တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 49, June 18, 2024)

 

၁။ လက်နက်ကိုင်တိုက်ပွဲနဲ့သာ နိုင်ငံရေးလမ်းဖောက်ရမယ်လို့ မွန်ပြည်သစ် AD ဒုခေါင်းဆောင်ပြော
 June 17, 2024
မိမိတို့နိုင်ငံရဲ့ နိုင်ငံရေးရေစီးကြောင်းဟာ စစ်ဘောင်ကျယ်ပြန့်လာနေတာကြောင့် လက်နက်ကိုင်တိုက်ပွဲနဲ့သာ နိုင်ငံရေး လမ်းဖောက်ရမယ်လို့ မွန်ပြည်သစ်ပါတီ NMSP AD ဒုခေါင်း‌ဆောင် (၁) နိုင်ဗညားလယ်က ပြောဆိုလိုက်ပါတယ်။ ဇွန် ၁၅ ရက်နေ့ က လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပခဲ့တဲ့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP AD ရဲ့ အပတ် စဉ် ၂ အခြေခံစစ်ပညာသင်တန်းဆင်းပွဲမှာ သူက မွန်ဘာသာနဲ့ မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောဆိုခဲ့တာပါ။ နိုင်ဗညားလယ် က လက်ရှိနိုင်ငံရေးရေစီးကြောင်းဟာ နိုင်ငံရေး‌ဘောင်ကျဉ်းမြောင်းလာပြီး စစ်ရေးဘောင် ကျယ်ပြန့်လာနေတာကြောင့် မိမိတို့ အနေနဲ့ လက်နက်ကိုင်တိုက်ပွဲနဲ့သာ နိုင်ငံရေးလမ်းဖောက်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။ လက်နက်ကိုင်တိုက်ပွဲအောင်မြင်နိုင်ဖို့ စစ်ရေးကို အားပေးရမှာဖြစ်ပြီး စစ်ရေးကသာ ပထမ၊ ဒုတိယနဲ့ တတိယ ဖြစ်တာကြောင့် စစ်အင်အားရှိပြီး ပြည်သူလူထု ထောက် ခံမှုရှိရင် ရန်သူကိုခြိမ်းခြောက်နိုင်သလို ဘဝတူမဟာမိတ်တွေလည်း မိမိတို့အပေါ်လေးစားနိုင်လိမ့်မယ်လို့ သူက ဆက်ပြောပါတယ်။

ဒါကြောင့် ဘယ်လိုအခက်အခဲရှိရှိ စစ်အင်အားတောင့်တင်းလာဖို့ မိမိတို့အားထုတ်ကြိုးပမ်းရမှာဖြစ်ပြီး လက်နက်ကိုင် တိုက်ပွဲလမ်းစဉ်ကိုရွေးချယ်ခဲ့ကြတဲ့ ရဲဘော်တွေအနေနဲ့လည်းအောင်ပွဲရတဲ့အထိ အဆက်မပြတ်လုပ်ဆောင်ကြဖို့ နိုင်ဗညားလယ် က တိုက်တွန်းပါတယ်။ အပစ်ရပ်ထိုး တိုင်းရင်သားလက်နက်ကိုင်အဖွဲ့အစည်း မွန်ပြည်သစ်ပါတီကနေ ခွဲထွက်ခဲ့တဲ့ NMSP AD ဟာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေ၊ နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး အာဏာသိမ်း စစ်တပ်ကို တိုက်ခိုက်သွားမယ်လို့  အခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ စစ်ကြေညာခဲ့ပါတယ်။ အဲဒီနောက်ပိုင်း လှုပ်ရှားနယ်မြေတချို့မှာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တချို့ကို ဖမ်းဆီးကာ လက်နက်တွေ သိမ်း ဆည်းခဲ့သလို ရဲတပ်ဖွဲ့ဝင်တွေကိုလည်း ကြားဖြတ်တိုက်ခိုက်တာတွေ စတင်လုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် မွန်ပြည်သစ်ပါတီ AD ရဲ့ လက်နက်ကိုင်တိုက်ပွဲတွေထဲက မွန်နဲ့ကရင်အစပ် ကော့ဘိန်းနယ်မြေရဲစခန်းသိမ်းမှုကနေ စခဲ့တဲ့ ဂျိုင်းမြစ်ဝှမ်းဒေသတိုက်ပွဲမှာတော့ အပြင်းထန်ဆုံးဖြစ်ခဲ့သလို ပေးဆပ်မှုကြီးမားခဲ့ပါတယ်။ ဒါကြောင့် နိုင်ဗညားလယ်က ရဲဘော်တွေရဲ့ အသက်ပေးဆပ်မှုတွေနဲ့ ပြည်သူတွေရဲ့ ဆုံးရှုံးမှုတွေ အပေါ် မိမိတို့ အကြွေးတင်သွားခဲ့ပြီဖြစ်တဲ့အတွက် အကြွေးကြေဖို့ အောင်ပွဲတွေနဲ့ သွေးကြွေးဆပ်သွားမယ်လို့ ဆိုပါတယ်။ Read ni full

၂။ စစ်တွေမြို့၊ မင်းဂံရပ်ကွက်မှ ပြည်သူ  ၂၀၀ ဦးကျော်ကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးသွား
 June 17, 2024
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ မင်းဂံရပ်ကွက်များမှ အရပ်သား ပြည်သူ အမျိုးသားနှင့် အမျိုးသမီး ၂၀၀ ဦးကျော်ကိုအကြမ်း ဖက်စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ဇွန်လ ၁၆ ရက်နေ့ ည ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် မင်းဂံ ရပ်ကွက် အကွက် ၈၊ ၉၊ ၁၀နှင့် အကွက် ၅ တို့မှ နေအိမ်များကို အကြမ်းဖက် စစ်တပ်က တစ်အိမ်ဝင် တစ်အိမ်ထွက် ဝင်ရောက် စီးနင်းပြီး ရပ်ကွက်နေ ပြည်သူ အမျိုးသားနှင့် အမျိုးသမီး  ၂၀၀ ဦးကျော်ကို အကြောင်းမဲ့ ဖမ်းဆီးသွား ခြင်းဖြစ်ကြောင်း သိရှိရသည်။ “ညီမတို့ အကွက် ၉ က ဆိုရင် အသက်ကြီးပိုင်းနဲ့ ကလေးတွေပဲကျန်တယ်။ အကုန်ဖမ်းဆီးခေါ် သွားပါတယ်။ ညီမ အမျိုးသားနဲ့ ညီမ အစ်ကိုလည်း ဖမ်းဆီးခံရတဲ့ အထဲမှာ ပါသွားတယ်။ ဘေးပတ်ဝန်းကျင်က နေအိမ်က လူ တွေ အကုန်ဖမ်းသွားပါတယ်။ ညီမတို့ ရပ်ကွက်က ဆိုရင် အယောက် ၁၀၀ကျော် ပါသွားပါတယ်။ ညီမတို့ ရပ်ကွက်က အမျိုးသမီး တစ်ယောက်လည်း ပါသွားတယ်” ဟု ဒေသနေ ပြည်သူတစ်ဦးကပြောဆိုသည်။
အကြမ်းဖက် စစ်တပ်က မင်းဂံ ရပ်ကွက်ကို စစ်ကား အစီး ၁၀ ကျော်ဖြင့် ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်ပြီး အကွက် ၉ နှင့် အကွက် ၁၀ တွင် စစ်ကားများကို ချထားကာ တစ်အိမ်ဝင် တစ်အိမ်ထွက် ဖမ်းဆီးခြင်း ဖြစ်ကြောင်း ဒေသနေများထံမှ သိရသည်။ “အကုန် စစ်ယူနီဖောင်းနဲ့ပါ။ စစ်ကား ၁၀ စီး လောက်ရှိမယ်။ ၁၂ နာရီခွဲလောက်မှာ မင်းဂံ ရပ်ကွက်ကို ဝင်တာပါ။ အကွက် ၉ ကို ဝင်တယ်။ ပြီးတော့ အကွက် ၁၀ ကို ဝင်စစ်ပါတယ်။ ပြီးတော့ အကွက် ၈ ကို ဝင်စစ်ပြီးတော့  အမျိုးသားတွေကို အကုန် ကားပေါ် တင်ပါတယ်။ ပြီးတော့ ခေါ်သွားတယ် “ဟု ဒေသနေပြည်သူ တစ်ဦးကပြောဆိုသည်။ ဖမ်းဆီးခံရသည် သူများတွင် အသက် မပြည့်သည့် လူငယ်အများအပြား ပါဝင်ကာ  အသက် ၁၃ နှစ်မှ စ၍ အသက် ၅၀ ကျော် အမျိုးသား ၂၀၀ ကျော် ဖမ်းဆီးခဲ့ခြင်းဖြစ် ကြောင်း ဖမ်ဆီးသွားသူများကို မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည့်ကို မသိရှိရကြောင်း ဒေသနေပြည်သူများက ဆက်လက် ပြောဆိုသည်။ “အိမ်ထောင်စု စာရင်းစစ်တယ်လို့ ပြောတယ်။ ဒါပေမယ့် အစ်မတို့ အိမ်ထောင်စု စာရင်းပြရင်လည်း ဖမ်းတာပါပဲ။ အစ်မ အဖေရော၊ မောင်လေးရော အမျိုးသားပါ အားလုံးဖမ်းဆီးခေါ်ဆောင်သွားတယ်။ ဘယ်ကို ခေါ်သွားမှန်း လက်ရှိအချိန် အထိ မသိရသေးဘူး” ဟု ပြည်သူ တစ်ဦးက ဆက်လက်ပြောဆိုသည်။ Read ni full

၃။ တီးတိန်မြို့နယ်တွင် စစ်ကောင်စီ စစ်ကြောင်းထိုးနေ၍ ဒေသခံတစ်ထောင်ကျော် ထွက်ပြေးနေရ
 June 17, 2024
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေသဖြင့် ဒေသခံတစ်ထောင်ကျော်ထွက် ပြေးတိမ်းရှောင် နေရကြောင်း ဒေသခံများကပြောသည်။ စစ်ကောင်စီက ဇွန်လ ၁၅ ရက်မှစတင်ပြီး အင်အား ၁၀၀ခန့်ရှိသည့် စစ်ကောင်စီတပ်က တီးတိန်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသဖြင့် ဒေသခံများ ထွက်ပြေးနေရခြင်းဖြစ်သည်ဟု တီးတိန်မြို့ ခံတစ်ဦးက ပြောသည်။“စစ်ကြောင်းက ခွေနွဲရွာကိုရောက်နေလို့ ရွာသားတွေထွက်ပြေးကြတယ်။ အနီးအနားက ရွာတွေလည်း သူတို့ကို စစ်ကြောင်းထိုးလာမယ်ဆိုပြီးထွက်ပြေးနေကြတယ်”ဟု တီးတိန်မြို့ခံတစ်ဦးက ပြောသည်။

ထွက်ပြေးတိမ်းရှောင်နေရသည့် ကျေးရွာဒေသခံစုစုပေါင်း ၁၀၀၀ ခန့်ရှိနေသည်ဟုလည်း ဒေသခံများက ဆိုသည်။ စစ်ကောင်စီက တီးတိန်မြို့နယ်အတွင်းရှိ လေသာတောင်ကြောကို ထိုးစစ်ဆင်ရန် ကြိုးပမ်းနေကြောင်းလည်း ဒေသခံများက ပြောသည်။ ထို့အပြင် စစ်ကောင်စီသည် တီးတိန်မြို့နယ်ကို ကလေးမြို့မှ စစ်ကူများပို့နေကြောင်းလည်း ဒေသခံများက ပြော သည်။ တီးတိန်မြို့နယ်မှ ဒေသခံတပ်ရင်းတစ်ခုဖြစ်သည့် CDF-CDM (စီးယင်း)က ဇွန်၁၃ရက်မှစတင်ပြီး ကလေး-တီးတိန် လမ်း ပိုင်း ညပိုင်းသွားလာခွင့် ပိတ်ပင်ခဲ့ပြီး လူစုလူဝေးမလုပ်ကြရန်လည်း ပိတ်ပင်ထားသည်။ Read ni full

၄။  ရပ်စောက်နယ်ထဲမှာ ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့
 June 18, 2024
ရှမ်းတောင် ရပ်စောက်၊ ကျောက်ဂူနယ်၊ တောင်ထစ်(လက်ဘက်ခြံ)တောင်သူကုန်းနေရာမှာ ဇွန် ၁၆ ရက် မနက် ၈ နာရီ ခွဲက အင်အား ၈၀ ခန့်ရှိတဲ့ RCSS တပ်ဖွဲ့နဲ့ SSPP နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး RCSS တပ်ဖွဲ့ဝင်တွေက အနောက်တောင်ဘက်ကို ဆုတ်ခွါသွားပြီး လမ်းတစ်လျှောက်က ဒေသခံရွာသားတွေကို ခေတ္တခဏ ထိန်းသိမ်းထားတာရှိခဲ့တယ်လို့ သိရပါတယ်။ “ဆုတ်သွားတဲ့ RCSS တပ်ဖွဲ့ဟာ လမ်းမှာတွေ့တဲ့ ခရီးသွားတွေကို ခဏထိန်းသိမ်း ထားခဲ့တယ်။ သူတို့ဒဏ်ရာရပြီး ဘယ်ဘက်ကို ဆုတ်သွားတာကို မသိစေချင်တာဖြစ်မယ်လို့” ပြန်လွှတ်ပေးလိုက်တဲ့ ဒေသခံတွေ က ပြောပါတယ်။ RCSS  ဆုတ်ခွါသွားတဲ့ လမ်းတစ်လျှောက် ဒေသခံတွေသွားတဲ့ လမ်းတွေမှာထောင်တဲ့ မြေမြုပ်မိုင်းထောင်ခဲ့ တာကြောင့် လယ်ထွန်စက် ၊ ဆိုင်ကယ် တွေ ပျက်စီးရတယ်လို့ SSPP Info က ရှမ်းဘာသာနဲ့သတင်းထုတ်ပြန်လာပါတယ်။
ဇွန်လ ၁၇ ရက် မနက် ၆ နာရီခန့်မှာတော့ ဟိုပုံးနယ် ပါချီး၊ နောင်မွန်ဘက်က ကျေးရွာချင်းဆက်လမ်းပေါ်မှာ RCSS ထောင်ထားတဲ့မိုင်းကြောင့် လယ်ထွန်စက် ၁ စီးနဲ့ ဆိုင်ကယ် ၁ စီးတို့ ထိခိုက်ပျက်စီးတယ်ဆိုပြီး ဒေသခံတွေသတင်းပို့လာလို့ သွားကြည့်ရာက လူသွားလမ်းမှာမြုပ်ထားတဲ့မိုင်း ၄ လုံးကို SSPP တပ်ဖွဲ့ဝင်တွေက ဖော်ထုတ်ရခဲ့တယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၂ရက်ကပဲ ရပ်စောက်၊နဲ့ဟိုပုံးဒေသခံတွေက ရှမ်းလက်နက်ကိုင် ၂ ဖွဲ့ ဒေသအတွင်းမှာ တိုက်ပွဲမဖြစ်ဖို့နဲ့လူထုကို ထိခိုက်မှု တွေ မလုပ်ကြဖို့မေတ္တာရပ်ခံစာ ၁ စောင် ထုတ်ပြန်ခဲ့ပေမယ့် RCSS ကတော့ အများအသုံးပြုတဲ့ လမ်းတွေမှာ မိုင်းထောင်တာ SSPP ကို တိုက်ခိုက်တာတွေလုပ်နေဆဲဖြစ်ပေမယ့် ခုချိန်ထိ SSPP အနေနဲ့ RCSS ကို စတင်တိုက်ခိုက်တာမလုပ်သေးဘူးလို့ SSPP ရဲ့ ‌ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ Read ni full

