တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 16, February 23, 2024)

၁။ အရပ်သား ၂ ဦးကို TNLA တပ်သား ကားဖြင့်တိုက်၊ ‌ဒဏ်ရာရသူကို သေနတ်ဖြင့် ခြိမ်းခြောက်ဟုဆို
  February 23, 2024

သျှမ်းပြည် နမ္မတူမြို့တွင် အရပ်သား ၂ ဦးကို တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်သားနှစ်ဦးက ကားဖြင့်တိုက်သဖြင့် ခြေထောက်ကျိုး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီလ ၂၁ ရက် နေ့လည် ၁၂ နာရီခွဲခန့်တွင် နမ္မတူ မြို့အဝင်တံတား မရောက်မီ သုဿာန်မီးသင်္ဂြိုဟ် စက်အနီး၌ TNLA တပ်သားနှစ်ဦးက ဆိုင်ကယ်မောင်း နှင် နေသည့် အရပ်သား ၂ ဦးကို ကားဖြင့်ဝင်တိုက်ခဲ့ပြီး ၎င်း TNLA တပ်သားက ခြေထောက်ကျိုး ဒဏ်ရာရသူကို သေနတ်ဖြင့် ထပ်မံခြိမ်းခြောက်ခဲ့ကြောင်း နမ္မတူဒေသခံများက ပြောသည်။ ထိုကားတိုက်ခံရသူ ၂ ဦးသည် လားရှိုး-နမ္မတူ-မူဆယ် ကားလိုင်း ပြေးဆွဲနေသည့် ကားသမားများပြီး မူဆယ်သို့ သွားရန် နမ္မတူမြို့အကျော်တွင် ကားစက်ပျက်သဖြင့် စက်ပြင်ရန် ဆိုင်ကယ်ဖြင့် လားရှိုးဘက်သို့ ပြန်ထွက်လာစဉ် ကားတိုက်ခံရခြင်းဖြစ်သည်။“ကားပြင်ဖို့ သူငယ်ချင်းနဲ့ ဆိုင်ကယ်စီးပြီး လားရှိုးဘက် ပြန်ထွက် လာတယ်။ နမ္မတူအဝင် တံတားမရောက်ခင် မီးသင်္ဂြိုဟ်စက်နား ကားတိုက်ခံရတာ။ ကားခေါင်းက သူ့‌ဒူးခေါင်းနဲ့ တိုက်မိပြီး ဆိုင်ကယ်ပေါ်က ပြုတ်ကျသွားတော့ သူ့ခြေထောက် ကျိုးပြီလို့ ပြောတာပေါ့။ အဲ့မှာ ကားမောင်းတဲ့ TNLA တပ်သားက ဆင်းလာ ပြီး မိုးပေါ်ထောင် သေနတ်ပစ် ခြိမ်းခြောက်တာပေါ့။ ခြေထောက် တကယ်မကျိုးရင် သေနတ်နဲ့ပစ်မယ်ဆိုပြီး ရင်ဘတ်ကိုလည်း သေနတ်နဲ့ တေ့ချိန်တယ်”ဟု နမ္မတူမြို့မှ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ပြောသည်။

ကားတိုက်ခံပြီး ဘယ်ခြေထောက်ကျိုး ဒဏ်ရာရသူသည် လားရှိုးမြို့ ရပ်ကွက်(၁၂) ကောင်းခါးနေ အသက် ၄၃ နှစ်အရွယ် ရှိ စိုင်းအောင်ဆန်းဦး ဆိုသူ ဖြစ်ပြီး လက်ရှိတွင် လားရှိုးပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ခံယူလျက်ရှိကာ ဖေ‌ဖော်ဝါရီ ၂၃ ရက်တွင် ခွဲစိတ်ခန်း ဝင်ရမည်ဟု ၎င်းမိသားစုနှင့် နီးစပ်သူများက ပြောသည်။ ကားတိုက်ခံရပြီး ခြေထောက်ကျိုး ဒဏ်ရာရသူကို အတူလာ သည့် အခြား TNLA တပ်သားတစ်ဦးမှ အခြေအနေနှင့် အကျိုးအကြောင်း မေးမြန်း၍ ကားတင်ခေါ်ဆောင်သွားခဲ့ပြီး နမ္မတူမြို့ တွင်း လမ်းဆုံတွင် ချထားပေးခဲ့ကာ ပြန်လည် ထွက်ခွာသွားခဲ့သည်ဟု နမ္မတူမြို့မှ မျက်မြင်တွေ့ရှိသူများက ပြောသည်။ TNLA တပ်သား၏ ကားတိုက်ခံရပြီး သေနတ်ဖြင့် ထပ်မံခြိမ်းခြောက်ခံရသည့်အပေါ် ယခုကဲ့သို့ ထပ်မံမဖြစ်ပေါ်အောင် ကျူးလွန်သူကို ၎င်းတို့တပ်ဖွဲ့မှ အရေးယူ‌ပေးရန် လိုလားကြောင်း ၎င်းမိသားစုနှင့် နီးစပ်သူများက ပြောသည်။ https://burmese.shannews. org/archives/40301
၂။ KNU တပ်မဟာ(၄)တွင် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရ၍ စစ်ကား ၇ စီး မီးလောင်ပျက်စီးပြီး ၃၀ ကျော်သေဆုံး
  February 22, 2024

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးထိန်း ဘိတ်-ထားဝယ်ခရိုင်( တပ်မဟာ ၄ နယ်မြေ) လယ်ဒိုစိုး (ထားဝယ်)မြို့ နယ်ရှိ ထားဝယ်-ထီးခီးလမ်းပေါ်တွင် တက်လာသည့် စစ်ကောင်စီယာဉ်တန်းကို ဖေဖော်ဝါရီလ ၂၁ ရက် ယမန်နေ့က ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်မဟာ (၄)နှင့်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ပစ်ခတ်တိုက်ခိုက်သည့်အတွက် စစ်ကောင်စီကား(၇)စီး မီးလောင်ပျက်စီးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၃၀ ကျော် ထိခိုက်သေဆုံးခဲ့သည်ဟု ကေအဲန်ယူ ဘက်က ပြောသည်။ အဆိုပါ စစ်ကောင်စီယာဉ်တန်းကို ထားဝယ်-ထီးခီးလမ်းမ ဝကုန်းရွာ ကျောက်မဲတောင်နှင့် ၂၅ မိုင်ကြားတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သိမ်းဆည်းရမိသည့် လက်နက်အရေအတွက်အရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်သေဆုံးထိခိုက်မှုရှိနိုင်သည်ဟု ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နာ က ယခုလို ပြောသည်။“စစ်ကောင်စီသေဆုံးတဲ့စာရင်းအတိအကျတော့ မရသေးဘူး။ ဒါပေမယ့် လက်နက်ပေါ်မူတည်ပြီး ကျနော်ကြည့်တာက ရန်သူစစ်ကောင်စီဘက်က အယောက် ၃၀ ကျော်အထက် သေဆုံးတာရှိလောက်တယ်။ ”ဟု ဘိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နာက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကတည်းက ထားဝယ်မြို့မှ စတင်ထွက်ခွာလာသည့် ထိုစစ်ကောင်စီတပ် စစ်ကြောင်းသည် ကျောက်မဲတောင် စစ်ကောင်စခန်းသို့ ရိက္ခာနှင့် တပ်အင်အားဖြည့် တင်းရန်အတွက် တက်ရောက်လာခြင်း ဖြစ်ကြောင်း၊ KNLA တပ်ရင်း(၁၂)၊ တပ်ရင်း(၁၀) ၊ တပ်ရင်း (၂၇)နှင့် PDF စစ်ကြောင်းများနှင့်ပူးပေါင်းကာ တက်လာသည့် လမ်းတစ်လျှောက်တွင် ကြားဖြတ်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ကေအဲန်ယူက ပြောသည်။ ၎င်းစစ်ကောင်စီတပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှုဖြစ်စဉ်ဖြစ်ပွားပြီးသည့်နောက် နှစ်ဖက်တိုက်ပွဲ တနေကုန် ဆက်လက်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ စစ်ကူအဖြစ် MI 2 စစ်ရယာဉ်နှင့် ဝကုန်း ကျေးရွာအနီးတစ်ဝိုက်တွင် လေကြောင်းတိုက်ခိုက်မှု လုပ် ဆောင်ခဲ့ သည့်အတွက် ဒေသခံအရပ်သားပြည်သူ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်းလည်း ဒေသခံထံမှ သိရသည်။ https://kicnews.org/2024/02/knu-%e1%80%90%e1%80%95%e1%80%ba%e 1%80%99%e1%80%9f%e1%80%ac%
၃။ မိုင်းပွန်နဲ့ ဟိုပုံးကြား တိုက်ပွဲပြင်းထန်နေ
   February 22, 2024

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပွန်မြို့နဲ့ ဟိုပုံးမြို့ကြားမှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)နဲ့ စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ်(PNO/PNA) ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေနဲ့ ခရီးသွားတွေက ပြောပါတယ်။  “အခြေနေမကောင်းလို့ လွိုင်လင်ကပြန်လှည့်လာရတယ်၊ မိုးလင်းကတည်းက လက်နက်ကြီး ဆက်တိုက်ထုနေ တာ၊ မိုင်းပွန် အခြေနေမကောင်းလောက်ဘူး၊ တံတားကျော်တင် လက်နက်ကြီးကျတာ” လို့ မိုင်းပွန်ကို ဖြတ်ပြီး တောင်ကြီး ကိုသွားမယ့် ခရီးသွားတဦးက ပြောပါတယ်။ ဟိုပုံးမြို့အရှေ့ဘက် ၁၅ မိုင်ခန့်အကွာ၊ မိုင်းပွန်မြို့ရဲ့ အနောက်ဘက် ဆယ်မိုင်ကျော် အကွာမှာ ရှိတဲ့ ထမ်းဆန်းဂူတဝိုက်မှာ မနေ့ကတည်းက စလို့တိုက်ပွဲဖြစ်ပွားနေကြတာပါ။ PNLA သတင်းနဲ့ ပြန်ကြားရေးကတော့ PNLA စစ်ကြောင်းကို စစ်ကောင်စီ ပူးပေါင်းတပ်တွေက တိုက်ခိုက်လို့ ဟိုပုံးမြို့နယ်အရှေ့ဘက်ခြမ်းတနေရာမှာ တိုက်ပွဲဖြစ်ပွားခဲ့ တယ်လို့ ထုတ်ပြန်ထားပါတယ်။ တိုက်ပွဲအပြီး နယ်မြေရှင်းလင်းရေးလုပ်တဲ့အချိန်မှာတော့ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင် အလောင်း လေးလောင်း၊ သေနတ်လေးလက်၊ ၆၀ မမ လက်နက်ကြီးတလက်၊ ကားတစီးနဲ့ ခဲယမ်းတချို့ကို သိမ်းဆည်းရမိခဲ့ တယ်လို့ PNLA ဘက်က ဓာတ်ပုံတွေနဲ့တကွ ဖော်ပြထားပါတယ်။

မိုင်းပွန်-ဟိုပုံး ကားလမ်းမပေါ်မှာရှိတဲ့ အဲဒီ ထမ်းဆန်းဂူရှိ စေတီကုန်းမှာတော့ ဖေဖော်ဝါရီ ၂၁ ရက်ကတည်းက စစ်ကောင်စီတပ်တွေ ရောက်ရှိလာပြီး အခိုင်အမာ တပ်စွဲထားတယ်လို့ဒေသခံတွေဆီကနေ သိရပါတယ်။ “တိုက်ပွဲဖြစ်တာက မိုင်းပွန်အထွက်နဲ့ ထမ်းဆန်းဂူကြားမှာ၊ အခုတော့အဲ့ကြားမှာ (ခရီးသည်) ဘယ်သူမှမကျန်တော့ပါ၊ မနေ့ကအကုန်ပေးထွက်ပါ တယ်” လို့လည်း ပိတ်မိရာကနေ လွတ်မြောက်လာတဲ့ ဒေသခံတဦးက ပြောပါတယ်။ လက်ရှိမှာတော့ တိုက်ပွဲကြောင့် ဟိုပုံးမြို့နဲ့ မိုင်းပွန်မြို့ကြား ပိတ်မိနေတဲ့ ခရီးသွားကားတွေမရှိတော့ပေမယ့် တောင်ကြီးနဲ့ ဟိုပုံးဘက်ကိုသွားမယ့် ခရီးသည်ကားတွေက တော့ မိုင်းပွန်မြို့ထဲ ပိတ်မိနေတယ်လို့လည်း သူက ပြောပါတယ်။ မိုင်းပွန်မြို့အထွက် တံတားမှာတော့ စစ်ကောင်စီတပ်က တပ်ချထားပြီး တံတားကို ဖြတ်သန်းသွားလာခွင့်မပြုဘူးလို့ လည်းသိရပါတယ်။ အလားတူပဲ ဖေဖော်ဝါရီ ၂၀ ရက်နေ့တုန်း ကလည်း ဟိုပုံးမြို့ရဲ့ အရှေ့တောင်ဘက်၊ မဲနယ်တောင်ဒေသမှာလည်း PNLA နဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်း ထန်ခဲ့ပြီး တိုက်ပွဲအပြီးမှာတော့ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင် အလောင်း ငါးလောင်းနဲ့ သေနတ် လေးလက်ကို PNLA ဘက်က သိမ်းဆည်း ရမိခဲ့ပါသေးတယ်။  https://www.facebook.com/photo/?fbid=8007 49102098169&set=pcb.8007 50375431375
၄။ မင်းတပ်မြို့နယ်တွင် စစ်ကောင်စီ၏ ပစ်ခတ်သည့်  လက်နက်ကြီးကျည်ကြောင့် အရပ်သားတစ်ဦး ဒဏ်ရာရရှိပြီး လူနေအိမ် ၂ လုံးပျက်စီး
  February 22, 2024

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ငရှောင်ကျေးရွာတွင် စစ်ကောင်စီ၏ပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် အရပ်သား တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး လူနေအိမ် နှစ်လုံး ပျက်စီးသွားကြောင့် ဒေသခံများထံက သိရှိရသည်။ မင်းတပ်မြို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲ စစ်ကောင်စီသည် ဖေဖော်ဝါရီ ၂၁ ရက်နေ့၊ နေလည် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် ခလရ (၂၇၄) တပ်ရင်း မှ ပစ်ခတ်သည့် လက်နက်ကြီးကျည် နှစ်လုံးသည် ငရှောင်ကျေးရွာတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

“မင်းတပ်မြို့ပေါ် တပ်ရင်းကနေ လက်နက်ကြီးကျည် နှစ်လုံးနဲ့ ပစ်ခတ်ခဲ့တာ။ လက်နက်ကြီးကျည် တစ်လုံးက ရွာထဲ တည့်တည့်ကျပြီး အမျိုးသားတစ်ဦး ခြေတစ်ဖက် ထိခိုက်ဒဏ်ရာရတယ်။ အရပ်သား နေအိမ် နှစ်လုံးပျက်စီးသွားတယ်။ တိုက်ပွဲ မရှိဘဲ စစ်ကောင်စီကနေ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေကြတယ်” ဟု  မင်းတပ်ဒေသခံ တစ်ဦးက ပြောသည်။ ယင်းအပြင် စစ်ကောင်စီသည် မြို့အနီးနား ပတ်ဝန်းကျင် ကျေးရွာများတွင် အင်အား အယောက် ၁၀၀ ဖြင့် စစ်ကြောင်းများ ထိုးသည့်အပြင် မြို့ထဲ ဗုံးခိုကျင်းနှင့် ဘန်ကာများတွင် လုံခြုံရေးတိုးချဲ့ထားကြောင်း သိရသည်။ မင်းတပ်မြို့တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့နှင့် ၁၈ ရက်နေ့တွင် မတူပီနယ်မြေခံ တပ်ရင်းများမှ ထောက်ပို့ရဟတ်ယာဥ်ဖြင့် တပ်အင်အား ၁၅၀ လာရောက်ဖြည့် တင်းထားကြောင်း သိရသည်။ https://www.facebook.com/photo/?fbid=725104249758597&set=a.583120797290277

