မဏိပူထောင်မှာ အစာငတ်ခံဆန္ဒပြနေတဲ့မြန်မာတွေအကူအညီရရှိရေး တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းပါဝင်ပေးကြဖို့ တောင်းဆို
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဇွန် ၂၄၊ ၂၀၂၄
အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ အင်ဖာအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ မြန်မာစစ်ဘေးရှောင်ဒုက္ခသည်တွေ အကူအညီရရှိရေးအတွက် အစာငတ်ခံဆန္ဒပြနေတဲ့ဖြစ်စဉ်မှာ ပြည်တွင်းတော်လှန်ရေးအင်အားစုတွေ အမြန်ဆုံးပူးပေါင်းပါဝင်ပေးကြဖို့ အိန္ဒိယ- မြန်မာလေ့လာစောင့်ကြည့်ရေးအဖွဲ့ (India For Myanmar)ရဲ့ ဦးဆောင်သူ ဆလိုင်းဒိုခါရ်က တောင်းဆိုလိုက်ပါတယ်။
အင်ဖာထောင်ထဲမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံက စစ်ဘေးဒုက္ခသည်တွေကို မဏိပူရ်အစိုးရက မြန်မာနိုင်ငံထဲ အတင်းအကျပ်ပြန်ပို့ဖို့ စီစဉ်နေတာကြောင့် မြန်မာစစ်ဘေးရှောင် ၁၀၁ဦးက ပြီးခဲ့တဲ့ ဇွန်လ ၁၇ရက်ကစတင်ပြီး အစာငတ်ခံဆန္ဒပြနေတာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ အဲဒီထဲကနှစ်ဦးဟာ ထောင်တွင်းဆေးရုံမှာ ကုသနေရတဲ့အခြေအနေရောက်ရှိနေပြီး ထောင်အာဏာပိုင်တချို့က ညှိနှိုင်းတာတွေရှိလာတာကြောင့် ၃၃ ဦးဟာ အစာငတ်ခံတာရပ်နားလိုက်ပေမယ့် ၆၆ ဦးက ဆန္ဒဆက်ပြနေဆဲဖြစ်တယ်လို့ သိရပါတယ်။
“ပြည်တွင်းတော်လှန်ရေးအင်အားစုတွေက ပါဝင်တောင်းဆိုတာမျိုးတော့ရှိလာတယ်။ ဒါပေမယ့်ကျေနပ်အားရစရာတော့မရှိသေးဘူး။ အခုဆန္ဒပြနေတဲ့သူတွေက သာမန်စစ်ဘေးရှောင်တွေမဟုတ်ဘဲ တော်လှန်ရေးနဲ့တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ပါဝင်နေကြသူတွေပါ။ ဒါကြောင့် ပြည်တွင်းတော်လှန်ရေးအင်အားစုတွေအနေနဲ့ ကိုယ့်ရဲဘော်ရဲဘက်တွေကို မျက်ကွယ်ပြုမထားဘဲ အမြန်ဆုံးပူးပေါင်းပါဝင်တောင်းဆိုပေးကြပါလို့ တောင်းဆိုပါတယ်”လို့ ဆလိုင်းဒိုခါရ်က FJMM ကို ပြောပါတယ်။
ဖမ်းဆီးခံထားရသူတွေကို မြန်မာနိုင်ငံကို ပြန်မပို့ဘဲဖမ်းဆီးခံထားရတဲ့ အိန္ဒိယနယ်မြေထဲမှာသာ ပြန်လွှတ်ပေးကာ ကိုယ့်အစီအစဉ်နဲ့ကိုယ် လုံခြုံတဲ့လမ်းကြောင်းကနေ ပြန်ခွင့်ရအောင် India For Myanmarအနေနဲ့ အိန္ဒိယဗဟိုအစိုးရ၊ UNHCR ကို တောင်းဆိုတာ၊ နိုင်ငံတကာအဖွဲ့အစည်းတွေကို တိုင်ကြားတောင်းဆိုမှုတွေပြုလုပ်ထားပေမယ့် တုန့်ပြန်မှုတစ်စုံတစ်ရာမရရှိသေးဘူးလို့ သိရပါတယ်။
၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းကနေ လက်ရှိအချိန်ထိ မဏိပူရ်ပြည်နယ်ထဲကို ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်ဒုက္ခသည် ၂၃၀ဦးကျော်ကို ဖမ်းဆီးပြီး အင်ဖာအကျဉ်းထောင်မှာထားရှိထားတာဖြစ်တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံထားရသူတွေဟာ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့ကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ ချင်းနဲ့ ဗမာတိုင်းရင်းသားတွေဖြစ်ပြီး သူတို့တွေထဲက အမျိုးသမီး ၃၈ဦးကို ပြီးခဲ့တဲ့ မေလဆန်းကနဲ့ ဇွန်လထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် ၃၈ဦး စုစုပေါင်း ၇၆ ဦးကို မဏိပူရ်အစိုးရက စစ်ကောင်စီလက်ထဲ ပြန်ပို့လိုက်တယ်လို့လည်း ဆလိုင်းဒိုခါရ်က ဆိုပါတယ်။