သတင်းဆောင်းပါး

၂၁ ရာစုရဲ့ နရသူ(ခေါ်) သာသနာဖျက် စစ်ခေါင်းဆောင်

၂၁ ရာစုရဲ့ နရသူ(ခေါ်) သာသနာဖျက် စစ်ခေါင်းဆောင်

ဥာဏ်လင်းပြည့် | သတင်းဆောင်းပါး

ခေတ်အဆက်ဆက်မြန်မာနိုင်ငံရဲ့ သမိုင်းမှာ နိုင်ငံရေးပြဿနာကို ဘာသာရေးပြဿနာအဖြစ် ပြောင်းလဲ ပုံဖော်တက်ကြတယ်။ ဒါကလည်း မြန်မာလူမျိုးတွေရဲ့ ဘာသာရေးသက်ဝင်ယုံကြည်မှုက အုပ်ချုပ်သူတွေ လွယ်လွယ်ကူကူအယုံသွင်းလို့ရတဲ့ အားနည်းချက်တစ်ခုလို ဖြစ်နေလို့ပါပဲ။ ၂၁ ရာစုရောက်နေတဲ့ အချိန်မှာတောင် ဒီလိုအတွေးအခေါ်ကိုလက်ကိုင်ထားပြီး တိုင်းပြည်အုပ်ချုပ် မင်းလုပ်ချင်နေတဲ့သူက ရှိနေတုန်းပါပဲ။

အာဏာသိမ်းလိုက်တဲ့ အချိန်ကစပြီး မိမိကိုယ်ကို သာသနာပြုမင်းလို့ ခံယူထားတယ်။ တစ်ဖက်မှာ ဘုရားတည်ပြတယ်။ ထီးတင်ပြတယ်။ သာသနာကို လာဘ်လာဘ ဘုန်းကြီးတွေနဲ့ ပြုတယ်။ အမျိုး ဘာသာ သာသနာဆိုတဲ့ ခေါင်းစဥ်တပ်ပြီး ကိုယ်ကျိုးရှာ ဘုန်းကြီးတွေက ထောက်ခံကြတယ်။ ဒါကလည်း ၂၀၂၁ နွေဦးတော်လှန်ရေးမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် အာဏာတည်မြဲရေးကို တစ်ထောင့်တစ်နေရာကနေ အထောက်အကူပြုနေတယ်။

မိမိကိုယ်ကို သာသနာပြုမင်းလို့ ကြွေးကြော်နေသူ၊ သာသနာပြုမင်းဖြစ်ချင်လွန်းလှတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ မျက်နှာဖုံးက ၂၀၂၄ ခုနှစ် ဇွန်လ ၁၉ ရက်နေ့မှာ သိသိသာသာကွာကျသွားခဲ့တော့တယ်။ ဇွန်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီခွဲ ဝန်းကျင်အချိန်ခန့်မှာ နိုင်ငံတော် သံဃမဟာနာယက ပဲခူးမြို့ ဝင်းနိမ္မိတာရုံ ဆရာတော်ကြီး ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ နှင့် ရန်ကုန် ကံသုံးဆင့်ဆရာတော် ဘဒ္ဒန္တ ဂုဏိကာဘိဝံသတို့ လိုက်ပါစီးနင်းလာသော ကားကို ငါန်းဇွန်းမြို့သာ လမ်းပိုင်းမှာ စစ်ကောင်စီတပ်သားများက ပစ်ခတ်ခဲ့ကြတယ်။ ထိုပစ်ခတ်မှုကြောင့် ဝင်းနိမ္မိတာရုံ ဆရာတော်ကြီး ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ က နေရာမှာတင် ပျံလွန်တော်မူခဲ့ရပါတယ်။

အဆိုပါပစ်ခတ်မှုကို စစ်ကောင်စီတပ်မှ ဝန်ခံခြင်းမရှိပဲ တော်လှန်ရေးတပ်ဖွဲ့များရဲ့ ပစ်ခတ်မှုကြောင့် ဆရာတော်ပျံလွန်တော်မူရတယ်လို့ အမျိုးမျိုးလိမ်ညာ ထုတ်ပြန်ကြေညာခဲ့တယ်။

