တံတိုင်းတွေအဆင့်ကျော်ဖြတ်နေရတဲ့ ထိုင်းနိုင်ငံက ထောက်ပို့များ
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
သတင်းဆောင်းပါး | ညဏ်လင်းပြည့်
” ကျနော်တို့ ဒီနေ့အလှူခံတာ ဘတ် ၅,၀၀၀ ရတယ်။ ရဲကြေး ၃,၅၀၀ ဘတ်ပေးရတော့ ၁,၅၀၀ ပဲကျန်တော့တယ်ဗျာ ” ဆိုတဲ့ ငြီးငြူအားပျက်တဲ့အသံနဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ဘန်ဘောစျေးမှာ အလှူခံနေတဲ့ အဖွဲ့ တစ်ဖွဲ့ရဲ့ ခေါင်းဆောင်မှ ရင်ဖွင့်လာတယ်။
ထိုင်းနိုင်ငံက ဘန်ဘောစျေးဟာ မြန်မာစျေးလို့ အသိအမှတ်ပြု ခေါ်တွင်ရလောက်အောက် မြန်မာပြည်သား အများအပြားသွားရောက်လည်ပတ်ကြတဲ့ နေရာ တစ်ခုဖြစ်ပါတယ်။ ဒီစျေးမှာ တနင်္ဂနွေ အပတ်တိုင်း တော်လှန်ရေး ထောက်ပံ့အဖွဲ့အစည်း အများစုက အလှူခံကြပါတယ်။ ဘန်ဘောစျေးမှာ တစ်ပတ်ကို အလှူခံတဲ့ အဖွဲ့အစည်း ၄ ခုလောက်ရှိပါတယ်။
တော်လှန်ရေးရဲ့ အစပိုင်းကာလတွေဖြစ်တဲ့ ၂၀၂၁ ခုနှစ်အတွင်းမှာတော့ ဘန်ဘောစျေးမှာ အလှူခံနေတဲ့ အဖွဲ့အစည်းတစ်ခုရဲ့ တနင်္ဂနွေနေ့ အလှူခံရငွေမှာ အနည်းဆုံး ဘတ် ၅၀,၀၀၀ နဲ့ အထက်ရှိကြပါတယ်။ နှစ်သစ်ကူးပိတ်ရက်တွေမှာဆို တစ်ရက် အလှူခံရငွေက ဘတ် ၁ သိန်းအထက် ရှိတယ်လို့ ထောက်ပံ့ရေး အဖွဲ့တစ်ခုထံမှ သိခဲ့ရပါတယ်။ အာဏာသိမ်းခါစ လူထုလှုပ်ရှားမှုတွေ အားကောင်းနေချိန်တုန်းက ဘန်ကောက်ရှိ UN ရုံးအရှေ့ရဲ့ ဆန္ဒပြသူတွေထဲမှာ အလှူငွေကောက်ခံမှုဟာ ဘတ် ၁၀၀၊ ဘတ် ၅၀၀ တန်တွေကို ၃၀×၄၀ အရွယ် အမှိုက်အိတ်ကြီးတွေနဲ့ နှစ်အိတ်၊ ၃အိတ် ရခဲ့ဖူးတယ်လို့လည်း ကြားခဲ့ဖူးတယ်။
ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာပြည်သူများအနေနဲ့ အာဏာသိမ်းပြီးနောက်ပိုင်းတွင် အာဏာသိမ်းမှုကို ဆန့်ကျင်ရေးလှုပ်ရှားတဲ့ အသင်းအဖွဲ့ပေါင်း ရာနဲ့ ချီပေါ်ပေါက်လာခဲ့တယ်။ ထိုအဖွဲ့အစည်းများက အာဏာရှင် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေ ပြုလုပ်ခြင်း၊ CDM ထောက်ပံ့ကူညီခြင်း နှင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးတိုက်ပွဲဝင်နေကြတဲ့ PDF တွေကို ထောက်ပံ့ကူညီတာတွေ ပြုလုပ်ကြပါတယ်။
