MSRF ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးနှင့် မွန်ပြည်တော်လှန်ရေးအပေါ် သီးသန့်မေးမြန်းချက်
(၁) နွေဦးတော်လှန်ရေးကာလ (၃) နှစ်ပြည့်လာပြီဆိုတဲ့အချိန်မှာ လက်ရှိ မွန်ပြည်နိုင်ငံရေး၊ စစ်ရေးရေချိန်ကို ပြန်လည်သုံးသပ်ပေးပါအုံး။
၃နှစ်တာကာလအတွင်းမှာ မွန်ပြည်နယ်ရဲ့ နိုင်ငံရေး၊ စစ်ရေးရေချိန် အများကြီးတိုးတက်လာတယ်လို့ ကျွန်တော်တို့ ပြောချင်တယ်။ အဓိကက မွန်ပြည်နယ်မှာက အခြားသော ပြည်နယ်တွေမှာလို EAOs ရှိပင်မဲ့ သူတို့ရဲ့ အခြေနေအကြောင်းကြောင်းကြောင့်၊ ရပ်တည်မှုကြောင့် နိုင်ငံရေးလှုပ်ရှားမှု အစပြုခဲ့တာတော့ အတော်နောက်ကျတယ်လို့ ပြောလို့ရတယ်။ ဒီကနေ့ MSFC ရဲ့ ဦးဆောင်မှုအခန်းကဏ္ဍက မွန်ပြည်နိုင်ငံရေးကို လမ်းကြောင်းမှန်တစ်ခုပေါ် ဆွဲတင်လိုက်တယ်လို့ ပြောရင် မမှားဘူး။
ဆိုလိုချင်တာက သူတို့က အုပ်ချုပ်ရေးပိုင်းကို တော်လှန်ရေးကာလမှာ မလုပ်ဆောင်နိုင်သေးပင်မဲ့ အခြားသော ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုကယ်ဆယ်ရေးတွေကိုတော့ ပြည်နယ်အထဲထိ ထိုးထိုးဝင်ဝင် လုပ်ဆောင်နိုင်လာတာ တွေ့ရတယ်။ စိန်ခေါ်မှုတွေကတော့ အများကြီးရှိနေပါတယ်။ တစ်ဖက်ကလည်း စစ်ရေးအရလည်း အတော်လေး အောင်မြင်လာတယ်လို့ ပြောလို့ရတယ်။
မွန်ပြည်နယ် မြောက်ဘက်ခြမ်း ကျိုက်ထို၊ သထုံ၊ ဘီးလင်း၊ ပေါင် တို့နဲ့ မွန်ပြည်နယ်တောင်ဘက်ခြမ်း ရေး၊သံဖြူဇရပ်မှာလည်း စစ်ရေးက အတော်လေးမြင့်တက်လာတယ်။ အဝေးပြေးလမ်းမကြီးတွေကို ထိန်းချုပ်နိုင်လာတာတွေလည်း ရှိတယ်။ တချို့ကျိုက်မရောမြို့နယ်မှာဆို ရဲစခန်းကို ထိန်းချုပ်နိုင်တာတွေ တွေ့ရတယ်။ ဒါ့အပြင် ကြီးကြီးမားမား မြို့သိမ်းတာတွေ မရှိသေးပင်မဲ့ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ကို စခက စခန်းတွေကိုလည်း အတော်လေးတိုက်ခိုက်မှုတွေ ခြိမ်းခြောက်မှုတွေ ရှိလာတယ်။ ဒါကြောင့် ၃ နှစ်တာ ကာလမှာ နိုင်ငံရေးရော စစ်ရေးရေချိန် မြှင့်တက်လာတာကိုတွေ့ရတယ်။ ဒါမဲ့ ကျွန်တော်တို့ လိုသလောက်တော့မရောက်သေးဘူးဆိုတာ ဝန်ခံပါတယ်။
(၂) မွန်ပြည်နယ်ရဲ့ တော်လှန်ရေး ရည်မှန်းချက်၊ တန်ဖိုးထားမှုနဲ့ ပန်းတိုင်က ဘာတွေလဲ။
