တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 40, May 17, 2024)

၁။ နမ်ဗျူနမ်ခမ်ကျေးရွာအတွင်းက စစ်ကောင်စီတပ်စခန်းကြီးကို KIA တိုက်ခိုက်သိမ်းပိုက်
 May 16, 2024
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ နမ်ဗျူနမ်ခမ်ကျေးရွာအတွင်းက စစ်ကောင်စီတပ်စခန်းကြီးကို ကချင်လွတ်လပ်ရေးတပ်မ တော်(KIA)နဲ့ ပူးပေါင်းတပ်တွေကနေ မေလ ၁၆ ရက်နေ့ မနက် ၇ နာရီခွဲမှာ အပြီးတိုက်ခိုက် သိမ်းပိုက်နိုင်ပြီလို့ ဒေသခံ သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။ ရှဒူးဇွပ်ကျေးရွာဘက်က  စစ်ကောင်စီရဲ့ ခလရ  ၂၉၇ တပ်သားတွေနဲ့ ၂၆၀ တပ်က တပ်သားတွေ ပေါင်းထိုင်နေတဲ့ အထက်ပါ တပ်စခန်းကို KIA ပူးပေါင်းတပ်ဘက်က မေလဒုတိယအပတ်လောက်ကနေ စတင်ထိုး စစ်ဆင် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အထက်ပါ စစ်ကောင်စီတပ်စခန်းကြီး သိမ်းပိုက်နိုင်ဖို့အရေး ထိုးစစ်တစ်ပတ် လောက်အချိန် ကြာမြင့်ခဲ့ပြီးနောက် ဒီကနေ့မနက်မှာတော့ အပြီးတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့ ဒေသခံသတင်းအရင်းအမြစ် တစ်ဦးက အခုလို ပြောပါတယ်။
“ထိုးစစ်ဆင်တိုက်တာ တစ်ပတ်လောက်ရှိပြီ။ နှစ်ရက်လောက် ပြန်နားလိုက်နဲ့ ဒီမနက်ပြန် စတာပေါ့”လို့ ပြောပါတယ်။  ဒီကနေ့မနက် တိုက်ပွဲအတွင်း တနိုင်းစစ်ကောင်စီတပ်ကလည်း လက်နက်ကြီးတွေ ဆက်တိုက်ပစ်ကူသလို မြစ်ကြီးနားဘက်က လည်း လေယာဉ်နဲ့ လာရောက်ပစ်ကူမှု ကြားကနေ စစ်ကောင်စီဘက်က စခန်းလက်လွှတ်လိုက်ရတာလည်း ဖြစ်ပါတယ်။ အဲဒီ စစ်ကောင်စီတပ်စခန်းကြီးဟာ တပ်ရင်းနှစ်ခု စုပေါင်းထိုင်ထားတဲ့အတွက် စစ်ကောင်စီတပ်သား အင်အား ၄၀ ထက်မနည်း ရှိ တယ်လို့ဆိုပါတယ်။ KIA ကနေ သိမ်းပိုက်နိုင်ခဲ့တဲ့ အထက်ပါနမ်ဗျူနမ်ခမ် စစ်ကောင်စီတပ်စခန်းကြီးဟာ ၂၀၁၉ ခုနှစ် နောက်ပိုင်း ကနေ စတင်စခန်းချထားတာ ဖြစ်တယ်လို့ သိရပါတယ်။ တနိုင်းမြို့ကနေ နေ့ချင်းပြန်သွားလာလို့ရတဲ့ နမ်ဗျူနမ်ခမ်ကျေးရွာဟာ ရွှေမှော်ဒေသတစ်ခုလည်း ဖြစ်ပါတယ်။ Read ni full

၂။ စစ်ကောင်စီတပ်က ဖမ်းဆီးထားသော ကန်ပက်လက်စစ်ဘေးရှောင် ၄၀ နီးပါး အဆက်အသွယ်ပြတ်တောက်နေ
 May 16, 2024
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသည့် အမျိုးသမီးနှင့် ကလေးငယ် အများစုပါဝင်သော ဒေသခံ ၄၀ ခန့်ကို စစ်ကောင်စီတပ်ကဖမ်းဆီးပြီး ၃ ရက်ကြာအထိ အဆက်အသွယ်ပြတ်တောက်‌နေကြောင်း သတင်းရရှိသည်။ မေလ ၁၄ ရက်က အုံရွာတွင်ရောက်ရှိနေသော စစ်ကောင်စီတပ်သည် အုံရွာဒေသခံများ စစ်ဘေးရှောင်နေ သော တောတောင်ထဲအထိ လိုက်လာပြီးနောက် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ကန်ပက်လက်မြို့နယ်လူသားစာနာဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။ “ဟိုဘက်ကဟာနဲ့ ပတ်သက်လို့ ဘာမှ သတင်းမရဘူး။ လူသားတံတိုင်း လုပ်သလား၊ သေကြသလား၊ ရှင်ကြသလား ဘာမှကို မကြားရသေးပါဘူး။ စစ်ကြောင်းက စစ်ရှောင်တွေနေရာကို ဝင်လာပြီးတော့ ဖမ်းသွားတယ်။ အများစုက အမျိုးသမီးနဲ့ကလေးတွေ များတယ်။ လေးနှစ်၊ ငါးနှစ်သားတွေ” ဟု ၎င်းက ပြောသည်။
အဖမ်းခံရသောစစ်ဘေးရှောင်များသည် အမျိုးသမီးနှင့်ကလေးငယ်များကအများစုဖြစ်ကြပြီး အမျိုးသားထဲတွင် အသက် ၁၆ နှစ်နှင့် ၁၇ နှစ်အရွယ် (၂) ဦး၊ ၇၀ ကျော်အရွယ် အမျိုးသား (၁)ဦး၊ ၆၀ ကျော်အရွယ် ကိုယ်အင်္ဂါ မသန်စွမ်း အမျိုးသား (၁)ဦး၊ ၅၅ နှစ်အရွယ် စိတ်ကျန်းမာရေး အားနည်းသူ (၁) ဦးတို့ဖြစ်ကာ စုစုပေါင်း ၃၈ ဦး ဖြစ်ကြောင်း သိရသည်။ လွီးစုံ၊ ကောက်စောင်း ရွာဘက်တွင် အုံရွာမှ ဒေသခံပြည်သူအားလုံးသည် စစ်ဘေးရှောင်နေကြစဉ် စစ်ကောင်စီ၏ လာရောက် ဖမ်းဆီးမှုကြောင့် ဒေသခံ ပြည်သူ ၁၀၀ နီးပါးသည်လည်း ထပ်မံ၍ ပိုဝေးသော နေရာသို့ စစ်ဘေးရှောင်ကြရကြောင်း သိရ သည်။  “အဲဒါ ဖြစ်ပြီးတဲ့ နောက် မှာ အဲဒီကနေ တော်တာ် ဝေးတဲ့နေရာအထိ ထပ်စစ်ရှောင်ကြတယ်။ အခုက အရေးပေါ် လိုနေတာက တာလပတ်တ အရမ်းကို လိုအပ်နေတယ်ပြောလို့၊ လောလောဆယ် ဆိုင်ကယ် ၂စီးနဲ့ ပို့နိုင်ဖို့ ၁၀ ချပ်လောက် ပို့နိုင်ဖို့ ကြိုးစား နေတယ်။ အခုသူတို့ နေတဲ့ နေရာမှာ မိုးတွေလည်း ရွာနေတယ်။ အဲဒီတောဘက်မှာ”ဟု ကန်ပက်လက်မြို့နယ်၊ လူသားစာနာဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ လက်ရှိတွင် အုံရွာပြည်သူများ အဖမ်းခံရသည့် တောင်ကြောနှင့် နီးကပ်သော ချိုင်လောင်းရွာသူ/သား အားလုံး ၈၀ နီးပါးသည် ထပ်မံစစ်ဘေးရှောင်နေရကြောင်းသိရသည်။  Read ni full

၃။ ဆီဆိုင်မြို့နယ်၊ နောင်ဗိုကန်တော်လေးရွာသူကြီးကို PNO ပြည်သူ့စစ်က ဖမ်းဆီးထားပြီး ပြန်မလွှတ်ပေးသေး
 May 16, 2024
ဆီဆိုင်မြို့နယ် နောင်ဗိုကန်တော်လေး ကျေးရွာ၏ ရွာသူကြီးကို အကြမ်းဖက်စစ်တပ်လက် အောက်ခံ PNO ပြည်သူ့စစ် က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက်   ၁၀ ရက်ကျော်သည့်တိုင် ပြန်မလွှတ်ပေးသေးကြောင်း PLNA က သတင်းထုတ်ပြန်သည်။ မေလ ၂ ရက်နေ့ အကြမ်းဖက် စစ်တပ်လက်အောက်ခံ PNO ပြည်သူ့စစ်မှ ဗိုလ်ကြီးလယ်အဖွဲ့က ဆီဆိုင်မြိံနယ် နောင်ဗိုကန် တော်လေးကျေးရွာ၏ ရွာသူကြီးဖြားခွန်လျောကို  ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်ကြောင်း၊ ရွာသူကြီး ဖြားခွန်လျောသည် ကားနှင့် ဆီဆိုင်သို့သွားရာမှ ဆီဆိုင်မရောက်မီ ပုံလောင်းကျေးရွာအနီးတွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရှိရသည်။
“ရွာသူကြီးက ဆေးပညာလည်းတတ်တော့ ကျန်းမာရေးကိစ္စဆို သူပဲ အားကိုးနေရတာ။ ဒေသခံတွေက ဆရာဝန် လျောလို့လည်းခေါ်တယ်။ အခုက ဖမ်းသွားတာ ၁၀ ရက်ကျော်ပြီ။ အဆက်အသွယ်လည်းမရတော့ဘူး။ လူလည်းပြန်မရောက် လာဘူး။ နောင်ရင်း ရွာသူကြီး ညီအစ်ကိုလည်း PNO က သတ်သွားတယ်ဆိုတော့ နောင်ဗိုကန်တော်လေးရွာသူကြီးလည်း အဲဒီလို အသတ်ခံရမှာစိုးတယ်။ အသက်ရှင်နေသေးရင်လည်း ပြန်လွတ်ပေးစေချင်တယ်။ ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။ အကြမ်းဖက်စစ်တပ် လက်အောက်ခံ PNO က ရွာသူကြီး ဖြားခွန်လျောကို ဖမ်းဆီးထားသည်မှာ ၁၀ ရက်ကျော်ပြီဖြစ်သော်လည်း လက်ရှိအချိန်ထိ ပြန်မလွတ်ပေးသေးဘဲ ကားကိုလည်း PNO ပြည်သူ့စစ်က သိမ်းဆည်းသွားခဲ့ကြောင်း သိရှိရသည်။

၄။ DMO PDF တည်ထောင်တဲ့ သုံးနှစ်အတွင်း ရဲဘော် (၆၈)ဦးကျဆုံးခဲ့
 May 16, 2024
ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ် (DMO PDF)ဟာ ဖွဲ့စည်းတည်ထောင်တာ သုံးနှစ်ပြည့်ခဲ့ပြီဖြစ်ပြီး တော်လှန်ရေး ကာလအတွင်း တပ်ဖွဲ့ဝင်ရဲဘော် (၆၈)ဦး ကျဆုံးခဲ့တယ်လို့သိရပါတယ်။ ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရတဲ့ ရဲဘော် (၄၀) ဦးရှိခဲ့တယ် လို့လည်း DMOPDFရဲ့  အတွင်းရေးမှူး (၁) ဒါမိုး က ဖြေကြားပါတယ်။“ ထိခိုက်ဒဏ်ရာရတာပေါ့ အများကြီးပါပဲ၊ ၂၀၀ ကျော်ရှိ တယ်။ ၂၇၈ ဦးလားမသိဘူး။ အဲ့ဒါထိခိုက်ဒဏ်ရာရတာပေါ့။ ပြီးတော့ ကျနော်တို့ ကိုယ်လက်အင်္ဂါဆုံးရှုံးသွားတဲ့ ရဲဘော်က ကျနော်တို့ Local PDFထဲမှာ ၂၈ဦး၊ ပြီးတော့ ကျနော်တို့ ပြည်ထောင်စုတပ်ထဲကို ပို့လိုက်တဲ့အထဲမှာ ၁၂ ဦးပေါ့နော။ ကျဆုံးသွား တဲ့သူက DMO Local PDF မှာ ၄၈ ဦး ရှိတယ်။ ပြည်ထောင်စုတပ်ထဲက ပို့လိုက်တဲ့ (၃)ရင်းမှာ ၂၀ ကျော်ရှိနေတယ်။” လို့ သူက ဆိုပါတယ်။ ကိုယ်လက် အင်္ဂါဆုံးရှုံးခဲ့ရတဲ့ ရဲဘော်တွေကိုလည်း DMO PDFအနေနဲ့ တတ်နိုင်သလောက် ပံ့ပိုးတာတွေ ရှိတယ်လို့ သိရပါတယ်။
ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်မှာတော့ DMO Local PDFအဖြစ် တပ်ရင်း(၄)ရင်း ရှိပြီး  အမျိုးသားညီညွှတ်ရေး အစိုးရ (NUG)အောက်က ပြည်ထောင်စုတပ်မှာ (၃)ရင်း ရှိပါတယ်။ လက်ရှိ တပ်ထဲမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်၊ ရဲမေ ကိုးရာ ဝန်းကျင်ရှိပြီး အဲ့ဒီအရေအတွက်ကတော့ အရန်တပ်သားနဲ့ နောက်ခံတပ်သားတွေ မပါဝင်ဘူးလို့ ဆိုပါတယ်။ DMO PDF ဟာ ကရင်နီပြည်တွင်းရှိ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ရေးတွေမှာ ပူးပေါင်းတိုက်ခိုက်နေတာဖြစ်ပါတယ်။“ စစ်ရေးအရတော့ ကျနော်တို့ DMOအနေနဲ့တော့ ဒီကရင်နီပြည်မှာရှိနေတဲ့ ဒေသတော်တော်များများပေါ့ ကျနော်တို့က မယ်စဲ့ တိုက်ပွဲကနေ ဒီကနေ တောက်လျောက်ထိ မယ်စဲ့၊ ဖားဆောင်း၊ ဖရူဆို၊ နန်းဖဲ၊ ဒီးမော့ဆို၊ လွိုင်ကော်၊ ဖယ်ခုံ၊ မိုးဗြဲ၊ ဆီဆိုင်၊ ရှမ်းတောင် တောင်စလုံး၊ မြောက်စလုံးထိ ကျနော်တို့ စစ်ရေးလှုပ်ရှားတာရှိတယ်။ ကျနော်တို့က တပ်ပေါင်းစုထဲမှာပါဝင်နေလို့ ဒေသအလိုက် စစ်ရေးဖော် ဆောင်တဲ့နေရာမှာ တပ်ပေါင်းစုနဲ့အညီလှုပ်ရှားတာရှိတယ်။ “လို့ DMO PDF အတွင်းရေးမှူး (၁) ဒါမိုးက ပြောပါတယ်။