၅။ ဘီးလင်းမှာ တက်ကြွလှုပ်ရှားသူ လင်မယားနှစ်ဦး ဖမ်းဆီးခံရ
 June 17, 2024
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဇုတ်သုတ်ကျေးရွာနေ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ လင်မယားနှစ်ဦးကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ ဇွန် ၁၆ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ ကျိုက်ထီးဆောင်းဘုရားအနီးနေ ဘတ်ဟိုးမောင်းတဲ့ တက်ကြွလှုပ်ရှားသူ အသက် ၅၀ အရွယ် ကိုလှမိုး နဲ့ ဇနီးဖြစ်သူတို့ကို စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားခဲ့တာပါ။ “စကစအဖွဲ့တွေက နေအိမ်ထဲထိ နှစ်ယောက်စလုံးကို ဝင်ဖမ်းသွားတာ။ ဘာကြောင့်လာဖမ်းတယ်ဆိုတာတော့ မသိရဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဖမ်းဆီးခံရတဲ့ ဦးလှမိုးတို့ လင်မယားဟာ ၂၀၂၀ ရွေးကောက်ပွဲကာလတုန်းက NLD ပါတီအောင်နိုင်ရေးအတွက် ပါဝင်ကူညီဖူးသလို စစ်အာဏာသိမ်း ကာလ အစမှာလည်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုမှာ ပါဝင်ဖူးပြီး အဲဒီနောက်ပိုင်း မိသားစုစီးပွားရေးအတွက်သာ လုပ်ကိုင်နေကြ တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သူတို့လင်မယားကိုတော့ စစ်ကောင်စီပူးပေါင်းအဖွဲ့တွေက ဘီးလင်းမြို့မရဲစခန်းထံ ဖမ်းဆီးခေါ်ဆောင်သွားပြီး စစ်ဆေး မှုတွေ လုပ်ဆောင်နေပေမယ့် လက်ရှိအချိန်အထိ မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရသေးဘူးလို့ ဆိုပါတယ်။ တော်လှန်ရေး အင်အားစုတွေ လှုပ်ရှားမှုအားကောင်းတဲ့ ဘီးလင်းမြို့နယ်မှာ စစ်ကောင်စီဟာ ဒီမိုကရေစီအရေးတက်ကြွ လှုပ်ရှားသူတွေအပါအဝင် အရပ်သားပြည်သူတွေကို အကြောင်းအမျိုးမျိုးပြီး မကြာခဏဆိုသလို ဖမ်းဆီးတာတွေ ရှိနေပါတယ်။ နိုင်ငံရေးအကျဉ်း သားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ဇွန် ၁၅ ရက်နေ့အထိ အစီရင်ခံစာအရ အာဏာ သိမ်းကာလအတွင်း မွန်ပြည် နယ်မှာ စစ်ကောင်စီရဲ့ အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးမှုကြောင့် လူပေါင်း ၁၀၀၀ ကျော် ဖမ်းဆီးခံထားရပါတယ်။ Read ni full

၆။ တောင်ကုတ်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် AA အကြား တိုက်ပွဲဖြစ်ပွားမှု  အရပ်သားများသေဆုံးထိခိုက်မှုရှိ
 June 17, 2024
ရခိုင်ပြည် တောင်ကုတ်မြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှုနှင့် လက်နက်ကြီးဖြင့် ပစ်ခတ် မှုတို့ကြောင့် အပြစ်အရပ်သားပြည်သူများ သေဆုံးမှုရှိနေပြီး ထိခိုက်ဒဏ်ရာရရှိသူလည်း ရှိနေသည်။ တောင်ကုတ်မြို့မှ စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းများကို ပြီးခဲ့သည့် တစ်ပတ်ကျော်လောက်စ၍ AA က ဝိုင်းရံပိတ်ဆို့လိုက်ပြီး စစ်ကောင်စီသည် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုနှင့် လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်မှုများရှိနေသည်။ ဇွန်လ ၁၅ ရက်နေ့က တောင် ကုတ်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် AA တို့ ထိတွေ့တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ လေကြောင်း ထောက်ပို့ လေ ယာဉ်မှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ ရွာသစ်ကယ် ကျေးရွာက အပြစ်မဲ့အရပ်သား ပြည်သူတစ်ဦးက သေဆုံးသွားကြောင်း တောင်ကုတ် ဒေသခံတစ်ဦးက ပြောသည်။ ” စစ်ကောင်စီက လေကြောင်းကနေ မြို့အနီးအနားကျေးရွာတွေကို မြို့အစပ်တွေကို လေကြောင်း က ဗုံးကြဲတာ၊ လက်နက်ကြီးပစ်တာတွေ လုပ်နေတယ်။ ဇွန်လ ၁၅ ရက်နေ့က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွာသစ် ကယ်ရွာက အသက် ၁၇ အရွယ်ရှိတဲ့ မောင်အောင်လှိုင်ဝင်း ဗုံးစထိမှန်လို့ သေဆုံးခဲ့ရပါတယ်။ နေအိမ် ၅ ဆောင်လောက်လည်း ထိခိုက်ပျက် စီးသွားပါတယ်။”ဟု ပြောသည်။ နေ့လယ် ၁၂ နာရီကျော်အချိန်တွင် စစ်ကောင်စီက ရွာသစ်ကယ်ရွာကို လေကြောင်းဗုံးကြဲ တိုက် ခိုက်ခဲ့ပြီး ရွာထဲ ဗုံးသီးကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကာ မောင်အောင်လှိုင်ဝင်းမှာ ဝမ်းဗိုက်တွင် ဗုံးစထိမှန်ခဲ့၍ တောင်ကုတ် ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ် ဇွန်လ ၁၆ ရက်တွင် သေဆုံးသွားရခြင်းဖြစ်သည်။

AA က သံတွဲမြို့နယ်တွင် စစ်ကောင်စီတပ်များကို ထိုးစစ်ဆင်တိုက်ခိုက်နေချိန် မိုင် ၄၅ မိုင်ခန့်ဝေးကွာသည့် တောင်ကုတ်မြို့နယ်တွင် တစ်ပြိုင်တည်း တိုက်ပွဲဖော်ဆောင်နေခြင်းဖြစ်သည်။ စစ်ကောင်စီအနေဖြင့် စစ်ရေးပစ်မှတ်မဟုတ် သည့် အရပ်သားပြည်သူများနေရာ မြို့၊ ရွာများကို ဦးတည်မတိုက်ခိုက်ရန် ဒေသခံများက တောင်းဆိုနေကြသည်။ ” စစ်ကောင်စီ ကို မေတ္တာရပ်ခံချင်တာက တိုက်ပွဲနဲ့ဆိုင်တာကိုပဲ တိုက်ခိုက်ဖို့ ပြောလိုပါတယ်။ ပြည်သူတွေနေထိုင်တဲ့ ရပ်ရွာ၊ မြို့တွေကို ဦးတည်ပစ်မှတ်ထား မတိုက်ခိုက်ဖို့ မေတ္တာရပ်ခံပါတယ်။ AA ကို မနိုင်လို့ ပြည်သူတွေကို တမင်ပစ်ခတ် တိုက်ခိုက်နေတာက စစ်တပ်ရဲ့ ကျင့်ဝတ်နဲ့ မကိုက်ညီဘူး။ ” ဟု မြို့ခံတစ်ဦးက ပြောသည်။ စစ်ကောင်စီက တောင်ကုတ်မြို့နယ်တွင် တိုက်ပွဲရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ၊ လက်နက်ကြီးများ ပစ်ခတ်နေ၍ မြို့ခံများအားလုံးနှင့် အနီးအနား ကျေးရွာက ဒေသခံပြည်သူများမှာ အိုးမဲ့အိမ်မဲ့ ထွက်ပြေးနေရကြောင်း သိရသည်။  Read ni full
၇။  ဆီဆိုင်မြို့နယ်က တိုက်ပွဲကြောင့် ဒေသခံခုနစ်ရာခန့် ထွက်ပြေးနေရ
 June 17, 2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နန့်စေမြဲရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PNLA) တို့ တိုက်ပွဲတွေဖြစ်နေတာကြောင့် အဲဒီရွာမှာရှိတဲ့ ဒေသခံခုနစ်ရာခန့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်း ရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဇွန်လ ၁၅ ရက်နေ့ကစလို့ တိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီတပ်နဲ့ ပအိုဝ်း ပြည်သူ့စစ် PNO ပူးပေါင်းတပ်ဖွဲ့တွေက အဲဒီရွာဘက်ကို စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတာလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။“နန့်စေမြဲဆိုတာ ရှမ်းရွာကြီးဗျ။ အိမ်ခြေနှစ်ရာလောက်ရှိတယ်။ အဲဒီဘက်နားဖြစ်တော့ အကုန်ရှောင် နေရတယ်” လက်ရှိမှာလည်း ဆီဆိုင်မြို့အနောက်ဘက် ပန်ကမ်း၊ နောင်သိမ်နဲ့ လွယ်စဲရွာတွေအနီးမှာလည်း တိုက်ပွဲတွေ ဆက် ဖြစ်နေတယ်လို့ ဆီဆိုင်မြို့ခံ နောက်တစ်ဦးက ပြောပါတယ်။

“အခု ဆီဆိုင်မြို့ အနောက်ဘက်က ရွာတွေမှာ နေ့တိုင်းလိုပဲ ဖြစ်နေတယ်။ မဖြစ်တဲ့နေ့ကို မရှိဘူး။ ရွာတွေက ဆက်နေ တော့ တစ်ရွာရှောင်လိုက်၊ တိုက်ပွဲငြိမ်ရင် ပြန်လိုက်၊ အဲလိုဖြစ်နေတယ်” ရှမ်းပြည်နယ်တောင်ပိုင်းက တိုက်ပွဲလေးလကျော် အတွင်း အရပ်သား ၇၇ ဦး သေဆုံးခဲ့ပြီး တစ်ရာကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပအိုဝ်းလူငယ်အစည်း အရုံးရဲ့ ဇွန်လ ၁၂ ရက် နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ Read ni full

၈။  သရက်ချောင်းမြို့နယ်ရှိ ကျေးရွာသားများ စစ်ကောင်စီ၏ ဖမ်းဆီးမှုများ ခံနေရပြီး ပြန်မလွတ်မြောက်သေး
 June 17, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ရှိ အိမ်ရှေ့ပြင် နှင့် တီတွတ်ပြင် ကျေးရွာများ အတွင်းသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်လာပြီး ဒေသခံ ကျေးရွာသားများကို ဖမ်းဆီးမှုများလုပ် ဆောင်ခဲ့ကာ ပြန်လည်လွတ်ပေး ခြင်းမရှိသေးကြောင်း သရက်ချောင်းမြို့နယ် ဒေသခံများကပြောသည်။ သရက်ချောင်းမြို့အခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင် (ခမရ-၄၀၃) နှင့် (ခမရ-၄၀၄) မှစစ်ကောင်စီတပ်ဖွဲ့ ဝင်များသည် ပြီးခဲ့သည့် ဇွန်လ(၁၄) ရက်နေ့မှစတင်ပြီး အဆိုပါ ကျေးရွာထဲသို့ စစ်ကြောင်းထိုးဝင်ရောက်ပြီး နောက်ဒေသခံများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(PDF)များနှင့် ပက်သက်မှုရှိသည်ဟုဆိုကာ ဒေသခံ အမျိုးသား(၅)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း အိမ်ရှေ့ပြင်ရွာသား တစ်ဦးကပြောသည်။ ၎င်းက “ရွာတွေထဲကို ကားနဲ့ဝင်လာပြီး အသက်လတ်ပိုင်းအမျိုးသားတွေကို ဖမ်းခေါ်သွားတယ်။ အခုထိ ပြန်မလွတ်လာသေးဘူး။ PDF တွေနဲ့အဆက် အသွယ်ရှိတယ်ဆိုပြီး ဖမ်းသွားတယ်။ မိသားစုတွေကတော့ စိုးရိမ် နေကြတာပေါ့။ ပြီးခဲ့တဲ့ရက်ကမှ ရွာထဲကနေစစ်ကြောင်းက ပြန်ထွက်သွားတာ။” ဟု ကေအိုင်စီ သို့ပြောသည်။
ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျေးရွာအတွင်း ဝင်ရောက်လာချိန် ဒေသခံများက ကြောက်ရွှံ့ထွက်ပြေးသူများ ရှိပြီး ဒေသခံကျေးရွာသားများကို ဖမ်းဆီးမှုများပြုလုပ်သည့်အပြင် ထွက်ပြေးသွားသူများ၏ နေအိမ်ရှိ ဆိုင်ကယ်၊ အိမ်အသုံး အဆောင် ပစ္စည်းများနှင့် တန်ဖိုးရှိပစ္စည်းများကိုပါ ယမန်နေ့ စစ်ကြောင်း ပြန်ထွက်ချိန် ကားများဖြင့် ယူဆောင်သွားကြောင်း အိမ်ရှေ့ပြင် ဒေသခံက ဆက်ပြောသည်။ လက်ရှိတွင်လည်း တီတွတ်ပြင်ရွာ နှင့် အိမ်ရှေ့ပြင် ရွာလမ်းဆုံတွင် ဂိတ်စခန်းချ၍ လမ်း သွားလမ်းလာများကို စစ်ဆေးမှုများလုပ်ဆောင်လျက်ရှိနေပြီး ယာဉ်မောင်းလိုင်စင် နှင့် ဆိုင်ကယ်လိုင်စင်မပါသည့် လမ်းသွား လမ်း လယာဉ်များကို ငွေ (၅၀,၀၀၀) ကျပ် အထိ တောင်းယူမှုများလုပ်ဆောင်နေကြောင်း သရက်ချောင်းမြို့နယ်ရှိ စစ်ဘေးရှောင် ကူညီထောက်ပံ့နေသူမြေပြင် တာဝန်ခံ ကိုအေကေ ကဆိုသည်။ “စစ်တပ်တွေက ဒီလိုတွေလုပ်နေကြတာတွေရှိတယ်။ နေရာ တိုင်းမှာဘဲ။ ဒီအချိန်မှာ စစ်တပ်တွေက ဖြတ်လေး ဖြတ်ပုံစံမျိုးတွေလုပ်ဆောင်နေတာဖြစ်တယ်။ အခုချိန်က နှစ်ဖက်စစ်ရေးတင်း မာနေတဲ့အချိန်။ ဒီလိုအချိန်တွေ ဒီလိုစစ်တပ်ကပိတ်ဆို့တဲ့ နေရာတွေများလာရင် စစ်ဘေးရှောင်တွေအတွက် ပြတ်လပ်မှုတွေနဲ့ ကြုံတွေ့လာနိုင် တယ်။” ဟု ပြောသည်။ Read ni full

၉။  မင်းတပ်မြို့ပေါ် ပြည်သူ ၈၀ ရာခိုင်နှုန်း အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရ
 June 17, 2024
ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်က ဒေသခံပြည်သူ ၈၀ ရာခိုင်နှုန်းသည် အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်သွားကြပြီဖြစ်ပြီး အများစုမှာ ယခုလပိုင်းအတွင်းမှာ စစ်ဘေးရှောင်သွားရခြင်းဖြစ်ကြောင်း မင်းတပ်မြို့နယ် စစ်ဘေးရှောင် စီမံခန့်ခွဲမှု ကော်မတီ ထံမှ သတင်း ရရှိသည်။ မင်းတပ်မြို့ပေါ်တွင် လူဦးရေ သုံးသောင်းခွဲခန့် နေထိုင်ကြရာ ယင်းတို့ထဲမှ ၂၀ ရာခိုင်နှုန်းခန့်သာ မြို့ပေါ် တွင် ကျန်ရှိတော့ပြီး ကျန် ၈၀ ရာခိုင်နှုန်းခန့်မှာ နေရာဒေသအစုံသို့ စစ်ဘေးရှောင်သွားကြပြီဖြစ်ကြောင်း ယင်းကော်မတီမှ ကိုလောရင့် က ပြောသည်။ “မင်းတပ်မြို့ပေါ်မှာက ခန်းမှန်းခြေကတော့ ၂၀ ရာခိုင်နှုန်းလောက် နေထိုင်ကြသေးတယ်။ ဘိုးဘွား တွေ၊ ထွက်ပြေးသွားလာဖို့ ခက်ခဲတဲ့ လူတွေ ကျန်ရှိနေဆဲပါ။ တချို့ကလည်း ဘာမှ မဖြစ်ဘူးပေါ့။ ဆက်နေထိုင်မယ်ဆိုတဲ့ လူ တွေ၊၊ ဖြစ်လာတဲ့ဟာကို အကောင်းဆုံး ရင်ဆိုင်မယ်ဆိုပြီး နေတဲ့ လူတွေ ရှိသေးတယ်။ မင်းတပ်ကနေ ထွက်ဖို့ကလည်း ငွေကုန် ကြေးကြ အရမ်းများတယ်။ လမ်းစရိတ်တွေပေါ့နော်” ဟု ကိုလောရင့်က ပြောသည်။

မင်းတပ်မြို့ပေါ်တိုက်ပွဲများသတင်းကြောင့် မြို့ပေါ်ဒေသခံ အများစုသည် ယခုလပိုင်းအတွင်း စစ်ဘေးရှောင်သွားကြ ခြင်း ဖြစ်ကြောင်း သိရသည်။  လက်ရှိတွင် မင်းတပ်မြို့ပေါ်သာမက မြို့အနီးအနား ၃ မိုင်က ရွာများနှင့် ပန်းအော့ရွာအပါအဝင် ကျေးရွာ ၇ ရွာခန့်သည် လေကြောင်းတိုက်ခိုက်မှု ပြင်းပြင်းထန်ထန်ခံနေရသောကြောင့် ရွားလုံးကျွတ် စစ်ဘေးရှောင်သွားကြပြီး ဖြစ်ကြောင်း သိရသည်။ မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင်းကျေးရွာများမှ ဒေသခံများသည် မြို့နယ်အတွင်းက တ ခြားကျေးရွာ များ၊ တောတောင်နှင့် တောင်ယာတဲများတွင် ယာယီတဲများ ဆောက်လုပ်ကာ စစ်ဘေးရှောင်နေရကြောင်း၊ တချို့ ဒေသခံများမှာ မကွေးတိုင်း ဒေသကြီးဘက်နှင့် ရန်ကုန်၊ မန္တလေးဘက်သို့ စစ်ဘေးရှောင်သွားကြကြောင်း စစ်ရှောင်ကူညီသူများနှင့် ဒေသခံများ ထံမှသိရသည်။ လက်ရှိတွင် မြို့ပေါ်တိုက်ပွဲဖြစ်ပွားနေသော မတူပီမြို့ပေါ်က ဒေသခံများလည်း မင်းတပ်မြို့နယ်အတွင်း စစ်ဘေး ရှောင်ရန် ရောက်ရှိနေကြကြောင်း ကိုလောရင့်က ပြောသည်။ မင်းတပ်မြို့နယ်၊ ကျေးရွာများအတွင်းက စစ်ဘေးရှောင်ပြည်သူ များအနေဖြင့် အကူအညီများ လိုအပ်ပါက ရပ်ကွက်၊ ကျေးရွာတာဝန်ခံများနှင့် IDP တာဝန်ခံများထံ အကူအညီတောင်းခံနိုင် ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးနှိုးဆော်ထားသည်။ Readnifull