မွန်ပြည်နယ်ရဲ့ တော်လှန်ရေးပန်းတိုင်ဆိုတာ မွန်ပြည်သူတွေရဲ့ ရည်မှန်းချက်ပဲ။ ပန်းတိုင်ပဲဖြစ်တယ်။ အထူးသဖြင့်က ဌာနေတိုင်းရင်းသား မွန်ပြည်သူတွေရဲ့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပိုင်ခွင့် Self determination နဲ့ ပြည်နယ်အတွင်းမှာ ရှိတဲ့ ပြည်သူပြည်သားတွေ တန်းတူအခွင့်အရေးရနိုင်ဖို့ကလည်း ကျွန်တော်တို့ရဲ့ တော်လှန်ရေး ရည်မှန်းချက်ပဲလို့ ပြောလို့ရပါတယ်။ ဒီအတွက်လည်း ကျွန်တော်တို့ တိုက်ပွဲဝင်နေကြပါတယ်။
(၃) မွန်ပြည်နယ်တော်လှန်ရေးရဲ့ စစ်ရေး ၊ နိုင်ငံရေး ချိန်ခွင်လျှာက ဘယ်လို ပုံစံ ရှိပါသလဲ။
စစ်ရေးဖော်ဆောင်မှုဆိုတာက နိုင်ငံရေး လိုအပ်ချက်အရ တိုက်ပွဲဝင်တယ်။ စစ်ရေးတွေ လှုပ်ရှားနေတာ ဖြစ်တယ်။ နိုင်ငံရေးနဲ့ တော်လှန်ရေးကို ချိန်ခွင်လျှာထဲ ထည့်ပြီးပြောမယ်ဆိုရင်တော့ တော်လှန်ရေး ကာလဖြစ်တဲ့အတွက် စစ်ရေးဘက်က ပိုပြီးအလေးသာသလိုတော့ ရှိပါတယ်။ ပြည်သူတွေက ပိုပြီး အာရုံစိုက်တာ ရှိတယ်။ သို့သော်လည်း မွန်ပြည်တွင်မှာ ဖြစ်ဖြစ်၊ တစ်နိုင်ငံလုံး အတိုင်းတာမှာ ဖြစ်ဖြစ် စစ်ဆင်ရေးတွေက အနောက်က နိုင်ငံရေးလှုပ်ရှားနေတဲ့အဖွဲ့ရဲ့ ဗျူဟာမြောက်လှုပ်ရှားမှုနဲ့ တပြေးညီ သွားနေတယ်။ မွန်ပြည်မှာလည်း ဒီလိုပဲ။ Key player ဆိုရင် NUG တို့ MSFC တို့ မြောက်ပိုင်းမှာဆိုရင် KNU တို့ ဦးဆောင်မှုနဲ့ စစ်ရေးတွေလုပ်ဆောင်နေတာ ဖြစ်တဲ့အတွက်ကြောင့် ချိန်ခွင်လျှာက တပြေးညီသွားနေတယ်လို့ ပြောချင်ပါတယ်။
(၄) MSRF ကို မိတ်ဆက်ပေးပါအုံး။ MSRF အနေနဲ့ ဘာတွေ လုပ်ဆောင်နေပါသလဲ။
ကျွန်တော်တို့ MSRF မွန်ပြည်တော်လှန်ရေးတပ်၊ ၂၀၂၁ စက်တင်ဘာလ (၂၁) မှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်တယ်။ MSRF ကိုဖွဲ့စည်းရတဲ့အကြောင်းက အခြားသော တော်လှန်ရေးတပ်တွေလိုပါပဲ။ စစ်ကောင်စီနဲ့ အာဏာရှင်မှန်သမျှကို အမြစ်ပြတ်ခြေမှုန်းဖို့နဲ့ ထာဝရ ငြိမ်းချမ်းရေး အတွက်၊ ပြည်နယ်အတွင်းမှာ ဖက်ဒရယ်ပြည်နယ်တစ်ခု တည်ဆောက်နိုင်ဖို့၊ နောက်ဆုံးကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖွဲ့ခဲ့တာ ဖြစ်တယ်။