၅။ ကရင်နီပြည်မှာ ပထမဆုံး ကရင်နီဆေးကောလိပ် ကျောင်းဖွင့်ဖို့ ဆောင်ရွက်နေ
 May 16, 2024
ကရင်နီပြည်မှာ ပညာရေးအခွင့်အလမ်းကို ဆုံးရှုံးနေတဲ့ လူငယ်တွေအတွက် ဆေးဝါးဆိုင်ရာ ပညာရပ်ကိုလေ့လာနိုင်ဖို့ ပထမဆုံး ကရင်နီဆေးကောလိပ်ကျောင်းကို ဖွင့်လှစ်သွားမယ်လို့ ကရင်နီဆေးကောလိပ် ဖြစ်မြောက်ရေးကော်မတီဥက္ကဌ ဖြစ်တဲ့ ဒေါက်တာမျိုးခန့်ကိုကို က ပြောပါတယ်။“တကယ်ဝါသနာပါပြီးတော့ တကယ်အရည်အချင်း ပြည့်မှီတဲ့ ကလေးတွေ ဆရာဝန် ဖြစ်ချင်တဲ့ကလေးတွေ ဆရာဝန်ဖြစ်ခွင့်ရအောင် ကျနော်တို့ ကြိုးစားကြမယ် ဆိုပြီးတော့မှ စတင်ပြီးတောမှ အကောင်အထည် ဖော် စိတ်ကူးရတာကတော့ ကရင်နီဆေးကောလိပ်ဖြစ်မြောက်ရေး ကော်မတီဥက္ကဌဖြစ်တဲ့ ကျနော် ပြီးတော့ ကျနော့ရဲ့ ကရင်နီ ဆရာဝန်အစည်းအရုံး အဲ့ကနေ အားလုံးပါဝင်ဖို့သင့်တယ် ဆိုပြီးတော့မှ ကျနော်တို့ ပြည်တွင်းပြည်ပက တတ်သိပညာရှင်ကျွမ်း ကျင် ပညာရှင်တွေ ပြီးတော့ ကရင်နီအတွင်းမှာရှိတဲ့ နိုင်ငံရေး အုပ်ချုပ်ရေး ဘာသာရေးပေါ့နော် စတဲ့ခေါင်းဆောင်တွေ ရပ်ဖိရပ်ဖ တွေပေါ့နော် ပြည်သူတွေနဲ့ အဓိက ထိတွေ့ဆက်ဆံနေရတဲ့ ပြည်သူတွေ ယုံကြည်တဲ့ ရပ်မိရပ်ဖတွေပေါ့နော် ဒီလိုအုပ်စုကနေပြီး တော့ ကျနော်တို့ အားလုံးပူးပေါင်းပြီးတော့မှ ကရင်နီ ဆေးကောလိပ်ကြီးကို ဖြစ်မြောက်အောင်ပေါ့နော် ကရင်နီဆေးကောလိပ် ဖြစ်မြောက်ရေးကော်မတီဆိုပြီးတော့မှ ဖွဲ့စည်းခဲ့တယ်”လို့ ဒေါက်တာမျိုးခန့်ကိုကိုက ဆိုပါတယ်။
ကရင်နီ ဆေးကောလိပ်ကျောင်းကို တက်ရောက်ခွင့်ရဖို့ ဝင်ခွင့်စာမေးပွဲတွေနဲ့ပြန်လည် ရွေးချယ်သွားမှာဖြစ်ပြီး ဝင်ရောက် ဖြေဆိုခဲ့တဲ့ ကျောင်းသားဦးရေ ၄၀ဦးရှိခဲ့တယ်လို့သိရပါတယ်။ ဝင်ခွင့်အတွက် အင်တာဗျူးစစ်ဆေးမေးမြန်းမှုကိုတော့ ပြီးခဲ့တဲ့ မေလ ၉ ရက်နေ့ကနေ မေလ ၁၁ ရက်နေ့အထိ ၃ ရက်သာ ပြုလုပ်သွားခဲ့တယ်လို့ ဒေါက်တာမျိုးခန့်ကိုကိုက ပြောပါ တယ်။ စာသင်နှစ်ကို  ၆ နှစ် သတ်မှတ်ထားပြီး ကျောင်းပြီးသွားရင်တော့ ကရင်နီပြည်အတွင်းမှာ ၃ နှစ်မဖြစ်မနေ တာဝန်ထမ်း ဆောင်ရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေ ချမှတ်ထားတာရှိတယ်လို့ သိရပါတယ်။ ဒီလိုကောလိပ်ကျောင်းကို ဖွင့်လှစ်နိုင်ဖို့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မတ်လကတည်းက ကရင်နီဆေးကောလိပ် ဖြစ်မြောက်ရေးကော်မတီကို စတင်ဖွဲ့စည်းဆောင်ရွက်ခဲ့ရတယ်လို့ ဒေါက်တာ မျိုးခန့်ကိုကိုက ပြောပါတယ်။ ဆေးကောလိပ်ကို တက်ရောက်လိုတဲ့ အသက် ၁၇ နှစ်ကနေ ၃၀ နှစ်အတွင်းလူငယ် တွေကို ခေါ်ယူသွားမှာဖြစ်ပါတယ်။ တော်လှန်ရေးမှာပါဝင်သူတွေ၊ CDM တွေကို သာလက်ခံသွားမှာဖြစ်ပြီး စစ်ကောင်စီလက် အောက်မှာ ကျောင်းပြီးထားသူတွေနဲ့ Non CDM တွေကို လုံးဝလက်ခံမှာမဟုတ်ဘူးလို့ ဒေါက်တာမျိုးခန့်ကိုကိုကပြောပါတယ်။ Read ni full

၆။        တွန်းဇံမှာ ချင်းတပ်ပေါင်းစုနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများ ပြင်းထန်နေ

May 17, 2024

ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့တွင် CNA ဦးဆောင်သည့် ချင်းတပ်ပေါင်းစု နှင့် စစ်ကောင်စီတပ်တို့ကြား ယမန်နေ့ ကစ၍ နေ့ရော၊ ညပါ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ မေလ ၁၆ ရက် မနက် ၉ နာရီမှ စတင်၍ မေလ ၁၇ မနက် ၄ နာရီအထိ တွန်းဇံမြို့က စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ရှိရာနေရာများကို ချင်းပူးပေါင်းတပ်ဖွဲ့များက ဒရုန်းအပါ အဝင် ပစ်ခတ်တိုက်ခိုက်သံများ ကြားနေရကြောင်း တွန်းဇံမြို့ ဒေသခံများက ပြောသည်။ “ညကဆိုရင် ၅ မိနစ်၊ ၁၀ မိနစ်ခြား တစ်ခါ ပစ်တာ၊၊ မနေ့ကတည်းကနေ ဆက်တိုက်ပဲ ပစ်နေကြတာ။ မနက် ၄ နာရီမှာနောက်ဆုံး ကြားတယ်။ ပြီးတော့ ဒီမနက် ၈ နာရီကျော်ကျော်လောက်မှာ ပစ်ခတ်တာ ကြားတယ်။ အဲဒီနောက်ပိုင်းတော့ ငြိမ်းသွားပြီ”ဟု တွန်းဇံမြို့ခံတစ်ဦးက ပြောသည်။  ယနေ့ မေလ ၁၇ ရက် ၈ နာရီခန့်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရှိနေသည့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးကို ချင်းပူး ပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံက ပြောသည်။

တွန်းဇံမြို့ စစ်ကောင်စီ ခလရ – ၂၆၉ တပ်စခန်း နှင့် စစ်ကောင်စီတပ်ဖွဲ့များခြေကုပ်ယူထားသော အထွေထွေအုပ်ချုပ် ရေး ဦးစီးဌာနရုံး၊ မီးသတ်ရုံးနှင့် အခြားရုံးတစ်ခုတို့ကို ချင်းပူးပေါင်းတပ်များက ဦးတည်တိုက်ခိုက်ခဲ့ကြောင်း၊ တွန်းဇံမြို့နှင့် ၃ မိုင် ခန့်အကွာက လမ်းမပေါ်တွင်လည်း နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။  ချင်းပူးပေါင်းတပ် များနှင့် စစ်ကောင်စီတို့၏ တွန်းဇံမြို့က တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ ဇိုမီးတော်လှန်ရေးတပ် (ZRA – EC) တပ်ဖွဲ့ကပူးပေါင်းတိုက်ခိုက်နေကြောင်း ဒေသခံများကပြောသည်။ တွန်းဇံမြို့၊ ခလရ-၂၆၉ တပ်စခန်းကို ချင်းပြည်အစိုးရ၊ ကာ ကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ချင်းကာကွယ်ရေးပူးပေါင်းတပ်က ယမန်နေ့ မေလ ၁၆ ရက်က စတင်တိုက်ခိုက်ပြီးဖြစ် ကြောင်း ချင်းအမျိုးသားတပ်ဦး CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။ ယမန်နေ့ တိုက်ပွဲတွင် စစ်ကောင်စီ က ဂျက်ဖိုက်တာဖြင့် ၃ ကြိမ် လာရောက်ပစ်ကူပေး၍ တိုက်ခိုက်နေပြီး ချင်းပူးပေါင်းတပ်ဖွဲ့က အထိအခိုက် မရှိကြောင်း၊ ZRA – EC ဖွဲ့နှင့် တိုက်ခိုက်နေခြင်း မဟုတ်ကြောင်း ဆလိုင်းထက်နီက ဖြေကြားထားသည်။ https://www.facebook.com/photo/fbi d=957563663039354&set=a.723151876480535

၇။  နောင်ချိုမြို့နယ်မှာ လက်နက်ကြီးကြောင့် ကလေးအပါအဝင် လူငါးဦးဒဏ်ရာရ
 May 16, 2024
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် သုံးဆယ်ရွာမှာ မေလ ၁၅ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်လို့ ကလေးငယ်တစ်ဦးအပါအဝင် လူငါးဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နောင်ချိုမြို့ နယ် လယ်ကြင်းကွေ့ ရွာအနီးမှာရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ည ၉ နာရီအချိန်မှာ လက်နက်ကြီးနဲ့ နှစ်ကြိမ်ပစ်ခတ်ခဲ့လို့ အရပ်သားတွေ ထိခိုက်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။“ညကြီးဗျာပစ်လိုက်တာ။ လယ်ကြင်းကွေ့ကနေပစ်လိုက်တာ။ သုံးဆယ်ဘက်ကိုကျတာ။ အိမ်ပေါ်ကျလို့ မိသားစုတွေ ထိခိုက်သွားတယ်” ဒဏ်ရာရသူတွေရဲ့ ကိုယ်ရေးအချက်အလက် အသေး စိတ်ကိုတော့ မသိရသေးဘူးလို့ သူက ဆိုပါတယ်။
မေလ ၁၀ ရက်နေ့ကလည်း စစ်ကောင်စီတပ်က သုံးဆယ်ရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် နှစ်ဦးသေဆုံးခဲ့ပြီး လေးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ Read ni full

၈။ KNU တပ်မဟာ ၅ နယ်မြေတွင် မေလအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်ကောင်စီ တပ်သား ၁၇ ဦးသေဆုံး
 May 16, 2024
ကရင်ပြည်နယ်၊ မူတြော်ခရိုင်၊ KNU တပ်မဟာ ၅ နယ်မြေတွင် မေလအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်ကောင်စီ တပ်သား ၁၇ ဦးသေဆုံးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။ မေလ ၁ ရက်နေ့မှ မေလ ၁၅ ရက် နေ့အထိ မူတြော်ခရိုင် တွင် KNU အမှတ် ၅ တပ်မဟာ၊ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့် အကြမ်းဖက်စစ်တပ်တို့ တိုက်ပွဲ ၄၆ ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်း ဖက် စစ်ကောင်စီတပ်သား ၁၇ ဦးသေဆုံးကာ ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ အကြမ်းဖက် စစ်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိသော ကျေးရွာများကို ဂျက်ဖိုက်တာ၊ ဒရုန်းနှင့် လက်နက်ကြီးများဖြင့် နေ့စဉ် ဗုံးကျဲပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပြည်သူပိုင် နေအိမ် ၁၅ လုံးနှင့် စပါးကျီ ၁ လုံး ထိမှန် ပျက်စီးခဲ့ကြောင်း သိရှိရသည်။ Read ni full

၉။ ဆွမ်ပီယန်ကျေးရွာသို့အင်အားဖြည့်တင်းနေသည့် စစ်ကောင်စီတပ်များ မကြာခဏတိုက်ခိုက်ခံရ
 May 16, 2024
ဆွမ်ပီယန်ကျေးရွာသို့ အင်အားဖြည့်တင်းမှု ဆက်တိုက်ပြုလုပ်နေသည့် စစ်ကောင်စီစစ်ကြောင်းများ ယခုရက်ပိုင်း အတွင်း မကြာခဏကြားဖြတ် တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။ ဆွမ်ပီယန်-ပူတာအိုလမ်းတွင် လှုပ်ရှားမှုပြုလုပ်နေသည့် စစ်ကောင်စီ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု မြေပြင်သတင်းအရင်းအမြစ်တစ်ဦးကပြောသည်။“အရမ်း ပြင်းပြင်းထန်ထန်ဖြစ်တာမျိုးတော့မဟုတ်ဘူး၊ ထိတွေ့တိုက်ပွဲသဘောပါပဲ။ သူတို့ (စစ်ကောင်စီ) စစ်ကြောင်းကို ကြားဖြတ်ပြီး တိုက်တာပေါ့။ တန်ဂျာအနီးမှာဖြစ်တဲ့ဟာတော့ အရင်ကပူတာအိုဘက်က ဆွမ်ပီယာန်ဘက်ကို ဆင်းလာတဲ့ ကောင်တွေနဲ့ပဲ ဟုတ်တယ်”ဟုပြောသည်။ ယမန်နေ့ နံနက် ၁၁ နာရီခန့်ကလည်း ဆွမ်ပီယန်ကျေးရွာနှင့်လုံရွာယန်ကျေးရွာကြားရှိ အင်ဒေါင်ဘွမ် အနီးတွင် ခြေလျင်တပ်ဖွဲ့ဝင်များနှင့် ကားများပါရှိသည့် စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံခဲ့ရသည်။
ဆွမ်ပရာဘွမ်မြို့ကို KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က ဆွမ်ပီယန်ကျေးရွာတွင် ဆက်တိုက်အင်အားဖြည့်တင်းနေကြောင်း KIA တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။ “(ဆွမ်ပရာဘွမ်)လာတဲ့သူတွေကို ပစ်တာဟုတ် တယ်။ အခု တချို့တော့ ဝဒတ်ရောက်ပြီလို့ပြောတယ်။ အဲ့စစ်ကြောင်းမှာလည်း တချို့ကတော့ ရိက္ခာတွေထောက်ပို့လုပ်တော့ အတက်အဆင်းလုပ်တာ ဟုတ်တယ်။ ဆွမ်ပရာဘွမ်ကို ပြန်ထိုးမယ့်အစီအစဉ်ရှိတယ်လို့ထင်တယ်”ဟုပြောသည်။“ကျွန်တော် တို့လည်း ကြားရသလောက်ပဲရှိတယ်။ ထိခိုက်တာတွေလည်းပါတယ်လို့တော့ပြောတယ်။ ကျွန်တော်တို့ စစ်ရှောင်နေတဲ့ တော ဘက်ကလည်းကြားရတယ်။ လက်နက်ကြီးသံတွေကြားရတယ်။ ရေတောင်မရေတွက်နိုင်ဘူး။ သေနတ်သံတော့မကြားရဘူး” ဟုပြောသည်။ အဆိုပါစစ်ကောင်စီထောက်ပို့စစ်ကြောင်းတွင် ခဲယမ်းနှင့် ရိက္ခာအပြင် လက်နက်ကြီးများလည်း တင်ဆောင်လာ ပြီး ဆွမ်ပီယန်ကျေးရွာနှင့် ၇ မိုင်ခန့်အကွာရှိ ဝဒတ်ကျေးရွာသို့ ရောက်ရှိနေကြောင်း သိရသည်။

