ဆောင်းပါးအတွေးအမြင်

NUG ယာယီသမ္မတနှင့် ဝန်ကြီးချုပ်တို့ တာဝန်နှင့်နေရာ ရောယှက်နေကြသလော

NUG ယာယီသမ္မတနှင့် ဝန်ကြီးချုပ်တို့ တာဝန်နှင့်နေရာ ရောယှက်နေကြသလော

ဆလိုင်းကျဲအိုဘိခ်ထောင်

အရင်ဦးဆုံးအနေဖြင့် အုပ်ချုပ်ရေးစနစ်ကွာခြားမှုကို အနည်းငယ် ဖော်ပြလိုပါသည်။ အများသိရှိကြသည့်အတိုင်း ကမ္ဘာ့ဒီမိုက‌ရေစီနိုင်ငံများတွင် အုပ်ချုပ်ရေးစနစ်အမျိုးမျိုး ရှိကြသည်။  ပါလီမန်စနစ် (Parliamentary System) ကျင့်သုံးသည့် နိုင်ငံပေါင်း (၁၁၀)ခန့် ရှိသည်။ ဖက်ဒရယ်စနစ်ကျင့်သုံးသည့် နိုင်ငံပေါင်း (၂၈) ခန့်ရှိရာမှာလည်း အများစု (၁၇ နိုင်ငံခန့်) က ပါလီမန်စနစ်ကို ရွေးချယ်ကျင့်သုံးကြသည်။

ပါလီမန်စနစ်တွင် လွှတ်တော်က ရွေးချယ်သော ဝန်ကြီးချုပ်က နိုင်ငံတော်၏ အုပ်ချုပ်ရေးအကြီးအကဲသို့မဟုတ် အစိုးရအကြီးအကဲ (Head of Executive/Government) တာဝန်ယူထားသည်။ နိုင်ငံတော်အကြီးအကဲ (Head of State) တာဝန်ကိုမူ သမ္မတ သို့မဟုတ် ဘုရင်က ဆောင်ရွက်လေ့ရှိသည်။ သာဓက – အိန္ဒိယနှင့် ဗြိတိန်နိုင်ငံ။ ဤစနစ်တွင် သမ္မတသည် နိုင်ငံ့ဦးသျှောင်သာဖြစ်ပြီး ဝန်ကြီးချုပ်ကဲ့သို့ အုပ်ချုပ်ရေးအာဏာမရှိပေ(Ceremonial/Symbolic)။ မြန်မာနိုင်ငံတွင်လည်း ၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ ပါလီမန်စနစ်ကျင့်သုံးခဲ့ဖူးပါသည်။

ကမ္ဘာတွင် Presidential System ခေါ်သမ္မတစနစ် ကျင့်သုံးသည့် နိုင်ငံပေါင်း (၆၇) ခန့် ရှိပါသည်။ ဖက်ဒရေစနစ်ကျင့်သုံးသည့် (၁၁) နိုင်ငံက သမ္မတစနစ် ကျင့်သုံးသည်။ သမ္မတစနစ်တွင် သမ္မတသည် နိုင်ငံတော်အကြီးအကဲ (Head of State) လည်းဖြစ်ပြီး အစိုးရအကြီးအကဲ (Head of Government) လည်း ဖြစ်ပါသည်။ သမ္မတကို လူထုက တိုက်ရိုက်မဲပေးရွေးကောက်ထားပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ သမ္မတသည် လူထုက တိုက်ရိုက်ရွေးကောက်ထားခြင်းမဟုတ်သည့်အတွက် ပက်ကား သမ္မတစနစ်ဟု သတ်မှတ်လို့မရပေ။ ရောစပ်စနစ် (Semi, Hybrid, Mixed System) ဟု ဆိုရမည်။ ကမ္ဘာပေါ်တွင် ရောစပ်ထားသည့်စနစ်မျိုး ကျင့်သုံးသည့်နိုင်ငံများ ၁၆ နိုင်ငံခန့် ရှိပါသည်။