ထိုတော်လှန်ရေးအဖွဲ့အစည်းတွေက ထောက်ပံ့ကူညီနိုင်ဖို့အတွက် တစ်ပတ်တစ်ခါ မြန်မာအလုပ်သမားတွေနေထိုင်တဲ့ တန်းလျားတွေမှာသွားရောက် အလှူခံခြင်း၊ မြန်မာတွေ အသွားအလာများတဲ့ စျေးတွေမှာ အလှူခံခြင်း၊ မြန်မာ အလုပ်သမားတွေရဲ့ စက်ရုံမှ လစာထွက်တဲ့ အချိန်တွေမှာ အလှူခံခြင်း နှင့် Social Media ဖြစ်တဲ့ Tik Tok, Facebook စတဲ့ နေရာများမှာလည်း အလှူခံခြင်းများ ပြုလုပ်လေ့ရှိကြတယ်။ ဒါ့အပြင် တော်လှန်ရေးအတွက် ကူညီထောက်ပံ့နိုင်ရန် ရံပုံငွေ ကံစမ်းမဲ၊ ရံပုံငွေ ဘောလုံးပွဲ နဲ့ ရံပုံငွေ ရုပ်ရှင်ပြပွဲတွေကိုလည်း ပြုလုပ်ကြပါတယ်။
အာဏာသိမ်း ကာလ ၂ နှစ်ကျော်နဲ့ ယခု ၃ နှစ်ကျော် ကာလတွေမှာတော့ ရံပုံငွေပွဲတွေ ကျင်းပတာ နည်းပါးလာခဲ့သလို ထောက်ပံ့ရေး အဖွဲ့အစည်းတချို့မှာလည်း ရပ်နားခဲ့လိုက်ရတာတွေ ရှိလာခဲ့ပါတယ်။
” အရင်က အလှူခံရင် စည်းစည်းလုံးလုံးရှိတယ်။ ဖေးမကူညီကြတော့ အဆင်ပြေတယ်။ အခုနောက်ပိုင်း အလှူခံရတာ အတော်လေး စိတ်ဓာတ်ကျဖို့ ကောင်းလာတယ် ” လို့ တော်လှန်ရေးအတွက် ထောက်ပံ့ကူညီနေသူ အမျိုးသမီး တစ်ဦးမှ ပြောလာပါတယ်။
အာဏာသိမ်း ၃ နှစ်ပြည့်ပြီးချိန်မှာတော့ ထိုင်းရောက် ထောက်ပံ့ပြည်သူတွေထံက ဒီစကားမျိုးကြားရတာ တစ်ဦးတစ်ယောက်တည်းဆီကတော့ မဟုတ်ဘူး။
ဘာကြောင့် ဒီလိုအခြေအနေတွေ ဖြစ်လာရသလဲ ဆိုတာကို လေ့လာကြည့်တဲ့ အခါမှာ
- ထောက်ပံ့ရေး အဖွဲ့အစည်းတွေအချင်းချင်းကြားက ပြဿနာများ
- အလှူငွေတွေ အလွဲသုံးစား လုပ်ခြင်း
- ထောက်ပံ့ကူညီသူတွေ ပြင်းထန်စွာ ဝေဖန်တိုက်ခိုက်ခံရခြင်း
- လှူဒါန်းနေကြတဲ့ ပြည်သူတွေရဲ့ အခက်အခဲများ
- မြန်မာသံရုံးရဲ့ ဖိအား
စတဲ့ အချက်တွေကို တွေ့ခဲ့ရတယ်။
ထောက်ပံ့ရေးအဖွဲ့အစည်းအချင်းချင်းကြားက ပြဿနာများ
ထောက်ပံ့ရေးအဖွဲ့တွေရဲ့ ပြဿနာအစကတော့ အလှူခံတဲ့ နေရာလုတဲ့ ကိစ္စကနေ စတယ်လို့ ပြောလို့ရတာပေါ့။ အရင်က အလှူခံရင် ထိုင်းနိုင်ငံက ရဲတွေကို ငွေကြေးပေးစရာ မလိုခဲ့ဘူး။ အလှူခံတဲ့ အဖွဲ့တွေ နေရာလုပြီး ထိုင်းရဲတွေကို လာဘ်ထိုးရာကနေ အခုနောက်ပိုင်း အလှူခံမယ်ဆိုရင် အပတ်စဥ်ရဲကြေး ပေးဆောင်ကြရပါတယ်။
” အခုဆိုရင် တစ်ပတ်အလှူခံမယ်ဆိုရင် ရဲကြေး ဘတ် ၃,၅၀၀ အထိကို ပေးနေရပြီး ” လို့ထောက်ပို့အဖွဲ့ဝင်တစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။