ကျွန်တော်တို့ မကြာသေးမီကာလက MSRF က မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ရဲ့ တပ်တစ်တပ် အနေနဲ့ နိုင်ငံရေးဦးဆောင်မှု၊ စစ်ရေးဦးဆောင်မှုအောက်ကို ဝင်သွားမှာဖြစ်ပါတယ်။ ဒီနေ့ ဘာတွေ လုပ်ဆောင်နေသလိုဆိုရင် ကျွန်တော်တို့ အခြေစိုက်ရာ ရေးဘက်မှာ ရှိတဲ့ အခြားသော တော်လှန်ရေး အင်အားစုများနဲ့ ပေါင်းစီးပြီ မဟာမိတ် ဖွဲ့စည်းနိုင်ခဲ့တယ်။ အဲ့ဒီ မဟာမိတ်အဖွဲ့တွေပေါင်းပြီး တိုက်ပွဲ ကြီးကြီးတစ်ခု ဆင်နွဲနိုင်ခဲ့တယ်။ ဒါတွေ လုပ်ဆောင်နေတယ်။ ဆက်လက်ပြီးတော့လည်း အခြားသော မဟာမိတ်မဖြစ်သေးတဲ့ အဖွဲ့တွေနဲ့လည်း ပူးပေါင်းပြီးတိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်။ တော်လှန်ရေးပြီးဆုံးတဲ့အထိ ဆက်လက် တိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်။
(၅) MSRF ရဲ့ စစ်ရေး၊ နိုင်ငံရေး မဟာမိတ်မူဝါဒကို ပြောပြပေးပါအုံး။
MSRF အနေနဲ့က စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်နေတဲ့ တော်လှန်ရေး တပ်ဖွဲ့အားလုံးကို မဟာမိတ်အဖြစ် ကျွန်တော်တို့ သတ်မှတ်တယ်။ တချိန်တည်းမှာပဲ MSFC ရဲ့ ဦးဆောင်မှုအောက်မှာပဲ အခြားသော တော်လှန်ရေးတပ်ဖွဲ့တွေလည်း ပါဝင်လာနိုင်ဖို့ အကယ်၍ မပါဝင်နိုင်ခဲ့ဘူးဆိုရင်တောင်မှ မဟာမိတ်တပ်များအဖြစ်နဲ့ မွန်ပြည်နယ်အတွက် အတူတကွ တိုက်ပွဲဝင်သွားဖို့ ဒီလိုမဟာမိတ်စည်းမျဥ်းတွေ ချထားတာ ရှိပါတယ်။ နောက်တစ်ခုက အခြားသော စစ်ကောင်စီနဲ့ ပူးပေါင်းပြီးတော့ လက်နက်ကိုင်နေတဲ့ BGF လို အဖွဲ့အစည်းတွေကိုတော့ လူမျိုးမရွေး ဘာသာမရွေး ရန်သူအဖြစ်သတ်မှတ်ပြီးတော့ ပြတ်ပြတ်သားသားတိုက်ခိုက်သွားဖို့တော့ မဟာမိတ်နဲ့ ရန်သူအပေါ် ချမှတ်ထားတဲ့ မူဝါဒတွေရှိပါတယ်။
(၆) MSRF နဲ့ MSFC အကြား ဘယ်လို ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှုရှိပါသလဲ။
MSRF ရဲ့ မူဝါဒနဲ့ MSFC ရဲ့မူဝါဒ ဖြစ်တဲ့ မွန်ပြည်တွင်းမှာဖြစ်တဲ့ စစ်ကောင်စီကိုတော်လှန်တဲ့ အင်အားစု အားလုံးကို မဟာမိတ်အနေနဲ့သော်လည်းကောင်း ဦးဆောင်မှုနဲ့သော်လည်းကောင်း လက်တွဲသွားဖို့ရှိတယ်။ MSFC အနေနဲ့က ကျွန်တော်တို့ရဲ့ တပ်ရဲ့ လူမှုရေးပိုင်းဆိုင်ရာ လိုအပ်ချက်တွေ အားလုံး စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး ဒါတွေကို MSFC က တာဝန်ယူဖြေရှင်းသွားဖို့ဆိုတဲ့အပေါ်မှာ ကျွန်တော်တို့ ဝမ်းသာတယ်။ ဒါကြောင့်လည်း လှိုက်လှိုက်လှဲလှဲ ဝင်သွားခြင်းဖြစ်တယ်။ MSFC က အခုလို တာဝန်ယူလိုက်တဲ့ အပေါ်မှာ ကျွန်တော်တို့ MSRF အနေနဲ့ စစ်ရေးဘက်ကို ပိုပြီးတော့ အာရုံစိုက်လာနိုင်ပါတယ်။
