင်အတိုင်းပဲ ပြည်တွင်းကိုလိုနီစနစ်နဲ့ ဆက်ပြီးသွားနေမယ်ဆိုလို့ကတော့ ဒီထက်မကပျက်ဆီးသွားမှာပဲဖြစ် တယ်။ အဲ့ဒါကြောင့် ဒီအချိန်မှာ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကိုပြန်လည် ဆုပ်ကိုင်ပြီးတော့ အားလုံးအတူတကွ ပြန်လည် ထူထောင်မှဖြစ်မယ်ဆို တာ အားလုံးရဲ့တာဝန်ဖြစ်တယ်လို့ ပြောချင်ပါတယ်။

၂။ မြန်မာပြည်အတွက် ဖက်ဒရယ် ပြည်ထောင်စုသစ် တည်ဆောက်ရေးခရီး ဘယ်အဆင့်ရောက် နေပြီလဲ။

မြန်မာပြည်ထောင်စုအတိုင်းအတာနဲ့ အဖြေတခုပြောဖို့က နည်းနည်းခက်တယ်။ အနည်းနဲ့အမြန်လည်း ကွားသွား တယ်၊ အတွေ့အကြုံဖြတ်သန်းမှုတွေပေါ်မှာလည်းမူတည်နေတယ်။ နောက်ပြီး ခေါင်းဆောင်မှုပိုင်းလည်း လိုတယ်။ လူငယ်တွေရဲ့လှုပ်ရှားမှု အားကောင်းမောင်းသန်မှု ဘယ်လောက်ရှိသလဲ ဒီအပေါ်တွေမှာလည်း အများကြီး မူတည် တယ်။ ယျေဘုယပဲပြောရမယ်ဆိုလို့ရှိရင်တော့ လူငယ်ခေါင်းဆောင်တွေကနေ ဦးဆောင်နေတဲ့ ဒေသတွေမှာဆို ရင်တော့ အတော်လည်း ရှေ့ကိုပြေးနေပြီ အားရစရာလည်းကောင်းတယ်။

စည်းလုံးမှုကိုလည်း တည်ဆောက်နိုင် ကြတယ်။ ခေါင်းဆောင်ပီပီ သူတို့ရဲ့ တာဝန်ကို ထမ်းဆောင်နိုင်တယ်။ နောက်ပြီး လမ်းလည်းပြ ပေးနိုင်သလို မျှော်လင့်ချက်တွေလည်းပေးနိုင်တယ်။ တချိန်တည်းမှာ ခေတ်နောက်ကျ သွားတဲ့ လူကြီးပိုင်းတွေ ဗဟုသုတနည်းတဲ့ လူကြီးပိုင်းတွေဦးဆောင်နေတဲ့ ဒေသတွေမှာကြတော့ စည်းလုံးမှုတွေ ပျက်ပြားတယ်၊ မျှော်လင့်ချက်တွေ ပျောက်ဆုံးတယ်၊ ပြည်သူတွေလည်း စိတ်ညှစ်ရတယ်။

ကွဲပြဲမှုတွေ အချင်းချင်းသတ်ဖြတ်မှုတွေ ရှိလာတယ်။ ဆိုတော့ လူငယ်နဲ့ လူကြီးက ပြဿနာဖြစ်လာတယ်။ လူကြီးပိုင်းကတွေအနေဲ့ လူငယ်တွေကို များများ နေရာပေးဖို့ လိုလာပြီ။ နောက်ပြီး ပြည်နယ်တွေကြားမှာ နယ်စည်းတွေခြားပြီး သီးသန့်လုပ်နေတာတွေရှိသလို တစ်ပြိုင်နည်းထဲ လူမျိုး၊ နယ်မြေမခြားဘဲနဲ့ လူငယ် အားလုံးကလည်း ဖက်ဒရယ်အယူအဆတွေကို အပြန်အလှန် ဖလှယ်ပြီးတော့ လှုပ်ရှားမှုတခုလည်း လုပ်ဖို့လိုအပ်တယ်။

ဒါမှသာလျှင် လက်ရှိမြန်မာပြည် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် မှု ခရီးဘယ်ထိရောက်ပြီလဲဆိုတာ တစ်ခုလုံးခြုံပြီးတော့ ပြောဖို့လွယ်မယ်။ နောက်ပြီး အုပ်စုသူလူဟောင်းတွေ အထူးသဖြင့် မြေပြန့်မှာရှိတဲ့ ဗမာညီအစ်ကိုတွေထဲမှာလည်း လူဟောင်းတွေရှိ တယ်။ ပဒေသရာဇ် အတွေးအခေါ် ဆွဲနေတဲ့လူတွေရှိတယ်။ ဒါတွေကိုလည်း ဖျောက်ဖျက်မှရမယ်။

