၁။ ကျောက်မဲ၌ တိုက်ပွဲပြင်းထန်၊ လက်နက်ကြီးထိမှန်၍ အမျိုးသမီးတစ်ဦး အပါအဝင်၂ ဦး သေဆုံးပြီး ၄ ဦးဒဏ်ရာရ June 25, 2024
သျှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တို့ ယနေ့ (ဇွန် ၂၅ ရက်) နံနက်ပိုင်းကစပြီး တိုက်ပွဲပြင်းထန်နေရာ လက်နက်ကြီးထိမှန်၍ အမျိုးသမီး တစ်ဦး အပါအဝင်၂ ဦး သေဆုံးပြီး ၄ ဦးဒဏ်ရာရခဲ့ကြောင်း စုံစမ်းသိရသည်။ တိုက်ပွဲ စတင်ပြီးနောက် ကျောက်မဲမြို့၊ ရပ်ကွက်(၈)၊ ထုံးဖိုရှိ အခွန်လွတ် ဈေးအနီး လက်နက်ကြီး ကျရောက်၍ အမျိုးသားတစ်ဦးသေဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရပ်ကွက်နေ ပြည်သူများ ကျောက်မဲလေးနှင့် နားပြိန်းကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။ အလားတူ ကျောက်မဲမြို့၊ ရပ်ကွက် (၉)၊ တိလင်ရပ်တွင် အမျိုးသမီးတစ်ဦး ဦးခေါင်းကျည်ထိမှန်သေဆုံးပြီး ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ပန်ပေါင်းကျေးရွာသို့ လက်နက်ကြီးကျရောက် ပေါက်ကွဲရာ အသက် (၁၄)နှစ်အရွယ် အမျိုးသမီးတစ်ဦး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ကျောက်မဲ ဒေသခံများက ပြောသည်။“လက်ရှိ ကနဦး သိရသလောက်ဆိုရင် သေတာ ၂ ယောက်ရှိပြီ၊ ဒဏ်ရာရတာ ၄ ယောက်။ ရပ်ကွက် (၈) အခွန်လွတ်ဈေးမှာ တစ်ယောက်၊ တိလင်ဘက်မှာ တစ်ယောက်။ ၂ ယောက်ဆုံးတာ။ လက်ရှိအချိန်ထိတော့ ရှုပ်ထွေးနေဆဲ ပဲ။ လက်နက်ကြီးကျပြီး မြို့ထဲတိုက်ပွဲဖြစ်ပြီလို့ပြောလို့ရတယ် ဘယ်သူမှအပြင်မထွက်ရဲတော့ဘူး”ဟုကျောက်မဲမြို့ခံ အမျိုးသား က ရှင်းပြသည်။
ယနေ့ နံနက် ၆ နာရီခန့်မှ စတင်ပြီး ကျောက်မဲမြို့ အခြေစိုက် စစ်ကောင်စီတပ် ခလရ (၅၀၁) (၅၀၂) နှင့် TNLA တို့ ပစ်ခတ်မှုဖြစ်ပွားပြီး တပြိုင်နက်ပင် ကျောက်မဲမြို့ အနီးရှိ ငြိမ်းချမ်းရေးကုန်း၊ နားအိုက်ခန့်၊ စခန်းသာနှင့် လုံဝယ်ကျေးရွာအနီးတို့ တွင် တိုက်ပွဲ ဖြစ်ပွားနေရာ လက်ရှိ သီပေါ၊ ကျောက်မဲ၊ နောင်ချို တဝိုက် စစ်လေယာဉ် ပျံဝဲနေကြောင်း ကျောက်မဲ ဒေသခံများက ပြောသည်။“၂ ဖက်စလုံးကတော့ ချိန်နေတာပေါ့၊ အရမ်းနီးနီးကပ်ကပ် ပစ်ကြတာမျိုးတော့ မဖြစ်သေးဘူး။ လက်နက်ကြီး ပစ်တာတော့ ရပ်ကွက်တွေထဲကျပြီး အရပ်သား ထိခိုက်သေဆုံးတာရှိတယ်။ မနက် ၆ နာရီလောက်မှာ TNLA နဲ့ စစ်တပ်နဲ့ စပြီးပစ် ကြတာ။ ၅၀၁/၅၀၂ တပ်နဲ့နီးတဲ့နားလေးတော့ ထွက်ပြေးကြရပြီ”ဟု ကျောက်မဲဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ ယနေ့ နံနက် ၇ နာရီခန်က နောင်ချိုမြို့နယ်တွင်လည်း စစ်ကောင်စီတပ်နှင့် TNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားနေရာ စစ်ကောင်စီတပ် စခန်းချထားသည့် ပြည်ထောင်စုလမ်းမပေါ်ရှိ အုမ္မတီး၊ အုမ္မခါး၊ ရေမောင်းတန်းနှင့် ကျောက်ကြမ်းကျေးရွာ တို့တွင် တိုက်ပွဲပြင်းထန်နေကြောင်း နောင်ချိုဒေသခံများက ပြောသည်။ ယမန်နေ့ (ဇွန်လ ၂၄ ရက်) ညသန်းခေါင်ကလည်း ကျောက်မဲမြို့နယ်၊ ပိန်းအင်ကျေးရွာကို စစ်ကောင်စီလေကြောင်းက ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံတစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများက ဆိုသည်။ Readnifull
၂။ NCA အပစ်ရပ် ၇ ဖွဲ့နှင့် UNA အဖွဲ့ဝင်ပါတီများ တွေ့ဆုံမည်
June 24, 2024
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့နဲ့ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်(UNA) အဖွဲ့ဝင်နိုင်ငံရေးပါတီတွေနဲ့ ဖွဲ့စည်း ထားတဲ့ ဖက်ဒရယ်ဖော်ဆောင်ရေး ပြည်သူ့ကိုယ်စားလှယ်များကော်မတီ (PRCF) တို့ ဇွန် ၂၇ ရက်မှာ ပထမဆုံးအကြိမ် တွေ့ဆုံ ကြဖို့ရှိပါတယ်။ NCA အပစ်ရပ် ၇ ဖွဲ့အနေနဲ့ လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ နိုင်ငံရေးနဲ့ စစ်ရေး အကျပ်အတည်းတွေကို ကျော်လွန်နိုင်မယ့် နည်းလမ်းတွေအတွက် ဆန့်ကျင်ဘက် အဖွဲ့အစည်းတွေ အပါအဝင် ဘယ်အဖွဲ့အစည်းမဆို တွေ့ဆုံဆွေးနွေး ဖို့ လိုအပ်တာကြောင့် အရပ်ဖက်အဖွဲ့အစည်းတွေ အပါအဝင် နိုင်ငံရေးပါတီတွေနဲ့ပါ တွေ့ဆုံနိုင်ဖို့အတွက် ကြိုးစားဆောင်ရွက်နေ တယ်လို့ NCA အပစ်ရပ်လက်မှတ်ထိုး ၇ ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောပါတယ်။“PRCF နဲ့ ကျနော်တို့တွေ့တယ်ဆိုတာကလည်းပဲ ကျနော်တို့ တနိုင်ငံလုံးကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့အတွက် သူတို့ ဘက်က စဉ်းစားချက်တွေ အကြံဉာဏ်တွေက ရှိကြမှာပဲဆိုတော့ မတွေ့တာထက်စာရင် တွေ့ဆုံပြီးတော့ အကြံဉာဏ် အမြင်ဖလှယ်တာတို့ လုပ်ခြင်းကသာလျှင် အမှတ်တကယ်လိုအပ်နေတဲ့ သက်ဆိုင်သူတွေ အားလုံးပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲကို တဆင့်ပြီးတဆင့် အခက်ခဲအမျိုးမျိုးကြားက လုပ်နိုင်တဲ့ အတိုင်းအတာ တခုအနေနဲ့ လုပ်ဆောင်ခြင်းဖြစ်ပါတယ်။” အပစ်ရပ်ထားတဲ့ တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင် ၇ ဖွဲ့အနေနဲ့ အခု PRCF နဲ့တွေ့ဆုံမှုတင်မဟုတ်ဘဲ လက်ရှိနိုင်ငံရဲ့ အခက်အခဲအကျပ်အတည်းကို ကျော်လွှားနိုင်ဖို့အတွက် ပါဝင်သင့် ပါဝင်ထိုက်တဲ့အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံဆွေး နွေးဖို့ ကြိုးစားမှု ရှိတယ်လို့ ဆိုပါတယ်။
UNA အဖွဲ့ဝင် နိုင်ငံရေးပါတီတွေဘက်ကလည်း အခုလို တွေ့ဆုံမှုရှိတယ်ဆိုတာကို အတည်ပြုပေမဲ့ဘာအကြောင်းအရာ တွေ ဆွေးနွေးကြမလဲဆိုတာကိုတော့ ပြောဆိုခြင်းမရှိပါဘူး။ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကတော့ NCA စာချုပ်ပါအတိုင်း ပြည်ထောင်စုကြီး ငြိမ်းချမ်းဖို့ နိုင်ငံရေးပါတီတွေနဲ့ အပစ်ရပ်အဖွဲ့တွေအားလုံး ပါတဲ့ တွေ့ဆုံဆွေး နွေးပွဲလုပ်ဖို့ ဆောင်ရွက်နေတယ်လို့ ဇွန် ၈ ရက် စစ်ကောင်စီအစည်းအဝေးမှာ ပြောဆိုထားပါတယ်။ စစ်ကောင်စီရဲ့ ပါတီဖျက် သိမ်းခြင်းခံထားရတဲ့ လူထု ထောက်ခံမှုရှိနေတဲ့ နိုင်ငံရေးပါတီတွေကို တွေ့ဆုံဆွေးနွေးဖို့ ကြိုးစားနေတဲ့ NCA လက်နက်ကိုင် ၇ ဖွဲ့ဟာ အာဏာသိမ်းစစ်တပ်ရဲ့ လုပ်ငန်းစဉ်တွေကို နိုင်ငံရေးနည်းအရ အထောက်အကူပြုနိုင်ရေးအတွက် ကြိုးစားနေတဲ့ အင်အား စုတွေဖြစ်ပြီး ရွေးကောက်ပွဲမပါဝင်တော့တဲ့သူတွေကို ပါဝင်လာအောင်စည်းရုံးဖို့အတွက် အခုလိုတွေ့ဆုံတာဖြစ်နိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။ လက်ရှိနိုင်ငံရေး အကျပ်အတည်းတွေအတွက် ထူးခြားတဲ့အလှည့် အပြောင်းတွေ ဖြစ်လာနိုင်မယ့် တွေ့ဆုံမှုမဟုတ်ဘူးလို့လည်း သုံးသပ်ပါတယ်။ ဖက်ဒရယ်ဖော်ဆောင်ရေး ပြည်သူ့ကိုယ်စားလှယ် များကော်မတီဟာ ပြီးခဲ့တဲ့ ၇၇ နှစ်မြောက်ပြည်ထောင်စုနေ့မှာ ဗမာပြည်နယ်အပါအဝင် ၈ ပြည်နယ်မူကို အခြေခံတဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ထုတ်ပြန်ခဲ့တဲ့အဖွဲ့အစည်း ဖြစ်ပါတယ်။
၃။ သံတွဲ(မဇင်လေဆိပ်)ကို AA သိမ်းပိုက်၊ ကျန်တပ်ရင်းနှစ်ခုကို ဆက်လက်ထိုးစစ်ဆင်နေ
June 24, 2024
စစ်ကောင်စီ ဗျူဟာမှူးကိုယ်တိုင် တိုက်ရိုက်ကွပ်ကဲပြီး အင်အားအလုံးအရင်းနှင့် ခံစစ်ပြင်ဆင်ထားသည့် သံတွဲလေဆိပ် (မဇင်လေဆိပ်)ကို ဇွန်လ ၂၂ ရက်မှာ အာရက္ခတပ်တော် (AA)က သိမ်းပိုက်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။ လက်ရှိ AA သိမ်းပိုက်ထားသည့် မဇင်လေဆိပ်သည် သံတွဲမြို့နှင့် ၇ မိုင်ခန့်ကွာဝေးပြီး လေဆိပ်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် အများအပြားကိုလည်း ဖမ်းဆီးထားကြောင်း သိရသည်။“သံတွဲလေဆိပ်ကို မနေ့က ညနေပိုင်းကတည်းက AA ဖက် က အပြီးသတ်သိမ်းပိုက်လိုက်တာ။ စစ်ကောင်စီ တပ်သားအချို့နဲ့ စစ်လက်နက်အများအပြားကိုလည်း သိမ်းဆည်းရမိထား တယ်။ တချို့ စစ်ကောင်စီ တပ်သားတွေကလည်း ခမရ ၅၆၆ တပ်ရင်းဖက်ကို ဆုတ်ခွာသွားကြတယ်” ဟု လုံခြုံရေးအရ အမည် မဖော်လိုသည့် သံတွဲဒေသခံတစ်ဦးက ပြောသည်။ စစ်ကောင်စီ၏ ဝါဒဖြန့် Telegram Channel များမှ သံတွဲလေဆိပ်အနီးတွင် တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး လေဆိပ်ကို AA က မသိမ်းပိုက်သေးကြောင်း ယနေ့နံနက်ပိုင်းတွင် ဖော်ပြကြသည်။
အာရက္ခတပ်တော် (AA)၏ ထိုးစစ်သည် ဧပြီလ ဒုတိယပတ်အတွင်း သံတွဲမြို့နယ် ကွေ့ချောင်းကျေးရွာအနီးမှ စတင်ခဲ့ ကာ လက်ရှိတွင် သံတွဲမြို့အနီးသို့ တဖြည်းဖြည်းရောက်ရှိလာနေသည်။ လက်ရှိတွင် စစ်ကောင်စီ၏ သံတွဲအခြေစိုက် တပ်ရင်း နှစ်ခုဖြစ်သော ခမရ (၅၆၆) နှင့် ခလရ (၅၅) တို့ကို အာရက္ခတပ်တော်က ဝန်းရံတိုက်ခိုက်နေသဖြင့် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းပစ်ကူ၊ ရေကြောင်းပစ်ကူများဖြင့် အပြင်းအထန်ခုခံနေကြောင်း ဒေသခံများကပြောသည်။ တိုက်ပွဲ ပြင်းထန်နေမှုကြောင့် သံတွဲမြို့ခံများမှာ ဘေးလွတ်ရာနေရာများကို ထွက်ပြေးတိမ်းရှောင်နေကြကာ မြို့အနီးတွင် လူဦးရေ အနည်းငယ်သာ ကျန်ရှိတော့ကြောင်း နောက်ထပ် သံတွဲဒေသခံတစ်ဦးက ပြောသည်။“သံတွဲမြို့အနီးမှာ တိုက်ပွဲဖြစ်လာတာ ကြောင့် မြို့ခံတွေကတော့ အကုန်လုံးနီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေကြရပြီ။ စစ်ကောင်စီ ဝန်ထမ်းတွေလည်း ပြေးကြတာ။ မြို့တွင်းမှာ ကျန်ခဲ့ကြတဲ့သူတွေတော့ သိပ်မရှိတော့ဘူး။ တချို့ကလည်း ငွေကြေးမတက်နိုင်ကြတာကြောင့် ဘေးလွတ်ရာကို တိမ်းရှောင်ကြဖို့ အခက်ခဲတွေရှိနေကြတယ်” ဟု ပြော သည်။ လက်ရှိတိုက်ပွဲများကြောင့် သံတွဲမြို့နယ်အတွင်း မှာ နေရပ်စွန့်ခွာတိမ်းရှောင်နေရသူ ၅ သောင်းကျော်အထိ ရှိနိုင်ကြောင်းလည်း ဒေသခံများက ခန့်မှန်းပြောဆိုကြသည်။ Read ni full
၄။ သိုင်ငဲင်းကို ရွာလုံးကျွတ်နီးပါး စစ်ကောင်စီမီးတင်ရှို့၊ စစ်ရေးအခြေအနေတင်းများနေဆဲ
June 24, 2024
ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်မြို့နယ်၊ ကလေး-တီးတိန်ကားလမ်းမပေါ်ရှိ သိုင်ငဲင်းကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ ကရွာလုံးကျွတ်နီးပါးနေအိမ်များမီးရှို့ခဲ့ပြီး ချင်းကာကွယ်ရေးတပ်ဖွဲများနှင့်လည်းတိုက်ပွဲများဆက်လက်ဖြစ်ပွားကာ စစ်ရေး အခြေအနေတင်းမာနေဆဲဟုသိရသည်။ စစ်ကောင်စီတပ်ဖွဲ့သည် သိုင်ငဲင်းတပ်စခန်းကို ပြန်လည်ထိန်းချုပ်ရန်အတွက် ကလေး မြို့နှင့် တီးတိန်မြို့တို့မှ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ကြပြီးနောက် ဇွန်လ ၂၀ ရက်နေ့ ညနေပိုင်းကစ၍ ဒေသကာကွယ်ရေး တပ်ဖွဲ့ CDF CDM- Siyin တပ်ဖွဲ့နှင့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်က ထိခိုက်သေဆုံးမှု ရှိကာ အထိနာ သောကြောင့် ပြည်သူနေအိမ်များ မီးရှို့ဖျက်ဆီးခဲ့ သည်ဟု CDF CDM-Siyin မှ ပြောရေးဆိုခွင့်ရှိ လျန်ဘွေကပြောသည်။“ စကစ တွေက သိုင်ငဲင်းကို မီးရှို့တယ်၊ ကျွန်တော်တို့ကတော့ အနီးကပ်သွားကြည့်ဖို့တော့ သိပ်အဆင် မပြေဘူး ပေါ့နော်၊ မြူတွေဆိုင်း၊ မိုးရွာလိုက်နဲ့ ဒရုန်းလွှတ်ပြီးကြည့်ဖို့လဲ အဆင်မပြေဘူးပေါ့၊ ဒါပေမဲ့ သိရသလောက်တော့ နေအိမ် ၃ လုံးလောက်ပဲ ကျန်တော့ တယ်လို့ သိရတယ်၊ သူတို့ စစ်ကြောင်းထိုးလာတော့ သိုင်ငဲင်းအနီးမှာ ပစ်ခတ်မှုဖြစ်တယ် သူတို့အထိနာသွားတယ်၊ ပြီးရင် သိုင်ငဲင်းစခန်းကို ကျွန်တော်တို့ မိုင်းတွေ၊ ဗုံးတွေထောင်ထား ပြီးထားခဲ့တာ၊ အဲမှာလဲ သူတို့ဘက် ထိခိုက်သေဆုံးမှုရှိတယ် ဒါပေမဲ့ အတိအကျတော့ ပြောဖို့ခက်တယ်ပေါ့နော် ဆိုတော့ အဲမှာ အထိနာတော့ ၂၀ ရက်နေ့မှာ ကျွန်တော်တို့ နားလေ့ရှိတဲ့ ဆောက်လုပ် ရေးအဆောက်အအုံကို မီးစရှို့တယ်၊ ၂၁ ရက်နေ့မှာ ပြည်သူနေအိမ်ကို ထပ်ရှို့တာပေါ့နော်။” ဟု လျန်ဘွေကပြောသည်။
