ဆောင်းပါးအတွေးအမြင်

ကိုးကန့်အိမ်မက် – ဝင်းမျိုးသူ | အတွေးအမြင်

ကိုးကန့်အိမ်မက် – ဝင်းမျိုးသူ | အတွေးအမြင်

၂၀၀၄ ခုနှစ် ကိုးကန့်ဒေသဘိန်းစိုက်ပျိုးရေးရပ်တော့ ကျေးရွာတွေ စားစရာမရှိလို့ သစ်ခေါက်ခွါစားရတဲ့အထိဖြစ်ခဲ့ပါတယ်။ ဒီအတွက် World Food Program အစီအစဉ်နဲ့ စားစရာဆန်ရိက္ခာထောက်ပံရတဲ့ အစီအစဉ်မှာ ပါဝင်ကူညီဆောင်ရွက်ဘူးပါတယ်။ အဲ့တုံးကတည်းက ကိုးကန့်ဒေသ စားနပ်ရိက္ခာဖူလုံရေးဆိုတဲ့ အိမ်မက် မက်ခဲ့ဘူးပါတယ်။

ကိုးကန့်ဒေသဟာ တောင်တန်းဒေသဖြစ်တဲ့အတွက် လဘက် နဲ့ ရွှေ့ပြောင်းတောင်ယာစပါး၊ ပြောင်းစိုက်ပျိုးတာက လွဲလို့ မိမိဒေသအတွင်းရိက္ခာဖူလုံအောင် စိုက်ပျိုးထုတ်လုပ်နိုင်စွမ်းမရှိပါ။ ကျေးလက်လူငယ်အများစုဟာလည်း လောက်ကိုင်လို မြို့ကြီးပြကြီးသွား အလုပ်လုပ်ဘို့လောက်သာ စိတ်ဝင်စားတဲ့အတွက် ကျေးရွာတွေမှာ စိုက်ပျိုးရေး လုပ်ငန်းက မဖွံ့ဖြိုးပါ။ ရွာမှာကျန်ခဲ့တဲ့ သက်ကြီးရွယ်အို တချို့နဲ့ အိမ်ထောင်ရှင်မတွေကပဲ နိုင်သလောက်လုပ်ရတဲ့ အခြေအနေမျိုးပါ။

ကိုးကန့်လဘက်ဟာ အရည်အသွေးကောင်းပေမဲ့ ဘိန်းကုန်ကူးတာနဲ့ရောနှော လုပ်ကိုင်မှာကြောက်တဲ့အတွက် အဲ့ဒီအချိန်က ပြည်မဘက်ကို တင်ပို့ဘို့ ပိတ်ပင်ခံရပါတယ်။ လဘက်လုပ်ငန်းကို ပြန်လည်ဖွံ့ဖြိုးအောင်လုပ်မယ်ဆိုပြန်ရင်လည်း Labor intensive ဖြစ်တာမို့ ကျေးလက် စိုက်ပျိုးရေးလုပ်သားရှားပါးမှုပြသနာကြောင့် တိုးတက်ဘို့ခက်ပါလိမ့်မယ်။ တနယ်ရပ်ကျေးက လဘက်ခူးသမားတွေ လက်ခံ ရင်တော့ ရွှေ့ပြောင်းလုပ်သား ပြသနာရှိလာပြန်ပါတယ်။ ရှိပင်ရှိငြားသော်လည်း ကိုးကန့်ဒေသဖွံ့ဖြိုးဘို့ လဘက်ဟာ မဖြစ်မနေ အလေးထားဆောင်ရွက်ရမဲ့ စိုက်ပျိုးရေးလုပ်ငန်းတခုဖြစ်တယ်လို့ ရှုမြင်ပါတယ်။