(၇) လက်ရှိ မွန်ပြည်မှာ စစ်ရေးအရှိန်မြှင့်တက်လာမှုအပေါ် MSRF အနေနဲ့ ဘယ်လို ဆက်ပြီး ဦးဆောင်လုပ်ဆောင်သွားဖို့ရှိပါသလဲ။
မွန်ပြည်မှာ စစ်ရေးအရှိန်အဟုန်ကတော့ အတော်မြင့်လာတယ်လို့ ပြောလို့ရတယ်။ ကျွန်တော်တို့ အနေနဲ့ကတော့ ဦးဆောင်မှုအခန်းကဏ္ဍကို မယူထားပါဘူး။ ကျွန်တော်တို့ကတော့ မဟာမိတ်တပ်များအားလုံးနဲ့ စစ်ရေးဆိုင်ရာကိစ္စ အရပ်ရပ်ကို ညှိနှိုင်းဆွေးနွေးတိုင်ပင်ပြီးတော့ အတူတကွ တိုက်ပွဲဝင်သွားကြတာများတယ်။ နောက်ပြီးတော့ NUG စစ်ကြောင်းတစ်ခုဖြစ်တဲ့ ဒေါနစစ်ကြောင်းနဲ့ ကျွန်တော်တို့ နီးနီးကပ်ကပ်မဟာမိတ် သစ္စာရေသောက်ခဲ့ကြတဲ့ မဟာမိတ်တပ်လည်းဖြစ်တယ်။
ကျွန်တော်တို့ စစ်ရေးလှုပ်ရှားမှု တော်တော်များများက ဒေါနစစ်ကြောင်းက ဦးဆောင်သွားတာဖြစ်တယ်။ ကျွန်တော်တို့အနေနဲ့ ဒေါနစစ်ကြောင်းရဲ့ ဦးဆောင်မှု အပြင် MSFC ရဲ့ ဗျူဟာမြောက် စစ်ဆင်ရေးတွေကိုလည်း ဖော်ဆောင်သွားဖို့ ရှိတယ်။ ဒါ့အပြင် MSFC နဲ့ NUG ရဲ့ ဆက်နွယ်မှု အပေါ်မှာ NUG ရဲ့ ဗျူဟာမြောက်စစ်ရေးတွေကိုလည်း ကျွန်တော်တို့ MSFC ကနေတစ်ဆင့် ကျွန်တော်တို့ MSRF အနေနဲ့ရော မဟာမိတ်တွေနဲ့ ပူးပေါင်းပြီးတော့ရော ဆက်လက်ဖော်ဆောင်သွားဖို့ ရှိပါတယ်။ မကြာခင်ကာလမှာလည်း တိုက်ပွဲတွေအများကြီး ဖော်ဆောင်ဖို့ရှိပါတယ်။
(၈) မွန်ပြည်သစ်ပါတီနဲ့ ဆက်ဆံရေးဘယ်လို ရှိပါသလဲ။
မွန်ပြည်သစ်ပါတီက မွန်ပြည်သူတွေပါဝင်တဲ့ မွန်လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း တစ်ခုပေါ့နော်။ သူတို့ရဲ့ အခြေအနေအကြောင်းကြောင်းကြောင့် ဒီနေ့ နွေဦးတော်လှန်ရေးမှာ မပါဝင်လာသေးတာကို ကျွန်တော်တို့ အနေနဲ့ ဘာမှလည်း ပြောစရာမရှိပါဘူး။ ဒါကလည်း သူတို့ရဲ့ ရပ်တည်ချက်ဆိုတော့ ။ ကျွန်တော်တို့ အနေနဲ့ကတော့ ကျွန်တော်တို့ရဲ့ မူဝါဒ အတိုင်းပဲ ရန်သူကိုအတူတိုက်သွားရင် ကျွန်တော်တို့ရဲ့ မဟာမိတ်အနေနဲ့ သတ်မှတ်မယ်။ ရန်သူနဲ့ ပူးပေါင်းရင်တော့ ပြတ်ပြတ်သားသား ရန်သူလို့ သတ်မှတ်ပြီး တိုက်ခိုက်မယ်။ ဒီနေ့ မွန်ပြည်သစ်ပါတီရဲ့ ရပ်တည်ချက်က ရန်သူလည်းမဟုတ် မိတ်ဆွေလည်းမဟုတ်ဆိုတော့ တော်လှန်ရေး အစုအဖွဲ့တစ်ခုအနေနဲ့တော့ ဆက်ဆံမှုရှိပါတယ်။ တော်လှန်ရေး အစုအဖွဲ့ဆိုတာ မလှုပ်ရှားသေးတဲ့ တော်လှန်ရေး အဖွဲ့ပေါ့။ တစ်နေ့ကျရင် ကျွန်တော်တို့နဲ့ အတူ လက်တွဲပြီး တိုက်ပွဲဝင်လာမယ်လို့တော့ မျှော်လင့်ပါတယ်။