၁၀။ ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီ ကူမင်းမှာ တွေ့ဆုံဆွေးနွေး
 May 16, 2024
 တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်မှုအရ မြန်မာစစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင် ညီနောင်မဟာမိတ် ၃ ဖွဲ့ တို့ ကူမင်းမြို့မှာ မနေ့ကစတင် ဆွေးနွေးနေတယ်လို့ နီးစပ်သူ အသိုင်းအဝိုင်းက ပြောပါတယ်။ ဆွေးနွေးပွဲအတွင်း စစ်ရေးပဋိပက္ခ တွေ ကြီးထွားနေတဲ့ ရခိုင်ပြည်နယ်က အခြေအနေလည်း ပါဝင်လိမ့်မယ်လို့ ခန့်မှန်းထားကြတာပါ။ ပြီးခဲ့တဲ့တခေါက် မတ်လ တုန်းက ၄ ကြိမ်မြောက် ကူမင်းမြို့ ဆွေးနွေးပွဲမှာ နယ်စပ်ကုန်သွယ်ရေးအပါအဝင် သဘောတူမှုမရခဲ့တာတွေကို ထပ်ဆွေး နွေးမှာ ဖြစ်သလို၊ ရခိုင်ကစစ်ပွဲတွေဆက်ဖြစ်နေတာအတွက်လည်း AA ရခိုင့်တပ်တော်နဲ့ သီးသန့် တစ်ရက်ဆွေးနွေးဖို့ရှိတယ်လို့ နီးစပ်သူ တွေကပြောပါတယ်။ ဒီနှစ်ဆန်းလုပ်ခဲ့တဲ့ ၃ ကြိမ်မြောက်ဆွေးနွေးပွဲတုန်းက ရှမ်းမြောက်ဒေသ အပစ်ရပ်ဖို့ သဘောတူနိုင်ခဲ့ပေမဲ့၊ ပြီးခဲ့တဲ့ မတ်လဆန်းပွဲမှာတော့ နယ်စပ်ကုန်သွယ်ရေးသဘောတူချက် အတိအကျမရခဲ့သလို၊ ရခိုင်အရေးသီးသန့်ဆွေးနွေးခဲ့တာ လည်း အဖြေမရခဲ့ဘူးလို့ နီးစပ်သူတွေကဆိုပါတယ်။
အခုတစ်ခေါက် ၅ ကြိမ်မြောက် ကူမင်းမြို့ ဟိုင်ဂင်ဟော်တယ်မှာလုပ်တဲ့ ဒီဆွေးနွေးပွဲမှာ မြန်မာစစ်ကောင်စီဖက်က အရင်တောက်လျှောက်ဦးဆောင်ခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင် မပါဘူးလို့လည်း နီးစပ်သူတွေက ပြောပါတယ်။ အခုနောက် ဆုံး ဆွေးနွေးပွဲကိုတော့ စစ်ကောင်စီရဲ့ ငြိမ်းချမ်ရေးအဖွဲ့ NSPNC အဖွဲ့ဝင်သစ်ဖြစ်သူ စစ်ဥပဒေချုပ် ဒုဗိုလ်ချုပ်ကြီး မျိုးသန့်နိုင် ဦးဆောင်တက်ရောက်နေတယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။ AA ဘက်ကတော့ အရင်အတိုင်း ဒုစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင် ဦးဆောင်ပြီး၊ ကိုးကန့်ဘက်ကလည်း ပြင်ပဆက်ဆံရေးဌာနမှုး ဗိုလ်မှူးချုပ် ဖုန်းဝင်းနိုင် ဦးဆောင်ကာ၊ တအန်း ဘက်ကတော့ ပုံမှန်တက်နေကျ PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တာဘုန်းကျော်အစား၊ မဟာ မိတ်ဆက်ဆံရေး ဌာနမှုး ဒုဗိုလ်မှူးကြီး တာမိုးဟိန်း ဦးဆောင်တက်ရောက်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ တရုတ်-မြန်မာ နယ်စပ်ကုန် သွယ်ရေးသဘောတူချက်အတွက် ညီနောင် ၃ ဖွဲ့ဘက်က လျှော့ပေးမဲ့ပုံမရှိဘဲ၊ စစ်ကောင်စီဘက်က လျှော့ပေးမှသာ ဒီတစ်ခေါက် သဘောတူချက်ရနိုင်တယ်လို့လည်း စောင့်ကြည့်အကဲခတ်တွေက သုံးသပ်နေကြပါတယ်။ Read ni full

၁၁။ ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်
 May 16, 2024
ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀ လုံးပျက်စီးခဲ့ပြီး အမိုးတွေ ပျက်စီးကုန်လို့ အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင် တွေဆီက သိရပါတယ်။ “အခုဖြစ်သွားတာက ကုန်းထိပ်နားနေတဲ့နေရာက တကွက်လုံးဖြစ်သွားတာပေါ့နော်။ လေပွေလှိုင်းနဲ့ တည့်တည့်ဖြစ်သွားတာမျိုးပေါ့။ လောလောဆယ်အရေးပေါ်လိုတဲ့ မိုးကာက တနေရာကမှ မရသေးဘူး။ တခြားတနေရာမှာပဲ ခနနေနေရတယ်ပေါ့။ မိုးကာကလည်း အနည်းဆုံးတနှစ်ကို နှစ်ခါလဲနိုင်မှအဆင်ပြေတာပေါ့။ ခုက လေပြင်းကျတော့ ပျက်စီးကုန် တာပေါ့နော်”လို့ စစ်ရှောင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။
စစ်ရှောင်စခန်းမှာ အိမ်ခြေ ၂၀၀ ကျော်ရှိပြီး တောင်ကုန်းနားမှာ ဆောက်လုပ်ထားတဲ့ နေအိမ် ၁၀ အိမ်ကျော်က မိုးဒဏ် လေဒဏ်ကြောင့် ပျက်စီးမှုကြီးမားပြီး မိုးကာတွေအရေးပေါ်လိုအပ်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်ဘေးရှောင် စာသင်ကျောင်း ဆောင်အတွက်လည်း မိုးကာတွေလိုအပ်နေပါတယ်။ ကရင်နီပြည်နယ်က စစ်ဘေးရှောင်ပြည်သူတွေက မိုးကာတဲတွေဆောက် လုပ်​ပြီး စစ်ဘေးရှောင်ကြတာဖြစ်တဲ့အတွက် နွေ၊ မိုး၊ ဆောင်း ရာသီဥတုဒဏ်ကို မခံနိုင်ဘဲ ဆွေးမြေ့ကုန်တာ၊ ပေါက်ပြဲကုန်တာနဲ့ မိုးမလုံတာတွေကိုလည်း ကြုံတွေ့နေရတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေက ပြောပါတယ်။ မိုးတွင်းကာလ ရောက်တော့မှာ ဖြစ်တဲ့အတွက် စစ်ရှောင်တွေအနေနဲ့ နေအိမ် အမိုးအတွက် မိုးကာစတွေ အများအပြားလိုအပ်နေတဲ့အတွက် ပြည်တွင်း ပြည်ပက ပြည်သူတွေ ကူညီပေးကြဖို့ကို စစ်ဘေးရှောင်တွေက တောင်းဆိုထားပါတယ်။ Read ni full

၁၂။ ဆီဆိုင်မြို့ပေါ် မပေါက်ကွဲ‌သေးတဲ့ ဗုံးကိုင်မိရာ ကလေးငယ် ၂ ဦး ဗုံးကွဲပြီး ထိခိုက်ဒဏ်ရာတွေရ
 May 16, 2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့ပေါ် ပြန်နေတဲ့ သီရိရပ်ကွက်က မိသားစုတစ်စုမှာ ကလေးငယ် ၂ ဦး မပေါက်ကွဲ သေးတဲ့ ဗုံးထိမှန်ပြီး ထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ စစ်ဘေးရှောင်တွေထံက သိရပါတယ်။ မေလ ၁၆ ရက်  မနက် ၉ နာရီခွဲခန့် က ဆီဆိုင်မြို့၊ သီရိရပ်ကွက်၊ နယ်မြေ ၃ မှာ ပြန်နေတဲ့ မိသားစုက အသက် ၁၃ နှစ် အရွယ် ကလေး ၁ ဦးသည် မပေါက်ကွဲသေးတဲ့ ဗုံးကိုကိုင်တွယ်မိရာက ဗုံးပေါက်ကွဲလို့လက်ချောင်းတွေပြတ်ပြီး အခြားကလေး ၁ ဦးကိုလည်း ဗုံးအစတွေထိမှန်ဒဏ်ရာရခဲ့တယ် လို့ သိရပါတယ်။ “ကလေးဆိုတော့ ဘာမှမသိဘူးလေ ဆော့စရာထင်ပြီး ကိုင်ကြည့်တာနေမှာပေါ့။ ဗုံးက ပေါက်ကွဲပြီး ကလေး တွေ အတော်ဒဏ်ရာရသွားတယ်။ ” ဒေသခံတစ်ဦးက ပြောပါတယ်။
ဆီဆိုင်မြို့ပေါ် ပြန်နေကြသူတွေအနေနဲ့ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်နဲ့ မြေမြုပ်မိုင်းတွေကို တွေ့ရင်သက် ဆိုင်ရာတွေကို အကြောင်းကြားကြဖို့နဲ့ မကိုင်တွယ်မိကြဖို့၊ အနားမသွားကြဖို့ သွားတာလာတာ အထူးသတိထားကြဖို့နဲ့ အထူး သဖြင့် ကလေးတွေကို ပိုဂရုစိုက်ကြဖို့ စစ်ဘေးရှောင်အချင်းချင်း သတိပေးနေကြကြောင်း သိရပါတယ်။ မေ ၁၁ ရက်က ပအိုဝ်း လူငယ်အစည်းအရုံးရဲ့ ထုတ်ပြန်ချက်မှာ ရှမ်းတောင် တိုက်ပွဲ ၁၁၂ ရက်အတွင်း  ထိခိုက်ဒဏ်ရာတဲ့ ပြည်သူ ၉၂ ဦး ရှိနေပြီး ထိခိုက် ဒဏ်ရသူ ကလေးငယ် ၁၃ ဦးမှာ မိုင်းနင်းမိ်တာ၊ ကြွင်းကျန်လက်နက်ကြီး ကျည်ပေါက်ကွဲတာကနေ ထိခိုက်ဒဏ်ရာရခဲ့တာဖြစ် ကြောင်း ဖော်ပြထားပါတယ်။ Read ni full

၁၃။ ဘီးလင်းတွင် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင် ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး
 May 16, 2024
မွန်ပြည်နယ်၊ဘီးလင်းမြို့နယ်တွင် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ စက်သုံးဆီ အရောင်းဆိုင်ပိုင်ရှင် ၂ ဦး ပစ်ခတ် ခံရပြီးသေဆုံးသွားကြောင်း ဒေသပြည်သူများက ပြောဆိုသည် ။ မေလ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်  ဘီးလင်းမြို့နယ်တွင် စစ်တပ်အတွက် အလုပ်လုပ်နေသူ “ကောင်းမြတ်ပြည့်စုံ” စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင် နိုင်လင်းထွန်း(ခ) ကိုနိုင်နှင့် “စံပြ” စက် သုံးဆီအရောင်းဆိုင်ပိုင်ရှင် မွန်ကြီး(ခ) အောင်ထွေးတို့ စကားပြောနေစဉ် သေနတ်သမားတချို့က ဝင်ရောက်ပစ်ခတ်ကြောင်း၊ မွန်ကြီး(ခ)အောင်ထွေးက သေနတ်သမားကို ပြန်လည် လုံးထွေး ခုခံခဲ့သော်လည်း နိုင်လင်းထွန်း(ခ) ကိုနိုင်နှင့် မွန်ကြီး(ခ) အောင်ထွေး တို့  ၂ ဦးစလုံး သေဆုံးခဲ့ကြောင်း သိရှိရသည်။
“ဖြစ်တာက စစ်တပ်အတွက် အလုပ်လုပ်နေတဲ့ ကိုနိုင်ကို သေနတ်သမား ၂ ဦးက ဝင်ပစ်တာ။ အဲဒါကို စကားပြောနေတဲ့ မွန်ကြီးက သေနတ်သမားတွေကို ဝင်ပြီး နပန်းလုံးတယ်။ အဲဒီမှာ မွန်ကြီးပါ အပစ်ခံရပြီး သေတာ။ ၂ ဦးစလုံးက ဆီဆိုင်ဖွင့်ထား တယ်။ စစ်တပ်အတွက်အလုပ်လုပ်ပေးနေတာ။ဟိုတလောကအသတ်ခံလိုက်ရတဲ့ တောင်စွန်းရာအိမ်မှူး ပျူစောထီး ကျော်ကျော် နဲ့တစ်ဖွဲ့တည်းပါ။ အခုတောင်စွန်းအုပ်ချုပ်ရေးမှူးလည်းရှောင်နေပြီ။ လွန်ခဲ့တဲ့ ရက်ပိုင်းက  တောင်စွန်းပျူစောထီး နိုင်ထူးအောင် ဆိုတဲ့လူအပစ်ခံရသေးတယ်။ မသေဘူး။ ဒဏ်ရာရသွားလို့ရွာမှာမနေရဲတော့ဘဲ ထွက်ပြေးနေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။ အသတ်ခံရသူ ၂ ဦးစလုံးသည် ပျူစောထီးအဖွဲ့ကို အမာခံငွေကြေးထောက်ပံ့သူများဖြစ်သည့်အပြင် စစ်တပ်နှင့်ပူး တွဲ အလုပ်လုပ်နေသူများဖြစ်ကြောင်း၊ တော်လှန်ရေးရဲဘော်များ၏ သတင်းနှင့် CDM သတင်းများကို လိုက်လံစုံစမ်းသူများလည်း ဖြစ်ကြောင်း သိရှိရသည်။ Read ni full