ကိုးကန့်ဒေသမှာ Buckwheat ပန်းဂျူံစိုက်ပျိုးဘို့ နဝတစစ်အစိုးရလက်ထက်မှာ ဂျပန်အကူအညီနဲ့ကြိုးပမ်းခဲ့သော်လည်းမအောင်မြင်ခဲ့ပါ။ ထွက်ရှိတဲ့ ပန်းဂျုံက ဂျပန်ခေါက်ဆွဲလုပ်ဘို့ အဆင်ပြေပေမဲ့ Quality control လုပ်ဘို့ အအေးခန်းကွန်တိန်နာကား တွေနဲ့ ပြည်ပပို့နိုင်ဘို့ သယ်ယူ ရမှာမို့ ကုန်ကျစရိတ်အလွန်များပြီး ဂျပန် က ဝယ်စျေးထက် ကိုးကန့်မှာထုတ်တဲ့စျေးက ပိုများလို့နေပါတယ်။ နောက်ပိုင်း အကူအညီပေးတဲ့ဂျပန်ကို အရှုံးခံ ပို့ပေးနေတာကို ရပ်လိုက်ပြီး ပြည်တွင်းလုပ်ငန်းရှင်တယောက်နဲ့ပူးပေါင်းပြီး ပန်းဂျုံဘီစကွတ်ထုတ်လုပ်ဖြန့်ချီတာတွေ တွေ့ရပေမဲ့ စီးပွါးရေးတွက်ချေကိုက်ပုံမရပါဘူး။ ဒါကြောင့် ကိုးကန့်ဒေသမှာ ပန်းဂျုံ စိုက်ပြီးတောင်သူဝင်ငွေတိုးရေး ဆိုတာက သိပ်မရေရာတဲ့လုပ်ငန်း တခုဖြစ်လို့နေပါတယ်။ ရွာတွေမှာ ဝက်မွေးတာရှိပေမဲ့ တောင်ပေါ်ဝက် တနိုင်တပိုင် မွေးတာဖြစ်ပြီး အသားတိုးဝက်မွေးဘို့ အခြေအနေမပေးပါ။

တောင်စောင်းမြေသားထူပြီး ရေထွက်အဆင်ပြေရင်တော့ လှေခါးထစ်စိုက်ပျိုးရေး လုပ်နိုင်ပါတယ်။ ဝမ်းစာဖူလုံရေး ဒေသခံတွေလည်း စိတ်ဝင်စားကြလို့ လှေခါးထစ်ဖော်ထုတ်ရေး ရေမြောင်းဖောက်လုပ်တာ တောင်ပေါ်စိမ့်စမ်းတွေ ထိန်းသိမ်းတဲ့လုပ်ငန်းတွေ အစိုးရ က ငွေကြေးအကုန်အကျ ခံပြီး လုပ်ရင်တော့ ဖြစ်နိုင်စရာ တော့ရှိပါတယ်။

ဒီတော့ ကိုးကန့်ကို အုပ်ချုပ်တဲ့ အစိုးရ ဘယ်က ပိုက်ဆံရလို့ ဘယ်လို ကျေးလက်စိုက်ပျိုးရေးကို ပံ့ပိုးမလဲလို့ မေးစရာရှိပါတယ်။ ကိုးကန့်ဒေသဟာ စီးပွါးဖြစ်ထုတ်လောက်တဲ့ သတ္တုသယံဇာတ မရှိပါဘူး၊ အလားတူ သစ်တောတွေလည်းပြောင်သလင်းခါနေပါပြီ။ ဒါကြောင့် သဘာဝသယ်ဇာတ ကနေ အခွန်ဘဏ္ဍာရစရာ မရှိပါဘူး။ ဒါကြောင့်မို့လည်း နည်းနည်းရင်းပြီးများများရတဲ့ ဘိန်းစိုက်ပျိုးရေးက သာလျှင်တွက်ခြေအကိုက်ဆုံးဖြစ်ပါတယ်။ ဒီတော့ ဘိန်းစိုက်ပျိုးရေးလုပ်ငန်း ဟာ ကိုးကန့်ဒေသမှာ ပြန်လည် တခေတ်ပြန်ထလာမလားလို့တွေးစရာရှိပါတယ်။ လောက်ကိုင်အဝင် ပြန့်ပြူးတဲ့နေရာတွေမှာတော့ တဖက်တရုပ်နိုင်ငံက လုပ်ငန်းရှင်တွေ လုပ်ကိုင်တဲ့ Contract farming ကြံစိုက်ပျိုးရေးလုပ်ငန်း တချို့တော့ ဆက်ရှိနေမယ်ထင်ပါတယ်။