(၉) ဖြည့်စွက်ချက်။
ဒီနေရာမှာ ကျွန်တော်ပြောချင်တာကတော့ အထူးသဖြင့် ပြည်သူတွေအနေနဲ့ပေါ့။ တစ်နိုင်ငံလုံးမှာဖြစ်ပွားနေတဲ့ စစ်မီးကို ထမင်းစားပွဲပေါ်မှာရှိတဲ့ အစာကို ယင်ကောင်လာမနားအောင် ဇကာနဲ့ အုပ်ထားလို့ ရတဲ့ကိစ္စမဟုတ်ဘူး။ အဲ့ဒါကြောင့် ကျွန်တော်ပြောချင်တာက စစ်ဘေးစစ်ဒဏ်က တဖြည်းဖြည်းနဲ့ ကျွန်တော်ရောက်လာမှာပဲ။ အခုလည်းရောက်နေပါပြီ။ အဲ့တော့ ကိုယ်နဲ့ မဆိုင်ဘူး။ ကိုယ်နဲ့ မပတ်သက်ဘူးဆိုတဲ့ စိတ်ထားလေးတွေ ပြန်လည်သုံးသပ်ဖို့လိုပြီ။
နောက်ပြီး တော်လှန်ရေးကြီးကြောင့် စစ်ဒဏ်ခံနေရတဲ့ ပြည်သူတွေကို ပြောကြားလိုတာက အကြမ်းဖက် စစ်ကောင်စီရဲ့ မသမာမှုနဲ့ အာဏာရယူထားတဲ့အတွက် ဒါ စစ်ဘေးစစ်ဒဏ်ကို ခံရတာပဲ။ ဒီစစ်ဘေးစစ်ဒဏ်ကို ကျော်လွှားပြီး ထာဝရငြိမ်းချမ်းရေးရဖို့က ဒီစစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းဖို့ လိုတယ်။ အဲ့လို ခြေမှုန်းဖို့အတွက် ပြည်သူတွေအနေနဲ့ တော်လှန်ရေး အင်အားစု အားလုံးကို တက်နိုင်တဲ့ဘက်ကနေ ကူညီဝိုင်းဝန်းပံပိုးပေးကြဖို့၊ နောက်တစ်ချက်က စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ ထွေအုပ်တို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာလူတွေရော၊ ဒလံတွေရော သူတို့ရဲ့ နိဂုံးချုပ်က ကောင်းတာမရှိဘူး။
အဲ့တော့ ပြည်သူတွေဘက် ငဲ့ညှာပြီးတော့ စစ်ကောင်စီနဲ့ ပူးပေါင်းခြင်းတွေ မလုပ်ဖို့ ပန်ကြားလိုပါတယ်။ နောက်ဆုံးအချက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုပြောကြားလိုတာက အထက်ပိုင်းက အရာရှိတွေရဲ့ မိသားစုတွေ ကြီးပွားချမ်းသာလာဖို့အတွက် ခင်ဗျားတို့ရဲ့ အသက်တွေကို စတေးခံတော့မှာလား။ ပြည်သူတွေရဲ့ ရဲဘော် ပြည်သူ့စစ်သားတွေ ဖြစ်ချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ ပြည်သူ့တပ်မတော်ဖြစ်တဲ့ တော်လှန်တပ်တွေနဲ့ လာပူးပေါင်းကြဖို့ ပြောချင်ပါတယ်။