၅။ မင်းပြား၊ ကမ်းနီရှိ တတက(၉) ၏ ကာကင်းစခန်း ၃ ခုနှင့် အရေးပါသောနေရာတစ်ခုကို AA သိမ်းပိုက်ရရှိ
  February 22, 2024

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ကမ်းနီရွာအနီးရှိ စစ်ကောင်စီ၏ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်း ကို ရက္ခိုင့်တပ်တော်မှ နေ့အဖြစ် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိ‌ ကြောင်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၇) ရက်၊ နံနက် (၁၀) နာရီ (၄၅) မိနစ်မှစတင်၍ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသော မင်းပြားမြို့၊ ကမ်းနီရွာအနီးရှိ စစ်ကောင်စီ၏ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်း၏ အစိတ်အပိုင်း တစ်ချို့ဖြစ်သော ကာကင်းစခန်းသုံးခုနှင့် အရေးပါသော နေရာတစ်ခုအား သိမ်းပိုက်ရရှိထားပြီးဖြစ်‌ကြောင်း  AA ကထုတ်ပြန်ထားသည်။ မင်းပြားမြို့နယ်ရှိ ခမရ ၃၈၀ တပ်ရင်းကို ပြီးခဲ့ သည့် ဇန်နဝါရီ ၂၈ ရက်နေ့တွင် (AA)က သိမ်းယူနိုင်ခဲ့ကြောင်းသိရသည်။

ထို့အပြင် ရက္ခိုင့်တပ်တော် (AA)က ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ရက်နေ့က မင်းပြားမြို့နယ်ရှိ စစ်ကောင်စီ၏ ခမရ ၃၇၉နှင့် ခမရ ၅၄၁တို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ  စစ်ကောင်စီတပ်သားများနှင့် မိသားစုဝင်များ (AA)ထံ လက်နက်ချအညံ့ခံခဲ့ကြပြီး မင်းပြားမြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်သည်။ ယခုတိုက်ပွဲဖြစ်ပွားနေသည့် ကမ်းနီရွာရှိ တိုင်းဗဟို ၉ တပ်မတော်တန်းမြင့် သင်တန်း ကျောင်းမှ သင်တန်းသားများ၊ အရာရှိမိသားစုဝင်များနှင့် တပ်မိသားစုများကို ပြီးခဲ့သည့် ဇန်နဝါရီလ ၃၁ရက်နေ့တွင် စစ်ကောင်စီ က MI 17 ရဟတ်ယာဉ်ဖြင့် စစ်တွေမြို့ပေါ်သို့ ပြောင်းရွှေ့ပေးထားသည်။ လက်ရှိတွင် တိုက်ပွဲရက်ကြာလာသည်နှင့်အမျှ ထိုးစစ် ဆင်နေသည့် AA တပ်ဖွဲ့က စစ်ရေးအရအရေးသာနေပြီး သင်တန်းကျောင်းတစ်ခုလုံး ရရှိသည်အထိ ထိုးစစ်ဆင်တိုက်ခိုက်သွား မည်ဟု (AA)က ထုတ်ပြန်ထားသည်။ https://www.facebook.com/photo/?fbid=724998749769147&set=a.583120797 290277
၆။ ဆီဆိုင်မှာ တစ်ပတ်အတွင်း လက်နက်ကြီးကြောင့် စစ်ရှောင်နဲ့ဒေသခံ ၁၁ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရ
  February 22, 2024

ရှမ်းတောင် ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ်မှာ တစ်ပတ်အတွင်း စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးနဲ့ လေကြောင်း သုံး တိုက်ခိုက်မှုကြောင့် စစ်ရှောင်ဒေသခံ၊ ကလေးငယ်နဲ့ အရပ်သားအပါအဝင် ၁၁ ဦး သေဆုံးပြီး ၂၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါ တယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်ကနေ ဖေဖော်ဝါရီ ၂၀ ရက်အထိ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်နဲ့ ၎င်းရဲ့လက်အောက်ခံ ပြည်သူ့စစ်က လက်နက်ကြီး တစ်ဖက်သတ် ပစ်ခတ်မှု၊ ဒရုန်းသုံး တိုက်ခိုက်မှုနဲ့ လေကြောင်းသုံး တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူတွေပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက် မနက် ၁၀ နာရီခွဲခန့်က ဆီဆိုင်မြို့ ပဆျာနကလိုနရွာမှာ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေယာဉ်နဲ့ လာရောက် ဗုံးကြဲတာကြောင့် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အလားတူ ဖေဖော်ဝါရီ ၁၇ ရက် ည ၈ နာရီခန့်မှာ စစ်တပ်နဲ့ ၎င်းရဲ့ လက်အောက်ခံ ပြည်သူ့စစ်‌တွေက ဆီဆိုင်မြို့နယ် ထမ်းယံနဲ့ ထီတမ်ရွာကို ပစ်ခတ်ခဲ့တာဖြစ်ပြီး ထမ်းယံရွာက ၆ လသားအရွယ် ကလေးငယ်တစ်ဦးနဲ့ ထီတမ်ရွာက အမျိုးသားတစ်ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့ပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက် မနက် ၆ နာရီခန့်ကလည်း ဆီဆိုင်မြို့ထဲ ပစ္စည်းပြန်ယူတဲ့ စစ်ရှောင်ဒေသခံတွေ ဆီဆိုင်မြို့အဝင် ဝါးတောရွာအနီး စစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးနဲ့ ဒရုန်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၇ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရ ခဲ့ပါတယ်။ စစ်တပ်ဟာ အကြမ်းဖက်သမားတွေသာဖြစ်ပြီး အဖက်ဖက် စစ်ရှုံးနေချိန်မှာတော့ လူထု‌တွေကို ရန်သူလို့ သတ်မှတ် ထားပြီး စစ်ရေးပစ်မှတ်အနေနဲ့ ပစ်မှတ်ထားကာ တိုက်ခိုက်နေတယ်လို့ ပအိုဝ်းတပ်မတော်- PLNO/PNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောပါတယ်။ ဆီဆိုင်မြို့ကို PNLA က အပြည့်အဝ ထိန်းချုပ်ထားပေမဲ့ မြို့ပတ်လည်ရှိ ကျေးရွာတွေမှာ နေ့စဉ်နဲ့ အမျှ ထိတွေ့တိုက်ပွဲ ပြင်းထန်နေပြီး လူထုတချို့လည်း ပိတ်မိနေတယ်လို့ စစ်ဘေးရှောင် ကူညီဆောင်ရွက်ရေးအဖွဲ့ဝင်တွေက ပြောပါတယ်။ https://www.facebook.com/photo?fbid=724133836560 550&set=pcb.724134016560532
၇။ မှော်ဘီမြို့နယ်က စစ်ရှောင် ချင်းတိုင်းရင်းသား နေအိမ် ၂၀ ကျော်ကို တပ်ပိုင်မြေဆိုပြီး စစ်တပ်က ဖယ်ရှားခိုင်း
  February 22, 2024

ရန်ကုန်တိုင်း မှော်ဘီမြို့နယ် မြောက်တကာကျေးရွာက ချင်းတိုင်းရင်းသားတွေ နေထိုင်တဲ့ နေအိမ် ၂၀ ကျော်ကို စစ်တပ် က ၄ ရက်အတွင်း ဖယ်ရှားခိုင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြောက်တကာရွာမှာ နေထိုင်တဲ့ ချင်းလူမျိုးတွေဟာ ချင်းပြည်နယ် ပလက်ဝမြို့နယ်တိုက်ပွဲကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်ရဲ့ နေအိမ်တွေဖြစ်ပြီး စစ်တပ်မှ တပ်ပိုင် မြေလို့ဆိုကာ မနက်ဖြန် ဖေဖော်ဝါရီ ၂၂ ရက် နောက်ဆုံးထား ဖယ်ရှားခိုင်းထားတယ်လို့ ပြောပါတယ်။ “တနင်္ဂနွေနေ့ ဘုရားဝတ် ပြုတဲ့အချိန် စစ်ကားအများကြီးနဲ့လာပြီး အမြန်ဆုံး ဖယ်ရှားပေးဖို့ ပြောသွားတာပါ။ မဖယ်ရှားတဲ့လူတွေကို တရားစွဲမယ်လို့လည်း ခြိမ်းခြောက်ပြောဆိုခဲ့တယ်။ ဖေဖော်ဝါရီ ၂၂ ရက်နေ့ကျရင် ဘယ်အိမ်မှ မတွေ့ချင်ဘူး ပြောသွားတယ်။ ကျနော်တို့က မြေနေရာ ကို တန်ရာတန်စျေးပေးပြီး အိမ်ဆောက်တာ ဖြစ်တယ်” အဲဒီစစ်ဘေးရှောင်တွေရဲ့ နေအိမ်ကို စစ်တပ်က ၄ ရက်အတွင်း ဖယ်ရှား ခိုင်းထားပြီး မဖယ်ရှားရင် အရေးယူမယ်လို့ ခြိမ်းခြောက်တာကြောင့် ဖေဖော်ဝါရီ ၂၀ ရက်က စပြီး​တော့ ၎င်းတို့ကိုယ်တိုင် နေအိမ် တွေ ဖျက်ဆီးခဲ့ပါတယ်။

စစ်ဘေးရှောင်တွေဟာ အဲဒီမြေနေရာကို မြေပိုင်ရှင်ထံမှ ကာလတန်ဖိုး ငွေကြေး ပေးပြီးမှ အိမ်တွေ ဆောက်ထားတာ ဖြစ်ပြီးတော့ နေထိုင်တဲ့ ကာလဟာလည်း ၄ နှစ်ကျော် ကြာပြီဖြစ်ပါတယ်။ လက်ရှိ ဖယ်ရှားခံလိုက်ရတဲ့ အိမ်ထောင်စုတွေဟာ ရန်ကုန်က ၎င်းတို့ရဲ့ အသိမိတ်ဆွေ၊ ဆွေမျိုး၊ ဘုရားကျောင်းတွေမှာ နေထိုင်နေကြရပါတယ်။ https://www.facebook. comphoto/?fbid=723773896596544&set=pcb.723774179929849

၈။ ဖာပွန်ခရိုင်ရှိ ကျေးရွာတချို့တွင် စစ်ကောင်စီတပ်က အကြောင်းအမျိုးမျိုးပြ၍ ငွေကြေးတောင်းခံမှုပြုလုပ်နေ
   February 23, 2024

မူတြော်(ဖာပွန်)ခရိုင်၊ ကတိုင်တိကျေးရွာနှင့် နီးစပ်သည့်ကျေးရွာများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေသခံအရပ် သားများထံမှ အကြောင်းပြချက်မျိုးစုံပြ၍ ငွေညှစ်တောင်းခံမှုများ ပြုလုပ်နေကြောင်း ရွာသားများထံမှ သိရသည်။ ကတိုင်တိ၊ ကညင်ဒုံ၊ နို့ဖောထီးနှင့် ထီးသဲလေးကျေးရွာများတွင် နေထိုင်သည့်ပြည်သူများကို နယ်မြေခံ စစ်ကောင်စီတပ်ဖွဲ့ဝင်များက အိမ်ထောင်စုစာရင်းများပြခိုင်းကာ စာရင်းနာမည်ရှိပြီး လူနေထိုင်မှုမရှိပါက ငွေကျပ် ၂ သိန်းအထိကောက်ယူနေသလို နေအိမ် အတွင်းရှိ ဆန်နှင့်စားသောက်စရာများကိုလည်း ယူဆောင်သွားမှုများ ပြုလုပ်နေသည်ဟု အမည်မဖော်လိုသူ ရွာသားတစ်ဦးက ပြောသည်။ ၎င်းက “စစ်သားတွေစခန်းကုန်းကနေ သူတို့ကင်းပတ်ပြီး ကျနော်တို့ရွာရော ကညင်ဒုံ၊ နို့ဖောထီး၊ ထီးသဲလေးမှာ ပိုက် ဆံလိုက်ကောက်တယ်။ မိသားစုတွေ ရိက္ခာပြတ်နေတယ်ပြောပြီး အိမ်က စားစရာဆန်တွေလည်း ယူသွားတယ်။ တစ် အိမ်ကို အိမ်ထောင်စုစာရင်းပြခိုင်းပြီး အကုန်စုံနေရင်တောင် အကြောင်းတစ်ခုပြပြီး ပိုက်ဆံတောင်းတယ်။ စာရွက် မှာနာမည်ရှိပြီး လူမရှိ ဘူးဆိုရင် သူတို့မေးတယ်၊ ဘန်ကောက်တက်တာလား၊ အဲ့ဒါဆို ၂ သိန်းအခွန်ဆောင်ရမယ်တဲ့။ အမျိုးမျိုးပဲ ဒီမှာလည်း လုံးဝမနေ ချင်တော့ဘူး” ဟု ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်များ ငွေကြေးကောက်ခံခဲ့သည့်ကျေးရွာများတွင် ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်(BGF) တပ်၏ ဂိတ်စခန်း များလည်းရှိနေပြီး အဆိုပါ ဂိတ်စခန်းများတွင်လည်း ငွေကြေးကောက်ခံမှုများရှိသည်ဟု ဒေသခံများက ပြောဆိုသည်။ ထို့အပြင် စစ်ကောင်စီတပ်၏ ရိက္ခာလူအင်အားဖြည့်တင်းလျက်ရှိသည့် လမ်းပိုင်းတစ်ချို့ကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA တပ်ကပိတ်ဆို့ထားသလို ဒေသခံပြည်သူများအတွက် ရိက္ခာစားသောက်ကုန်များ တက် ဝယ်နိုင်ရန် လမ်းကြောင်းတစ်ခုဖောက်လုပ်ပေးထားကြောင်း ဖာပွန်မြို့ခံများက ပြောသည်။ https://kicnews. org/2024/02/ %e1%80%96%e1%80%ac%e1%80%95%e1%80%bd %e1%80%94%e1%80

၉။ စစ်ကောင်စီထိန်းချုပ်ထားတဲ့နေရာတွေမှာ စစ်ရှောင်မယ့်အစား AA ထိန်းချုပ်ဒေသမှာပြောင်းရွှေ့နေထိုင်ဖို့ AA တိုက်တွန်း
  February 22, 2024