စစ်ကောင်စီမှ အမျိုးမျိုးလိမ်ညာထုတ်ပြန်ခဲ့သော်လည်း ဖြစ်စဥ်တွင် ကိုယ်တိုင်ပါဝင်ခဲ့ပြီး အသက်ဘေးမှ လွတ်မြောက်ခဲ့တဲ့ ကံသုံးဆင့်ဆရာတော်မှ အများပြည်သူများအရှေ့တွင် စစ်ကောင်စီတပ်သားများမှ ပစ်ခတ်ခဲ့ ကြောင်း ဖွင့်ဟ မိန့်ကြားပါတော့တယ်။

” Faw ကားပေါ်ကနေ ၇ ချက် ၈ ချက်လောက်  ပစ်ခတ်ခဲ့ပါတယ်။ ဘုရားတပည့်တော်ရဲ့ သင်္ကန်းတွေ သွေးအလိမ်းလိမ်း အကပ်ကပ်ဖြစ်နေပါတယ်။ ကားထဲကို ကြည့်လိုက်တဲ့အခါမှာ အရှင်ဘုရားတို့ရဲ့ ညီတော် နောင်တော်၊ ဒါကာ ဒါယိကာမတို့ရဲ့ ဝင်းနိမ္မိတာရုံ ဆရာတော်ဟာ ခေါင်းငိုက်စိုက်ပြီး အသက်မရှိတော့ပါဘူး ဘုရား ” လို့ မျက်မြင်ကြုံတွေ့ခဲ့ရတဲ့ အခြေအနေကို မိန့်ကြားပါတယ်။

” ခင်ဗျားတို့ ရက်စက်လှချည်လားဗျာ၊ ဘုန်းကြီးတွေကို ဒီလောက်အထိ ရက်စက်ရလား ” လို့ ပစ်ခတ်မှုဖြစ်တဲ့ နေရာမှာပင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကံသုံးဆင့်ဆရာတော်မှ မေးခွန်းထုတ်ခဲ့ပါတယ်။

” အရှင်ဘုရားတို့ကဗျာ ဘုန်းကြီးမှန်း မသိလို့ပါ၊ ကားတံခါးလည်း ပိတ်လာတော့ ရန်သူကားထင်လို့ ပစ်ပါတယ် ဘုရား” လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝန်ခံခဲ့ကြောင်းကိုလည်း ဆရာတော်မှ ပြန်လည် ပြောပြခဲ့ပါတယ်။

ဝင်းနိမ္မိတာရုံ ဆရာတော်ကြီး ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ ဟာ ဝိနယာဓိက ပရိပတ္တိ ပထမကျော် နှင့် နိုင်ငံတော်အစိုးရ ပထမကျော် စသည့် ဘွဲ့များအပြင် ဘွဲ့ပေါင်း ၁၀ ခုကျော်ကိုလည်း ရရှိထားသော ဆရာတော်တစ်ပါးဖြစ်ပါတယ်။

ဒါ့အပြင့် ဆရာတော်က နိုင်ငံတော် သံဃမဟာနာယက အဖွဲ့၏ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပြီး စစ်ကောင်စီ၏ အာဏာသိမ်းမှုကို ရှုံ့ချကာ ပြည်သူများနှင့်အတူ ရပ်တည်ခဲ့တဲ့ ဆရာတော် တစ်ပါးလည်းဖြစ်ပါတယ်။ စစ်ကောင်စီ၏ ပသ်ခတ်မှုကြောင့် ဆရာတော်ကြီး ပျံလွန်တော်မူပြီးချိန်မှာ ရဟန်းသံဃာထုရဲ့ လှုပ်ရှား အုံကြွမှုကြီးလည်း သိသိသာသာ တိုးမြှင့်လာခဲ့တယ်။

