သတင်း

တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်က ကျောက်ဖြူ စီမံကိန်း ဖော်ဆောင်ရေး လက်မှတ်ရေးထိုး

တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်က ကျောက်ဖြူ စီမံကိန်း ဖော်ဆောင်ရေး လက်မှတ်ရေးထိုး

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဒီဇင်ဘာ ၂၇၊ ၂၀၂၃

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်နေ့မှ စတင်ပြီး တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ ကျောက်ဖြူ အထူး စီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်နိုင်ရေးအတွက် နောက်ဆက် တွဲ စာချုပ်ကို ယမန်နေ့ ဒီဇင်ဘာ ၂၆ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြောင်း ယနေ့ထုတ် စစ်ကောင်စီရဲ့ သတင်းစာက ထုတ်ပြန် လာသလို တရုတ်အစိုးရ ထိန်းချုပ်ထားတဲ့ ဆင်ဟွာ သတင်း ရင်းမြစ်ကလည်း ရေးသား ဖော်ပြလာပါတယ်။

အဲဒီ လက်မှတ်ရေးထိုးပွဲကိုတော့ စစ်ကောင်စီ၏ ဒုတိယဝန်ကြီးချုပ်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ စစ်ကောင်စီ၏ သက်ဆိုင်ရာ ဝန်ကြီးများ နှင့် အထူးစီးပွားရေးဇုန် အသီးသီးရှိ စီမံခန့်ခွဲမှုကော်မတီများမှဥက္ကဋ္ဌများ၊ တာဝန်ရှိသူများ၊ တရုတ် နိုင်ငံပိုင် ကော်ပိုရေးရှင်း (China International Trust Investment Corporation-CITIC) မှ ဥက္ကဋ္ဌ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံရုံးယာယီ တာဝန်ခံတို့ တက်ရောက်ပြီး နေပြည်တော်ရှိ Horizon Lake View ဟိုတယ်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဗိုလ်ချုပ်ကြီး မြထွန်းဦးက “ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းက မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုနဲ့ ကူးသန်းရောင်းဝယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမှာ ဖြစ်သလို မြန်မာနိုင်ငံ အနေနဲ့ တရုတ်နိုင်ငံရဲ့ ရပ်ဝန်းနဲ့ပိုးလမ်းမအဆိုပြုချက် (BRI) စီမံကိန်းကိုလည်း ဆက်လက် ပူးပေါင်း ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းရဲ့ ပဏာမခြေလှမ်းက မြန်မာနိုင်ငံရဲ့ တက်ကြွစွာ ပါဝင်ဆောင်ရွက်မှု ပြယုဂ်တစ်ခုဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး သံမှူးကြီး Cao Jing နှင့် CITIC Group Corporation နှင့် CITIC ကော်ပိုရေးရှင်း လီမိတက်၏ ဒုတိယဥက္ကဋ္ဌ နှင့် ဥက္ကဋ္ဌ Xi Guohua တို့ကလည်း အဲဒီ အခမ်း အနားမှာ တက်ရောက် အမှာစကား ပြောကြားခဲ့ပြီး ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း စီမံကိန်းဟာ မြန်မာ-တရုတ် ပူးပေါင်း ဆောင်ရွက် ပြီး ရင်းနှီးမြှုပ်နှံထားသည့် အကြီးစားအခြေခံ အဆောက်အအုံတိုးတက်ရေး စီမံကိန်း တစ်ခုဖြစ်တယ်လို့ ထည့်သွင်းပြောဆိုကြောင်း သိရပါတယ်။

အဲဒီ စီမံကိန်းမှာတော့ မြန်မာဘက်မှ အစုရှယ်ယာ ၃၀ ရာခိုင်နှုန်းနှင့် တရုတ်ဘက်မှ အစုရှယ်ယာ ၇၀ ရာခိုင်နှုန်းပါဝင်ကြောင်းသိရသလို ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်း အား အဆင့်လေးဆင့်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပြီး စုစုပေါင်း ဆိပ်ခံတံတားပေါင်း ၁၀ ခုဖြင့် နှစ်စဉ် ကုန်တင် ကုန်ချပမာဏ TEU ကွန်တိန်နာပေါင်း ၇,၀၀၀,၀၀၀ လက်ခံနိုင်ရန်လျာထားကာ စီမံကိန်း ပြီးစီး အောင်မြင်ပါက မြန်မာနိုင်ငံ၏ ပထမဆုံးသော နိုင်ငံတကာ အဆင့်မီရေနက်ဆိပ်ကမ်း အဖြစ် ရပ်တည် နိုင်မည်လို့ တရုတ် သံရုံး သံမှူးကြီးရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ဒါပေမယ့် လက်ရှိ ရခိုင်ပြည်နယ်မှာတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့မှ စတင်ပြီး ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ ပြည်နယ်အနှံ့ တိုက်ပွဲ များ ဖြစ်ပွားကာ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေပြီး စီမံကိန်းတွင် ပါဝင်သည့် ရမ်းဗြဲမြို့ကိုလည်း စစ်ကောင်စီက ဂျက်လေယာဉ် ဖြင့် ပစ်ခတ်မှု များရှိနေသလို ကျောက်ဖြူ အနီးတဝိုက်တွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေတာကြောင့် ဒေသခံတွေကလည်း ဘေးလွှတ်ရာသို့ တိမ်းရှောင် နေကြရတယ်လို့ သိရပါတယ်။

ဓါတ်ပုံ – ဆင်ဟွာ

Related Articles

Back to top button