ရန်ကုန်လိုမြို့ကြီးအပါအဝင် စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြို့တွေမှာ တိမ်းရှောင်နေကြတဲ့ ရခိုင်လူထုတွေအနေနဲ့ ရက္ခိုင့်တပ်တော်- AA ထိန်းချုပ်ဒေသမှာ ပြောင်းရွှေ့နေထိုင်ဖို့ AA က တိုက်တွန်းထားပါတယ်။ စစ်ရေး၊ နိုင်ငံရေးနဲ့ သံတမန်ရေး မှာ ဆုံးရှုံးနေတဲ့ စစ်တပ်ဟာ အများပြည်သူတွေအသုံးပြုတဲ့ လမ်းတံတားကို မိုင်းခွဲဖျက်ဆီးတာ၊ လူထုတွေ နေထိုင်တဲ့ ကျေးရွာ မှာ ရေကြောင်းနဲ့ လေကြောင်း အသုံးပြုတိုက်ခိုက်တာတွေ ပြုလုပ်နေတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။ အရပ်သားအပေါ် စစ်တပ်ရဲ့ ပစ်မှတ်ထား တိုက်ခိုက်မှုတွေကို ရှောင်ရှားနိုင်ဖို့ ရန်ကုန်လိုမြို့ကြီးအပါအဝင် အခြားမြို့မှာ တိမ်းရှောင်သွားကြတာ တွေ့ရတယ်လို့ ဆိုပါတယ်။ စစ်တပ်ဟာ ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေမှာ လူမျိုးရေး မုန်းတီးမှု ဖန်တီးနေပြီး ရခိုင်လူမျိုးတွေ ကို ရည်ရွယ်ချက်ရှိရှိ ဥပဒေမဲ့ ဖမ်းဆီးတာ၊ ခြိမ်းခြောက်ငွေညှစ်တာ၊ တပ်သားသစ် စုဆောင်းတာ၊ ညှဥ်းပန်းနှိပ်စက်တာနဲ့ သတ်ဖြတ်တာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် AA က ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ထားတဲ့နယ်မြေတွေမှာ ရခိုင်လူထုတွေအပါအဝင် ဖိနှိပ်ခံလူထုတစ်ရပ် လုံး အတွက် လုံခြုံတဲ့နေရာဖြစ်ပြီး ရန်ကုန်လိုမြို့ကြီးအပါအဝင် စစ်ကောင်စီ ထိန်းချုပ်ထားတဲ့မြို့မှာ တိမ်းရှောင်နေကြတဲ့ ရခိုင် လူထုအနေနဲ့ ထိန်းချုပ်ဒေသတွေမှာ ပြောင်းရွှေ့နေထိုင်ကြဖို့ AA က တိုက်တွန်းထားပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဟာ သေဆုံး၊ ဒဏ်ရာရတာနဲ့ ထွက်ပြေးတာတွေ နေ့စဥ်လိုလို ရှိနေပြီး အင်အား ဖြုန်းတီးမှုကို ကာမိဖို့အတွက် စစ်တပ်ဟာ ပြည်သူ့စစ် မှုထမ်းဥပဒေကို အသက်သွင်းပြီး စစ်အင်အား ပြန်လည်ဖြည့်တင်းဖို့ ပြုလုပ်နေတယ်လို့ AA က ဆိုပါတယ်။ ရခိုင်နဲ့ ချင်းပြည်နယ် ပလက်ဝဒေသက ဖမ်းဆီးရမိတဲ့ ထောင်နဲ့ချီတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်ကို စစ်သုံ့ပန်းဥပဒေအရ ထိန်းသိမ်းထားပြီး စစ်သုံ့ပန်းတွေ ထဲ ရခိုင်လူထုတွေကို ဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေ ပြုလုပ်သူတွေကို စစ်ခုံရုံးတင်ပြီးထိရောက်တဲ့ အပြစ်ပေးအရေးယူမှုပြု လုပ်သွားမယ်လို့ ဆိုပါတယ်။ https://www.facebook.com/photo/?fbid=723633189943948&set=a.404503215190282
၁၀။မြို့သိမ်းတိုက်ပွဲများထက် စစ်ကောင်စီ၏ အသဲနှလုံး နေပြည်တော်ထိုးဖောက်နိုင်ရေး လုပ်သွားမည်ဟု KNU အသိပေး
  February 22, 2024

ကရင်အမျိုးသားအစည်းအရုံး(KNU) အနေဖြင့်မြို့သိမ်းတိုက်ပွဲများထက် စစ်ကောင်စီ၏ အရှိုက်ဖြစ်သည့် နေပြည်တော် ကို ထိုးဖောက်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီး ကပြော ကြားသည်။ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ယခု ၂၀၂၄ နှစ်ဆန်းပိုင်းအတွင်း KNU တပ်မဟာ(၁) သထုံခရိုင်၊ တပ်မဟာ(၃) ညောင်လေးပင်ခရိုင်၊ တပ်မဟာ(၆) ဒူးပလာယာခရိုင် ရှေ့တန်းစစ်မြေပြင်များသို့ သွားရောက်ခဲ့မှု  ခရီးစဉ်နှင့် ပတ်သက်ပြီး KNU ပြည်သူ့ဆက်ဆံရေးဌာနက မေးမြန်းချက်များကို ယနေ့ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ပဒိုစောတောနီးအနေဖြင့် မြေပြင်အခြေအနေများ သိရှိနိုင်ရန် မြ၀တီမြို့အနီး လက်ခက်တောင် နေရာအပါအဝင် တပ်မဟာ(၆) ဒေသ၊ နေပြည်တော် နှင့်နီးသည့် တပ်မဟာ(၃)နှင့် တပ်မဟာ(၁)နယ်မြေများသို့ သွားရောက်ခဲ့ရာ တော်လှန်ရေးတပ်များက နယ်မြေစိုးမိုးထားနိုင်ပြီး စစ်ကောင်စီက ခွာစစ်၊ ခံစစ် အနေအထား သာရှိတော့သည်ဟု ပြောပြသည်။

“နယ်မြေစိုးမိုးမှု အပိုင်းမှာတော့ မြို့ကိုတော့ မလိုအပ်ဘဲနဲ့ ကျနော်တို့ အသေမခံနိုင်ဘူး။ ပြောရမယ်ဆိုရင် ရှေ့ဆက်ရ မယ့် ခရီးကအများကြီးရှိသေးတယ်။ အဲဒါကြောင့်မို့လို့ ဒီကာလမှာ နယ်မြေတွေကို ဘယ်လောက်အထိ ထိန်းချုပ်နိုင်လဲဆိုတာ ပြောချင်တာ။” ဟု ပဒိုစောတောနီးက ပြောသည်။ ဇန်နဝါရီ နောက်ဆုံးပတ်တွင် တပ်မဟာ(၁) နယ်မြေ သို့ရောက်ရှိ ခဲ့ပြီး ဘားအံမြို့နယ် ၊ သထုံမြို့နယ်၊ ကျိုက်ထို စသည့် ဒေသများ၌ KNU ဘက်ကနယ်မြေစိုးမိုးမှု အားကောင်းပြီး စစ်ကောင်စီ အနေ အထားမှာ စခန်းအပြင် လုံး၀ထွက်မရသည့် အခြေအနေဖြစ်ကြောင်း၊  လမ်းများကို ဖျက်ဆီးပြီးခံစစ်ပြင်ဆင်မှုများ လုပ်ဆောင် နေကြောင်း ရှင်းပြသည်။ လက်ရှိတွင် စစ်ကောင်စီအနေဖြင့် ခွာစစ်၊ ခံစစ်ကိုပြင်ဆင်နေပြီး နောက်ဆုံးတွင် နေပြည်တော်ကို ခံကတုတ်အဖြစ် ပြင်ဆင်နေသည်ကို မြင်ရကြောင်း ပြောသည်။ စစ်ကောင်စီတပ်များက နေရာများကို စွန့်ခွာသွားပါက အသိသာ ဆုံး အချက်မှာ နေအိမ်များကို မီးရှို့ခဲ့ကြောင်း၊ မြေမြှုပ်မိုင်းများ လည်းထောင်ထားခဲ့ကြောင်း ပြောပြပြီး မြေမြှုပ်မိုင်းပြဿနာ သည် ဖြေရှင်းရမည့် ကိစ္စရပ်တစ်ခုဖြစ်သည်ဟုဆိုသည်။ “ဒီအချိန်မှာတော့ ဒါတွေ(မြို့သိမ်း)ကို သိပ်စဉ်းစားမှာ မဟုတ်ဘူး။ ဒါပေမယ့် စစ်ရေးအရလိုလာတဲ့ဟာကတော့ ကျနော်တို့ တပ်မှူး တပ်ဗိုလ်တွေက ဒါစဉ်းစားမှာပဲ။ ကိုယ့်အထိအခိုက် နည်းတဲ့ အလုပ်ကို ကိုယ်ကိုယ်တိုင်လုပ်မယ်။ နောက်ပြီးတော့ အသဲနှလုံးရှိတဲ့နေရာ အရှိုက်ရှိတဲ့နေရာ သူ့ရဲ့ အကယ့်အညှာ ရှိတဲ့နေရာကို ကျနော်တို့ ဖောက်မှာပဲ”ဟု ပဒိုစောတောနီးက ပြောသည်။ https://www.facebo ok.com/photo/?fbid=733835132148615& set=a.559396182925845
၁၁။ ဒေသခံတွေ တိမ်းရှောင်နေတဲ့ ကဇူးယန်ကျေးရွာက ဆမားဇုန်နယ်ရုံးမှာ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်နေထိုင်
   February 22, 2024

ကချင်ပြည်နယ်၊ ဝိုင်းမော်- လိုင်ဇာလမ်း၊ ကဇူးယန်ကျေးရွာက ဒေသခံတွေ နေထိုင်နေတဲ့ ဆမားဇုန်နယ်ရုံးထဲကို အင်အား ၃၀၀ ကျော်လောက်ရှိတဲ့ စစ်ကောင်စီစစ်သားတွေ ဝင်လာတဲ့အတွက် ဒေသခံတွေ ကြောက်လန့်နေကြတယ်လို့ သိရပါ တယ်။ စစ်ကောင်စီစစ်ကြောင်းတွေဟာ ရုံးထဲကိုဝင်လာတဲ့အတွက် ဒေသခံတွေက ကြောက်လန့်ပြီး တခြားနေရာကို တိမ်းရှောင် နေကြတယ်လို့ ကဇူးယန်ဒေသခံတစ်ဦးက ပြောပါတယ်။ “ရုံးထဲကို စစ်သားတွေဝင်လာလို့ အားလုံးအပြင်မှာ နေနေကြရတယ်။ ခုနက ခဝမ်ကောင်မှာ တိုက်ပွဲဖြစ်လို့ အခုရုံးထဲမှာ စစ်သားတွေ ဝင်လာနေလိုက်ကြပြီ။ တစ်ရုံးလုံးအပြည့် စိမ်းနေတာပဲ။ ဒေသခံ တွေ ထိုင်စရာနေရာတောင်မရှိဘူး။” လို့ ဆိုပါတယ်။ ဒေသခံတွေခိုလှုံနေတဲ့ နေရာမှာ စစ်ကောင်စီစစ်ကြောင်းတွေ ဝင်ရောက် နေထိုင်နေကြတာဖြစ်ပြီး ဘယ်အချိန်ပြန်ထွက်မယ် ဆိုတာကိုတော့ မသိနိုင်ဘူးလို့လည်း ဒေသခံက ဆက်လက်ပြောပါတယ်။

ကျေးရွာအတွင်းက စစ်ကောင်စီတပ်စခန်းတစ်ဝိုက်မှာ မကြာခဏဆိုသလို တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ဒေသခံ ရွာ သားတွေဟာ ဆမားဇုန်နယ်ရုံးဝင်းထဲမှာ ဝင်ရောက်နေထိုင်နေကြတာ လပိုင်းလောက်ရှိပြီ ဖြစ်တယ်လို့ သိရပါတယ်။ ကဇူးယန်ကျေးရွာအနီးက ခဝမ်ကောင်မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားနေတဲ့အပြင် မနေ့ကလည်း ဒဘတ်ချောင်းနားမှာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ဝိုင်းမော်-လိုင်ဇာလမ်းကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့ကတည်းက စစ်ကောင်စီကနေ စစ်ကြောင်းထိုးနေတာဖြစ်ပြီး လက်ရှိအချိန်ထိ ကဇူးယန် ကျေးရွာအနီးက ဆမားလမ်းခွဲကို မကျော်နိုင်သေးဘဲ တိုက်ပွဲတွေဖြစ်ပွားနေတာပါ။ ကဇူးယန်ဒေသခံတွေဟာ ကချင်လွတ်လပ် ရေးတပ်မတော်(KIA)နဲ့ စစ်ကောင်စီတို့  ၂၀၁၁ ခုနှစ်က တစ်ကျော့ပြန်စစ်ပွဲတွေ ဖြစ်ပွားတဲ့အချိန် ၁၀ နှစ်ကျော်ကြာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတာဖြစ်ပြီး ၂၀၂၃ ခုနှစ် မတ်လပိုင်းကမှ နေရပ်ကို ပြန်လည်နေထိုင်နေကြတာ ဖြစ်ပါတယ်။ https://www.facebook.com/photo/?fbid=414789781228021&set=a.266001999440134

၁၂။ စစ်အာဏာရှင်ကို တော်လှန်တဲ့သူတွေကို လက်ခံကြိုဆိုနေတယ်လို့ SSPP ထုတ်ပြန်
  February 22, 2024

အဖိနှိပ်ခံလူမျိုးပေါင်းစုံပြည်သူတွေကို စစ်အာဏာရှင်ရဲ့ နည်းလမ်းပေါင်းစုံနဲ့ပိုမိုဖိနှိပ်လာတာ ကို  နားမဆံ့အောင်ကြား သိနေရပြီး ဖိနှိပ်မှုရှိလျင် တော်လှန်မှုရှိသည်ဆိုတဲ့ တော်လှန်ရေးနိယာမအတိုင်း တော်လှန်သောလမ်းစဉ်အသီးသီးကို ရှာကြံနေ ကြတဲ့ လူမျိုးပေါင်းစုံလူထုအတွက် SSPP/SSA က အားလုံးကို လက်ခံကြိုဆိုနေမယ်လို့ ဖေဖော်ဝါရီ ၂၂ ရက်စွဲနဲ့ထုတ်ပြန်တဲ့ ပန်ကြားချက်မှာ ဖော်ပြထားပါတယ်။

SSPP/SSA ဟာ ရှမ်းပြည်လက်နက်ကိုင်တော်လှန်ရေးရဲ့တောင်းဆိုချက်အရ တော်လှန်ရေးကိုဦးဆောင်နေတဲ့ ရှမ်းပြည် လူမျိုးပေါင်းစုံ လူထုကပေါက်ဖွားလာခဲ့တာဖြစ်ပြီး လူမျိုးကြီးဝါဒနဲ့ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒတို့ကို ဆန့်ကျင်ကာ အာဏာရှင်စနစ်ကျဆုံးရေး၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အပြည့်အဝအာမခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းလာရေးကို အစဉ်တစိုက်ဦးတည်လုပ်ဆောင်နေတဲ့ အစဉ်အလာရှိတဲ့ ပါတီနဲ့တပ်မတော်ဖြစ်တယ်လို့လည်း ဖော်ပြထား ပါတယ်။ ဒါကြောင့် SSPP ရဲ့ လမ်းစဉ်မူဝါဒွေကို လက်ခံယုံကြည်သူ မည်သူ့ကိုမဆို လက်ခံကြိုဆိုနေပြီး စစ်အာဏာရှင်စနစ် ကျဆုံးရေးကို ဦးတည်ထားတယ်လို့ဆိုပါတယ်။ https://www.facebook.com/photo/?fbid=424487513271032&set=a.28 5900490463069
၁၃။ ရေဖြူမှာ တစ်ပတ်အတွင်း ဖမ်းဆီးခံရတဲ့အမျိုးသမီး ခုနှစ်ဦးရှိပြီ
   February 22, 2024