ရဟန်းသံဃာထုရဲ့ လှုပ်ရှားအုံကြွမှုကို တွေ့ရတဲ့အခါမှာ မြန်မာ့သမိုင်းမှာ သာသနာဖျက်မင်းဆိုတဲ့ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ နရသူ(ခေါ်)ကုလားကျမင်းကို ပြေးမြင်ယောင်မိတော့တယ်။ နရသူက အလောင်းစည်သူမင်းရဲ့ သားတော်ထဲက အငယ်တစ်ယောက်ဖြစ်တယ်။ အလောင်းစည်သူမင်းနာမကျန်းဖြစ်နေချိန်မှာ ဖခင်ကို အမြန်သေစေလိုတဲ့ ဆန္ဒနဲ့ ရွှေဂူကြီးဘုရားထဲသွင်းကာ စောင်၊ ခေါင်းအုံးတို့ဖြင့် ဖိညှပ်သတ်လိုက်တယ်။ ဖခင်နတ်ရွာစံတာကို သိပြီးချိန် သားတော်ကြီး မင်းရှင်စောက ပုဂံကို စစ်ချီလာခဲ့တော့တယ်။ နရသူလည်း အကိုဖြစ်သူကို ကြောက်လန့်ကာ ပံ့သကူ မထေရ်ထံချဥ်းကပ်ခဲ့တယ်။ ထို့နောက် နရသူက နောင်တော် မင်းရှင်စောမှာ စစ်သည်တော် အလုံးအရင်းနဲ့လာမယ့်အစား တစ်ဦးတည်းလာရောက်လျှင် နန်းတင်ပါမည်ဟု ပံ့သကူ မထေရ်ထံ သစ္စာဆိုခဲ့တယ်။ ထိုစကားကို ယုံကြည်တဲ့ မထေရ်လည်း မင်းရှင်စောထံ သွားရောက် အကျိုးအကြောင်းပြောပြပြီး နန်းတော်သို့ ခေါ်ဆောင်လာခဲ့တယ်။ ပံ့သကူမထေရ်ဆိုတာ အရှင်အရဟံရဲ့ နေရာကို ဆက်ခံတဲ့ မထေရ်ဖြစ်ပြီး ပုဂံတစ်ပြည်လုံးက ကိုးကွယ်ဆည်းကပ်ကြတယ်။

မင်းရှင်စောရောက်သော် နရသူလည်း ကတိအတိုင်း ထီးနန်းတင်ပေးခဲ့ကာ မင်းရှင်စော ဘုရင်ဖြစ်ပြီး တစ်ရက်ပင်မကြာခင်မှာ နရသူရဲ့ အကြံနဲ့ ညစာတွင် အဆိပ်ခတ်လုပ်ကြံသတ်ဖြတ်ကာ ပုဂံထီးနန်းကို အဓမ္မ သိမ်းပိုက်ခဲ့တယ်။ သာသနာဂိုဏ်းချုပ်ကြီး အရှင်ပံ့သကူမထေရ်လည်း နရသူရဲ့ အပြုအမှုကို ကန့်ကွက်ရှုံ့ချပြီး ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တယ်။

” ဟဲ့ မင်းဆိုးမင်းညစ်၊ မင်းဟာ သံသရာမှာ ခံရဦးမယ့် မကောင်းမှုကိုမှ မကြောက်၊ လောကမှာ မင်းလောက် ပျက်တဲ့ မင်း မရှိတော့ဘူး”

နရသူကလည်း မျက်နှာပြောင်တိုက်တယ်။ ပံ့သကူမထေရ်လည်း ကတိမတည်တဲ့ မင်းဆိုးမင်းညစ်ဆီမှာ မနေချင်တာကြောင့် သီဟိုဠ်ကို ပြန်ကြွတော်မူတော့တယ်။ ဒီ ကိစ္စက သံဃာထုကြားမှာ အတော်လေး ရိုက်ခတ်သွားပြီး သာသနာပိုင်ဟာ သီဟိုဠ်ကို ကြွသွားတဲ့အခါ မြို့ရွာတွေမှာ သံဃာထုက မငြိမ်မသက် ဖြစ်လာတယ်။ သပိတ်မှောက်ကြ၊ ဆန္ဒပြကြတယ်။ ပြည်သူလူထုကလည်း ရဟန်းတွေဘက်ကပါတော့ အင်အား တော်တော်ကြီးတယ်။ ဒီတော့ နရသူရဲ့ ထီးနန်းအတွက် အန္တရာယ်ကြီးတစ်ခုဖြစ်လာတော့တယ်။