၃။ လက်ရှိကာလအထိ ဖက်ဒရယ်ပြည်ထောင်စုအိမ်မက်ကို အကောင်အထည်မဖော်နိုင်သေးသည့် အဓိက အကြောင်း ရင်းတွေက ဘာလဲ။

ကျနော်တို့နိုင်ငံရဲ့ ပဋိပက္ခကို အခြေခံဥပဒေဆိုင်ရာ ပဋိပက္ခဆိုပြီးတော့ တစ်ချို့ကသုံးသပ်ကြတယ်။ ဒါကလည်း မှန်ပါတယ်။ ကျနော်ကလည်း လက်ခံပါတယ်။ ဒါပေမဲ့ သေသေခြာခြာ နက်နက်ရှိုင်းရှိုင်းစားကြည့် တဲ့အခါကြတော့ ဒီ Constitution of Crisis ထက်ကို ပိုပြီးတော့ နှက်ရှိုင်းသလားလို့ ကျနော်ခံစားရတယ်။ ဒီ Constitution of Crisis ကြောင့်လို့ မှန်သော်လည်းပဲ ဦးနု လုပ်သွားတဲ့ Constitution နဲ့ ဗိုလ်ချုပ်အောင်ဆန်း တကွ တိုင်းရင်းသား လူမျိုးအားလုံးအတူတကွလုပ်တဲ့ ပင်လုံအခြေခံတဲ့ Constitution နဲ့ မိုးနဲ့မြေလိုကွာသွားတယ်။

အဲ့သလိုကွာသွား တဲ့အတွက်ကြောင့် ထူထောင်ခြင်တဲ့နိုင်ငံရဲ့ သက်ရောက်မှုကလည်းမတူတော့ဘူး။ အဲ့သလို ကွာခြားရတဲ့ အကြောင်းအရင်းက အစကတည်းက အတွေးအခေါ်မတူကြတာ ကျနော်တို့နိုင်ငံမှာ အတွေးအခေါ်က လွန်ဆွဲတဲ့ သဘောဖြစ်သွားတယ်။ ဗိုလ်ချုပ်အောင်ဆန်း နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေအားလုံးက ဖက်ဒရယ်ကိုလည်း ယုံတယ်၊ ဒီမိုကရေစီကိုလည်း ယုံတယ်။

အဲ့သလိုယုံကြည်တဲ့အတွက် သူတို့က ဆုံမှတ်တစ်ခု အနေနဲ့ ဆုံကြတယ်။ အဲ့ဒီဆုံမှတ်ကို လမ်းခွဲသွားတဲ့သူတွေကတော့ ဦးနု တို့ ဦးချန်ထွန်း ဖြစ်တယ်။ ဖက်ဒရယ်ကနေ၊ ပင်လုံကနေ လမ်းခွဲသွားတယ်။ အဲ့တော့ ဒီနေ့အချိန်ထိ တောက်လျှောက် တိုင်းပြည် မီဟုန်းဟုန် တောက်ပြီးတော့ တိုင်းပြည် ချွတ်ခြုံကျသွားရတဲ့ အကြောင်းအရင်းက Constitution မဟုတ်တော့ဘဲနဲ့ ပထမ တော့ ဗမာပြဿနာပေါ့ဗျာ။

သူတို့ပြောတဲ့ တိုင်းရင်းသားပြဿ မဟုတ်ဘူး။ ဗမာပြဿနာဆိုတာက ဗမာခေါင်းဆောင်တွေက ကြီးစိုးခဲ့တာကိုး။ ဗိုလ်ချုပ်အောင်ဆန်းလည်း ဗမာ ကျနော်တို့ ယုံကြည်သာပဲ။ ဒါပေမဲ့ လူမျိုးကြီးဝါဒက ခေါင်းထောင်လာပြီးတော့ ရှေးဟောင်း ပဒေသရာဇ်အတွေးအခေါ်နဲ့ Constitution ရေးဆွဲပြီး တစ်ပြည်ထောင်စနစ်လုပ်လိုက်တဲ့အခါမှာ လူမျိုးရေးပြဿနာတက်လာတယ်။ အမှန်တာက လူမျိုးရေးပြဿနာ လည်းမဟုတ်ဘူး၊ အတွေးအခေါ်ပြဿနာ ဖြစ်သွားပြီ။