ရေဖြူမြို့နယ်ရှိ ကံပေါက်နဲ့ မင်းသားရွာမှာ အခုတပတ်အတွင်း ဖမ်းဆီးခံရတဲ့ အမျိုးသမီး ခုနှစ်ဦးအထိရှိနေပြီး တစ်ဦးမှ ပြန်မလွတ်လာသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ အခုလ ၁၉ ရက်နေ့ သန်းခေါင်ယံလောက်အချိန်မှာ ကံပေါက်ရွာ၊ မဂ္ဂင်ရပ်ကွက်က အသက် ၅၀ နှစ်ဝန်းကျင်အရွယ် ဒေါ်ယဉ်အေး၊ မိကျောင်းအိုင်ရပ်ကွက်က အသက် ၃၀ နှစ်ဝန်းကျင်အရွယ် မသက်သက်မွန်၊ အသက် ၃၈ နှစ်ဝန်းကျင်အရွယ် မနီလာစန်း၊ သီရိမင်္ဂလာရပ်ကွက် ဒေါ်ဇာခြည်မျိုး တို့ကို စစ်ကောင်စီက သူတို့ ရဲ့နေအိမ်အသီးသီးမှာ လာရောက်ဖမ်းခေါ်သွားခဲ့ပါတယ်။“လူခြေတိတ်နေတုန်းလာတာ။ ကားနဲ့လာတာ။ အိမ်ရှေ့ကားရပ်ပြီး အိမ်ထဲလက်နက်တွေကိုင်ပြီး ဝင်လာတာ။”လို့ ဒေသခံအမျိုးသားတစ်ဦးက ပြန်ပြောပါတယ်။ ကံပေါက်ရွာ၊ လှည်းကုန်းရပ်ကွက် က ဒေါ်ချိုချိုနဲ့ ဒေါ်ညိုညို ညီအစ်မနှစ်ဦးကိုတော့ အခုလ ၁၇ ရက်နေ့မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။ မင်းသားရွာက ဒေါ်ကေဂျာဦးကို အခုလ ၁၅ ရက်နေ့က ရွာလမ်းပိုင်းတစ်နေရာ မှာဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဆိုပါအမျိုးသမီးတွေကို မောရဝတီရေတပ်စခန်းမှာ ဖမ်းဆီးခံထားရတယ်လို့ ကနဦးသိရပြီး ဘာကြောင့်ဖမ်းဆီးခံရ တယ်ဆိုတဲ့အကြောင်းအရင်းကိုတော့ မသိရသေးပါဘူး။ အခုလပထမပတ်ထဲမှာလည်း ကံပေါက်ရွာနဲ့ကျေးရွာချင်းဆက်ဖြစ်တဲ့ အုန်းပင်ကွင်းရွာခံ ကိုကျော်ဇင်နဲ့ဇနီးဖြစ်သူ၊ ဦးထွန်းပိုင်နဲ့ဇနီးဖြစ်သူတို့ ဖမ်းဆီးခံခဲ့ရပါတယ်။ သူတို့လည်း ပြန်လည်လွတ်မြောက် လာခြင်းမရှိသေးဘဲ မိသားစုနဲ့ အဆက်သွယ်ပြတ်နေတယ်လို့ သိရပါတယ်။ အမျိုးသမီးတွေကို ပစ်မှတ်ထား ဖမ်းဆီးလာတာ ပိုများလာတာကို တွေ့ရပါတယ်။ ရေဖြူမြို့နယ်မှာ ပြီးခဲ့တဲ့ဇန်နဝါရီလက အရပ်သား ၁၄ ဦးဖမ်းဆီးခံခဲ့ရသလို အခုလထဲမှာလည်း ၁၀ ဦး ထက်မနည်း ဖမ်းဆီးခံထားရပါတယ်။ https://www.facebook.com/photo/?fbid=420622897022132&set=a.19621 2682796489
၁၄။ လွိုင်ကော်မြို့ပေါ်ကို စစ်ကောင်စီတပ်က မီးလောင်ဗုံးကျဲချမှုကြောင့် ပြည်သူ့နေအိမ်များ မီးလောင်
   February 22, 2024

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့၊ ရပ်ကွက်များအတွင်းရှိ နေရာ ၅ ခုကို အကြမ်းဖက်စစ်ကောင်စီ တပ်က မီးလောင်ဗုံး ကျဲချ တိုက်ခိုက်ခဲ့ရာ နေအိမ်အချို့မီးလောင်ပြာကျခဲ့ကြောင်း KNDF သတင်းနှင့် ပြန်ကြားရေးဌာနထံမှ သိရသည်။ ဖေဖော်ဝါရီ ၂၁ ရက်နေ့ နံနက်ပိုင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် လွိုင်ကော်မြို့ပေါ်ရှိ ရွှေ တောင် ၊ မင်္ဂလာ ၊ ပိုးဇာခြံ စသည့် ရပ်ကွက်များထဲရှိ နေရာ ၅နေရာခန့်ကို အကြမ်းဖက် စစ်ကောင်စီ တပ်က ဒရုန်းဖြင့် မီးလောင်ဗုံးများ၊ အဝေးပစ် မီးလောင်ဗုံးများ လိုက်လံကျဲချ တိုက်ခိုက်ခဲ့ရာ ပြည်သူ လူထု နေအိမ်များ မီးလောင်ပြာကျခဲ့ကြောင်းသိရသည်။

လွိုင်ကော်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့များနှင့် ကရင်နီတော်လှန်ရေးတပ်ဖွဲ့တို့ တပ်စွဲနေရာယူထား ကြပြီး အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်ကြောင်း၊ ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်က နေ့စဥ်နှင့်အမျှ လက်နက်ကြီးပစ်ခတ်ခြင်း၊ ဒရုန်း၊ လေကြောင်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ လုပ်ဆောင် နေကြောင်း သိရသည်။ ထို့ကြောင့် လွိုင်ကော်မြို့နေ မိဘပြည်သူများ အနေဖြင့် နေအိမ်ပြန်ခြင်း၊ ပစ္စည်းများ ပြန်သယ်ယူခြင်းများကို တတ်နိုင်သမျှမပြုလုပ်ကြပါရန်၊ လုံခြုံရေးကို ဦးစားပေး၍ စစ်ရေး သတိရှိကြပါရန်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများထံမှ မှန်ကန်သည့် သတင်းအချက်လက်များကို ရယူကြရန် KNDF ဗဟို သတင်း နှင့်ပြန်ကြားရေးဌာနက မေတ္တာရပ်ခံတိုက်တွန်းထားသည်။ https://www.facebook.com/khitthitnews/videos/85417293 9795474
၁၅။ NUG နှင့် NMSP ကနဦးတွေ့ဆုံမှု နိုင်ငံရေး၊ စစ်ရေးအပါအဝင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရန် သဘောတူ
  February 22, 2024

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မဟာမိတ်ဆက်ဆံရေး ကော်မတီအဖွဲ့တာဝန်ခံ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် နှင့် မွန်ပြည်သစ်ပါတီ(NMSP)-စစ်အာဏာရှင်တိုက်ဖျက်ရေး အဖွဲ့ခေါင်းဆောင်များဆွေးနွေးခဲ့ကြောင်း NUG က အသိပေးထုတ်ပြန်သည်။ စစ်ကောင်စီကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည့် NMSP (စစ်အာဏာ ရှင် တိုက်ဖျက်ရေး)၏  နိုင်ငံရေး၊ စစ်ရေးကော်မတီအဖွဲ့ ခေါင်းဆောင် နိုင်ဇေယျ ဦးဆောင်သည့် အဖွဲ့ဝင်များနှင့် ဒေါ်ဇင်မာတို့သည် တော်လှန်ရေးလုပ်ငန်းစဉ်များအတွင်း လက်တွဲဆောင်ရွက်နိုင်ရေး အွန်လိုင်းမှ ကနဦးတွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်ဟုဆို သည်။ ဆွေးနွေးပွဲတွင် မွန်ပြည်သစ်ပါတီ(စစ် အာဏာရှင်တိုက်ဖျက်ရေး)မှ အဖွဲ့ခေါင်းဆောင် နိုင်ဇေယျ၊ ဒုခေါင်းဆောင် – ၁ နိုင်ဗညားလယ်၊ ဒုအဖွဲ့ခေါင်းဆောင် ၂- ဗိုလ်ချုပ်လယိကောင်းနှင့် မဟာမိတ်ဆက်ဆံရေးတာဝန်ခံ နိုင်ဗညားမွန် တို့ တက်ရောက် ခဲ့ပြီး NUG ဘက်က ဝန်ကြီးဒေါ်ဇင်မာအောင်နှင့် အဖွဲ့၊ ကာကွယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်ဟု ဖော်ပြထားသည်။

ထိုသို့ တွေ့ဆုံစဉ် စစ်အာဏာရှင်စနစ်နှင့် အာဏာရှင်စနစ်များအပြီးတိုင် တိုက်ဖျက်နိုင်ရေးကိစ္စကို ဆွေးနွေးခဲ့ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးတို့အတွက် ခိုင်မာသောမဟာ မိတ်အဖြစ် နိုင်ငံရေး၊ စစ်ရေး၊သံတမန်ရေး စသည့်ကဏ္ဍအားလုံးတွင် ပူးပေါင်းဆောင်ရွက်ရေးအတွက် သဘောတူခဲ့ကြောင်း ထုတ်ပြန်သည်။ မဟာမိတ်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုအားလုံးအတွက် စဉ်ဆက်မပြတ် ဆွေးနွေးဆောင်ရွက် သွားကြရန်လည်း သဘောတူညီခဲ့ကြောင်း အသိပေးထား သည်။ NMSP စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့သည် စစ်ကောင်စီနှင့် နိုင်ငံရေးဆွေးနွေးအဖြေရှာရန် မဖြစ်နိုင်တော့ဟုဆိုကာ စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ https://www.facebook.com/photo/?fbid=733979105467551&set=a.559396182925845

၁၆။ ကရင်နီဒုက္ခသည်စခန်းအမှတ် (၁) မှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာဖြစ်ပွားတဲ့ ၅ နှစ်အောက်   ကလေးငယ် (၅၂၃)ဦးရှိ
  February 21, 2024

ထိုင်းနိုင်ငံနယ်စပ်မှာရှိတဲ့ ကရင်နီဒုက္ခသည်စခန်းအမှတ်(၁) မှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားတဲ့ ၅ နှစ် အောက် ကလေးငယ် (၅၂၃)ဦး ရှိတယ်လို့ ကရင်နီကျန်းမာရေးဌာန (KnHD) ညွှန်ကြားရေးမှူး နော်ခူဖောက ပြောပါတယ်။ “အထူးသဖြင့်ဆိုရင် ဒီ (၅) နှစ်အောက် ကလေးတွေ ပိုပြီးတော့မှ ဒီအသက်ရှူလမ်းကြောင်းနဲ့ ဆိုင်တဲ့ ရောဂါတစ်ခု အဖြစ်များ တယ်ပေါ့နော်။ ၅ နှစ်အောက်ကလေးတွေ ဖြစ်တယ်။ ဒီတစ်လ အတွင်းမှာ ဆိုလို့ရှိရင် ဒီတစ်လ ၃ ပတ်ပေါ့နော် ဒီ ဖေဖော်ဝါရီလ ပထမကနေ တစ်ရက်နေ့ကနေစပြီး ခု ရက်ထိ ဆိုလို့ရှိရင် (၅၂၃) ဦးလောက် ဒီရောဂါတွေ ခံစားနေရတာပေါ့နော် ဖြစ်ပေါ်နေတာ ပေါ့။ “လို့ နော်ခူဖောက ပြောပါတယ်။ ဆေးခန်းမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလာရောက်ပြသသူ နေ့စဉ် ၂၀ဦးနဲ့ အထက်ရှိနေပြီး ဖေဖော်ဝါရီလ တစ်လအတွင်း စာရင်းအရ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားသူ ၅၀၀ ကျော်ရှိတဲ့ အထဲ ၅ နှစ်အောက် ကလေးငယ်က အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ဖြစ်ပွားတဲ့သူတွေဟာ ကိုယ်ပူ၊ ခေါင်းကိုက်၊ လည်ချောင်းနာ၊ ချောင်းဆိုး၊ နှာစေး စတဲ့ လက္ခဏာဖြစ်ပွားနေကြတယ်လို့ သိရပါတယ်။ လက်ရှိ ဒုက္ခသည်စခန်းတွင်းက ဆေးပေးခန်းမှာ မသက်သာတဲ့ လူနာတွေ ကို ထားရှိတယ်လို့ ဆိုပါတယ်။“သူ(ကလေး) အိပ်လို့ မရဘူး။ သူနှာခေါင်းတွေပိတ်နေတယ် ။အသက်မရှူတတ်ဘူး။ မိခင်နို့ လည်း မစုတ်တတ်ဘူး။ ချောင်းဆိုးတယ် နှာစေးတယ်။” လို့ ကလေးငယ်မိခင်တစ်ဦးက ပြောပါတယ်။ အသက်ရှူလမ်းကြောင်း ဆိုင်ရာ လက္ခဏာတွေဟာ ရာသီဥတုအကူးအပြောင်းမှာ လူကြီးအပါအဝင် ကလေးငယ်တွေက အဖြစ်များကြတယ်လို့ သိရပါ တယ်။ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ဟာ ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်မှာတည်ရှိပြီး လူဦးရေ ၁ သောင်းဝန်းကျင် ရှိပါတယ်။ https://www.kantarawaddytimes.org/%e1%80%80%e1%80%9 b%e1%80%84%e1%80%ba%e1%80%80
၁၇။ ကော့ကရိတ်တိုက်ပွဲတွင် စစ်ကောင်စီတပ်က အမျိုးသမီးစစ်သည်များ ပါဝင် တိုက်ခိုက်
  February 22, 2024

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်းကို  စစ်ကောင်စီတပ်ဘက်က အင်အားဖြည့်တင်းရာမှာ အမျိုးသမီးစစ်သည်တွေ လည်း ပါဝင်လာပြီး နေ့တိုင်းလိုလို တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ တော်လှန်ရေးအင်အားစုတာဝန်ရှိသူက ပြောပါတယ်။ ဖေဖော်ဝါရီ ၂၁ ရက် မနက်ပိုင်းက ကော့ကရိတ်မြို့တွင်းမှာ စစ်ကောင်စီတပ်ဘက်က အင်အား ဖြည့်တင်းနေတာကြောင့် KNLA ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေနေ့တိုင်းလိုလိုဖြစ်ပွားနေပါတယ်။ စစ်ကောင်စီတပ်ဘက်ကအင်းအားဖြည့်တင်းရာမှာ အမျိုးသမီး စစ် သည်တွေ ပါဝင်လာပါတယ်။ ဒါအပြင် စစ်ကောင်စီတပ်တွေက KNLA ပူးပေါင်းတပ်တွေ လုံခြုံရေးရယူထားတဲ့ နေရာတွေကို ပြန်လည်ရယူဖို့ ကြိုးစားနေတာကြောင့် တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ တော်လှန်းရေးအင်အားစု တာဝန်ရှိသူက ပြောပါတယ်။

