သတင်း

ပင်လုံမြို့မှာ ဖုန်းဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး ၄ဦးပစ်ခတ်သတ်ဖြတ်ခံရ

ပင်လုံမြို့မှာ ဖုန်းဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး ၄ဦးပစ်ခတ်သတ်ဖြတ်ခံရ

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
ဒီဇင်ဘာ ၂၈၊ ၂၀၂၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့မှာ ပြီးခဲ့တဲ့ဒီဇင်ဘာလ ၂၇ရက်၊ ညပိုင်းအချိန်က ဖုန်းဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရမှုဖြစ်ပွားခဲ့ပြီး ၄ဦးပစ်ခတ်သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

ပင်လုံဈေးအရှေ့ဘက်ရှိ ဖုန်းနဲ့ အီလက်ထရောနစ်ပစ္စည်းအရောင်းဆိုင်တစ်ဆိုင်ကို မနေ့ည ၇နာရီ ဝန်းကျင်က အမျိုးသား ၂ဦးရောက်ရှိလာပြီး ဆိုင်ပိတ်သိမ်းနေတဲ့ ဝန်ထမ်းအမျိုးသမီး ၂ဦးကို စတင်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက်ဆိုင်အတွင်းရှိ ဆိုင်ပိုင်ရှင်ဦးတင်ထွန်းနဲ့ သမီးဖြစ်သူကိုပါ ထပ်မံပစ်ခတ်ခဲ့တာကြောင့် ပစ်ခတ်ခံရသူ ၄ဦးစလုံးဟာ အခင်းဖြစ်နေရာမှာပဲ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“ဓားပြတိုက်ပြီးမှ လူသတ်တာမဟုတ်ဘူး၊ လူသတ်ပြီးမှ ဓားပြတိုက်သွားတာ။ ပစ္စည်းတွေရရင် တော်ပြီပေါ့၊ အခုကဘာမပြော ညာမပြောနဲ့ ပစ်သွားတယ်။ ဟိုးအရင်ကတည်းက အေးအေးချမ်းချမ်း နေလာခဲ့တဲ့ ပင်လုံမြို့က အခုမင်းအောင်လှိုင်လက်ထက်ရောက်မှ မလုံခြုံတော့ဘူး”လို့ သတင်းရင်းမြစ် တစ်ဦးက FJMMကို ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဓားပြ ၂ဦးဟာ ဆိုင်အတွင်းရှိ ငွေတွေနဲ့ ဖုန်းတွေကို လုယက်ထွက်ပြေး သွားခဲ့ပြီး အဲဒီဖြစ်စဉ်ကြောင့် ပင်လုံမြို့တွင်းမှာ လက်ရှိအချိန်ထိ အသွားအလာနည်းပါးနေတယ်လို့ သိရပါတယ်။

ပစ်ခတ်သတ်ဖြတ်ခံရသူ ဦးတင်ထွန်းဟာ ဖြူစင်မေတ္တာနာရေးကူညီမှုအသင်း(ပင်လုံ)ရဲ့ ဒုတိယ ဥက္ကဌဖြစ်ပြီး ဒေသတွင်းမှာ လူချစ်လူခင်ပေါများသူဖြစ်တယ်လို့လည်း သိရပါတယ်။

ဓါတ်ပုံ – CJ

Related Articles

Back to top button