၃။ လက်ရှိ မြန်မာ့ဖက်ဒရယ် တည်ဆောက်ရေးချဉ်းကပ်မှုမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (EROs) အင်အားစုတွေကတော့ တော်လှန်ရေးသမိုင်းကြောင်းနောက်ခံတွေကနေ Bottom-Up Federalism လို့ခေါ်တဲ့ ပြည်နယ်အခြေခံကနေ စဉ်းစားချက်ကို ဦးတည်ပြီး Coming Together federalism ကို တွန်းကြတယ်။ ဒါပေမယ့် ဒီမိုကရေစီအင်အားစုတွေနဲ့ လေ့လာသူ တချို့ ဘက်ကတော့ Bottom-Up Federalism ဟာ ဖက်ဒရယ် ပြည်ထောင်စု ကို ဦးတည်ရာ ကနေ ဘော်လကန် နှိုက်ဇေးရှင်း (တိုင်းပြည်အစိတ်စိတ် အမွှာမွှာ ) ဖြစ်စေမယ့် အလားအလာကို ကူးပြောင်းသွားမလားဆိုတဲ့ စိုးရိမ်မှုကို ပြောလာကြပါတယ်။ holding together federalism ကို စဉ်းစားဖို့ ပြောလာကြ ပါတယ်။

Bottom-Up Federalism ကိုချဉ်းကပ်တဲ့အခါမှာ သတိပြုစရာတွေနဲ့ လူထုပါဝင်မှုတွေကို ပိုမိုအားကောင်း စေဖို့ ဘယ်လိုခြေလှမ်းမျိုးကို ပြင်ဆင် ဆောင်ရွက်သင့်သလဲ။

ကျနော်အရင်တုန်းကလည်း ပြောဖိုးပါတယ် Bottom-Up Federalism ကိုကြောက်နေတဲ့ လူတွေရှိနေတယ်ဆိုတာ ဒါကတော့ သာမန်ပြည်သူထဲကနေလူတွေကြောက်နေတယ်ဆိုတော့ ကြောက်စရာမလိုပါဘူးလို့ ပြောချင်ပါတယ်။ ပြည်သူအချင်းချင်းကြားမှာ Bottom-Up Federalism ကို ထူထောင်မယ်ဆိုလို့ရှိရင်တောင် ဘာမှကြောက် စရာမရှိဘူး။ ဘော်လကန် နှိုက်ဇေးရှင်း ဖြစ်စရာအကြောင်းလည်းမရှိဘူး။

ဒါပေမဲ့ ကျနော်တို့ အိမ်နီးနားချင်းနိုင်ငံ တွေက တခုမှကောင်းတာမဟုတ်ဘူး။ ဝင်စွက်ဖက်လာပြီးတော့ ကျနော်တို့ကို ခွဲမယ်၊ သူတို့ရဲ့ ကိုယ်ကျိုးစီးပွားတွေ အတွက် အမျိုးမျိုးစည်းရုံးသိမ်းသွင်းပြီး ဖဲ့သွားမယ်ဆိုလို့ ရှိရင်တော့ ဘော်လကန် နှိုက်ဇေးရှင်း ဖြစ်ကောင်းဖြစ်လာ နိုင်တယ်။ ဒါပေမဲ့ ကိုယ့်အချင်းချင်း စည်းစည်းလုံးလုံးနဲ့ ခိုင်မာတဲ့ အတွေးခေါ်နဲ့ ယုံယုံကြည်ကြည်တည်ဆောက် လက်တွဲနိုင်မယ်ဆိုလို့ ရှိရင်တော့  Bottom-Up Federalism က ဘာမှ ကြောက် စရာမလိုပါဘူး။

