ပလက်ဝ (ချင်းပြည်နယ်) အပေါ် AA ၏ မူဝါဒ သဘောထား ကို သုံးသပ်ခြင်း
- R. Lakher | အတွေးအမြင်
“AA သည် ချင်းပြည်သူများကို တော်လှန်ရေးအလွန်တွင် ချင်းပြည်နယ် ပလက်ဝ ဒေသမှ ” ပြန်လည် ထွက်ခွာသွားမည်ဟု အာမခံချက် ပေးရန် လိုအပ်သည်။”
(ဤ ဆောင်းပါးကို ဘယ်အဖွဲ့အစည်း၊ ဘယ်ပုဂ္ဂိုလ်ဘက်ကိုမှ ဘက်လိုက်ခြင်း မပြုပဲ အချက်အလက် (facts) များအပေါ် ခြေခံထားပြီး မိမိ၏ အမြင်ကို ရိုသား ပွင်းလင်းစွာ သုံးသပ်ထားပါသည်)
နိဒါန်း
ပလက်ဝအရေးသည် ပလက်ဝဒေသအတွင်းတွင် နေထိုင်ကြသော လူမျိုးများအတွက် နှင့် ချင်းပြည်နယ် တောင်ပိုင်းအတွက်သာမက ချင်းပြည်နယ် တစ်ခုလုံး နှင့် မြန်မာနိုင်ငံ တစ်ခုလုံးအတွက်ပါ အရေးပါသော မဟာဗျူဟာ အချက်ချာကျသော နေရာဖြစ်သည်။ (၃) နိုင်ငံ နယ်စပ်ဆုံရာ ရွှေတြိဂံ နယ်မြေ (Golden Triangle) ဖြစ်သည် သာမက အိန္ဒိယ ၏ အရှေ့မူဝါဒ ကုလားတန်စီမံကိန်းကြီး၏ အစိတ်အပိုင်းကြီးလည်း ဖြစ်သည်။ ချင်းပြည်နယ်အတွက် လေကြောင်း၊ ကုန်းကြောင်း၊ ရေကြောင်း ထွက်ပေါက် ဖြစ်သည်။
လွတ်မြောက်သော ချင်းပြည်နယ် (Liberated Chin State) နှင့် ချင်းပြည်နယ် ဖွံ့ဖြိုးရေးများ (Chin state Development) ကို စိတ်ကူးယဥ် စီမံကိန်းများကို ရေးဆွဲရာတွင် ပလက်ဝ ဒေသသည် အရေးကြီးဆုံးနေရာဒေသ ဖြစ်သည်။ ထို့ကြောင့် ချင်းလူမျိုးများ နှင့် ချင်းတော်လှန်ရေးအဖွဲ့အစည်းများ အနေဖြင့် အာရုံစိုက် အလေးထားရမည့် နေရာဒေသတစ်ခု ဖြစ်သည်။ လက်ရှိတွင် ပလက်ဝဒေသ၌ စစ်ကောင်စီအပါအဝင် လက်နက်ကိုင် အဖွဲ့ (၈)ဖွဲ့ လှုပ်ရှားနေသည်။ ၎င်းတို့မှာ- AA, MDF, CDF-Paletwa, CDF-Mara, Daai-CDF, CNA, Khumi National Defense Army (KNDA) နှင့် SAC တို့ဖြစ်ကြသည်။
ULA/AA ၏ ပလက်ဝအပေါ် ထားသောမူဝါဒ
******
၂၀၂၀ ခုနစ် တွင် AA ခေါင်းဆေင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို CCN Channel ကနေ တစ်ဆင့် ဆလိုင်း ဇထောင်းလျန်မှ ပလက်ဝ အရေး နှင့် ပတ်သက်ပြီး အင်တာဗျူး မေးမြန်းချက်ကို အားလုံးမြင်ပြီး ဖြစ်ပါသည်။ ဗိုလ်ချုပ်၏ ပလက်ဝအရေးနဲ့ ပတ်သက်ပြီး ပြောကြားချက် အနက်အဓိပ္ပါယ်ကို သေချာနားလည်ဖို့ အရေးကြီးပါသည်။ ပထမ အချက်တွင် ” ULA/AA သည် ပလက်ဝကိုဝင်လာကတည်းက ပလက်ဝကို တိုက်ယူမယ်၊လုယူမယ်လို့ တစ်ခါမှ မစဥ်းစားဖူးကြောင်း၊ ပလက်ဝသည် ရခိုင်ပြည်နယ် ဖြစ်သည်ဟု မပြောဖူးကြောင်း” ရှင်းလင်းစွာ ပြောသွားသည် ကို ကျနော်တို့ အားလုံးမြင်ခဲ့ကြသည်။ ဤအချက်သည် ULA/AA တွင် ပလက်ဝ ကို သိမ်းယူပြီး ရခိုင်ပြည်နယ် ထဲ ထည့်သွင်းရန် မူဝါဒမရှိကြောင်း ကို ရှင်းလင်းစွာဖော်ပြနေသည်။ ဒုတိယအချက်သည်ပိုမိုအရေးကြီးပါသည်။ ပြောကြားချက်မှာ ” ယနေ့တွင် ရခိုင်ပြည်နယ်ကို ရခိုင်လူမျိုးမပိုင်၊ ချင်းပြည်နယ်ကိုလည်း ချင်းလူမျိုးမပိုင်ဘဲ စစ်ကောင်စီသာလျှင် ပိုင်သည်” ဟု ဖြစ်သည်။
ထို့ကြောင့် စစ်ကောင်စီကို အရင်ပူးပေါင်းတော်လှန်သင့်ကြောင်းကို ပြောကြားခဲ့သည်။ ဒီတော်လှန်ရေးကာလ (Revolutionary Period) တွင် AA သည် ပလက်ဒေသကို အခြေပြု အသုံးပြုသွားမည်ဟု အဓိပ္ပါယ်ဆောင်သော ဖြေကြားချက်ကို တွေ့ကြရသည်။ ဤသည်မှာ AA ခေါင်းဆောင်မှ ပလက်ဝအပေါ် ထားရှိသော AA ၏ မူဝါဒကို ရှင်းရှင်းလင်းလင်း ချင်းပြည်သူများကို ချပြသွားခြင်းဖြစ်သည်။
သို့သော် တော်လှန်ရေးကာလအလွန်တွင် ဗိုလ်ချုပ်ထွန်းမြတ်နိုင် သည် ပလက်ဝကို လုမယူကြောင်း ပြောကြားချက် ကတိစကားကို တည်မလား မတည်ဘူးလာ ဆိုသည့် မေးခွန်းမှာ ဘယ်သူမျှ မသိပေ။ မူဝါဒ (policy) ဟူသည် အတည်မဟုတ်ပဲ လိုအပ်သလို ပြောင်းလဲလို့ရသော အရာဖြစ်ပါသည်။
ဤအချက်ကြောင့် AA ကို ချင်းပြည်သူ တစ်ချို့မှ သံသယ များ ရှိနေကြသည်။ သေချာနေသော အချက်မှာ ပလက်ဝဒေသသည် ၃ နိုင်ငံ နယ်စပ်ချင်းထိစပ်ရာ စစ်ရေး၊ ပထဝီဝင်နိုင်ငံရေး၊ စီးပွားရေးအရ မဟာဗျူဟာကျသော နေရာ ဖြစ်နေသောကြောင့် AA သည် သူ့၏ တော်လှန်ရေးပန်းတိုင် အောင်မြင်ရေး နှင့် အောင်မြင်သည်ထိ အခြေချပြီး ခြေကုပ်ယူမည်မှာ သေချာသည်။
ULA/AA သည် တော်လှန်ရေးအလွန်တွင် ပလက်ဝ ဒေသ မှ ပြန်လည်ထွက်ခွာ မည် ဟု အာမခံချက် ပေးရန်လိုအပ်သည်။
******
AA ၏ ပလက်ဝဒေသတွင် ဝင်ရောက်အခြေချ နေထိုင်ခြင်းသည် ချင်းပြည်သူများနှင့် ချင်းလက်နက်ကိုင်များအတွက် အနေထိုင်ရခက်စေသည်မှာ အမှန်ပင်ဖြစ်သည်။အရှေ့မှာ ဖော်ပြသကဲ့သို့ ပလက်ဝဒေသသည် ချင်းပြည်နယ်၊ ချင်းပြည်သူလူထုနှင့် ချင်းတော်လှန်ရေးအတွက်လည်း အရေးကြီး လှပါသည်။ လက်ရှိတွင် CNF/CNA အပါအဝင် ချင်းလက်နက်ကိုင် (၆) ဖွဲ့ လှုပ်ရှားနေသော နေရာလည်း ဖြစ်သည်။ ထို့ကြောင့် လက်နက်ကိုင်ပဋိပက္ခ အလွယ်တကူဖြစ်ပွားနိုင်သော နေရာဖြစ်သည်။