စိုက်ပျိုးရေးလည်းမဖွံ့ဖြိုး သဘာဝသယံဇာတ လည်းမရှိလို့ ကိုးကန့်ဟာ လောင်းကစားအခြေပြုခရီးသွားလုပ်ငန်း တိုးချဲ့ရေးကို အတိတ်ကာလ က အားပေးလုပ်ကိုင်ခဲ့ပါတယ်။ နောက်ပိုင်း ဒီ လုပ်ငန်းတွေဟာ အွန်လိုင်း လောင်းကစား နဲ့ ငွေကြေးခဝါချတဲ့ လုပ်ငန်းတွေ သာမက ကျားဖြန့် ခေါ် အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်တဲ့အထိ ကျယ်ပြန့်လာတာဖြစ်ပါတယ်။ ခုအခါ ဒီကျားဖြန့်လုပ်ငန်းကို တရုတ်နိုင်ငံက အလေးထား နှိပ်ကွက်လာတာမို့ ကိုးကန့်လောက်ကိုင်ဒေသဟာ တဖန်ပြန်ပြီး ကာစီနိုလောင်းကစားလုပ်ငန်းတွေပြန်လည်စည်ကားအောင်လုပ်ပြီး ငွေပြန်ရှာဘို့ဆိုတာ အချိန်အတော်ကြာကြာအထိ ခက်ခဲနေဦးမယ်ထင်ပါတယ်။

ဒီလို ဖြစ်နေရင်တော့ ကိုးကန့် အုပ်ချုပ်တဲ့ အစိုးရ ငွေရစရာ နည်းလမ်းက ဒေသအတွင်းမှာ ရှိပြီးဖြစ်တဲ့ ယာဘလိုဓာတု မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့ လုပ်ငန်း ကိုပဲ အခြေပြုမလား လို့ တွေးစရာရှိလာပါတယ်။ တရားဝင်က တော့ ဘယ်သူမှ ဘိန်းစိုက်တာတို့ ယာဘ ထုတ်တာတို့ ခွင့်ပြု လုပ်ကိုင်ခွင့်ပေးတယ်လို့ ကြေငြာမှာ မဟုတ်ပါဘူး။ ဒီလို လုပ်နေတဲ့ အစိုးရအဖွဲ့တွေ အနေနဲ့လည်း နိုင်ငံတကာမှာ သိက္ခာရှိရှိရေရှည်ရပ်တည် နိုင်ဘို့ခက်ပါတယ်။

ပြီးတော့ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်မှုဆိုတာ အကျင့်ပျက် အစိုးရဝန်ထမ်း အာဏာအလွဲသုံးစားသူတွေနဲ့ ပူးပေါင်းလုပ်မှ စီးပွါး ပို ဖြစ်တာပါ။ ခုလက်ရှိအချိန်မှာ မြန်မာပြည်ဘက်အခြမ်းက အကျင့်ပျက် ဝန်ထမ်းနဲ့ အာဏာပိုင်တွေ ကို ဆက်အသုံးချပြီး မြန်မာပြည်ထွက်ပေါက်ကနေ ကျန်တိုင်းပြည်တွေ တဆင့်ဖြန့်ဖြူးရေးက အရင်ကလောက် အဆင်မပြေနိုင်တော့ဘူးထင်ပါတယ်။ သို့သော်ယိုပေါက် တွေရှိဆဲမို့ ဒီမူးယစ်ဆေးဝါးထုတ်လုပ်ဖြန့်ချီတဲ့ လုပ်ငန်းကတော့ ကိုးကန့်ဒေသမှာ ဆက်လက် တည်ရှိနေမယ်လို့ ခန့်မှန်းရပါတယ်။

၂၀၀၄ ကိုးကန့်မှာ အလုပ်လုပ်တုံးက ဝ နယ်ဘက်က လက်နက်ကိုင်တွေ ချင်းရွှေဟော်ဟိုပန် တံတားထိပ်နားလောက်အထိလာပြီး လက်နက်ကြွေးမပေးလို့ ဖုန်ကြားရှင်အဖွဲ့ကို ခြိမ်းခြောက် သေနပ်ပစ်ဖောက်တာတွေကြုံဘူးပါတယ်။ လက်ရှိစစ်ပွဲတွေအတွက် MNDAA ဟာ ဝ ကို အကြွေးတင်ဦးမှာပါ။ ဒီအကြွေး ဘယ်လိုပြန်ဆပ်မလဲ ဆိုတာက ကိုးကန့်ကို ရလိုက်လို့ ဆက်အုပ်ချုပ်ရမဲ့သူတွေအတွက်ခေါင်းခဲစရာဖြစ်ပါလိမ့်မယ်။

