မြန်မာနိုင်ငံသားအတွက် တရားဝင်စစ်ဘေးဒုက္ခသည် (Refugee) ဖြစ်ရေးပါ ဘဝတွေ ပေးဆပ်ဖို့ လိုနေတာပါလား?
ရေးသူ – ဆလိုင်း ဒိုခါရ်
မနက်နိုးထတာနဲ့ ဖုန်းထဲက Application တစ်ခုပြီးတစ်ခု ဖွင့်ကြည့်နေရင်း World Refugee Day ဆိုတဲ့ စာသားပါတဲ့ Poster ဓာတ်ပုံလေးတွေနဲ့ ငါတို့မကြာခင် ဒါလေးတွေကို အသုံးပြုပြီး လှုပ်ရှားမှုလုပ်ကြမလား ရဲဘော်တို့ ဆိုတဲ့ စာသားလေး Signal Group တစ်ခုမှာ ဝင်လာတယ်။
အို့ဆိုပြီး ပုံလေးတွေ တစ်ခုပြီးတစ်ခု ကြည့်တော့ အာဏာသိမ်းခါစက လမ်းမပေါ်ထွက်ကာ အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြ “အလိုမရှိ” သီချင်း ဝိုင်းဆိုကြပြီး မန္တလေးမြို့လယ် ကားလမ်းမပေါ်မှာ တစ်နေရာမှာ We Want Federal Democracy ဆိုတဲ့ စာသားရေးရင်း ရေးနေတဲ့ စာကြောင်းမပြီးခင် မိတ်ဆွေတချို့နဲ့ အဖမ်းခံခဲ့ကာ အိုးဘိုထောင် အပို့ခံလိုက်ရတဲ့ အဖြစ်အပျက်ကို ပြန်သတိရမိတယ်။
အော် ကျနော် Poster ကိုပြီး ငြိမ်းချမ်းစွာ ဆန္ဒဖော် ထုတ်တာတောင် မလုပ်ရတော့တာ ကြာပြီဘဲ ဆိုပြီး တွေးရင်းနဲ့ နောက်ဆုံး အိန္ဒိယနိုင်ငံ သီရီလင်္ကာသံရုံးရှိမှာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ရင်း ညီငယ်တွေနဲ့ ဒေလီရဲတပ်ဖွဲ့က ဖမ်းဆီးကတည်းက ငြိမ်းချမ်းစွာ ဆန္ဒပြတာတောင် မြန်မာမှာရော၊ အိန္ဒိယမှာ အပိတ်ခံတာရော၊ မလုံခြုံတော့တာတွေကြောင့် မလုပ်တာကြာသွားပြီဆိုကာ နောက်ကြောင်းပြန် တွေးရင်း စိတ်မကောင်း ဖြစ်စရာ အတွေးတွေ အပုံလိုက် ဆက်လာပါတယ်။
တခါ New Delhi ကို အသစ်ရောက်လာတဲ့ လူကြီးတစ်ယောက် လူကြီးရောဂါနဲ့ ဆုံးသွားတာ Refugee Card မရလို့ အလောင်းမြှုပ်ဖို့ အုတ်ဂူဝယ်ခွင့်မပေးတာမို့ အချိန်အကြာကြီး ဆေးရုံမှာ အထားခံရတဲ့ အကြောင်းကို ပြောပြလို့ မျက်ရည်ကျနေတဲ့ သူငယ်ချင်းတစ်ယောက် ပြောစကားကို သတိရ မိတယ်။