၁၄။ လက်နက်ကြီး၊ မြေမြုပ်မိုင်းကြောင့် ညောင်လေးပင်ခရိုင် ဒေသခံများသေဆုံးဒဏ်ရာရ
 May 16, 2024
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၃ နယ်မြေဖြစ်သည့် ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်( ခလယ်လွီထူ ခရိုင်)၊ မုန်းမြို့နယ်( မူးမြို့နယ်)နှင့် ကျောက်ကြီးမြို့နယ်(လယ်ဒိုမြို့နယ်) များတွင် စစ်ကောင်စီတပ်က ပြည်သူလူထုများနေထိုင် ရာ ကျေးရွာအတွင်းနှင့် လုပ်ငန်းခွင်များအတွင်းသို့ လက်နက်ကြီးများပစ်ခတ်ခြင်း၊ မြေမြှုပ်မိုင်းများထောင်ထားခြင်းတို့ကြောင့် ပြည်သူ ၂ ဦး ခန့်အသက်သေဆုံးခဲ့ရပြီး ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ရသည်ဟု KNU က ယနေ့တွင် ထုတ်ပြန်သည်။  မုန်းမြို့နယ် သို့ စစ်ကောင်စီတပ်၏ တပ်မ (၇၇)၊ (၉၂)၊ (၉၃)၊ (၄၄) တပ်များပူးပေါင်းထားသည့် စစ်ကြောင်းများသည် ၂၀၂၄ ခုနှစ် ဧပြီလ (၃) ရက်တွင်စစ်ကြောင်းထိုးခဲ့သည်။ ထို့နောက် ထိုစစ်ကြောင်းကထောင်ထားသည့် မြေမြှုပ်မိုင်းအားနင်းမိပြီး ရေလဲ (ဗမာ) ကျေးရွာ နေ စောကျူကျူ (၂၀) နှစ်နှင့် ဝိုင်းတူ(အနောက်)ရွာနေ ဇင်ရာအောင်တို့ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။  ထိုနေ့တစ်ရက်တည်း မှာပင် ခမရ−၄၃၉ တပ်ရင်းက လက်နက်ကြီးပစ်ခတ်ခဲ့ရာ ကင်းမွန်ချို၊ ငတိုးခင်ကျေးရွာ၊ ဘုရားလှဟ၊ ဝိုင်းကြီးစသည့် ကျေးရွာ များအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည်။
ကျရောက်ပေါက်ကွဲမှုကြောင့် ငတိုးခင်ကျေးရွာနေ ဒေါ်မသီ (၅၂)နှစ် လက်နက်ကြီးထိမှန် သေဆုံးခဲ့ပြီး မောင်ကောင်းခန့်သူရလွင် (၁၄) နှစ်မှာ ထိခိုက်ဒဏ်ရာရ ရှိခဲ့ရသည့်အပြင် ဘုရားလှဟကျေးရွာနေ  ဦးတင့်ကြည် (၆၅) နှစ်သည် လည်း လက်နက်ကြီး ထိမှန်သေဆုံးခဲ့ပြီး ဒေါ်ကွယ်ထော (၆၁) နှစ် နှင့် (၂)တင်ဇာဦး (၃၄) နှစ် တို့ ထိ ခိုက်ဒဏ်ရာရရှိခဲ့သည်။  ထို့အပြင် ကင်းမွန်ချိုကျေးရွာနေ  ဦးဝင်းနိုင် (၅၇) နှစ်သည်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNU ၏ ထုတ်ပြန်ချက်တွင်ဖော် ပြထားသည်။ မေလ (၁၄) ရက် နံနက် ၁၀ နာရီ ၅၃မိနစ် အချိန်တွင် ပိန်းဇလုပ်အခြေစိုက်ခလရ−၂၆၄ တပ်ရင်းက (၁၂၀)မမ လက်နက်ကြီး (၂)လုံးအား ကြိတ်ကွင်းရွာအတွင်းသို့ပစ်ခတ်ခဲ့ရာ နော်အေးထွေး (၃၅)နှစ် ညာဘက်ခြေထောက်နှင့် ဗိုက်တို့အား လက်နက်ကြီး ထိမှန်ပြီး ဒဏ်ရာရရှိခဲ့သည်ဟု KNU ကထုတ်ပြန်ထားသည်။ Read ni full

၁၅။ နောင်ချိုမြို့နယ် သုံးဆယ်ကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီး ထပ်မံပစ်ခတ်၊ လူ ၇ ဦး ထိခိုက်ဒဏ်ရာရ
 May 16, 2024
နောင်ချိုမြို့နယ် သုံးဆယ်ရွာသို့ စစ်ကောင်စီတပ် လက်နက်ကြီး ထပ်မံပစ်ခတ်လို့ အရပ်သား ၇ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၂ လုံး ပျက်ဆီးသွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ မေလ ၁၅ ရက် ည ၉ နာရီအချိန်မှာ စစ်ကောင်စီတပ်က ပန်ပွဲကျေးရွာတစ်ဝိုက်ကနေ လက်နက်ကြီး ၂ လုံးဖြင့် ပစ်ခတ်လာတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “ဘယ်ကနေပစ်တာ လဲတော့သေချာမသိဘူး။ ပန်ပွဲရွာအနီးတဝိုက်ကပဲ။ တပ်ရင်းကလည်းမသိဘူး။ အုမ္မတီး၊အုမ္ခခါးကတပ်တွေပဲဖြစ်မယ်” လက်နက် ကြီးက သုံးဆယ်ကျေးရွာတွင်းက ရပ်ကွက်တွေထဲ ကျရောက်ပေါက်ကွဲတာ ဖြစ်တယ်လို့လည်းဆိုပါတယ်။
နောင်ချိုမြို့နယ် သရက်ကုန်း နဲ့ အခြားကျေးရွာတွေဘက်ကို စစ်ကောင်စီတပ်က နေ့စဥ်လိုလို လက်နက်ကြီး ပစ်ခတ် တိုက်ခိုက်လျက်ရှိပြီး ဒီကနေ့ နေလည် ၂ နာရီ အချိန်ထိ ပစ်ခတ်​နေဆဲ ဖြစ်ပါတယ်။ သုံးဆယ်ရွာထဲမှာ တော်လှန်ရေးတပ်ဖွဲ့တွေ ရှိမယ်အထင်နဲ့ လက်နက်ကြီးပစ်ခတ်တာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကြောင့် ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့မှာ သုံးဆယ်ရွာက ၂ ဦးသေဆုံး ၄ ဦး ဒဏ်ရာရခဲ့ပြီး ဇန်နဝါရီ ၁၁ရက်နေ့ကလည်း စစ်ကောင်စီ ဘက်က လက်နက်ကြီးတွေ ပစ်ခတ်လာလို့ သုံးဆယ်ရွာကပဲ ဒေသခံ ၃ ဦးသေဆုံးခဲ့ဖူးပါတယ်။

၁၆။ စစ်တွေတွင် ဧည့်စာရင်းအကြောင်းပြ ဖမ်းဆီးမှု ပြန်ကြမ်းနေ
 May 16, 2024
ရခိုင်ပြည် စစ်တွေမြို့တွင် စစ်ကောင်စီက ဧည့်စာရင်းအကြောင်းပြပြီး ဖမ်းဆီးမှု ပြန်ကြမ်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ဧပြီလအတွင်း ဖမ်းဆီးစစ်ဆေးမှု အနည်းငယ်ငြိမ်ခဲ့သော်လည်း ယခု မေလအတွင်း တင်းတင်းကျပ်ကျပ် ပြန်လုပ်နေ သည်။ စစ်ကောင်စီစစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်များပူးပေါင်းကာ ရပ်ကွက်အလိုက်လူနေအိမ်များ၊ ဘုန်းတော်ကြီးကျောင်းများသို့ညည့် အချိန်ဝင်ရောက်စစ်ဆေးနေရာ ရက်ပိုင်းအတွင်း ဒေသခံ ၃၀ ထက်မနည်း ဖမ်းဆီးခံထားရကြောင်း စစ်တွေမြို့ခံတစ်ဦးက ပြော သည်။ “ဧည့်စာရင်းဝင်စစ်ရင်းဖမ်းနေတာ ၃ ရက်လောက်ရှိပါပြီ။ အဓိက ဘုန်းတော်ကြီးကျောင်းတွေကိုဝင်စစ်တယ်။ ပြီးတော့ ရပ်ကွက်အလိုက် နေအိမ်တွေ။ သူတို့ စစ်ဆေးတာအခါ အဆင်မပြေရင် ဖမ်းသွားကြတယ်။ အခုဆို ၃၀ ထက်မနည်း အဖမ်းခံ ထားကြရပြီ။ ” ဟု ပြောသည်။
ရဲနှင့် စစ်ကောင်စီတပ်သားများ အဓိက စစ်ဆေးမှုရှိသည့်နေရာများမှာ အုန်းတပင်၊ ရွာကြီးမြောက်၊ ဆင်ကူးလမ်း၊ ရက္ခ မဏ္ဏိုင်ဘုန်းတော်ကြီးကျောင်း အပါအဝင် ဘုန်းတော်ကြီးကျောင်းအချို့ဖြစ်ကြောင်း သိရသည်။ ထိုကဲ့သို့ ဧည့်စာရင်းစစ်ဆေး ကာ ဖမ်းဆီးနေသည့်အပြင် ရပ်ကွက်အလိုက် ဧည့်စာရင်းတိုင်ကြားရာတွင်လည်း ကျပ် ၅၀၀၀ မှ ၁၀၀၀၀ အထိ ပေးဆောင်နေရ သည်ဟု စစ်တွေဒေသခံ နောက်တစ်ဦးက ပြောသည်။” ဧည့်စာရင်းစစ်တာ အဆင်မပြေရင် အဖမ်းခံရတာဆိုတော့ ရပ်ကွက်အုပ် ချုပ်ရေးမှူးတွေအတွက် အခွင့်ရေးတစ်ခု ဖြစ်သွားတယ်ပြောရမယ်။ အခုက စစ်တွေမှာ ဧည့်စာရင်းစျေးကွက်တစ်ခုဖြစ်နေပြီ။ ဧည့်စာရင်းတစ်ခါတိုင်ရင် ကျပ် ၅၀၀၀ ကနေ ၁၀၀၀၀ အထိ ပေးနေကြရတယ်။ ” ဟု ပြောသည်။ စစ်တွေမြို့၏ လက်ရှိအခြေ အနေမှာ နှစ်ဖက်စစ်ရေးတင်းမာနေဆဲဖြစ်ပြီး မြို့ခံလူထုများမှာမူ စစ်ကောင်စီတပ်၏ အဖက်ဖက်မှ ပိတ်ဆို့ခြင်းကို ခံနေကြရဆဲ ဖြစ်သည်။ Read ni full

၁၇။ မိုးမောက်နှင့် မံစီရှိ စစ်ကောင်စီတပ်ရင်းများကို  KIA ယနေ့ ဆက်လက်ထိုးစစ်ဆင်
 May 17, 2024
ကချင်ပြည်နယ် မိုးမောက်မြို့နယ်၌ ကျန်နေသည့် စစ်ကောင်စီ​၏ တပ်ရင်း ခမရ(၄၃၇)ကို ကချင်လွတ်လပ်ရေး တပ်မတော်(KIA)က ယနေ့(မေလ ၁၇ ရက်)တွင် ဆက်လက်ထိုးစစ်ဆင်လျက်ရှိသည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပြ သည်။ မိုးမောက်မြို့ကို KIA က မေလ ၈ ရက်တွင် ထိန်းချုပ်ခဲ့ပြီးနောက် မြို့အနီး ကျန်နေသည့် စစ်ကောင်စီတပ် ခမရ(၄၃၇)ကို မေလ ၉ ရက်မှစပြီး ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။ ယနေ့ (မေလ ၁၇ ရက်) နံနက်တွင်လည်း အဆိုပါတပ်ရင်းကို ဆက်လက်ထိုးစစ်ဆင်လျက်ရှိပြီး တိုက်ပွဲအသေးစိတ် အခြေအနေများကို စုံစမ်းနေဆဲဖြစ်သည်။ ကချင်ပြည် နယ် မံစီမြို့နယ်၌ ကျန်နေသည့် စစ်ကောင်စီတပ်ရင်း ၂ ခုတွင်လည်း မေလ ၁၇ရက်တွင် တိုက်ပွဲဆက်ရှိနေသည်ဟုဆိုသည်။
မေလ ၇ ရက်တွင် မံစီမြို့ရဲစခန်းကို သိမ်းပိုက်ခဲ့ပြီး ယခုရက်ပိုင်းအတွင်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်များကို KIA တိုက်ခိုက် ရှင်းလင်းနိုင်ခဲ့သည်။ ထို့နောက် မံစီရှိ မခရ(၃၁၉)၊ ခမရ(၆၀၁) တပ်ရင်းများကို KIA က ဆက်လက်ထိုးစစ်ဆင်နေခြင်းဖြစ်သည်။ ခမရ(၄၃၇)တပ်ရင်းကို သိမ်းနိုင်ပါက မိုးမောက် မြို့နယ်တစ်ခုလုံးကို KIA က အပြီးသတ်ထိန်းချုပ်နိုင်မည်ဖြစ်ပြီး ခမရ(၃၁၉)နှင့် ခမရ(၆၀၁) တပ်ရင်းများကို သိမ်းနိုင်ပါက မံစီမြို့နယ်တစ်ခုလုံးကို ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြော ပြသည်။ စစ်ကောင်စီတပ်ကဘက်လည်း ၎င်းတို့တပ်စခန်းများ မကျရေးအတွက် လေကြောင်း ပစ်ကူပေး တိုက်ခိုက်မှုများဖြင့် ခုခံလျက်ရှိသည်။ Read ni full

၁၈။ SSPP တပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ
 May 17, 2024
ရှမ်းမြောက် ‌ဒေသတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာ တွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ သီပေါမြို့နယ်၊ ဝင်းဦးတံတားထိပ်၊ ရေပူစမ်း(ဆွန်အွိုက်)ကျေးရွာနေ အမျိုးသမီး တစ်ဦးရဲ့ မိသားစုဟာ ရွာကနေ ဒေသတွင်း တိုက်ပွဲတွေကြောင့် ၂၀၂၃ ခုနှစ်ကတည်းက ထိုင်းနိုင်ငံကို ထွက်ပြေး တိမ်းရှောင်ပြီး အလုပ်လုပ်နေကြတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပါတ်က SSPP တပ်သားတွေက အခွန်မပေးရင် ကျေးရွာကအိမ်ကို သိမ်းမယ်၊ နေအိမ်အသိမ်းမခံချင်ရင် ထိုင်းကနေပြန်လာပြီး ကျပ်သိန်း ၆၀ နဲ့ ရွေးဖို့ ကျေးရွာလူကြီး တစ်ဦးကတဆင့် အကြောင်းကြားလာ တာကြောင့် ပြန်လည်ရွေးခဲ့ရတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
အိမ်သိမ်းဆည်းခံရပြီး ငွေပေးပြီး ပြန်ရွေးခဲ့ရသူ တစ်ဦးက”သိန်း ၆၀ နဲ့ပေးလိုက်ရတယ်၊ ရွာကို ပြန်မနေချင်တော့ဘူး၊ မြို့ထဲမှာပဲ ရှာပြီးနေတော့မယ်၊ ရွာလူကြီးတွေကလဲ သူတို့ဖက်က သူတို့က အကုန်လုံးသိမ်းချင်တာ၊ သူတို့သိမ်းပိုင်ခွင့်မရှိလို့လေ အထက်ကိုပြောပြီးသိမ်းတာတဲ့ ပိုက်ဆံသိန်း ၆၀ နဲ့လျော်ရတယ်”လို့ ပြောပါတယ်။ SSPP အောက်ခြေအဆင့် တပ်ဖွဲ့တွေက နေအိမ်သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတဲ့ ဖြစ်စဉ်တွေကို တာဝန်ရှိသူ အထက်အရာရှိတွေက မသိရှိရဘဲ လုပ်နေတာတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “အောက်ခြေအဆင့်က လူတွေကလုပ်နေတာ၊ အထက်ပိုင်းကလူကြီးတွေမသိတာများတယ်၊ အရင် က ကိစ္စတစ်ခုမှာလဲ အထက်ကိုပြောမှ သူတို့မသိဘဲဒေသတပ်ဖွဲ့က လုပ်နေတာလို့ ပြောပြီး ပြန်ဖြေရှင်းပေးတယ်၊  ခုလဲ ဒီတစ်ရွာ တည်းမဟုတ်ဘူး၊ ရွာတိုင်းနီးပါးဖြစ်နေတာဆိုတော့ အထက်က သိဖို့လိုတယ်၊ ငွေညစ်ခံရတဲ့ မိသားစုတွေက အပေါ်ကိုလဲ မဆက် သွယ်ရဲကြဘူး၊ အောက်ခြေက အသက်အန္တရာယ်ပေးမှာစိုးလို့”လို့ ယင်းကိစ္စကို ကူညီသူတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ် တွေ ဝန်းရံထားတဲ့ သီပေါမြို့နယ်ဟာ လက်ရှိမှာ  ရွှေဆိုင်နဲ့ဘဏ်တွေ ဓားပြတိုက်လုယက်ခံနေရတာ၊ ဆက်ကြေးတွေ ပေးနေရ တာအပြင် အခုလို အဝေးရောက်နေသူတွေရဲ့ အိမ်တွေကို SSP/SSA က သိမ်းပြီး ငွေတောင်းနေတာတွေဖြစ်ပေါ်နေတဲ့အပေါ် ဒေသခံပြည်သူတွေရဲ့ဘဝ တွေမလုံခြုံဘဲ စိုးရိမ်ထိတ်လန့်စွာနေထိုင်နေရတယ်လို့ သိရပါတယ်။ Read ni full