ကလေးမြို့မှ စစ်ကား ၃ စီးဖြင့်တက်လာသော စစ်ကောင်စီတပ်ဖွဲ့နှင့် တီးတိန်မြို့မှ ဆင်းလာသော စစ်ကောင်စီ တပ်ဖွဲ့ တို့သည့် သိုင်ငဲင်းကျေးရွာတွင် ပူးပေါင်းပြီး အင်အား ၈၀ ကျော်ခန့်ရှိသည်ဟု သိရသည်။ လက်ရှိ စစ်ကောင်စီတပ်ဖွဲ့များသည် သိုင်ငဲင်းရွာ ဆုတောင်းတောင်နှင့် ကျောင်းဆောင်အထက်ရှိ နေအိမ်တွင် တပ်ဆွဲပြီး အခြားနေရာများတွင်လည်း တပ်ဆွဲနေ ကြောင်း သိရသည်။ ဇွန်လ ၂၂ ရက်နေ့ သောကြာနေ့၊ နေ့လယ်ပိုင်းအချိန်တွင် သိုင်ငဲင်း- တီးတိန်- ဖလမ်း လမ်းခွဲတွင်နေရာယူ တပ်ဆွဲနေသော စစ်ကောင်စီတပ်ဖွဲ့များကို CDF CDM- Siyin တပ်ဖွဲ့မှ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက် သေဆုံးမှုရှိခဲ့ကာ ဆွလိမ်ရွာဘက်သို့ ထွက်ခွာလာပြီး ၂ နာရီကျော်ကြာ နှစ်ဘက် ပစ်ခတ်မှုထပ်မံဖြစ်ပွားခဲ့ ကြောင်း CDF CDM- Siyin မှ ပြောရေးဆိုခွင့် ရှိသူက ပြောသည်။“ကျွန်တော်တို့ စကစတွေကို ဒီမှာ စခန်းချခွင့်ပြုမှာမဟုတ်ဘူး၊ အဆုံးထိ တိုက်ခိုက် သွားမှာဖြစ်တယ်၊ ပြည်သူ တွေအနေနဲ့လဲ နေအိမ်မီးရှူခံရတဲ့အတွက် အပစ်မတင်ဘဲနားလည်ပေးကြဖို့ကိုတောင်းဆိုချင်ပါတယ်၊ ကျွန်တော် တို့လဲ တတ်နိုင်သလောက် ကြိုးစားနေပါတယ်၊ အခုက မိုးရွာလိုက်နဲ့ လူငယ်တွေကလဲ ညတောင်ကောင်းကောင်း မအိပ်ရဘဲ စစ်ကောင်စီတွေဝင်လာနိုင်တဲ့ နေရာတွေမှာ အသင့်စောင့်ကြည့်နေတာပါ။ ပြည်တွင်းပြည်ပက ပြည်သူတွေအနေနဲ့ အမြန်ဆုံးအောင်နိုင်ဖို့ ငွေကြေးအားဖြင့်သော်လည်းကောင်း၊ ဆုတောင်းခြင်းဖြင့် ကူညီပေး ကြပါလို့ ပြောချင်ပါတယ်။” ဟု CDF CDM- Siyin ပြောရေးဆိုခွင့်ရှိသူကပြောသည်။ Read ni full
၅။ အင်းတော်ကြီးရှိ စစ်စခန်း ၃ ခု KIA ပူးပေါင်းအဖွဲ့ တပြိုင်တည်းတိုက်ခိုက် သိမ်းပိုက်
June 24, 2024
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်တော်ကြီးဒေသရှိ စစ်ကောင်စီတပ်စခန်း ၃ ခုကို ကချင်လွတ်မြောက်ရေးတပ်မ တော် (KIA) နှင့် ကချင်ပြည်သူ့ကာကွယ်ရေးတပ် (KPDF) ပူးပေါင်းတပ်များ သိမ်းပိုက်ရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များ နှင့် ဒေသခံများထံက သိရသည်။ အင်းတော်ကြီး အနောက်ဘက်ကမ်းရှိ ခလရ ၄၂ ဝှေလုံ၊ ညောင်ပင်၊ ချောင်းဝတပ်စခန်းတို့ကို KIA နှင့် KPDF တပ်ဖွဲ့များက ဇွန် ၂၂ ရက် နံနက် ၅ နာရီကစ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ KPDF ခေါင်း ဆောင် ကိုမင်းကိုက “ကျနော်တို့ စခန်း ၃ ခုကို တပြိုင်တည်း တိုက်တာပေါ့။ မနေ့က ည ၇ နာရီလောက်မှာ ညောင်ပင်ကို အရင်ရ တယ်ပေါ့။ နောက် ၉ နာရီလောက်မှာ ဝှေလုံကို ရတယ်။ ဒီနေ့မနက် ၄ နာရီမှာတော့ ချောင်းဝကို ရတယ်” ဟု ပြောသည်။ အင်းတော်ကြီးနှင့် ဖားကန့်ဒေသကို ဆက်သွယ်ထားသည့် လမ်းပိုင်းများတွင် စစ်ကောင်စီတပ်၊ ပြည်သူ့စစ်နှင့် ရှမ်းနီပြည်သူ့စစ် (SNA) များ အဓိက တပ်စွဲထားခြင်းဖြစ်ပြီး လက်ရှိ KIA နှင့် KPDF ပူးပေါင်းတပ်များ သိမ်းရရှိခဲ့သော စခန်း ၃ ခုတွင် အင်အား ၁၀၀ ဝန်းကျင်ခန့်ရှိသည်ဟု သိရသည်။
ထိုစခန်းသိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုနှင့် ဒဏ်ရာရရှိသူများရှိပြီး လက်နက်ခဲယမ်း အများပြားလည်း သိမ်းဆည်းရမိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ထိုစခန်းသိမ်းတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ကူများတောက်လျောက် ပေးနေခဲ့သည့်အပြင် လေကြောင်းမှလည်း လာရောက်ပစ်ကူ ပေးခဲ့ကြောင်း သိရသည်။ ထိုစခန်းသိမ်းတိုက်ပွဲဖြစ်ပွားရာ ကျေးရွာများနှင့် အနီးနားရွာများရှိ ဒေသ ခံများကို KIA နှင့် KPDF ပူးပေါင်း ကြိုတင်ရှောင်ရှားထားခိုင်းသောကြောင့် ပြည်သူများ ထိခိုက်သည့် သတင်းကို မကြားရဟု ဒေသခံ အမျိုးသားတဦးက ပြောသည်။ Read ni full
၆။ ကျောက်ဖြူမြို့နယ်မှ လူငယ် ၂ ဦးကို စစ်ကောင်စီ ဖမ်းဆီး
June 24, 2024
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အုန်းတောကျေးရွာမှ လူငယ်အမျိုးသား ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီး သွားကြောင်း ဒေသခံများထံမှ သိရသည်။ အသက်(၂၅)နှစ် အရွယ် သင်္ကြန်အောင်(ခ)ကိုစိုးချေနှင့် အသက်(၂၂) အရွယ် ကိုစိုးဝင်းမြင့် တို့မှာ ပြီးခဲ့သည့် ဇွန် ၂၂ ရက်၊ နံနက် ၁၁ နာရီကျော်က အုန်းတောရွာအတွင်းရှိနေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်။“သင်္ကြန်အောင် ဆိုတဲ့သူက အလယ်တန်းကျောင်းနားမှာ ထိုင်နေတာ။ အဲဒါကို လာဖမ်း သွားတာ၊ နောက်တစ်ယောက်ကိုတော့ ကြက်ဝိုင်းကနေ ဖမ်းသွားတာဖြစ်ပါတယ်။ နေ့လည် ၁ နာရီလောက်မှာတော့ အဲဒီနှစ် ယောက်စလုံးကို စစ်ကားတစ်စီးနဲ့ မြို့ထဲဘက်သို့ ခေါ်သွားတာကိုတွေ့ရတယ်”ဟု အမည်မဖော်လိုသည့် အုန်းတောကျေးရွာသား တစ်ဦးက ပြောသည်။ ၎င်းတို့နှစ်ဦး ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ သိရှိနိုင်ရန် မိသားစုဝင်များကို ဆက်သွယ်နေဆဲဖြစ်သည်။ ၎င်းတို့နှစ်ဦးကို မည်သည့်နေရာတွင် ဖမ်းဆီးချုပ်နှောင်ထားသည်ကိုလည်း လတ်တလောတွင် မသိရသေးပါ။
အုန်းတောကျေးရွာမှ နောက်ထပ် အမျိုးသားတစ်ဦးက “ဖမ်းတာကတော့ ဒီရွာအနီးက ဓာတ်တောင်ဆိုတဲ့ နေရာမှာ လုံခြုံရေးယူထားတဲ့ စစ်သားတွေက လာဖမ်းတာပါ။ ရွာကလူတွေက ဘာကြောင့်ဖမ်းတာလဲလို့ အဲဒီလာဖမ်းတဲ့ စစ်သားတွေကို မေးတဲ့အခါမှာ အပြစ်ရှိလို့ဖမ်းတာ ဒီလောက်ပဲပြောတယ်။ ဘာကြောင့်ဆိုတာ အတိအကျ မပြောဘူး” ဟု ပြောသည်။ အုန်းတော ကျေးရွာမှ ခြေလျှင် ၁၅ မိနစ်ခန့်သွားရသည့် ဒေသအခေါ် ဓာတ်တောင်ပေါ်တွင် ပြီးခဲ့သည့် ဇန်နဝါရီလမှစ၍ စစ်ကောင်စီတပ် ဖွဲ့ဝင်များက စခန်းချထားကြသည်။ လက်ရှိတွင် လူငယ်နှစ်ဦး ဖမ်းဆီးခံရမှုဖြစ်စဉ်ကြောင့် ကျေးရွာအတွင်းမှ နောက်ထပ်လူငယ် များမှာလည်း စိုးရိမ်စိတ်ဖြင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။ လက်ရှိ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ကြား စစ်ရေးတင်းမာမှုများ ရှိနေပြီး စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ကျေးရွာ ၃၀ ခန့်မှ ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ Read ni full
၇။ တနင်္သာရီ၊ ခမောက်ကြီးမြို့နယ်၊ မာရမ်းရွာ ရဲစခန်းကို တိုက်ခိုက်မှု ရဲ ၁ ဦးသေဆုံးပြီး PDF ရဲဘော် ၁ ဦး ကျဆုံး
June 24, 2024
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ခရိုင်၊ ခမောက်ကြီးမြို့နယ်၊ မာရမ်းကျေးရွာရှိ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲ ၁ ဦးသေဆုံးပြီး PDF ရဲဘော်တစ်ဦးကျဆုံးခဲ့ ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူတစ် ဦးက ပြောကြားသည်။ ဇွန်လ ၂၂ ရက်နေ့ နံနက် ၅ နာရီ ၁၅ မိနစ် အချိန် ခမောက်ကြီးမြို့နယ်၊ မာရမ်းကျေးရွာရှိ ရဲစခန်းကို ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရဲ ၁ ဦးသေဆုံးကာ တပ် ကြပ်ကြီး ၁ ဦး၊ တပ်သား ၁ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။
“တိုက်ပွဲစတာနဲ့ ကင်းတဲထဲကနေ ထွက်လာတာတဲ့အချိန် ပထမဆုံးပစ်လိုက်တဲ့အချိန်မှာ ထိပြီးနေ ရာမှာတင်လဲကျ သေဆုံးသွားတာ၊ အင်အားကတော့ ၂၀ ဝန်းကျင်လောက်တော့ရှိနိုင်တယ်။ ကျနော် တို့ရဲဘော်က ရဲစခန်းဂိတ်ဝတံခါးကို သွားပြီး တော့ ဆွဲဖွင့်တဲ့အချိန်မှာ လက်နက်ကြီးကျလာပြီးတော့ လက်နက်ကြီးစက ဦးခေါင်းကို ထိသွားတာပေါ့။” ဟု ကော့သောင်းမြို့ နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ သေဆုံးရဲတပ်သား အလောင်း ကို ကားများဖြင့် ကော့သောင်းမြို့ပေါ်သို့ သယ် ဆောင်သွားကြောင်း၊ ဒဏ်ရာရရှိသူ နှစ်ဦးကို ထိုင်းနိုင်ငံ၊ ကန်ရပူရီဆေးရုံသို့ ပို့ဆောင်ကုသထားကြောင်း သိရသည်။ Read ni full
၈။ ကော့ကရိတ်၊ စုကလိ စစ်ကောင်စီတပ်စခန်း သိမ်းပိုက်မှု ၆ ဦးသေဆုံး၊ ဗိုလ်မှူးကြီးတစ်ဦးအပါအဝင် ၂၁ ဦး ဖမ်းဆီး ရရှိ
June 24, 2024
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ စုကလိမြို့အခြေစိုက် စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ရရှိမှုတွင် စစ်ကောင်စီ ဖက်မှ ၆ ဦးသေဆုံးပြီး ဗိုလ်မှူးကြီးတစ်ဦး အပါအဝင် ၂၁ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ တပ်စခန်းကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက ဇွန်လ ၁၇ ရက်နေ့ နံနက် ၇ နာရီမှစတင်၍ တိုက်ခိုက်ခဲ့ပြီး ဇွန်လ ၂၁ ရက်နေ့တွင် စခန်းတစ်ခုလုံးကို အပြီးသတ် တိုက် ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း KNU တပ်မဟာ ၆၊ ဒူပလာယာခရိုင်က သတင်းထုတ်ပြန်သည်။ တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၆ ဦးသေဆုံးပြီး စစ်ကောင်စီတပ်သားစစ်သား ၂၁ ဦး ဖမ်းဆီးရရှိကာ ဖမ်းမိ သူများတွင် ဗိုလ်မှူးကြီး ၀ဏ္ဏတိုး ပါဝင်ကြောင်း ယင်းအထဲမှ ၁၄ ဦး လွတ်မြောက်သွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လက်နက်ချရန် မတ်လ ၂၅ ရက်နေ့ မှ မတ်လ ၃၀ ရက်အထိ စာဖြင့်အသိပေးအကြောင်း ကြားခဲ့သော်လည်း နာခံခြင်းမရှိသည့်အတွက် ဇွန်လ ၁၇ ရက်နေ့တွင် စတင်တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဆိုသည်။ စုကလိမြို့ အခြေစိုက် စစ်တပ်စခန်းသည် စခက ၁၃ လက်အောက်ခံ၊ ခမရ ၅၆၀ တပ်ရင်းမှ ဗိုလ်မှူးကြီး ၀ဏ္ဏတိုး နှင့် ဒု-ဗိုလ်မှူးကြီး သူရိန်ဦး ဦးဆောင်သော အထိုင်ချစခန်းဖြစ်ကြောင်း အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ လည်း ၁၅ ဦး ခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ စစ်သားများအနေဖြင့် စစ်တပ်ကို စွန့်ခွာပြီး ပြည်သူ့ရင်ခွင်သို့ ဝင်ရောက် ပူးပေါင်း ရန် K.N.U – ကရင်အမျိုးသားအစည်းအရုံး က ဖိတ်ခေါ်ထားကြောင်း သိရသည်။ Read ni full
