အတွေးအမြင်

လေသံပစ်ရွေးကောက်ပွဲ 

လေသံပစ် ရွေးကောက်ပွဲ 

၀င်းမျိုးသူ

ဇွန်လ ၁၅ ရက်နေ့ မိတ္ထီလာမှာလုပ်တဲ့ အစည်းအဝေးတခုမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၅ ခုနှစ် အတွင်း ရွေးကောက်ပွဲ လုပ်မယ်လို့ ထုတ်ပြောလာတဲ့ သတင်းဗီဒီယိုတခု ယူကျု့မှာ အမှတ်မထင် ကြည့်လိုက်ရပါတယ်။ ၂၀၂၅ ခုနှစ် ဘယ်လ ဘယ်အချိန်မှာ လုပ်မယ်လို့တော့သဲသဲကွဲကွဲမပြောပေမဲ့ ထုံးစံအတိုင်းမိုးအကုန် ဆောင်းအဝင်မှာ လုပ်မယ်လို့ရည်ရွယ်ပုံရပါတယ်။

စကစ ရဲ့ ရွေးကောက်ပွဲကို အတိုက်အခံနဲ့ ပြည်သူအများက လက်မခံသလို ဒီလောက်နယ်မြေတွေဆုံးရှုံးနေတာ ရွေးကောက်ပွဲကောလုပ်နိုင်မှာလားလို့ ပျက်ရည်ပြုကြမှာအသေအချာပဲ။ သို့သော် ရွေးကောက်ပွဲ ဘယ်အချိန်မှာလုပ်မယ်လို့ ထုတ်ပြောလိုက်တာဟာ နိုင်ငံတကာ အဖွဲ့စည်းတွေနဲ့ မြန်မာ့အရေး ထဲထဲပါပါ လုပ်ဆောင်နေတဲ့ နိုင်ငံတွေ အထူးသဖြင့် တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ အမေရိကန် တို့ အနေနဲ့ အထူးအလေးထား နားပိုစွန့်ကြမယ်ထင်ပါတယ်။

ကျင်းပမယ်ပြောတဲ့ ရွေးကောက်ပွဲဟာ တရားမျှတမှုရှိမယ်၊ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်မယ်လို့ ဘယ်သူမှ လက်ခံထားကြမှာမဟုတ်ပါဘူး၊ သို့သော် အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို လက်ခံပါမယ်လို့ လေသံပစ်ထားပေမဲ့ လိုက်နာမှု တစုံတရာ မရှိတဲ့ စကစ အနေနဲ့ ရွေးကောက်ပွဲဟာ နိုင်ငံရေး အကြပ်အတည်းက ရုန်းထွက်လိုတဲ့ ထွက်ပေါက်တခုအဖြစ် ကြိုးပမ်းနေတယ်ဆိုတာကို ပေးထားချက် တရပ် exist strategy အနေနဲ့ ဒီနိုင်ငံတွေက လက်ခံထားပုံရပါတယ်။

အရင်တုံးကတော့ ရွေးကောက်ပွဲဟာ အလုံးစုံနိုင်ငံရေးအာဏာအကြွင်းမဲ့ရယူကာ နန်းတက်ရေးရည်မှန်းချက် political power consolidation process ဖြစ်ကောင်းဖြစ်ပေမဲ့ ခုနေခါမှာတော့ ငါလက်က ကျွတ်ပြွတ်ဆိုသလိုပဲ လက်ရှိ အာဆီယံတောင်းဆိုချက်ကိုတော့ ငါတို့အနေနဲ့လိုက်မလုပ်နိုင်ဘူး နောင်ရွေးကောက်ပွဲကတက်လာတဲ့ အစိုးရက လုပ်ချင်လုပ် မလုပ်ချင်နေပုံစံနဲ့ political twist နိုင်ငံရေးမလိမ့်တပတ်လုပ်ကာ ရှောင်ထွက်ချင်ပုံရတယ်လို့ သုံးသပ်နိုင်ပါတယ်။

ဒါကြောင့်မို့လို့ ရွေးကောက်ပွဲဟာ လုပ်နိုင်တဲ့မြို့နယ်အချို့မှာ မည်ကာမတ်တတ် လုပ်ကာ ဖားတပိုင်းငါးတပိုင်း ရွေးကောက်ခံ ပွဲတက် ရုပ်သေး အစိုးရ အဖွဲ့ တခုပေါ်ထွက်လာရေးကို အဓိကထား ဦးတည် ပုံရပါတယ်။ ကိုယ်တိုင် ရုပ်သေးအစိုးရမှာ မင်းသားကြီးအဖြစ် ဝင်ဆက်ကမှာလား မကဘူးလားက ရွေးကောက်ပွဲရလဒ်အပေါ်မှာပဲ မူတည်ပါလိမ့်မယ်။

ဘယ်လိုအကြံအရွယ်စိတ်ကူးနဲ့ပဲလုပ်လုပ် ရွေးကောက်ပွဲအချိန် လေသံပစ် လိုက်တာဟာ တရုတ်နိုင်ငံရဲ့ ဖေးမမှုကို အများကြီး ရစေ နိုင်မယ်လို့ သုံးသပ်မိပါတယ်။ စစ်အရှိန်မြင့်လာဘို့ တာဆူနေတဲ့ မြောက်ပိုင်းမှာ တရုတ်ရဲ့ အထိန်းအထေ ပိုအားကောင်းလာရေးကို မျှော်မှန်းပုံရပါတယ်။ နိုင်ငံတကာ သံတမာန်ရေးဖိအားကိုလည်း ထပ်တက်မလာရေးအတွက်လည်း လေသံပစ်ပုံရပါတယ်။