၁၉။ တောင်ပိုင်းစစ်ဒေသတွင် ဧပြီလအတွင်း တိုက်ပွဲပေါင်း ၇၁ ကြိမ်ဖြစ်ပွားကာ တော်လှန်ရေးတပ်ဖွဲ့ဝင် ၃၂ ဦးကျဆုံး
 May 17, 2024
တောင်ပိုင်းစစ်ဒေသအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသည်  ပြီးခဲ့သည့် ဧပြီလ တစ်လတာ တိုက်ပွဲများတွင် ဖာပွန်မြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး သင်္ကန်းညီနောင်ရှိ ခမရ-၃၅၅၊ ၃၅၆ ၊ ၃၅၇ တပ်ရင်းများနှင့် ဗျူဟာကုန်းအား တိုက်ခိုက်သိမ်းပိုက် ခဲ့ခြင်းများ အပါအဝင် စခန်းသိမ်းတိုက်ပွဲ ငါး ကြိမ်ဆင်နွှဲခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသက သတင်းထုတ်ပြန်ထားသည်။ ထို့ပြင် တစ်လတာအတွင်း စစ်ကောင်စီတပ်များနှင့် ထိတွေ့တိုက်ပွဲပေါင်း ၇၁ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်တပ်က တပ်စွဲထားသည့် စခန်းများ၊ စစ်ကြောင်းများကို ဒရုန်းဖြင့်တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ စနိုက်ပါဖြင့် ပစ်ခတ်ခြင်း၊ မိုင်းဆွဲတိုက်ခိုက် ခြင်းများနှင့် စစ်ကောင်စီဒေါက်တိုင်များကို တိုက်ခိုက်ခြင်းများလည်း အောင်မြင်စွာ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ပွဲများအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ရဲဘော် ၃၂ ဦးကျဆုံးခဲ့ရပြီး ၁၃၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်းလည်း တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားသည်။
စခန်းသိမ်းတိုက်ပွဲနှင့် ထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီထံမှ လက်နက်ခဲယမ်း မျိုးစုံနှင့် ကျည်အများအပြား သိမ်း ဆည်းရမိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၃၀ ဦးသေဆုံးခဲ့ကာ ၂၄၁ ဦးဒဏ်ရာရရှိခဲ့ပြီး ၅၇ ဦး အရှင်ဖမ်းဆီးရမိခဲ့ကြောင်းလည်းသိရ သည်။ အဆိုပါ တိုက်ပွဲများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ Force For Federal Democracy(FFD)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။ ယခုအခါ သိမ်းပိုက်ထားနိုင်သည့် ဖာပွန်မြို့အပါအဝင် ဗျူဟာကုန်းများကို တောင်ပိုင်း စစ် ဒေသမှတပ်ဖွဲ့များက ဆက်လက်ထိန်းချုပ်ထားနိုင်ပြီး မြဝတီအာရှလမ်းမကြီးတလျောက် ထိန်းချုပ်ရန် စစ်ကြောင်းထိုးလာသည့် တပ်မ-၅၅၊ စကခ-၁၂ လက်အောက်ခံတပ်များကိုလည်း မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက စောင့်ကြိုတိုက်ခိုက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ Read ni full

၂၀။ ရေဖြူမှာ လက်နက်ကြီးကျလို့ မောင်နှမနှစ်ဦးသေဆုံး
 May 16, 2024
တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကံပေါက်ဒေသ ဇာဒီရွာမှာ မေလ ၁၅ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်က ပစ်ခတ် လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အသက် ၁၆ နှစ်အရွယ် မောင်အောင်မျိုးဇော်နဲ့ အသက် ၁၁ နှစ် အရွယ် မပွင့်ပွင့်တို့ မောင်နှမနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲဖြစ်တာမရှိဘဲ မောရ၀တီ ရေတပ် စခန်းဌာနချုပ်အနီးမှာရှိတဲ့ စစ်ကောင်စီတပ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော် မတီ (ထားဝယ်ခရိုင်) ရဲ့ ဦးဆောင်ကော်မတီဝင် ကိုမင်းလွင်ဦးက ပြောပါတယ်။
“ကလေးနှစ်ယောက်က အိမ်အနောက်ဘက်မှာ ထမင်းစားနေကြတာ။ အဲဒီအပေါ်လက်နက်ကြီးကျလို့ တစ်ခါတည်း သေသွားတာ။ သူတို့က အရပ်သားပြည်သူတွေလည်း ဂရုမစိုက်ဘူးဆိုတဲ့ ပုံစံဖြစ်လာတာပေါ့။ တနင်္သာရီမှာ စစ်ဘောင်ကကျယ် လာတော့ ဒီလိုထိခိုက်သေဆုံးမှုတွေရှိလာတာ စိုးရိမ်စရာကောင်းတယ်” ထားဝယ်ခရိုင်အတွင်းမှာ အရပ်သားတွေအတွက် လက် နက ကြီးနဲ့ လေကြောင်းအန္တရာယ်ကနေ ဘေးကင်းလုံခြုံဖို့ အသိပညာပေးမှုတွေ လုပ်နေတယ်လို့လည်း သူကဆိုပါတယ်။  မေလ ၈ ရက်နဲ့ ၁၀ ရက်နေ့ ကလည်း သရက်ချောင်းမြို့နယ်၊ ကနက်သီရိရွာကို စစ်ကောင်စီတပ်က လေကြောင်းက တိုက်ခိုက်ခဲ့လို့ အသက် ၁၆ နှစ်အရွယ် ကလေးနှစ်ဦးနဲ့ အမျိုးသားသုံးဦး စုစုပေါင်း ငါးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။  Read ni full

၂၁။ ဘီးလင်းမြို့နယ်၌ စစ်တပ်ပစ်ခတ်မှုကြောင့် လူ ၂၀၀၀ ကျော် အိုးအိမ်စွန့်ခွာ တိမ်းရှောင်
 May 17, 2024
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် မွန်ပြည်နယ်၊ ဘီလင်းမြို့နယ်မှာ မေ ၆ ရက်ကနေ မေ ၁၇ ရက်ဒီကနေ့အထိ ကျေးရွာပေါင်း ၅ ရွာရှိ  လူဦးရေ ၂၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ခွာထွက်ပြေးနေကြရတယ်လို့ မွန်ပြည်လူ့ အခွင့်အရေးဖောင်ဒေးရှင်းက သတင်းထုတ်ပြန်ပါတယ်။ မေ ၆ ရက်ကစပြီး ဘီးလင်းခြေစိုက် အမှတ် ၃၁၄ တပ်ရင်းကနေပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် ဘီးလင်းမြို့နယ်ရှိ ရွှေရောင်ပြကျေးရွာ၊ ခလောက်အင်း၊ မရန်းကုန်း၊ မိချောင်းအိုင်၊ အဝန်း ကြီး‌ကျေးရွာက  ပြည်သူတွေဟာ နီးစပ်ရာ တောတောင်စိုက်ခင်းတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြတာပါ။ မွန်ပြည်လူ့အခွင့် အရေးဖောင်ဒေးရှင်းက နိုင်အဲမွန်က “အဓိကကတော့ သူတို့က လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်တာ။ ဒါသူတို့ရဲ့ စစ်ဗျူဟာ တခု ဖြစ်တယ်။ ဒီပြည်သူတွေက ရှိနေတဲ့ အတွက်ကြောင့် တော်လှန်ရေးအင်အားစုတွေက သူတို့ မှီခိုပြီးတော့ စစ်တိုက်နေရခြင်း ဖြစ်တယ်လို့ သူ့တို့ရဲ့ယေဘုယျယူဆချက်ကို သူတို့က အားနည်းသွားအောင် ပျော့ပြောင်းသွား အောင်၊ ပြိုကွဲသွားအောင်ဆိုလို့ ရှိရင် သူကပြည်သူကို အမြဲတမ်းပစ်မှတ်ထားတယ်။ ဆိုတော့ ပြည်သူတွေကို အမြဲတမ်းလက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ တောက်လျှောက်လုပ်တယ်။ ကင်းထောက်လေယာဉ်တွေ လွှတ်တယ်။ အခန့်မသင့်ရင်လည်း ကင်းထောက်လေယာဉ်တွေ က ဗုံးကြဲချတယ်။ စစ်သေနတ်နဲ့ပစ်လည်းရှိတယ်။ ဆိုတော့ ကျနော်တို့ အခုထုတ်ပြန်ထားတဲ့ နေရတွေကလည်း ဒီလိုပဲ ပြည်သူ တွေကို ပစ်မှတ်ထားတဲ့အတွက် ပြည်သူတွေက ဘေးလွတ်မယ်လို့ ထင်တဲ့နေရာတွေကို အုပ်စုလိုက် မိသားစုလိုက် ထွက်ပြေးရ တာဖြစ်တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ကလေးသူငယ်တွေအပါအဝင်  ဒေသခံပြည်သူ ၆ ဦး သေဆုံးခဲ့ရပြီး‌ ၉ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့လည်း မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းက နိုင်အဲမွန် ကပြောပါတယ်။ “သေဆုံးသူအရအတွက် ကလေးငယ်အပါဝင် အခုဆိုရင် ၆ ယောက်ရှိပြီ။ ဒဏ်ရာသူတွေက ၉ ယောက်ရှိပြီး ကိုယ်ဝန်ဆောင်မိခင်တဲ့ နို့စို့အရွယ် ကလေး လည်းပါတယ်။ ဒါတွေဟာ ဆိုးဆိုးဝါးဝါးပဲ။ အမြဲတမ်းလည်းဖြစ်တယ်။ အမြဲတမ်းလည်း ကျနော်တို့ လက်ခံရရှိနေတဲ့ အခြေအနေ တွေ ဖြစ်နေတယ်။” ဒါအပြင် လက်ရှိအချိန်မှာ မိုးဦးရာသီ မိုးရာသီရောက်တော့မှာဖြစ်တာကြောင့် ဒေသခံစစ်ရှောင်တွေအတွက် အမိုးအကာနဲ့ စားဝတ်နေရေးအရေးပေါ်လိုအပ်နေပါတယ်။ Read ni full

၂၂။ TNLA စစ်ဒေသ၌ အပစ်ရပ် ၄ လအတွင်း စစ်တပ်က အကြိမ် ၁၆၀ ကျော် တိုက်ခိုက်
 May 16, 2024
တရုတ်ကြားဝင်စေ့စပ်ပေးတဲ့ ဟိုက်ဂင်သဘောတူညီချက် စတင်အသက်ဝင်တဲ့နေ့ကစလို့ ၄ လအတွင်း TNLA စစ်ဒေသ မှာ စစ်ကောင်စီတပ်က မြို့နယ် ၁၃ ခုမှာ တိုက်ခိုက်မှုအကြိမ် ၁၆၀ ကျော် ပြုလုပ်ခဲ့တာကြောင့် အရပ်သား ထိခိုက်၊ သေဆုံးမှုတွေ ရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးကာလမှာ မြို့ ၁၄ ခုထက်မနည်း လက်လွှတ်လိုက်ရတဲ့နောက် စစ်ကောင်စီတပ်က ဇန်နဝါရီလဆန်းပိုင်းမှာ ညီနောင် ၃ ဖွဲ့နဲ့ “ဟိုက်ဂင်သဘောတူညီချက်” ပြုလုပ်ပြီး ယာယီအပစ်ရပ်ထားတာ ဖြစ်ပါတယ်။ အဲဒီသဘောတူညီချက်မှာ နှစ်ဖက်တပ်တွေအကြား ထိတွေ့မှုမရှိဖို့ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA) ကိုးကန့်တပ်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ရဲ့ ထိန်းချုပ်ဒေသတွေထဲကို လေကြောင်း၊ လက်နက်ကြီးတွေ မပစ်ဖို့ပါ သဘောတူခဲ့ကြတာပါ။
TNLA သတင်းပြန်ကြားရေးတာဝန်ခံ လွေးယေဦးက “တိုက်ပွဲကတော့ ကျမတို့ ရပ်ထားဦးမှာပေါ့လေ။ လက်ရှိက အုပ်ချုပ်တဲ့ မြို့နယ် ၇ မြို့နယ်မှာပဲ ပြန်လည်ထူထောင်ရေး လုပ်ငန်းကို အဓိကဦးစားပေးပြီး လုပ်သွားမယ်။ ပြီးရင် ဒီအုပ်ချုပ်ရေး ယန္တရားကိုလည်း အဓိကတော့ ဒီနှစ်ခုကိုပဲ လည်ပတ်အောင် ဦးစားပေးပြီး လုပ်ဆောင်သွားမယ်။ စစ်ရေးကျ‌တော့ စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်ပေါ်မှာ မူတည်သွားတယ်။ စစ်ကောင်စီက ကျမတို့ သည်းခံနိုင်မှု အတိုင်းအတာကို ကျော်သွားပြီဆိုကာမှ ပြန်လည်ပြီးတော့မှ တုံ့ပြန်တာမျိုးရှိမှာ” လို့ ပြောပါတယ်။ TNLA ရဲ့ စစ်ဒေသတွေထဲက အရပ်သားပစ်မှတ်တွေကို ဦးတည်ပြီး စစ်ကောင်စီဘက်က လုပ်ဆောင်ခဲ့တဲ့ လက်နက်ကြီး၊ လေကြောင်းပစ်ခတ်မှုတွေကို ထုတ်ပြန်ခဲ့တာလို့ ပြောပေမဲ့ “ဟိုက်ဂင် သဘောတူညီချက်” ဘယ်လောက်အထိ ခိုင်မာနေလဲ ဆိုတာကိုတော့ TNLA ပြောခွင့်ရသူက ထည့်မပြောသွားပါဘူး။ Read ni full