NUG ၏ FDC ချာတာအရ ဖွဲ့စည်းသည့် အုပ်ချုပ်ရေးစနစ်

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း(၁) အပိုင်း(၃) ပုဒ်မ ၈ တွင် ‘ဖက်ဒရယ်ပြည်‌ထောင်စု၏ အုပ်ချုပ်ရေးစနစ်သည် ဝန်ကြီးချုပ် ဦးဆောင်သော စနစ် (Parliamentary System) ဖြစ်သည်။ ပြည်ထောင်စု ဦးသျှောင် သို့မဟုတ် ပြည်ထောင်စုသမ္မတ ထားရှိသော စနစ်ဖြစ်သည်’ဟု အတိအလင်းပြဌာန်းထားသည်။ အလားတူ အစိတ်အပိုင်း (၂) အခန်း (၆) ပုဒ်မ-၃၆ တွင်လည်း ‘နိုင်ငံတော်သမ္မတနှင့် ဒုသမ္မတများသည် နိုင်ငံတော်ကို ကိုယ်စားပြုသော နိုင်ငံ့ဦးသျှောင်အကြီးအကဲ (Head of State) များဖြစ်သည်’ဟု ပြဌာန်းထားပြီး ပုဒ်မ ၃၇ တွင် ပြည်ထောင်စုဝန်ကြီးချုပ်သည် ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၏ အကြီးအကဲ (Head of Government) ဖြစ်သည်ဟု ပြဌာန်းထားသည်။

ထို့ကြောင့်ဤနေမှာ ရှင်းရှင်းလင်းလင်းရှိသည်က FDC ချာတာအရ NUG သည် ပက်ကား ပါလီမန်စနစ်ဖြစ်သည်ဆိုသည့်အချက်ဖြစ်သည်။ သမ္မတစနစ်မဟုတ်သလို အစ္စရေးနိုင်ငံကဲ့သို့ ရောစပ်ပါလီမန်စနစ်လည်း မဟုတ်ချေ။ ထို့ကြောင့် ပါလီမန်စနစ်၏ သဘောသဘာဝအရ သမ္မတသည် နိုင်ငံ့ဦးသျှောင် (Figure-head or Ceremonial) သက်သက်သာဖြစ်ပြီး သာမန်အုပ်ချုပ်ရေးတွင် ပါဝင်ရမည့် ပုဂ္ဂိုလ် မဟုတ်ခြေ။

သို့သော် လက်ရှိမြင်တွေ့ရသည်မှာ ယာယီသမ္မတသည် အုပ်ချုပ်ရေးအကြီးအကဲ (Head of Executive) တာဝန်ပါ ပူးတွဲထမ်းဆောင်နေရသကဲ့သို့ ရှိနေရခြင်းဖြစ်သည်။ NUG အစိုးရအစည်းအဝေးများကို ပုံမှန်တက်ရောက်ပြီး မိန့်ခွန်းပြော၊ ဦးဆောင်သည် ဆိုကတည်းက လွဲနေပြီ ဖြစ်သည်။ အမှန်မှာ သူ့ကို ဝန်ကြီးချုပ်က အခါအားလျော်စွာ အထူးဖိတ်ကြားမှ တက်ရောက် မိန့်ခွန်းပြောကြားရမှာ ဖြစ်သည်။ သာမန်အုပ်ချုပ်ရေးကိစ္စရပ်များသည် သူနှင့် သက်ဆိုင်မှုမရှိသင့်ပေ။

ပါလီမန်စနစ်ဖြစ်သည်နှင့်အညီ သမ္မတ၏ လုပ်ငန်းတာဝန်သည် နေ့ထူးနေ့မြတ်များတွင် တက်ရောက်ခြင်း၊ အခါအားလျော်စွာ မိန့်ခွန်းပြောကြားခြင်း၊ သံတမန်များဧည့်ခံခြင်း၊ သဝန်လွှာပို့ခြင်း စသည်တို့သာ ဖြစ်သည်။ အစိုးရနှင့် ဝန်ကြီးဌာနများ ကြီးကြပ်ကွပ်ကဲခြင်းသည် သူနှင့် သက်ဆိုင်ခြင်းမရှိပေ။