၁၀။ ကောင်ဂျာယန်မှာ စစ်ကောင်စီတပ် စစ်ယာဉ်တန်းထွက်ခွာလို့မရဘဲ ပိတ်ဆို့တိုက်ခိုက်ခံနေရ
 June 17, 2024
ဗန်းမော်မြို့နယ် ကောင်ဂျာယန်(Kawng Ja Yang)ကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ စစ်တင့်ကားတစ်စီး ကချင်လွတ် လပ်ရေးတပ်မတော် KIA တပ်တွေရဲ့ တိုက်ခိုက်ခံရပြီး လမ်းခုလပ်တစ်နေရာမှာပျက်စီးနေတာကြောင့် တိုက်ပွဲဖြစ်ပွားနေတာ ၅ ရက်လောက်ကြာမြင့်လာပြီလို့သိရပါတယ်။ အဲဒီတိုက်ပွဲမှာ KIA ပူးပေါင်းတပ်တွေရဲ့ စောင့်ကြိုတိုက်ခိုက်တဲ့အတွက် မိုးမောက်နဲ့ မံစီဘက်ကိုတက်လာတဲ့ စစ်တင့်ကား ၂ စီးထဲကနေ တစ်စီးထိခိုက်ပျက်စီးသွားတာကြောင့် တိုက်ခိုက်ခံရတဲ့ ကောင်ဂျာယန် ကျေးရွာမှာ ဒီကနေ့အထိ တိုက်ပွဲဖြစ်ပွားနေတာဖြစ်တယ်လို့  KIA ရှေ့တန်းသတင်းအရင်းအမြစ်နဲ့ နီးစပ်တဲ့ မံစီဒေသခံ တစ်ဦးက ပြောပါတယ်။“တိုက်ပွဲဖြစ်နေတာဟုတယ်။ စစ်တင့်ကားတက်လာတာ တစ်စီးကို KIA က တိုက်ခိုက်ဖျက်ဆီးပေးလိုက်တယ်။ တင့်ကားပျက်သွားတော့ အထက်ကို တက်လို့မရဘဲ ကောင်ဂျာယန်မှာက နေ့တိုင်းလိုလိုအပြန်အလှန်ပစ်ခတ်နေကြတယ်။ KIA ဘက်ကလည်း တက်လို့မရအောင် ပိတ်ထားပြီးတိုက်နေတယ်”လို့ပြောပါတယ်။ ကောင်ဂျာယန်ကျေးရွာမှာ KIA ပူးပေါင်းတပ် တွေရဲ့ ပိတ်ဆို့တိုက်ခိုက်ခံနေရတဲ့ စစ်ကောင်စီတပ်တွေဟာ တင့်ကားပျက်စီးနေတာကြောင့် အထက်ကို ဆက်သွားလို့မရဘဲ ရှိနေ သေးတာကြောင့် ရောက်ရှိနေတဲ့နေရာကနေ တင့်ကားပေါ်ကလက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်နေတယ်လို့ သိရ ပါတယ်။

တိုက်ပွဲအခြေအနေမှာ KIA ပူးပေါင်းတပ်တွေက ကောင်ဂျာယန်ရွာထဲမှာနေရာယူထားကြပြီး စစ်တပ်ဘက်ကတက်လာ လို့မရအောင် ခုခံတိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ဖွဲ့တွေက ဗန်းမော်ဘက်ကနေတက်လာတဲ့လမ်းအတိုင်း ၅ မိုင် ကျရီခချောင်း ကူးတံတား (Chyari Hka)အကျာ်နားမှာ ရှိနေကြတယ်လို့ သိရပါတယ်။ ဗန်းမော်ဘက်ကနေ စစ်အင်အားတိုးချဲ့ဖို့ တင့်ကား ၂ စီး နဲ့ ပါလာတဲ့ စစ်ကောင်စီတပ်တွေရဲ့ စစ်အင်အား ၁၀၀ ကျော်လောက်ရှိပြီး မိုးမောက် နဲ့ မံစီဘက်ကို ဆက်တက်လို့မရအောင် KIA ပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်နေတာဖြစ်ပါတယ်။ လက်ရှိ ကောင်ဂျာယန်မှာရောက်ရှိနေတဲ့ စစ်ကောင်စီတပ်တွေက တင့်ကားပေါ်ကနေ မံစီမြို့ပေါ်အနီးတဝိုက်ပတ်ပတ်လည်ကို လက်နက်ကြီးတွေရမ်းသမ်းပစ်ခတ်နေတာကြောင့် ပြည်သူတွေရဲ့ နေအိမ်တွေလည်း ထိခိုက်ပျက်စီးမှုပိုမိုများပြားလာတယ်လို့ မံစီဒေသခံတွေကပြောပါတယ်။ ဒါ့အပြင် အခုလို ဗန်းမော်မြို့နယ် ထဲမှာပဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းအဖွဲ့တွေ ကောင်ဂျာယန်ကျေးရွာအနီးတဝိုက်မှာပဲ ပိတ်ဆို့တိုက်ခိုက်ခံနေရတာ ကြောင့် ဗန်းမော်မြို့တွင်းတပ်ရင်းတွေက လက်နက်ကြီးတွေနဲ့ စစ်ကူပစ်ခတ်ပေးနေတယ်လို့လည်း ဗန်းမော်ဒေသခံတစ်ဦး လည်းအခုလိုပြောပါတယ်။“တိုက်ပွဲဖြစ်တာက သုံးလေးရက်လောက်ကြာပြီလို့တော့သိရတယ်။ တိုက်ပွဲဖြစ်မဖြစ်တော့ သေချာ မသိရဘူး။ ဒါပေမယ့် ဗန်းမော်မြို့တွင်းအားလုံးကနေ လက်နက်ကြီးတွေတော့ ပုံမှန်ပစ်ခတ်နေတယ်။ ပစ်တာတောင် တစ်နေ့ကို သုံးကြိမ်လောက်ရှိမယ်။ ညသန်ခေါင်ယံပစ်တယ်။ ညနေပိုင်းပစ်တယ်။ မနက်ပိုင်းပစ်တယ်။ ပစ်တာကလည်း ကောင့်ဂျာယန် ဘက်ကိုပဲပစ်တာ”လို့ပြောပါတယ်။ Readnifull

၁၁။  ရှမ်းမြောက်တွင် စစ်ရေးတင်းမာနေသဖြင့် လားရှိုးနှင့် ကျောက်မဲမြို့ခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေ
 June 17, 2024
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီနှင့် မြောက်ပိုင်း ညီနောင်မဟာမိတ် သုံးဖွဲ့တို့ စစ်ရေးပြန်လည်တင်းမာနေ သဖြင့် လားရှိုးနှင့် ကျောက်မဲမြို့ခံများသည် ဘေးလွတ်ရာသို့ တိမ်းရှောင်မှုများပြုလုပ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရ သည်။  ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်မှ စတင်ခဲ့သည် မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့ စစ်ဆင်ရေးသည် တရုတ်နိုင်ငံ၏ သုံးကြိမ်ကြိမ်တိုင်တိုင် ဝင်ရောက်ညှိနှိုင်းမှုကြောင့် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၌ စစ်ရေးများရပ်စဲခဲ့ခြင်းဖြစ်သည်။ သို့သော် ၂၀၂၄ခုနှစ်၊ ဇွန်၉ရက်တွင် မိုးမိတ်မြို့နယ်ရှိ TNLA တပ်စခန်းကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့်အပြင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ရှမ်း ပြည်နယ်မြောက်ပိုင်း၌ တစ်ကျော့ပြန် စစ်ရေးပြန်လည် တင်းမာနေခြင်းလည်းဖြစ်သည်။ ထိုကဲ့သို့ မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာနေမှုကြောင့် လားရှိုးမြို့နှင့် ကျောက်မဲမြို့မှ ဒေသခံအချို့သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်မှုများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများက ဆိုသည်။

ထို့ပြင် တစ်ကျော့ပြန်ဖြစ်ပွားနိုင်သည့်တိုက်ပွဲကြောင့် လားရှိုးနှင့်ကျောက်မဲမြို့ခံ အချို့တိမ်းရှောင်သူများရှိသလို တိုက်ပွဲ အခြေအနေကို စောင့်ကြည့်သူများရှိပြီး ရိက္ခာများစုဆောင်းနေကြောင်း ကျောက်မဲမြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။“ မိသားစုအလိုက်ကို ပြေးကုန်ကြပြီ၊ တောင်ပေါ်မှာ အိမ်ရှိတဲ့သူလည်း တောင်ပေါ်ပြန်တယ်။ မန္တလေး၊ ရန်ကုန်မှာ အိမ်ရှိတဲ့သူ လည်း ပြန်ကြတယ်။ မြို့မှာလာတက်တဲ့ ကျောင်းသားတစ်ချို့လည်း အကုန်ပြန်ခေါ်ကြတယ်။ ဆန်၊ ဆီ၊ ဆားလည်း အကုန်ကြို ဝယ်ထားကြတယ်” ဟု ၎င်းက ပြောသည်။ ကျောက်မဲမြို့တွင် စစ်ကောင်စီ၏ အမြှောက်စခန်းနှင့် ခလရ ၅၀၁၊ ၅၀၂ တပ်ရင်းတို့ ရှိပြီး ၁၀၂၇ စစ်ဆင်ရေး၌ စစ်ရှုံးခဲ့သည့် စစ်ကောင်တပ်သည် မြောက်ပိုင်းညီနောင်မဟာ မိတ်သုံးဖွဲ့ ထိုးစစ်ဆင်လာမည်ကို ကြောက်ရွံ့သဖြင့် ကျောက်မဲ၊ လားရှိုး၊ သီပေါနှင့် နမ္မတူမြို့ကြားရှိ လမ်းများကို ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

၁၂။  ထားဝယ်မောင်မယ်ရှောင်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦး သေဆုံး
 June 18, 2024
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာမှာ နှစ်ရက်ဆက်တိုက် ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။ ပြီးခဲ့ တဲ့ ဇွန် ၁၄ ရက်နေ့ မနက်အစောပိုင်းကစပြီး အင်အား ၁၀၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီတပ်ဟာ မောင်မယ်ရှောင်ကျေးရွာထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာတာ ဖြစ်ပါတယ်။ အဲဒီနောက် ကျေးရွာအတွင်းက ပြည်သူပိုင်ပစ္စည်းတွေနဲ့ နေအိမ်တွေကို ဖောက် ထွင်းနေတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက အဲဒီနေ့နေ့လည် ၁၁ နာရီအချိန်ခန့်မှာ ဝင်ရောက် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် မောင်မယ်ရှောင်ကျေးရွာနဲ့ ဇဟာကျေးရွာကြားက တံတားဖြူအနီးမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ဇွန် ၁၅ ရက်နေ့ နေ့လည် ၁၁ နာရီအချိန်ခန့်မှာ ထပ်မံ တိုက်ခိုက်ခဲ့တာပါ။

နှစ်ရက်ဆက်တိုက် တိုက်ခိုက်မှုကြောင့် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံးကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့ ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေး တာဝန်ခံဖိုးချောက သံလွင်တိုင်းမ်ကို ပြောပါ တယ်။ ဇွန် ၁၄ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့်  အသက် ၈၀ ဝန်းကျင် ဦးလှမြင့် ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေ ပြောပြချက်အရ သိရ ပါတယ်။ အဲ့ဒီတိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA ၊ ရေဖြူပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ YPPDF ၊ ရေဖြူမြို့နယ် ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ ပကဖ ၊ ဥဩစစ်ကြောင်းနဲ့ ထားဝယ်မြို့နယ် ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့ DGRF တို့က ပူးပေါင်း တိုက်ခိုက်ခဲ့တာပါ။ Readnifull

၁၃။ ပေါက်တောမြို့နယ်တွင် စစ်ကောင်စီလေကြောင်းဗုံးကြဲမှုကြောင့် အရပ်သားထိခိုက်မှုတိုးလာ
 June 17, 2024
ရခိုင်ဒေသအတွင်း အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားသော ပေါက်တောမြို့နယ်တွင် စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာသဖြင့် အရပ်သားထိခိုက်မှုလည်း တိုးလာနေသည်။ ဇွန်လ ၁၆ ရက်က ပေါက်တောမြို့ နယ်၊ ကြိမ်ခွေမော်ကျေးရွာကို ဂျတ်တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲခဲ့၍ သံဃာတစ်ပါးအပါအဝင် ၄ ဦး ဒဏ်ရာရရှိသွားခဲ့ သည်။“မနက်စောစော ဂျက်လေယာဉ်နဲ့ ဗုံးသုံးလုံးလောက်ကြဲသွားတယ်။ ရွာထဲမှာပေါက်ကွဲလို့ ဒဏ်ရာရသွားကြတာ။ နေအိမ် တွေလည်း ပျက်စီးသွားတယ်။ ဒဏ်ရာရသူထဲမှာတော့ ဆရာတော်က ဒဏ်ရာပြင်းတယ်” ဟု ပေါက်တောဒေသခံတစ်ဦးက ပြော သည်။ ထိုနေ့တွင် စစ်တွေမြို့ရှိ စစ်ကောင်စီရေတပ်စခန်းများမှလည်း ကြိမ်ခွေမော်၊ မနော်သီရိ စသည့် ပေါက်တောမြို့နယ် ဘက် သို့ အတွဲလိုက်ဒုံးများဖြင့် ပစ်ခတ်မှုများရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်ကလည်း ပေါက်တော မြို့နယ် မနော်သီရိ၊ လက်ပံပြား၊ သဝင်ချောင်း၊ မြို့ပေါ် စသည့် နေရာ (၄)ခုအထိ စစ်ကောင်စီက လေကြောင်းဗုံးကြဲမှုပြုလုပ်ခဲ့၍ အရပ်သား ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်။

ယခုလအတွင်း ပေါက်တောမြို့နယ်တွင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ၃ ကြိမ်အထိရှိပြီး အရပ်သားဒဏ်ရာရရှိသူ ၂၁ ဦးရှိသည်။“စစ်ကောင်စီက အရှုံးကိုလက်မခံဘဲ ပြည်သူတွေရှိတဲ့နေရာတွေကိုပဲ ပစ်ခတ်မှုတွေလုပ်နေတယ်။ သူတို့ အခုလို လုပ် တဲ့အတွက် ပြည်သူတွေဆီက နာကျည်းမှုတွေပဲရတယ်” ဟု လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။  ပေါက်တောမြို့ တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲနှစ်လကျော်ကြာ ဖြစ်ပွားခဲ့သည်။ ယင်းနောက် ဇန်နဝါရီ ၂၄ ရက်တွင် AA က သိမ်းပိုက်နိုင်ခဲ့ပြီး ရခိုင်ပြည်အတွင်း ပထမဆုံးသိမ်းပိုက်ရရှိသည့် မြို့လည်းဖြစ်သည်။ လတ်တလောတွင် ပေါက်တောမြို့ နယ်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာ၍ ဒေသခံများမှာ လက်ရှိစစ်ဘေးရှောင်ကြသည့် နေရာများတွင်မနေရဲတော့ဖြင့် အခြားဘေးလွတ်ရာနေရာများသို့ တိမ်းရှောင်နေကြသည်။ “တိုက်ပွဲစဖြစ်ကတည်းက ပြေးနေရ တာ။ အခုအေအေက မြို့သိမ်းထားပေမယ့် စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်နေတော့ ကျမတို့က ဟိုပြေးဒီပြေးပြေး နေရသေးတယ်။ လေကြောင်းပစ်တာက ကြောက်ဖို့ကောင်းတယ်။ အသက်အန္တရာယ်လုံခြုံမှုမရှိဘူး။ တစ်ချိန်လုံး စိုးရိမ်စိတ်နဲ့ နေနေရတယ်” ဟု မနော်သီရိကျေးရွာမှ ထွက်ပြေးတိမ်းရှောင်နေသူ အမျိုးသမီးတစ်ဦးက ပြောသည်။ h