ဒါ့အပြင် အဖွဲ့အစည်း တစ်ခုနဲ့ တစ်ခုကြားက အချက်အလက် မခိုင်လုံပဲ တိုက်ခိုက်ခြင်းတွေကလည်း ထိုင်းရောက် ပြည်သူတွေရဲ့ တော်လှန်ရေး အပေါ် ယုံကြည်မှုကို ကျဆင်းစေပါတယ်။
အလှူငွေများကို အလွဲသုံးစားလုပ်ခြင်း
တော်လှန်ရေးကာလမှာ အလှူငွေအလွဲသုံးစားလုပ်တဲ့ ကိစ္စကတော့ နေရာတော်တော်များများမှာ ကြုံတွေ့နေရတဲ့ ကိစ္စရပ်တစ်ခုပါ။ ထိုင်းနိုင်ငံရှိ ထောက်ပံ့ရေး အဖွဲ့တချို့ရဲ့ အလှူငွေ အလွဲသုံးစားလုပ်မှုကလည်း တော်လှန်ရေးအတွက် ကြီးမားတဲ့ ထိခိုက်မှုတစ်ခုအနေနဲ့ ဖြစ်ပေါ်နေပါတယ်။ ထိုင်းနိုင်ငံအတွင်းမှာ ထောက်ပံ့ရေး ခေါင်းဆောင်တချို့ဆိုသူတွေရဲ့ အလှူငွေ အလွဲသုံးစား ပြုလုပ်မှုများကို သက်သေနဲ့ တကွ ရရှိထားသော်လည်း အခုချိန်အထိ အရေးယူဖြေရှင်းနိုင်ခြင်း မရှိသေးပါဘူး။ အလှူငွေတွေနဲ့ ကိုယ်ပိုင်ကားဝယ်စီးခြင်း၊ အလှူငွေတွေနဲ့ အပျော်အပါးလိုက်စားခြင်း၊ အလှူငွေတွေနဲ့ စီးပွားရေး လုပ်ငန်းတွေမှာ Share ဝင်ထားခြင်း စတဲ့ ကိစ္စရပ်တွေမှာ သက်သေနဲ့တကွ တည်ရှိနေသော်လည်း အရေးယူနိုင်ခြင်း မရှိသေးတာဟာ တော်လှန်ရေးအတွက် နစ်နာမှုတစ်ခုပါပဲ။
” အမြဲတောက်ပသော မျိုးဆက်သစ်လူငယ်များအဖွဲ့ရဲ့ ခေါင်းဆောင်တစ်ယောက်က အလှူငွေ ဘတ် ၅ သန်းလောက်ကို လိမ်ပြီး အခု KNU တပ်မဟာ ၆ ထဲမှာတာဝန် ထမ်းဆောင်နေတယ်လို့ ကျနော်တို့ သိရတယ်။ သူ့ကိုရော ဘယ်လို မှ အရေးမယူတော့ဘူးလား ” လို့ ထောက်ပံ့ပြည်သူတစ်ဦးမှ မေးခွန်းထုတ်လာတော့တယ်။
ထောက်ပံ့ကူညီသူတွေ ပြင်းထန်စွာ ဝေဖန်တိုက်ခိုက်ခံရခြင်း
တချို့သော ထောက်ပံ့ အဖွဲ့အစည်းတွေရဲ့ အကျင့်ပျက် အလွဲသုံးစားလုပ်မှုတွေဟာ ထိုင်းနိုင်ငံအတွင်းရှိတော်လှန်ရေး အင်အားစုများအတွက် များစွာဝေဖန်တိုက်ခိုက်ခြင်း ခံနေကြရပါတယ်။
သူခိုး၊ သူတောင်းစား စတဲ့ စကားမျိုးများဖြင့် ဝေဖန်တိုက်ခိုက်ကြခြင်း၊ ထောက်ပံ့နိုင်ရန် အလှူခံသူများကို ဆဲဆိုကြိမ်းမောင်းခြင်း၊ မယုံကြည်မှုများနဲ့ ဆက်ဆံခံရခြင်းများ ကြုံတွေ့နေကြရပါတယ်။