MNDAAဟာ ကိုးကန့်ဒေသကို သိက္ခာရှိရှိဆက်လက်အုပ်ချုပ်ဘို့ဆိုရင် မူးယစ်ဆေးဝါးလုပ်ငန်းနဲ့ ကျားဖြန့်လုပ်ငန်းနဲ့ဆက်နွယ်တဲ့ လောင်းကစား လုပ်ငန်းတွေကနေ စွန့်ခွါဘို့လိုပါတယ်။ တရားဝင် ဂုဏ်သိက္ခာရှိရှိ ဝင်ငွေရနိုင်တဲ့ တခုတည်းသောလုပ်ငန်းက တရုတ်နိုင်ငံ BRI လုပ်ငန်းပါ စီမံကိန်း လုပ်ငန်းတွေဖြစ်တဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး ဇုံဖွံ့ဖြိုးအောင် လုပ်ရေးပဲဖြစ်ပါတယ်။

ဒီလိုအလုပ်ဖြစ်ဘို့ဆိုတာက လည်း တရုတ်မြန်မာ နယ်စပ် ကုန်သွယ်ရေး ပုံမှန်ပြန်ဖြစ်ဘို့နဲ့ ကိုးကန့်ဒေသကို တရားဝင် အုပ်စိုးနိုင်မှုကိုအသိအမှတ်ပြုတဲ့ legitimacy နဲ့ soverign right တို့က အရေးပါလာပါတယ်။ ဒါတွေမရှိပဲနဲ့ တရုပ်ကလည်း သူ့ရဲ့ BRI ရင်းနှီးမြှုပ်နှံမှုတွေလုပ်မှာ မဟုတ်ပါ။ ဒီအတွက်ကြောင့်ပဲ တရုပ်ဟာ စကစ နဲ့ MNDAA ကြားမှာ ငြိမ်းချမ်းရေးပွဲစားလုပ်ကာ MNDAA ရဲ့ လက်ရှိ အုပ်စိုးမှုကို စကစ က အသိအမှတ် တရားဝင်ပြုရေးကို ဆောင်ရွက်ကြိုးပမ်းနေတယ်လို့ ယူဆစရာရှိပါတယ်။

ဒီအတွက် MNDAA ကလည်း စကစ ကို တစုံတရာ ပြန်ပေးရဘို့ ရှိလာမှာပါ။ ၁၀၂၇ စစ်ဆင်ရေး ကြွေးကြော်သံမှာတော့ စစ်အာဏာရှင်ချုပ်ငြိမ်းရေး ကြွေးကျော်ထားတာမို့ ဒီလိုအပေးအယူ လုပ်စရာမရှိဘူးလို့တော့ ယူဆစရာရှိပါတယ်။ သို့သော် နေပြည်တော် အထိ ချီတက်ရေးဟာ အင်အား ၂၀၀၀ သာရှိတဲ့ MNDAA အင်အားတခုတည်းနဲ့ ပြီး မဲ့ကိစ္စတော့မဟုတ်ပါဘူး။ ဘုံရည်မှန်းချက်တူသော်လည်း လက်ရှိအထိတော့ NUG နှင့် မည်သည့်တရားဝင်သဘောတူညီချက် လက်မှတ်ရေးထိုး ထုတ်ပြန်ကြေငြာ ထုတ်ပြန်ထားတာမရှိလို့ လက်တွေ့နိုင်ငံရေးအရ တရုတ်ရေးတဲ့ ဇာတ်ညွှန်းအတိုင်းပဲ ပွဲဆက်က သွားမလားဆိုတာကလည်း ဖြစ်နိုင်ချေတခုဖြစ်နေဆဲ ဖြစ်ပါတယ်။

Related Articles

Back to top button