ထိုအချိန်မှာ အပျော်အပါးတွေ၊ ပွဲလမ်းသဘင်တွေလုပ်ပေးခြင်း နဲ့ အမျိုးသမီးတွေနဲ့ သွေးဆောင်ဖြားယောင်း ခြင်းတို့ဖြင့် ရဟန်းတွေ လူထွက်အောင် ပြုလုပ်ခဲ့ကြတယ်။ သို့ပင်မဲ့လည်း လူထွက်တဲ့ရဟန်းအရေအတွက်မှာ နည်းပါးတဲ့အတွက်ကြောင့် နရသူက “လူထွက်မလား၊ အသေခံမလား” ဆိုတဲ့ အမိန့်တစ်ခုကို ထုတ်ပြန်ခဲ့တယ်။

ရဟန်းတွေကို တွေ့ရင် ဖမ်းတယ်။ ဖမ်းပြီးရင် လူထွက်ခိုင်းတယ်။ ထွက်ခိုင်းလို့ မရရင် သတ်ပစ်တာတွေ လုပ်ခဲ့တယ်။ တချို့ ရဟန်းတွေကလည်း အသတ်ပင် အသေခံပြီး လူမထွက်ခဲ့ကြဘူး။ တချို့ရဟန်းတွေကလည်း ထွက်ပြေးတိမ်းရှောင်သွားရင်း ပုဂံမှာ ရဟန်းသံဃာတွေ ပျောက်ခြင်းမလှ ပျောက်သွားခဲ့ရတယ်။ နရသူဟာ သူ့ထီးနန်းအတွက် ရဟန်းသံဃာတွေကို ခေါင်းဖြတ် သတ်ခဲ့တဲ့ မြန်မာ့ရာဇဝင်က ပထမဆုံး မင်းတစ်ပါးပါပဲ။ နရသူဟာ ကိုယ့်အာဏာတည်တံ့ရေးအတွက် ရဟန်းသံဃာပါမကျန် အပြတ်ရှင်းခဲ့တဲ့ အကုသိုလ်ကြောင့် သူ့ရဲ့ ဘဝ နိဂုံးကလည်း မလှခဲ့ပါဘူး။

အခုချိန်မှာ ခေတ်သစ် နရသူလို့ တင်စားခေါ်ဝေါ်လို့ရတဲ့သူကတော့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ပါပဲ။ စစ်ခေါင်းဆောင်ဟာ အာဏာစသိမ်းပြီးကတည်းက သူ့ကို ဆန့်ကျင် ကန့်ကွက်တဲ့ ရဟန်းသံဃာမှန်သမျှကို ဖမ်းဆီးချုပ်နှောင်ခဲ့တယ်။ ဒါ့အပြင် စစ်တပ်ရဲ့ ယုတ်မာရိုင်းစိုင်းမှုဟာ ကလေးသူငယ်က အစ ရဟန်းသံဃာပါမကျန်လအကုန် သတ်ဖြတ်ပစ်ခဲ့တယ်။ ဘုန်းကြီးကျောင်းတွေ အပေါ်ကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျလို့ ပျံလွန်တော်မူခဲ့တဲ့ ရဟန်းအရေအတွက်မှာလည်း မနည်းလှပေ။ ဒီရက်ပိုင်းထဲမှာပင် မြင်းခြံမြို့ ဆခမကျေးရွာကျောင်းဆရာတော်ကိုလည်း စစ်ကောင်စီတပ်က ထပ်မံသတ်ဖြတ်ခဲ့ ပြန်တယ်။ အလားတူပင် လွန်ခဲ့တဲ့ နှစ်က နန်းနိမ်ကျေးရွာက ဘုန်းကြီးကျောင်းမှာ ဘုန်းကြီး ၃ ပါးနဲ့ အရပ်သားတချို့ကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေ ပြုလုပ်တယ်လို့ ခေါင်းစဥ်တပ် စွပ်စွဲခဲ့ကြပြန်တယ်။