အိန္ဒိယမှာ မြန်မာ နိုင်ငံသားတွေ Refugee Card ရဖို့ ဘာဖြစ်လို့ ဒီလောက်တောင်ခက်ရတာလဲ ငါတို့တိုင်းပြည်ရဲ့ အခြေအနေကို မသိကြတာလား ဆိုပြီး ဒေါသထွက်နေခဲ့တာကို ပေါ့။ ဒါပေမယ့် Refugee Card ကိုသာ UNHCR က မထုတ်ပေးတာ အမှန်ကတော့ လက်ရှိ မြန်မာနိုင်ငံသားတွေဟာ အရှင်လတ်လတ် ငရဲကျတယ်လို့ကို ခေါ်ရမယ့် လူတွေမ ဟုတ်ပါလား။
အဲ့လို အတွေးထဲဝင်တော့ ဒေါသထွက်လာသလိုဖြစ်ပြီး World Refugee Day ဆိုပြီး Google မှာ ရှာရင်း ဓတ်ပုံတွေလိုက်ကြည့်ရင်းနဲ့ အော်တို့မြန်မာနိုင်ငံသားတွေဟာ ပြည်တွင်းမှာ တို့ရိုးရာပွဲတွေ၊ နိုင်ငံတော်အဆင့် အခမ်းအနားတွေ၊ ကမ္ဘာ့အဆင့် နေ့ထူးနေ့မြတ်တွေ အနှစ်သာရရှိရှိ ကျင်းပဖို့ စိတ်ကူးထဲမထည့်နဲ့ World Refugee Day ကိုပင် အနှစ်သာရရှိရှိ ကျင်းပခွင့်မရှိတာ ပါလား ဆိုပြီးပေါ့။
အတွေးကမရပ်နိုင် တခါ မနက်လမ်းလျှောက်ရင်း လမ်းဘေးမှာ စျေးသည်တွေနဲ့ ရှုပ်နေလို့ ခဏ မတ်တပ်ရပ်တဲ့ နေရာနားမှာ အမျိုးသမီး နှစ်ဦး စကားပြောရင်း ကြားလိုက်တဲ့ စိတ်မကောင်းစရာ အဖြစ်ကို ပြန်သတိရပြန်ပါတယ်။
အသက် ၄၀ အရွယ် အဒေါ်တစ်ဦးက ငါလေဒီကိုရောက်တာ သုံးပတ်လောက်ရှိပြီ အရမ်းပူလို့ ကလေးကလည်း မအိပ်ဘဲ ညဆိုဆက်တိုက်ငိုတယ်၊ အိမ်ရှင်ကလည်း ကုလားစကားနဲ့ အမျိုးမျိုးဆူတယ် နားမလည်၊ လေအေးစက်လို့ သူများတွေပြောတာကိုလည်း အိမ်မှာ မထားနိုင်၊ အိမ်ပြန်ဖို့ကလည်း အိမ်မှမရှိတော့တာ ဒီမှာ အလုပ်မရှိ ဝင်ငွေမရှိနဲ့ ဆိုတော့လို့ ပြောပြီး ငိုနေသလားမသိရ မျက်နှာကို ပုဝါလေးနဲ့ သုတ်ကာ တိတ်နေခဲ့တယ်။
အဲ့ဒါကို ဘေးကလူ အသက် ၅၀ အရွယ် အဒေါ်တစ်ဦးက ငါတို့လည်း အဲ့လိုဖြစ်ခဲ့တာ နောက်ဆုံးတော့ ငွေချေးပြီး လေအေးစက် တစ်ခုတပ်လိုက်တယ် မိသားစုဝင် ၈ ဦး အရမ်းပူတဲ့အချိန် ဖွင့်တယ် မီးတာခမပေးနိုင်မှာ စိုးရိမ်ပြီး ပြန်ပိတ်တယ် ပြီးတော့ ညဆို အဲ့ လေအေးစက် ထားတဲ့အခန်းမှာဘဲ အကုန်အိပ်လိုက်တယ်လို့ အကြံပြု အားပေးသွားတဲ့ အသံကိုပေါ့။ (ရာနဲ့ချီတဲ့လူ အပူလှိုင်းကြောင့် ဒေလီမှာ သေဆုံးမှုရှိခဲ့)