၉။ AA က ချင်းလူမျိုးများနှင့် စစ်မက်ဖြစ်ပွားမှု မရပ်တန့်သည့်အတွက် ရခိုင်ဘက်သို့ ကုန်ပစ္စည်းတင်သွင်းခွင့် CYLA ပိတ်ပင်
June 24, 2024
အာရက္ခတပ်တော် (AA) က ချင်းလူမျိုးများနှင့် စစ်မက်ဖြစ်ပွားမှုမရပ်တန့်သည့်အတွက်ဟုဆိုကာ အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ် လောင်တလိုင်ခရိုင်မှတဆင့် ချင်းပြည်ကိုဖြတ်၍ ရခိုင်ပြည်နယ်ဘက်သို့ ကုန်ပစ္စည်း၊ လောင်စာဆီတင်သွင်းခွင့်များကို ဒေသတွင်းအရပ်ဖက်အဖွဲ့အစည်း CYLA က ပိတ်ပင်လိုက်သည်။ မီဇိုရမ်ပြည်နယ်မှတဆင့် မြန်မာဘက်သို့ ကုန်ပစ္စည်းနှင့် လောင် စာဆီများတင်သွင်းမှုကို စနစ်တကျလေ့လာစောင့်ကြည့်ရာမှာ ဒုက္ခရောက်နေကြသော ရခိုင်ပြည်သူများအတွက်သာဟု ယူဆခဲ့ ကြသော်လည်း မိမိတို့ညီအကိုချင်းလူမျိုးများအား တိုက်ခိုက်ရာတွင် အသုံးပြုသည်သာမက အင်အားခိုင်မာလာစေရေး ရိက္ခာများ အတွက်ပါအသုံးပြုနေသည်ကို တွေ့ရှိရသည်ဟု Central Young Lai Association (CYLA) က ဇွန်လ ၂၄ ရက်နေ့တွင်ထုတ်ပြန် သည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ AA တပ်ဖွဲ့ထံ ချင်းလူမျိုးများနှင့် စစ်မက်ဖြစ်ပွားခြင်းမပြုလုပ်ရန် အကြိမ်ကြိမ် တောင်ဆိုခဲ့ပြီး ဖြစ်သော်လည်း တစ်စုံတစ်ရာ အကြောင်းပြန်ကြားမှုမရှိခဲ့ကြသည့်အပြင် မိမိတို့ပိုင်နက်နယ်မြေထဲတွင် လက်နက်များကိုင် ဆောင်ကာ ဝင်ရောက်လာကြသည်ဟု CYLA ကဆိုသည်။
ထို့ကြောင့် CYLA ဗဟိုအလုပ်အမှုဆောင်ကော်မတီဆုံးဖြတ်ချက်အရ ဇွန်လ ၂၄ ရက်ကစ၍ နောက်ထပ်တစ်စုံ တစ်ရာ အမိန့်ထုတ်ပြန်မှုမရှိမချင်း မီဇိုရမ်ပြည်နယ်မှ မြန်မာနိုင်ငံဘက်သို့ ကုန်ပစ္စည်းများသယ်ယူပို့ဆောင်ခြင်းကို ပိတ်ပင်လိုက်သည်ဟု CYLA ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ယခုကိစ္စနှင့်ပတ်သက်၍ မီဇိုရမ်ပြည်သူများနှင့် လောင်တလိုင်၊ ရှာဟာခရိုင် နယ်စပ်ဒေသတွင်နေထိုင်ကြသော ဒေသခံ ပြည်သူများအနေဖြင့်လည်း လေးစားလိုက်နာကြရန် CYLA ကတောင်းဆိုထားသည်။ ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် အာရက္ခတပ်တော် AA တို့အကြား တိုက်ပွဲကြောင့် ချင်းပြည်နယ် ပလက်၀မြို့ နယ်နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မြန်မာပြည်မဘက်မှ လောင်စာဆီနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများ ဝင်ရောက်နိုင်ခြင်းမရှိ သည်မှာ လနှင့်ချီကြာမြင့်ခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ရခိုင် ပြည်နယ် မြောက်ပိုင်းနှင့် ချင်းပြည်နယ် ပလက်၀မြို့နယ်က ဒေသခံ ပြည်သူများသည် လောင်စာဆီနှင့်အခြေခံစားသောက်ကုန်လိုအပ်ချက်များကို မီဇိုရမ်ပြည်နယ်ကတဆင့် လောင်တလိုင်ခရိုင်ကို ဖြတ်သန်းကာ အဓိက တင်သွင်းလျှက်ရှိကြခြင်းဖြစ်သည်။ Read ni full
၁၀။ TNLA ဖမ်းဆီးထာ:တဲ့ ပန်ရှော်အုပ်ချုပ်ရေးမှူး နဲ့ မိသားစုတွေ အဆက်သွယ်မရသေး
June 25, 2024
လားရှိုးမြို့နယ်က ပန်ရှော်(Bangshau) ကချင်ကျေးရွာအုပ်ချူပ်ရေးမှူးကို TNLA တပ် ဖမ်းဆီးထားတာ နှစ်ပတ်ကျော် ကြာလာပေမယ့် မိသားစုနဲ့ အဆက်အသွယ်မရသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။ ရှမ်းမြောက် လားရှိုးမြို့အရှေ့ ဘက် KIO ရဲ့တိုက်နယ်တာဝန်ရှိသူတစ်ဦးလည်းဖြစ်သူ မိုင်းယော်တိုက်နယ် ပန်ရှော်(Baushau) ကျေးရွာအုပ်ချူပ်ရေးမှူး ဦးရှလောလွမ်းဒိုင် ကို TNLA ကဖမ်းဆီးသွားတာ ခုဆိုရင် ရက်ပေါင်း ၁၆ ရက်ရှိလာပြီဖြစ်ပါတယ်။ ဒါပေမယ့် TNLA တပ်ဟာ ဘာကြောင့်ဖမ်းတယ် ဆိုတာ အသိပေးခြင်းမရှိသေးသလို ဒီနေ့ထိ မိသားစုများနဲ့လည်း ဆက်သွယ်ခွင့်မပေးဘူးလို့ ပန်ရှော်ကျေးရွာဒေသခံတွေဆီ ကနေသိရပါတယ်။“ခုထိမလွတ်သေးဘူး ဘာအကျိုးအကြောင်းမှ သူတို့မပြောပြဘူး။ ဘာကြောင့်ဖမ်းတယ် ကျမတို့မေးလည်း သူတို့မဖြေဘူး။ ကျမတို့ သူနဲ့တွေ့ရဖို့ ကြိုးစားလည်း ပေးမတွေ့ခိုင်းဘူး။ ဒီက TNLA အရာရှိတွေကို ရွာသားတွေက မေးလည်း အဆင်သင့်မဖြစ်သေးဘူးပဲပြောတယ်။ ဘာမှ မပြောပြဘူး။ မိသားစုတွေနဲ့လည်း အဆက်အသွယ်မရဘူး”လို့ ပန်ရှော် (Bangshau) ကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့ညက ပန်ရှော်ကျေးရွာဥက္ကဌ ဦးရှလောလွမ်းဒိုင် ကို တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA က သူရဲ့နေအိမ်ကနေ လာရောက်ဖမ်းခေါ်သွားပြီး မိုင်းကျက်စခန်းမှာ ဖမ်းဆီးထားတာဖြစ်ပါတယ်။
ပန်ရှော်ကျေးရွာဒေသခံတွေနဲ့ မိသားစုတွေက ကျေးရွာဥက္ကဌ ဖမ်းဆီးခံရမှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ TNLA တွေဆီ အကျိုးအကြောင်းမေးမြန်းပေမဲ့ ဘာကြောင့်ဖမ်းဆီးတယ်ဆိုတာ မပြောပြသလို တွေ့ခွင့်၊ဆက်သွယ်ခွင့်တွေလည်းမပေးဘူးလို့ ဆိုပါတယ်။ ဒါကြောင့် ဒေသခံတွေလည်း အဲဒီဒေသက သက်ဆိုင်ရာ KIO အရာရှိတွေကို ထပ်မံတောင်းဆိုထားပြီးနောက် TNLA ဘက်က မိသားစုတွေထံဖုန်းနဲ့ဆက်သွယ်ပြီး ကောင်းမွန်စွာထိန်းသိမ်းထားတယ်လို့သာ အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။ “သူ့ကို ဖမ်းဆီးရတဲ့ အကြောင်းရင်းက သူ စစ်ကောင်စီအောက် ဥက္ကဌလည်းလုပ်တယ်။ အစိုးရလစာလည်းပုံမှန်စားတယ် ရုံးလည်းပုံမှန်သွားတယ်။ ပြည်သူ့စစ်လည်းလုပ်တယ် ဒါကြောင့်ပါ။ သူ့ကို ပြန်လွှတ်ပေးဖို့ အစီအစဉ်တော့ ရှိပါတယ်။ ဒါပေမဲ့ လောလောဆယ် ကျနော်တို့ ပြောခွင့်မရတဲ့ အလုပ်ကိစ္စတွေ မလုပ်ရသေးတာကြောင့် သူ့ကို ပြန်မလွှတ်သေးတာပဲရှိတယ်။ အလုပ်ကိစ္စတွေပြီးသွားရင်တော့ ပြန်လွှတ်ပေးဖို့ အစီအစဉ်ရှိတယ်” လို့ TNLA ခန့်ထားတဲ့ မိုင်းကျက်မြို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ပန်ရှော်ဥက္ကဌ ဦးရှလောလွမ်းဒိုင်ဖမ်းဆီးခံရစဉ် ကျေးရွာမှာ KIO အစိုးရအောက် ဖွင့်လှစ်နေတဲ့ စာသင်ကျောင်းနဲ့ ပတ်သက်ပြီး လိုအပ်တာတွေကို ဆွေးနွေးစည်းဝေးပွဲ ပြုလုပ်မှုအပြီး ဖမ်းဆီးခံရတာကြောင့် အများပြည်သူကတော့ သူဟာ ကျောင်းကိစ္စဦးဆောင် စည်းဝေးခြင်းကြောင့် TNLA က ဖမ်းဆီးသွားတယ်လို့ ခံယူသုံးသပ်နေကြတာတွေလည်း ရှိပါတယ်။ Read ni full
၁၁။ မတူပီမြို့နယ်မှာ ဒေသခံတစ်ဦးကို AA က အကြောင်းမဲ့ ပစ်ခတ်လို့ ထိခိုက်ဒဏ်ရာရ
June 25, 2024
ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာနေ အရပ်သားတစ်ဦးကို ပလက်ဝဘက်ကနေ စစ်ကြောင်းထိုးလာသော အာရက္ခတပ်တော်(AA) က အကြောင်းမဲ့ ပစ်ခတ်ခဲ့တယ်လို့ CDF-Matupi တပ်မဟာ ၂ က မနေ့က ဇွန်လ ၂၄ ရက်နေ့တွင် သတင်းထုတ်ပြန်ထားပါတယ်။ ဇွန်လ ၂၃ ရက်နေ့တွင် ပလက်ဝမြို့နယ်မှ စစ်ကြောင်းထိုးလာတဲ့ အင်အား ၁၈၀ ခန့်ပါတဲ့ AA စစ်ကြောင်းဟာ ဇွန်လ ၂၄ ရက် နေ့လည် ၁၁ ခန့်က လေဆင်းကျေရွာနေ ဦးမင်းစိုးအား အကြောင်းမဲ့ ပစ်ခတ်လို့ ပေါင်ကျိုးသွား တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ ယခုလို အပြစ်မဲ့ပြည်သူကို ပစ်ခတ်ခြင်းဟာ CDF-Matupi တပ်မဟာ ၁ နဲ့ ချင်းညီနောင်အဖွဲ့မှ AA တပ်ဖွဲ့ဝင်တွေကို ထိန်းမနိုင် သိမ်းမနိုင် ဖြစ်နေရခြင်းကြောင့် ဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြ ထားပါတယ်။ အပြစ်မဲ့ ပြည်သူတွေကို ရန်သူသဖွယ် ပစ်ခတ်ခြင်းအပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ CDF-Matupi တပ်မဟာ ၂ က ထုတ်ပြန်ထားပါတယ်။
မတူပီမြို့ပေါ်ရှိ စစ်ကောင်စီရဲ့ ခမရ ၃၀၄ စခန်းကို ဇွန်လ ၁၇ ရက်နေ့တွင် ချင်းညီနောင်နှင့် CDF-Matupi တပ်မဟာ ၁ တို့ ပူးပေါင်းတပ်က သိမ်းပိုက်ပြီးခဲ့ပြီး၊ နောက်ထပ် ကျန်ရှိနေသေးတဲ့ ခလရ ၁၄၀ ကို တိုက်ခိုက်ရန် ပြင်ဆင်နေချိန်၊ CNA ဦး ဆောင်သော တပ်မဟာ ၂ ဘက်တို့နဲ့ ပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက် ဒီနေ့အထိ နှစ်ဘက် ပြေလည်နိုင်ခြင်း မရှိသေးတာဖြစ်ပါတယ်။ ဒီရက်ပိုင်းအတွင်း တပ်ရင်း ၃ ဒေသဘက် AA စစ်ကြောင်း ဝင်လာမယ်ဆိုတဲ့ သတင်းကြောင့် တပ်ရင်း ၃ ဒေသတွင် နေထိုင်သော ပြည်သူအများစုဟာ ရွာတွင် မနေဘဲ စစ်ရှောင်နေကြတယ်လို့ သိရပါတယ်။ ဒေသခံများရဲ့ ပြောဆိုချက်အရ မတူပီမြို့ပေါ်ဘက် ကနေ တပ်ရင်း ၃ ဘက်ကို ဆင်းသွားသော AA နှင့် CDF-Matupi တပ်မဟာ ၁ စစ်ကြောင်းလည်း ရှိသလို၊ ပလက်ဝဘက်ကနေ တက်လာတဲ့ AA စစ်ကြောင်းလည်း ရှိတယ်လို့ သိရပါတယ်။ Read ni full
၁၂။ ရွာထဲပြန်နေထိုင်ခွင့်ပေးဖို့ ချောင်းနှစ်ခွဒေသခံတွေ အကြိမ်ကြိမ်တောင်းဆိုပေမယ့် စစ်တပ်ရွာထဲပေးမဝင်
June 25, 2024
မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာမှာ ပြန်လည်နေထိုင်ခွင့်ပေးဖို့ အကြိမ်ကြိမ်သွားရောက် တင်ပြ တောင်းဆိုထားပေမယ့် စစ်ကောင်စီတပ်က ရွာထဲပေးမဝင်ကြောင့် နေရပ်မပြန်ရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ချောင်းနှစ်ခွဒေသမှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၀ ရက်နေ့ကစလို့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင် အားစု ပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲ ရက်ပေါင်း ၅၀ ကျော်ကြာ ဖြစ်ပွားခဲ့တဲ့အတွက် ဒေသ ခံတွေ ရွာလုံးကျွတ် တိမ်းရှောင်ခဲ့ရပါတယ်။ ချောင်းနှစ်ခွ ဒေသကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်း စစ်ကောင်စီဘက်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပေမယ့် ဒေသခံတွေကိုတော့ ရှစ်လကျော် ကြာတဲ့အထိ နေရပ်ပြန်လည်နေထိုင်ခွင့်မပေးသလို ပြန်လာတဲ့သူတွေကို ပစ်ခတ်တာတွေရှိနေပါတယ်။ နေရပ်ပြန်လည်နေထိုင် ခွင့်ပေးဖို့ ဒေသခံတွေက ချောင်းနှစ်ခွရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်၊ ကျိုက်မရောမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအပါအဝင် မြို့နယ်ရဲတပ်ဖွဲ့တွေထံ ၇ ကြိမ်ထက်မနည်း သွားရောက်တောင်းဆိုထားပေမယ့် လက်ရှိအချိန် တစ်စုံတစ်ရာ ဆောင်ရွက်ပေးတာမရှိဘူးလို့ ဒေသခံတွေက ပြောပြပါတယ်။
စစ်ကောင်စီဘက်ကတော့ ချောင်းနှစ်ခွဒေသအတွင်း မြေမြှုပ်မိုင်းတွေ ထောင်ထားတာကြောင့် ဒေသခံတွေကို နေရပ် ပြန်ခွင့် မပေးတာလို့အကြောင်းပြပြီး ရွာထဲမှာကျန်ရှိတဲ့ ဒေသခံနေအိမ်တွေက တန်ဖိုးရှိပစ္စည်းတွေကို ခိုးယူတာတွေ ဆက်တိုက် ကျူးလွန်နေတယ်လို့ ဆိုပါတယ်။ ချောင်းနှစ်ခွစစ်ရှောင်ပြည်သူတွေဟာ စစ်ရှောင်နေ့ရက် ရှည်ကြာလာတာနဲ့အမျှ မိသားစု စားဝတ်နေရေးအတွက် အခက်အခဲမျိုးစုံ ရင်ဆိုင်နေရပြီး ကလေးငယ်တွေရဲ့ ပညာသင်ယူခွင့်ကအစ ဆုံးရှုံးနေရပါတယ်။ နေရပ် ပြန်လာခွင့် မရသေးတဲ့ ချောင်းနှစ်ခွစစ်ရှောင်ပြည်သူ ၂၀၀၀ ကျော်ဟာ မော်လမြိုင်၊ မုဒုံ၊ ကျိုက်မရောမြို့ပေါ်တွေက အသိမိတ် ဆွေ၊ ဆွေမျိုးနေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ နေထိုင်နေရတာ ဖြစ်ပါတယ်။ ချောင်းနှစ်ခွတိုက်ပွဲအတွင်း ချောင်းနှစ်ခွ၊ တောင်ကလေး၊ လှကဇိုင်းအပါအဝင် ကျေးရွာပေါင်း ၁၀ ရွာထက်မနည်းက ထောင်နဲ့ချီတဲ့နေအိမ်တွေကို စစ်ကောင်စီတပ် ဘက် က ဖောက်ထွင်းခိုးယူတာ၊ ဒေသခံပြည်သူတွေကို ဖမ်းဆီးရိုက်နက်တာတွေ ကျူးလွန်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ Read ni full