ဤကဲ့သို့ ရဟန်းသံဃာတွေကို အမျိုးမျိုးသတ်ဖြတ်နေသော်လည်း စစ်ခေါင်းဆောင်ဟာ မိမိကိုယ်မိမိ သာသနာ ပြုမင်းဟု အမည်ခံထားဆဲပင်ဖြစ်တယ်။ စစ်ခေါင်းဆောင်၏ သာသနာပြုပုံမှာ နရသူရဲ့ ဓမ္မရံကြီး ဘုရားကို တည်သလို နေပြည်တော်မှာလည်း ထိုင်တော်မူဘုရားတစ်ဆူတည်ပြီး မိမိလိုလိုက် အကြိုက် ဆောင်မယ့် လာဘ်လာဘရှာ ဘုန်းကြီးတွေနဲ့သာ သာသနာပြုခြင်းဖြစ်တယ်။ နရသူလက်ထပ်မှာ သာသနာပိုင် မထေရ်က နရသူ၏ မကောင်းမှုကို လက်မခံနိုင်ကြောင်း ကန့်ကွက်ခဲ့ပင်မဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် လက်ထပ်မှာတော့ မိမိကိုယ်ကို သောဠသမရွှေကျင်သာသနာပိုင်လို့ အမည်ခံထားတဲ့ သီတဂူဘုန်းကြီးကတော့ စစ်ခေါင်းဆောင်ရဲ့ မကောင်းမှုတွေ ကို မငြင်းဆန်နိုင်ခဲ့ပေ။

သီတဂူဘုန်းကြီးကတော့ စစ်အာဏာရှင် မင်းအောင်လှိုင်ရဲ့ အမှားကို သိမြင်ပါလျှက်နဲ့ မိမိ၏ လာဘ်လာဘ တစ်ခုတည်းအတွက် ဗုဒ္ဓ ရဲ့ အဆုံးအမနဲ့ မညီညွှတ်သော တရားများကိုပါ ဟောပြောတော်မူလေတော့တယ်။

” မြတ်စွာဘုရားရှင်က အသက်အန္တရာယ် လုပ်ကြံခံရမည်ကို စိုးရိမ်ပြီး သံဃာတော် ၅၀၀ နဲ့ အမြဲတမ်းခြံရံ ကြွချီလှည့်လည်တော်မူသည် ” ဟု အမှန်အမှား ပြောသင့်မပြောသင့် မစဥ်းစားပဲ မဟုတ်တမ်းတရားတွေ ပြောခဲ့ပြန်တယ်။

စစ်ခေါင်းဆောင်ရဲ့ အတုယောင် သာသနာပြုဘုရားကိုလည်း သူ့အလိုတော်ကျ မြှောက်ပင့်ပြီး Smiling Buddha လို့ အမည်တပ်ဟောပြောခဲ့တာလည်း ရှိပြန်တယ်။

ဗုဒ္ဓဘာသာရဲ့ အနှစ်သာရမှာ ဒါန၊ သီလ၊ ဘာဝနာဆိုတာကို အခြေခံထားပင်မဲ့ တရားဟောတိုင်း ဒါနကို ရှေ့တန်းတင်ပြီး သီလနဲ့ ဘာဝနာကို ထည့်မဟောခဲ့ကြ။ ဒါနကို အကြောင်းပြကာ “မရှိလို့ မလှူ၊ မလှူလို့ မရှိ” ဟုဆိုတာ သူတောင်းစားခွက်ထဲက ပိုက်ဆံပါ အလှူခဲ့ပြီး ကားအကောင်းစားကြီး ဝယ်စီးချင်တဲ့ ဘုန်းကြီးတွေက မြန်မာ့သာသနာမှာ အများအပြားပါပဲ။ သီတဂူဆိုသည်မှာလည်း ထိုဘုန်းကြီးထဲက ပထမတန်းစား လာဘ်လာဘဘုန်းကြီးတစ်ပါးဖြစ်၏။