၂၃။ ရခိုင်ပြည်နယ်တွင်း တိုက်ပွဲများကြောင့် ရိုဟင်ဂျာများ ရပ်တည်ရေး ခက်ခဲ
 May 17, 2024
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲတွေကြောင့် ရိုဟင်ဂျာတွေ ဘဝရှင်သန်ရပ် တည်ရေး ခက်ခဲနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရခိုင်ပြည်နယ်ထဲမှာ စစ်ကောင်စီက ရိုဟင်ဂျာတွေကို စစ်သားသစ် အဖြစ်စုဆောင်းသင်တန်းပေးပြီး စစ်ပွဲတွေမှာထုတ်သုံးလာနေပါတယ်။ ဒါ့အပြင်ဘင်္ဂလားဒေ့ရှ်ဘက်ကိုထွက်ပြေးတဲ့ စစ်ကောင်စီ တပ်တွေထဲမှာလည်း ရိုဟင်ဂျာစစ်သားတွေပါလာသလို အခုရက်ပိုင်းလက်နက်ချ အလင်းဝင်လာတဲ့ အဖွဲ့တွေထဲမှာလည်း ပါလာ တာကို တွေ့နေရပါတယ်။ ဘူးသီးတောင်မြို့နယ်ထဲက စကစ ၁၅ ဌာနချုပ်ကို AA တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ငါးရန်းချောင်း၊ မီးကျောင်းခေါင်းဆွဲ၊ အင်းချောင်း စတဲ့ရွာတွေမှာ အုပ်ချုပ်ရေးမှူးတွေကတဆင့် အစည်းအဝေးခေါ်ပြီး တအိမ်တယောက် ရက္ခိုင့် တပ်တော် (AA) မှာ စစ်မှုထမ်းရမယ်ဆိုပြီး လူစာရင်း ကောက်ယူသွားပါတယ်။ ဘူးသီးတောင်ဒေသခံတဦးက “အခုက သင်တန်း ပြီးတဲ့သူ ၁၁၀ လောက်တော့ ပြန်လွှတ်လိုက်ပြီ။ ကိုယ့်ဒေသကို ကာကွယ်ဖို့တဲ့၊ လက်နက်တွေတော့ မပေးသေးပါဘူး။ ပထမပိုင်း တုန်းက ဖမ်းထားတာတွေလည်း အများကြီးရှိပါတယ်။ လေးငါးလလောက်တွေတောင်ရှိနေပြီ။ ခြင်းသမားအုပ်စုက အုပ်ချုပ်ရေး မှူး ရော်နီ ဆိုရင် ဖမ်းခေါ်သွားတာ ၅ လလောက်ရှိနေပြီ၊ ဘယ်မှာမှန်းတောင် မသိဘူး။ အဲဒီအရင် အဖမ်းခံထားရသူတွေလည်း ရှိသေးတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ မေ ၉ ရက်ကလည်း မောင်တောမြို့အနီးက ရွှေရင်အေးကျေးရွာကို စစ်ကောင်စီဝတ်စုံတွေ ဝတ်ထားတဲ့ ရိုဟင်ဂျာလူငယ်တစုက မီးရှို့လိုက်တယ်ဆိုတဲ့ ဗီဒီယိုဖိုင်တခုကို ၁၃ ရက်က လူမှုကွန်ရက်စာမျက်နှာတွေမှာ ထွက်ပေါ်လာခဲ့ပါ တယ်။ လွန်ခဲ့တဲ့ ၆ နှစ်ကျော်လောက်တုန်းက ရိုဟင်ဂျာရွာပေါင်း ၄၀၀ ကျော် မီးရှို့ခံခဲ့ရတုန်းက အခုလိုမျိုး လိုင်းပေါ်တက်လာခဲ့ တာမရှိခဲ့ပေမဲ့ အခုဟာကျတော့ တမင်လုပ်ပြပြီး လိုင်းပေါ်တင်နေတာက စစ်ကောင်စီက လူမျိုးရေးပဋိပက္ခ အကြီးကြီးတခု ဖန်တီးဖို့ လုပ်နေတာလို့ မောင်တောဒေသခံ ရိုဟင်ဂျာတယောက်က ပြောပါတယ်။ နောက် ရခိုင်ရွာတွေကို မီးရှို့တဲ့သူတွေက ရိုဟင်ဂျာလူငယ်တွေဆိုတာ မှန်ပေမဲ့ ဘယ်ကနေ ခေါ်ယူလာတဲ့သူတွေမှန်းတော့ မသိကြဘူးလို့ မောင်တောမြို့ပေါ်နေသူ တ ယောက် က ပြောပါတယ်။ မောင်တောမြို့နယ်ထဲမှာရှိတဲ့ ရိုဟင်ဂျာတွေက အရင်ကတည်းက AA တပ်မှာ စစ်သားအဖြစ် ဝင် ရောက် တာဝန်ထမ်းဆောင်ခဲ့တာတွေ ရှိပေမဲ့ နေရာမပေးတာ၊ လူမျိုးရေး ခွဲခြားတာတွေကြောင့် နောက်ပိုင်းမှာ ထပ်မံဝင်ရောက် တာ မရှိကြတော့ပါဘူး။ အဲဒီအချိန်မှာ စစ်ကောင်စီက မက်လုံးတွေပေးပြီး စစ်တပ်ထဲဝင်ခိုင်းတာကြောင့် မောင်တောမြို့နယ်ထဲ က ရိုဟင်ဂျာ ၃,၅၀၀ ကနေ ၄,၀၀၀ ကျော်အထိ စစ်ကောင်စီတပ်မှာ စစ်သားသစ်အဖြစ် ဝင်သူတွေ များလာကြတယ်လို့ ဒေသခံ တွေရဲ့ ခန့်မှန်းချက်အရ သိရပါတယ်။ Read ni full

 
၂၄။ စစ်ကောင်စီလက်နက်ကြီးကြောင့် သံတောင်ဒေသခံများထွက်ပြေးနေရ
 May 16, 2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ၇ မိုင်ကျေးရွာအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကြီးများဖြင့် ပစ်ခတ် နေသည့်အတွက် ဒေသခံများ တိမ်းရှောင်နေရသည်ဟု ဒေသခံများထံကသိရသည်။ မေလ ၁၅ ရက် ညဦးပိုင်း ၈နာရီခန့်ကနေ ည၁၂ နာရီအချိန်ထိ ၇ မိုင်ကျေးရွာထိပ်ရှိ စစ်ကောင်စီစခန်းကုန်းရှိတပ်ဖွဲ့ဝင်များက ၇ မိုင်ကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ၇ မိုင်ကျေးရွာ ဒေသခံအမျိုးသမီး ၁ ဦးက ”မနေ့ည ၈ နာရီလောက်ကဖြစ်တာ။ အိမ်ရှေ့မှာ ၂ လုံးလာ ကျပြီးတော့ စုစုပေါင်း ရွာထဲမှာ ၈ လုံးကျတယ်။ ကျွန်မတ်ို့အိမ်မှာ ပထဆုံး ၁ လုံးလာကျတော့ အစပဲစင်တယ်။ နောက် ၁ လုံး လာကျတဲ့အချိန်ကျတော့ နံရံတွေပေါက်ကုန်တယ်”ဟုဆိုသည်။ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ၇ မိုင်ကျေးရွာ အတွင်းရှိနေအိမ်အချို့နှင့် ဆိုလာပြားအပြင် ကျေးရွာဒေသခံတချို့ ထိခိုက်မှုရှိခဲ့ပြီး ထိခိုက်ပျက်စီးမှုအခြေ ဆက်လက်စုံစမ်း နေဆဲဖြစ်သည်။
လက်ရှိတွင် ၇ညမိုင်ကျေးရွာရှိဒေသခံအချို့သည် နီးစပ်ရာ ဆွေမျိုးအိမ်၊ဘုန်းကြီးကျောင်းနှင့် စစ်ဘေးရှောင် ကူညီပေး ရေးနေရာများတွင် တိမ်းရှောင်နေကြရသည်ဟု စစ်ဘေးရှောင်အရေး ကူညီသူ ၁ ဦးက ဆိုသည်။ ၎င်းက “မနေ့က တစ်ညလုံးပုန်း ရှောင်နေရင်းနဲ့ မနက် ၄ နာရီလောက်မှာလည်းထပ်ပစ်တော့ အဲ့တာနဲ့သူတို့ထွက်ပြေးလာကြတယ်။ ကျွန်တော်တို့ဘက်က လော လောဆယ် စစ်ဘေးရှောင် ၁၀၀ လောက်ကို သွားခေါ်ပြီးကူညီပေးထားပါတယ်”ဟုပြောသည်။ အဆိုပါ ၇ မိုင်ကျေးရွာသည် အိမ် ခြေ ၁၅၀ ခန့်ရှိသည့် ကျေးရွာဖြစ်ပြီး ကျေးရွာဒေသခံ ထောင်ချီနေထိုင်ကာ လက်ရှိတွင် ဒေသခံထက်ဝက်ခန့် တိမ်းရှောင်နေကြ သည်ဟု ဒေသခံများ၏ ပြောပြချက်အရသိရသည်။ ၇ မိုင်ကျေးရွာထိပ်တွင် အထိုင်ချထားသော စစ်ကောင်စီတပ်သည် လက်နက် ကြီးပစ်ခတ်မှုများ မကြာခဏပြု လုပ်လေ့ရှိပြီး ၇ မိုင်ကျေးရွာကို ပထမဆုံးအကြိမ် ကျရောက်ပေါက်ကွဲခြင်းဖြစ်သည်ဟုဆိုသည်။ Read ni full

၂၅။ ပင်လောင်းမြို့နယ် စစ်ရှောင်များ စားနပ်ရိက္ခာလိုအပ်
 May 16, 2024
သျှမ်းပြည် ပင်လောင်းမြို့နယ်ရှိ ကရင်နီဘက်မှရောက်ရှိလာသည့် စစ်ရှောင်များ စားနပ်ရိက္ခာပြတ်လပ်နေပြီး အခက် အခဲများကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် ပင်လောင်းမြို့နယ် ဗန်‌မောက်ကျေးရွာရှိ ကရင်နီဘက်မှ ရောက်ရှိ လာသည့် စစ်ရှောင်များသည် ပြီးခဲ့သည့် ၂၀၂၃ ဒီဇင်ဘာမှစ၍ စားနပ်ရိက္ခာအခက်အခဲများ ကြုံတွေ့နေရပြီး၊ လက်ရှိတွင် ‌အနီး အနားရွာတွင် တိုက်ပွဲများကြောင့် စားနပ်ရိက္ခာများဝယ်ယူရန် လမ်းကြောင်းများ သွားလာခက်ခဲနေ‌ကြောင်း စစ်ဘေးရှောင် ကူညီသူ အမျိုးသားတစ်ဦးက ပြောသည်။“တိုက်ပွဲတွေလည်း ဖြစ်နေတာ အလုပ်လည်းမရှိဘူး စားဖို့၊ သောက်ဖို့လည်း ပြတ်လပ် နေပြီ၊ ရှိတာကို ချွေတာစားနေကြရတာ၊ရွာဘေးမှာတွေကလည်း တိုက်ပွဲတွေဖြစ်နေတာ သွားလာလည်း အရမ်းခက်နေတာ၊ အများစုက နေ့စားအလုပ်ပဲလုပ်နေကြတာ၊အလုပ်မရှိတော့ စားဖို့သောက်ဖို့က ပြတ်လပ်နေပြီ ”ဟု စစ်ရှောင် ကူညီသူ အမျိုးသား တစ်ဦက ပြောသည်။
“တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေရှိတယ် ထွက်လာပြီး ရွာကိုပေးမပြန်သေးတာလည်းရှိတယ်၊ ရွာတွေကို ပြန်ဖို့က လည်း လက်နက်ကိုင်အဖွဲ့တွေ ပေးမပြန်တာက တောင်မဲတင်းတို့ နောင်ဝိုးတို့ဖက်ပါ။ တိုက်ပွဲဖြစ်ပွား တဲ့နေရာက နောင်ဝိုး၊ ပင်လောင်းနဲ့ အဲ့ရွာတွေက ၄၅ မိနစ်လောက်ဝေးတယ်”ဟု ၎င်းကပြောသည်။‘၁၁.၁၁”စစ်ဆင်ရေ တိုက်ပွဲကြောင့် ကရင်နီပြည် မှ သျှမ်းပြည် ပင်လောင်းမြို့နယ်အတွင်ရှိ ကျေးရွာများတွင် လာရောက် စစ်ဘေးရှောင်နေကြပြီး စုစုပေါင်း စစ်ဘေးရှောင် ၁ သောင်း ၅ ထောင်ခန့်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် မေလ ၅ ရက်တွင်လည်း ဆောင်ပြောင်းဒေသခံကို ဦးတည်၍ စစ်ဘေး ရှောင်လာသည် လုံးပြင်းဒေသခံ နှစ်ဦးသည် နေရပ်သို့ ပြန်၍ စားနပ်ရိက္ခာများပြန်ယူနေစဉ် မြေမြုပ်မိုင်းနင်းမိ၍ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ Read ni full

၂၆။ နိုင်ငံကူးလက်မှတ်လုပ်ဖို့ ထောက်ခံစာ ရယူရာမှာ ကရင်နီပြည်သားများအခက်တွေ့ နေ
 May 16, 2024
ကရင်နီပြည်(ကယား) သားတွေအနေနဲ့ နိုင်ငံကူးလက်မှတ် ပြုလုပ်တဲ့နေရာမှာ ပြည်နယ်အစိုးရအဖွဲ့ (သို့မဟုတ်)တိုင်း စစ်ဌာနချုပ်ရဲ့ ထောက်ခံစာရယူပြီး လုပ်ဆောင်နိုင်တယ်လို့ စစ်ကောင်စီက ကြေညာခဲ့ပေမဲ့ တကယ်တမ်း ထောက်ခံစာရဖို့ အတွက် အခက်အခဲတွေရှိနေတယ်လို့ နိုင်ငံကူးလက်မှတ်ပြုလုပ်နေတဲ့ ကရင်နီပြည်ဒေသခံတွေ ပြောပါတယ်။ ” ထောက်ခံစာက စုပေါင်းရုံး(တောင်ကြီး) သွားတော့၊ ထွေအုပ်ကို သွားခိုင်းတယ်၊ ထွေအုပ်ကိုသွားတော့ ရပခ( အရှေ့ပိုင်းတိုင်းစစ်ဌာန ချုပ်)ကို သွားခိုင်းတယ်၊ အဲ့ကို သွားတဲ့ အဲ့ဒီမှာ ရမရတော့ ကျနော်လည်း မသိဘူး တပ်ထဲ ဆိုတော့ မသွားရဲ လို့ မသွားတော့ဘူးလေး။” လို့ နိုင်ငံကူးလက်မှတ်ပြုလုပ်နေသူတစ်ဦးက ပြောပါတယ်။ ၂/ မှတ်ပုံတင်ကိုင်ဆောင်သူ (ကရင်နီဒေသခံ) တွေအနေနဲ့ ထောက်ခံစာ ရဖို့အတွက်ခက်ခဲနေပြီး အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ကို ထောက်ခံစာရယူဖို့ သွားရောက်ခဲ့သူတချို့ကလည်း အကြောင်းအမျိုးမျိုးကြောင့် ထောက်ခံစာမရရှိခဲ့ဘူးလို့သိရပါတယ်။
နိုင်ငံကူးလက်မှတ်အတွက် ထောက်ခံစာရယူဖို့ခက်ခဲနေတာကြောင့် ထောက်ခံစာအတွက် ပွဲစားခ ကျပ်ငွေ ၅ သောင်း ကို သီးသန့်ပေးပြီးယူရတာမျိုးလည်း ရှိနေပါတယ်။ ဒါပေမယ့် အဲဒီကနေတဆင့် ထောက်ခံစာရဖို့က ခိုင်လုံတဲ့ အာမခံချက်တော့ မရရှိဘူးလို့လည်း နိုင်ငံကူးလက်မှတ်ပြုလုပ်နေသူတချို့ထံကနေသိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်နေ့မှာပဲ စစ်ကောင်စီက ၂/ မှတ်ပုံတင်ကိုင်ဆောင်သူ (ကရင်နီဒေသခံ)တွေကို တောင်ကြီးရုံးခွဲမှာ နိုင်ငံကူးလက်မှတ်ပြုလုပ်ဖို့ လျှောက်ထားနိုင်တယ်လို့ ထုတ် ပြန်ခဲ့ပါတယ်။ နိုင်ငံကူးလက်မှတ်ကို အွန်လိုင်းကနေ ရက်ချိန်းယူရတဲ့ QR စနစ်ဖြင့်တာ လက်ခံပြီး ကြိုတင်ငွေ ၃သောင်းခွဲ ပေးသွင်း ရတယ်လို့ သိရပါတယ် ။”QR တင်တာက လွယ်တယ်၊ ရက်ချိန်းလည်း မြန်တယ်။ ထောက်ခံစာမရတော့ ငွေ အဆုံးပဲ ပြန်လည်းမအမ်းဘူး ။ ထုတ်လည်းမထုတ်ပေးဘူး” လို့ နိုင်ငံကူးလက်မှတ်ရရှိအောင် လုပ်ပေးနေတဲ့ ပွဲစားတစ်ယောက်က ပြောပါ တယ်။ နိုင်ငံကူးလက်မှတ်ရရှိဖို့ ကိုယ်တိုင်ပြုလုပ်သူတွေက ၄ လအထိ ကြာနိုင်ပြီး ပွဲစားကနေ အပြီးအစီး ကျပ်ငွေ ၂ သိန်းပေးကာ ပြုလုပ်စေပါက တစ်လအထိသာ ကြာမြင့်တယ်လို့ ကိုယ်တိုင်ပြုလုပ်နေသူတွေဆီကနေ သိရပါတယ်။

