သတင်း

ပင်လောင်းမြို့ကို တော်လှန်ရေးအင်အားစုတွေ ဝင်သိမ်းနိုင်တာကြောင့် ဌာနဆိုင်ရာဝန်ထမ်းတွေကို ပြောင်းရွေ့ခိုင်းထား

ပင်လောင်းမြို့ကို တော်လှန်ရေးအင်အားစုတွေ ဝင်သိမ်းနိုင်တာကြောင့် ဌာနဆိုင်ရာဝန်ထမ်းတွေကို ပြောင်းရွေ့ခိုင်းထား

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
မတ် ၂၁၊ ၂၀၂၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့ကို တော်လှန်ရေး အင်အားစုတွေ ဝင်ရောက်သိမ်းပိုက်လာနိုင်တာကြောင့် စစ်ကောင်စီက Non CDMဌာနဆိုင်ရာဝန်ထမ်းတွေကို မတ်လ ၂၀ရက်က စတင်ပြီး ပင်လောင်မြို့ပေါ်ကနေ ပြောင်းရွေ့ခိုင်းထားတယ်လို့ ဝန်ထမ်းသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်း၊ တောင်မဲသင်း ၊နမ့်နိန်း ၊တောင်စလုံး ၊မြောက်စလုံး၊ လုံးပျဥ်စတဲ့ ဒေသတွေမှာ KNDFဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတပ်၊ PNOပူးပေါင်းတပ်တို့ မတ်လ ၁၈ရက်က စတင်ပြီး တိုက်ပွဲဖြစ်ပွားခဲ့သလို ဆောင်းပြောင်းကျေးရွာရှိ ရဲစခန်းကိုလည်း တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ထားတယ်လို့ ဒီကနေ့ သိရပါတယ်။

အဲဒီဒေသတွေမှာ မတ်လ ၂၀ရက်၊ ညပိုင်းအချိန်တိုက်ပွားဖြစ်ပွားနေဆဲဖြစ်သလို မြေပြင်တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်နဲ့ PNOတပ်ဖွဲ့က အရေးနိမ့်နေတာကြောင့် ပင်လောင်းမြို့ပေါ်မှာရှိတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကို ကလောနဲ့ အောင်ပန်းမြို့ကို ပြောင်းရွေ့ခိုင်းထားတယ်လို့ ဆိုပါတယ်။

“မနေ့၊ နေ့လည်ပိုင်းကစပြီး အရေးကြီးစာရွက်စာတမ်းတွေ သိမ်းခိုင်းတယ်။ ရုံးလာမတက်တော့မှာတယ်၊ အောင်ပန်းနဲ့ ကလောဖက်ကို ရွေ့ရမယ်၊ အဆင်သင့်ပြင်ထားကြဖို့ မှာထားတယ်။ ထွေအုပ်အဖွဲ့ကတော့ မနေ့ကတည်းက ပြောင်းသွားကြပြီ၊ ကျန်တဲ့ဌာနဆိုင်ရာဝန်ထမ်းတွေက ဒီနေ့မှ ပြောင်းရမှာ”လို့ သတင်းရင်းမြစ်တစ်ဦးက FJMMကိုပြောပါတယ်။

ဒီတိုက်ပွဲအတွင်း PNOက ဗိုလ်ကြီးဇော်ပျံဆိုသူအပါအဝင် ၈ဦးထက်မနည်းသေဆုံးခဲ့သလို စစ်ကောင်စီတပ်က ၂၀ဝန်းကျင်ခန့်သေဆုံးခဲ့ပြီး တိုက်ပွဲအတွင်းထွက်ပြေးကြတဲ့ စစ်ကောင်စီတပ်သားအများအပြားရှိခဲ့တာကြောင့် စစ်ကောင်စီက လိုက်လံဖမ်းဆီးခဲ့ရသလို ပြန်လည်ဖမ်းမိတဲ့ စစ်ကောင်စီတပ်သားတွေကို ပင်လောင်းမြို့ရဲ့ မြောက်ဘက်ရှိ အမြောက်တပ်ရင်းမှာ စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတာ၊ ဒရုန်းနဲ့ဗုံးကြဲတာ၊ လက်နက်ကြီးတွေနဲ့ လူနေကျေးရွာတွေကို ဆက်တိုက်ပစ်ခတ်နေသလို ဆောင်းပြောင်း-ပင်လောင်းလမ်းကိုလည်း ပိတ်ထားတာကြောင့် ဒေသခံတွေဟာ ဆောင်းပြောင်းရွာအနောက်ဘက်ရှိ တောတောင်တွေထံ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။

Related Articles

Back to top button