သီတဂူဆိုတာ မိမိကိုယ်တိုင်က ခြင်ကိုက်တာကိုတောင် သည်းခံနိုင်ခြင်းမရှိပဲ၊ ဝင်းနိမ္မိတာရုံကျောင်းဆရာတော်ကို  စစ်ကောင်စီတပ်က သေနတ်နဲ့ ၇ ချက် ၈ ချက် ပစ်သတ်လိုက်တာကိုတော့ “သည်းခံပါ၊ ခွင့်လွှတ်ပါ၊ မေ့ပျောက်တော်မူပါ ” လို့ စစ်ခေါင်းဆောင် အလိုကျ ဟောပြောခဲ့ပြန်တယ်။

သီတဂူလောက်နဲ့ သာသနာပြုနေတဲ့ စစ်ခေါင်းဆောင်တို့အဖို့မှာလည်း ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသကို ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်း ဖြစ်စဥ်ကိုသာလျှင် မငြင်းသာ၍ ဝန်ခံခဲ့ရခြင်းဖြစ်တယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ တောင်းပန်ချက်ထဲမှာ စစ်ကောင်စီဟာ မိမိအမှားကို မှားပါတယ်လို့ ဝန်ခံတောင်းပန်ခြင်းမျိုးမဟုတ်ဘဲ တစ်ဖက်ရဲ့ အမှားကြောင့် သူတို့က ဒီအမှားကို ကျူးလွန်ခဲ့ရကြောင်း ဆိုတာမျိုးနဲ့ မိမိရဲ့ အပြစ်ကို ဖုံးကွယ်ချင်တဲ့ သဘောနဲ့သာ တောင်းပန်ခဲ့ခြင်းဖြစ်တယ်။

မည်သို့ပင်ဆိုစေကာမူ စစ်ကောင်စီရဲ့ ယခုကျူးလွန်မှုကိုတော့ ရဟန်းသံဃာထုက ခွင့် လွှတ်မည် မဟုတ်ချေ။ ရဟန်းသံဃာတွေရဲ့ ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှာလည်း တဖြည်းဖြည်း အင်အားကြီးထွားလာခဲ့ပြီး။ မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီဟာ ရဟန်းတို့ရဲ့ ပတ္တနိက္ကုဇ္ဇနကံဆောင်သင့်တဲ့ အချက် ၈ ချက်လုံးနဲ့ ကိုက်ညီနေတာ ဖြစ်ပါတယ်။

ဆရာတော် သံဃာတော်တွေရဲ့ ကံဆောင် သပိတ်က လက်ရှိနွေဦးတော်လှန်ရေး အတွက် များစွာအထောက်အကူပြုဖြစ်လာနိုင်တယ်ဆိုတာကို တော်လှန်ရေး အင်အားစုတွေကလည်း ယုံကြည် လျှက် ရှိပါတယ်။ ပြည်သူလူထု လူတန်းစားတွေသာမက ရဟန်းသံဃာတွေပါ တညီတညွတ်တည်း ဆန့်ကျင် လာတဲ့ ခေတ်သစ် သာသနာဖျက်မင်းအောင်လှိုင် အတွက်ကတော့ နရသူကဲ့သိုပင် မရှုမလှ သေခြင်းတရားတွေနဲ့ ရောက်တော့မယ့် နိးဂုံးချုပ်မယ့် အချိန်ကို ပြည်သူတစ်ရပ်လုံးကလည်း မျှော်လင့်လျှက်ရှိနေပါပြီ။

ဥာဏ်လင်းပြည့်

Related Articles

Back to top button