ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်နှင့် စပ်လျဉ်းသောအယူအဆများ
ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် အပိုင်း (၁)
စည်းနရီ | အတွေးအမြင်
ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်သမိုင်းကို ပြန်ကြည့်လျှင် ကြွယ်ဝစုံလင်သော အတွေးများစွာကို မြင်ရပါလိမ့်မည်။ မြန်မာနိုင်ငံအတွက်လည်း ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေးဆိုသည့် အမြင်ရှုထောင့်မှာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးလှုပ်ရှားမှုများနှင့် တိုက်ရိုက်ဆက်စပ်နေသည်။ တဘက်ကလည်း ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ဟု ပြောလိုက်သည်နှင့် အချို့က လူမျိုးတိုင်းအတွက် အရေးပါသော ဒဿနအမြင်အဖြစ် လက်ခံကြသော်လည်း အချို့အတွက်မူ အုပ်ချုပ်မှုကို ငြင်းပယ်သည့်သဘောတရား၊ စစ်ပွဲနှင့် ခွဲထွက်ရေး လှုပ်ရှား မှုများ၊ နယ်မြေသိမ်းပိုက်မှုများနှင့် မတည်ငြိမ်မှုများကို မြင်ကြသည်။[1] သို့ရာတွင် ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေးမူသည် လစ်ဘရယ်ဝါဒနှင့် ဒီမိုကရေစီမူဘောင်များအတွင်းမှ ဖြစ်တည်လာသည့် အတွေးခေါ်ဖြစ်သည်ကိုလည်း မေ့မသွားရန် လိုအပ်သည်။
ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေးရှုထောင့်မှကြည့်သော် ကိုယ်ပိုင်ပြဌာန်းခွင့်သည် နိုင်ငံရေးအတွက် ပုံဖော်နိုင်သည့် အစွမ်းသတ္တိပင် ဖြစ်သည်။ လစ်ဘရယ်ရှုထောင့်တွင် ကိုယ်ပိုင် ပြဌာန်းခွင့်သည် လူတဦးချင်းစီမှ စုဖွဲ့ကြပြီး မိမိတို့ရည်မှန်းချက်များကို ရယူနိုင်ကြသည့် အရည်အသွေးဖြစ်သည်။ ကိုယ်ပိုင်ပြဌာန်းခွင့်မရှိသူတို့သည် အခြားသူလက်က နယ်ရုပ်သဖွယ်သာ ဖြစ်ရပေမည်။ သူတို့ကိုယ်ပိုင်ရွေးချယ်ခွင့် မရှိသူသည် သူတို့ရည်မှန်းချက်ကို ဘယ်တော့မှ စစ်စစ်မှန်မှန် ရောက်မည်မဟုတ်ပေ။ ကိုယ်ပိုင်ပြဌာန်းခွင့်သည် တဦးချင်းစီလွတ်လပ်မှု ၏ အခြေခံဖြစ်သလို နိုင်ငံရေး ပုံဖော်နိုင်သည့်အစွမ်းသတ္တိ၏ အခြေခံလည်း ဖြစ်သည်။
ကိုယ်ပိုင်ပြဌာန်းခွင့်ကို လက်နက်နိုင်ငံဝါဒ၊ အမျိုးသားရေးဝါဒ နှင့် ဒီမိုကရေတစ်ဝါဒ ရှုထောင့်သုံးမျိုးမှ ကြည့်နိုင်ကြသည်။[2]
(၁) လက်နက်နိုင်ငံဝါဒတွင် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်သည် အကန့်သတ်သဘော ဆောင်ကာ အချုပ်အခြာကို မနှောင့်ယှက်ရေး၊ နယ်မြေပိုင်ဆိုင်မှုနှင့် တနိုင်ငံနှင့်တနိုင်ငံ မစိုးမိုးရေးကို အခြေတည်ကြသည်။ နိုင်ငံတကာဆွေးနွေးမှုများတွင် မကြာခဏ တွေ့ရနိုင်သည်။