၁၃။ စစ်တပ်ရဲ့လေကြာင်းတိုက်ခိုက်မှုကြောင့် ဝူယန်၊လမြန်၊ မုတ်ကျိတ်စတဲ့ ကျေးရွာတွေအားလုံးနီးပါး ထိခိုက်ပျက်စီးမှုများ
June 24, 2024
ဝိုင်းမော်မြို့နယ်ထဲမှာ ဒီရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားနေတဲ့ဝူယန်၊ လမြန်နဲ့မုတ်ကျိတ် ကျေးရွာတစ်ကြောကို စစ်တပ် လေယာဉ်ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ရွာလုံးကျွတ်နီးပါး နေအိမ်တွေထိခိုက်ပျက်စီးနေတယ်လို့ ဝိုင်းမော်ဒေသခံတွေပြော ပါတယ်။ ဇွန်လ ၁၈၊ ၁၉ ရက်နေ့တွေမှာ ဝူယန်နဲ့လမြန်ကြား စစ်တပ်နဲ့ လီဆူပြည်သူ့စစ်အဖွဲ့နဲ့ ကချင်လွတ်လပ် ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်ခဲ့ပြီး အဲဒီတိုက်ပွဲမှာ စစ်တပ်ဘက်က အရာရှိတစ်ဦးအပါ သေဆုံးမှုများတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာဘက်ကို စစ်လေယာဉ်မျိုးစုံနဲ့ ပြင်းပြင်းထန်ထန်ဗုံးကြဲတိုက်ခိုက်နေတာဖြစ်တယ်လို့ ဝိုင်းမော်ဒေသခံ တစ်ဦးက ပြောပါတယ်။“၁၈ ရက်နေ့မှာက လမြန်ရွာထဲမှာ ဘုရားကျောင်းရှိတဲ့နေရာနဲ့ နေအိမ်အနီးမှာတွေမှာ အပြန်အလှန် တိုက်ပွဲဖြစ်ကြတာဟုတ်တယ်။ နောက်တစ်ရက်ကတော့ ဝူယန်ကနေ နန်ဇော်ယန်ဘက်ကိုကွေ့သွားတဲ့ လမ်းကြားဘက်မှာ တိုက်ပွဲပြန်ဖြစ်တယ်။ အဲဒီ နှစ်ရက်ဖြစ်တဲ့တိုက်ပွဲမှာ သူတို့ဘက်က ထိခိုက်သေဆုံးသွားတာများတယ်။ အဲထဲမှာ အရာရှိ တစ်ယောက်တောင်ပါတယ်။ နောက်ရက်တွေမှာက တိုက်ပွဲမဖြစ်တော့ပေမယ့် လမြန်၊ မုတ်ကျိတ်တစ်ကြော လေယာဉ်နဲ့ လာ ပစ်တယ်။ လက်နက်ကြီးတွေပစ်တယ်”လို့ပြောပါတယ်။
တိုက်ပွဲမှာ စစ်တပ်နဲ့ ပြည်သူ့စစ်တွေ ထိခိုက်သေဆုံးတာတွေများတဲ့အတွက် KIA ပူးပေါင်းတပ်တွေ နေရာယူထားတဲ့ လမြန်၊ မုတ်ကျိတ် ဘက်ကို ဦးတည်ပြီး တစ်ရက်ကို မနက်၊ နေ့လည်၊ ညအချိန် ၃ ကြိမ်အထက် လက်နက်ကြီးပစ်ခတ်တာတွေ၊ ဂျက်၊ Y -12 လေယာဉ်အမျိုးအစားတွေနဲ့ အဆက်မပြတ် လာရောက်ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။ အခုလို စစ်တပ်ရဲ့ တန်ပြန် ပစ်ခတ်ခံရတာကြောင့် ကားလမ်းမကြီးတစ်ကြောမှာရှိတဲ့ ဝူယန်၊ လမြန်၊ မုတ်ကျိတ်၊ နမ့်ဝါ၊ ဝါးရှောင် စတဲ့ ကျေးရွာတွေမှာ နေအိမ်ထိခိုက်ပျက်စီးတာတွေ အများအပြားရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီကျေးရွာတွေထဲကနေ လမြန်နဲ့ မုတ်ကျိတ်က ထိခိုက် မှုအများဆုံးဖြစ်ပြီးတော့ ထိခိုက်ပျက်စီးမှုအဆုံးရွာဆုံးက လမြန်ကျေးရွာဖြစ်တယ်လို့ ဝိုင်းမော်ဒေသခံတွေကပြောပါတယ်။ လမြန်ကျေးရွာမှာ အိမ်ခြေ ၃၀၀ ကျော်လောက်ရှိတဲ့ ထဲကနေ ဘုရားကျောင်းအပါ နေအိမ်အားလုံးနီးပါ ထိခိုက်ပျက်စီးတာတွေ ရှိနေတယ်လို့ လမြန်ဒေသခံ အမျိုးသားတစ်ဦးက အခုလိုပြောပြလာပါတယ်။“ကျနော်တို့က ဂွေထူဘက်ကို စစ်ရှောင်နေကြ တယ်။ လေယာဉ်ဗုံးကြဲလို့ လမြန်က အိမ်တွေ အကုန်လုံးပျက်စီးသွားပြီလို့ သတင်းကြားလို့ လာကြည့်တာ ကျနော့ရဲ့ နှစ်ထပ် အိမ်တစ်ခုလုံး တစ်စစီအကုန်လုံးပျက်စီးသွားတယ်။ အိမ်ဝင်းမှာလည်း လေယာဉ်ဗုံးကျတဲ့ အရာတွေပဲ။ ဘေးအိမ်ကအိမ်တွေ လည်း ပါသွားတယ်။ ပြီးရင် AG ဘုရားကျောင်းလည်းအကုန်ပျက်စီးသွားတယ်။ တစ်ချို့အိမ်က မပျက်စီးရင်တောင် ခေါင်မိုးသွပ် ပြားတွေ အကုန်လုံးလှန်သွားတယ်။ မထိတဲ့ အိမ်ဆိုတာ သိပ်မရှိဘူး။ အကုန်လုံး လက်နက်ကြီးအရာတွေကြီးပဲ။ သူတို့က ကား တစ်ကြောပစ်တာဆိုတော့ အကုန်ထိတာပေါ့”လို့ပြောပါတယ်။ Read ni full
၁၄။ ပင်လောင်းမြို့နယ်မှာ တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် နှစ်သောင်းခွဲကျော်ရှိလာ
June 24, 2024
စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်နဲ့ကပ်လျက်ဖြစ်တဲ့ ရှမ်းပြည်နယ်တောင်းပိုင်း ပင်လောင်းမြို့နယ်မှာ တိုက်ပွဲတွေ ကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ နှစ်သောင်းခွဲကျော် ရှိနေတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး (PYO) တာဝန်ရှိသူတွေက ပြောပါတယ်။ ပင်လောင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး ဒရုန်းအပါအဝင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် အရပ်သားတွေ ထွက်ပြေးနေရတာလို့ ပအိုဝ်းလူငယ်အစည်းအရုံး ပြောခွင့်ရသူ နန်းက ပြောပါတယ်။“စစ်ကောင်စီနဲ့ PNLA က ဒီတစ်ကျော့ပြန်တိုက်ပွဲမှာ ဒရုန်းနဲ့လက်နက်ကြီးအသုံးပြုမှု မြှင့်တက်လာနေတဲ့အပေါ်မှာ အရပ်သား ထိခိုက်ဒဏ်ရာရရှိမှုလည်း မြင့်တက်လာနေတယ်။ အခုထွက်ပြေးရသူက နှစ်သောင်းခွဲကျော်နေပြီ” ပင်လောင်းဒေသခံတွေဟာ ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်၊ တောင်ကြီး၊ ညောင်ရွှေမြို့နယ်တွေကို အများဆုံး ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
ပင်လောင်းမြို့နယ်အတွင်းကို စစ်ကောင်စီတပ်က အင်အားငါးရာကျော်သုံးပြီး စစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲ တွေနေ့စဥ်လိုလိုဖြစ်နေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ရဲ့သတင်းပြန်ကြားရေးတာဝန်ရှိသူက ပြောပါ တယ်။ ရှမ်းပြည်တောင်ပိုင်း ပင်လောင်း၊ ဖယ်ခုံနဲ့ လွိုင်ကော်မြို့နယ်အတွင်းမှာ ၂၀၂၄ ခုနှစ် မေလကတည်းက စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) တပ်ဖွဲ့ကြား တိုက်ပွဲတွေ နေ့စဥ်လိုလိုဖြစ် နေတာပါ။ အခုရက်ပိုင်း တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီဘက်က ဒရုန်းတွေကို ပိုပြီးအသုံးပြုတိုက်ခိုက်လာတယ်လို့ ဒေသခံ တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ Read ni full
၁၅။ စစ်ကောင်စီဘက်က ထိုးစစ်ဆင်ဖို့ပြင်ဆင်နေလို့ လွိုင်ကော်ပစ္စည်းပြန်ယူသူတွေကို စစ်တပ်ကအမြန်ဆုံး ပြန်ထွက်ခိုင်းနေ
June 24, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့ကို စစ်ကောင်စီဘက်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတာကြောင့် နေရပ်ပြန် ပစ္စည်းယူသူ တွေကို အမြန်ဆုံး ထွက်ခိုင်းနေတယ်လို့ လတ်တလော ပြန်ရောက်နေသူတွေက ပြောပါတယ်။ ဇွန်လ ၂၅ ရက်နေ့ကစပြီး မင်းစု ရပ်ကွက် Techno World မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်တွေက သံချပ်ကာ၊ တင့်ကား၊ လေကြောင်း အပြည့်စုံသုံးပြီး ထိုးစစ် ဆင်ဖို့ပြင်ဆင်ထားတာကြောင့် လွိုင်ကော်မြို့မရဲစခန်း အနီးက နေအိမ်တွေကို တိမ်းရှောင်ခိုင်းနေတာလို့ ဆိုပါတယ်။“ယူစရာရှိ တာ မြန်မြန်ယူ မြန်မြန်ထွက်ပေါ့နော် နောက်ကျရင် သူတို့က တာဝန်မယူဘူးပေါ့။ စစ်ကြောင်းထိုးမှာလား၊ ခိုးမှာလား မသဲကွဲ ဘူး။ တစ်မြို့လုံး ပြောင်နေအောင် ခိုးပြီးမှ ကြေညာတယ်ဆိုတော့ အခုက တရားဝင် ခိုးတော့မယ်ဆိုတဲ့သဘော” လို့ နေရပ်ပြန် ပစ္စည်းယူဖို့ ရောက်ရှိနေသူ တစ်ဦးက ပြောပါတယ်။ လက်ရှိ တစ်မြို့လုံးနီးပါး ပျက်စီးနေတဲ့ လွိုင်ကော်မြို့မှာ အိမ်တိုင်းလိုလို အတွင်းပစ္စည်းတွေ မကျန်တော့တာကြောင့် ပစ္စည်းပြန်ယူသူတွေအတွက် အချည်းနှီး ဖြစ်နိုင်တဲ့အပြင် စစ်ကောင်စီဘက်က ကျောင်းဖွင့်ရာသီရောက်မှ စစ်ကြောင်းထိုးဖို့ စီစဉ်နေတာကြောင့် မြို့တွင်း ကျန်ရှိနေတဲ့လူတွေကို လူသားဒိုင်း လုပ်နိုင်တယ်လို့ တော်လှန်ရေး မြေပြင် သတင်းအရင်းအမြစ်တွေက သတိပေးပါတယ်။
ဒါ့အပြင် မင်းစုရပ်ကွက်က ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ဒကစ) အနီးက နေအိမ်တွေကိုလည်း စစ်တပ်က မထိန်းနိုင် တော့ဘူးလို့ဆိုကာ အမြန်ထွက်ခိုင်းနေပြီး လာမယ့် ဇွန်လ ၂၅ ရက်နေ့ စစ်ကြောင်းထိုး၊ မိုင်းရှင်းလင်းပြီးတဲ့ ရက်ရောက်ရင်တော့ နေရပ်ပြန်လာကြဖို့ ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။“ပစ္စည်းက မရှိရင် ပြန်ရှာလို့ ရတယ်။ အစားထိုးလို့ရတယ်။ လူ့အသက် က အစားထိုးလို့ မရဘူး။ ကျနော်တို့ကတော့ ပစ္စည်းပြန်ယူချင်တာတောင် ယူဖို့အိမ်က မရှိတော့ဘူး” လို့ စစ်ဘေးရှောင်နေသူ တစ်ဦးက ပြောပါတယ်။ လွိုင်ကော်မြို့ကို ဝင်ဖို့ ဖွင့်ထားပေးတဲ့ ဖယ်ခုံလမ်း တစ်လျှောက်က စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေ မှာလည်း ဆေးဝါးနဲ့ အစားအသောက် သယ်ဆောင်လာတဲ့ ကားတွေကို ဖမ်းဆီးနေပြီး ထောင် ၃ နှစ် ချလို့ရတဲ့ ပုဒ်မတွေ တပ်နေ တယ်လို့ ဆိုပါတယ်။ Read ni full
၁၆။ ကိုးကန့်ဒေသမှာ နှစ် ၂၀ အထက် နေထိုင်သူတွေကို မူရင်းဒေသသားအဖြစ်အတည်ပြုမယ်လို့ MNDAA က ထုတ်ပြန်
June 24, 2024
ရှမ်းမြောက်၊ ကိုးကန့်ဒေသဖြစ်တဲ့ အထူးဒေသ(၁) အတွင်း နှစ်ပေါင်း ၂၀ နှစ်နဲ့အထက် နေထိုင်ခဲ့သူတွေကို “မူရင်းဒေသသား”အဖြစ် အတည်ပြုပြီး ဒေသသား မှတ်ပုံတင်ကပ်ပြားအလိုအလျောက်ရရှိနိုင်မယ်လို့ MNDAA က ဇွန်လ ၂၂ ရက်နေ့ စာနဲ့ ထုတ်ပြန်လာတာတွေ့ရပါတယ်။ မူရင်းဒေသသား၊ ပြင်ပမှရောက်ရှိလာသူနဲ့ အမြဲတမ်းနေထိင်သူများအား အတည်ပြုတဲ့ နည်း လမ်းစနစ်တွေကို ထုတ်ပြန်ရာမှာ ယင်းကဲ့သို့ ပါရှိလာတာ ဖြစ်ပါတယ်။ ယင်းဒေသမှာ ၁၄ နှစ်နဲ့အထက် နေထိုင်ခဲ့တဲ့ ပြင်ပက ရောက်ရှိလာတဲ့သူတွေကတော့ လျှောက်လွှာတင်ခြင်းကတဆင့် “အမြဲတမ်းဒေသသား”အဖြစ် အတည်ပြုနိုင်မယ်လို့ဆိုပါတယ်။
ဒေသအတွင်း မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း ယွမ် ၅ သိန်းနဲ့အထက် ပိုင်ဆိုင်သူ၊ သဘောဆန္ဒအလျောက် လာရောက်ပူး ပေါင်း လုပ်ကိုင်ဆောင်ရွက်တဲ့ ပညာရှင်တွေ၊ MNDAA အတွင်း စစ်မှုထမ်း သို့မဟုတ် အုပ်ချုပ်ရေး၏ဝန်ထမ်းအဖြစ် ၃ နှစ်နဲ့ အထက် ပြင်ပက လာရောက်သူတွေအပြင် MNDAA က “နိုင်ငံရေးဒုက္ခသည်”အဖြစ် အသိအမှတ်ပြုသူတွေနဲ့ ယွမ်ငွေ ၅ သိန်းနဲ့ အထက် ရင်းနှီးမြုပ်နှံပြီး ၈ နှစ်နဲ့အထက် တောက်လျှောက်နေထိုင်သူတွေကို လူ ၃ ဦးက ထောက်ခံရင် အမြဲတမ်းဒေသသား အဖြစ် အတည်ပြုနိုင်တယ်လို့ ဆိုပါတယ်။ ကိုးကန့်နယ်ကိုရောက်လာတဲ့သူတွေဟာ ဒေသက ထုတ်ပြန်တဲ့ ဥပဒေ၊ စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာရမှာဖြစ်ပြီး ဘာကြောင့်ဘဲလာလာ ၁၅ ရက်ထက် ကျော်လွန်ပါက ယာယီနေထိုင်ခွင့်ပြုလုပ်ဖို့နဲ့ ဒေသ သားတွေအနေနဲ့ အခွန်ပေးဆောင်ဖို့၊ အသက် ၁၈ နှစ်ပြည့်ရင် ကျားမမရွေး စစ်မှုထမ်းရမယ် လို့ အာဏာတည်အမိန့်အဖြစ် ထုတ် ပြန်ကြေညာထားပါတယ်။ Read ni full
၁၇။ ရသေ့တောင်မြို့နယ်တွင် အမျိုးသမီးငယ်တစ်ဦး မိုင်းထိ
June 24, 2024
