သတင်း

ကောလင်းမြို့ထဲ လက်နက်ကြီးကျလို့ အရပ်သားခြောက်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ

ကောလင်းမြို့ထဲ လက်နက်ကြီးကျလို့ အရပ်သားခြောက်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဇန်နဝါရီ ၂၊ ၂၀၂၄
 
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့စျေးထဲကို ဇန်နဝါရီလ ၂ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်က ပစ်လိုက်တဲ့လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲတာကြောင့် အရပ်သား ခြောက်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
 
ယနေ့မနက်ပိုင်း ၈ နာရီ ၄၈ မိနစ် နှင့် ၉ နာရီခွဲကြား ဝန်းသိုမြို့အခြေစိုက် စစ်ကောင်စီတပ်က ကောလင်း မြို့တွင်းသို့ ဦးတည်ကာ လက်နက်ကြီး ပစ်ခတ်ခဲ့လို့ အရပ်သားပြည်သူ ကျား (၁)ဦး ၊ မ (၅)ဦး အသက်ဆုံးရှုံးခဲ့ရပြီး (၂)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကောလင်း ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့က ထုတ်ပြန် အသိပေး ထားပါတယ်။
 
မနက်ပိုင်း စျေးရောင်း စျေးဝယ်၊ အရပ်သားပြည်သူများ စုဝေးချိန် ကောလင်းမြို့အရှေ့စျေးကြီးထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့မှု ရှိခဲ့လို့ အရပ်သားများ ထိခိုက် သေဆုံးမှု များခဲ့ရတယ်လို့ သိရပါတယ်။
 
ကော်လင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ စစ်ကောင်စီတပ်က ဟောင်ဝှစ်ဇာဖြင့် ၈ ကြိမ်ပစ်ခတ်ခဲ့ပြီး ၇ လုံး မြို့တွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကာ တစ်လုံးပေါက်ကွဲမှု မရှိခဲ့ဘူးလို့ သိရပါတယ်။
 
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ ရက်နေ့ ညပိုင်းကလည်း ကောလင်းအရှေ့ခြမ်း တောင်မော်ရွာထဲ ဝန်းသို အခြေစိုက် စစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်တစ်လုံး မီးလောင်ပြာကျပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး (၃)ဦးထိခိုက်ဒဏ်ရာခဲ့တယ်လို့ သိရပါတယ်။
 
လက်ရှိမှာတော့ ကောလင်းမြို့ကို တော်လှန်ရေးတပ်များက သိမ်းယူပြီးနောက် ကောလင်းမြို့ဘက်သို့ စစ်ကြောင်း ထိုးမှုများ ရှိလာပြီး ဝန်းသိုအခြေစိုက် ခမရ ၁၁၁ နှင့် ၁၂၀ တပ်တို့က လက်နက်ခဲယမ်းနှင့် လူအင်အား ပြန်လည် ဖြည့်တင်းနေပြီး နှစ်ဖက်တင်းမာမှု ရှိနေတယ်လို့ ကောလင်း ပြည်သူ့ ကာကွယ် ရေး တပ်ဖွဲ့ အသိပေးထားပါတယ်။
 
ဓါတ်ပုံ – Kawlin PDF / ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့ ကောလင်းမြို့စျေးထဲသို့ လက်နက်ကြီး ကျည် ကျရောက် ပေါက်ကွဲပြီးနောက် တွေ့ရတဲ့ မြင်ကွင်း။

Related Articles

Back to top button