အဘယ်ကြောင့် ထိုကဲ့သို့ဖြစ်ရသနည်း

FDC ချာတာမှာလည်း ဤစနစ်နှင့်တာဝန်ကို ရှင်းရှင်းလင်းလင်း ပိုင်းခြားသတ်မှတ်ထားပြီးသား ဖြစ်သည့်အတွက် ယခုကဲ့သို့ ရောယှက်မှုသည် မသိနားလည်မှု သက်သက်ဖြစ်မည်ဟု ယုံကြည်ရန် ခက်ခဲလှပါသည်။ ဖြစ်နိုင်ခြေအများဆုံးက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်က NLD ပါတီ၏ အစိုးရဖွဲ့စည်းမှုပုံစံဟောင်းကို အမွေဆက်ခံခြင်းဖြစ်နိုင်သည်။ ဖားတစ်ပိုင်းငါးတစ်ပိုင်းပုံစံဖြင့် ရေးဆွဲထားသော ၂၀၀၈ ခြေ-ဥတွင် သမ္မတကို လူထုက တိုက်ရိုက်ရွေးကောက်ထားခြင်းမပြုသော်လည်း အစိုးရအကြီးအကဲအဖြစ် ထားရှိသည်။ ယင်း သမ္မတဦးဆောင်စနစ်ကို ဆက်လက်သယ်ဆောင်လာခြင်း ဖြစ်တန်ရာ၏။

ဒုတိယအချက်က သူတို့၏ အကြီးအကဲ(ဟောင်း)များဖြစ်သည့် သမ္မတဦးဝင်းမြင့်နှင့် ဒေါ်ဆောင်ဆန်းစုကြည်တို့၏ မျက်နှာကို အဝေးကနေ ထောက်ရှုနေရသည်လည်း ဖြစ်နိုင်သည်။ ဝန်ကြီးချုပ်ဦးဆောင်စနစ်ကို အပြည့်အဝ ကျင့်သုံးလိုက်ပါက သမ္မတနှင့်အတိုင်ပင်ခံတို့၏ အခန်းကဏ္ဍမှေးမှိန်မှာဖြစ်၍ ယင်းကို အကျဉ်းထောင်ထဲမှာ ရှိနေသည့် ဦးမြင့်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့ ငြိုငြင်နေမှာ စိုးရိမ်ခြင်း ဖြစ်နိုင်သည်။

လူပုဂ္ဂိုလ်အ‌ပေါ်မှာရော သက်ဆိုင်မှုရှိနိုင်သလော။ လူပိန်းအတွေးဖြင့် ပြောရလျှင် ကချင်တိုင်းရင်းသား ယာယီသမ္မတ ဒူဝါလရှီးလသည် နောက်ကွယ်မှာ အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (KIO/A) ရှိသည်။ KIA က တိုက်ရိုက် အမည်စာရင်းပေးပို့အဆိုပြုထားသည့်ပုဂ္ဂိုလ်မဟုတ်သော်လည်း KPICT မှတဆင့်တက်လာသည့်အတွက် ထောက်ခံအားပေးမှုနှင့် ကျောထောက်နောက်ခံပေးမှု ရှိသည်။

NUG နှင့် PDF (MoD) များက ပြင်လျှင် KIO ကို အားကိုးအားထားရဆုံးဖြစ်လေရာ အနည်းနှင့်အများ သက်ရောက်မှုရှိနိုင်သည်။ ကရင်တိုင်းရင်းသား ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းသည် အစပိုင်းတွင် မျှော်လင့်ထားသလောက် KNU ၏ ကျောထောက်နောက်ခံပေးမှု မရရှိဟု သိရသည်။ သို့သော် ၂၀၂၃ ခုနှစ် KNU ညီလာခံနှင့် ခေါင်းဆောင်မှုအသစ်တွင် အနည်းနှင့်အများ တိုးတက်မှုရှိမည်ဟု ယူဆသည်။

ယာယီသမ္မတသည် နိုင်ငံနယ်ပယ်မှာ အတွေ့အကြုံနည်းသော်လည်း လူမှုရေးအပိုင်းမှာ အတွေ့အကြုံရှိပြီး အင်္ဂလိပ်ဘာသာလည်း ကျွမ်းကျင်သည်ဟု သိရသည်။ ဝန်ကြီးချုပ်သည် နိုင်ငံရေးဦးဆောင်မှုမှာ ပို၍အတွေ့အကြုံရှိသူဖြစ်သော်လည်း လူအေးဖြစ်သည်ဟု သိရသည်။