နာရီခန့်က မိုင်းထိမှန်သွားခဲ့ကြောင်း သိရသည်။ အသက်(၂၈ နှစ်)အရွယ် မခင်ဆန်းနွယ်မှာ မိမိ၏ နေအိမ်ခြံဝင်း အတွင်း ဟင်းပင်များစိုက်ပျိုးရန် မြေတူးဆွနေစဉ် မိုင်းပေါက်ကွဲပြီး ညာခြေထောက်ပြတ်သွားကြောင်း ဆွေမျိုးတော်စပ်သူ တစ်ဦးက ပြောသည်။“သူက ဟင်းပင်စိုက်မယ်ဆိုပြီးတော့ ခြံထဲမှာ မြေကိုတူးဆွနေတာ။ အဲဒီမှာ မိုင်းကိုနင်းမိပြီးတော့ ပေါက် သွားတာ။ ညာဖက်ဒူးအောက်က ခြေထောက်ပြတ်တောက်သွားတယ်။ နောက်ပြီးတော့ ဘယ်ဖက်ခြေထောက်မှာလည်း မိုင်းစ တွေထိသွားတယ်” ဟု ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောသည်။ မိုင်းပေါက်ကွဲမှုကြောင့် မခင်ဆန်းနွယ်၏ ညာခြေထောက် ဒူးအောက်ဖက်မှပြတ်ထွက်ပြီး ဘယ်ခြေထောက်နှင့် ခန္ဓာကိုယ်အနှံ့တွင်လည်း မိုင်းစများ ထိမှန်သွားသဖြင့် ပြင်းထန်ဒဏ်ရာရရှိ ကာ နီးစပ်ရာဆေးခန်းတွင် ဆေးကုသနေကြောင်း သိရသည်။
ယခုနှစ် မတ်လအတွင်းက မညှင်းတောင်ကျေးရွာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲနေထိုင်ခဲ့သဖြင့် အဆိုပါမိုင်း မှာ စစ်ကောင်စီတပ်ဖွဲ့က ထောင်ထားခဲ့ခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ယူဆကြသည်။“ရွာထဲမှာ မိုင်းထောင်မယ်လို့ ဘယ် သူကထင်မှာလဲ။ တိုက်ပွဲဖြစ်တုန်းကတော့ ဒီရွာမှာ စစ်ကောင်စီက စခန်းချနေခဲ့တာ ရှိပါတယ်။ နေအိမ်တွေမှာ နေခဲ့တယ်။ အဲဒီ တုန်းက ရွာသားတွေအကုန်လုံး စစ်ဘေးရှောင်နေခဲ့ရတယ်” ဟု ပြောသည်။ တိုက်ပွဲဖြစ်ပွားခဲ့သော နေရာများ၊ လက်နက်ကိုင် တပ်ဖွဲ့များ စခန်းချခဲ့သည့်နေရာများနှင့် ရွာအနီး တောတောင်များတွင် မိုင်းအမျိုးမျိုးရှိနိုင်သည့်အတွက် အသွားအလာဆင်ခြင် ကြရန်နှင့် မိုင်းရှင်းလင်းရေးကို ကျယ်ပြန့်စွာလုပ်ဆောင်ရန်အတွက် နိုင်ငံတကာအဖွဲ့အစည်းများက ကူညီပေးရန် ဒေသခံများက တိုက်တွန်းပြောဆိုကြသည်။ ရခိုင်နှင့် ပလက်ဝဒေသတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ စစ်ကြောင်းထိုးစဉ် သတ်ဖြတ်ခံရမှုနှင့် မြေမြှုပ်မိုင်းတို့ကြောင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှ ၆ လအတွင်း အရပ်သားသေ ဆုံးသူ ၂၆၈ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၆၄၀ ဦးအထိရှိကြောင်း ULA/AA ၏ စာရင်းအရ သိရသည်။
၁၈။ ကွတ်ခိုင်မြို့နယ် ကာလိုင်စာသင်ကျောင်းမှ ဆရာ/မများကို TNLA မောင်းထုတ်ပြီး ကျောင်းကိုပါချိတ်ပိတ်
June 24, 2024
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်ရှိ ကာလိုင်စာသင်ကျောင်းကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA က ကျောင်းတံခါးများကို သစ်သားဖြင့် ကြက်ခြေခတ် သံရိုက်နှက်ပြီး ချိတ်ပိတ်လိုက်ကြောင်း စုံစမ်းသိရသည်။ (ဇွန်လ ၂၃ ရက်) ည ၉ နာရီကျော်ခန့်တွင် ကွတ်ခိုင်မြို့နယ် ကာလိုင်ကျေးရွာရှိ စာသင်ကျောင်းသို့ TNLA တပ်သား ၄၀ ခန့်သည် ကား ၃ စီး ဖြင့် ရောက်ရှိလာပြီး စာသင်ကျောင်းအတွင်းရှိ ဆရာ/မများကို မောင်းထုတ်၍ ကျောင်းတံခါးများကို သစ်သားဖြင့် ကြက်ခြေခတ် သံရိုက်နှက်ပြီး သော့ခတ်ချိတ်ပိတ် ထားလိုက်ကြောင်း ကာလိုင်ဒေသခံ ကျောင်းသားမိဘများက ပြောသည်။“ဆရာ/မတွေကို မောင်းထုတ်ပြီးမှ အကုန်လုံး ချိတ်ပိတ်သွားတဲ့ ပုံစံပေါ့နော်။ ကျောင်းဝင်းအတွင်းထဲ တံခါးတွေ အကုန်လုံး ကြက်ခြေခတ်ရိုက် ကပ်သွားတယ်၊ ရွာသူကြီးလာတာတောင်မှ ပေးမဝင်ဘူး။ အစက ဆရာမတွေကိုလည်း ခေါ်သွားမယ်လို့ ပြောတာ၊ ကလေး တွေ လည်း ပါနေလို့ မခေါ်တော့ဘူး။ ကျောင်းဖွင့်ချင်ရင် သူတို့နဲ့ လာညှိနှိုင်းပါ ဆိုပြီးမှ ကချင်အမျိုးသားအလံ ထောင်ထားတာလည်း ဖြုတ်သွားတယ်” ဟု ကာလိုင်ကျေးရွာမှ ကျောင်းသားမိဘတစ်ဦးက ပြောသည်။ ကာလိုင်စာသင်ကျောင်းဝင်းအတွင်း နေထိုင် သည့် ဆရာ/မ မိသားစု (၃)ခုကို TNLA တပ်သားများက မောင်းထုတ်ခဲ့စဉ် မည်သည့်ပစ္စည်းမှ မယူလိုက်ရကြောင်း သိရပြီး လက်ရှိတွင် ကျေးရွာအတွင်းရှိ ကျောင်းကော်မတီတစ်ဦး၏ နေအိမ်တွင် သွားရောက်နေထိုင်ရကြောင်း ကျောင်းသားမိဘများ ထံမှ သိရသည်။
ယခင်က ကာလိုင်စာသင်ကျောင်းဝင်းအတွင်း တပ်စွဲနေထိုင်သည့် TNLA တပ်သားများလည်း (ဇွန်လ ၂၃ ရက်) ညအချိန် တွင် ကျောင်းကို ချိတ်ပိတ်လိုက်ပြီးနောက် မရှိတော့ကြောင်း ကာလိုင်ဒေသခံများက ပြောသည်။ ကာလိုင်ကျေးရွာ အလယ်တန်း ကျောင်းမှ ဆရာ/မများကို မောင်းထုတ်ပြီး စာသင်ခန်းများကို TNLA တပ်သားများက ပျဉ်ပြားဖြင့် ကြက်ခြေခတ် သံရိုက်နှက်၍ ချိတ်ပိတ်လိုက်ခြင်းနှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့်မှ TNLA သတင်းနှင့် ပြန်ကြားရေးဌာနထံ ဆက်သွယ်မေးမြန်းခဲ့ရာ တအာင်းပြည်ပညာရေးကောင်စီ TLEC ထံသို့ ဆက်သွယ်မေးမြန်းရန်သာ ပြန်လည်ဖြေကြားခဲ့သည်။ ကျေးရွာကျောင်းကော်မတီ အနေဖြင့် ကာလိုင်စာသင်ကျောင်း ဖွင့်လှစ်ခြင်းနှင့် ပတ်သက်ပြီး ကွတ်ခိုင်မြို့ပေါ်ရှိ TNLA တပ်ဖွဲ့၏ ခရိုင်ရုံး၌ ဇွန်လ (၅)ရက်နှင့် (၇)ရက်နေ့များတွင် နှစ်ကြိမ်တိုင်တိုင် သွားရောက်တွေ့ဆုံ ညှိနှိုင်းခဲ့သော်လည်း ပြေလည်မှုမရရှိခဲ့ဘဲ ဇွန်လ (၈) ရက်နေ့တွင် ကျောင်းပိတ်သိမ်းရန် TNLA တပ်ဖွဲ့မှ စာပေးပို့ခဲ့ကြောင်း သိရသည်။“ကာလိုင်က KIA နဲ့ အရင်ဆုံး ချိတ်ဆက်ပြီး အခုလည်း KIO ပညာရေးဌာနနဲ့ ကြီးကြပ်နေတဲ့ ကျောင်းဖြစ်တယ်။ အဲ့တာကြောင့် ကျနော်တို့မှာလည်း ဒီဟာကျတော့ သူတို့အဖွဲ့က ခွင့်မပြုဘူး ဆိုရင် ခင်ဗျားတို့ရဲ့ တောင်းဆိုချက်ကို ကျတော်တို့ မလုပ်ပေးနိုင်ဘူး၊ တကယ်လို့ ခွင့်ပြုရင်တော့ ကျနော်တို့ လုပ်ပေးနိုင်တယ် ဆိုပြီးမှ ပညာရေးပဲလုပ်တာ ဘာနိုင်ငံရေးမှလည်း လုပ်တာမဟုတ်ဘူး ကျောင်းက ဘယ်သူမဆို တက်လို့ရတယ်”ဟု ကာလိုင် ကျောင်း ကော်မတီ တာဝန်ခံတစ်ဦးက ပြောသည်။ ကာလိုင်ကျေးရွာရှိ အလယ်တန်းကျောင်းသို့ ကျေးရွာအတွင်းနှင့် ဇွပ်အောင် IDP စစ်ရှောင်စခန်းတို့မှ ကျောင်းသားကျောင်းသူ ဦးရေ ၂၀၀ ကျော် ပညာသင်ယူနေပြီး ကျေးရွာကျောင်းကော်မတီ၊ ပညာရေး ထောက်ပံ့ပေးသည့် အဖွဲ့အစည်းများနှင့် ကချင်လွတ်လပ်ရေးတပ် KIO မှ ထောက်ပံ့ပေးသည့် ဆရာ/မ (၁၄) ဦးက တာဝန်ယူ သင်ကြားပေးနေသည်။ Read ni full
၁၉။ ဖားကန့်တွင် စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီးအထိနာ
June 25, 2024
ဖားကန့်မြို့ ဆိပ်မူကျေးရွာအနီးတွင် ယနေ့ နံနက် ၄ နာရီခန့်က KIA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ကြား ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ သေဆုံးခဲ့ကြောင်းသိရသည်။ စစ်ကောင်စီစစ်ကြောင်းက ယူမာကျေးရွာမှ ဆိပ်မူ ကျေးရွာသို့ ချီတက်လာချိန် ကြားဖြတ်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဖားကန့်မြို့ရှိ KIA သတင်းရင်းမြစ်တစ်ဦး က ပြောသည်။“ဆိုင်းတောင်ဘက် စစ်ကောင်စီတွေစစ်ကြောင်းထိုးလာလို့ ဒီနေရာမှာ ကျွန်တော်တို့ရှိတယ်ဆိုတဲ့သဘောမျိုး စောင့်ကြိုပစ်တာ။ စောင့်ကြိုတိုက်တဲ့အထဲစစ်ကောင်စီဘက်လေးယောက်တော့ သေသွားတာ အတည်ပြုချက်ရထားပြီးပါပြီ။ အခုလည်း ဖားကန့်ဘက်ကစစ်ကြောင်းတွေ ဒီဘက်ဆိုင်းတောင်ဘက် ဆက်တိုက် ထိုးနေကြတယ်” ဟုပြောသည်။ စောင့်ကြို ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသောကြောင့် အင်အား ၈၀ ခန့်ပါရှိသည့် အဆိုပါ စစ်ကောင်စီစစ်ကြောင်းက ယူမာကျေးရွာသို့ တပ်ပြန် ဆုတ်သွားကြောင်း သိရသည်။
ယမန်နေ့ည ၁၀ နာရီခန့်ကလည်း ဆိပ်မူကျေးရွာ အမှတ် ၃ ရပ်ကွက်ရှိ တံတားအနီးတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း အသက် ၃၂ နှစ်ခန့်အရွယ် ဒေသခံအမျိုးသားတစ်ဦး ပြောသည်။“စစ်သားတွေတွေ့လို့လိုက်ပစ်တာလို့ ပြောနေကြတယ်။ အရမ်းကြီးပြင်းထန်တာမျိုးတော့ မရှိဘူး။ ဆိပ်မူရဲစခန်းကုန်းကနေလည်း သေနတ်ပစ်ဖောက်သ့တွေကြားခဲ့ရတယ်”ဟုပြော သည်။ ယခုရက်ပိုင်းဖားကန့်မြို့နယ်တွင် နှစ်ဖက်စစ်ရေးလှုပ်ရှားမှုများရှိလာပြီး ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖားကန့်မြို့တပ်မကုန်းမှ ဆိပ်မူရွာဟောင်းကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။ Read ni full
၂၀။ DMO PDF တပ်ရင်း A ရဲ့ ရဲဘော်ဟောင်းတစ်ဦးက တပ်ရင်းနာမည်အလွဲသုံးစားလုပ်ပြီး လူသတ်မှုကျူးလွန်
June 25, 2024
ကရင်နီပြည်အခြေစိုက် ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ် (DMO PDF) တပ်ရင်း ၄ ရဲ့ နာမည်အလွဲသုံးစားလုပ်ပြီး DMO PDF တပ်ရင်း – A ရဲ့ ရဲဘော်ဟောင်းတစ်ဦးက ဦးဆောင်မှုပြုကာ လူသတ်မှုကျူးလွန်ခဲ့တယ်လို့ သိရပါတယ်။ ဒီးမောဆိုမြို့ နယ် တစ်နေရာမှာ DMO PDF တပ်ရင်း ၄ ရဲ့ ရဲဘော်ဟောင်း လာစရုက ဦးဆောင်ပြီး ဂျိုးဇက်၊ မောင်ငယ်တို့နဲ့အတူ ဆိုင်ကယ်၊ ဖုန်းနဲ့ အသုံးအဆောင်ပစ္စည်းတွေရလိုမှုနဲ့ ရေတာရှည်မြို့နယ်က မြို့ပြမုဆိုး အကောင့်ပိုင်ရှင် စိုင်းနောင်နဲ့ တပ်ရင်း ၃၅၀၁ ဒုတပ် ရင်းမှူး စောဂျက် တို့ကို ဖမ်းဆီး ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ သေဆုံးသူ စိုင်းနောင် ရဲ့အစ်ကိုက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မနေ့ (ဇွန်လ ၂၄ ရက်) မှာ တင်ထားပါတယ်။ “KSP အမှတ် ၉ စခန်းမှာ အမှုဖွင့်ထားပါတယ်။ စုံစမ်းစစ်ဆေးတာတွေဆက်လုပ် နေပါတယ်။ တရားခံ ၃ ဦးလို့တော့ ကနဦးသိရပါတယ်ဗျ” လို့ ကရင်နီပြည်ရဲဌာန (KSP) ရဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုက မနေ့ (ဇွန်လ ၂၄ ရက်)မှာ ပြောထားပါတယ်။
တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၃၅၀၁ ရဲ့ ဒုတပ်ရင်းမှူး စောဂျက် ထွက်ပြေးလွတ်မြောက် လာပြီး စိုင်းနောင် မှာ သတ်ဖို့ ကြံစည်တဲ့နေရာအနီးအနားမှာ နဖူးတည့်တည့် ကျည်ဝင်ဒဏ်ရာနဲ့ လဲကျသေဆုံးခဲ့တယ်လို့ သိရပါ တယ်။ “အဓိက ကျွန်တော်တို့နဲ့ ဆက်စပ်တဲ့တစ်ယောက်ကတော့ ရဲဘော်လားစရုပေါ့နော်။ ဆက်စပ်မှုရှိတယ်ဆိုတာကတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ ကျွန်တော်တို့ ရဲဘော် ဟုတ်ခဲ့တယ်ပေါ့နော်။ တပ်ရင်း A မှာပေါ့နော်၊ သူအမှန်တကယ် ရဲဘော်လုပ်ခဲ့ တယ်။ သူ ၉ လ တာဝန်ထမ်းဆောင်ခဲ့ပြီးမှ မိသားစု စားဝတ်နေရေးအရ တခြားဒေသမှာ အလုပ်ထွက်လုပ်တယ်။ ၂ နှစ်နီးပါးကြာ တဲ့အချိန်မှာပေါ့၊ အဲ့ဒါသူပြန်ရောက်လာတယ်။ တပ်ရင်းတပ်ဖွဲ့မှာလည်း သူအကြောင်းကြားတာလည်း မရှိဘူး။ ပြီးတော့ ဖွဲ့စည်း ပုံ ပြောင်းတဲ့အချိန်မှာ သူ့ရဲ့စာရင်းလည်း မရှိဘူး။ ကျွန်တော်တို့ ထုတ်ပယ်ထားတယ်။ ကိုယ်ပိုင်နံပါတ်မရှိဘူးပေါ့နော်။ တပ်ရင်း တပ်ဖွဲ့နဲ့ လုံးဝမသက်ဆိုင်တဲ့အကြောင်း ကျွန်တော်ပြောချင်တယ်။ ကျန်တဲ့နှစ်ယောက်ကျတော့ ရွာသားစစ်စစ်ပေါ့နော်။” လို့ DMO အတွင်းရေးမှူး ဒါမိုးက ပြောပါတယ်။ လူသတ်မှု ဖြစ်ပွားခဲ့တာကတော့ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးအနီးတဝိုက်မှာ ၂၀၂၄ ခုနှစ်၊ ဇွန်လ၂၁ ရက်နေ့ ည ၉ နာရီဝန်းကျင်မှာ အခင်းဖြစ်ပွားကာ ကျူးလွန်တဲ့သူတွေကတော့ လားစရု၊ မောင်ငယ်နဲ့ ဂျိုးဇက် တို့ဖြစ်ပြီး အခင်းဖြစ်ပွားပြီး နောက်တစ်ရက်ညမှာ ဂျိုးဇက်ဆိုသူကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