အလုပ်လက်မဲ့ကိစ္စပါလာတော့ ဆက်တိုက်ဆိုသလိုဘဲ အတွေးထဲဝင်လာတာက CDM ဝန်ထမ်း အမျိုးသားတစ်ဦး ကလေး သုံးယောက်နှင့် အမျိုးသမီး လူငါးဦး လုံးဝအိမ်ငှားခမပေးနိုင်လို့ အိမ်ရှင်ကမောင်းထုတ်ပြီး UNHCR ရုံးရှေ့မှာ ကော်ဇောတစ်ချပ်၊ စောင်ပါးပါးနှစ်ခု၊ Gas အိုးအသေးတစ်ခုနဲ့ ထမင်းချက်အိုး အသေးတစ်လုံး သောက်ရေဗူးတစ်ဗူးနဲ့ နေထိုင်ကြကာ ဘေးမှာ မိတ်ဆွေကောင်းပမာ နေပေးတဲ့ Afghanistan သား အသက် ၂၄ နှစ်အရွယ်က သူတို့အကြောင်းရှင်းပြ ပေးခဲ့တာကို သတိရမိပြန်တယ်။
ဘာဖြစ်လို့ လဲဆိုတော့ သူတို့အကြောင်းကို သိချင်လို့ အနည်းငယ် စကားပြောကြည့်တာနဲ့ အဖေနှင့် အမေဖြစ်သူတွေက မျက်ရည်တွေကျ မထိန်းနိုင်ဘဲ ငိုကုန်တော့ စကားတောင် မပြောနိုင်ကြလို့ သူတို့နဲ့အတူ လမ်းဘေးမှာ အိပ်တဲ့ Afghanistan သားလေးက သူတို့နဲ့ ကျနော်အတူ ထမင်းချက်စားတယ် သူတို့အကြောင်းသိတယ်ဆိုပြီး ရှင်းပြတာပါ။
ဒီလိုနဲ့ဘဲ အလုပ်အကိုင်မရှိ UNHCR ကလည်းမထောက်ပံ့၊ အလုပ်အကိုင်ကလည်းမရှိ၊ Refugee အသိအမှတ်ပြုတဲ့ ကဒ်လည်း မပေးဘဲ ထားတဲ့ အိန္ဒိယနိုင်ငံ UNHCR ရုံးရှိရာ မိုင်ထောင်ချီဝေးတဲ့ ဒေလီမြို့ကို ငါတို့မြန်မာနိုင်ငံသားတွေ လာကြတဲ့ အကြောင်းကို ပြန်တွေးခဲ့မိပြန်တယ်။
အော် နယ်စပ်ပြည်နယ်ဖြစ်တဲ့ Manipur မှာ အချိန်မရွေး အသတ်ခံရနိုင်ခြေ ကြုံနိုင်ကြသလို၊ Mizoram မှာဆိုလည်း ဒုက္ခသည်စခန်းကို နိုင်ငံကာက စနစ်တကျ မတည်ဆောက်ပေးတော့ ကိုယ်ထူကိုယ်ထနဲ့ စစ်ဘေးဒုက္ခသည် စခန်းတည်ဆောက်ရ၊ လူနေမှုအဆင့်အတန်းက ဒေလီထက်တောင်ပိုမြင့်တော့ ဒီမှာဆို UNHCR စောင့်ရှောက်မယ်အထင်နဲ့ လာသူလာ၊ တတိယနိုင်ငံသို့များ ခိုလှုံခွင့်ရမလား ဆိုတဲ့ မျှော်လင့်ချက်နဲ့ လာသူကို လာကြဆိုတော့ နယ်စပ်ပြည်နယ်တွေမှာ နေတာထက် သက်သာမယ် ထင်ကြတာကိုး။ ဒါတွေကို တွေးပြီး ဒေါသတွေ အလုံးလိုက်ထွက်လာပါတယ်။