(၂) အမျိုးသားရေးအမြင်တွင် နိုင်ငံနှင့်လူထုကို ဆက်စပ်ပေးသည်။ အစွန်းမရောက်သည့် အမျိုးသားရေးအမြင်တွင် လူထုတခု၏ နိုင်ငံရေးဆိုင်ရာ နယ်နိမိတ်နှင့် လူမှုယဉ်ကျေးမှု ကွန်ယက်၏ နယ်နိမိတ်သည် တူညီရန် လိုသည်ဟု ယူဆသည်။ လူမျိုးစုတိုင်းအတွက် နိုင်ငံတနိုင်ငံလိုသည်ဟူသောအမြင်မှာ အထင်မှားသာဖြစ်ပါသည်။ ကုလသမဂ္ဂ ကြေငြာချက်များတွင် ဖော်ပြသည့် “လူထုများသည် မိမိတို့၏ နိုင်ငံရေးအဆင့်အတန်းကို မိမိတို့ဘာသာ သတ်မှတ်နိုင်သည်”ဟူသောအချက်နှင့် သဘောသွား တူတူပင်ဖြစ်သည်။ ခိုင်မာသောအမြင်တရပ်လည်း ဖြစ်သည်။
(၃) ဒီမိုကရက်တစ်ဝါဒအမြင်တွင် လူအများ၏ အုပ်ချုပ်ခံမှုကသာ နိုင်ငံကို တရားဝင်မှုပေးသည်ဖြစ်၍ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် ရယူသောအသိုက်အမြုံသည် ဒီမိုကရက်တစ်နည်းကျ လူထုကို မျက်နှာမူရမည်ဟု ယူဆသည်။ ယခုအမြင်အရ အသိုက်အမြုံ၏ ပြင်ပအနှောင့်အယှက်မခံခွင့်အပြင် အသိုက်အမြုံအတွင်း မိမိတို့အရေးကို ထိရောက်စွာအုပ်ချုပ်ဆောင်ရွက်နိုင်သည့် အင်စတီကျူးရှင်းများ ရှိရေးကိုလည်း ထောက်ပြသည်။
အထက်ပါ အမြင်သုံးရပ်မှ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် ဂုဏ်သတ္တိ သုံးမျိုးပေါ်ထွက်လာသည်။ ယင်းတို့မှာ
(က) ပြင်ပစိုးမိုးနှောင့်ယှက်မှုကင်းခြင်း
(ခ) မိမိတို့ဘာသာ ထိရောက်စွာအုပ်ချုပ်စီမံနိုင်ခြင်း
(ဂ) နယ်နိမိတ်သတ်မှတ်မှုရှိခြင်းတို့ ဖြစ်သည်။
ထပ်ပြောရလျှင် ဒီမိုကရေစီဆိုသည်မှာ ကိုယ်ပိုင်အုပ်ချုပ်သည့်အကျင့်ထဲတွင် နိုင်ငံရေး ပါဝင်ပိုင်ခွင့်နှင့် ကိုယ်စားပြုခြင်းတို့ ပေါင်းစပ်ထားခြင်း ဖြစ်သည်။ ကိုလိုနီစနစ်၊ စစ်တပ်ကျူးကျော်အထိုင်ချခြင်းနှင့် ပြင်ပစိုးမိုးမှုတို့အောက်တွင် စစ်မှန်သောဒီမိုကရေစီ မရှိပေ။ ဒီမိုကရေစီ၏ ပထမ နိုင်ငံရေးသက်ရောက်မှုမှာ နှောင့်ယှက်မှုကင်းခြင်းအားဖြင့် ရရှိရမည့် လွတ်လပ်ခွင့်နှင့် လစ်ဘရယ်အခွင့်အရေးများကို ကာကွယ်မှုရခြင်းဖြစ်သည်။ ဒုတိယသက်ရောက်မှုမှာ လူတဦးချင်းက ကိုယ့်ကံကြမ္မာကိုယ်ပုံဖော်ရန်အတွက် နိုင်ငံရေးတွင် တက်ကြွစွာပါဝင်ရန် လိုအပ်ပြီး နိုင်ငံရေးကိုယ်စားပြုသူများကို တာဝန်ခံစေရန် တွန်းအားပေးရေး ဖြစ်သည်။
အနှောင့်အယှက်ခံရခြင်းမှ ကင်းလွတ်ခြင်းအားဖြင့် ရရှိရမည့် အခွင့်အရေးများနမူနာများမှာ –
- လွတ်လပ်စွာပြောဆိုခွင့်
- လွတ်လပ်စွာ စုဝေးခွင့်
- ဘာသာရေးလွတ်လပ်ခွင့်
- ညှဉ်းပန်းနှိပ်စက်ခြင်းမှ ကင်းဝေးခြင်း
- မတရားဖမ်းဆီးခြင်းမှ ကင်းဝေးခြင်း
စသည်တို့ဖြစ်သည်။
ဖြည့်ဆည်းပေးမှုခံရခြင်းဖြင့် ရရှိနိုင်သည့် လွပ်လပ်မှုများ၏ ဥပမာအချို့မှာ
- ပညာသင်ကြားခွင့်
- ကျန်းမာရေးစောင့်ရှောက်ပိုင်ခွင့်
- အလုပ်ခန့်ပိုင်ခွင့်
- အစားအသောက်ရပိုင်ခွင့်