၁၄။ ပလက်ဝနဲ့ မင်းတပ်မှာ ဝမ်းကိုက်ရောဂါကြောင့် သေဆုံးသူ ၁၄ ဦးခန့်ထိရှိလာ
 June 17, 2024
ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်နဲ့ မင်းတပ်မြို့နယ်တို့မှာ ဝမ်းကိုက်ရောဂါ ကပ်ရောဂါကြောင့် သေဆုံးသူ ၁၄ ဦးခန့်ရှိတယ်လို့ ချင်းကျန်းမာရေးအဖွဲ့(CHO) က ဇွန်လ ၁၆ ရက်က သတင်းထုတ်ပြန်လိုက်ပါတယ်။ လူတွေကြား ဝမ်းကိုက် ရောဂါ ဖြစ်စေတဲ့ ပိုးက  ကူးစက်ခံရပြီး ၂ နာရီကနေ ၅ ရက်အတွင်း လက္ခဏာ ပြပြီး အမြန်ဆုံး ထိရောက်တဲ့ ကုသမှု မခံယူပါက ၃၀-၅၀ ရာခိုင်နှုန်းက သေဆုံးနိုင်ပြီးတော့ ကုသမှု အချိန်မီပါက သေဆုံးမှုနှုန်း တစ်ရာခိုင်နှုန်းပဲ ရှိပါတယ်လို့ CHO ရဲ့ ထုတ်ပြန် ချက်အရ သိရပါတယ်။ အဲ့ဒီ ရောဂါဖြစ်ပွားတာဟာ ပလက်ဝနဲ့ မင်းတပ်နယ်စပ်အကြား ဒိုင်ရ်ဒေသမှာ ဖြစ်ပွားတာဖြစ်ပြီး ဖြစ်ပွား နှုန်းနဲ့ သေဆုံးမှုဟာ ရက်ပိုင်းတွင်း ပိုတိုးလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “ရာသီဥတုကလည်း မမှန်၊ သောက်သုံးရေ ကလည်း မသန့်ဘူး။ ဆေးဝါးတွေကလည်း မရှိဘူး။ ဝယ်ဖို့ဆိုလည်း မရှိသလို လမ်းကြောင်းတွေကလည်း မလွယ်ဘူး။ ရောဂါက ကလေးကအစ လူကြီးတွေအထိ ဖြစ်ကြတာပါ။”လို့ ပလက်ဝဒေသခံတစ်ဦးက ဆိုပါတယ်။

အဲ့ဒီ ရောဂါနဲ့ပတ်သက်ပြီး CHO က အပြင်စာ၊ ဟင်းကျန်၊ ထမင်းကျန် မစားဘဲ အစာကို ယင်လုံအောင် သိမ်းဆည်းထား ပြီး နို့တိုက်ကလေးတွေကို အမေနို့တမျိုးတည်း တိုက်ရမယ်လို့ လမ်းညွန်ထားပါတယ်။ အဲ့ဒါပြင် ယင်လုံအိမ်သာ သုံးပြီး အိမ်သာ တက်ပြီးတိုင်း၊ အစာမစားခင်၊ မပြင်ခင်၊ မချက်ခင် လက်ကို ဆပ်ပြာနဲ့ စင်အောင် ဆေးကာ ဝမ်းလျှောတာနဲ့ ကျန်းမာရေးဝန်ထမ်း ဆီ ချက်ချင်းပြဖိုနဲ့ ဓာတ်ဆားရေကို ချက်ချင်းသောက်သုံးဖို့ ဖြစ်ပါတယ်။ ဓာတ်ဆားမရှိပါက ဆားနဲ့ သကြားကို ဖျော်သောက် ပြီးတော့ ရေကို ကျိုချက်ပြီး သောက်ရမယ်ဖြစ်ပါတယ်။ Readnifull

၁၅။  နောင်ဟီးကျေးရွာ စစ်ရှောင်များဝမ်းပျက်ဝမ်းလျှောအဖြစ်များနေပြီး ဆေးဝါးအကူညီလိုအပ်နေ
 June 17, 2024
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နောင်ဟီးကျေးရွာ စစ်ရှောင်ပြည်သူများ ဝမ်းပျက်ဝမ်းလျှောအဖြစ်များနေပြီး ဆေးဝါး အကူညီတွေလိုအပ်နေတယမ်လို့ နောင်ဟီးစစ်ရှောင်ပြည်သူတွေဆီကနေ သိရပါတယ်။ နောင်ဟီးကျေးရွာက စစ်ရှောင်ပြည်သူ တွေဟာ သောက်ရေသုံးရေတွေခက်ခဲနေတဲ့အတွက် ဧရာဝတီမြစ်ရေကိုသာအသုံးပြုနေရပေမယ့် မြစ်ရေလည်း မသန့်ရှင်းတာ ကြောင့် စစ်ရှောင်ပြည်သူများ ဝမ်းပျက်ဝမ်းလျှောအဖြစ်များနေတယ်လို့ နောင်ဟီးကျေးရွာ က စစ်ရှောင်ပြည်သူတစ်ဦးက ခုလို ပြောပါတယ်။“အသက်အရွယ်မရွေး ဖြစ်နေတာဟုတ်တယ် လူတစ်ထောင်လောက်ရှိတဲ့ထဲမှာသုံးပုံတစ်ပုံလောက်က ဝမ်းလျှော နေကြတယ် အချို့အရမ်းဆိုးပြီး မြစ်ကြီးနားဆေးရုံကြီး ပို့လိုက်ရတာက သုံးယောက်လောက်ရှိတယ်”လို့ ဆိုပါတယ်။ နောင်ဟီးကျေးရွာ  စစ်ရှောင်ပြည်သူတွေဟာ  အိမ်ခြေ ၂၀၀ ဝန်းကျင်လောက်ရှိတယ်လို့သိရပြီး လက်ရှိ ဝိုင်းမော်မြို့နယ် အင်ဂန်း (Ngang) ကျေးရွာမှာ သွားရောက်ခိုလုံနေတာဖြစ်တယ်လို့ သိရပါတယ်။ အင်ဂန်ကျေးရွာရောက်နေတဲ့ စစ်ရှောင်တွေနေထိုင်ဖို့ အတွက် အဆောင်တွေဆောက်ထားပေမယ့်လည်း အိမ်သာနဲ့ရေတွင်းတွေဆောက်လုပ်နေဆဲဖြစ်တာကြောင့် ရွာမှာရှိတဲ့ ပြည်သူ တွေရဲ့ နေအိမ်တွေမှာဘဲ လူခွဲပြီးနေနေကြတယ်လို့ သိရပါတယ်။
လက်ရှိ စစ်ရှောင်ပြည်သူတွေဟာ ဧရာဝတီမြစ်ရေကိုသာ သောက်ရေ၊သုံးရေအဖြစ်အသုံးပြုဖို့ ကျိုချက်ပြီးအသုံးပြုနေ တဲ့ကြားက ဝမ်းပျက်ဝမ်းလျှောဆက်ဖြစ်နေဆဲဖြစ်တယ်လို့သိရပါတယ်။ အခုလိုဝမ်းပျက်ဝမ်းလျှာ ရောဂါဖြစ်ပွားတာနဲ့ ပက်သက် ပြီး ကချင်တောင်ပေါ်ဒေသက ပြည်သူတွေရဲ့ကျန်းမာရေးအတွက် လှည့်လည်ဆေးကုသပေးနေတဲ့ ကချင်နယ်လှည့် ကျန်းမာ ရေးလုပ်သားအဖွဲ့(Kachin Backpack) အဖွဲ့ရဲ့တာဝန်ရှိသူကို မေးမြန်းကြည့်ရာမှတော့ အဓိကအားဖြင့် ဝမ်းပျက်ဝမ်းလျှော ရောဂါတွေဟာ သောက်ရေသုံးရေ မသန့်ရှင်းတဲ့အတွက် ဖြစ်ပွားခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ဒါအပြင် မြစ်ရေတွေကို ကျိုချက် လိုက်တဲ့အခါ ရေထဲမှာပါတဲ့ ရောဂါပိုးတွေကို သေစေနိုင်ပေမယ့်လည်း ရေထဲမှာပါတဲ့ ဓာတုအဆိပ်ကိုတော့ မပျောက်ပျယ်နိုင် ဘူးလို့ ပြောပါတယ်။  အခုလို မြစ်ရေထဲမှာ ဓာတုအဆိပ်တွေ များပြားနေတာဟာ ရွှေတူးတဲ့အခါ အသုံးပြုတဲ့ ပြဒါးတွေ ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။  ဒါကြောင့်  ကောင်းမွန်ပြီး သန့်ရှင်းတဲ့သောက်ရေသန့်ကို ရရှိဖို့အတွက်  ကျောက်မီးသွေး၊ ကျောက်ခဲ ၊သဲကျောက်၊ သဲ နဲ့ဖွဲကြမ်းလို ဟာမျိုးတွေကို အသုံးပြုပြီး  အနည်းဆုံး အဆင့် ငါးဆင့်လောက်ထိရေကို စစ်ထုတ်နိုင်ပါ က ပိုပြီး အန္တရာယ်ကင်းနိုင်တယ်လို့ သူက အကြုံပြုပါတယ်။ Readnifull

၁၆။ တိုက်ပွဲပြင်းထန်နေတဲ့မတူပီစစ်ဆင်ရေးအတွင်း CDF-မတူပီက ရဲဘော်ငါးဦး ကျဆုံး
 June 18, 2024
ချင်းညီနောင်မဟာမိတ်ပူးပေါင်းအဖွဲ့က ဖော်ဆောင်နေတဲ့ ချင်းပြည်နယ်၊ မတူပီမြို့နယ်စစ်ဆင်ရေးအတွင်းမှာ Chinland Defense Force – Matupi (CDF-မတူပီ) တပ်မဟာ(၁)အဖွဲ့ဝင် ရဲဘော် ငါးဦးကျဆုံးခဲ့တယ်လို့ သိရပါတယ်။ အခုလ ၉ ရက်ကစတင်ပြီး ချင်းညီနောင်စစ်ဆင်ရေး(Operation CB) ဖော်ဆောင်မှုအဖြစ် Yaw Army(YA) အပါအဝင် အခြားမဟာမိတ် တပ်ဖွဲ့တွေနဲ့အတူ မတူပီမြို့နယ်က စစ်ကောင်စီစခန်းတွေကို ထိုးစစ်ဆင်တိုက်နေတာကြောင့် နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာ ဖြစ်ပါတယ်။ အဲ့ဒီထိုးစစ်ဆင်တိုက်ပွဲအတွင်းမှာ CDF-မတူပီ တပ်မဟာ(၁)အဖွဲ့ဝင် ရဲဘော်တွေဖြစ်တဲ့ ရဲဘော် Salai Bawi Aa ၊ ရဲဘော် Salai Ro Bert San ၊ ရဲဘော် ဆလိုင်း ပါတူ၊ ရဲဘော် Salai Shwe Lian ၊ ရဲဘော်  Salai Lai Thang Boi တို့ ကျဆုံး သွားတာပါ။ ရဲဘော် ငါးဦးဟာ ဇွန်လ ၁၄ ရက်ကနေ ၁၈ ရက်အတွင်းကျဆုံးခဲ့တာဖြစ်ပါတယ်။
မတူပီစစ်ဆင်ရေးကိုဖော်ဆောင်နေတဲ့ ချင်းညီနောင်ဟာ ဇိုမီးဖက်ဒရယ်အစည်းအရုံး၊ ချင်းအမျိုးသားအဖွဲ့ချုပ်၊ ချင်းကာ ကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) ၊ ချင်းအမျိုးသားကောင်စီ (မင်းတပ်)၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီနဲ့ ချင်းလဲန်းကာကွယ် ရေးတပ်ဖွဲ့ မတူပီ တပ်မဟာ-၁ တို့နဲ့ စုဖွဲ့ထားတာပါ။ လက်ရှိ မတူပီစစ်ဆင်ရေးအတွင်းမှာ မတူပီမြို့ပေါ်က မြို့မရဲစခန်းနဲ့ အထွေ ထွေအုပ်ချုပ်ချုပ်ရေးမှူးရုံးတွေကို ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ပြီလို့ ဒေသတွင်းချင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ Readnifull

၁၇။ တနင်္သာရီမြစ်ဘေးရှိ ကျောက်လုံးကြီးစစ်ကောင်စီတပ်စခန်းဆုတ်ခွာပြီးပုလောတပ်စခန်းတွင်ပြန်ပူးပေါင်း
 June 17, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနယ်မြေ၊ ဘိတ်-ထားဝယ်ခရိုင်၊ တပ်မဟာ(၄)၊ လယ်မူလား မြို့နယ် တနင်္သာရီ မြစ်ဘေးရှိ ကျောက်လုံးကြီးစစ်ကောင်စီတပ်စခန်းမှ တပ်ဖွဲ့ဝင်များသည် ဇွန်လ ၁၅ ရက်နေ့က တပ်စခန်းစွန့်ခွာသွားပြီး ပုလော မြို့ရှိ တပ်စခန်းထံသို့ ပြန်ပူးပေါင်းသွားကြောင်း ကေအဲန်ယူ တပ်မဟာ(၄) ဘက်မှ ဆိုသည်။ ထိုဒေသရှိ ဝေ့တူးလေ့ (အောင်သာ ဝရ) စစ်ကောင်စီတပ်စခန်း တိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက်တွင် ကျောက်လုံးကြီးကျေးရွာတွင်ရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့ ဝင်များသည် စခန်းတွင် ဆက်လက်မနေရဲတော့သည့်အတွက် စခန်းဆုတ်ခွာသွားခြင်းဖြစ်သည်ဟု ကေအဲန်ယူ တပ်မဟာ(၄) တာဝန်ရှိသူဘက်က ယခုလိုဆိုသည်။ ဘိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နာ က “သူတို့က ကရင်လူထုတွေ နေထိုင်တဲ့ကျောက်လုံးကြီး ရွာထဲမှာ စခန်းချနေတာ။ ပြန်နောက်ဆုတ်သွားတာ တစ်ရက်ဘဲရှိသေးတယ်။ ကျန်တဲ့စခန်းကြီးတွေ က ဘယ်လို လာမလဲမသိသေးဘူး။ အခုသူတို့စခန်းကို တက်ရောက်ရှင်းနေတုန်းဘဲ။” ဟု ပြောသည်။
အဆိုပါ ကျောက်လုံးကြီးစခန်းတွင် အခြေချနေသည့် စစ်ကောင်စီ၏ခြေလျင်တပ်ရင်း (ခလရ-၂၈၅) တပ်မှာ စစ်ကြောင်း (၂)ဖြစ်ပြီး အင်အား(၆၀)ကျော်ရှိကာ စခန်းဆုတ်ခွာပြီးနောက် ပုလောမြို့လမ်းမကြီးဘေးရှိ ၎င်းတို့တပ်စခန်းတစ်ခုတွင် အင်အား ပြန် လည်စုစည်းသည်ဟုလည်း ပဒိုစောအယ်နာကဆိုသည်။ ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်နေ့က နှစ်ပေါင်း ၂၇ နှစ်ကြာ အခြေစိုက် သည့် ဝေ့တူးလေ့(အောင်သာဝရ) တပ်စခန်းကို ကရင်အမျိုုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့ တို့မှ တက်ရောက် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး တပ်စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦးသေဆုံးကာ အယောက် ၃၀ ကျော် ထွက်ပြေးလွတ် မြောက်သွားပြီး စခန်းတွင်ကျန်ရှိသည့် လက်နက်အများအပြား သိမ်းဆည်းရခဲ့သည်ဟု ကေအဲန်ယူတပ်မဟာ (၄) ဘက်က ထုတ်ပြန်ထားသည်။ စခန်းတိုက်ခိုက်သိမ်းပိုက်ပြီးသည့် တစ်ရက်ထဲတွင် စစ်ကောင်စီတပ်ဘက်မှ အဆိုပါဒေသရှိ KNLA တပ်ရင်း(၇) ရုံးထိုင်ရာ တိုတယ်ထတွင် လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်သွားသည့်အတွက် အသက် ၂၆နှစ်ရှိ ဆေးဆရာမ နော်ဖောအယ်မူး နှင့် အသက် (၅၃)နှစ်ရှိ နော်အဲတို့နှစ်ဦး သေဆုံးသွားကာ အဆောက်အဦး(၃)လုံး ထိခိုက် ပျက်ဆီးသွားရခြင်း လည်းရှိသည်။ Readnifull
၁၈။ ခြံလုပ်ရန်သွားသည့် ဝိုင်းမော်ဒေသခံအမျိုးသားသုံးဦး စစ်ကောင်စီဂိတ်တွင် စစ်ဆေးခံရပြီးပျောက်ဆုံးနေ
 JUN 17, 2024
ဝိုင်းမော်မြို့နယ် မလိယာန်ကျေးရွာအနီးသို့ ခြံလုပ်ရန်သွားသည့်အမျိုးသားသုံးဦး ဆယ်ရက်ကျော်ကြာသည်အထိအ ဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်း သိရသည်။ မြစ်ကြီးနားမြို့တွင် စစ်ရှောင်နေသည့် ဝိုင်းမော်ဒေသခံအမျိုးသား သုံးဦး ပြီးခဲ့သည့် ဇွန်လ ၆ ရက်နေ့က ခြံသို့သွားချိန် လမ်းတွင်ပျောက်သွားခြင်းဖြစ်သည်ဟု မိသားစုဝင်တစ်ဦးက ပြော သည်။“ဘယ် လမ်းကနေသွားမယ်ဆိုတဲ့ အသေးစိတ်က ကျွန်တော်တို့ မသိလိုက်ဘူး။ သွားလို့ရတဲ့လမ်းကနေ သွားမယ်ဆိုပြီးသွားလိုက်တာ။ နေ့လယ်လောက်မှာ ဖုန်းဆက်တော့ သူတို့ကို အခုဂိတ်တစ်ခုမှာ စစ်ဆေးနေတယ် ခဏဆိုပြီးပြောနေတယ်။ ညနေပိုင်းဆိုရင် အဲ့ ဘက်ကနေပျောက်နေတဲ့ လရှီးလ ရဲ့ဖုန်းနဲ့ပြန်ဆက်လာတယ်။ ဗမာလိုပြောဆိုပြီးပြောခိုင်းတယ်တဲ့၊ အဲ့ချိန်ဟိုဘက်က ကျန်းခန်း ကျေးရွာ ရောက်နေတယ်လို့ ပြောလိုက်လို့ပြောခိုင်းလိုက်တယ်။ အဲ့တာက နောက်ဆုံးရလိုက်တဲ့သတင်းပဲ” ဟုပြော သည်။
ပျောက်ဆုံးသွားသူများမှာ ရွှေညောင်ပင်ကျေးရွာနေ အသက် ၃၃ နှစ်အရွယ် ဦးလရှီလဆန်၊ တပ်ကုန်းစံပြရပ်ကွက်နေ အသက် ၃၉ နှစ်အရွယ် ဦးလဘန်ဘောက်နော် နှင့် မိုင်းနား စံပြစစ်ရှောင်စခန်းနေ အသက် ၃၈ နှစ်အရွယ် ဦးအင်ဒေါင်မုန်ရာ ဆိုသူဖြစ်ကြောင်း သိရသည်။  အဆိုပါအမျိုးသားသုံးဦးမှာ မလိယာန်ကျေးရွာ၊ ဒဘက်ချောင်းအနီးရှိလယ်တွင် သွားရောက် စိုက် ပျိုးရန် နှမ်းစေ့၊ မုန့်ညှင်းစေ့၊ စပါးပျိုးပင်များနှင့် အစားအသောက်အတွက် ရိက္ခာများယူသွားကြောင်း ပျောက်ဆုံးနေသူတစ်ဦး၏ အမျိုးသမီးဖြစ်သူက ပြောသည်။ “ကလေးတွေကို ကျောင်းနာမည်စာရင်းလာထည့်ဖို့ မြစ်ကြီးနားမှာထားပြီး ခြံလုပ်ဖို့ပြန်သွား တာ။ မိုးရာသီရောက်လို့ လယ်ယာတွေလည်းလုပ်မဲ့အချိန်ရောက်လာပြီလေ။ အခုက ခက်ချိုဘက်မှာ လမ်းပေါ်မှာပျောက်သွား တာဟုတ်တယ်။ အခုက အဲ့နေရာတွေမှာ စကစတွေလည်းရှိတယ်။ PDF တွေလည်းရှိတယ်။ ဟိုဘက်ကပြောတဲ့အချိန်က ဗမာ စကားသံလည်း နည်းနည်းဝဲတော့ လီဆူပြည်သူ့စစ်တွေပဲ ဖမ်းသွားတာထင်နေတယ်” ဟုပြောသည်။ ပျောက်ဆုံးနေသူ သုံးဦးကို ဇွန်လ ၆ ရက်နေ့က နောင်ဟီကျေးရွာနှင့် ဂျန်ဂါကျေးရွာကြားရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်အနီးတွင် တားဆီးစစ်ဆေးခံနေရ သည်ကို တွေ့ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ပြန်လာပြောပြသော်လည်း လက်ရှိအချိန်ထိအဆက်အသွယ်မရသေးကြောင်း မိသားစုဝင်များကပြောသည်။ Readnifull