ဒီလိုနဲ့ လွန်ခဲ့တဲ့ တစ်နှစ်လောက်က အလုပ်အကိုင်ရှားလွန်းလို့ ဒေလီမြို့နှင့် မိုင်ရာချီဝေးတဲ့ နေရာမှာ တရုတ်ကုမ္ပဏီတစ်ခု အကြီးကြီး ဆောက်နေလို့ ဆောက်လုပ်ရေး အလုပ်လုပ်တဲ့ နေရာမှာ လူငယ်တွေ ဝိုင်းအလုပ် ဝင်ကြရင်း လုပ်ငန်းခွင် သန့်ရှင်းမှုမရှိတာကော၊ လုပ်ခလစာတွေ ခေါင်းပုံဖြတ်ခံရတာကော အမျိုးမျိုး ကြုံကြတဲ့အပြင် လူငယ်တစ်ဦး ဝမ်းလျှော့ပြီး ဆေးကုခွင့်မရလို့ သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကို ပြန်တွေးရင်း လူငယ်လေး သေဆုံးမှုအတွက် တရားမျှတမှုမပြောနဲ့ သူ့လုပ်ခကိုပင် ပြန်ထုတ်မပေးတဲ့ ကိစ္စကြီးက အတွေးထဲ ဝင်လာ ပါတယ်။
ကိုယ့်အတွေးနဲ့ကို ငိုရမလို ဖြစ်နေတော့တာဘဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ၂၀၂၁ ခုနှစ် အဏာသိမ်းမှုအပြီး အိန္ဒိယနိုင်ငံထဲကို ကိုယ်တိုင် လုံခြုံမှုမရှိလို့ ဝင်လာရင်း India for Myanmar လုပ်ရှားမှု လုပ်ဆောင်နေရင်း အားကိုးတကြီး အကူအညီတောင်းကြလို့ သူတို့အားကိုးသလောက် မလုပ်ပေးနိုင် ခဲ့တာတွေကြောင့် ပေါ့ဗျာ။
ဆိုတော့ မတွေးချင်တော့တဲ့ အတွေးတွေ တန်းစီပေါ်လာတော့တာဘဲ။ အဲ့ဒါတွေကတော့ အိန္ဒိယနိုင်ငံသား လေးဦးရဲ့ မုဒိမ်းကျင့်ခြင်းခံလိုက်တဲ့ အမျိုးသမီး တရားမျှတမှု မရတဲ့ကိစ္စ၊ လုပ်ငန်းခွင်မှာ အကြမ်းဖက်ခံတဲ့ အမျိုးသမီးများ အကာအကွယ်မဲ့တဲ့ကိစ္စ၊ အလုပ်သာ လုပ်နေရတာ လုပ်အားခမရတဲ့သူတွေ ကိစ္စ၊ ညညဆို အပြင်မထွက်ရဲ အိမ်ပြန်နောက်ကျရင် ဘယ်လိုမှ မလုံခြုံတဲ့ လူငယ်အမျိုးသမီးလေးတွေ ကိစ္စ၊ မူးယဇ်ဆေးဝါး ရောင်းဝယ် ဖောက်ကားတယ်ဆိုပြီး ထောင်ထဲထည့်ခံရကာ ပြစ်မှုမထင်ရှားတာကို လချီ၊ နှစ်ချီ ထောင်ထဲ ထည့်ခံရတဲ့ လူတွေ ကိစ္စ၊ အိမ်ရှင်တွေက အမျိုးမျိုး အကြောင်းပြပြီး မကြာခဏ မောင်းထုတ် ခံနေရသူတွေ ကိစ္စ၊ တတိယ နိုင်ငံခိုလှုံခွင့် စောင့်ရင်း