ဒါပေမဲ့ ဒီမိုကရေစီ အင်အားစုတစ်ချို့ကဆိုတဲ့အဟာကျတော့ မေးခွန်းထုတ်စရာဖြစ်လာတယ်။ ဘာလို့ရှိရင် ဒီမိုကရေစီအင်အားစုက Bottom-Up Federalism ကို ကြောက်နေတယ်ဆိုတော့၊ ဒီမိုကရေစီဆိုတာ ကိုက ပြည်သူအခြေပြုဖြစ်တယ် Bottom-Up ဆိုတာကိုကလည်း ပြည်သူအခြေပြုဖြစ်တယ်။ ပြည်သူအခြေပြုပြီး တော့ ဖက်ဒရယ်ကိုထူထောင် လိုက်လို့ရှိရင် ဒီမိုကရေစီပြတ်သုဉ်းသွားသလိုဖြစ်နေတယ်ဆိုလို့ရှိရင် အဲ့ဒီ ဒီမိုကရေစီ အင်အားစု ဆိုသူတွေက ဒီမိုကရေစီဆိုတာကိုရော တကယ်နားလည်သလားလို့၊ ယုံရောယုံသလားပေါ့နော။

ဒီမိုကရေစီအင်အားစု စစ်စစ် မှန်မှန်ဟုတ်ရောဟုတ်ရဲ့လားပေါ့။ ကျနော်တို့က ဖက်ဒရယ်လုပ်လိုက်ရင် ကွဲသွားမယ် ဖက်ဒရယ်ဆိုတာ ခွဲထွက် ရေးမူဖြစ်တယ်လို့ နှစ်ပေါင်းများစွာ ဂျင်းမိထားပြီးတော့ ဗမာညီအစ်ကိုတွေ ဘယ်တော့မှ စည်းရုံးလို့မရတဲ့အတွက် စစ်အာဏာရှင်သက်ဆိုးရှည် အမြစ်တွယ်နေတဲ့အတွက် ဒီနေ့အထိ ဆွဲထုတ်ဖို့ အတော်ခက်နေတာဖြစ်တယ်။ ဒါပေမဲ့ ဗမာညီအစ်ကိုတွေကိုလည်း မင်းတို့မသိလို့ဆိုပြီး လက်ညိုးထိုးနေရမဲ့ အချိန်မဟုတ်တော့ဘူး။ ဒီနေ့အချိန် မှာက အားလုံးပူပေါင်းပြီး အနာဂါတ်ကိုပဲ ဦးတည်သွားကြဖို့ အချိန်ရောက်ပါပြီ။

၄။ ဒီနေရာမှာ အိမ်နီးချင်းနိုင်ငံတွေရဲ့ အခန်းကဏ္ဍကို ပြန်ကြည့်မယ်ဆိုရင် အနီးစပ်ဆုံး သာဓ ကကတော့ လူအများ မျှော်လင့်ချက်ကြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာလည်း အိမ်နီးချင်းနိုင်ငံတွေ ရဲ့ ဖိအားပေးမှုကြောင့် တိုက်ပွဲ ရပ်စဲပြီးတော့ စစ်ကောင်စီနဲ့ တွေ့ဆုံရေး ဦးတည်သွားတယ်၊ ဒီလို တွေ ဆွေးနွေးကြပြီးနောက် လွတ်မြောက်ဒေသ တချို့လည်းထွက်ပေါ်လာခဲ့တယ်။ ဒါပေမယ့် ဖက်ဒရယ် တည်ဆောက်ရေးအတွက် ခိုင်မာတဲ့ လမ်းကြောင်းမှန်ပေါ် ရောက်မလာစေနိုင်သလို ဖြစ်နေတယ်။ ဒါကကော် ဖက်ဒရယ် တည်ဆောက်ရေးအတွက် ဘယ်လိုထည့်သွင်း စဉ်းစား သင့်ပါသလဲ။

၁၀၂၇ စစ်ဆင်ရေးကတော့ လူတွေကို တကယ်ပဲ ရင်သပ်ရှုမောဖွယ်ဖြစ်ရပါတယ်။ တစ်ပြည်လုံးရဲ့ အားရကျေနပ် ကြသလို ကမ္ဘာ့အမြင်မှာပါ တခါထဲပြောင်းလဲသွားစေတယ်။ တော်လှန်ရေးကနိုင်တော့မယ်ဆိုတာ အထိပေါ့။ ဒါပေမဲ့ ရုတ်တရက်ကြီး ရှမ်းမြောက်တချို့နယ်တွေကို သိမ်းပြီးတဲ့နောက်ပိုင်းမှာ တရုတ်ကဝင်ပြီးတော့ ညှိလိုက်တဲ့ အချိန် ငြိမ်းသွားတဲ့အခါကျတော့ တော်တော်လည်း တအံ့တဩလည်းဖြစ်သလို စိတ်ဓါတ်ကျမှုတွေလည်းရှိကြ တယ်။