၁၉။  PDF ထောက်ပံ့သည်ဟုဆိုကာ တစ်ပတ်အတွင်း ကျိုက်ထိုမြို့ခံ (၈) ဦးဖမ်းဆီးခံရ
 June 17, 2024
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)များကို ထောက်ပံ့နေသည်ဟုဆိုကာ မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထိုမြို့ ကော့စံနိုင်ရပ်ကွက်နေ အမျိုးသမီး(၁)ဦး အပါအဝင် ဒေသခံ(၈)ဦးအား ယခုဇွန်လ ဒုတိယအပတ်အတွင်း စစ်ကောင်စီ က ဖမ်းဆီးထိန်းသိမ်းထားကြောင်း မြို့ခံသတင်းအရင်းအမြစ်များထံမှ သိရသည်။ PDF များကို ထောက်ပံ့ပေးမှုနှင့် ပတ်သက်ဆက်နွယ်မှုရှိသည်ဟု စွပ်စွဲပြောဆိုကာ ပြီးခဲ့သည့် ဇွန်လ(၁၃)ရက်နေ့ နှင့် (၁၄) ရက်နေ့တွင် ကော့စနိုင်ရပ်ကွက်နေ အမျိုးသမီး(၁)ဦး နှင့် နောက်ထပ်ဒေသခံအမျိုးသား (၇) ဦး စုစုပေါင်း (၈)ဦးတို့အား ၎င်းတို့နေအိမ်နှင့် အလုပ်နေရာသို့ ဝင်ရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ မြို့ခံအမျိုးသား တစ်ဦးက ပြောသည်။“ဦးမြအောင် နဲ့မစုမြတ်ရတနာအောင်တို့ သားအဖက (၁၃) ရက်နေ့ ညနေ (၆)နာရီလောက်မှာဖမ်းခံရတယ်။ သူတို့ ပြန်လွတ်ချင်ရင် အဲ့ဒီအစ်မယောကျာ်းလာအဖမ်းခံမှ လွှတ်ပေးမယ်လို့ရဲတွေက ပြောသွားတယ်။ ည ၁၂ နာရီ ကျော်လောက်မှာ ကော့စံနိုင်ရပ်ကွက်မှာနေတဲ့ ကိုရှိုင်း ထပ်အဖမ်းခံရ တယ်။ နောက်ထပ်(၅)ယောက်ကိုလည်း PDF တွေနဲ့ အဆက်အဆံရှိလို့ဆိုပြီး လာဖမ်းသွားတယ်” ဟု ပြောသည်။
ဖမ်းဆီးခံရသူ(၈)ဦးစလုံးမှာ ၎င်းတို့မိသားစုဝင်များနှင့်အဆက်အသွယ်ရရှိသော်လည်း လက်ရှိအချိန်ထိ သက်ဆိုင်ရာ ရဲစခန်းတွင် ထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း ရဲစခန်းနှင့်နီးစပ်သည့်သတင်းအရင်းအမြစ်များက ဆိုသည်။ ထို့အပြင် ဖမ်းဆီးခံရ သူ (၈)ဦးအနက် (၅) ဦးမှာ ကော့စံနိုင်လူမှုကူညီရေးအသင်းမှအဖွဲ့ဝင်များဖြစ်ကြောင်း သိရှိရသဖြင့် ဖြစ်စဥ်အသေးစိတ် နှင့် နောက်ဆက်တွဲအခြေအနေကို သိရှိနိုင်ရန် အဆိုပါအဖွဲ့သို့ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်းမရှိပေ။ စစ်အာ ဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်တွင် တော်လှန်ရေး နှင့်ပတ်သက်ဆက်နွယ်မှု သံသယဖြင့် လူမှုကူညီ ရေးအဖွဲ့ဝင်များအပါ အဝင် ဒေသခံများကို စစ်ကောင်စီက မကြာခဏဖမ်းဆီးမှုရှိနေသလို စစ်တပ်ဝါဒဖြန့် လူမှုကွန်ရက်နှင့် တယ်လီဂရမ်ချန်နယ်များ မှ လှုံ့ဆော်မှုများကြောင့်လည်း အများစုအဖမ်းဆီးခံရခြင်းဖြစ်သည်။ Readnifull

၂၀။ ပူတာအိုမြို့ဘက်တက်မယ့် ကုန်ပစ္စည်းတင်ကားတွေကို စိစစ်ပြီး တစ်ဖွဲ့ပြီးတစ်ဖွဲ့ တက်ခွင့်ပြု
 June 17, 2024
ကချင်ပြည်နယ်၊ ပူတာအိုမြို့ဘက်တက်မယ့် ကုန်ပစ္စည်းတင်ကားတွေကို နှစ်ဖက်အဖွဲ့အစည်း (KIA နဲ့ စစ်ကောင်စီ) ကနေ စိစစ်ပြီး တစ်ဖွဲ့ပြီးတစ်ဖွဲ့တက်ခွင့်ပြုနေပြီလို့ ကားသမားတစ်ဦးဆီကနေ သိရပါတယ်။  လက်ရှိအချိန်မှာတော့ တင်ဆောင် မယ့် ကုန်ပစ္စည်းစာရင်းတွေကို နှစ်ဖက်တပ်ရဲ့ သက်ဆိုင်ရာအဖွဲ့အစည်းဆီ နှစ်ရက်ကြိုတင် စာရင်းပေးပို့ထားရပြီး တက်ခွင့်ပြုမှ တစ်သုတ်ပြီးတစ်သုတ် တက်ရတယ်လို့ ကားသမားတစ်ဦးက အခုလိုပြောပါတယ်။ “သွားမယ့်ကားတွေကို ပစ္စည်းစာရင်း အရင် ကောက်ပြီး ထွက်ခိုင်းတယ်။ တစ်နေ့ ၇ စီးလို့ သတ်မှတ်ပေးတယ်။ နှစ်ရက်ကြိုတင် စာရင်းပေးရတယ်။ အရင်ကလို လွတ်လွတ် လပ်လပ်တော့ သွားလို့ မရဘူးပေါ့”လို့ ပြောပါတယ်။ သုံးလနီးပါးပိတ်ထားလိုက်ရတဲ့ မြစ်ကြီးနား-ပူတာအို ကားလမ်းပိုင်းကနေ ကုန်ပစ္စည်းတွေ တင်ပို့ဖို့အတွက် နှစ်ဖက်အဖွဲ့အစည်း ခွင့်ပြုချက်နဲ့ ကား ၁၄ စီးကို ဇွန်လ ၈ရက်နေ့ ညနေပိုင်းက ပထမအသုတ် အဖြစ် တက်ခွင့်ပြုပေးခဲ့တာပါ။ အဲဒီနောက် ဇွန်လ ၁၆ ရက်နေ့မှာတော့ စက်သုံးဆီသယ်ယာဉ် သီးသန့်  ၈ စီးကို တက်ခွင့်ပြု လိုက်ပြီး ဒီကနေ့မှာတော့ ကားအသေး ၇ စီး ထပ်မံထွက်ဖို့ ရှိတယ်လို့ အထက်ပါ ကားသမားတစ်ဦးက ဆက်လက်ပြောပါတယ်။
ဒါ့အပြင် အခုတင်ပို့ရောင်းချတဲ့ စက်သုံးဆီတွေကို ကုန်သည်တွေဆီ မပေးဘဲ နေရာခွဲပြီးတော့ လက်လီဈေးနဲ့ စားသုံးသူ တွေဆီ တိုက်ရိုက်ရောင်းချပေးသွားမယ်လို့ ကြားသိရတဲ့အကြောင်း ဆိုပါတယ်။ လမ်းပိတ်နေတဲ့အချိန်က ကျပ် ၈ သောင်းကနေ တစ်သိန်းအထိ ပေးဝယ်ရတဲ့ တစ်လီတာခန့်ပါ ဓါတ်ဆီတစ်ပုလင်းကို လက်ရှိအချိန်မှာတော့ နှစ်သောင်းကျော်ဝန်းကျင်နဲ့ ဝယ်လို့ ရနေပြီဖြစ်ပေမဲ့ ဆန်ဈေးနှုန်းကတော့ ဈေးသိသိသာသာ ကျသွားတာမျိုး မရှိသေးဘူးလို့ ပူတာအို ဒေသခံပြည်သူတစ်ဦးကလည်း အခုလိုပြောပါတယ်။ “ကုန်ပစ္စည်းတွေကတော့ ဈေးအရမ်းကျသွားတာတော့ မရှိသေးဘူးပေါ့။ ကားတွေကနေ့တိုင်းတော့ မရောက်သေးဘူး။ အခုက တစ်သုတ်တော့ ရောက်ပြီပေါ့”လို့ ပြောပါတယ်။ မြစ်ကြီးနားမြို့ကနေ ပူတာအိုမြို့ဘက် ကုန်ပစ္စည်း တင်ဆောင်မယ့် ကားတွေ ဒီကနေ့တက်မယ့် အစီးရေနဲ့ ပေါင်းရင် ၂၉ စီး လောက် ရှိတယ်လို့လည်း သိရပါတယ်။ ကချင်လွတ် လပ်ရေးတပ်မတော်(KIA)နဲ့ စစ်ကောင်တီတို့ မတ်လ ပထမ အပတ်က ဆွမ်ပရာဘွမ်မြို့နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးတဲ့ နောက် မြစ်ကြီးနား-ပူတာအို ကားလမ်းပိုင်းဟာ မတ်လ ၉ ရက်နေ့က ပိတ်သွားခဲ့တာဖြစ်ပြီး သုံးလနီးပါးအကြာ ဇွန်လ ၈ ရက်နေ့ မှာတော့ နှစ်ဖက်အဖွဲ့အစည်း ခွင့်ပြုချက်နဲ့ ပြန်ဖွင့်ပေးတာ ဖြစ်ပါတယ်။ Readnifull

၂၁။ သိန္နီမြို့နယ် အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်း နင်းမိပြီး သေဆုံး
 June 17, 2024
သျှမ်းပြည် သိန္နီမြို့နယ်တွင် ခြံရှင်းနေသည့် အမျိုးသမီးတစ်ဦးမြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်နှစ်ဖက်ပြတ်ကာ သေဆုံး ခဲ့ကြောင်း သတင်းရရှိသည်။ ဇွန်လ ၁၅ ရက် နေ့လည် ၁ နာရီခန့်တွင် သိန္နီမြို့နယ် ပန်စုံရွာအနီး စစ်ကောင်စီတပ်၏ ခလရ-၂၄၀ တပ်ရင်းရှေ့၌ အမျိုးသမီးတစ်ဦး နှမ်းကြဲရန်အတွက် ခြံရှင်းရာမှ မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်နှစ်ဖက် ပြတ်သွား ကာ သွေးထွက်လွန်၍ သေဆုံးခဲ့ရကြောင်း အသက် ၄၀ ဝန်းကျင် သိန္နီဒေသခံ အမျိုးသမီးတစ်ဦးက ပြော သည်။ “ထိတာကတော့ သူတစ်ယောက်ထဲထိတာ။ မိုင်းထိပြီး ခြေထောက် ၂ ဖက်လုံး ပြတ်သွားတယ်။ သူက နှမ်းစိုက်ဖို့ ခြံသွားရှင်းတာ၊ ခြံကလည်း တပ် အရှေ့မှာဆိုတော့ ရှင်းနေရင်းနဲ့ နင်းမိတာ” ဟု ၎င်းဒေသခံ အမျိုးသမီးက ပြောသည်။ သေဆုံးသွားသည့် အမျိုးသမီးသည် သိန္နီမြို့နယ် ပိန်းဆာကျေးရွာအုပ်စုရှိ ပန်စုံကျေးရွာတွင် နေထိုင်သူဖြစ်ပြီး အသက် ၅၀ ကျော်အရွယ် ပါ့နန်းမြသန်း ဖြစ်ကြောင်းသိရသည်။

သိန္နီမြို့နယ်တွင် သုံးလအတွင်း မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် ၃ ဦးသေဆုံးပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိန္နီဒေသခံများက ပြောသည်။ “၁၀၂၇ စစ်ဆင်ရေး” အပစ်ရပ်ပြီးနောက် (၅) လနီးပါးအတွင်း သိန္နီမြို့မှ ဒေသခံအချို့ မှာ နေရပ်ပြန်လာနိုင်ကြသော်လည်း မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းများမှ နယ်မြေရှင်းလင်းရေး မလုပ်နိုင်သကဲ့သို့ ပြည်သူ များအား မြေမြှုပ်မိုင်းအကြောင်းနှင့်ပတ်သက်၍ အသိပညာပေးခြင်းမရှိသေးကြောင်း ဒေသခံများကပြောဆိုသည်။ Readnifull