မျှော်လင့်ချက်အမှားကြောင့် ပညာမဲ့သွားတဲ့ လူငယ်တွေ ကိစ္စ၊ တချို့ဆို လုံခြုံရေး အတွက် ယာယီလာတင်းရှောင်ရင်း အလောင်းနဲ့ အိမ်ပြန်ပို့ခံရသူတွေ ကိစ္စ၊ မြန်မာပြည်မှာဆို ရာထူးက အကြီးအကဲ ဒီရောက်မှ ကုလားတွေ အိမ်သန့်ရှင်းရေး လိုက်လုပ်တဲ့သူတွေ ကိစ္စ၊ ကလေးဆေးရုံမှာ မီးပွားတာ ဆေးရုံတက်ခ ပိုက်ဆံမသွင်းနိုင်လို့ ကလေးအသိမ်းခံရတဲ့ အမျိုးသမီး ကိစ္စ၊ စကစပညာရေးကို ရှောင်ပြီး ပညာသင်မယ့် ရည်ရွယ်ချက်နဲ့ လာတာကို အဝေးသင်ပညာရေး အောက်မှာသာ သင်ကြားခွင့်ရတဲ့ ကလေးငယ်တွေ ကိစ္စ ……တန်းစီးပြီး တွေးရင်း မသိလိုက်တဲ့ အချိန်မှာ မျက်ရည်များစွာ ကျမိတာကို သတိရကာ အိပ်ယာပေါ်က ထလိုက်တယ်။
ချထားတဲ့ ဖုန်းပြန်ကောက်က အခန်းအပြင်ထွက်မယ်လုပ်တော့ နာမည်မပေါ်တဲ့ ဖုန်းဝင်လာတယ် ကြားလိုက်တဲ့ ပထမအသံက “ဆရာ ဘာထူးခြားမှုရှိလဲ?” ချက်ချင်းပြန်ဖြေစရာ အဖြေမရှိ ဟိုလေ စိတ်မပူနဲ့ ကျွန်တော် တတ်နိုင်သလောက် UNHCR အကြီးအကဲတွေကော၊ အိန္ဒိယအစိုးရတာဝန်ရှိသူတွေကော တွေ့ကာ အကောင်းဆုံး ဖြေရှင်း နေပါတယ်နော်လို့ ပြန်ဖြေလိုက်တယ်။
အဲ့ ဇာတ်လမ်းက ဒီလိုဗျ “၂၀၂၁ ခုနှစ် အာဏာသိမ်းမှု ဖြစ်ပွားအပြီး UNHCR India စောင့်ရှောက်မှုကို ခံယူဖို့ရန် ကဒ်အတုတွေနဲ့ ဒေလီမြို့ကို ရှင်းလာရင်း လမ်းပေါ်မှာ အဖမ်းခံတဲ့ မြန်မာနိုင်ငံသား ၂၃၀ ကျော် ထောင်ထဲမှာ နှစ်နှစ်ကျော်ကြာ ထိန်းသိမ်းခံတဲ့ အုပ်စုထဲက ၇၆ ဦး မြန်မာပြည် ပြန်ပို့ခံရလို့ မြန်မာပြည် ပြန်ပို့ခံရမယ်ကို စိုးရိမ်စိတ်နဲ့ အကူအညီမဲ့နေကြလို့ ကျွန်တော် ကူညီပေးနေတဲ့ သူတွေ ထောင်ထဲကနေ မိသားစုထံ ဖုန်းခေါ်ခွင့်ရချိန် မိသားစုထံတောင် ဖုန်းမခေါ်ဘဲ ကျွန်တော်ကို ဖုန်းခေါ်လာတဲ့ သူတွေပါ။