ကြည့်လိုက်လို့ရှိရင် မြောက်ပိုင်းညီနောင် သုံးဖွဲ့ပေါ့ အဲ့ထဲမှာ PDF မန္တလေးတို့လည်း ပါတာပေါ့။ အရေးကြီး တာက ညီနောင်သုံးဖွဲ့ပေါ့။ သူတို့ထဲက ကိုးကန့်ကိုတော့ သပ်သပ်စဉ်းစားလို့ရတယ် ကိုးကန့်က တရုတ်စကားပြော တရုတ်ရဲ့လွှမ်းမိုးမှုကို တော်တော်များခံရတယ်လို့တော့ ကျန်အဖွဲ့တွေထက်စာရင် ပိုပြီးတော့ တရုတ်ရဲ့ဩဇာ လွှမ်းမိုးမှုရှိမယ်လို့ထင်တယ်။ ဒါပေမဲ့ တအာင်းနဲ့ရခိုင်ကတော့ နည်းနည်းကွာသွားတယ်။ ကျနော်တို့နဲ့ တစ်သားထဲ ပိုဖြစ်တာပေါ့လေ။

ဆိုတော့ ရခိုင်မှာဆက်ပြီးတိုက်နေတယ်။ ရခိုင်ဆိုတာလည်း ညီနောင်သုံးဖွဲ့ပဲလေ၊ သူ့ရည်မှန်းချက်က ရခိုင်ပြည် တစ်ခုလုံးသိမ်းမဲ့ပုံရှိတယ်လေ။ အစ ပိုင်းတွေမှာဆိုရင် ရခိုင်ပြည်ကတိုက်ပွဲတွေကို ကြေညာတိုင်း ကြေညာတိုင်း မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ နာမည်နဲ့ ကြေညာသေးတယ် နောက်ပိုင်းကြမှ AA အနေနဲ့ သီးသန့်ပြန်ကြေညာ တာရှိတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ရခိုင်မှာ သီးခြားလက္ခဏာရှိတယ်။

 တအာင်းမှာ လည်း သီးခြားလက္ခဏာရှိတယ် ဒီနေ့ပြန်ပြီး စကစနဲ့ စစ်ပြန်ဖြစ်နေပြီလေ။ စစ်ကောင်စီကလည်း သူ့ရဲ့အကျင့် အတိုင်း အာဏာရှင်တွေက ငြိမ်းချမ်းရေးကို ဘယ်တော့ကမှ ပီပီပြင်ပြင်လုပ်ခဲ့တာမရှိခဲ့ဘူး။

ကျနော်တို့က ဘယ်တုန်းကမှမယုံခဲ့ဘူး။ ၁၉၆၂ ခုနှစ် အာဏာသိမ်းပြီးကတည်းက တစ်သက်လုံးမယုံခဲ့ဘူး။ သူတို့ရဲ့ငြိမ်းချမ်းရေး ဆိုတာက ပြန်ပြန်ပစ်ကြတာပဲ အခုလည်း ရှမ်းမြောက်မှာ တရုတ်ရဲ့ ကမကထနဲ့ အပစ်ရပ်စဲတယ်ဆိုပေမဲ့ စစ်ကောင်စီက ပြန်ပြန်ချိုးဖောက်ပြီးတော့ ပြန်ပစ်ခတ်ကြတာပဲ။

အဲ့တော့ ဒီနှစ်ဖွဲ့ကတော့ ဆက်ထလိမ့်မယ်လို့ တော့ ထင်တယ်။ သို့သော်လည်းပဲ ရခိုင်ပိုင်းကိုတော့ နည်းနည်းစဉ်းစားရခက်တယ်။ ရခိုင်က တောက်လျှောက် တော့ ပြောနေတာပဲ ဆက်လက်တိုက်ပွဲဝင်မယ်။ သူတို့ရဲ့ ရက္ခိတလမ်းစဉ်ကို ဆက်လက်အကောင်အထည် ဖော်မယ်။ ပြည်ထောင်စုထဲမှာ Confederation ထက်မနိမ့်တဲ့အဆင့် လိုချင်တယ်လို့ပြောတယ်။ ဒီဟာကို ရအောင်တော့ ကျနော်တို့အားလုံးနဲ့ ပေါင်းပြီးတော့ ဆက်လက် တိုက်ပွဲဆင်နွှဲမယ်လို့တော့ကျနော်ထင်ပါတယ်။

Related Articles

Back to top button