ဒါအပြင် အဲဒီနေ့ မွန်းလွဲ ၂ နာရီလောက်မှာ အမှတ် ၇  တံတားဦးရပ်ကွက်၊ ပန်းခြံနဲ့ကပ်လျက်ဈေးဆိုင်ခန်းနဲ့ နေအိမ်တွေကို  စစ်ကောင်စီရဲ့ ခလရ ၉၇ က မျက်ကွယ်အကြောင်းပြချက်နဲ့ အရပ်သားပြည်သူတွေရဲ့ ဈေးဆိုင်ခန်းတွေ နေအိမ်တွေကိုမီးရှို့ ဖျက်ဆီးခဲ့ပါတယ်။ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် စစ်ရှောင်ပြည်သူတွေရဲ့ ဈေးဆိုင်ခန်းနဲ့ နေအိမ် ၁၀၀ နီးပါးမီးလောင် ပျက်ဆီးခဲ့ ပါတယ်။ ညနေ ၆ နာရီလောက်မှာ တောင်ပေါ်ကျောင်းအနောက်ဘက်မုခ်ဝ၊ အထက်တောင်သူစုရပ်ကို စစ်ကောင်စီက လက် နက်ကြီး ပစ်ခတ်ခဲ့တဲ့အပြင် ဒရုန်းနဲ့ မီးလောင်ဗုံးကြဲချတာကြောင့် စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တချို့ မီးလောင်ပျက်စီးခဲ့ပါ တယ်။ နေအိမ်တွေ မီးလောင်ပျက်စီးတာ ဆိုးဆိုးဝါးဝါးကြုံတွေ့နေရပြီး တချို့အိုးအိမ်တွေ မရှိတော့ဘူးလို့ ဒေသပြည်သူတွေက ပြောပါတယ်။ ဒီဇင်ဘာ ၁ ရက်ကစတင်ပြီး ဒီကနေ့အထိ နှစ်ဖက်တိုက်ပွဲတွေနဲ့ စစ်ကောင်စီရဲ့ လက် နက်ကြီးနဲ့လေကြောင်းက နေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံပြည်သူ အယောက်  ၂၀ နီးပါးထိမှန်သေဆုံးခဲ့ပြီး နေအိမ် ၃၀၀ ကျော် မီးလောင်ဆုံးရှုံး ခဲ့ရ တဲ့ အပြင်နေအိမ် ၅၀ ကျော်ထိမှန်ပျက်စီးခဲ့တယ်လို့ မြို့ခံပြည်သူတွေကပြောပါတယ်။ https://burmese.dvb.no/post/639891
၁၈။ စီခမ်းကြီးစစ်ရှောင်တွေအတွက် အရေးပေါ်ကူညီထောက်ပံ့မှုတွေ လိုအပ်နေ
   February 22, 2024

ကချင်ပြည်နယ် မံစီမြို့နယ် စီခမ်းကြီးစခန်းကြီးတိုက်ပွဲကြောင့် ဗန်းမော်မြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ရှောင်ပြည်သူတွေအတွက် ကူညီထောက်ပံ့မှုအရေးပေါ် လိုအပ်နေတယ်လို့ ဒေသခံတွေပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ စီခမ်းကြီးစခန်းသိမ်းတိုက်ပွဲကြောင့် စီခမ်းကြီးကျေးရွာဒေသခံတွေအပါအဝင် အနီးဝန်းကျင်ကျေးရွာတွေက ဒေသခံ ပြည်သူတွေဟာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်လာကြတာ ဖြစ်ပါတယ်။ အဲဒီစစ်ရှောင်တွေဟာ လက်ရှိ ဗန်းမော်မြို့တွင်း တိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်ဦးရေ အယောက် ၇၀၀ ဝန်းကျင် အခြေခံစားသောက်ကုန်အပါအဝင် အသုံးအဆောင် ပစ္စည်း တွေ လိုအပ်နေတာဖြစ်တယ်လို့ ဗန်းမော်မြို့ ဒေသခံတစ်ယောက်က ပြောပါတယ်။“ထွက်ပြေးလာတဲ့ တစ်ချို့ဆို ဖိနပ်တောင် မပါကြဘူး အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ထွက်ပြေးလာတဲ့သူတွေများတယ်၊ သူတို့တွေ ဆန်၊ဆီ၊ဆားကအစ အိုးတွေက အစပေါ့ ပြီးရင် ခင်းစရာဖျာလေးတွေ၊ စောင်လေးတွေလည်း လိုအပ်နေတာဖြစ်တယ်”လို့ပြောပါတယ်။

ဒါ့အပြင် စီခမ်းကြီးစစ်ရှောင်တွေဟာ အခင်းဖျားတွေအလုံအလောက်မရှိဘဲ တမံတလင်း၊ ကြမ်းခင်း ပေါ် အခင်းပါးပါးနဲ့ အိပ်နေရတာကြောင့် နားမကျန်းတဲ့ သက်ကြီးရွယ်အိုတွေနဲ့ ကျန်းမာရေးချို့တဲ့သူတွေအတွက် ကျန်းမာရေး ထိခိုက်လာနိုင်တဲ့ အပြင် ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။ အဲ့ဒီထွက်ပြေးတိမ်းရှောင်လာခဲ့သူတွေဟာ မံစီမြို့ နယ်၊ ခါချဉ်၊ မွန်စင့်၊ စီခမ်းကြီး၊ ပန်သိုင်း၊ စီကော်၊ မက်လင်၊ သံတံတား စတဲ့ ကျေးရွာတွေက ဖြစ်ပါတယ်။ လက်ရှိ စစ်ရှောင်တွေ ဟာ ဗန်းမော်မြို့ သိမ်တော်ကြီးဘုရားဘုန်းကြီးကျောင်းဝန်းမှာ ၃၄၁ ယောက်၊ သုခဝတီဘုန်းကြီးကျောင်းမှာ ၁၃၇ ယောက်ခန့် ရှိပြီးတော့ ပေါက်ကုန်းရပ်ကွက်၊ ရိုးကြီး၊ ဟန်းတဲ၊ ကန်တော်၊ စီဟဲ၊ ခွန်သာရပ်ကွက်၊ ကုက္ကိုတော စတဲ့ ရပ်ကွက်၊ တစ်ခြား ရပ်ကွက်တွေ မှာရှိတဲ့ ဆွေမျိုးအိမ်၊ အသိမိတ်ဆွေ အိမ်နဲ့ အိမ်ငှားပြီးတော့ ခိုလှုံနေကြတဲ့သူတွေ ရှိတယ်လို့ သိရပါတယ်။ https:// burmese.kachinnews.com/2024/02/21/bb1-75/
၁၉။ ပုဏ္ဏားကျွန်း မြို့မရဲစခန်းကို ရက္ခိုင့်တပ်တော်သိမ်းပိုက်
   February 23, 2024

ရခိုင်ပြည်နယ်မှာ စစ်ဆင်ရေးပစ်မှတ်တွေကို ဆက်တိုက် ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ရက္ခိုင့်တပ်တော် (အေအေ) အနေ နဲ့ ပုဏ္ဏားကျွန်းမြို့မရဲစခန်းကို  ဖေဖော်ဝါရီ ၂၂ ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း အေအေက ထုတ်ပြန်ပါတယ်။ တိုက်ခိုက်သိမ်း ပိုက်မှုမှာ စစ်ကောင်စီဘက်က ဘယ်နှယောက် ထိခိုက်သေဆုံး ဒဏ်ရာရတာရှိဆိုတာ မသိရသေးသလို ပုဏ္ဏားကျွန်းမြိုမရဲစခန်း သိမ်းပိုက်ခံရတာနဲ့ ပတ်သက်လို့  စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်တာမတွေ့ရသေးပါဘူး။  ပုဏ္ဏားကျွန်းမြို့အပြင်  ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့တွေက လက်နက်ချအညံ့မခံတဲ့ စစ်ကောင်စီရဲ့ စစ်စခန်း၊ ဗျူဟာ၊ တပ်ရင်း၊ တပ်မ ဌာနချုပ်တွေကို ရက္ခိုင့်တပ်တော်က  အပြီးသတ်သိမ်းပိုက်ရယူဖို့  ထိုးစစ်တွေ ဆက်တိုက် ဆင်နွှဲနေတယ်လို့လည်း ဆိုပါတယ်။

စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်မြို့တွေမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကနေ လက်နက်ကြီးတွေနဲ့  မြို့၊ ရွာ၊ လူနေအိမ်တွေအတွင်းကို ရမ်းသန်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အေအေ ထုတ်ပြန်ချက်မှာပါရှိပါတယ်။ ရမ်းဗြဲ မြို့ကို လည်း  ဖေဖော်ဝါရီ ၂၂ ရက် ညနေ ၅ နာရီလောက်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ https: //burmese.dvb.no/post/639941

၂၀။ တအာင်းတပ် ထိန်းချုပ်နယ်မြေမှာ တာဝန်ထမ်းဆောင်ဖို့ အသင့်ဖြစ်နေကြောင်း ကျန်းမာရေး CDM ဝန်ထမ်းတွေဆို
   February 22, 2024

တအာင်းတပ်မတော်- TNLA ထိန်းချုပ်ထားတဲ့နယ်မြေမှာ အာဏာဖီဆန်ရေးလှုပ်ရှားမှု- CDM မှာ ပါဝင်တဲ့ ကျန်းမာရေး ဝန်ထမ်းတွေ တာဝန်ထမ်းဆောင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ CDM မှာ ပါဝင်တဲ့ ကျန်းမာရေးဌာနမှ အမျိူးသားတစ်ဦးက ပြောပါ တယ်။ လက်ရှိမှာ TNLA က CDM ထဲ ပါဝင်တဲ့ ဝန်ထမ်းတွေကို ခေါ်ယူတွေ့ဆုံတာ ရှိနေပြီး ဘယ်အချိန်မှာ အလုပ်စခန့်မလဲ ဆိုတာကိုတော့ တိတိကျကျ ပြောဆိုထားတာ မရှိသေးဘူးလို့ နမ့်ဆန်မြို့နယ်က CDM ကျန်းမာရေးဝန်ထမ်း အမျိုးသားတစ်ဦးက ပြောပါတယ်။“TNLA က ရွာတစ်ရွာ တွေ့ဆုံပွဲမှာ CDM သမားတွေကို ခေါ်တွေ့ပြီး ကော်မတီတွေ ဖွဲ့တယ်၊ ပူးပေါင်းဆောင်ရွက် မှု၊ လုံခြုံရေးတွေကအစ လုပ်ဆောင်ပေးနေတာတော့ရှိတယ်။ ဘယ်အချိန်အလုပ်ခန့်မလဲတော့ မပြောသေးဘူး” TNLA ထိန်းချူပ် တဲ့နယ်မြေမှာ တာဝန်ထမ်းဆောင်ဖို့ အဆင်သင့်ဖြစ်နေပေမဲ့ CDM မှာ မပါဝင်တဲ့သူတွေကိုတော့ အရေးယူတာ လုပ်ဆောင် စေချင်တယ်လို့ နမ့်ဆန်မှ နောက်ထပ် ကျန်းမာရေးဆရာမတစ်ဦးက ပြောပါတယ်။

“Non CDM ဝန်ခံကတိထိုးပြီး လစာ ထုတ်စားနေတာ။ တစ်တွဲတွဲ ဖြစ်နေကြတာ။ လစာ ထုတ်ပြီးမှ ခပ်တည်တည်နဲ့ နမ့်ဆန်မြို့မှာ လက်ဖက် ပြန်လာလုပ်တဲ့သူနဲ့ တရုတ်ပြည် ဖက်သွားတဲ့လူ ရှိနေတယ်” CDM မှာ ပါဝင်သူတွေကို အလုပ်ပြန်ခန့် မခန့်ဆိုတာနဲ့ CDM မှာ မပါဝင်တဲ့သူတွေကို TNLA က အရေးယူမှုရှိမရှိဆိုတာနဲ့ ပတ်သက်ပြီး PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိ သူရုံးကို စာပို့ဆက်သွယ်ထားပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။ TNLA ရဲ့ ကျန်းမာရေးဆိုင်ရာ အရာရှိတစ်ဦးကတော့ နှစ်ချူပ် အစည်းအဝေးပြီးမှ အတည်ပြုနိုင်မယ်လို့ ပြောပါတယ်။ ၁ဝ၂၇ စစ်ဆင်‌ရေးအတွင်း TNLA သိမ်းပိုက်ထားတဲ့ နမ့်ခမ်းမြို့မှာတော့ TNLA ရဲ့ ကျန်းမာရေးဝန်ထမ်းနဲ့ ပြည်သူ့ဆေးရုံ ပြန်လည် လည်ပတ်နေပြီး ကွတ်ခိုင်၊ နမ္မတူ၊ နမ့်ဆန်၊ မိုင်းငေါ့၊ မိုင်းလုံနဲ့ မန်တုံမြို့မှာတော့ ဆေးရုံတွေ မလည်ပတ်နိုင်သေးပါဘူး။ https://www.facebook.com/photo/?fbid=724158269891440&s et=a.404503215190282

၂၁။ ဖားကန့်မြို့ပေါ်ရပ်ကွက်တွေမှာ စစ်ကောင်စီက လမ်းသွားလမ်းလာပြည်သူများအား စစ်ဆေးမှုပြုလုပ်
   February 22, 2024

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက်နဲ့ မော်ဝမ်းရပ်ကွက်မှာ စစ်ကောင်စီက လမ်းသွားလမ်းလာပြည်သူ တွေကို စစ်ဆေးရေးတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ မရှီကထောင် ရပ်ကွက်က ရွှေမြန်မာဆီဆိုင်အရှေ့လမ်းမပေါ်နဲ့ မှော်ဝမ်းရပ်ကွက်က ပန်းတင်တံတားမှာ စစ်ကောင်စီကနေ လမ်းသွားလမ်းလာပြည်သူ တွေကို မှတ်ပုံတင်ကအစ စစ်ဆေးရေး တွေ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။“ဒီနေ့မှ ပြန်စစ်နေကြတာ မစစ်တာကြာပြီ။ အကုန်စစ်တယ် ပန်းတင်တံတားမှာ စစ်တဲ့အချိန် လူလေးယောက် ဖမ်းခံရတယ်လို့ကြားတယ်။ အတိအကျတော့ မသိရသေး ဘူး”လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။

ဖားကန့်မြို့ ဥရုကျောက်စိမ်းတောင်တံတားထိပ်မှာလည်း စစ်ကောင်စီအင်အား ၂၅ ဦး ခန့်နဲ့ စစ်ဆေးရေးဆောင်ရွက်ခဲ့ တယ်လို့ နောက်ထပ် ဖားကန့်ဒေသခံတစ်ဦးရဲ့ ပြောချက်အရသိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကလည်း လုံးခင်း ကျေးရွာက အမျိုးသား ၄ ဦးကို အမည်မသိအဖွဲ့တစ်ဖွဲ့က ဖမ်းဆီးသွားတဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။ တိုက်ပွဲတွေ မကြာခဏ ဖြစ် ပွားနေတဲ့ ဖားကန့်မြို့နယ်မှာ စစ်ကောင်စီက စုံစမ်းစစ်ဆေးရေးတွေ ပြုလုပ်နေရုံမက ဖမ်းဆီးမှုတွေလည်း ပြုလုပ်နေတာ ဖြစ်ပါ တယ်။ စစ်ကောင်စီကနေ အသက်ပြည့်ပြီး နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရဥပဒေကို အသက်သွင်းပြီးတဲ့နောက် နေရာ အနှံ့မှာ စစ်ဆေးဖမ်းဆီးမှုတွေ ပြုလုပ်နေတာကိုလည်း တွေ့ရပါတယ်။ https://www.facebook.com/photo?fbid=41478006456232 6&set=a.266001999440134
၂၂။  တာချီလိတ်ရှိ ကျားဖြန့်ရုံအချို့ကို စစ်​ကောင်စီ စီးနင်းမှု ဟန်ပြဟု မြို့ခံများပြော
   February 23, 2024

ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်တင်ကိုကိုသည်တာချီလိတ်မြို့ရှိ ကျားဖြန့်လုပ်ငန်းများ၌ ပါဝင်ပတ်သက်နေကြောင်း သတင်းများထွက်ပေါခဲ့ပြီးနောက် ယနေ့ နံနက်အစောပိုင်းတွင်တာချီလိတ်မြို့ရှိ ကျားဖြန့်အွန်လိုင်းလောင်းကစားရုံအချို့ကို စစ်ကောင်စီနှင့်ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းပြီး ဝန်ထမ်းများအားဖမ်းဆီးထားကြောင်းသတင်းရရှိသည်။ “ရဲမှူးချုပ် တင်ကိုကို ကြိုပြီးကာဗာယူတာထင်တယ်။ သူဒီအတိုင်းလွှတ်ထားတဲ့ ကျားဖြန့်တွေကို ဝင်ဖမ်းနေတယ်။ ထိုင်းနိုင်ငံသားတွေကို ထိုင်းဖက်ကိုတန်းလွှဲတယ်။ မြန်မာဝန်ထမ်းတွေကို ရုံထဲမှာ ထားတယ်။ အခုအဖမ်းခံရသူတွေက ညဆိုင်းသမားတွေ။ မနက်ဆိုင်း သမားတွေကို စောင့်ဖမ်းနေတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။ တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်မှ  1G1 ဟိုတယ် အနောက်ဘက်ရှိ ကျားဖြန့်အွန်လိုင်းလောင်းကစားရုံကို ​ဖေ​ဖော်ဝါရီ ၂၃ ရက် နံနက် အစောပိုင်း ၁နာရီခန့်တွင် စစ်​ကောင်စီ၏ စစ်တပ်နှင့်ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခြင်းခဲ့ခြင်းဖြစ်သည်။ ထိုကျားဖြန့်လောင်းကစားရုံသည် တာချီလိတ်နှင့် ထိုင်းနိုင်ငံကြားရှိ မယ်ဆိုင်ချောင်းဘေး၌ ကပ်လျက်တည်ရှိသည်။

ထိုကျားဖြန့်ရုံသည် နေ့ရောညပါ ဖွင့်သောကြောင့် မနက်ပိုင်းလာရောက်မည့် ဝန်ထမ်းများ အဖမ်းမခံရစေရေးအတွက် မြို့ခံများက အချင်းချင်းသတိပေးနေသည်။ တာချီလိတ်မြို့တွင် တရုတ်၊ ထိုင်းနှင့် မြန်မာနိုင်ငံသားအချို့ပိုင်သည့် ကျားဖြန့် လုပ် ငန်းလောင်းကစားရုံများ ရှိနေပြီး ယခုစီးနင်းခံရသည့်လောင်းကစားရုံသည် မြန်မာနိုင်ငံသားပိုင်ဖြစ်သည်။ လောင်းကစားရုံ များအတွင်း တရုတ်နှင့်ထိုင်းနိုင်ငံသားအချို့အပါအဝင် အာရှနိုင်ငံများမှ နိုင်ငံသားအချို့ လူကုန်ကူးခံထားရပြီး ၎င်းတို့အားကယ် ထုတ်ပေးရေး အကူးအညီတောင်းထားသည့်ဖြစ်စဉ်များရှိကြောင်း ဒေသာတွင်းသတင်းရင်းမြစ်များကပြောသည်။ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်တင်ကိုကိုသည်  စစ်တပ်မှအသွင်ပြောင်းဖြစ်ပြီး ရှမ်းပြည်နယ်အတွင်းရှိ ကျားဖြန့်လုပ်ငန်းများ၊ မူးယစ် ဆေးဝါး လုပ်ငန်းများ၌ ပါဝင်ပတ်သက်နေကြောင်း သတင်းများထွက်ပေါ်နေသည်။ https://www.facebook.com/photo?fb id=734244968774298&set=pcb.734245025440959
၂၃။ နယ်ကျော်သွားလာလိုသူများ အခကြေးငွေဖြင့် အုပ်ချုပ်ရေးမှူးထောက်ခံစာပြုလုပ်နေရ
   February 22, 2024

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာ ရှိဒေသခံများအနေဖြင့် နယ်ကျော် သွားလာလိုပါက အာဏာသိမ်း စစ်ကောင်စီလက်အောက် အုပ်ချုပ်ရေးမှူးထံတွင် အခကြေးငွေပေးဆောင်၍ ထောက်ခံစာပြုလုပ်နေကြရကြောင်း ကံပေါက်ဒေသခံထံမှ သိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းလောက်မှ စတင်ကာ တနယ်မှ အခြားတနယ် ဒေသများသို့ သွားလာလိုပါက ဒေသခံများအနေဖြင့် အုပ်ချုပ်ရေးမှူးရုံးများတွင် ငွေကျပ်တစ်သောင်းဖြင့် ထောက်ခံစာများပြုလုပ်ရကြောင်း ကံပေါက် ဒေသခံတစ်ဦးက ယခုလိုပြောသည်။“အကယ်၍ ကံပေါက်ထဲက ထွက်မယ်ဆို လုပ်ရတယ်။ တစ်ခါလုပ်ရင် တစ်သောင်း။ အရင်ကတော့ ငါးထောင်ပဲ ပေးရတယ်။ အကယ်၍ ကိုယ်က မလုပ်ထားဘူးဆိုရင် ဒဏ်ကြေးပေးရတယ်။ စစ်တပ် က တောင်း သလောက်ပေါ့။ လူငယ်အများစု လုပ်ကြတာရှိတယ်။ ဘာလို့လဲဆိုတော့ ထောက်ခံစာမပါရင် တစ်ခါတည်းဖမ်းပြီး စစ်မှုထမ်းခိုင်းခံထိမှာကို မိဘတွေကစိတ်ပူကြတယ်လေ။” ဟု ပြောသည်။

ထို့အပြင် ကံပေါက်ဒေသအတွင်းသို့ ဆန်သယ်ယူမည်ဆိုပါကလည်း ရဲစခန်းထောက်ခံစာအပြင် ဧည့်စာရင်း မဖြစ်မနေ တိုင်ခြင်း နှင့် ရပ်ကွက်ထောက်ခံစာများ လုပ်ဆောင်ပြီးမှ သယ်ဆောင်ခွင့်ရကြောင်း ဒေသခံများက ပြောသည်။“ဒီနယ်မှာက ပြည်သူတွေကို ဘာမှလုပ်လို့မရအောင် အခွင့်အလမ်းတွေ အကုန်ပိတ်ထားခံရတယ်။ ထောင်ဝင်စာတွေလည်း ထောက်ခံစာ၊ ဆိုင်ကယ်စီးခွင့်လည်း ပိတ်ထားတယ်။ ပြီးတော့ ဘာစ္စည်း သယ်သယ် ထောက်ခံစာ လုပ်ရတယ်။ ထောက်ခံစာကလည်း တစ်ခါ လုပ်ရင် တစ်ခါဈေး တက်လာတယ်။” ဟု ထားဝယ်မြို့နယ်ရှိ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ အဆိုပါ ဆန်သယ်ယူခွင့် ဖြစ်စဉ်နှင့် ဆက်စပ်ပြီး ကံပေါက်ဒေသအပါအဝင် အရှေ့တောနယ်ဒေသရှိ ကျေး ရွာများ၊ ပုလောမြို့နယ်၊ ပလောက်မြို့နယ်နှင့် ပလမြို့နယ်ရှိကျေးရွာများတွင် ဆန်သယ်ဆောင်ခွင့်ကို ထောက်ခံစာများဖြင့် လုပ်ဆောင်နေရပြီး အရေအတွက်အကန့်အသတ် ဖြင့်သာ သယ်ဆောင်နေရကြောင်း ဒေသခံများက ပြောသည်။ https://kicnews.org/2024/02/%e1%80%94%e1%80%9a% e1%80%ba%e1%80%80%e1%80%bb%e1%8

၂၄။ ဆီဆိုင်မြို့နယ်၊ ဆောင်းငဲင်းကျေးရွာရှိ စစ်ရှောင် ကလေးငယ် ၁၀၀ ကျော်ကို ဟိုနမ့်သို့ ပြောင်းရွှေ့
   February 22, 2024

ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊  ဆီဆိုင်မြို့နယ်၊ လွယ်ပွတ်ကျေးရွာအုပ်စု၊ ဆောင်းငဲင်းကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွား နေပြီး လေကြောင်းအန္တရာယ် စိုးရိမ်ရတဲ့အတွက် ရွာထဲက အသက် ၁၈ နှစ်အောက် ကလေးငယ် ၁၀၀ ကျော်ကို မောက်မယ်မြို့နယ် ဟိုနမ့်စံပြကျေးရွာဆီ ပြောင်းရွှေ့ထားပါတယ်။ ဆောင်းငဲင်းကျေးရွာအနီး လွယ်ပွတ်ကျေးရွာနဲ့ တောင်ဘက်တကြော ရှိ ကျေးရွာ ၅ ရွာမှာ တိုက်ပွဲဖြစ်နေပြီး ဆောင်းငဲင်းကျေးရွာထဲကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်လာတာရှိခဲ့တယ်လို့ ရွာသားတယောက်က ပြောပါတယ်။

ဆောင်းငဲင်းကျေးရွာ ရွာခံအမျိုးသားတဦးက “လေယာဉ်တွေနဲ့ ဆီဆိုင်ဘက်ကို ဆင်းဆင်းသွားတာလေ။ ဗုံးကြဲတာ လွယ်ပွတ်မှာဆို အိမ်တွေပြို လူတွေထိကုန်တာနဲ့ ရွာထဲက တချို့လည်း ပြေးတယ်။ ကလေးတွေက အရမ်းများတော့ ကျေးရွာ ကော်မတီတဦးနဲ့ ဟိုနမ့်မှာ ခဏသွားရှောင်ခိုင်းထားတယ်၊ စာမေးပွဲလည်း မဖြေရဘူး” လို့ ပြောပါတယ်။ ကလေး ၁၀၀ ကျော် အတွက် ရပ်ရွာရန်ပုံငွေတချို့ကို သုံးစွဲထားပြီး နေထိုင်ဖို့ကိုတော့ ဟိုနမ့် ဘုန်းကြီးကျောင်းကို အကူအညီတောင်းထားတယ်လို့ သိရပါတယ်။ လသားအရွယ်နဲ့ ကိုယ်ဝန်ဆောင် မိခင်တွေကတော့ တောင်ကြီးမြို့နယ်အတွင်းက ဘုန်းကြီးကျောင်းတွေမှာ သွား ရောက်စစ်ရှောင်နေကြပါတယ်။ https://burmese.dvb.no/post/639928
၂၅။ စစ်​ကောင်စီက ကိုးကန့်ပြည်သူ့စစ်​ခေါင်း​ဆောင်များကို တရုတ်ထံလွှဲ​ပြောင်း​ပေးခဲ့​ခြင်းမှာ မလုပ်သင့်​သောလုပ်ရပ်ဟု ဗိုလ်မှူးကြီး​စောချစ်သူ ​ပြောကြား
  February 23, 2024

စစ်အုပ်စု၏ ကာလရှည် မဟာမိတ်ကိုးကန့်ဒေသခေါင်းဆောင်းဟောင်းအပါအဝင် ၁၀ ဦးကို တရုတ်နိုင်ငံထံ စစ်ကောင်စီ က လွှဲပြောင်းပေးခဲ့ခြင်းအပေါ် ကရင်နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူက ၎င်းတို့သည် မြန်မာနိုင်ငံ သားမှန်ကန်ပါက မလွှဲပြောင်းပေးသင့်ကြောင်း ဝေဖန်ထောက်ပြသည်။ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌဟောင်း လည်းဖြစ်၊ ပြည်ခိုင်ဖြိုးအမတ်​ဟောင်းဖြစ်​၊ ကိုးကန့်ပြည်သူ့စစ်​ခေါင်း​ဆောင်ဖြစ်သော ဦးပယ်ဆောက်ချိန်၊ ၎င်း၏သား ကိုးကန့် ပြည်သူ့စစ်​ခေါင်း​ဆောင် အပါအဝင် ၁၀ ဦးကို အာဏာသိမ်းစစ်ကောင်စီက ပြီးခဲ့သည့်ဇန်နဝါရီ လကုန်ပိုင်းတွင် တရုတ်နိုင်ငံထံ လွှဲပြောင်းအပ်နှံခဲ့ခြင်းအပေါ် ကရင် BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ၏ အမြင်သဘောထားကို မေးမြန်းခဲ့ရာ “ကျွန်တော်ကတော့ ထူးထူးထွေထွေဘာမှမမြင်ပါဘူး။ ကျွန်တော်တို့ပြောချင်တာက ကိုယ့်ရဲ့နိုင်ငံမှာလည်း တရားဥပဒေရှိပါ တယ်။ ကိုယ့်နိုင်ငံသားမှန်ကန်ရင်ဒါကို မလုပ်သင့်ပါဘူး။ လုပ်စရာ မလိုလောက်ပါဘူး” ဟု ပြောသည်။

တရုတ်နိုင်ငံက အွန်လိုင်းလိမ်လည်မှုလုပ်ငန်း (ကျားဖြန့်)နှင့်ပတ်သက်၍ နိုင်ငံဖြတ်ကျော််ဖမ်းဆီးမှုများ၊ နှိမ်နင််းမှုများ လုပ်ဆောင်နေရာ အာဏာသိမ်းစစ်ကောင်စီကလည်း တရုတ်အလိုရှိနေသော မြန်မာနိုင်ငံသားများကို တရုတ်ထံ လွှဲပြောင်းပေး အပ်မှုရှိခဲ့သည်။ ထိုအခြေအနေတွင် ကျားဖြန့်လုပ်ငန်းများနှင့် ပတ်သက်မှုရှိသည်ဟု စွပ်စွဲခံထားရသော BGF ခေါင်း ဆောင် ဗိုလ်မှူးကြီးစောချစ်သူက ကျားဖြန့်နှင့်ပတ်သက်၍ စိုးရိမ်မှုမရှိကြောင်းတုန့်ပြန်သည်။ BGF အနေဖြင့်ယင်းလိမ်လည်မှုလုပ်ငန်း များကို လုပ်ကိုင်ခြင်းမရှိသကဲ့သို့ တရုတ်နိုင်ငံသား ၃၀၀၀ နီးပါးကိုလည်း တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း ဗိုလ်မှူးကြီးစောချစ်သူက ဆိုသည်။ ကရင်နယ်ခြားစောင့်တပ် BGF သည် အာဏာသိမ်းစစ်တပ်လက်အောက်ခံအဖြစ် ၂၀၂၃ နှစ်ကုန်ပိုင်းအထိ အကြမ်းဖက်စစ်တပ်ထံမှ ရိက္ခာနှင့် လစာယူခဲ့ပြီး လက်ရှိတွင်စစ်တပ်ထံမှ ရိက္ခာနှင့် လစာမယူတော့ဘဲ BGF ကို ပြောင်းလဲကာ သီးခြားရပ်တည်တော့မည်ဟု ယခုနှစ်ဆန်းတွင် ကြေညာသည်။ BGF သည် ကရင့်တပ်အချင်းချင်း တိုက်ခိုက် လိုခြင်းမရှိတော့ကြောင်းနှင့် စစ်တပ်ထံမှ ရိက္ခာ၊လစာမယူတော့ကြောင်း အချက်၂ ချက်ကို တောင်းဆိုခဲ့ပြီး ယင်းတောင်းဆိုချက် များနှင့်ပတ်သက်၍ စစ်တပ်က ဖေဖော်ဝါရီ ၂၁ ရက်အထိ တုန့်ပြန်အကြောင်းကြားခြင်းမရှိသေးကြောင်း သိရသည်။ https://ww w.facebook.com/photo/?fbid=734270812105047&set =pcb.734270925438369
၂၆။ ကျောက်ဖြူပင်လယ်ပြင်တွင် ငါးဖမ်းခွင့် ကန့်သတ်အမိန့် စစ်ကောင်စီက နှစ်လ ထပ်တိုးထုတ်ပြန်
   February 22, 2024