အချုပ်ဆိုရလျှင် ဤကဲ့သို့လုပ်ငန်းတာဝန် ရောယှက်မှုသည် သမ္မတနှင့် ဝန်ကြီးချုပ် လူပုဂ္ဂိုလ်နှင့် သက်ဆိုင်မှု သိပ်ရှိလိမ့်မည်ဟု မယူဆပေ။ ထောင်ထဲမှာရှိသည့် သူတို့၏ ခေါင်းဆောင်များနှင့် ဖွဲ့စည်းပုံအဟောင်း၏ လွှမ်းမိုးမှုနှင့် ပိုမိုသက်ဆိုင်လိမ့်မည်ဟု ယူဆပါသည်။

ခြုံငုံသုံးသပ်ချက်

တော်လှန်ရေး (ပြည်တွင်းစစ်) ကာလတွင် Charismatic Leader ခေါ်  သြဇာကြီးသည့်ခေါင်းဆောင် တစ်ဦးရှိသင့်သည်ဟု ယူဆချက်ရှိသည်။ မြန်မာနွေဦးတော်လှန်ရေးတွင်လည်း ယူကရိန်းနိုင်ငံ သမ္မတ ဇလဲန်စကီးမျိုး ပေါ်ပေါက်သင့်သည်ဟု ထောက်ပြမှုများရှိသည်။ သို့သော် မြန်မာနိုင်ငံတွင် နှစ်ပေါင်းရာစုနှစ်နီးပါး နိုင်ငံရေးအကွဲအပြဲနှင့် လူမျိုး/ဘာသာ ကွဲပြားမှုများရှိနေသည်ဖြစ်ရာ စုပေါင်းခေါင်းဆောင်မှု(collective leadership) ပုံစံဖြင့်သာ ဆက်သက်သွားသင့်သည်ဟု အများကလက်ခံထားကြပါသည်။

စုပေါင်းခေါင်းဆောင်မှုလိုအပ်သည်မှန်သော်လည်း ဖွဲ့စည်းတည်ဆောက်မှု (structure) နှင့် မည်သူက မည်သည့်တာဝန်ကိုယူပြီး တာဝန်ခံသနည်းဆိုသည့်အပိုင်းကိုမူ ရှင်းလင်းရန်လိုအပ်သည်။ ယခုကဲ့သို့ ချာတာမှာ ပါလီမန်စနစ်ကျင့်သုံးမည်ဟု ပြဌာန်းပြီး လက်တွေ့မှာ သမ္မတစနစ် သို့မဟုတ် ရောစပ်စနစ်ပုံစံဖြင့် သွားနေခြင်းသည် NUG အစိုးရအတွင်းမှာ ပြသနာရှိချင်မှရှိမှာဖြစ်သော်လည်း အများပြည်သူအတွက် ဇဝီဇဝါဖြစ်စေပါသည်။

ယင်းသည် နွေဦးတော်လှန်ရေးအတွက် သေရေးရှင်ရေးကိစ္စမဟုတ်သော်လည်း တာဝန်ယူမှုနှင့် တာဝန်ခံမှု အတွက် ပိုမိုရှင်းလင်း၍ ပွင့်လင်းမြင်သာမှုရှိသည့် အစိုးရဖြစ်ဖို့အတွက် အချိန်မှီဆင်ခြင်သင့်သော အချက်ဟု မိမိအနေဖြင့် သုံးသပ်မိပါကြောင်း။ အကယ်၍ ယာယီသမ္မတဒူဝါလရှီးလအနေဖြင့် အုပ်ချုပ်ရေးတွက် တိုက်ရိုက်ပါဝင်ရန် မဖြစ်မနေလိုအပ်သည်ဟု ယူဆပါက FDC ချာတာကို လိုအပ်သလို ပြင်ဆင်ဖြည့်စွက်သင့်ပါသည်။  

Related Articles

Back to top button