၂၁။ ရခိုင်က စစ်ဘေးရှောင်များ သွေးလွန်တုပ်ကွေးဖြစ်ပွားမည်ကို စိုးရိမ်နေကြ
June 24, 2024
ရခိုင်ပြည်အတွင်းက စစ်ဘေးရှောင်များမှာ မိုးရာသီကာလ အမိုးအကာမလုံခြုံခြင်း၊ ခြင်ထောင်မလုံလောက်ခြင်းနှင့် ယင်လုံအိမ်သာ လုံလောက်မှု မရှိခြင်းတို့ကြောင့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမည်ကို စိုးရိမ်နေကြသည်။ လက်ရှိတွင် စစ်ဘေးရှောင်များမှာ အအေးမိဖျားနာခြင်း အဖြစ်များနေပြီး ခြင်ထောင်မလုံလောက်မှုကြောင့် အလွန်အကျွံ ခြင်ကိုက်ခံရနေရသ ဖြင့် သွေးလွန်တုပ်ကွေးရောဂါကို စိုးရိမ်နေကြခြင်းဖြစ်သည်။“ခြင်တွေ တအားကိုက်တယ်။ ခြင်ထောင်က လုံလောက်မှုမရှိဘူး။ အဲဒီထဲမှာ အိမ်သာတွေကလည်း အပြည့်အစုံ မရှိဘူး။ တော်တော်ဒုက္ခဖြစ်ရတယ်။ အခုက အရင်နှစ်တွေကလို ကျန်းမာရေး စောင့်ရှောက်မှုလည်းမရတော့ ပိုပြီးစိုးရိမ်ရတယ်” ဟု ပုဏ္ဏားကျွန်းမြို့နယ်၊ အထက်မြတ်လှဲစစ်ဘေးရှောင်စခန်းမှ အမျိုးသား တစ်ဦးက ပြောသည်။ စစ်ဘေးရှောင်လူဦးရေ ၇၀၀ ကျော်ရှိသည့် အထက်မြတ်လှဲစစ်ဘေးရှောင်စခန်းတွင် ဇွန်လအစောပိုင်းက ငှက်ဖျားရောဂါဖြစ်ပွားသူ ၂၀ ကျော်ရှိခဲ့ပြီး လက်ရှိတွင် စားနပ်ရိက္ခာအပြင် ခြင်ထောင်လိုအပ်ချက်များရှိနေသည်။
သွေးလွန်တုပ်ကွေးသည် အသက်ဆုံးရှုံးနိုင်ထိ ပြင်းထန်သဖြင့် အိမ်ဘေးနားရှိ ရေအိုင်များ၊ ချိုင့်ခွက်များတွင် မိုးရွာလျှင် ရေမတင်ကျန်စေရန် ရေစီးမြောင်းဖောက်ကာ ခြင်အန္တရာယ်ကာကွယ်ကြရန် လိုအပ်သည်။ ယင်းအပြင် ခြင်မကိုက်အောင် အင်္ကျီလက်ရှည်၊ ဘောင်းဘီအရှည် ဝတ်ဆင်ရန်လိုအပ်ပြီး နေ့ခြင်းဖြစ်စေ၊ ညဖြစ်စေ အိပ်သည့်အချိန်တွင်လည်း ခြင်ထောင်ချပြီး အိပ်ရန်လိုအပ်သည်။“ကျမတို့မှာ မိုးမရွာပါနဲ့လို့သာဆုတောင်းနေရပါတယ်။ ခြင်တွေကိုက်တော့ ကလေးငယ်တွေ ကျန်းမာရေး အတွက် တော်တော်စိုးရိမ်ရတဲ့ အနေအထားရှိပါတယ်” ဟု စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။ သွေးလွန်တုပ်ကွေးရောဂါ သည် ခြင်မှတစ်ဆင့်ကူးစက်ကာ လူကြီး/လူငယ်၊ ကျား/မ မရွေးဖြစ်ပွားတတ်သည့် ကူးစက်ရောဂါတစ်မျိုးဖြစ်ပြီး မိုးရာသီကာလ ဇွန်၊ ဇူလိုင်၊ ဩဂုတ်နှင့် စက်တင်ဘာလများတွင် အဖြစ်များသည်။ Read ni full
၂၂။ တနင်္သာရီတိုင်းထဲက မြို့နယ်ငါးခုမှာ ငှက်ဖျားအဖြစ်များနေ
June 25, 2024
တနင်္သာရီတိုင်းထဲက မြို့နယ်ငါးခုမှာ ငှက်ဖျားဖြစ်ပွားသူများနေပြီး စမ်းသပ်စစ်ဆေးရေးကိရိယာနဲ့ ဆေးဝါးလိုအပ်နေ တယ်လို့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆေးမှူးတွေဆီက သိရပါတယ်။ ထားဝယ်၊ သရက်ချောင်း၊ ပုလော၊ တနင်္သာရီနဲ့ ဘုတ်ပြင်း မြို့နယ်တွေက ကျေးလက်ဒေသတွေမှာ ပြီးခဲ့တဲ့မေလနဲ့ အခုဇွန်လအတွင်း ငှက်ဖျားဖြစ်ပွားမှုနှုန်း သိသိသာသာတိုးလာတာဖြစ် တယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ တနင်္သာရီတိုင်းကျန်းမာရေးတာဝန်ခံ ပြောပါတယ်။ ထားဝယ် မြို့နယ်အရှေ့တောဒေသမှာ ပြီးခဲ့တဲ့နှစ်လအတွင်း ငှက်ဖျားဖြစ်သူ အယောက် ၁၁၀ ဝန်းကျင်ရှိပြီး ငှက်ဖျားဖြစ်ပွားမှုနှုန်းက ၆၀ ရာခိုင်နှုန်းရှိနေတယ်လို့ ထားဝယ်အရှေ့တောက ကျန်းမာရေးဝန်ထမ်းအမျိုး သမီးတစ်ဦးဆီက သိရပါတယ်။“ကျမဆီလာပြတဲ့ လူနာ ၇၀ ကျော်မှာ ၄၀ ကျော်က ငှက်ဖျားတွေ့ရတယ်။ အခုကကျမဆီမှာ ငှက်ဖျားဆေးက လူနှစ်ယောက်စာ လောက်ပဲ ကျန် တော့လို့ ငှက်ဖျားလူနာတွေအကုန် တခြားဆရာမတယောက်ဆီ လွှဲပေးနေရတယ်” လို့ သူကဆိုပါတယ်။
သရက်ချောင်းမြို့နယ်မှာလည်း ငှက်ဖျားဖြစ်ပွားမှုနှုန်းများနေပြီး ဒေါနတနင်္သာရီစစ်ဘေးရှောင်များကူညီရေးအဖွဲ့ကနေ ကုသမှုပေးနေတဲ့ လူနာအရေအတွက်က ပြီးခဲ့တဲ့မေလမှာ ၁၀ ယောက်နဲ့ အခုဇွန်လထဲမှာ ၂၃ ယောက်အထိရှိတယ်လို့ အဖွဲ့ တာဝန်ရှိသူ ရဲဘော်ယောနသံက ပြောပြပါတယ်။ ဒါ့အပြင် သရက်ချောင်းမြို့နယ်ထဲက အခြားကျေးရွာတွေမှာလည်း ငှက်ဖျား ဖြစ်ပွားမှုနှုန်းများနေတယ်လို့ သိရပါတယ်။ တနင်္သာရီမြို့နယ်မှာလည်း ငှက်ဖျားဖြစ်ပွားမှုများနေပြီး ပဝကျေးရွာအုပ်စုနဲ့ အနီးနား ကျေးရွာတွေမှာ ၄၂ ဦးထက်မနည်း၊ ဘန်လောကျေးရွာအုပ်စုနဲ့ အနီးနားကျေးရွာတွေမှာ ၂၃ ဦးထက် မနည်း၊ တကူကျေးရွာအုပ်စု နဲ့ အနီးတဝိုက်ကရွာတွေမှာတော့ ၄၅ ဦးထက်မနည်း ရှိခဲ့တယ်လို့ သက်ဆိုင်ရာ ကျန်မာရေးဝန်ထမ်းတွေနဲ့ ဆေးမှူးတွေက ပြောပါတယ်။ ဒါ့အပြင် တနင်္သာရီမြို့နယ်ထဲက ကျန်းမာရေးစောင့်ရှောက်မှု သေချာမပေးနိုင်တဲ့ ကျေးရွာတွေက ဒေသခံတွေမှာ ရက်ရှည်ငှက်ဖျားရောဂါကို ခံစားနေကြရတယ်လို့ တနင်္သာရီမြို့နယ်၊ မြေပြင်ကျန်းမာရေးဝန်ထမ်းအချို့က ဆိုပါတယ်။“အခု ရက်ရှည်နေတဲ့ ဒေသခံတွေကြတော့ ကျနော်တို့နဲ့ အလှမ်းဝေးတယ်။ သူတို့ကို စောင့်ကြည့်ကြပ်မတ်ပေးတာတွေမလုပ်နိုင်တော့ ငှက်ဖျားက ရက်ရှည်နေတာဗျ” လို့ အမည်မဖော်လိုသူ တနင်္သာရီမြို့နယ်၊ တော်လှန်ရေးတပ်ဖွဲ့တစ်ခုက ဆေးမှူးတစ်ဦးက ရှင်းပြပါတယ်။ တနင်္သာရီတိုင်းထဲက ကျေးလက်ဒေသအများစုကို စစ်ကောင်စီက ရိက္ခာနဲ့ ဆေးဝါးသယ်ဆောင်ခွင့်ပိတ်ဆို့ ကန့်သတ်ထားပါတယ်။ Read ni full
၂၃။ ကော့ကရိတ်-မြဝတီ လမ်းဟောင်းပေါ် ကုန်တင်ယာဥ်ကြီးများ ကုန်ဖြတ်သန်းခ ၁၀ သိန်းကျော်အထိ ပေးဆောင်နေရ
June 24, 2024
အာရှလမ်းမကြီးပိတ်ထားသဖြင့် ကော့ကရိတ်-မြဝတီလမ်းဟောင်း သုံး၍ သွားလာနေရသော ကုန်တင်ယာဥ်ကြီးများ မှာ လမ်းဟောင်းပေါ်ရှိ လက်နက်ကိုင်ဂိတ်များသို့ ကုန်သယ်ဖြတ်သန်းခ မြန်မာကျပ်ငွေ ၁၀ သိန်းကျော်အထိ ပေးဆောင်သွား လာနေရကြောင်း မော်တော်ယာဥ်မောင်းနှင်သူများထံမှ သိရသည်။ ခြောက်ဘီး နှင့်အထက် ကုန်တင်မော်တော်ယာဥ်များမှာ မြဝတီသို့ အသွား ဒေါနတောင်ကြောပေါ်ရှိ အလယ်ဘိုတဲဂိတ်မှ လက်နက်ကိုင်တပ်ဖွဲ့ဝင်များကို ကုန်တင်ခအဖြစ် ၄ သိန်းမှ ၁၂ သိန်းအထိ ပေးဆောင်ရပြီး မြဝတီမှအပြန် ဝှေ့ရှမ်းဂိတ်တွင်လည်း အလားတူ ပေးဆောင်မှသာ သွားလာခွင့်ရကြောင်း ဖားအံမှ မြဝတီသို့ ကုန်သွယ်နေသည့် မော်တော်ယာဥ်မောင်း တစ်ဦးကပြောသည်။ ၎င်းက “သူတို့သတ်မှတ်ထားတာရှိတယ်လေ၊ ကုန်တင်ကားသေးတွေအတွက်က ၁ သိန်း ၂သောင်း၊ ကားကြီးတွေအတွက် ၄ သိန်းကနေ ၁၂ သိန်းအထိ ပိုက်ဆံတောင်းတယ်။ သူတို့ကိုပေးရတဲ့ ကားတစ်စီးရဲ့ကုန်တင်ကြေးပေါ့။ PDF နဲ့ KNU တပ်တွေ ပေါင်းတောင်းတာ။” ဟု ပြောသည်။
လမ်းဟောင်းပေါ်ရှိ အဆိုပါဂိတ်များတွင် ယခင်က စစ်ကောင်စီအပါအဝင် ကရင်လက်နက်ကိုင်တပ်များ ဂိတ်ထိုင်ထား ခဲ့ရာ ယခု လမ်းသွားလာခွင့်ပြန်ပေးပြီးနောက်ပိုင်း ကရင်အမျိုးသားအစည်းအရုံး-KNU နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF များ က အဓိက ဂိတ်ထိုင်ကြသော်လည်း ဂိတ်ကြေးအများအပြား ကောက်ခံခိုင်းထားခြင်းမရှိကြောင်း KNU နှင့် နီးစပ်သည့် သတင်း အရင်းအမြစ်က ပြောဆိုသည်။ ကုန်သွယ်အာရှ လမ်းမကြီးပိတ်ထားခြင်း၊ တောလမ်းအချို့ ပျက်စီးမှုများပြားခြင်းကြောင့် မော်တော်ယာဥ်များမှာ လမ်းဟောင်းနှင့်ရွာချင်းဆက်လမ်းများသုံး၍ အထက်ပါအတိုင်း ကုန်တင်ခ အများအပြားပေးသွားနေရ သည့်အပြင် မြဝတီမြို့အဝင် နယ်ခြားစောင့်တပ်-BGF ဂိတ်များတွင်လည်း ဂိတ်ကြေးအနေဖြင့် ထပ်မံပေးဆောင်ရသေးသည်ဟု ဆိုသည်။ ထို့အပြင် အဆိုပါ ဝှေ့ရှမ်းနှင့်အလယ်ဘိုတဲဂိတ်များမှာ မော်တော်ယာဥ်ကြီး၊ ယာဥ်ငယ်များ ကုန်စည်မပါဘဲ ဖြတ်သန်း သွားလာသည့်တိုင် ဂိတ်ကြေးအဖြစ် မြန်မာကျပ်ငွေ ၂ သောင်းမှ ၈ သောင်းအထိ မြဝတီ အတက်ရော အဆင်းပါ ပေးရကြောင်း နောက်ထပ် ကုန်တင်ယာဥ်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောသည်။“ကျမတို့ဆို ခါလီပြန်လာတာ ကုန်ဖိုးရှုံးနေပြီ မယူနဲ့တော့ ပေါ့နော် အဲဒါလည်းတောင်းတာပဲ။ ကားသေး ၂ သောင်း၊ ကားကြီးက ၈ သောင်းအထိ ပေးရတယ်။ လုံးဝမကိုက်ဘူး ဘာမှ မကျန် ဘူး လမ်းမှာ။ အသွားအပြန် ၇ ရက်ကြာပြီး စားစရိတ်ထောင်းတယ်။ ခါလီတက်တာတောင် လမ်းကြေးက ၇ သောင်းလောက် ကုန်နေပြီ။ အာရှလမ်းဆို ဘာမှမတင်ရင် ဘာတစ်ပြားမှမပေးရဘူး။ လမ်းတံတားကြေးလောက်ပဲ။” ဟု အဆိုပါအမျိုးသမီးက ပြောသည်။ Read ni full
၂၄။ ကွတ်ခိုင် – လားရှိုး တောလမ်းကြမ်းတမ်းမှုကြောင့် အရေးပေါ်လူနာများနှင့် ကားများ အခက်ကြုံနေ
June 24, 2024
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင် – လားရှိုး ခရီးစဉ်ကို တောလမ်းမှ ကွေ့ပတ်၍ သွားလာနေရသည့်အတွက် အရေးပေါ် လူနာများနှင့် ကားများ အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။ ကွတ်ခိုင်မြို့မှ လားရှိုးမြို့သို့ သွားလာသည့် လမ်းတလျှောက်တွင် တောလမ်းမှ ကွေ့ပတ်၍ သွားလာနေရပြီး ယခုကာလတွင် မိုးရွာသွန်းမှုကြောင့် လမ်းခရီးများ ကြမ်းတမ်း ခက်ခဲနေပြီး အရေးပေါ်လူနာများနှင့် ကားများအခက်အခဲများ ကြုံတွေ့နေရကြောင်း ခရီးသည်ပို့ဆောင်ပေးနေသည့် ကားသမား များကပြောသည်။“လမ်းခရီးအခြေအနေက ရိုးရိုးလေးဆိုးတာ မဟုတ်ဘူး။ မိုးတွေရွာပြီးတော့ ရွှံ့တွေနဲ့ လမ်းတွေက ခက်တာ ပေါ့။ လမ်းက တောလမ်း ကားကြီးတွေ သွားလိုက်တော့ လမ်းတွေ ပိုဆိုးသွားတာပေါ့ မိုးရွာတော့။ ကွတ်ခိုင်-သိန္နီ-ရေပူ-မိုင်းလီ ဘက်ကိုသွား ပြီးရင် တန့်ယန်း မရောက်ခင် လားရှိုးဘက်ကို ပြန်မောင်းရတာ၊ အရေးပေါ်ကားတွေ သွားမယ်ဆိုရင် အခြေအနေ အရမ်း ဆိုးတယ်”ဟု အသက် ၄၀ ဝန်းကျင် ယာဉ်မောင်းအမျိုးသားတစ်ဦးက ပြောသည်။
လက်ရှိတွင် မူဆယ်-ကွတ်ခိုင်-လားရှိုး ခရီးစဉ်တလျှောက် တောလမ်းများကို အဓိကထား အသုံးပြုနေရပြီး မိုးရွာသွန်းမှု ကြောင့် ကားကြီး၊ ကားငယ် အပါအဝင် အရေးပေါ် လူနာတင်ယာဉ်များအတွက် အခက်အခဲများ ကြုံတွေ့နေရကြောင်း ခရီးသွား ယာဉ်မောင်းသမားများက ပြောသည်။“တန့်ယန်းသွားတဲ့ဘက်ကနေ ဖြတ်တာလေ ကားရဲ့ အောက်ပိုင်းတွေ တော်တော်ထိ တယ်။ တစ်ညလည်း အိပ်ရတယ်၊ လူနာကလည်း ပါသေးတယ်။ ကွတ်ခိုင်နဲ့တန့်ယန်းကြား ပြီးတော့ လားရှိုးနားပေါ့ အဲ့နားတွေ က လမ်းအရမ်းဆိုးတယ်။ လူနာနဲ့ကျတော့ တောလမ်းတွေ သွားရတာ အဆင်မပြေဘူးလေ။ ကားကလည်း ကိုယ်ဟာကိုယ်ပဲ ပြန်ပြင်ရတာ၊ တစ်ခေါက်ပြင်ရင် ကျပ်သိန်း ၁၀ ထက် မနည်းကုန်တယ်”ဟု ၎င်းယာဉ်မောင်း အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။ “အဲ့ဘက်လမ်းကလည်း တချို့ကလမ်းမှာပိတ်မိနေတာရှိတယ်။ ကားမှောက်တာတွေရှိတယ်။ လမ်းက အရမ်း ဆိုးတယ်။ ကားကြီးတွေနဲ့ပါ ဆွဲထုတ်ရတာ တောလမ်းတွေ တော်တော်များများ မှာတော့ ကားကြီးတွေပိတ်တယ်။ မနေ့က မိုးရွာတော့ ကားတွေပိတ်တယ်။ ဒီနေ့လည်း ထပ်ပိတ်နေနိုင်တယ်”ဟု ကွတ်ခိုင်မြို့ဒေသခံတစ်ဦးက ပြောသည်။