သူတို့တွေစိတ်ချမ်းသာမှု ရအောင် တတ်နိုင်သလောက် ခွန်အားပေးရင်းနဲ့ ဖုန်းမချခင်မှာဖုန်း ဝင်လာလို့ ပြောနေတာလည်း ကြာပြီမို့ ဖုန်းဝင်လာတယ်ဆိုကာ ကျွန်တော့်ဘက်က ဖုန်းချလိုက်တယ်။ နောက်ထပ် ဖုန်းခေါ်ဝင်လာတာကတော့ အဖမ်းခံမိသားစုထဲ အညာသားဦးလေး တစ်ဦးဖြစ်ပြီး ဖုန်းကိုင်မမှသတိရလိုက်တာ အော်ဒီနေ့ဆို ထောင်ထဲကလူတွေ မိသားစုနဲ့ စကားပြောခွင့်ရတဲ့နေ့ ဆိုတာကိုပါ။ စကား စပြောတာနဲ့ ဆရာရေ အထဲကနေဖုန်းခေါ်တာ မိသားစုထံ ဖုန်းပြောဖို့တောင် တခါပြောရင် ရူပီး ၂၀၀ (မြန်မာငွေ ၄ ထောင်ကျော်) ပေးရတာမို့ ဖုန်းခေါ်ဖို့ ငွေတောင်မရှိတော့ဘူးလို့ အထဲကပြောလာတယ် ငွေခဏစိုက်ပေးထားကာ အထဲမှာရှိတဲ့ သားလေးကို ပို့ပေးလို့ ရမလား ပြန်ပို့ပေးမယ်တဲ့ ရပါတယ် ဦးလေးရေး ပြောလိုက်တယ်။
ဦးလေးက ကျေးဇူးတင်စကားပြောရင်း ပြောတာက ဆရာရေ ထောင်ထဲမှာ ရေတစ်ပတ်ကို နှစ်ကြိမ်ဘဲ ချိုးခွင့်ပြုတာ၊ အစားအသောက်လည်း အဆင်မပြေဘူး၊ သူတို့ဖျားရင်လည်း ဆေးကုခွင့်မရ၊ ထောင်မှာမွေးတဲ့ ကလေးတွေဆိုလည်း ကာကွယ်ဆေးထိုးခွင့်မပြု၊ တခြား အိန္ဒိယနိုင်ငံသား အကျဉ်းသားတွေက အနိုင်ကျင့်တယ်၊ သောက်ရေ မရလို့ အိမ်သာမှာသုံးဖို့ လာတဲ့ရေကိုသောက်ရတယ်၊ အခုဆို မိုးကြီးနေတာမို့ ရေဝင်ကုန်ကာ ထောင်ထဲမှာ အိပ်လို့မရ ရေလေးမသန့်နဲ့ ဝမ်းလျှောတာများတယ်၊ အမြန်ဆုံးမလွတ်နိုင်ရင် သတ်သေချင် စိတ်တောင် ပေါက်ကုန်ပြီလို့ အထဲကနေ မိသားစုထံကို ဖုန်းဆက်လာတယ် ဆရာရေ ကူညီပါအုံးနော်တဲ့။ နောက်ပြီး ရူပီး ၅၀၀၀၀ (မြန်မာငွေ သိန်း ၂၀ အခုဆို ၂၄ သိန်းခန့်) ကို တောင်းကာ လွှတ်ပေးမယ်ပြောပြီး မလွှတ်ပေးတာဆိုတော့ မိသားစုအများစုက အိမ်တွေတောင် ရောင်းကုန်ပြီး ထောင်ဝင်စာတောင် မပို့နိုင်ကြတော့တာ။
တချို့ဆို ရူပီး သိန်းချီပေးသူတွေလည်း ရှိခဲ့တာဆိုဘဲ။ ထားလိုက်တော့ တစ်ခုဘဲ ဒီ အိန္ဒိယနိုင်ငံ Manipur နှင့် Assam ထောင်ထဲကလူတွေ ပြောဆိုချက်တွေ ကြုံတွေ့နေတဲ့ အခက်အခဲတွေဟာ ကျွန်တော် စကစထောင်ထဲမှာ ကြုံတွေ့ခဲ့တာနဲ့ အများစု အတူတူဖြစ်နေတာကို သတိပြုမိတယ်။ ပြောစရာ စကားလည်းမရှိ အော် မြန်မာပြည်မှာလည်း အခက်အခဲကြုံနေသူတွေ များနေတာဘဲ ဆိုပြီး စိတ်ဖြေသိမ့်လို့ မရတော့ပြီ။