၆။  AA ထိုးစစ်ကြောင့် သံတွဲမြို့နယ်မှ စစ်ကောင်စီဌာနဆိုင်ရာဝန်ထမ်းအများစု ရန်ကုန်နှင့် မန္တလေးသို့ရွှေ့ပြောင်း
May 16, 2024
ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် AA ၏ ထိုးစစ်ဆင်များက ရှေ့တိုးလာကာ တိုက်ပွဲပြင်းထန်နေသည့်အပြင် စစ်ပွဲများက သံတွဲမြို့နားသို့ကပ်လာနေ၍ ဌာနဆိုင်ရာဝန်ထမ်းအများစု ရန်ကုန်နှင့် မန္တလေးဘက်သို့ ရွှေ့ပြောင်းနေကြကြောင်း စုံစမ်းသိရ သည်။ သံတွဲမြို့နှင့် ၁၂ မိုင်ကျော်ဝေးသော လင်းသီ၊ ရွှေလှေတိုက်နယ်အနီးတွင် တိုက်ပွဲပြင်းနေပြီး သံတွဲမြို့အနီးသို့ တိုက်ပွဲက ကပ်လာနေ၍ မြို့ပေါ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများမှာ ပြည်မဘက်သို့ ရွှေ့ပြောင်းနေကြကြောင်း ဝန်ထမ်းအခြေအနေသိသည့် ဒေသခံတစ်ဦးက ပြောသည်။ “တိုက်ပွဲက မြို့နားသို့ ကပ်လာနေတယ်။ ဒေါ်မြဘက်ကနေ လင်းသီ၊ လင်းသီကနေ ကွေ့ချောင်း ပေါ့နော်။ အဲဒီတော့ မြို့ထဲက ဝန်ထမ်းအများစုဟာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်စတဲ့ ပြည်မဘက်သို့ နေရာပြောင်းရွှေ့ ပြောင်းနေကြတယ်။ ပြည်မဘက်မှာ CDM လုပ်ထားကြလို့ဝန်ထမ်းတွေ နေရာအများကြီး လွတ်လပ်နေတယ်လေ။ အဲဒီနေရာ တွေမှာ ဝင်ယူဖို့ရွှေ့ပြောင်းနေကြတာ။ စစ်ဘေးရှောင်အနေနဲ့ တိမ်းရှောင်တာမျိုးမဟုတ်ဘဲ ဟိုဘက်မှာ ဝန်ထမ်းပြန်လုပ်ဖို့ ရွှေ့ ပြောင်း နေကြတာပါ။ ” ဟု ပြောသည်။
ရွှေ့ပြောင်းနေသော ဌာနဆိုင်ရာများမှာ ထွေ/အုပ်၊ စည်ပင်၊ မီးသတ်၊ လယ်ယာစိုက်ပျိုးရေး၊ ကျေးလက်ဖွံ့ဖြိုးရေး၊ အကောက်အခွန်နှင့် လျှပ်စစ်ဖြန့်ဖြူးရေးစသည့် ဌာနများကဝန်ထမ်းများမှာ ရွှေ့ပြောင်းနေကြခြင်းဖြစ်သည်။ မေလ ၁၆ ရက်နေ့ တွင်လည်း AA နှင့် စစ်ကောင်စီတပ်တို့ ရွှေလှေတိုက်နယ်ကျေးရွာအနီးတစ်ဝိုက်တွင် တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေပြီး သံတွဲ မြို့အဝင်ရှိ ဘားဒါန်းတောင် စစ်ကောင်စီတပ်နှင့် နေဗီတို့က လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်နေကြောင်းသိရသည်။ စစ်ရေးအခြေအနေ သိသူတစ်ဦးက ” တိုက်ပွဲ မနေ့ကလိုပဲ ဒီနေ့လည်း နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်နေတယ်။ စစ်ကောင်စီ ဘက်က လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်ခတ်နေတာ။ ရွှေလှေတိုက်နယ်တစ်ဝိုက်က ဒေသခံတွေက အကုန်လုံးနီးပါး ဘေးလွတ်ရာကို တိမ်းရှောင်နေကြတယ်။ ” ဟု ပြောသည်။  Read ni full

၂၈။ စစ်ဘေးရှောင်စခန်းက ကလေးငယ်တစ်ချို့ ကျောင်းနားရမယ့် အခြေနေကြုံနေရ
May 16, 2024
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရဲ့ တစ်ဖက်ကမ်း ဝိုင်းမော်မြို့နယ် ဧရာဝတီမြစ်ဘေး၊ နောင်းချိန်းကျေးရွာအုပ်စု လဘန် ရွာမှာ တိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင်တွေထဲက ကျောင်းသား/သူတွေ တစ်ချို့ ကျောင်းနားရမယ့် အခြေနေကြုံနေကြရ တယ်လို့ စစ်ဘေးရှောင်စခန်းတာဝန်ရှိသူတွေဆီကသိရပါတယ်။ လဘန်ရွာက စစ်ဘေးရှောင်စခန်းမှာ ပြီးခဲ့တဲ့ မတ်လက ဖြစ်ပွား ခဲ့တဲ့ ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ရွာ အနီးတစ်ဝှိုက် ပြည်သူ့စစ်၊ စစ်ကောင်စီပူးပေါင်းတပ်တွေနဲ့ ကေအိုင်အေပူးပေါင်းအဖွဲ့ တွေရဲ့တိုက်ပွဲအကြား ပိတ်မိခဲ့ကြတဲ့ အောင်မြေ ၂ ရွာနဲ့ ရွှေညောင်ပင်ရွာက အရပ်သားတွေအများစုခိုလှုံနေကြတာပါ။ စစ်ဘေး ရှောင်စခန်းမှာရှိတဲ့ ကလေးတွေက ဘာသာရေးအခြေပြုကျောင်းတက်သူ၊ အစိုးရကျောင်းတက်သူ နဲ့ ဘာသာစကားလေ့လာ နေတဲ့ ကျောင်းသား /သူတွေဆိုပြီး စုစုပေါင်း ၂၀၀ ရှိတဲ့ထဲက ကလေး ၅၀ ဝန်း ကျင်ဟာ ကျောင်းဆက်တက်ဖို့ အစစအရာရာ ခက်ခဲနေတာကြောင့် ကျောင်းနားရတော့မယ့် အခြေနေကြုံနေရတယ်လို့ စစ်ဘေးရှောင်စခန်း တာဝန်ခံတစ်ယောက်က ပြောပါတယ်။
“လက်ရှိရှောင်နေတဲ့ရွာမှ အစိုးရကျောင်းက ၉ တန်းအထိဖွင့်တယ်။ အဲ့မှာထည့်ဖို့စီစဥ်နေတယ်။ ဒါပေမဲ့ ၉ တန်း အထက်တွေကျတော့ ကျောင်းမရှိဘူး မြစ်ကြီးနားမှာအဆောင်တွေဖွင့်တာကလည်း သိန်း ၃၀ ၊ ၄၀ ဆိုတော့ စစ်ရှောင်ကာလ အခြေနေမှာ မတတ်နိုင်တဲ့မိဘတွေက ကျောင်းမတက်တော့ဘူး အခြေနေရောက်နေတယ်။ ဘာသာစကား လေ့လာမယ့် ကလေးတွေကတော့ တက်ဖို့ကျောင်းတွေမရှိဘူး မြစ်ကြီးနားမှာသွား နေဖို့လည်းအခက်အခဲရှိတယ် တချို့ကတော့ ကျောင်းနား ရမယ့် အခြေနေတွေရင်ဆိုင်နေရပါတယ်“လို့ပြောပါတယ်။ တစ်ဖက်မှာတော့ ဘာသာရေးအခြေပြု ကျောင်းတက်မယ့် ကလေး ငယ်တွေအ‌‌နေနဲ့ လက်ရှိတိမ်းရှောင်နေတဲ့ရွာမှာ ဘာသာရေးကျောင်းရှိပေမယ့်လို့ လူဦးရေအကန့်အသတ်ရှိကြောင့် အခက်ကြုံ နေရသူတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် လက်ရှိတိမ်းရှောင်နေတဲ့နေရာမှာပဲ ဘာသာရေးအခြေပြု ကျောင်းဖွင့် ဖို့စီစဥ်နေပြီး အဲ့ဒီအတွက် အကူညီတွေလိုအပ်နေတယ်လို့ သူကဆက်ပြောပါတယ်။ ကျောင်းနားရမယ့်အခြေနေနဲ့ ရင်ဆိုင်နေရ တဲ့ ကျောင်းသား/သူ ဦးရေဟာ ၅၀ ကျော်ရှိနေတာဖြစ်ပြီး အဲ့ဒီ စစ်ရှောင်စခန်းမှာ အိမ်ထောင်စု ၁၃၂ အိမ်ထောင်နဲ့ လူဦးရေ ၆၀၀ ကျော် ခိုလှုံနေကြတယ်လို့ သိရပါတယ်။ Read ni full

၂၉။ SNLD အတွင်းရေးမှူးဟောင်း ဦးစိုင်းတင်လှိုင်ကွယ်လွန်
 May 17, 2024
ရှမ်းတိုင်းရင်းသားများ ဒီမီကရေစီအဖွဲ့ချုပ် SNLD (ကျားခေါင်းပါတီ) ၏ အတွင်းရေးမှူးဟောင်း ဦးစိုင်းတင်လှိုင် ယနေ့ (မေလ ၁၇) ရက် နံနက်အစောပိုင်းတွင် ကွယ်လွန်သွားကြောင်း သိရသည်။ SNLD အတွင်းရေးမှူးဟောင်း ဦးစိုင်းတင်လှိုင်သည် လူကြီးရောဂါဖြင့် နေအိမ်တွင်ကွယ်လွန်သွားခြင်းဖြစ်ပြီး ကွယ်လွန်ချိန်၌ အသက် ၈၄ နှစ်အရွယ်ရှိပြီဖြစ်ကြောင်း SNLD ရုံးအဖွဲ့ မှူး လုံးစိုင်းရွှေကြူးက ပြောသည်။“ဒီနေ့မနက် ၄ နာရီလောက်ကအိမ်မှာပဲ ဆုံးသွားတာဗျ။ အသက်ကတော့ ၈၄ နှစ်ရှိပြီ။ သူ လည်းအရင်တုန်းကတော့ လှုပ်ရှားခဲ့တော်တော်လေးရှိတယ်။ အခုတော့ အသက်ကြီးပိုင်း ရောက်လာတဲ့အခါကျတော့ သူလည်း နားနေရာပေါ့ဗျာ။ နောက်လည်းကျန်းမာရေးမကောင်းတော့ လူကြီးရောဂါပေါ့။ အခုကလူကြီးရောဂါနဲ့ဆုံးသွားတာ” ဟု ၎င်းက ပြောသည်။ ဦးစိုင်းတင်လှိုင်သည် SNLD အတွင်းရေးမှူးတာဝန်ကို (SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး ထောင်တွင်းအကျဉ်း ကျချခံရစဉ် ကာလ) ၂၀၀၅ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ၇ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။
“သူ(ဦးစိုင်းတင်လှိုင်) က ကျနော်တို့အတွက် ပြောရမယ်ဆိုရင် အဲ့အချိန်တွဲဖက်အတွင်းရေးမှူး အနေနဲ့ပေါ့။ ကျနော်တို့ ပါတီရဲ့ ပေးအပ်တဲ့တာဝန်ကိုသူထမ်းဆောင်ခဲ့တယ်။ ၂၀၀၅ ကနေ ၂၀၁၂ နှောင်ပိုင်းအထိပေါ့။ နောက်ပိုင်းမှာတော့ လူကြီးတွေ ပြန်လာတဲ့အခါကျတော့ ကျနော်တို့အထွေထွေအတွင်းရေးမှူး လုံးစိုင်းနွတ် ဥက္ကဋ္ဌပြန်လာတဲ့ အချိန်ကျ သူလည်းနည်းနည်း အသက်ပိုင်းရတော့ နားနေခွင့်တောင်းတော့သူနားနေပါတယ်။ နောက်ပိုင်းတော့ ကျန်းမာရေးပေါ့ဗျာ။ လူကြီးရောဂါ လေဖြန်းတာတို့ ဘာတို့ဖြစ်တာပေါ့ဗျာ။ အဲ့ကနေဆုံးပါးသွားတဲ့အထိ လူကြီးရောဂါပါပဲ”ဟု လုံးစိုင်းရွှေကြူး ကပြောသည်။ ဦးစိုင်းတင်လှိုင် သည် SNLD အတွင်းရေးမှူးတာဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူသာမက တွဲဖက်အတွင်းရေးမှူးတာဝန်ပါ ထမ်းဆောင်ခဲ့ပြီး လက်ရှိအလုပ်မှနားသွားသော SNLD ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင် ၏ အစ်ကိုလည်းဖြစ်သည်။  ဦးစိုင်းတင်လှိုင်၏ ကြွင်းကျန်ရစ်သော ရုပ်ကလောင်းကို လာမည့် မေလ ၁၉ ရက်တွင် ရန်ကုန်မြို့၊ ရေဝေးသုဿာန်တွင် သင်္ဂြိုဟ် သွားမည်ဖြစ်ကြောင်း နီးစပ်သူများထံ သိရသည်။ Read ni full