၂၅။ မြန်မာလူဦးရေ ၄၂ သန်း ဆင်းရဲမွဲတေမှုဖြင့် ရင်ဆိုင်နေရ
June 24, 2024
၂၀၂၂ ခုနှစ်၊ ခန့်မှန်းလူဦးရေ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ လူဦးရေ ၅၅ ဒသမ ၈ သန်းရှိသည့်အနက် ၇၅ ရာခိုင်နှုန်း ရှိ ၄၂ သန်းသော ပြည်သူများသည် ဆင်းရဲမွေးတေမှုဖြင့် ရင်ဆိုင်နေရသည်ဟု UNDP Myanmar က ထုတ်ပြန်သည်။ ဆင်းရဲမွေး တေမှု ၇၅ ရာခိုင်နှုန်းသို့ ရောက်ရှိသွားခြင်းမှာ စစ်တပ်က အာဏာသိမ်းပြီး ၃ နှစ်တာကာလအတွင်း လူလတ် တန်းစား လူဦးရေ ၅၀ ရာခိုင်နှုန်း ကျဆင်းသွားခြင်းကြောင့်ဖြစ်သည်ဟု UNDP က ထောက်ပြထားသည်။ ထို့အပြင် လူပေါင်း ၁၃ ဒသမ ၃ သန်းသည် စားနပ်ရိက္ခာမလုံလောက်မှုကို ရင်ဆိုင်နေရပြီး မြန်မာနိုင်ငံသည် အမေ့အပျောက်ခံ အကျပ်အတည်းတစ်ခုအဖြစ် ရှိနေသေး ကြောင်း UNDP ကဆိုသည်။ ၂၀၂၀ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း ကုလသမဂ္ဂမှတဆင့် ဖွံ့ဖြိုးရေးအကူအညီသည် ၄၀ ရာခိုင်နှုန်း ကျော် လျော့ကျခဲ့ရပြီး တစ်ချိန်တည်းတွင် လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ရေးအစီအစဥ်များသည်လည်း ရံပုံငွေမလုံလောက် ဘဲ ရှိနေသည်။ အဆမတန်ကြီးထွားလာနေသော လိုအပ်ချက်ကို တုံ့ပြန်ရန်မှာ စိန်ခေါ်မှုဖြစ်သော်လည်း ဖြစ်နိုင်ပါသေးပြီး UNDP သည် လူပေါင်း ၂ သန်းကျော်ကို ရောက်ရှိကူညီခဲ့ပြီးဖြစ်ကာ လာမည့် ၂၀၂၅ နှစ်ကုန်တွင် လူပေါင်း ၈ သန်းအထိ ကူညီနိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ရှုပ်ထွေးသော နိုင်ငံရေးအခြေအနေအရ စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် အကူအညီနှင့် ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာများ၌ ချဉ်းကပ်ပုံကို ပြန်လည် ဖွဲ့စည်းပုံဖော်ထားသည်ဟု UNDP က ပြောသည်။“လုပ်အားအတွက် ငွေသားပေးအပ် ထောက်ပံ့ခြင်း” အစီအစဉ်များအပြင် လယ်ယာကဏ္ဍမြှင့်တင်ခြင်းမှ ဒေသခံတောင်သူလယ်သမားများအတွက် အထောက်အပံ့ ပေးခြင်းနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအထိ၊ UNDP သည် လတ်တလောလိုအပ်ချက်များကို ဖြေရှင်းရန် လုပ်ဆောင် နေကြောင်းသိရသည်။ ထို့အပြင် ရပ်ရွာမှ ဦးဆောင်သည့် ချဥ်းကပ်ကူညီမှုများဖြင့် စားနပ်ရိက္ခာ လက်လှမ်းမီမှုနှင့် ဆင်းရဲမွဲတေ မှုကို ကိုင်တွယ်ဖြေရှင်းရန် ပြည်တွင်းသာမက နိုင်ငံတကာမိတ်ဖက်များနှင့်အတူ ပူးပေါင်းဆောင်ရွက်နေကြောင်းလည်း UNDP က ပြောသည်။ Read ni full
၂၆။ မြစ်ကြီးနား-ပူတာအို အတက်အဆင်းပြုလုပ်နေတဲ့ ကုန်ပစ္စည်းတင်ကားတွေ ပုံမှန်အတိုင်း ပြန်လည် ပြေးဆွဲ
June 24, 2024
မြစ်ကြီးနား-ပူတာအို အတက်အဆင်းပြုလုပ်နေတဲ့ ကုန်ပစ္စည်းတင်ကားတွေဟာ လမ်းပိုင်းဆိုင်ရာ အခက်အခဲကြောင့် ယာယီရပ်နားလိုက်ရပြီး ဒီကနေ့ ဇွန်လ ၂၄ ရက်နေ့ကနေစပြီး ပုံမှန်အတိုင်း ပြန်လည် ပြေးဆွဲနေပြီလို့ သိရပါတယ်။ ပူတာအိုမြို့မ ရောက်ခင် မဆွန်ဇွပ်(masum zup)နဲ့ တန်ဂျာကျေးရွာကြား ကျောက်ရေတွင်း (ကချင်အခေါ်အဝေါ် Shin dan mada) အောက် ဘက်နားမှာ လမ်းချောက်ကမ်းပါးပြိုတဲ့အတွက် ဇွန်လ ၂၁ ရက်နေ့နေ့ကနေစပြီး ယာယီ ရပ်နားလိုက်ရတာပါ။ မြစ်ကြီးနား-ပူတာအို အတက်ရော အဆင်းပါ ယာယီရပ်နားထားရာကနေ လမ်းပြုပြင်ပြီးစီးပြီ ဖြစ်တဲ့အတွက် ဒီကနေ့မှာတော့ မြစ်ကြီးနားက နေ ပူတာအိုမြို့ဘက် ကားအကြီးအသေး ၂၇ စီး ပြန်ထွက်သွားပြီလို့ ကားသမားတစ်ဦးက အခုလို ပြောပါတယ်။ “လမ်းကတော့ ပြီးပြီ။ ဒီနေ့ ပြန်ထွက်ပြီ။ ဒီနေ့ ထွက်တာက ၂၇ စီး ထွက်တယ်။ လမ်းပိတ်သွားလို့ စုသွားတဲ့ သဘောနေမှာ။ တစ်နေ့ ၇ စီးတော့ သတ်မှတ်ထားတာ ဟုတ်တယ်။”လို့ ပြောပါတယ်။
လက်ရှိအချိန်မှာတော့ ကားသမားတွေအနေနဲ့ နှစ်ဖက်တပ်(KIA နဲ့ စစ်ကောင်စီ)ရဲ့ သက်ဆိုင်ရာအဖွဲ့အစည်းဆီ တင် ဆောင်မယ့် ကုန်ပစ္စည်းစာရင်းတွေကို နှစ်ရက်ကြိုတင် စာရင်းပေးပို့ထားရပြီး ကုန်ပစ္စည်းတင်ကားတွေကို စိစစ်ပြီးမှသာ တစ်ဖွဲ့ ကို ကား ၇ စီးစီနဲ့ တစ်သုတ်ပြီးတစ်သုတ် ပူတာအိုမြို့ဘက် တက်ခွင့်ပြုနေတာလည်း ဖြစ်ပါတယ်။ ပူတာအိုမြို့ဘက် တက်ခွင့်ရ ဖို့ အလှည့်ကျစနစ်နဲ့ဖြစ်တာကြောင့် တစ်ချို့ကားသမားတွေဟာ စာရင်းပေးသွင်းပြီးနောက်ပိုင်း သုံးရက်ကနေ တစ်ပတ်လောက် အထိ အလှည့်စောင့်ဆိုင်းရသူတွေပါ ရှိတယ်လို့ ဆိုပါတယ်။ လက်ရှိအချိန် မြစ်ကြီးနား-ပူတာအိုမြို့ အတက်/အဆင်း ပြုလုပ်နေ တဲ့ ကားအစီး ၁၀၀ ကျော်လောက်ရှိတယ်လို့လည်း သိရှိရပါတယ်။ ဒါ့အပြင် အရင်က တစ်ရက်တည်းနဲ့ရောက်တဲ့ မြစ်ကြီးနား-ပူတာအိုမြို့လမ်းခရီးဟာ အခုအချိန်မှာတော့ လမ်းတစ်လျှောက် နှစ်ဖက်တပ်ဂိတ်တွေကနေ အသေးစိတ် စစ်ဆေးရေးတွေတင်း ကျပ်တဲ့အတွက် အနည်းဆုံးတစ်ညအိပ်ခရီးသွားရတဲ့အပြင် လမ်းခရီးအခက်အခဲတွေကြောင့်ပါ ပူတာအိုမြို့ဘက် အချိန်မီရောက် ဖို့ ကြန့်ကြာနေကြတာပါ။ Read ni full
၂၇။ တောင်ကုတ်မြို့မှ ထွက်ပြေးသည့် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်စည်ပင်အရာရှိကို စစ်ကောင်စီဖမ်း
June 24, 2024
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇာနည်တိုး နှင့် စည်ပင်ဌာနအမှုဆောင် အရာ ရှိ ဦးမောင်စိန် သည် ဌာနကိုစွန့်ခွာထွက်ပြေးစဉ် လမ်းခုလတ်၌ စစ်ကောင်စီက ဖမ်းဆီးလိုက်ကြောင်း မြို့ခံများကပြော သည်။ ဦးဇာနည်တိုးနှင့် ဦးမောင်စိန်သည်ပြီးခဲ့သည့် ဇွန်လ ၁၈ ရက်နေ့က ထွက်ပြေးကြခြင်းဖြစ်ပြီး တောင်ကုတ်မြို့နှင့် ၄၄ မ်ိုင် ခန့်အကွာ၊ ရခိုင်ရိုးမဖြတ်ကျော်လမ်းပေါ်ရှိ တောင်ပုံကြီးကျေးရွာစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံလိုက်ရခြင်းဟု သိရ သည်။ ” ရိုးမလမ်း မိုင် ၅၀ ခန့်က တောင်ပုံကြီး အထူး စစ်ဆေးရေးဂိတ်မှာ ဖမ်းမိတာ။ လက်ရှိ စကခ(၅)မှာလို့ ကြားမိတယ်” ဟု တောင်ကုတ်မြို့ခံတဦးက ပြောသည်။ ဦးဇာနည်တိုး သည် တောင်ကုတ်မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးမှူးအဖြစ်၂၀၂၂ ခုနှစ်မှ စတင်၍ တာဝန်ထမ်းဆောင်ခဲ့ပြီး ဦးမောင်စိန်သည် ၂၀၂၁ ခုနှစ်တွင် တောင်ကုတ်မြို့နယ် စည်ပင်သာယာရေး အမှုဆောင် အရာရှိအဖြစ် ရွေးချယ်ခံရသူဖြစ်ကြောင်း မြို့ခံများကပြောသည်။
တိုက်ပွဲများပြင်းထန်နေသည့် သံတွဲမြို့နှင့် မိုင် ၄၀ ကျော်ဝေးသော တောင်ကုတ်မြို့နယ်တွင် ဇွန်လပထမလပတ်မှစ၍ စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA) ပစ်ခတ်မှု စတင်ဖြစ်ခဲ့သည်။ မြေပြင်၌တိုက်ပွဲပြင်းပြင်းထန်ထန်မဖြစ်ပွားသော်လည်း စစ်ကောင်စီက လေကြောင်းနှင့်လက်နက်ကြီးအလွန်အကျွံသုံး၍ တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများကပြောသည်။ တောင်ကုတ် မြို့နယ်၊ မီးချောင်းထိုးကျေးရွာကို ဇွန်လ ၁၅ ရက်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားတဦးသေဆုံးပြီး ဇွန်လ ၁၇ ရက်နေ့လယ်က လက်နက်ကြီးပစ်ခတ်မှုတွင် တောင်ကုတ်တက္ကသိုလ်ဝင်းအတွင်း ကျရောက် ပေါက်ကွဲခဲ့သည်ဟု ဒေသခံများက ပြောသည်။ ဇွန်လ ၁၈ ရက်နံနက် ၁၀ နာရီခန့်က တောင်ကုတ်မြို့နယ်၊ကံဆိပ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းဗုံးကြဲ တိုက်ခိုက်ရာ ကလေးငယ်တဦးအပါအဝင် သုံးဦးသေဆုံးခဲ့သည်ဟု သတင်းရရှိသည်။ ထို့အပြင် စစ်ကောင်စီသည် တောင်ကုတ် တက္ကသိုလ်အတွင်းတပ်စွဲထားသည်ဟု ပညာရေးဝန်ထမ်းများနှင့် နီးစပ်သူများကပြောသည်။ Read ni full
၂၈။ ရေကြီးရေလျှံဖြစ်နေတဲ့ နောင်ဟီးကျေးရွာစစ်ဘေးရှောင်များ နေရာအခက်ခဲဖြစ်နေ
June 24, 2024
ဝိုင်းမော်မြို့နယ် နောင်ချိန်းကျေးရွာအုပ်စု အင်ဂန်းကျေးရွာမှာစစ်ဘေးရှောင်နေတဲ့ နောင်ဟီးစစ်ဘေးရှောင်စခန်းထဲ မိုးရေဝင်ရောက်နေတာကြောင့် စစ်ရှောင်ပြည်သူတွေ နေရာထိုင်ခင်းအခက်ခဲကြုံနေရတယ်လို့ နောင်းဟီးစစ်ရှောင်ပြည်သူတွေ က ပြောပါတယ်။ ဇွန်လ ၂၄ ရက်နေ့ မနက် ၇ နာရီဝန်းကျင်ကနေ အင်ဂန်းရွာတစ်ဝိုက်မိုသည်းထန်စွာရွာသွန်းခဲ့ပြီး မိုးရေတွေက နောင်ဟီးပြည်သူတွေတိမ်းရှောင်နေတဲ့ စစ်ရှောင်စခန်းထဲအထိ ရေဝင်ရောက်ခဲ့တဲ့အပြင် မိုးကာတဲအမိုးကနေ မိုးရေတွေယိုစိမ့် ပြီး ထမင်းချက်စားတဲ့ နေရာအထိ ရေနစ်မြှုပ်တာတွေကြုံတွေ့နေရတယ်လို့ နောင်ဟီး စစ်ရှောင်ပြည်သူတစ်ဦးက ခုလိုပြောပါ တယ်။“မိုးတွေလည်းယိုတယ် မိုးကာနဲ့ဘဲ လုပ်ထားတော့ တချို့မိုးကာတွေက အရည်အသွေးမကောင်းတော့ အသစ်ဆိုရင် တောင် ယိုတယ် ကျွန်တော်တို့မှာ လိုအပ်နေတဲ့ အရာတွေဆိုပြောလိုတောင်ကုန်မှာမဟုတ်ဘူး”လို့ ဆိုပါတယ်။
လက်ရှိ နောင်ဟီးကျေးရွာပြည်သူတွေ ဆောက်လုပ်ထားတဲ့စစ်ရှောင်စခန်းဟာ ဘောလုံးကွင်းပြင်လိုမျိုးဖြစ်နေပြီး မြေနိမ့်ပိုင်းမှာဆောက်ထားတဲ့အတွက် အခုလိုမိုးရွာသွန်းချိန်တိုင်း ရေကြီးရေလျှံမှု မကြာခဏကြုံတွေ့နေရသလို ဒီတစ်ကြိမ်ဟာ အဆိုးရွားဆုံးဖြစ်တယ်လို့လည်း သူကဆက်ပြောပါတယ်။ စစ်ဘေးရှောင်တွေဟာ မိုးရေတွေကြောင့် အမိုးအကာပျက်စီးတာ၊ နေရာထိုင်ခင်း၊ အစားသောက်အပြင် သောက်ရေ၊ သုံးရေကအစ ခက်ခဲနေကြတယ်လို့ ဆိုကြပါတယ်။ ဒါကြောင့် ရေရှည်ဖြစ်လာ မယ်ဆိုရင် ဖျားနာသူတွေများလာနိုင်တယ်လို့လည်း စစ်ရှောင်ပြည်သူအမျိုးသားတစ်ဦးက ပြောပါတယ်။“အခုပုံစံအတိုင်းဆို တုပ်ကွေးတွေ ငှက်ဖျားတွေ ဖြစ်လာမလား မသိဘူး။ ဒီရွာမှာလည်း အဲလိုရောဂါတွေက ဖြစ်လေ့ဖြစ်ထရှိတာ ဆိုတော့ ပြီးတော့ ခြင်တွေရောကိုက်တယ် ဆေးဝါးတွေရောလိုအပ်နေတယ်သောက်ရေသုံးရေနဲ့ မီးတွေရော အဆင်မပြေဘူး”လို့ ပြောပါတယ်။ နောင်ဟီး ဒေသခံစစ်ရှောင်ပြည်သူတွေဟာ မေလ ၂၁ ရက်နေ့ကတည်းကနေတိမ်းရှောင်လာကြတာဖြစ်ပေမယ့် အိမ်သာ၊ သောက်ရေ၊ သုံးရေ အဆင်မပြေသေးတဲ့အတွက် အင်ဂန်းကျေးရွာ ဒေသခံတွေရဲ့ နေအိမ်တွေမှာလူခွဲပြီး နေရာကနေ ပြီးခဲ့တဲ့ ၂၁ ရက်နေ့ လက်ရှိ စစ်ရှောင်စခန်းမှာ ပြောင်းရွေ့နေထိုင်ခဲ့ကြတယ်လို့ သိရပါတယ်။ နောင်ဟီး စစ်ရှောင်ပြည်သူတွေဟာ အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိတာ ဖြစ်ပြီး ပေတစ်ရာအဆောင်တစ်ဆောင်မှာ အိမ်ခြေ ၂၀လောက် အတူတကွနေထိုင်နေကြတာဘဲ ဖြစ်ပါတယ်။ Read ni full
၂၉။ မွန်ပြည်နယ် ချောင်းဆုံမှာ ကျောက်မီးသွေးစက်ရုံ တည်ဆောက်မယ်လို့ စစ်ကောင်စီပြော
June 25, 2024