ရခိုင်ပြည် ကျောက်ဖြူပင်လယ်ပြင် အပါအဝင် မြို့၊ မြို့နယ်နှင့် ထိစပ်နေသော ပင်လယ်၊ မြစ်ကမ်းတစ်လျှောက်တွင် ငါးဖမ်းခွင့်မပြုသည့် ကန့်သတ်အမိန့်ကို စစ်ကောင်စီက နှစ်လ ထပ်တိုးထုတ်ပြန်သည်။ ကျောက်ဖြူမြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ ဒေသန္တရအမိန့်ဖြင့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး လာမည့်ဧပြီလ ၁၉ ရက်နေ့အထိ အတည် ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။ ကျောက်ဖြူမြို့နယ်အတွင်း လတ်တလောအခြေအနေအရ ဒေသလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ နယ်မြေအေးချမ်းသာယာရေးအတွက်ဟုဆိုကာ ကျောက်ဖြူ စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့မှ ထုတ်ပြန်ထားခြင်းဖြစ် သည်။ ကမ်းခြေဒေသများ၊ ရေနယ်နမိတ်များတွင် မည်သူမဆို အမိန့်တစ်စုံတစ်ရာမရှိဘဲ ၂၄ နာရီပတ်လုံး ဖော်ပြအချက်များကို ဆောင်ရွက်ခြင်းမရှိဘဲ တားမြစ်သည်ဟု ဆိုသည်။

“လက်လှေ၊ ဟွန်ဒါစက်လှေများ သွားလာခြင်း၊ ငါးဖမ်းဆီးခြင်းမပြုလုပ်ရ။ ကမ်းဝေးငါးဖမ်းလှေများ ဖြတ်သန်းသွားလာ ခြင်း၊ ကမ်းကပ်ခြင်းမပြုလုပ်ရ။ မြစ်ကမ်းတစ်လျှောက်နှင့် ဆိပ်ကမ်းနေရာများတွင် ဝိုင်းဖွဲ့ပြီး အရက်သေစာသောက်စားခြင်း၊ ဝိုင်းဖွဲ့သီးချင်းဆိုခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်းမပြုလုပ်ရ”ဟု ကျောက်ဖြူစစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့က တားမြစ်ထားသည်။  အဆိုပါတားမြစ်မိန့်သည် ကျောက်ဖြူမြို့ဧရိယာများ၊ မြို့နယ်အတွင်းရှိ ကမ်းခြေဒေသများနှင့် သံဇစ်မြစ်အတွင်းရှိကမ်းခြေဒေသ များ၊ ရေဒေသများ၊ ရေနယ်နမိတ်များအထိ ပါဝင်ကြောင်းဆိုသည်။ တားမြစ်မိန့်အား ဖောက်ဖျက်ကျူးလွန်တွေ့ရှိရပါက တည်ဆဲ ဥပဒေများအရ အရေးယူခံရမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်ပြောဆိုထားသည်။  ကျောက်ဖြူဒေသခံတစ်ဦးက ” စစ်ကောင်စီ ကထုတ်တဲ့ အမိန့်တွေ၊ ညွှန်ကြားစာတွေကို ကျနော်တို့ဒေသခံတွေက လိုက်နာမဟုတ်ပါဘူး။ ကျနော်တို့ အလုပ်တွေ ကိုတော့ ကျနော်တို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်နေမှာပဲ” ဟု ပြောသည်။  https://www.facebook.com/photo?fbid=8427950445265 90&set=a.682731967199566
၂၇။ စစ်မှုထမ်းဥပဒေနှင့်စစ်ဆေးဖမ်းဆီးမှုတွေကြောင့် ပြည်ပမှာ အလုပ်သွားလုပ်ဖို့ ပြင်ဆင်ထားတဲ့ ကရင်နီဒေသခံတွေ နေရပ်လှည့်ပြန်ရ
  February 23, 2024

စစ်ကောင်စီက စစ်မှုထမ်းဥပဒေ ကြေညာပြီးတဲ့နောက်ပိုင်းမှာ ပေါ်တာဆွဲတာတွေ၊ သန်းခေါင်စာရင်းကောက်တာတွေ၊ အစစ်အဆေး ပိုမိုတင်းကျပ်လာတာတွေကြောင့် မြို့ပြကိုရောက်ရှိနေတဲ့ ကရင်နီပြည်က လူငယ်တွေဟာ နေရပ်ကိုလှည့်ပြန်လာ ကြရတယ်လို့ သိရပါတယ်။“စင်္ကာပူ သွားဖို့ပြင်ဆင်နေတာပေါ့။ ဒါမဲ့ အခု ရန်ကုန်မှာလဲ အခြေနေက မကောင်းတော့ ဒီဘက်ကို ပြန်လာလိုက်ရတယ်ပေါ့ မိဘတွေကလဲ စိတ်ပူလို့ ပြန်ခေါ်တာကြောင့်လဲပါတယ်။”လို့ ပြည်ပနိုင်ငံသွားဖို့ ပြင်ဆင်နေတဲ့ ကရင်နီလူငယ်တစ်ဦးက ဆိုပါတယ်။ အဆိုပါ နေရပ်လှည့်ပြန်ခဲ့ရတဲ့ လူငယ်တွေဟာ ပြည်ပကိုသွားဖို့ ၁ လဝန်းကျင် ပြင်ဆင်ခဲ့ရပြီး လမ်းစရိတ်နဲ့ သင်တန်းကြေးကို အနည်းဆုံး ၁၀ သိန်းကျပ် ကုန်ကျခဲ့တယ်လို့ သိရပါတယ်။ စင်္ကာပူနိုင်ငံကို အလုပ်လုပ်ဖို့ စီစဉ် ထားတဲ့ ကရင်နီလူငယ်တစ်ဦးကလည်း စစ်မှုထမ်းအမိန့်တွေ ၊ စစ်ဆေးဖမ်းဆီးမှုတွေ များပြားလာတာကြောင့်လည်း မသွားဖြစ် တော့ဘဲ စီစဉ်ထားတာတွေကို ဖျက်သိမ်းခဲ့ရတယ်လို့ ပြောပါတယ်။

“အစက ရန်ကုန်သွားမယ်လုပ်တော့ ကားလက်မှတ်တွေဖြတ်ပြီးပြီ။ စစ်ကောင်စီက စစ်မှုမထမ်းမနေရဆိုတဲ့ အမိန့်စာ ထုတ်လိုက်တော့ မသွားဖြစ်တော့ဘူး။ ဘာလို့လဲဆိုတော့ ခနနေ ရန်ကုန်ဆင်းပြီးမှ ဆွဲသွားခံရမှာကြောက်တယ် အဲ့ကြောင့် မသွားဖြစ်တော့တာ။” လို့ သူက ဆိုပါတယ်။ လက်ရှိမှာလည်း တခြားမြို့နယ်တွေမှာ ရောက်ရှိနေတဲ့ ၂/ နိုင်ငံသား စီစစ်ရေးကဒ် ကိုင်ဆောင်ထားတဲ့ ကရင်နီဒေသခံတွေဟာ သန်းခေါင်စာရင်းကောက်ချိန်နဲ့ ခရီးသွားလာချိန်တွေမှာ ပိုမိုစစ်ဆေးခံနေရတယ်လို့ သိရပါတယ်။ လတ်တလောမှာ ရှမ်းပြည်နယ်အတွင်းက စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေမှာ စစ်ဆေးမှုပိုမိုတင်းကြပ်နေသလို တချို့ဂိတ်တွေမှာလည်း ဖြတ်သန်းသွားလာခွင့် ပိတ်ထားတဲ့အတွက် နေရပ်ပြန်လိုတဲ့ ကရင်နီဒေသခံတွေဟာ အခက်အခဲရှိနေ ကြတယ်လို့ သိရပါတယ်။ https://www.kantarawaddytimes.org/%e1%80%85%e1%8 0%85%e1%80%ba%e1%80% 99%e1%80%be%e1%80
၂၈။ နမ့်ဖတ်ကာ တိုက်ပွဲအတွင်း ပျက်စီးသွားတဲ့ နေအိမ်တွေ ပြန်လည်ထူထောင်ရေးအတွက် အကူအညီ လိုအပ်နေ
  February 22, 2024

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာမှာ စစ်ကောင်စီတပ်နဲ့ ကချင်တပ်မတော်- KIA တို့အကြား တိုက်ပွဲကြောင့် ပျက်စီးသွားတဲ့ နေအိမ်တွေ ပြန်လည်ထူထောင်ရေးအတွက် အကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။ လက်ရှိမှာ ဒေသခံအများစုဟာ နေရပ်ပြန်လာကြပြီး နေအိမ် ပျက်စီးသွားတဲ့ ဒေသခံတွေကတော့ နီးစပ်ရာ ဆွေမျိုးတွေရဲ့အိမ်မှာ နေထိုင်ကြရပြီး တော့ တိုက်ပွဲအတွင်း ပျက်စီးသွားတဲ့ နေအိမ်တွေကို လက်ရှိအချိန်ထိ ပြန်မပြင်နိုင်သေးဘူးလို့ နမ့်ဖတ်ကာဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။ “တော်တော်များများတော့ ပြန်လာကြပြီ။ နေစရာအိမ် မရှိတဲ့သူတွေတော့ အမျိုးတွေရဲ့အိမ်မှာ နေကြ တယ်ပေါ့။ အိမ်သန့်ရှင်းရေးတွေတော့ လုပ်နေကြပြီ။ ပြန်မပြင်နိုင်သေးဘူးပေါ့။ အကူအညီတော့ အများကြီး လိုတယ်။ ရွာအဝင် အထွက်တွေတော့ ပုံမှန်ပြန်ဖြစ်ပါပြီ” လက်ရှိမှာ ဒေသခံတွေကို အရပ်ဖက် အဖွဲ့အစည်းတချို့က လာရောက် ကူညီပေးတာ ရှိပေမဲ့ KIA တပ်ဖွဲ့ကတော့ ပျက်စီးသွားတဲ့ နေအိမ်တွေကို ပြန်လည်ထူထောင်ဖို့ ကူညီပေးမပေးဆိုတာကိုတော့ ပြောဆိုထားတာ မရှိသေးဘူးလို့ ၎င်းက ဆက်ပြောပါတယ်။

တိုက်ပွဲအတွင်း မီးလောင်ပျက်စီးတဲ့ နေအိမ် ၁၉ လုံးအထိရှိပြီး ဗုံးစ ထိမှန်ပျက်စီးခဲ့တဲ့ နေအိမ်တွေကတော့ ၄၀၀ ဝန်း ကျင်ရှိနိုင်တယ်လို့ ပျက်စီးမှုတွေကို စာရင်းကောက်ယူနေတဲ့အဖွဲ့တွေကပြောပါတယ်။ နမ့်ဖတ်ကာစခန်းသိမ်းတိုက်ပွဲအတွင်း အရပ်သား ၂၉ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ https://www.facebook.com/photo/?fbid=7237720 59930061&set=pcb. 723772586596675
၂၉။ ရွှေကျင်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုရားကျောင်းနှင့် နေအိမ် ၄ လုံးပျက်စီး
   February 23, 2024

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်တွင် ဖေဖော်ဝါရီ ၂၁ ရက် နေ့လယ်ပိုင်း၌ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုရားရှိခိုးကျောင်း ၁ ကျောင်းနှင့် နေအိမ် ၄ လုံး ပျက်စီးသွားကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက သတင်း ထုတ် ပြန်သည်။ ဖေဖော်ဝါရီ ၂၁ ရက်၊ နံနက် ၁၀ နာရီ ၄၀ မိနစ်တွင် စစ်ကောင်စီ တိုက်လေယာဉ် ၂ စီးသည် KNU အုပ်ချုပ်နယ် မြေအတွင်းရှိ ထီးဝါးထာရွာကို ဗုံး ၈ လုံး ကြဲချခဲ့ကြောင်း၊ ဗုံးပေါက်ကွဲမှုကြောင့် အဆိုပါရွာရှိ ဘုရားကျောင်း ၁ ကျောင်းနှင့် နေအိမ် ၄ လုံး ပျက်စီးသွားခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဖေဖော်ဝါရီ ၁၉ ရက်ကလည်း ကျောက်တံခါးမြို့အခြေစိုက် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ-၃၀၇ က လက်နက် ကြီးဖြင့် ၃ ကြိမ် ပစ်ခတ်ခဲ့ရာ လက်တက်ကြီးကျေးရွာအတွင်း ၂ လုံးပေါက်ကွဲပြီး ရွာဘေးတွင် ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ လက်နက်ကြီးပေါက်ကွဲမှုကြောင့် ယင်းကျေးရွာမှ အသက် ၄၈ နှစ်အရွယ် ဦးစိန်လှ သေ ဆုံးခဲ့ရပြီး အသက် ၆၀ အရွယ် ဦးသိန်းလွင်၊ ၄၈ နှစ်အရွယ် မသန်းရွှေနှင့် ၅ နှစ်အရွယ် မောင်အာကာတို့ လက်နက်ကြီးစ ထိမှန် ဒဏ်ရာရထားကြောင်း KNU ဘက်က ဆိုထားသည်။ https://www.facebook.com/photo/?fbid=802799745226548&set= pcb.802800545226468
၃၀။ မိုင်းဆတ်နဲ့ သံလွင်မြစ်အတွင်း တရားမဝင်ရွှေတူးဖော်မှုများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးနေ
   February 23, 2024

ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်နဲ့ သံလွင်မြစ်ကြောင်းအတွင်း တရားမဝင် ရွှေတူးဖော်မှုတွေကြောင့် သဘာဝပတ် ဝန်းကျင်ထိခိုက် များပြားလာသလို လူနဲ့တိရိစ္ဆာန်များကို ထိခိုက်မှုတွေ ဖြစ်လာနေတယ်လို့ ဒေသသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ မိုင်းဆတ်မြို့နယ်ထဲက လွယ်စတုံးကျေးရွာအုပ်စုအတွင်းက ယောင်ခ၊ မိုင်းကန်း၊ မယ်ကုတ်၊ မယ်ကြုတ် စတဲ့ ကျေးရွာတွေအနီးမှာ တရားမဝင် ရွှေလုပ်ကွက်အများအပြားလာလုပ်နေလို့ ချောင်းရေထဲကို ဓာတုဆေးဝါးတွေ စွန့်ပစ်တာတွေ ကြောင့်အပြင် ရွှေချက်ကန်မှာ ဆိုင်ယာနိုက်အသုံး ပြုတာတွေကြောင့် မြေယာအဆိပ်သင့်မှုတွေ၊ ရွှေနဲ့သတ္တုတူးဖော်တဲ့ စွန့်ပစ် မြေစာတွေ က တောနဲ့တောင်တွေကို ပျက်စီးပျောက်ကွယ်သွားစေပြီး ယင်းလို ပျက်စီစေတဲ့ လုပ်ကွက်တွေဟာ ၂၀၂၃ ခုနှစ်က စလုပ်တဲ့ လုပ်ကွက်ပေါင်း ၅ ခုအထိ ရှိနေတယ်လို့ သိရပါတယ်။ မိုင်းဆတ်နဲ့မိုင်းတုံနယ်မြေတွေထဲပါဝင်တဲ့ သံလွင်မြစ်ထဲမှာ လည်း မြစ်အောက်ခြေကရွှေကို စုတ်စက်တွေနဲ့သန့်စင်တဲ့လုပ်ငန်းတွေကလည်း မြစ်ကြောင်းအတွင်း စုပုံလာတဲ့မြေတွေကြောင့် ရေကြောင်းပြောင်းလဲမှုနဲ့ မြစ်ရေနောက်ကျိမှုတွေ ဖြစ်ပေါ်လျက်ရှိတယ်လို့ သိရပါတယ်။

သံလွင်မြစ်ထဲမှာ တရုတ်က အကောင်အထည်ဖော်နေတဲ့ တာဆန်းရေကာတာအနီး နမ့်စင်ချောင်းအဝင်နေရာနဲ့ တာဆန်းတံတားအောက်ဖက် သဘာဝတံတား ဘက်တွေမှာ ရွှေတူးဖောင်တွေ လုပ်ငန်းလုပ်နေတယ်လို့ သိရပါတယ်။ ဒီလုပ်ငန်း ကို လာရောက်လုပ်ကိုင်သူတွေဟာ တရုတ်လူမျိုးတွေ အများစုဖြစ်ပြီး စစ်ကောင်စီတပ်ဌာနချုပ်တွေ၊ နယ်မြေခံအုပ်ချုပ်ရေး အဖွဲ့တွေနဲ့ ပြည်သူ့စစ်တွေ အပြင် အဲဒီနယ်မြေတွေကို ထိန်းချုပ်ထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေပါ ပါဝင်နေတယ်လို့ သိရပါတယ်။ တရားဝင်လုပ်ငန်းခွင့်ပြုမိန့်ရဖို့က စစ်ကောင်စီရဲ့ သတ္တုတွင်းဌာနက ချပေးရမှာဖြစ်ပေမယ့် ခုက စစ်ဌာနချုပ်၊ နယ်မြေခံစစ်တပ်တွေနဲ့ ပြည်သူ့စစ်တွေ၊ လက်နက်ကိုင်တွေဆီက ခွင့်ပြုချက်ရယူ လုပ်ကိုင်နေကြတာဖြစ်တယ်လို့ သိရှိရပါ တယ်။ https://www.facebook.com/photo/?fbid=424803673239416&set=pcb.4248040265 72714
၃၁။ စစ်မှုထမ်းဥပဒေပြဋ္ဌာန်းချက် APHR ပြင်းပြင်းထန်ထန်ရှုတ်ချ
    February 22, 2024

စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းချက်ကို ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR) က ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြည်သူတွေကို စစ်ကောင်စီက အကြောက်တရားနဲ့ အုပ်ချုပ်ဖို့ ရှက်စရာကောင်းတဲ့ ကြိုးပမ်းချက်လို့လည်း APHR ဘုတ်အဖွဲ့ဝင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဟောင်း Kasit Piromya က ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောထားပါတယ်။ “စစ်မှုထမ်းဥပဒေဟာ မြန်မာနိုင်ငံက လူငယ်တွေ အပေါ် သက်ရောက်မှုရှိမှာကို ကျွန်တော်တို့အရမ်းစိုးရိမ်ပါတယ်။ ဒါဟာ အကြောက်တရားနဲ့ ဖိနှိပ်မှုတွေနဲ့ အုပ်ချုပ်ဖို့ စစ်အာဏာ ရှင်တွေရဲ့ နောက်ထပ် ရှက်စရာကောင်းတဲ့ ကြိုးပမ်းမှုပါပဲ” စစ်ကောင်စီစခန်းတွေကို လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေက ထိုစစ်ဆင်တိုက်ခိုက်ခဲ့ရာမှာ တပ်စခန်းတွေဆုံးရှုံးတာတွေများလာတာကြောင့် စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်တာလို့ လည်း APHR က ပြောထားပါတယ်။

ဒီပြဋ္ဌာန်းချက်ဟာ မြန်မာလူငယ်တွေရဲ့ အနာဂတ်ပျောက်အောင် ဆောင်ရွက်ချက်လို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဟောင်းက ဝေဖန်ပါတယ်။“အများစုထောက်ခံထားပြီး အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့လူငယ်တွေ ဦးဆောင်တဲ့ တော်လှန်မှု ကို အားလျော့အောင် ကြိုးစားတဲ့အနေနဲ့ စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းတာပါ။ ဒီပြဋ္ဌာန်းချက်ဟာ မြန်မာစစ်အစိုးရဲ့ သူရဲဘော ကြောင်မှုကို ပြသနေပါတယ်။ သူတို့ဟာ တိုက်ပွဲတွေကို ကိုယ်တိုင်မတိုက်နိုင်တော့ပါဘူး” မြန်မာလူငယ်တွေဟာ စစ်တပ်ရဲ့ တိုးမြင့်လုပ်ဆောင်လာတဲ့ အကြမ်းဖက်မှုတွေကို ရဲရဲဝံ့ဝံ့နဲ့ ရင်ဆိုင်ဖြတ်သန်းပြီး စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ဖို့ လုပ် ဆောင်နေကြောင်း APHR က ပြောထားပါတယ်။ ဒါ့အပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း မြန်လူငယ် တွေကို ဗီဇာနဲ့ ပညာရေးဆိုင်ရာ အခွင့်အလမ်းတွေပေးဖို့ကိုလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်းက တောင်းဆိုထားပါတယ်။ https://www.rfa.org/burmese/news/aphr-military-service-condemned-0222 2024153110.html

၃၂။  စစ်တွေနှင့် ကျောက်ဖြူလေဆိပ်တွင်ဖမ်းဆီးခံရသူများအနက် အမျိုးသမီးများ၊ မြို့ပေါ်ကလူငယ်တစ်ချို့နှင့် အစိုးရ ဝန်ထမ်းများသာပြန်လွတ်လာ
  February 23, 2024

ရခိုင်ပြည်၊ စစ်တွေမြို့လေဆိပ်နှင့် ကျောက်ဖြူလေဆိပ်တို့တွင် ဖမ်းဆီးခံထားရသည့်ရာနှင့်ချီသည့် ခရီးသွားများအနက် မှ အမျိုးသမီးများ၊ မြို့ပေါ်ကလူငယ်တစ်ချို့နှင့် အစိုးရဝန်ထမ်းများ သာပြန်လွတ်လာကြောင်းသတင်းရရှိသည်။  စစ်တွေမြို့ခံ တစ်ဦးက “ မိန်းမတွေကို အရင်လွှတ်ပေးတယ်။ စစ်တွေမြို့ခံကဆို လွတ်ပေးတယ်။ အစိုးရဝန်ထမ်းနဲ့ ကျောင်းသား တွေဆို လွတ်ပေးတယ်။ စက်ရုံအလုပ်ရုံမှာလုပ်တဲ့သူတွေ၊  အဓိက နယ်ဖက်ကလူတွေဆိုရင် ထိန်းသိမ်းထားတယ်။ အေအေကို ဝင်မှာ ကြောက်လို့ မလွတ်သေးတာလို့ ကြားတယ်။ ပထမတစ်ရက်  လေယာဥ်နဲ့ လာတဲ့ လူ ၅၀၀ လောက်ရှိမယ်ထင်တယ်။ နောက် တစ်ရက်လည်း ထပ်ဖမ်းသေးတယ်ကြားတယ်။ အရေအတွက် အတိအကျ မသိရဘူး ” ဟု ပြောသည်။ စစ်တွေမြို့လေဆိပ်တွင် ဖေဖော်ဝါရီ ၁၉ ရက်နေ့မှ ၂၀ ရက်နေ့အတွင်းက ရန်ကုန်မှ စစ်တွေသို့ လေကြောင်း ခရီးဖြင့် ပြန်လာသည့်အချိန်တွင် စစ်ဆေး ရန်ဟု အကြောင်းပြကာ ဖမ်းဆီးခဲ့သည်ဟု သိရသည်။

ဖမ်းဆီးထိန်းသိမ်းခံရသည့်သူများကို စစ်တွေမြို့မရဲစခန်းတွင်ထိန်းသိမ်းထားခြင်းမဟုတ်ပဲ စစ်တွေမြို့ လောကာန္ဒာ စေတီဝန်းက ဓမ္မာရုံမှာထိန်းသိမ်းထားခြင်းဖြစ်ကြောင်းမြို့ခံများကပြောသည်။ အလားတူကျောက်ဖြူမြို့ လေဆိပ်တွင် ဖမ်းဆီးခံ ရသည့်  လူငယ် ၆၀ ကျော်အနက် ထောက်ခံစာ ပါသည့် မြို့ခံတစ်ချို့ကို ပြန်လွတ်ပေးပြီး နယ်ကလူများကို ရမ္မာဝတီခန်းမတွင် ဆက်လက် ထိန်းသိမ်းထားဆဲဟု ကျောက်ဖြူမြို့ခံတစ်ဦးက ပြောသည်။“ကျောက်ဖြူက မြို့နယ်အုပ်ရေးမှူးထောက်ခံ စာနဲ့ သန်းခေါင်စာရင်းပါတဲ့မြို့က လူတွေကို ပြန်လွတ်ပေးတယ်။ မပါတဲ့လူတွေကပြန်မလွတ်ဘူး။ မိသားစုတွေကို ဆက်သွယ်ခိုင်းပြီး ထောက်ခံစာယူခိုင်းတယ်တဲ့။ အခု ဖမ်းခံထားရတာက နယ်ကလူတွေပိုများတယ်။ နယ်ကလူတွေဆို အေအေကို ဝင်မှာစိုးရိမ်လို့ ဖမ်းထားတယ်လို့ ကြားတယ်” ဟုပြောသည်။ ဖေဖော်ဝါရီလ ၁၀ ရက်က အကြမ်းဖက်စစ်ကောင်စီက စစ်မှုမထမ်းမနေရဥပဒေ အသက် သွင်းလိုက်ပြီးနောက် ရန်ကုန်တွင်နေထိုင်သည့် ရခိုင်နေအိမ်များကိုဧည့်စာရင်း စစ်ဆေးမှုများပြုလုပ်ပြီး ရခိုင်လူငယ် များကို ဖမ်းဆီးမှုများ ရှိနေကြောင်း သတင်းများ ထွက်ပေါ်နေသည်။ https:burmese. narinjara.com/news/detail/65d84 48a9dd87d3db0e496ae?fbclid=IwAR2qjovZj7aMkKWV

၃၃။ လာမယ့် ၂၀၂၅ ခုနှစ်မှာ လူထုအခြေခံတဲ့ လူထုအုပ်ချုပ်ရေးအစိုးရ ပေါ်ပေါက်လာဖို့ ကြိုးပမ်းသွားမယ်လို့ TNLA ပြော
  February 22, 2024

၁၀၂၇ စစ်ဆင်ရေးအတွင်း တိုက်ခိုက်သိမ်းပိုက်ထားတဲ့မြို့တွေနဲ့ TNLA အခြေစိုက်တဲ့ ဒေသတွေမှာ လာမယ့် ၂၀၂၅ ခုနှစ် မှာ လူထုအခြေခံတဲ့ လူထုအုပ်ချုပ်ရေးအစိုးရ ပေါ်ပေါက်လာဖို့ ကြိုးစားသွားဆောင်ရွက်သွားမယ်လို့ တအာင်းအမျိုးသားလွတ် မြောက်ရေးတပ်မ တော်(PSLF/TNLA) က ဖေဖော်ဝါရီ ၂၂ ရက် ထုတ်ပြန်လာပါတယ်။ PSLF/TNLA ရဲ့ နှစ်ပတ်လည်အစည်း အဝေးအပြီးရဲ့ သဘောထား ထုတ်ပြန်ချက်မှာ အခုလိုထည့်သွင်း ဖော်ပြထားတာဖြစ်ပါတယ်။ TNLA ထိန်းချုပ်ထားတဲ့ မြို့တွေနဲ့ အခြေစိုက်တဲ့ဒေသတွေမှာ တရားဥပဒေစိုးမိုးရေး၊ ကျန်းမားရေး၊ ပညာရေးနဲ့ လူမှူဖွဲ့ဖြိုးရေးတွေကိုပိုမိုတိုးတက်ကောင်းမွန်အောင် ဦးဆောင်စီမံအုပ်ချုပ်သွားမယ်လို့ဆိုပါတယ်။ တအာင်းဒေသအတွင်း တခြားလူမျိုးတွေအနေနဲ့ အတင်းအဓ္ဓမတပ်သားသစ်စုဆောင်းတာ၊ အခွန်ကောက်ခံတာ၊ TNLA ရဲ့ လုထုအုပ်ချုပ်ရေးစီမံကိန်းတွေကို ဝင်ရောက်နှောက်ယှက်ခြင်းတွေ မလုပ်နိုင်အောင် လူမျိုးစုံပြည်သူလူထုတွေနဲ့အတူ လက်တွဲကာကွယ်သွားမယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိမှာ မြန်မာပြည်သူလူထုတစ်ရပ်လုံး စစ်အာဏာရှင်လက်အောက်မှာ ရုန်းကန်လွတ်မြောက်ပြီး ငြိမ်းချမ်းစွာ အတူ ယဥ်တွဲနေထိုင်မယ့် ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကို အားလုံးစုပေါင်းတည်ဆောက်ဖို့ အချိန်အခါကောင်းဖြစ်တယ်လို့ TNLA ကဆိုပါတယ်။ PSLF/TNLA ရဲ့ နှစ်ပတ်လည် အစည်းအဝေးကို တအာင်းဒေသလွတ်မြောက်နယ်မြေ တစ်နေရာမှာ ကျင်းပခဲ့ပြီး ဗဟိုကော်မတီဝင်၊ အရံဗဟိုကော်မတီဝင်၊ တပ်မှူး၊ လုပ်ငန်းဌာနမှူး၊ အရာရှိအရာခံတွေနဲ့ ဖိတ်ကြားထားတဲ့ လူထုတွေ စုစုပေါင်း ၁၈၅ ဦးတက်ရောက်ခဲ့ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA ကရှမ်းမြောက် နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ နမ့်ဆန်၊ မန်တုံ၊ မိုင်းငေါ့နဲ့ မိုင်းလုံစတဲ့ မြို့ ၇ ခုကို တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။ https://www.facebook.com/photo/?fbid=724309016 543032&set=a.404503215190282

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button