၂၂။ မတူပီ တိုက်ပွဲကြောင့် ဒေသခံပြည်သူအများစု စစ်ဘေးရှောင်
 June 18, 2024
ချင်းပြည်နယ်၊ မတူပီမြို့နယ် မြို့သိမ်းတိုက်ပွဲကြောင့် မြို့နယ်အတွင်းမှာနေထိုင်တဲ့ ပြည်သူ ၉၀ ရာခိုင်နှုန်း တိမ်းရှောင် နေကြရတယ်လို့ CDF-မတူပီ တာဝန်ရှိသူက ပြောပါတယ်။ မတူပီမြို့ပေါ်ရပ်ကွက်၊ ကျေးရွာတွေက ပြည်သူတွေဟာ နီးစပ် ရာ ကာကွယ်ရေးတပ်ရင်း တပ်ဖွဲ့တွေနဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။ CDF မတူပီ တာဝန်ရှိသူတွေက “အများအားဖြင့်တော့ မီဇိုဘက်မှာ ရှောင်ကြတယ်။ ဒီမှာလည်း လုံခြုံတဲ့နေရာမှာ ရှောင်ခိုင်းထား တယ်။ ၉၀ ရာခိုင်နှုန်းက ရှောင်ကြပါတယ်။ အကုန်ရှောင်ပါတယ်၊ ကျေးရွာတွေမှာလည်း အကုန်ရှောင်ခိုင်းပါတယ်” လို့ ပြောပါတယ်။
ချင်းပြည်ကာကွယ်ရေးတပ် CDF-မတူပီ တပ်မဟာ-၁၊ တပ်မဟာ-၂ တို့က မေ ၂၀ ရက်ကနေ ဇွန် ၅ ရက်အထိ အချိန် ပေးပြီး မြို့ပေါ်နေ ပြည်သူတွေကို တိမ်းရှောင်ခိုင်းထားပြီး ကျန်ရှိနေတဲ့ သူတွေလည်း ထပ်မံတိမ်းရှောင်နေကြတယ်လို့ သိရပါ တယ်။ CDF-မတူပီ တပ်မဟာ-၂ အောက်ချင်းတပ်ရင်းမှာလည်း စစ်ရှောင်ပြည်သူ ၁,၀၀၀ ကျော် လာရောက်ခိုလှုံနေပြီး စားနပ် ရိက္ခာနဲ့ အမိုးအကာတွေ အရေးပေါ်လိုအပ်နေတယ်လို့လည်း သိရပါတယ်။ ဇွန် ၉ ရက်ကစပြီး ချင်းညီနောင်စစ်ဆင်ရေး (CB Operation) အနေနဲ့ မတူပီမြို့နယ် အတွင်းက စစ်ကောင်စီစခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ပြီး မတူပီမြို့သိမ်းတိုက်ပွဲ ဆင်နွှဲ နေတယ်လို့ သိရပါတယ်။ Readnifull

၂၃။ စစ်ဘေးရှောင်တွေအတွက် နီပွန် ဖောင်ဒေးရှင်းကလှူဒါန်းတဲ့ ဆန်အိတ် ၃ ထောင်ကျော် ဈေးကွက်ထဲရောက်ရှိ
 June 17, 2024
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ‌ဒေသ၊ ဆီဆိုင်မြို့နယ်စစ်ဘေးရှောင်တွေအတွက် နီပွန်ဖောင်‌ဒေးရှင်း က လှူဒါန်းလိုက်တဲ့ ဆန်အိတ် ၃၃၀၀ ဟာမြေပြင်ကို မရောက်ရှိသေးဘူးလို့ စုံစမ်းသိရပါတယ်။ အဲဒီ ဆန်အိတ်တွေကို ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဥက္ကဌဟောင်း ခွန်ဥက္ကာ ကတဆင့် သက်ဆိုင်ရာ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ တာဝန်ခံ တွေဆီ ခွဲဝေပေးခဲ့တာဖြစ်ပြီး ဆန်အိတ်တချို့ကို တောင်ကြီးမြို့ ဆန်ဆိုင်တွေမှာ ရောင်းချနေတယ်လို့လည်း မျက်မြင်တွေ့ရှိခဲ့သူ တွေဆီက သိရပါတယ်။ နေရပ်ပြန် စစ်ဘေးရှောင် တစ်ဦးက “ကျနော်တို့ အသိတွေထဲမှာရော လိုင်းပေါ်မှာရော တက်မေးကြည့် တာ ဘယ်သူမှမရဘူးတဲ့။ ကိုယ့်မြို့ကိုယ်ရွာ ပြန်ရောက်တာ လုပ်ကိုင်စားဖို့က မရှိတဲ့ကြားထဲ အလှူရှင်ပေါ်လာလို့ ဝမ်းသာနေ တာ။ မရဘူးဆိုတော့လည်း ဘယ်တတ်နိုင်မလဲ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ လ မေလ ၂၃ ရက်နေ့ကတည်းက ဆန်အိတ်တွေကို နီပွန်ဖေါင်ဒေးရှင်းက လာရောက်လှူဒါန်းထားတာဖြစ်ပြီး ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO/PNLA) ဥက္ကဌဟောင်း ခွန်ဥက္ကာက လက်ခံပေးခဲ့တယ်ဆိုတဲ့အကြောင်း သတင်း မီဒီယာတွေမှာ ဖော်ပြခဲ့တယ်လို့ ဆိုပါတယ်။ ခွန်ဥက္ကာဟာ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ ပအိုဝ်းအမျိုးသား လွတ်မြောက် ရေးအဖွဲ့ချုပ်/ တပ်မတော်(PNLO/ PNLA)ရဲ့  ဥက္ကဌအဖြစ် လုပ်ကိုင်ခဲ့ပြီး အခုဖြစ်စဉ်နဲ့ ပတ်သက်လို့ PNLA ရဲ့ တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းရာမှာတော့ လတ်တလောမှာ ခွန်ဥက္ကာကို တပ်ဖွဲ့အနေနဲ့ ဘာရာထူး/တာဝန်ယူမထားတာကြောင့် အဖွဲ့နဲ့ သက်ဆိုင်မှုမရှိဘူးလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဇန်နဝါရီလ ၂၄ ရက်နေ့ ဆီဆိုင်တိုက်ပွဲ စတင်ကတည်းက စစ်ဘေး‌တိမ်း ရှောင်ခဲ့ကြတဲ့ ပြည်သူတစ်သိန်းနီးပါးဟာ မေလနောက်ဆုံးပတ်မှာ တစ်သုတ်ပြီးတစ်သုတ် နေရပ်ပြန်လာကြတာကြောင့် လက်ရှိ ဆီဆိုင်မြို့နယ်တွင်းမှာ လူဦးရေ ၅ သောင်းကျော်ခန့် ‌ရောက်ရှိနေပြီး လုပ်ကိုင်စားသောက်ဖို့တော့ အဆင်မပြေသေးဘူးလို့ ဆိုပါတယ်။ Readnifull

၂၄။ ရေးမြို့မှာ အဖမ်းဆီးအစစ်ဆေးကြမ်းနေ
 June 18, 2024
မွန်ပြည်နယ်မှာ တစ်ခုတည်း စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ရေးမြို့မှာ စစ်ကောင်စီဘက်က ဧည့်စာရင်းအကြောင်းပြ ချက် နဲ့ နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးစစ်ဆေးမှုတွေ ပိုများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီ ပူးပေါင်း အဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဇွန် ၁၄ ရက်နေ့ကစပြီး ရေးမြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ သီရိနန္ဒာနဲ့ အဏ္ဏဝါရပ်ကွက်တို့မှာ ညတိုင်းနီးပါး ဧည့်စာရင်းဝင်စစ်နေပြီး မထင်ရင်မထင်သလို ဖမ်းဆီးသွားတာတွေ ရှိနေပါတယ်။ ဒေသခံတွေရဲ့ ပြောပြ ချက်အရ အခုရက်ပိုင်း အတွင်း စစ်ကောင်စီတပ်ရဲ့ ဝင်ရောက်စစ်ဆေးမှုတွေကြောင့် ဧည့်စာရင်း မတိုင်ထားတဲ့သူတွေအပါအဝင် ဒေသခံ ၂၀ နီးပါး ဖမ်းဆီးခံလိုက်ရပြီး အများစုက ငွေပေးပြီး ပြန်လွတ်လာတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ရဲ့ ဧည့်စာရင်းဝင်ရောက် စစ်ဆေးမှုတွေကြောင့် မြို့ရပ်ကွက်တွေရှိ အုပ်ချုပ်ရေးမှူးရုံးတွေမှာ ဧည့်စာရင်းတိုင်ကြားသူများလာပြီး စစ်ကောင်စီအုပ်ချုပ်ရေး အဖွဲ့တွေက ဧည့်စာရင်းတိုင်တဲ့သူတွေကို တစ်ဦးလျှင် ငွေကျပ်တစ်သောင်းနှုန်း တောင်းခံတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧည့်စာရင်း ဝင်ရောက်စစ်ဆေးမှုတွေဟာ စစ်ကောင်စီတပ်ရင်းဌာနချုပ်တွေနဲ့ ရေးမြို့ပေါ်ရှိ မြို့မရဲ စခန်းကို တော်လှန် ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတာကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ် တာတွေ ရှိနေပါတယ်။ စစ်ကောင်စီနဲ့နီးစပ်သူတွေ အဆိုအရ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ရေးမြို့နယ်မှာ အချိန်မရွေးတိုက်ပွဲ တွေ ပြင်းထန်လာနိုင်တာကြောင့် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်ခိုအောင်းမှုမရှိအောင် လုံခြုံရေးအထူး တင်းကျပ်ထားဖို့နဲ့ သတင်းလက်ဦးမှုရယူထားဖို့ စစ်ကောင်စီဘက်က ညွှန်ကြားထားတယ်လို့ သိရပါတယ်။ Readnifull

၂၅။  ၅ လတာအတွင်း စစ်ကောင်စီ၏အကြမ်းဖက်မှုကြောင့် ပြည်သူ ၅၃ ဦးသေဆုံးပြီး (၁၅၄) ဦးထိခိုက်ခဲ့
 June 17, 2024
ကရင်အမျိုးအသားအစည်းအရုံး-ကေအဲန်ယူ၊တပ်မဟာ(၃)နယ်မြေ၊ ခလယ်လွီထူ (ညောင်လေးပင်)ခရိုင်ရှိ မြို့နယ် ၃ မြို့နယ်တွင် ယခုနှစ် ဇန်နဝါရီလမှစပြီး မေလကုန်အထိ ၅ လတာအတွင်း စစ်ကောင်စီတပ်၏ အကြမ်းဖက်မှုများကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ (၅၃) ဦးသေဆုံးခဲ့ပြီး (၁၅၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူ ညောင်လေးပင်ခရိုင် တာဝန်ရှိသူများ ထံမှသိရသည်။ ကေအဲန်ယူထိန်းချုပ်ရာဆောထိ(ရွှေကျင်)၊ ကျောက်ကြီးနှင့် မုန်းစသည့်မြို့နယ် ၃ မြို့နယ်စလုံးတွင် စစ်ကောင်စီ တပ်က လက်နက်ကြီးပစ်ခတ်ခြင်း၊ လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခြင်းအပြင် အရပ်သားပြည်သူများကို ဖမ်းဆီးမှုများနေ့စဉ် နီးပါးပြုလုပ်နေသည့်အတွက်ကြောင့် ယခုလို ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်ရခြင်းဖြစ်ကြောင်း ညောင်လေးပင်ခရိုင် ပြောခွင့်ရ ပဒို စောဟဲဂေ က ယခုလိုပြောသည်။ ၎င်းက “စစ်ကောင်စီတပ်ဘက်က လက်နက် ကြီးရော လေယာဉ် ရော ဗုံးကြဲတဲ့အပေါ်မှာ ပြည်သူသေဆုံးတာ ၅၃ ယောက် ထိခိုက်မှုက ၁၅၄ ယောက်ရှိတယ်။ သေဆုံးတဲ့ ၅၃ ယောက်ထဲမှာ မိန်းကလေးက ၂၂ ယောက် ပါတယ်။ ထိခိုက် ထဲမှာ မိန်းကလေးတွေက ၆၈ ယောက်။ စစ်ကောင်စီ လက်နက်ကြီးက နေ့တိုင်းလိုလိုပစ်တယ်။ နောက် တစ်ခု က မေလက ဘောကထစခန်းကျသွားပြီးတဲ့နောက်ပိုင်းမှာ သူတို့စခန်းရဖို့စစ်ကြောင်းတွေ ပြန်ထိုးလာတယ်”ဟု ပြောသည်။

အဆိုပါ ကျောက်ကြီးမြို့နယ်အတွင်းရှိ ဘောကထစစ်ကောင်စီတပ်စခန်းမှ တပ်ဖွဲ့ဝင်များသည် ကရင်အမျိုးသား လွတ် မြောက်ရေးတပ်မတော်-KNLA နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်-KNDO တို့ ၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် ပြီးခဲ့သည့် မေလ(၇)ရက်နေ့မှစ၍ စခန်းကို စွန့်ခွာသွားကြခြင်းဖြစ်ကြောင်း နယ်မြေခံတာဝန်ရှိသူထံမှသိရသည်။ “ပြည်သူတွေကို အသွား အလာဖြစ်စေ စျေးသွားဝယ်ဖို့ သွားလာတာဖြစ်စေ စစ်ကောင်စီက ၅ လအတွင်းမှာပြည်သူ ၂၈ ယောက်ကိုဖမ်းဆီးတယ်။ ၂၈ ယောက်ထဲမှာမှ တချို့လူတွေကို စစ်ကောင်စီကငွေကြေးတောင်းပြီးတော့ ပြန်လွတ်ပေးတာရှိသလို တချို့တွေက အဆက် အသွယ်မရတော့ဘဲ ပျောက်ဆုံးနေတာလည်းရှိတယ်။ ၅ လအတွင်းမှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့်ရယ် စစ်ကြောင်းက ရွာထဲဝင်ပြီးမီးရှို့တာ အားလုံးပေါင်း နေအိမ် ၂၀၅ လုံးပျက်စီးသွား တယ်” ဟု ပဒိုစောဟဲဂေ က ဖြည့်စွက်ပြော သည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် ဧပြီလ(၂၆)ရက်နေ့မှစတင်ပြီး ကေအဲန်ယူ ထိန်းချုပ်ရာ ဆောထိ (ရွှေကျင်) မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့် ကျေးရွာ (၅)ရွာမှာ အိမ်ထောင်စု(၁,၁၄၈)စုမှ ဒေသခံစုစုပေါင်း (၅,၈၁၉)ဦးခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကေအဲန်ယူထုတ်ပြန်ထားခဲ့သေးသည်။ Readnifull

၂၆။ ထောင်ပြောင်းရွှေ့ခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသူ (၃၀) ကျော် ရိုက်နှက်ခံရပြီး ထိခိုက်ဒဏ်ရာရ
 June 17, 2024
မွန်ပြည်နယ်၊ ကျိုက်မရောအကျဉ်းထောင်မှ ဒိုက်ဦးအကျဉ်းထောင်သို့ ထောင်ပြောင်းရွှေ့ခံရသည့် နိုင်ငံရေးအကျဉ်းသူ များ ရိုက်နှက်ခံခဲ့ရသည့်အတွက် အယောက် ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အကျဉ်းထောင်နှင့် နီးစပ်သူများထံက သိရ သည်။ ရိုက်နှိက်ခံခဲ့ရသည့်ထဲမှ ငါးဦးသည် ဦးခေါင်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တချို့မှာ ထောင်ဆေးရုံတွင်ကုသမှုခံယူနေသလို တချို့မှာ တိုက်ပိတ်ခံထားရသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်-PPNM ၏ ဦးဆောင် ကော်မတီ ဝင် ဦးသိုက်ထွန်းဦးက ပြောသည်။“ သူတို့ပစ္စည်းတွေကိုပြန်တောင်းရာကနေမှ နိုင်ကျဉ်းအမျိုးသမီး တွေနဲ့ စကားပြောတဲ့ အခါ မှာ ပဋိပက္ခပုံစံမျိုး သူတို့က ဖန်တီးတယ်။ အဲ့ဒီနောက်မှ ထောင်ဦးစီးအရာရှိတွေနဲ့ အမျိုးသားထောင်ဝန်ထမ်းတွေ ရောက်လာပြီး ဆဲဆိုတာတွေ သေနတ်ဖောက်တာတွေ ရိုက်နှက်တာတွေလုပ်တယ်။ အမျိုးသမီး (၃၀) လောက် ဆိုးဆိုးရွားရွား ရိုက်နှက်ခံခဲ့ရ တယ်”ဟု ၎င်းကပြောသည်။ ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်တွင် ကျိုက်မရောအကျဉ်းထောင်မှာ ထောင်ပြောင်းရွှေ့ခံရသည့် နိုင်ငံရေး အကျဉ်းသား အပါအဝင် အခြားအမှုအကျဉ်းသား (၁၅၀) ကျော်ထဲမှ ဒိုက်ဦးအကျဉ်းထောင်သို့ အမျိုးသမီးအကျဉ်းသူ (၆၀) ခန့်ပို့ ဆောင်ခံရနေပြီး အမျိုးသားအကျဉ်းသားများအား သာယာဝတီအကျဉ်းထောင်သို့ပို့ဆောင်ခဲ့သည်။
ထို့သို့ အကျဉ်းထောင်ပြောင်းရွှေ့စဉ် ဒိုက်ဦးအကျဉ်းထောင်အဝင်တွင် အကျဉ်းသူများကို စစ်ဆေးရေးပြုလုပ်ရာမှ ဖုန်း နှင့် မူးယစ်ဆေးဝါး တရားမဝင်ယူဆောင်လာသည်ဟုစွပ်စွဲပြီး မူးယစ်ဆေးမှုဖြင့် ထပ်မံတရားဆွဲဆိုရန် စီစဉ်နေသည်ဟု WOPP နိုင်ငံရေးအကျဉ်းသူများအဖွဲ့တာဝန်ခံ မဇူးဇူးမေယွန်းက ဆိုသည်။“ထောင်တွေမှာ တစ်နေရာကနေတစ်နေရာပို့ပြီဆိုလို့ရှိရင် အဲ့ဒီထောင်မှာ ရှာဖွေမှုအရင်လုပ်ပြီးတော့မှ အခြားထောင်ကို ပို့တာပေါ့နော်။ အဲ့လိုပဲ ကျိုက်မရောထောင်ကနေ တခြားထောင် ကို ပို့ပြီဆိုလို့ရှိရင် ရှာဖွေရေးလုပ်ပြီးတော့မှ ပို့တယ်။ အဲ့လိုအနေအထားမှာ ဒိုက်ဦးထောင်ကို ပြောင်းလာတဲ့ အကျဉ်းသူတွေထဲမှာ ဖုန်းတွေ မူးယစ်ဆေးဝါးတွေ တွေ့တယ် ဆိုတာက ရုပ်တိမရှိဘူး။ သူတို့တွေက သူတို့ရဲ့ လက်ခုပ်ထဲမှာ လုပ်ချင်သလိုတွေလုပ် နေတာ”ဟု ၎င်းက ဆိုသည်။ Readnifull