” အခုက အလှူခံရတာ အရမ်းမျက်နှာငယ်တယ်။ ၁၀ဘတ် ၊ ၁၅ ဘတ်လောက် ထည့်ဖို့ကို အာပေါက်အောင် ပြောယူနေရတယ်။ ” လို့ ထောက်ပံ့ကူညီသူတစ်ဦးမှ ပြောလာပါတယ်။
တော်လှန်ရေးအတွက် ဆက်ပြီး ထောက်ပံ့ကူညီနိုင်ဖို့ လူတွေရဲ့ မတူသလို မတန်သလို ဆက်ဆံမှုတွေ အောက်မှာလည်း ဆက်လက်ရုန်းကန်နေရတယ်လို့ လည်း ပြောပါတယ်။
လှူဒါန်းနေကြတဲ့ ပြည်သူတွေရဲ့ အခက်အခဲများ
ပြည်သူတွေရဲ့ အခက်အခဲလို့ ပြောလိုက်ရင် အလုပ်အကိုင် အဆင်မပြေမှုကို အဓိက ထားပြောရမှာပါပဲ။ လက်ရှိအကြမ်းဖျင်း စာရင်းအရ ထိုင်းနိုင်ငံအတွင်း မြန်မာလူဦးရေမှာ ၆ သန်းကျော်အထိ ရှိနေတယ်လို့ သိထားရပါတယ်။ ဒီလူဦးရေထဲမှာ အလုပ်အကိုင် အဆင်မပြေတဲ့ သူကလည်း ရာခိုင်နှုန်း တစ်ဝက်ကျော်လောက် ရှိနေပါတယ်။
” ကျနော်တို့ရတဲ့ လစာထဲကနေ အခန်းခ၊ ရေခ၊ မီးခ၊ မြန်မာပြည်က မိသားစုတွေကို ပြန်ထောက်ပံ့ဖို့ ဖယ်ပြီးရင် ဘာမှ မကျန်တော့ဘူး။ အလုပ်တွေက အရင်လို OT (over time) မရှိတော့ မငတ်ရုံတမယ်လေးပဲ ကျန်တယ်။ ” လို့ ထိုင်းရောက် မြန်မာနိုင်ငံသား အလုပ်သမား ပြည်သူတစ်ဦးထံမှ သိရပါတယ်။
ဒါ့အပြင် Passport သက်တမ်းတိုးရတာတွေ၊ နေရေးထိုင်ရေးအတွက် အထောက်အထားပြုလုပ်ရတဲ့ ကုန်ကျစရိတ်တွေကလည်း များပြားလာကြောင်း သိရတယ်။
ဒီလို အခက်အခဲတွေကြားထဲမှာ တော်လှန်ရေးအတွက် ကူညီဖို့ဆိုတာကလည်း ဘယ်အဖွဲ့အစည်းကို ဘယ်လောက်အထိ ယုံကြည်ရမလဲ ဆိုတာ မသိနိုင်တာကလည်း အခက်အခဲတစ်ခုဖြစ်နေတာပဲ။
မြန်မာသံရုံးရဲ့ ဖိအား
ထိုင်းရောက် မြန်မာပြည်သူတွေရဲ့ တော်လှန်ရေးမှာ ပါဝင်နေမှုကို အခက်အခဲဖြစ်စေတဲ့ အဓိက အကြောင်းအရာထဲမှာ မြန်မာသံရုံးရဲ့ ပြဿနာကလည်း မသေးလှဘူး။ တော်လှန်ရေးမှာ ပါဝင်နေတဲ့ မြန်မာပြည်သူတွေရဲ့ Passport ကို ပိတ်သိမ်းဖို့ အထိ ဖိအားပေးတာတွေ ရှိနေကြောင်းသိရပါတယ်။ လွန်ခဲ့တဲ့ လပိုင်းလောက်ကလည်း Passport သက်တမ်းတိုးဖို့ သွားတဲ့ မြန်မာနိုင်ငံသားတစ်ဦးကို သံရုံးထဲမှာ ဖမ်းဆီးချုပ်နှောင်ဖို့ ကြိုးစားခဲ့တယ်လို့လည်း ကြားသိခဲ့ရဖူးတယ်။
အကြောက်တရားနဲ့ ရေရှည်ရှင်သန်ခဲ့ကြတဲ့ မြန်မာတွေအတွက် အာဏာရှင်ကို ဆန့်ကျင်ပါတယ်ဆိုရင်တောင်မှ တချို့သော ခြိမ်းခြောက်မှုတွေကို မလွန်ဆန်နိုင်သေးကြောင်း မြင်တွေ့နေရတယ်။