၃၀။ ရေဖြူမြို့နယ်အတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွား၍ စစ်ဘေးရှောင်ဦးရေတိုးလာနေ
 May 16, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ ကျေးရွာများတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ကောင် စီတပ်တို့ကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသောကြောင့် စစ်ဘေးရှောင်ဦးရေ တစ်ရက်ထက် တစ်ရက် တိုးလာလျက်ရှိကြောင်း စစ်ဘေး ရှောင်များအား ကူညီပေးနေသူများက ပြောသည်။ ရေဖြူမြို့နယ်ရှိ ကျေးရွာများတွင် ပြီးခဲ့သည့် မေလ(၇)ရက်နေ့မှစတင်ကာ တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်များကြား နှစ်ဖက်တိုက်ပွဲများ ဖြစ်ပေါ်နေပြီး စစ်ကောင်စီမှ လက်နက်ကြီးများ ဖြင့် ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်လာသောကြောင့် ဒေသခံစစ်ရှောင်ဦးရေမှာ တစ်ရက်ထက်တစ်ရက် တိုးလာလျက်ရှိ ကြောင်း စစ်ဘေးရှောင်များအား အနီးကပ်ကူညီပေးနေသူ တစ်ဦးက ပြောသည်။“တိုက်ပွဲတွေက မနေ့ကအထိကိုဖြစ်နေတော့ စစ်ဘေးရှောင်တွေက အခုလက်ရှိအထိကို ၂၀၀ကျော်ထိရှိလာပြီး။ ဒါက စစ်ရှောင်စခန်းထဲက အရေအတွက် လောက်ပဲရှိတယ်။ ကျန်တာတွေကျတော့ နီးစပ်ရာကို ရှောင်နေကြ ရတာတွေရှိတယ်။ စစ်တပ်က လက်နက်ကြီးတွေ ပစ်နေတာဆိုတော့ တစ်ရက် တစ်ရက်က လာရှောင်ကြတဲ့ သူတွေများလာတယ်။”ဟု ပြောသည်။
ယခုရက်ပိုင်းအတွင်း ရေဖြူမြို့နယ်အနီးတစ်ဝိုက်တွင် မိုးရွာလေ့ရှိသောကြောင့် အဆိုပါ စစ်ဘေးရှောင်နေကြသော ဒေသခံများမှာ အမိုးအကာ၊ နေရာထိုင်ခင်းမျး လိုအပ်လျက်ရှိကြောင်းလည်း ၎င်းစစ်ဘေးရှောင် အနီးကပ်ကူညီနေသူကဆက် ပြောသည်။ ထို့အပြင် စစ်ကောင်စီမှလက်နက်ကြီးပစ်ခတ်မှုအပြင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကိုယ်ပါ လုပ်ဆောင် လျက်ရှိသောကြောင့် ဒေသခံများအနေဖြင့် ယခုအချိန်ထိ နေရပ်မပြန်ရဲသေးသည့် အခက်အခဲများလည်းရှိနေကြောင်းသိရသည်။ ရေဖြူမြို့နယ် ဒေသခံတစ်ဦးက “ဘာပစ္စည်းမှ ပါမလာကြတော့ နေရထိုင်ရတာ ဒုက္ခရောက်ကြတယ်။ အဲ့တာကြောင့် အိမ်ကိုယ် ပြန်ပြီး ပစ္စည်းယူချင်ကြပေမဲ့ စစ်တပ်ရဲ့ကင်းထောက်လေယာဉ်တွေက အမြဲရှိနေတော့ မပြန်ရဲကြဘူး။ ပြီးခဲ့တဲ့ရက် ကလည်း လက်နက်ကြီးတွေနဲ့ ပစ်လို့ အိမ်တွေမီးလောင်တဲ့ အခြေနေတွေတောင် ရှိတယ်။”ဟု သို့ပြောသည်။ Read ni full

၃၁။  ပူတာအိုဒေသမှာ ဆန်တစ်ပုံး(၈ ပြည်အပါ) ကျပ်တစ်သိန်း၊ ဓါတ်ဆီတစ်ပုလင်း ကျပ် ၇၀,၀၀၀ အထိရောက်ရှိ
 May 17, 2024
ပူတာအိုဒေသမှာ ဆန်တစ်ပုံး(၈ ပြည်အပါ) ကို ကျပ်တစ်သိန်းနဲ့ ဓာတ်ဆီ တစ်ပုလင်းကို ၇၀,၀၀၀ ကျပ် အထိရောက်ရှိ နေပြီဖြစ်တဲ့အတွက် ပူတာအို- မြစ်ကြီးနားလမ်းကို အမြန်ဆုံးဖွင့်ပေးဖို့ မျှော်လင့်နေကြပါတယ်။ တိုက်ပွဲတွေကြောင့် မြစ်ကြီးနား-ပူတာအိုလမ်း ပိတ်ထားတာ ၂ လကျော် ကြာလာတဲ့အချိန်မှာ စံချိန်တင် ကုန်ဈေးနှုန်းမြင့်တက်နေတာ ဖြစ်တယ်လို့ ပူတာအို ဒေသခံတစ်ဦးက ပြောပါတယ်။ “ဆန်က သီးသန့်ဆန်ဆိုင်တွေတောင် မရှိတော့ဘူးလေ။ ဘာမှရောင်းစရာမရှိတော့ဘူး။ အခုရွာ ကနေ လယ်လုပ်တဲ့သူတွေ ပေါ့နော်။ သူတို့အတွက် နည်းနည်းပါးပါး ပိုလျှံတာတွေ ကြိတ်ပြီးရောင်းတာ အဲဒီလောက်ပဲရှိတယ်။ အဲဒါတောင် နည်းနည်းပါးပါးပဲဆိုတော့ အလုအယက်ဝယ်ကြတာ။”လို့ ဆိုပါတယ်။ ဓာတ်ဆီတွေကိုလည်း စီးပွားရေးလုပ်ငန်း တွေမှာသုံးဖို့ ဝယ်စုထားတဲ့အထဲက နည်းနည်းပါးပါး ထုတ်ရောင်းကြတာ ဖြစ်တဲ့အတွက် ဈေးတွေမြင့်တက်နေရတာဖြစ်ပြီး တခြားကုန်ပစ္စည်းတွေလည်း ပုံမှန်ဈေးထက် ၃ ဆ အထက်မှာ ရောက်ရှိနေတယ်လို့ သိရပါတယ်။
အရေးပေါ်ဆေးဝါးတွေလည်း မရှိသလောက်ဖြစ်သွားပြီး အရေးပေါ်လူနာတွေကို မြစ်ကြီးနား၊ မန္တလေးဘက် လွှဲရမယ့် အခြေအနေတွေမှာလည်း လေယာဉ်လက်မှတ်မဝယ်ယူနိုင်တဲ့ အခြေအနေကိုကြုံနေကြရတယ်။ “တကယ်လို့ အရေးအကြောင်း ကြုံလို့ အရေးပေါ်ဖြစ်လာရင်တော့ တော်တော်လေး အဆင်မပြေဘူး။ လေယာဉ်တွေရဖို့အရမ်းခက်တာ။ အဲဒါကြောင့်မို့ အသက် အန္တရာယ်တောင်မှ အရေးပေါ်ဖြစ်လာရင်တော့ စိုးရိမ်ရမယ့် အခြေအနေပေါ့နော်။”လို့ ဒေသခံက ဆိုပါတယ်။ ရိုးရိုးသာမန်လူနာ တွေလည်း ရွာကနေ ဆေးရုံကိုလာဖို့အတွက် စက်သုံးဆီဆီမရှိတာကြောင့် အခက်အခဲတွေ ကြုံတွေ့နေကြရပြီး တချို့က ရွာထဲ မှာ တိုင်းရင်ဆေးတွေနဲ့ ကုတာတွေရှိသလို သေဆုံးသွားသူတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ စက်သုံးဆီမရှိ တာကြောင့် ဖုန်းတာဝါတိုင်တွေလည်း လည်ပတ်ရခက်နေပြီး တချို့ဖုန်းလိုင်းတွေကိုလည်း ဖြတ်တောက်နေကြသလို လူနာတွေ ရှိလို့ အရေးပေါ်လူနာတင်ကားတွေတောင် ရပ်နားထားရတဲ့ အခြေအနေနဲ့ ကြုံနေရတယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့လမှာတော့ သက်ဆိုင်ရာကနေ ဓာတ်ဆီဈေးကို ၃၀,၀၀၀ ကျပ် ထက်ပိုမရောင်းရဆိုပြီး စာထုတ်ပြန်ခဲ့ပေမဲ့ လက်ရှိချိန်မှာတော့ ထိန်းချုပ်မရ နိုင်တော့တဲ့ အခြေအနေကို ရောက်ရှိနေပြီး ဓာတ်ဆီဈေးနှုန်းတွေဟာ နေ့စဉ် ကျပ် ၅,၀၀၀ နဲ့ ၁၀,၀၀၀ ကြား တက်လာနေတာပါ။ Read ni full

၃၂။ နိုင်ငံတစ်ဝန်း တိုက်ပွဲများတွင် စစ်ကောင်စီက တရုတ်နိုင်ငံလုပ် ဒရုန်းရာချီ၍ ဝယ်ယူ အသုံးပြုနေ
 May 17, 2024
မြန်မာနိုင်ငံတစ်ဝန်း တိုက်ပွဲများတွင် စစ်ကောင်စီက တရုတ်နိုင်ငံလုပ် ဒရုန်းရာချီ၍ ဝယ်ယူ အသုံးပြုနေပြီဖြစ်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ လတ်တလော ရခိုင်စစ်မျက်နှာပြင်တွင် တရုတ်နိုင်ငံလုပ် ဒရုန်း ၃၀၀ ကို ပေးပို့ထားပြီး ယင်းဒရုန်းများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှုများကို လုပ်ဆောင်နေကြောင်း၊ စစ်ကောင်စီက တရုတ်လုပ်ဒရုန်း များကို မှာယူတင်သွင်းပြီး Drop ဗုံး တပ်ဆင်အသုံးပြုနေခြင်းဖြစ်ကြောင်း၊ အဆိုပါဒရုန်းများမှာ စစ်ဘက်သုံးဒရုန်းများလည်းပါ ဝင်ပြီးတချို့ဒရုန်းများမှာ စစ်ဘက်သုံးဒရုန်းများမဟုတ်ဘဲ ဘက်စုံသုံးဒရုန်းများကို ပြန်လည်ပြုပြင်၍ အသုံးပြုခြင်းဖြစ်ကြောင်း သိရှိရသည်။ “တရုတ်ဒရုန်း ၃၀၀ လောက်ကတော့ ရခိုင်စစ်မျက်နှာပြင်မှာ သုံးနေပြီ။ အခြားစစ်မျက်နှာပြင် တွေကိုလည်း တရုတ် ဒရုန်းတွေ ပို့နေပါတယ်။ ဒရုန်းအတွက် ပြင်ဆင်ချိန်ရော သင်ယူချိန်ရော ပြီးမြောက်ခဲ့ပြီလို့ ပြောရမယ်” ဟု စစ်ဘက်သတင်းရင်း မြစ်က ပြောဆိုသည်။
ထို့ပြင် စစ်ကောင်စီလက်အောက်ခံ ကာကွယ်ရေးပစ္စည်းစက်ရုံများကလည်း ဒရုန်းဖြင့် ကျဲချအသုံးပြုမည့် ဗုံးများကို သီးသန့်ထုတ်လုပ်သည့် ယူနစ် ဖွဲ့စည်းပြီး ဗုံးများကို စမ်းသပ်ခြင်း၊ ထုတ်လုပ်ခြင်းများကို အများအပြား လုပ်ဆောင်နေကြောင်း၊ ယခင်က ဒရုန်းဗုံးအတွက် လက်နက်ကြီးကျည်များဖြစ်သည့် ၆၀ မမ၊ ၈၁ မမ တို့ကို ဗုံးအဖြစ် အသုံးပြုခဲ့သော်လည်း ယခုအခါ တွင်မူ ဒရုန်းဗုံးအတွက် ကပစ စက်ရုံများက ဒီဇိုင်းနှင့်ပုံစံကို စမ်းသပ်တီထွင်ထုတ်လုပ်မှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်းသိရှိ ရသည်။ Read ni full

၃၃။ တအောင်းဒေသက Non CDM ဝန်ထမ်းများ စစ်ကောင်စီနှင့် ဆက်ပူးပေါင်းလျှင် အရေးယူမည်ဟု TNLA ပြော
 May 16, 2024
TNLA ထိန်းချုပ်ထားသော တအောင်ဒေသအတွင်း မြို့နယ် ၇ ခုမှာ Non CDM ဝန်ထမ်းများ၏ လုပ်ငန်းများကို ရပ်ဆိုင်း လိုက်ပြီဖြစ်ပြီး ဆက်လက်၍ စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်လျှင်အရေးယူသွားမည်ဟု TNLA ကထုတ်ပြန်ထားသည်။ Non CDM ဝန်ထမ်းများအနေဖြင့် စစ်ကောင်စီထံမှ လစာထုတ်ယူခြင်း၊ အစီရင်ခံစာပေးခြင်း၊ လုပ်ငန်းပူးပေါင်းဆောင်ရွက်ခြင်းများ တွေ့ရှိပါက အပြစ်ပေးအရေးယူသွားမည်ဟု TNLA က မေလ ၁၅ ရက်နေ့တွင် ထုတ်ပြန်သည်။  ၁၀၂၇ စစ်ဆင်ရေးစတင်သည့် ကာလမှ စတင်၍ ယနေ့အချိန်အထိ  နမ့်ဆန်၊ နမ္မတူ၊ မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မိုင်းငေါ့၊ မိုင်းလုံမြို့များအပါအဝင် PSLF အုပ်ချုပ် ရေးနယ်မြေအတွင်း လူထုအကျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်သည့် စီမံအုပ်ချုပ်ရေးလုပ်ငန်းများကို ပြည်သူလူထု နှင့် အတူ ပူးပေါင်းပြီး ယခင်ကထက် ပိုမိုလက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း၊ ထိုကဲ့သို့ ပြည်သူလူထုနှင့် အတူ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ရာတွင် လုပ်ငန်းများ ပိုမိုထိ ရောက်စွာ ဆောင်ရွက်နေကြောင်း သိရှိရသည်။
TNLA က သိမ်းထားသော နမ့်ဆန်၊ နမ္မတူ၊ မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မိုင်းငေါ့၊ မိုင်းလုံ မြို့များ အပါအဝင် တအာင်းပြည် အတွင်းရှိ စစ်ကောင်စီလက်အောက် လုပ်ငန်းတာဝန်ထမ်းဆောင်ခဲ့သည့် Non-CDM ဝန်ထမ်းများအားလုံးသည် လက်ရှိ အချိန် ကာလတွင် မည်သည့်တာဝန်မျှမရှိတော့ဘဲ ယင်းတို့၏ လုပ်ငန်းတာဝန်များ အားလုံးကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း TNLA က ကြေညာသည်။ သို့ရာတွင် ပြစ်မှုကျူးလွန်သည်ဟု သံသယရှိသည့် Non-CDM ဝန်ထမ်းများကို အပြစ်ပေးအရေးယူနိုင်ရန်အတွက် သက်ဆိုင်ရာက ဖမ်းဆီးအရေးယူခြင်း၊ တိုင်ကြားမှုအရ ဖမ်းဆီးပြီး အဆင့်ဆင့် စစ်ဆေးအရေးယူခြင်းများနှင့် သတ်မှတ်သည့် စီမံ ချက်အရ အပြစ်ပေးအရေးယူခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။ တအာင်းပြည်အတွင်း ဆက်လက်နေ ထိုင်နေသည့် Non-CDM ဝန်ထမ်းများသည် စစ်အုပ်စုထံမှ လစာ/ ငွေကြေးများ ထုတ်ယူခြင်း၊ လုပ်ငန်းပူးပေါင်းဆောင်ရွက်ခြင်း၊ လုပ်ငန်းအစီရင်ခံစာ များပေးပို့ခြင်း စသည့် ပူးပေါင်းဆောင်ရွက်မှုများ တွေ့ရှိပါက အပြစ်ပေးအရေးယူ သွားမည် ဖြစ်ကြောင်း TNLA က ကြေညာထားသည်။ Read ni full

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button