၂၇။ ကန်မိန်းမှာ အထက်တန်ကျောင်းဖွင့်ဖို့ KIA နဲ့ကိုးကန့်တပ်ညှိနှိုင်းနေဆဲ
 June 17, 2024
ရှမ်းပြည်နယ်မြောက်ပိုင်း ကန်မိန်းကျေးရွာမှာရှိတဲ့ အထက်တန်းကျောင်းဖွင့်နိုင်ဖို့  ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကိုးကန့်တပ် MNDAA တပ်တို့အကြား ညှိနှိုင်းနေဆဲဖြစ်တယ်လို့ ကန်မိန်းဒေသခံတွေကပြောပါတယ်။ ဇွန်လ ၁၁ ရက်နေ့ ကန်မိန်းကျေးရွာမှာရှိတဲ့ အခြေခံပညာအထက်တန်းကျောင်းကို KIO/ KIA အစိုးရအောက်ဖွင့်ဖို့ ပြင်ဆင်နေချိန် ကိုးကန့်တပ်တွေ ရောက်လာပြီး ကန်မိန်းအထက်တန်းကျောင်းကို ကိုးကန့်လက်အောက်မှာသာဖွင့်ဖို့ လာရောက်တားမြစ်ခဲ့တာလို့ သိရပါတယ်။ အဲဒီနောက် ဇွန်လ ၁၂ ရက်နေ့ကစပြီး  ရပ်ကျေးတာဝန်ခံတွေအပါအဝင် KIO/KIA ဘက်က မြို့နယ်အဆင့်အုပ်ချုပ်ရေးအဖွဲ့နဲ့ ကိုးကန့်တပ်တို့အကြား ဆွေးနွေးညှိနှိုင်းတာတွေလုပ်ခဲ့ပေမယ့် နှစ်ဖက်တပ်တို့အကြား ဆုံးဖြတ်ချက်မချနိုင်တာကြောင့် မြို့နယ် အဆင့်ကနေ ဌာနချုပ်ကိုတင်ပြထားဆဲဖြစ်တယ်လို့ ဒေသခံတစ်ဦးက KNG ကို ခုလိုပြောပါတယ်။“ဟိုနေ့က နှစ်ဖက်ညှိနှိုင်းကြ တာ မြို့နယ်အဆင့်အနေနဲ့အဆင်မပြေလို့ ဌာနချုပ်ကိုတင်ပြထားတဲ့အခြေနေဖြစ်တယ်။ လောလောဆယ်တော့ ကျောင်းလည်း မဖွင့်သေးဘူး နှစ်ဖက်စလုံးညှိနှိုင်းနေတဲ့အခြေနေဘဲမို့”လို့ပြောပါတယ်။

ကန်မိန်းကျေးရွာဟာ လားရှိုးကနေ မိုင်အားဖြင့် ၂၀၀ ဝန်းကျင်ဝေးတဲ့နေရာမှာရှိပြီး အိမ်ခြေ ၇၀၀ ဝန်းကျင်ရှိတဲ့ရွာ ဖြစ်ကာ ကချင်၊ ရှမ်း၊ တရုတ်လူမျိုးတွေနေထိုင်ကြတဲ့ရွာဖြစ်ပြီး အထက်တန်းကျောင်းဖွင့်လာတာဟာ ခေတ်အဆက်ဆက်ရှိခဲ့ပြီ လို့ ဒေသခံတွေက ဆိုပါတယ်။ တရုတ်အများစုနေထိုင်တဲ့ဘက်မှာ တရုတ်စာသင်ကျောင်း အလယ်တန်းအထိသင်ကြားနေတာ ဖြစ်ပြီး KIO/ KIA အုပ်ချုပ်တဲ့ဘက်မှာတော့ အထက်တန်းကျောင်းရှိတယ်လို့ဒေသခံတွေကပြောပါတယ်။ အဲဒီ အထက်တန်း ကျောင်းကို KIO/KIA နဲ့ NUG ချိတ်ဆက်ပြီး ကျောင်းဆရာ၊ဆရာမ ၁၀ ဦးခန့်ထားတဲ့အပြင် ကျေးရွာအတွင်း နဂိုရှိရင်းစွဲ CDM ဆရာမတွေနဲ့သင်ကြားဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။ သို့သော် ဇွန်လ ၁၁ ရက်နေ့မှာတော့ ကိုးကန့်  MNDAA တပ်ဟာ ကချင်၊ ရှမ်းတွေနေထိုင်တဲ့ဘက်က အထက်တန်းကျောင်းကိုလည်း ကိုးကန့်လက်အောက်မှာသာဖွင့်ဖို့  ကြိုးပမ်းလာပြီး ကျောင်းတက်ဖို့ ရောက်ရှိလာတဲ့ ကျောင်းသား၊သူတွေကိုလည်း စာသင်ခွင့်ပိတ်ပင်ခဲ့တယ်လို့ ကန်မိန်းဒေသခံတစ်ဦးက ခုလိုပြောတယ်။“သူတို့ က တရုတ်စာရောသင်မယ် သူတို့လက်အောက်မှာဘဲရှိရ မယ်ဆိုတဲ့ပုံစံလုပ်နေတာ မနေ့ကတောင် ကိုးကန့်တပ်က ကျောင်း ဆရာ၊မ ၉ ယောက်ကိုခေါ်လာတယ်”လို့ ပြောပါတယ်။ “ကျနော်တို့ကတော့ ဖြစ်နိုင်ရင် KIA နဲ့ NUG ချိတ်ပြီးသင်စေချင်တယ် ခုကိုးကန့်က အဓိကစာသင်ပေးဖို့ထက် သူတို့နေရာဦးထားချင်တဲ့သဘောဘဲ သူတို့ခေါ်လာတဲ့ ကျောင်းဆရာ၊မတွေလည်း သင်ကြားရေး အပိုင်းကျွမ်းကျင်တဲ့သူတွေပါတာမတွေ့ရဘူး။ ကိုးကန့်တပ်က စာလည်းသေချာသင်ပေးနိုင်မှာမဟုတ်ဘူး ကြားမှာ ကလေးတွေ ကြားညှပ်တယ်”လို့ ပြောပါတယ်။ Readnifull

၂၈။ တောင်ကြီးမှာ VPN သုံးရင် ဖမ်းတယ်လို့ သတင်းတင်တဲ့ သူကို စစ်ကောင်စီက ဖမ်း
 June 17, 2024
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ VPN တွေ့ရင် ဖမ်းတယ်ဆိုပြီး facebook လူမှုကွန်ယက်ပေါ် Post တင်ခဲ့တဲ့ Sai Kalaw acc ပိုင်ရှင်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ “VPN က ဒုက္ခပေးတာလား၊ လူတွေက ဒုက္ခပေးတာလား” လို့ မှတ်ချက်ရေးတာအပြင် “ဖုန်းထဲမှာ VPN ပါရင် လမ်းမှာ စကစ အဖွဲ့စစ်တာနဲ့ ငွေငါးသောင်း၊ တစ်သိန်းခွဲ၊ သုံးသိန်းပေးရတယ်”လို့ လူမှုကွန်ရက်ကနေ မဟုတ်မမှန် သတင်းရေးလို့ဆိုပြီး Sai Kalaw acc ပိုင်ရှင် အမျိုး သားကို ပုဒ်မ ၅၀၅-က နဲ့ ဖမ်းဆီးအမှုဖွင့်ခဲ့ တာလို့ သိရပါတယ်။”တစ်ပတ်လောက်ရှိပြီ မြို့ထဲသွားရင် ဖုန်းထည့်သွားနေတာ၊ အစစ်ဆေးခံရတာတော့ မရှိသေးဘူး၊ VPN တော့ ဖျက်ထားတယ်၊ ပြောနေကြတာတော့ ဖုန်းစစ်တယ်၊ VPN တွေ့ရင် ရစ်တယ်၊ ငွေတောင်းတယ်တို့၊ သေချာ မေးကြည့်တော့ မသေချာဘူး၊ ကိုယ်တိုင်တော့ မကြုံသေးဘူး၊ ဖြစ်လာရင်လဲ မချောင်ဘူးလေ” လို့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၁ ဦးက ပြောပါတယ်။
Taxi မောင်းသူ၊ စျေးသည်တွေ ရိုးရိုးခရီးသွားနဲ့ မြို့ပေါ်နေသူအချို့ကို မေးမြန်းရာမှာလည်း ကိုယ်တိုင်မကြုံရသေးသော် လည်း VPN ကို ဖျက်သွားတာ၊ ဖုန်းထားခဲ့တာ တွေလုပ်နေကြတယ်လို့ သိရပါတယ်။ စစ်ကောင်စီ ကတော့ လက်ရှိတောင်ကြီးမှာ VPN နဲ့ ပတ်သက်ပြီး စစ်ဆေးဖမ်းဆီးတာ မရှိကြောင်းနဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးလုပ်ငန်းတွေသာ လုပ် နေတယ်လို့ ပြောနေပေမယ့် လူတွေကတော့ VPN ကို အပြင်သွားရင် ဖျက်သွားပြီး ရုံး၊ အိမ်ပြန်ရောက်မှ ပြန်သွင်းကြတယ်လို့ သိရပါတယ်။ တောင်ကြီးမြို့ရဲ့ အထင်ကရနေရာတွေဖြစ်တဲ့ မြင်းရုပ်၊ City Square (Ocean)၊ မြို့မစျေး၊ ဗိုလ်ချုပ်ပန်းခြံတွေမှာ ဇွန် ၁၃ ရက်နေ့ နေ့လည်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ယာဉ်ထိန်းတပ်ဖွဲ့က ယာဉ်စစ်ဆေးရင်း VPN တွေ့ရှိသူတွေကို ငွေကျပ် ၅ သောင်းထပ်မနည်း ဒဏ်ရိုက်ခဲ့တဲ့အပြင် တချို့လူတွေကို ဆိုင်ကယ်သိမ်းဆည်းခဲ့တယ်လို့ သိရပါယ်။

၂၉။ ကန်ပိုက်တီ နယ်စပ်လမ်း ဖွင့်ပြီးတစ်ရက်အကြာမှာ စစ်ကောင်စီ ပြန်ပိတ်
 June 18, 2024
ကချင်ပြည်နယ်က တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်တဲ့ ၀ိုင်းမော်-ကန်ပိုက်တီလမ်းကို ဇွန်လ ၁၇ ရက်နေ့ မှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ပြန်ဖွင့်ပေးခဲ့ပေမဲ့ ဇွန်လ ၁၈ ရက် ဒီနေ့မနက်မှာတော့ စစ်ကောင်စီတပ်က ပြန်ပိတ်လိုက်တဲ့အတွက် ကားအစီးရေ လေးရာခန့် ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကန်ပိုက်တီမြို့နဲ့ ဆယ်မိုင် အကွာ ဝေါ့ခရုန်း (Waw Hkyung) ရွာနေရာကနေ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေက ပြန်ပိတ်လိုက်တာလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။“မနေ့ကညနေ ၃ နာရီလောက် လမ်းဖွင့်ပေးတာ။ ဒီနေ့က ဝေါ့ခရုန်းမှာ စစ်ကောင်စီက ပြန်ပိတ်လိုက် ပြီ။ အထက်က ပိတ်ခိုင်းတယ်လို့ ပြောတယ်။ မနေ့ကတော့ ကားသေးတွေပဲ ဆင်းနိုင်သေးတာ ကားကြီးတွေက အကုန်ကျန်နေ သေးတယ်။ အကုန်လုံး လေးရာကျော်လောက်တော့ရှိတယ်” ပိတ်မိနေတဲ့ ကားအများစုက စက်သုံးဆီသယ်ယူပို့ဆောင်တဲ့ ကား တွေလို့ သူက ဆိုပါတယ်။

၀ိုင်းမော်-ကန်ပိုက်တီလမ်းပိုင်းက ဆဒုံးဗျူဟာကုန်းနဲ့ စစ်ကောင်စီတပ်စခန်းတွေကို ဇွန်လ ၁၁ ရက်နေ့မှာ KIA က တိုက် ခိုက်သိမ်းပိုက်ပြီးနောက် အဲဒီရက်ကစလို့ ကားလမ်းတွေ စပိတ်ခဲ့တာ ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနရဲ့ စာရင်းတွေမှာတော့ ၂၀၂၄ နှစ်ဆန်းပိုင်းကနေ ဧပြီလထိ ကန်ပိုက်တီကုန်သွယ်ရေးစခန်းကနေ ကုန်သွယ် မှုတန်ဖိုး အမေရိကန် ဒေါ်လာ ၅၂ သန်းကျော်ရှိတယ်လို့ ဖော်ပြထားပါတယ်။ တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးမြို့ဖြစ်တဲ့ ကချင်ပြည်နယ် မိုးမောက်မြို့နယ်က လွယ်ဂျယ်မြို့ကိုလည်း ဧပြီ ၉ ရက်နေ့မှာ KIA က တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။ Readnifull

၃၀။ ဖရူဆိုမြို့နယ်မှာ အထက်တန်းကျောင်း ၃ ကျောင်း တိုးလာပြီး ဘာသာရပ်သင်ကြားမယ့် ဆရာ၊ ဆရာမ လိုအပ်နေ
 June 18, 2024
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အတွင်းမှာ ယခုနှစ် ကိုယ်ထူကိုယ်ထ အထက်တန်းကျောင်း ၃ ကျောင်း အထိတိုးလာပြီး အထက်တန်း ဘာသာရပ် သင်ကြားမယ့် ကျွမ်းကျင် ဆရာ၊ ဆရာမ လိုအပ်နေတယ်လို့ ဖရူဆိုမြို့နယ် ပညာရေးဘုတ်အဖွဲ့ တာဝန်ခံတစ်ဦးက ပြောပါတယ်။ “အထက်တန်း ခါကျတော့လည်း တကယ့်ကို  စနစ်သစ်ဖြစ်တဲ့ခါကျတော့  အထက် တန်းပြ CDM ဆရာ ၊ ဆရာမတွေကလည်း ဖရူဆိုမှာ ရှားနေတော့ ဆရာရဲ့လိုအပ်ချက်က ပထမ စိန်ခေါ်မှုဖြစ်လာတယ်ပေါ့၊”လို့  သူက ဆိုပါတယ်။ လက်ရှိမှာတော့ တခြားဒေသ၊ မြို့နယ်တွေကနေ ရွေ့ပြောင်းလာတဲ့ အထက်တန်းအဆင့် ကျောင်းသူ၊ ကျောင်းသား ၁၀၀ နီးပါးရှိ နေတယ်လို့ ဆိုပါတယ်။ လတ်တလောမှာတော့ စာသင်ကျောင်းဆောင် ရှိနေပေမယ့် ဘာသာရပ်သင်ကြားမယ့် ဆရာ၊ ဆရာမ လိုအပ်နေသလို ဖတ်စာအုပ်တွေလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။ အထက်တန်းအဆင့် ကျောင်းဆရာ၊ ဆရာမ လိုအပ်ချက် နဲ့ ပတ်သက်ပြီး ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ထံ တင်ပြထားပေမယ့် တစ်စုံတစ်ရာ အကြောင်းပြန်တာ မရှိသေးဘူးလို့ ဆိုပါတယ်။ အထက်တန်းအဆင့်ကို သင်ကြားမယ့် ဆရာ၊ ဆရာမတွေရဲ့ စွမ်းရည်မြှင့်တင်ရေး အပိုင်းလည်း လိုအပ်နေဆဲပဲလို့ အဆိုပါ တာဝန်ခံက ဆက်ပြောပါတယ်။