အမေရိကန်ရဲ့ လိုလားချက်က မြန်မာနိုင်ငံအတွင်းသူတလူငါတမင်း ဖြစ်နေတာထက် အနည်းဆုံးရုပ်သေးအစိုးရ ရှိတာက တရုတ်တပ်တွေ ပြည်တွင်းဝင်တပ်စွဲနေတာထက် ပိုကောင်းတယ်လို့ ခံယူထားပုံရပါတယ်။

ဒါကြောင့် အမေရိကန်အတွက် ရွေးကောက်ပွဲ လက်ခံတာလက်မခံတာက လူထုအပိုင်း အရေးကြီးတာက ဖမ်းဆီးထားတဲ့ ခေါင်းဆောင်တွေ ပြန်လွှတ်ပေးရေးနဲ့ ရွေးကောက်ပွဲမှာ ပါဝင်ခွင့်ပေးရေးတို့ကိုသာ အဓိကအလေးထား bargaining chip အနေနဲ့ စကစ ကို ညှိုနှိုင်းနေပုံရပါတယ်။

တရုတ်အတွက်ကတော့ ပြန်မပြောနားမထောင်ဖြစ်နေတဲ့စကစထက် သူ့ဩဇာကို မလွန်ဆန်နိုင်တဲ့ ပိုပြီးနားထောင်ကောင်းနားထောင်မဲ့ ထိပ်ပိုင်းအာဏာအပြောင်းအလဲနှင့် စကစ အာဏာလက်သီးစုတ် ဖြေလျှော့တာကို လိုလားတာမို့ လေသံပစ်တဲ့ရွေးကောက်ပွဲ အမှီပြုတဲ့ တရုတ်မြန်မာဆက်ဆံရေးလမ်းကြောင်းကို ပိုမိုပီပြင်အောင်ဖော်ဆောင်လာမဲ့သဘောရှိပါတယ်။ အာဆီယံကတော့ တရုတ်နဲ့အမေရိကန် သဘောအတိုင်း အသံထွက်မှာဖြစ်ပြီး အိန္ဒိယအနေနဲ့ကလည်း တရုတ်အပြည့်အဝ မစိုးမိုးနိုင်တဲ့ မြန်မာပြည်အနေအထားကို လက်ခံမဲ့သဘောပါပဲ။

တော်လှန်ရေး လုပ်နေတဲ့သူတွေကတော့ သူတို့ချမှတ်ပြီးသား လမ်းစဉ်အတိုင်း ဆက်ချီတက်မှာဖြစ်ပြီး ရွေးကောက်ပွဲကို တတ်နိုင်သမျှ မကျင်းပနိုင်အောင် တားဆီးကြမှာဖြစ်ပါတယ်။ ဘယ်လောက်ထိ တားဆီးနိုင်မလဲက လူထုက ငွေကြေး အထောက်အပံ ဘယ်လောက်ဆက်လုပ်နိုင်မလဲ အပေါ်မူတည်ပါလိမ့်မယ်။

ဒီလို တားဆီးမှုတွေ ပြင်းပြင်းထန်ထန်လုပ်ရင်းကနေ ထမင်းရည်ပူလောင်တဲ့ အဖြစ်မျိုးတွေနဲ့လည်းကြုံတွေ့ကာ ကိုယ့်ရှုးကိုယ်ပတ်မိနိုင်စရာတွေ ရှိနိုင်ပါတယ်။ အမှန်ကနေ အမှားဖြစ်ကာ လမ်းကြောင်းမလွဲရအောင် ခံစားချက်မလွန်ကဲဘို့ အစွန်းမရောက်ဘို့လည်း သတိပြုဆင်ခြင် ထိန်းကြောင်းမှုတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။

စိတ်ဝင်စားစရာကောင်းတာကတော့ လက်ရှိစစ်ရေးအားသာမှုရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ တရုတ်နဲ့ မကင်းနိုင်တာနှင့်အမျှ တရုတ်ဆန္ဒနှင့် အလိုက်အထိုက် ဆက်ဆံလိုက်လျော ဆောင်ရွက်နေကြသော်လည်း တရုတ်ကလည်း အဆိုပါအဖွဲ့တွေကို ၁၀၀% မထိန်းချုပ်နိုင်တာမို့ လွတ်ထွက်သွားနိုင်တဲ့ political slippage နိုင်ငံရေးခြေချော်မှုတွေ ရှိနိုင်ပါတယ်။

လားရှိုး ကျောက်မဲ ကန်ပိုင်တီတို့မှာ စစ်ပွဲတွေမဖြစ်အောင် ထိန်းထားကောင်းထိန်းထားနိုင်ပေမဲ့ စစ်တွေ၊ သံတွဲ၊ အမ်း၊ ဗန်းမော်၊တို့ကျရှုံးသွားတာမျိုးဟာ tipping point လိုမျိုးလဲ ဖြစ်နိုင်ပါတယ်။

တကယ်လို့ အဲ့ဒီမြို့တွေ ကျသွားရင်တော့ နိုင်ငံတကာလေယာဉ်တွေ မဆင်းသက်နိုင်အောင် အကြီးအကျယ် မြို့ပြအဆောက်အအုံတွေ ဖျက်ဆီးတာမျိုးတွေက မလွှဲမရှောင်သာ ကြုံတွေ့နိုင်စရာ ရှိနေနိုင်ပါတယ်။

Related Articles

Back to top button