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်(ဘီးလူးကျွန်း)မှာ ကျောက်မီးသွေးစက်ရုံ တည်ဆောက်နိုင်ရေး ခွင့် ပြုချက်ရရှိထားပြီလို့ စစ်ကောင်စီခန့်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ပြောပါတယ်။ ဇွန် ၂၄ ရက်နေ့ မနက်ပိုင်းက မော်လမြိုင်မြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး ချန်းဟိုင်နဲ့ တွေ့ဆုံစဉ် ထုတ်ဖော်ပြောဆိုခဲ့တာပါ။ အဲဒီ တွေ့ဆုံမှုမှာ ဦးအောင်ကြည်သိန်းက ကျောက်မီးသွေးစက်ရုံ တည်ဆောက်နိုင်ဖို့ တရုတ်ကုမ္ပဏီနဲ့ ချိတ်ဆက်ဆောင်ရွက်လျက် ရှိတယ်လို့ တရုတ်သံအမတ်ကို အသိပေးခဲ့တာပါ။ တရုတ်သံအမတ်ကလည်း ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေး စက်ရုံဟာ စရိတ်သက်သာသာတဲ့အတွက် မွန်ပြည်နယ်မှာ အကြီးစားကျောက်မီးသွေးစက်ရုံ တည်ဆောက်မယ့် စီမံကိန်းတွေ ရှိကြောင်း ပြောဆိုခဲ့ပါတယ်။
အဲဒီတွေ့ဆုံမှုမှာ ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် တရုတ်ဘက်က နည်းပညာနဲ့ လိုအပ်တဲ့ ဆက်စပ်ပစ္စည်း တွေ ကူညီပေးဖို့၊ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုဝင်ရောက်လာအောင် ဆောင်ရွက်ပေးဖို့၊ တက္ကသိုလ်ဆရာ၊ ဆရာမတွေကို Scholarship ရရှိရေး ဆောင်ရွက်ပေးဖို့ ဦးအောင်ကြည်သိန်းက တောင်းဆိုခဲ့ပါတယ်။ တရုတ်သံအမတ်က တရုတ်အစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဆိုင်ရာကိစ္စရပ်တွေဖြစ်တဲ့ အပစ်ခတ်ရပ်စဲရေး၊ ရှမ်းမြောက်ဒေသ တည်ငြိမ်အေးချမ်းစေရေးနဲ့ တရုတ်-မြန်မာကုန်သွယ် မှုလမ်းကြောင်းတွေ အမြန်ဆုံးဖွင့်လှစ်နိုင်ရေး အလေးထားဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။ ဒ့ါအပြင် စစ်ကောင်စီ ပြုလုပ် မယ့် ရွေးကောက်ပွဲကို ထောက်ခံအားပေးကြောင်းနဲ့ မွန်ပြည်နယ်ရှိ တရုတ်အသင်းအဖွဲ့တွေကို အလေးထားဂရုစိုက်ပေးတဲ့ အတွက် များစွာကျေးဇူးတင်ရှိတယ်လို့ ပြောကြားကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။
၃၀။ မယ့်စလောင်းတောင်စခန်း ကရင်နီတပ်ပေါင်းစု သိမ်းပိုက်
June 25, 2024
ဒီးမော့ဆို- ဖားဆောင်းပြည်ထောင်စုကားလမ်းမရှိ စစ်ရေးအရ အရေးပါသော မယ့်စလောင်းတောင် စစ်ကောင်စီတပ် စခန်းကို ကရင်နီတပ်ပေါင်းစုက ယနေ့မနက်ပိုင်း၌ သိမ်းပိုက်ရရှိကြောင်း ရှေ့တန်းသတင်းရင်းမြစ်တဦးက အတည်ပြု သည်။ ၎င်း က “အကုန် သိမ်းလိုက်ပြီ။ လက်နက်တွေ ရတယ်။ အတိအကျတော့ မသိရသေးဘူး” ဟု ဆိုသည်။ မယ့်စလောင်းတောင်ကို ပြီးခဲ့ သည့်အပတ်ကတည်းက တော်လှန်ရေးအင် အားစုများ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ယနေ့တွင် အလုံးစုံတိုက် ခိုက်သိမ်းပိုက် နိုင်ခဲ့ခြင်းဖြစ်ကာ ဘောလခဲဗျူဟာဌာနချုပ်နှင့် အနီးကပ်ဆုံးရှိနေသော တပ်စခန်းတခုအား သိမ်းလိုက််််််််််နိုင်ခြင်း ဖြစ်သည်။
မယ့်စလောင်းတောင်စခန်းရှိ တပ်စခန်းကို ၂၀၂၃ ဇန်နဝါရီ ၂၀ ရက်က တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့သော်လည်း ဘောလခဲစစ်ကောင်စီဗျူဟာမှ ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်ရယူကာ အထိုင်စခန်း ပြန်ချထားခဲ့သော စခန်း လည်း ဖြစ်သည်။ လက်ရှိ ကရင်နီပြည်တွင် စစ်ကောင်စီက လွိုင်ကော်မြို့အားရရှိရေးအတွက် အင်အားထောင်ချီ စစ်ကူပို့နေပြီး ဒရုန်းအစင်းရေ တရာကျော်ခန့်ပါဝင်သည်ဟု စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ စစ်ကောင်စီ၏ ဝါဒဖြန့်မီဒီယာများ တွင်မူ လွိုင်ကော်မြို့ကို ထိန်းချုပ်ထားပြီး စစ်ရှောင်များနေရပ်ပြန်နိုင်ပြီဟု ဖြန့်ဝေရေးသားထားသော်လည်း လက်ရှိ မြို့တွင်း၌ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်သည်။ Read ni full
၃၁။ ကောလင်းမြို့နယ်က စစ်ဘေးရှောင်တွေ အကူညီတွေလိုအပ်နေ
June 25, 2024
စစ်ကိုင်းနဲ့ကချင်အစပ် ကောလင်းမြို့နယ်ထဲက စစ်ဘေးရှောင်တွေ စားနပ်ရိက္ခာ နဲ့ အမိုးအကာအကူညီ တွေလိုအပ်နေ တယ်လို့ စစ်ဘေးရှောင်ကူညီပေးရေးအဖွဲ့တွေဆီကသိရပါတယ်။ ဘေးလွှတ်ရာတောတောင်တွေထဲဖြစ်သလို တဲထိုးပြီးနေထိုင် နေရတဲ့ ကောလင်းစစ်ဘေးရှောင်တွေဟာ မိုးတွင်းရောက်လာတာနဲ့အတူ အကူညီတွေပိုပြီးလိုအပ်လာပြီး အစား အသောက်နဲ့ အမိုးအကာတွေက အဓိကလိုအပ်ချက်ဖြစ်တယ်လို့ ကောလင်းအနောက်ဘက်ခြမ်းက စစ်ဘေးရှောင်တစ်ယောက်ကပြောပါ တယ်။“ဒီဘက်မှာက အကူညီပေးတဲ့အဖွဲ့တွေကမရောက်ခဲ့တဲ့အခါကျတော့ အကူအညီတွေကတော့ လိုအပ်ချက် တွေပဲဖြစ်နေ တာပေါ့။ နောက်ဒီမှာက ဖြစ်သလိုပဲ အင်ဖက်တွေနဲ့မိုးပြီးနေရတဲ့အနေအထားဖြစ်တယ်။ ဒီနေရာမှာ စားရေးသောက်ရေးနဲ့ ပတ်သက်ပြီး တကယ်ခက်ခဲတဲ့သူတွေလည်းရှိတယ် အကူညီတွေက တော်တော်ကြီးကိုလိုအပ်နေတာ”လို့ပြောပါတယ်။ ဒါ့အပြင် သောက်သုံးရေရရှိဖို့ခက်ခဲတဲ့အတွက် စစ်ဘေးရှောင်တွေ ကျန်းမာရေးထိခိုက်တာတွေအထိ ဖြစ်လာပြီး အဲ့ဒီအတွက်လည်း ဆေးဝါးအကူညီတွေလိုအပ်ချက်တွေရှိတယ်လို့ သိရပါတယ်။
တစ်ဖက်မှာ ကောလင်းဒေသခံတွေဟာ မြို့နယ်အတွင်းက စစ်ကောင်စီနဲ့လွှတ်ကင်းတဲ့နေရာတွေဆီ တိမ်းရှောင်ရတာ ဖြစ်တဲ့အတွက် ချောင်ကျတဲ့နေရာတွေကို တိမ်းရှောင်ကြတဲ့ဒေသခံတွေဆိုရင် အကူအညီ မရတာမျိုးတွေရှိတယ်လို့ စစ်ဘေး ရှောင် အမျိုးသမီးတစ်ယောက်က အခုလိုပြောပါတယ်။“ကျမတို့ပြေးတဲ့နေရာကျတော့ ချောင်လည်းကျတယ်။ ကျမတို့ဘက် မှာ ဆန်တော့တစ်ခေါက် ရဖူးပါ တယ်။ တော်တော်လေးအဆင်မပြေတဲ့မိသားစုတွေရှိတယ်။ ကျမတို့လည်းပါလာတဲ့ပစ္စည်းတွေ ကို ဝေငှရင်းနဲ့ မမျှ နိုင်တော့ဘူး ကိုယ့်ဟာကိုယ်အနိုင်နိုင်ပေါ့။ တစ်ခြားဘက်မှာလည်းလာလှူပေမယ့် ကျမတို့ဘက်မှာကျတော့ ချောင်လည်းကျတယ် လမ်းမကောင်းတော့မရောက်ရှိသေးတာပေါ့နော်”လို့ပြောပါတယ်။ ကောလင်းမြို့နယ်ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ပထမအပတ်လောက်က KIA နဲ့ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်ကာ ၃ လကြာထိန်းချုပ်ထားခဲ့ပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ စစ်ကောင်စီတပ် ဆီ ပြန်လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။
၃၂။ မဏိပူရထောင်တွင်း မြန်မာနိုင်ငံသား ၆၆ ဦး ဆက်လက် အစာငတ်ခံ ဆန္ဒပြ
June 24, 2024
မြန်မာပြည် စစ်ကောင်စီလက်ထဲကို ပြန်ပို့ခံရမှာ စိုးရိမ်တာကြောင့် အိန္ဒိယနိုင်ငံ၊ မဏိပူရ၊ အင်ဖာဗဟိုအကျဉ်းထောင် တွင်းမှာ မြန်မာနိုင်ငံသား ၆၆ ယောက် အစာငတ်ခံဆန္ဒပြနေတာ ၉ ရက်နီးပါးရှိလာပေမဲ့ ထောင်အာဏာပိုင်တွေနဲ့ညှိနှိုင်း သ ဘောတူညီမှုတွေ မရသေးဘူးလို့ သိရပါတယ်။ အင်ဖာဗဟိုအကျဉ်းထောင်မှာ အစာငတ်ခံဆန္ဒပြနေတဲ့ မြန်မာနိုင်ငံသား ၆၆ ဦး ဟာ ကျန်းမာရေးဆိုးရွားတဲ့ အခြေအနေကို ရောက်နေပေမယ့် အလျှော့မပေးဘဲ ဆက်ပြီးဆန္ဒပြဖို့ပြောဆိုကြောင်း သူတို့ကိုကူညီ ပေးနေတဲ့ India For Myanmar က ဆလိုင်းဒိုခါရ်ကပြောပါတယ်။ ဖမ်းဆီးခံထားရတဲ့မြန်မာဒုက္ခသည်တွေကို အိန္ဒိယအစိုးရက စစ်ကောင်စီဘက်ကို ပြန်လွှဲပေးတာတွေကြောင့် လုံခြုံရေးစိုးရိမ်ချက်တွေ ရှိလာတာနဲ့အာဏာပိုင်တွေက လူ့အခွင့်အရေးချိုး ဖောက်တာတွေ အများအပြားရှိလာတဲ့အတွက် အခုလို အစာငတ်ခံ ဆန္ဒပြရတာလို့ သိရပါတယ်။ ဇွန် ၁၆ ရက်ကစပြီး မြန်မာ ၂၈ ယောက်စတင် ဆန္ဒပြခဲ့ကာ နောက်ပိုင်းမှာတော့ ၆၆ ယောက်အထိ ရှိလာခဲ့ပါတယ်။
အားပြတ်ပြီး အိပ်ရာပေါ်လဲနေတဲ့ မြန်မာနိုင်ငံသားတွေကို ထောင်အာဏာပိုင်တွေက လာလည်းမကြည့်သလို အကူ အညီလည်း မပေးပေမဲ့ ဆန္ဒပြသူတွေက လုံးဝအလျှော့မပေးဘဲ ဆက်ပြီး အစာငတ်ခံဆန္ဒပြ တိုက်ပွဲဝင်သွားဖို့ရှိတယ်လို့ ပြော ကြောင်း ဆလိုင်းဒိုခါရ်က ဆိုပါတယ်။ India For Myanmar ဆလိုင်းဒိုခါရ်က “အခုလက်ရှိ အခြေအနေက ၆၆ ဦး ဆက်ပြီး အစာငတ်ခံ ဆန္ဒပြနေတဲ့ အခြေအနေဖြစ်တာပေါ့။ ဒီအခြေအနေမှာ ထောင်အာဏာပိုင်တွေက လာပြီး ထမင်းတွေ ပို့တာလည်း မရှိတော့ဘူး လာညှိနှိုင်းတာလည်း မရှိတော့ဘူး။ ဒီနေ့ဆိုရင် ၉ ရက်ထဲကို ဝင်တော့မှာဆိုတော့ လူငယ်တွေ လူကြီးတွေ အကုန် လုံး အိပ်ရာပေါ်က မထနိုင်တော့တဲ့ အခြေအနေဖြစ်သွားပြီပေါ့။ သို့သော် သူတို့က လုံးဝအလျှော့မပေးဘဲ ဆက်ပြီး အစာငတ်ခံ ဆန္ဒပြ တိုက်ပွဲဝင်သွားဖို့ရှိတယ်လို့ ပြောလာတယ်”လို့ ပြောပါတယ်။ အစာငတ်ခံ ဆန္ဒပြသူတွေကို ထောင်အာဏာပိုင်တွေက ဇွန် ၁၇ ရက် ညပိုင်းမှာ အကြမ်းဖက် ရိုက်နှက်မှုတွေလုပ်ခဲ့လို့ ဆေးကုသမှုခံရသူ တချို့လည်းရှိပါတယ်။
၃၃။ မောင်တောတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ဘေးရှောင် ၁,၀၀၀ နီးပါး ပိတ်မိနေ
June 24, 2024
စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ရဲ့ ပြင်းထန်တဲ့ တိုက်ပွဲတွေအကြား မောင်တော ၃ မိုင်ဘုန်းကြီးကျောင်း မှာ စစ်ဘေးရှောင် ၁,၀၀၀ နီးပါး ဆက်လက်ပိတ်မိနေပြီး စားဝတ်နေရေး အင်မတန်ခက်ခဲနေပြီလို့ ကာယကံရှင်က ပြောပါတယ်။ စစ်ရှောင်တွေထဲမှာ သီဟိုအေးကျေးရွာမှ မြိုလူမျိုး အများဆုံးဖြစ်ပြီး လူဦးရေစုစုပေါင်း ၉၅၉ ဦးလို့ သိရကာ လက်ရှိအချိန်ထိ ကူညီတဲ့အဖွဲ့တွေ မရှိသေးသလို တိုက်ပွဲတွေ ပြင်းထန်တာကြောင့် ဘယ်ကိုမှထွက်မရ ဖြစ်နေတာလို့ မောင်တော ၃ မိုင်ဘုန်းကြီး ကျောင်းမှာ ပိတ်မိနေတဲ့ စစ်ရှောင်တဦးက ပြောပါတယ်။“အခုချိန်မှာက ဘယ်အဖွဲ့က လာကယ်ဦးမလဲ။ သူတို့တောင် ပြေးရ၊ တိုက်ရနဲ့။ ၂၁ ရက်နေ့လည်း ရွာထဲမှာ (သီဟိုအေးကျေးရွာ) တိုက်ပွဲဖြစ်နေတာ။ ကလေးတဦး သေဆုံးပြီး တဦး ပြင်းထန်ဒဏ်ရာ ရပါတယ်။ ဆေးရုံ ဆေးခန်းက ပိတ်တာကြာပြီ။ တခြားပိတ်မိတဲ့သူတွေလည်း ရှိကြမှာပါ။ ဒီထက် စစ်ပွဲကြာလာရင် အစားဆင်းရဲ အနေဆင်းရဲ ကျန်းမာရေးနဲ့ သေကုန်ဖို့ပဲ ရှိပါတယ်။ ရှိတဲ့လူဆီက ဝေမျှပြီး စားကြတာပေါ့။” ဇွန် ၄ ရက်လောက်ကစပြီး မောင်တောမြို့အဝင်နားမှာရှိတဲ့ နခခ-၅ မြို့သူကြီးနဲ့ နခခ-၂၊ ၄ မိုင်ဝန်းကျင်မှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံတွေက ဘုန်းကြီးကျောင်းမှာ သွားရောက်ခိုလှုံခဲ့ပြီးနောက် တိုက်ပွဲကြား ပိတ်မိနေခဲ့တာပါ။
မောင်တော ၃ မိုင် ဘုန်းကြီးကျောင်းမှာ စစ်ရှောင်တွေ များပြားလာတဲ့အတွက် အနေ ကျဉ်းကျပ်တာ၊ အမိုးအကာ မလုံ လောက်တာကြောင့် မိုးရေစိုတာတွေအပြင် ကျန်းမာရေးမကောင်းတဲ့သူတွေအတွက် စောင့်ရှောက်မှုမရတာကြောင့် ရေရှည်ဆို စိုးရိမ်နေရပြီလို့ သိရပါတယ်။ ဒါ့အပြင် မောင်တော နခခ-၂၊ ၄ မိုင်ကို အာရက္ခတပ်တော် (AA) က သိမ်းလိုက်ပြီလို့ သတင်းတွေ ထွက်နေတာနဲ့ ပတ်သက်လို့ အတည်မပြုနိုင်ကြောင်း ဆိုပါတယ်။“တိုက်ပွဲပြင်းထန်နေတယ်။ ညကတည်းက အသံကြားကြား နေတယ်။ လက်နက်ငယ်၊ လက်နက်ကြီးတွေရော အစုံပဲ။ တညလုံး ထင်တယ် ပစ်နေကြတာ။ ခုထိတော့ (မောင်တော နခခ-၂ ကျတာ) မကြားရသေးဘူး။ သတင်းကလေ သွားမယူရဲဘူးလေ၊ သူတို့ ဆက်တိုက်ဖြစ်နေကြတော့” လို့ စစ်ရှောင်က ရှင်းပြပါ တယ်။ ခုချိန်ထိ စစ်ရှောင်နေတဲ့နေရာတွေဆီ လက်နက်ကြီးကျရောက်တာ မရှိသေးသလို မောင်တောမြို့ထဲမှာလည်း လူတချို့ ကျန်နေသေးတယ်လို့ သတင်းရကြောင်းလည်း သူကပြောပါတယ်။ Read ni full
မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။