ကရင်နီပြည်တွင်းက ကိုယ်ထူကိုယ်ထစာသင်ကျောင်းတွေမှာ ကျောင်းဆရာ၊ဆရာမ လိုအပ်ချက်နဲ့ပတ်သက်ပြီး လိုအပ် နေတဲ့ ဆရာ၊ ဆရာမဦးရေကို အမြန်ဆုံး ရှာဖွေပြီး ခန့်အပ်သွားဖို့ ရှိတယ်လို့ IEC ပညာရေးဌာန၊ ဌာနမှူးကြီး မော်မိမာ က ဖြေကြားထားပါတယ်။“ဝေးလံခေါင်ဖျားတဲ့ ဒေသမှာဆိုလို့ရှိရင် ၊ စစ်ရှောင်ဒေသတချို့မှာဆိုလို့ရှိရင် ဆရာ၊ ဆရာမ ဦးရေ မလုံ လောက်သေးဘူး။ ဆိုတော့ ဆရာ၊ ဆရာမဦးရေတွေလည်း ကျမတို့ အမြန်ဆုံး ရှာဖွေပြီးတော့မှ ခန့်အပ်သွားဖို့ ရှိတယ်ပေါ့။ အခု က အများစုက Volunteer လူထုခန့် ဆရာ၊ ဆရာမတွေ ပိုများတယ်။ CDM ဆရာ၊ ဆရာမတွေလည်း တချို့ရှိတယ်။ ဒါပေမယ့် အများစုက Volunteer ဆရာ၊ ဆရာမတွေ ဖြစ်တော့ Volunteerဆရာ၊ ဆရာမတွေက သူတို့ ထိထိရောက်ရောက် သင်ကြားနိုင် ဖို့အတွက်က သူတို့အတွက် သင်တန်းတွေ အမြန်ဆောင်ရွက်ပေးဖို့ လိုအပ်တယ်။ ဘာသာရပ်ဆိုင်ရာ သင်တန်းတွေ၊ သင်ကြား ရေးဆိုင်ရာ သင်တန်းတွေလည်းအများကြီး ဆောင်ရွက်ပေးဖို့လိုအပ်နေပါသေးတယ်ပေါ့။” လို့ မော်မိမာက ပြောပါတယ်။ ဖရူဆိုမြို့နယ်အတွင်း ယခင်နှစ် ကိုယ်ထူကိုယ်ထ အထက်တန်းကျောင်း ၁၁ ကျောင်းရှိပြီး ယခုနှစ်မှာတော့ ၃ ကျောင်းထပ်တိုး လာတာကြောင့် ၁၄ ကျောင်းအထိရှိနေပြီး ကျောင်းသူကျောင်းသားဦးရေ ၉၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။ Readnifull

၃၁။ မြဝတီမြို့ကိုပေးထားတဲ့ ထိုင်း ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်
 June 18, 2024
ကရင်ပြည်နယ် မြဝတီမြို့ဘက်ကို ထိုင်းနိုင်ငံက ပေးထားတဲ့ မိုဘိုင်းဖုန်းလိုင်းတွေ ဖြတ်လိုက်တာကြောင့် မြဝတီဒေသခံ တွေ အခက်အခဲဖြစ်နေကြပါတယ်။ ထိုင်းနိုင်ငံဘက်မှာရှိတဲ့ တာဝါတိုင်တွေကနေ ပေးနေတဲ့ ဖုန်းလိုင်းကို ဇွန်လ ၁၃ ရက်နေ့ က စပြီး ဖြတ်လိုက်တာကြောင့် မြဝတီမြို့ခံတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ မြဝတီချစ်ကြည်ရေးတံတား အမှတ် ၁ အနီးက ထိုင်း ဖုန်းလိုင်းမိတဲ့နေရာကို သွားရောက်သုံးနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြဝတီမြို့ခံ စီးပွားရေးလုပ်ငန်းရှင် တစ်ဦး က ပြောပါတယ်။ “ထိုင်းလိုင်းတွေ ကျားဖျန့်ကိစ္စတို့ VPN ကိစ္စတို့ ကြောင့် ပိတ်ခံရတယ်ထင်တာပဲ။ မြန်မာဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းကတော့ ဧပြီလထဲက မရတာ။ မြဝတီက ထိုင်းကဒ်ကို သုံးချင်တယ်ဆိုရင်ကမ်းနားပေါ့ (River View) တို့ ဘာတို့လာမှသုံးလို့ရတယ်။ ထိုင်းဆင်းမ်ကတ် (Simcard)တွေကလည်း တည်နေရာ (Location) နဲ့ ပိတ်ထားတယ် ထင်တယ်။ အခုဒါ ကမ်းနားမှာလာသုံးရင်းနဲ့ စာဝင်လို့ (message) ပြောလို့ရတာ၊ အိမ်ပြန်ရောက်သွားရင် လိုင်းမရှိဘူး” မြဝတီမြို့မှာ ပြီးခဲ့တဲ့ ဧပြီလကတည်းက မြန်မာဖုန်းလိုင်း၊ အင်တာနက်၊ ဝိုင်ဖိုင်လိုင်းတွေ ပြတ်တောက်နေရာက အခုထပ်ပြီး၊ ထိုင်းဖုန်းလိုင်းတွေပါ ဖြတ်တောက်လိုက်လို့ မြို့တွင်းမြို့ပြင်နေရာတွေ လိုင်းမမိတော့တာမျိုး ကြုံတွေ့နေရတာပါ။

အခုလို ဖုန်း၊ အင်တာနက်လိုင်းတွေ ပြတ်နေလို့ မြဝတီမြို့ကလူတွေ မဲဆောက်ဘက်အခြမ်းက ထိုင်းဖုန်း တာဝါတိုင် တွေနဲ့နီးတဲ့ သောင်ရင်းမြစ်ဘေးနား လမ်းသွယ်တွေထဲက လိုင်းမိတဲ့ နေရာတွေမှာ၊ ကားတွေ၊ ဆိုင်ကယ်တွေရပ်ပြီး သုံးတဲ့သူ ရှိ သလို၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်တွေမှာ လာထိုင်ပြီး၊ အရောင်းအဝယ်ကိစ္စ၊ လူမှုဆက်သွယ်ရေးကိစ္စတွေ လာပြီးလုပ် နေကြရတယ်လို့ မြဝတီမြို့ခံတွေက ပြောပါတယ်။ “အဆင်မပြေလို့ ယိုးဒယား ဆင်းမ်ကတ်နဲ့ လာသုံးနေတာပါ။ ဒီနားမှာ ကုန် သည်ကြီးများရုံး အရှေ့ဘက်မှာကားရပ်ပြီးသုံးရတာ။ အဲဒီဘေးနားမှာ လာသုံးနေတဲ့ကားတွေအများကြီးပဲ အင်တာနက် လာသုံး နေကြတဲ့သူတွေ ထိုင်းဆင်းမ်ကတ်လေးတွေနဲ့ အင်တာနက်လာသုံးနေကြတာ။ အခု လတ်တလောမှာ ထိုင်း-မြန်မာနယ်စပ် ချင်းထိစပ်နေတဲ့ မြဝတီမြို့နယ်အတွင်းက မြို့ပေါ် ရပ်ကွက်နေရာတွေ အပါအဝင် ရွှေကုက္ကိုလ်၊ ကျောက်ခက်၊ မယ်ထော်သလေး ကျေးရွာတွေဘက်အထိ ထိုင်း လျှပ်စစ်မီးနဲ့ ထိုင်းဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ မရတာမျိုး ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ Readnifull

၃၂။ အင်းတော်ကြီးဒေသမှာ ငှက်ဖျားရောဂါ အဖြစ်များနေပြီး ဆေးဝါးရရှိဖို့ ခက်ခဲနေ
 June 18, 2024
မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသအတွင်းက ကျေးရွာတွေမှာ ငှက်ဖျားရောဂါ အဖြစ်များနေပြီး ဆေးဝါးရရှိဖို့ ခက်ခဲနေ တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မေလကုန်ပိုင်းလောက်ကနေ အခုလအတွင်း ငှက်ဖျား အဖြစ်များလာတာဖြစ်ပြီး ငှက်ဖျား ပိုးစစ်ဆေးတွေ့ရှိပေမဲ့ ဆေးဝါးကို လိုအပ်သလောက်မရတာကြောင့် အခက်အခဲ ဖြစ်နေတယ်လို့ အင်းတော်ကြီးဒေသခံ တစ်ဦး က ပြောပါတယ်။ ” အိမ်မှာ သုံးယောက်ရှိရင် နှစ်ယောက်က ဖြစ်တဲ့ အနေအထားပေါ့။ ရောဂါကတွေ့ပြီး တိုက်ဖို့ဆေးက ဝယ်ရဖို့ ခက်နေတာ။ မိုးညှင်းကို ဆေးမှာလည်း ရှိမနေဘူး။ ဝယ်မယ်ဆိုလည်း ဆေးလုံလုံလောက်လောက် မရတာပေါ့။” လို့ ဒေသခံက ဆိုပါတယ်။ အရင်နှစ်တွေက အင်းတော်ကြီးဒေသမှာ ငှက်ဖျားဖြစ်ပွားတာ သိပ်မရှိခဲ့ပေမဲ့ ဒီနှစ်မှာတော့ အင်းတော်ကြီးဒေသက ညောင်ပင်၊ ဟွေလုံ၊ နန့်မီးလောင်၊ ချောင်းဝ စတဲ့ ကျေးရွာတွေဘက်မှာလည်း အဖြစ်များနေတာလို့ ဆိုပါတယ်။ ကျေးလက် ဆေး ပေးခန်းနဲ့ ကျန်းမာရေးဝန်ထမ်းမရှိတဲ့ တချို့ကျေးရွာတွေမှာဆိုရင် တခြား နေရာဘက် သွားရောက်ကုသဖို့ မတတ်နိုင်တဲ့ မိသားစု တွေ ရှိတာကြောင့် အခက်အခဲတွေ ကြုံနေရတယ်လို့လည်း ဒေသခံက ပြောပါတယ်။

အင်းတော်ကြီးဒေသတစ်ခွင် ရွှေတူးဖော်တဲ့ နေရာတွေတဝိုက်မှာ အသည်းငှက်ဖျားပိုး P.V အဖြစ်များတာကိုတွေ့ရပြီး ဦးနှောက်ထဲဝင်တဲ့ P.F ငှက်ဖျားပိုး ဖြစ်ပွားတာလည်း ရှိတယ်လို့ နောက်ထပ် အင်းတော်ကြီး ဒေသခံတစ်ဦးကလည်း ပြောပါ တယ်။ “ဒီဘက်မှာ ရွှေမှော်တွေလည်းရှိတယ်။ တောတွေနဲ့ဆိုတော့ အဲဘက်ကတွေ ပိုပြီး အဖြစ်များ နေကြတာ။ ဆေးဝါးက မရှိ ဘူး။ အပြင်ကနေပဲ ဝယ်နေရတာ။ P.F ပိုးဆိုရင် ဆေးကလည်း ရှာရတာ ခက်တယ်။” လို့ ဆိုပါတယ်။ ကျေးလက်ကျန်းမာရေး ဌာနတွေမှာ ငှက်ဖျားနဲ့ ပတ်သက်တဲ့ ဆေးဝါးတွေ လုံလောက်မှု မရှိတာကြောင့် ပြင်ပကဆေးဝါးတွေ ဝယ်ယူကုသနေရပြီး ကလေး၊ လူကြီးတွေသာမက ကိုယ်ဝန်ဆောင်မိခင်တွေလည်း ငှက်ဖျားဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။  အသည်းငှက်ဖျားပိုး P.V အတွက် လိုအပ်တဲ့ ဆေးဝါးကို ပြင်ပဆေးဆိုင်တွေမှာ ဝယ်ယူနိုင်ပေမဲ့ ဦးနှောက်ငှက်ဖျားပိုး P.F အတွက်တော့ ဆေးဝါးရရှိဖို့ ခက်ခဲသလို ငှက်ဖျားနဲ့ ပတ်သက်တဲ့ ဆေးဝါးတွေလည်း ဈေးမြင့်တက်နေတယ်လို့ သိရပါတယ်။  Readnifull
၃၃။ AA အရေးပေါ်ကြေညာပြီးနောက် မောင်တောမြို့တွင်းမှာ လူနှစ်သောင်းခန့် ပိတ်မိနေ
 June 18, 2024
ရခိုင်ပြည်နယ်၊ မောင်တောမြို့ပေါ်နဲ့ မြို့ပတ်ဝန်းကျင်မှာ ကျန်ရှိနေတဲ့ စစ်ကောင်စီ စခန်းတွေအားလုံးကို ထိုးစစ်ဆင် တိုက်ခိုက်တော့မှာဖြစ်လို့ မြို့ခံတွေ မြို့ကနေ အမြန်ဆုံးထွက်ခွာကြဖို့ ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) က ဇွန်လ ၁၆ ရက်နေ့ က အရေးပေါ်ကြေညာချက် ထုတ်ပြန်ပါတယ်။ ရက္ခိုင့်တပ်တော် (AA) က မောင်တောမြို့နယ်မှာရှိတဲ့ စစ်ကောင်စီ တပ်စခန်း အားလုံးနီးပါးကို သိမ်းပိုက်ထားပြီး ဖြစ်သလို မြို့ပေါ်နဲ့ မြို့ပတ်ဝန်းကျင်မှာရှိတဲ့ လက်ကျန်စခန်းအားလုံးကိုလည်း ဝိုင်းရံပိတ်ဆို့ ဖြတ်တောက်ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။ “သူတို့က မောင်တောမြို့ကို ကာကွယ်ဖို့အတွက် လူသားဒိုင်းကာလုပ်ဖို့ ထွက်သွား ခွင့်မပေးတာ” စစ်ကောင်စီဟာ မောင်တောမြို့ကို သူတို့ရဲ့ စစ်စခန်းလို အသုံး ပြုနေပြီး AA ကလည်း မြို့ပြစစ်ဆင်ရေးလုပ်ဖို့ ကြိုတင်ပြင်ဆင်ထားတာ ကာလအတန်ကြာမြင့်ခဲ့ပြီလို့လည်း AA က ပြောပါတယ်။ ဒါကြောင့် ထိုးစစ်ဆင် တိုက်ခိုက်ရာမှာ မြို့ခံ တွေအနေနဲ့ စစ်ကောင်စီစခန်း အခြေချရာနေရာ၊ တိုက်တာအဆောက်အအုံတွေမှာ အတူပူးတွဲမနေထိုင်ကြဖို့လည်း ထုတ်ပြန် ချက်မှာ သတိပေးထားပါတယ်။

လက်ရှိမှာတော့ မောင်တောမြို့အဝင်အထွက် အားလုံးကို စစ်ကောင်စီတပ်ဟာ ပိတ်ဆို့ထားတာကြောင့် ဒေသခံတွေ ဟာ ထွက်ခွာလို့မရဘဲ ပိတ်မိနေကြတယ်လို့ မြို့ပေါ်မှာ ပိတ်မိနေတဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။“အခု ကျွန်တော် မောင်တော မြို့မှာ ပိတ်မိနေတာ တစ်လလောက်ရှိပါပြီ။ ကျွန်တော်လည်း ထွက်ဖို့အတွက် ထွက်လမ်းတွေကို ကြိုးစားနေတာပါ။ ထွက်လမ်း တွေက တစ်လမ်းမှ မရှိတော့ပါဘူး။ ထွက်လမ်းတွေ အားလုံးကို စစ်ကောင်စီတပ်က ပိတ်ဆို့ထားတာဖြစ်ပါတယ်။ မြို့ပတ်ပတ် လည်ကို ပိတ်ထားတာပဲ။ သူတို့ မရှိတဲ့နေရာဆိုရင် မရှိသလောက်ပဲ။ သူတို့က မောင်တောမြို့ကို ကာကွယ်ဖို့အတွက် လူသားဒိုင်း ကာလုပ်ဖို့ ထွက်သွားခွင့်မပေးတာ” မောင်တောမြို့ပေါ်မှာ ရခိုင်၊ ဟိန္ဒူနဲ့ ရိုဟင်ဂျာ လူနှစ်သောင်းခန့်ပိတ်မိနေတာဖြစ်ပြီး အများ စုကတော့ ရိုဟင်ဂျာတွေဖြစ်တယ်လို့ ဆိုပါတယ်။ ရခိုင်တိုင်းရင်းသား အများစုကတော့ မောင်တောမြို့နယ်မှာ တိုက်ပွဲပြင်းထန် ကတည်းက အိုးအိမ်စွန့်ခွာ ထွက်ပြေးသွားတာရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ အလားတူ ငွေကြေးချမ်းသာတဲ့ ရိုဟင်ဂျာတချို့ကလည်း စစ်ကောင်စီတပ်ကို ငွေကြေးပေးပြီး စစ်တွေနဲ့ ရန်ကုန်ဘက်တွေကို ယခင်ကတည်းက ထွက်ခွာတာ တွေ ရှိပြီး လက်ရှိမှာတော့ မြို့ပေါ်မှာ ငွေကြေးခက်ခဲသူတွေပဲ ကျန်ရှိနေတာလို့ ဆိုပါတယ်။ AA အဖွဲ့ရဲ့ ထုတ်ပြန်ချက်ကြောင့် မြို့ပေါ်မှာကျန်ရှိသူ အများစုကလည်း ထွက်ပြေးချင်ကြပေမယ့် စစ်ကောင်စီတပ်က ထွက်ပေါက်တွေအားလုံးကို ပိတ်ဆို့ထား တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရိုဟင်ဂျာ တစ်ဦးက ပြောပါတယ်။ Readnifull

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button