စသည်တို့ဖြစ်သည်။[3]
ကိုယ်ကြမ္မာကိုယ်ဖန်တီးခွင့်မရှိပဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိနိုင်ပါသည်။ သို့ရာတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်မရှိပဲ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် မရှိနိုင်ချေ။ အင်္ဂလိပ်စကား Autonomy ဆိုသည်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ဆိုလိုသော်လည်း ပိုမိုကြီးမားသော အင်အားတခုအောက်တွင် တည်ရှိသည့်သဘာဝကို ဖော်ပြပါသည်။
နောက်ထပ်နားလည်ရလွယ်နိုင်သည့် တနည်းမှာ အောက်ပါအတိုင်းဖြစ်သည်။
- ကိုယ်ပိုင်အုပ်ချုပ်ခွင့်သည် အသိုက်အမြုံတခုမှ မိမိတို့အရေးအရာများအတွက် ရွေးချယ်မှုများကို မိမိတို့ဘာသာ ပြုလုပ်နိုင်ခြင်းဖြစ်သည်။ ဥပဒေပြုနိုင်ခြင်း၊ ဥပဒေကို အသက်ဝင်စေခြင်းနှင့် အငြင်းပွားမှုများကို ဖြေရှင်းနိုင်ခြင်းတို့လည်း ပါဝင်သည်။ ထိုသို့ပြုနိုင်စွမ်းကို ပိုမိုမြင့်သည့် နိုင်ငံရေးစုဖွဲ့မှုတခုမှ အာမခံပေးသည်။
- ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ဆိုသည်မှာ လူထုတခု၏ ရပိုင်ခွင့် အခွင့်အရေး ဖြစ်ပြီး မိမိတို့နိုင်ငံရေးစုဖွဲ့မှု အဆင့်အတန်းကို မိမိတို့ဘာသာ သတ်မှတ်နိုင်မှုနှင့် မိမိတို့ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု ဖွံ့ဖြိုးမှုများကို မိမိတို့ဘာသာ လှမ်းတက်ရယူနိုင်သည့် အခွင့်အရေး ဖြစ်သည်။
ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေးလှုပ်ရှားမှုများသည် မကြာခဏဆိုသလို ကိုယ်ပိုင်အုပ်ချုပ်ရေးရရှိရန် လှုပ်ရှားမှုများ ဆိုသည်ထက် ပိုသည်။ တခါတရံတွင် အသိုက်အမြုံတခုသည် မိမိတို့ဂုဏ်သိက္ခာကို ပြန်လည်ရယူသည့်အခါ၊ သို့မဟုတ် အတိတ်က ခံစားခဲ့ရသည်များအတွက် တရားမျှတမှု ပြန်ရှာရန်အတွက်လည်း တွေ့ရနိုင်သည်။ တခါကဆိုလျှင် ဟစ်တလာက နာဇီဂျာမဏီကို စုစည်းရန်အတွက် ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေး ခေါင်းစဉ်လည်း တက်ခဲ့ဖူးသည်။ သမိုင်းစဉ်တလျှောက် နိုင်ငံတော်တော်များများမှလည်း ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေး လှုပ်ရှားမှုများကို ကြမ်းတမ်းစွာ တုံ့ပြန်ကာ မကျေနပ်သူများကို ဖိနှိပ်ဖြစ်သည်ဖြစ်ရာ လူသန်းချီလည်း သေဆုံးခဲ့ရပေသည်။
[1] Philpott, D. (1995). In defense of self-determination. Ethics, 105(2), 352-385.
[2] Patten, A. (2016). . In F. R. Tesón (Ed.), The theory of self-determination (pp. 120-121). Cambridge: Cambridge University Press.
[3] Two concepts of liberty by Isiah Berlin