စစ်ကောင်စီက သံရုံးကနေတစ်ဆင့် ပြည်ပက အလုပ်သမားတွေဆီကနေ အခွန်နှုန်းတိုးကောက်တာကလည်း မြန်မာပြည်သူတွေအတွက် လွန်ဆန်မရတဲ့ ဖိအားတွေဖြစ်နေတယ်။
စစ်ကောင်စီအနေနဲ့သာ ထိုင်းမှာရှိတဲ့ မြန်မာတွေအပေါ်ဖိအား အမျိုးမျိုးကို တိုးမြှင့်ပေးလာနိုင်ပင်မဲ့ NUG အနေနဲ့တော့ ထိုင်းက တော်လှန်ရေး အင်အားစုတွေနဲ့ ထိတွေ့ဆက်ဆံမှုတွေက အားရ ကျေနပ်လောက်စရာမရှိဘူးလို့ တော်လှန်ရေး အင်အားစုတွေ ထံမှ သိရပါတယ်။
NUG အစိုးရရဲ့အလုပ်သမားဝန်ကြီးဌာနက ထိုင်းရောက်ပြည်သူတွေနဲ့ ထိတွေ့ဆက်ဆံမှုတွေ ရှိခဲ့ပင်မဲ့ All Inclusive ဖြစ်တဲ့ ထိတွေ့မှုမျိုးတွေ မဟုတ်ခဲ့ပြန်ဘူး။ ထို့ အပြင် အလုပ်သမားပြည်သူတွေရဲ့ အခက်အခဲကို ကူညီဖြေရှင်းပေးနိုင်တဲ့ စွမ်းဆောင်ရည်မှာလည်း နည်းလွန်းလှကြောင်း တော်လှန်ရေး အင်အားစုများရဲ့ ဝေဖန်သံများကို ကြားသိခဲ့ရတယ်။
လက်ရှိမှာ NUG အလုပ်သမားဝန်ကြီးဌာနရဲ့ ထောက်ပို့ကဒ်အစီအစဥ်မှာလည်း ထိုင်းရောက် တော်လှန်ပြည်သူများအပေါ် လွှမ်းမိုးနိုင်စွမ်းမရှိကြောင်း သိထားရပါတယ်။
” ကျနော်တို့ အနေနဲ့ NUG ကိုကိုယ့်အစိုးရမို့ ဒီထက်ပိုပြီး မျှော်လင့်တယ်။ ဒီထက်ပိုပြီး လုပ်နိုင်မယ်လို့လည်း ထင်ခဲ့တယ်။ ဒါပင်မဲ့ အခုချိန်အထိတော့ အားရကျေနပ်စရာတွေ သိပ်မတွေ့နေရဘူး ” ဆိုတဲ့ တိုက်ရိုက်ဝေဖန်သံတွေလည်း ရှိလာပါတယ်။
” NUG ကို ကျမတို့ အစိုးရအနေနဲ့ အသိအမှတ်ပြုတယ်။ ဒါပင်မဲ့ အားမရတာတွေ အများကြီးတော့ ရှိတာပေါ့။ ပြည်သူ စည်းရုံးရေးဆိုလည်း အားနည်းတယ်။ NUG က အားနည်းချက်တွေ ရှိပင်မဲ့ ကျမတို့ တော်လှန်ရေးကြီး အားမနည်းသွားဖို့ ကျမတို့ နိုင်ရာ နေရာမှာ ပါဝင်နေမှာပဲ။ ” ဆိုတဲ့ ပြည်သူတစ်ယောက်ရဲ့ ယုံကြည်ချက်ကိုလည်း မြင်တွေ့နေရတယ်။
တော်လှန်ရေး ၃ နှစ်ပြည့်ပြီးချိန်မှာ ပြည်တွင်းက ပြည်သူတွေ ခက်ခဲ ကြပ်တည်းလာသလို ထိုင်းရောက် တော်လှန်ပြည်သူတွေရဲ့ အခက်အခဲ အကြပ်အတည်းမှာလည်း ပိုမိုကြီးထွားလာတယ်။ ဒီလိုအခက်အခဲတွေကြားမှာလည်း တော်လှန်ရေးကြီး အောင်မြင်ရမယ်ဆိုတဲ့ ယုံကြည်ချက်တွေ မပျောက်ပျက်သွားပဲ အပတ်စဥ် နေပူထဲမှာ အလှူခံနေကြတဲ့ ရဲဘော် ရဲဘက်တွေလည်း အများကြီး ရှိနေပါသေးတယ်။