တတ်နိုင်တာက ဟုတ်ကဲ့ပါ အိန္ဒိယအစိုးရအသစ်မှာ မျှော်လင့်ချက်ကောင်း ရှိလာမှာပါဟုဆိုကာ ဖမ်းခံမိသားစုတွေ တစ်ယောက်ပြီး တစ်ယောက် ဖုန်းဆက်ရင်း မနက်စာ စားချိန်ရောက်လိုက်ပါတယ်။ အစာစားချင် စိတ်လည်းမဝင် ဖုန်း Application တွေ တစ်ခုပြီး တစ်ခုဖွင့်ကာ အရေးကြီးတဲ့ စာတွေကို ပြန်ရင်း လွန်ခဲ့တဲ့ နှစ်က Manipur ထောင်မှာ မြန်မာစစ်ဘေးရှောင်းတစ်ဦး သေဆုံးခဲ့လို့ ဘာတရားဝင်ရှင်းလင်းချက်မှာ မရှိခဲ့တဲ့ အဖြစ်က အတွေးထဲမှာ ပါလာပြန်ပါတယ်။
ဒါနဲ့ ငါ့အတွေးတွေ အဆုံးသတ်မှဖြစ်မယ် ဆိုကာ သက်ပြင်းချလိုက်တယ်။ နောက်ဆုံးတော့လည်း အော် ငါတို့ မြန်မာနိုင်ငံသားတွေအတွက် UNHCR အသိအမှတ်ပြုတဲ့ Refugee ဖြစ်ဖို့ကို ကြိုးစားကြရင်းနဲ့ ထောင်ထဲမှာ မီးပွားသူကဖွား၊ ထောင်ထဲမှာ သေဆုံးသူက သေဆုံး၊ အမျိုးမျိုး ဖိနှိပ်ခံ အဲ့ဒါတောင်မှာ UNHCR က Refugee အဖြစ် အသိအမှတ်ပြုဖို့ တွန့်စို့နေတုန်း ပါလားဆိုကာ မြန်မာပြည်မှဦ ပြည်ထောင်စုနေ့ကိုတောင် ဆန္ဒဖော်ထုတ်ပွဲနဲ့ ကျင်းပခဲ့သလို လာမယ့် World Refugee Day ကို အနှစ်သာရမရှိ ဆန္ဒပြရဖို့ လိုလေမလား စဉ်းစားမိတော့တယ်။
ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံသားတွေ တရားဝင် စစ်ဘေးဒုက္ခသည် (Refugee) ဖြစ်ခွင့်အတွက်ပါ အိန္ဒိယနိုင်ငံမှာဆို ဘဝတွေ ပေးစပ်နေစပ်နေတာတောင် UNHCR က Refugee အဖြစ် အသိအမှတ် ပြု မခံရဘူးလေကွာ။ နောက်ဆုံး UNHCR အကြီးအကဲတစ်ဦးနဲ့ လူချင်းတွေ့ချိန် သူပြောလိုက်တဲ့ စကားတစ်ခွန်းကို ပြန်သတိရတယ် “မြန်မာနိုင်ငံသားတွေထက် ရိုဟင်ဂျာတွေကို ဦးစားပေးခံရတာ သူတို့က နိုင်ငံမဲ့လိုတဲ့” အခုငါတို့ကကော နိုင်ငံမဲ့၊ အစိုးရမဲ့တဲ့အပြင် နိုင်ငံတကာ လှစ်လျှူရှုခံရတာ မဟုတ်ပါလား ဆိုပြီး…………………….တွေးမိပြန်ပါတယ်။
ဆလိုင်း ဒိုခါရ်