သို့သော် ချင်းလက်နက်ကိုင် ၆ ဖွဲ့စလုံး၏ အင်အား စုစုပေါင်းသည် AA ၏ တပ်ရင်း (၁-၂) ရင်း စာမျှသာ ရှိမည်ဖြစ်သည်။ ပလက်ဝဒေသ တစ်ခုလုံးကို AA ထိန်းချုပ်မှာလား ဆိုလျှင် မဟုတ်ပေ။ အထူးသဖြင့် ကုလားတန်စီမံကိန်းကို ထိန်းချုပ်ပြီး အိန္ဒိယနှင့် နိုင်ငံရေးအပေးအယူ လုပ်နိုင်ရန် ကုလားတန်မြစ်ကျောတလျှောက်ကို ထိန်းချုပ်ချင်ပုံရသည်။ သို့သော် ခွန်အားသည် အင်အား (Might is strenth) ဆိုသကဲ့သို့ အင်အားရှိသောသူ လုပ်ချင်ရာလုပ်နိုင်သည့် ခေတ်ကို ပြန်ရောက်လာကြပြီဖြစ်သောကြောင့် AA သည် ပလက်ဝဒေသ ကို အင်အားသုံးပြီး ချင်းပြည်နယ်မှ လုယူလိုပါက လုယူနိုင်သည့် အခြေအနေ ရှိသည်ဟု ဆိုနိုင်ပါသည်။
AA အနေဖြင့် ပလက်ဝကို မလုယူပါကြောင်း AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ အင်တာဗျူးမှ တဆင့် ဖြေကြားပြီး ဖြစ်သာ်လည်း ချင်းပြည်သူ တချို့အတွက် စိတ်ကျေနပ်မှုအပြည့်အဝ မရှိဟု မြင်ပါသည်။ ထို့ကြောင့် ပလက်ဝဒေသ သည် ချင်းပြည်နယ် ဖြစ်ကြောင်း နှင့် AA အနေဖြင့် တော်လှန်ရေး အလွန်တွင် ပြန်လည်ထွက်ခွာသွားမည်ဖြစ်ကြောင်းကို ချင်းပြည်သူများ အား သံသယမရှိ ရှင်းလင်းသွားရန် AA အနေဖြင့် ထုတ်ပြန်ချက် (သို့) တစ်ခုခု ပြုလုပ်ပေးရန် လုပ်အပ်ပါသည်။ ယုံကြည်မှု တည်ဆောက်ခြင်း (Trust Building) တစ်ခု တည်ဆောက်ရန် အက်မတန် ခက်ပါသည်။ ချင်းပြည်သူအားလုံး AA ကို ယုံကြည်ရန် မဖြစ်နိုင်ပေ။ သို့သော်အင်တာဗျူး ဖြေကြားချက်အပြင် ပိုမိုခိုင်မာသော သက်သများ ဖြင့် ပြရန်လိုအပ်ပါသည်။ ဥပမာ- ULA/AA တံဆိပ်ပါ သော ထုတ်ပြန်ချက် များကို ထုတ်ပေးနိုင်သည်။
CNF/CDFs များ၏ ပလက်ဝ အပေါ် ချဥ်းကပ်ပုံများ အားနည်းချက်ရှိနေပြီလား
*********
ယနေ့ CNF/CNA နှင့် CDFs များ၏ ပလက်ဝအပေါ် ချဥ်းကပ်မှုတွင် အားနည်းချက်များရှိနေသည် ဟုမြင်ပါသည်။ ပလက်ဝအရေး နှင့် ပတ်သက်ပြီး CNF/CNA ၏ မူဝါဒ နှင့် ချဥ်းကပ်ကိုင်တွယ်ပုံ သည် အင်မတန်အရေးကြီးလှပါသည်။ ထိလွယ်ရှလွယ်ပြီးအရေးကြီးသော အရေးကိစ္စဖြစ်သောကြောင့် ချဥ်းကပ်မှုပုံစံ တစ်ချက်မှ မမှားဖို့ အရေးကြီးပါသည်။
မကြာသေးခင်တွင် CNF ခေါင်းဆောင် Solomon မှ AA နှင့် MDF ပေါင်းပြီး CNA ကို တားဆီး ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်သွားကြောင်းပြောကြားခဲ့သည် ကို ဆိုရှယ်မီဒီယာတွင် တွေ့ရသည်။ သို့သော် MDF တာဝန်ရှိသူများကို မေးမြန်းကြည့်ရာတွင် ထိုကဲ့သို့ပစ်ခေတ်မှုများ မရှိကြောင်း ဖြေကြားခဲ့သည်။ ဤကဲ့သို့ ပြဿနာများတွင် နှစ်ဖက်စလုံးသည် သူ့ဖက် ကို့ယ်ဖက်မှန်ကြောင်းကိုသာ ပြောကြားမည်ဖြစ်သည်။ သို့သော် သက်သေ အထောက်အထားများအဖြစ် ဒေသခံပြည်သူလူထုများကို မေးမြန်းသင့်သောကြောင့် ကျွန်တော် ဒေသခံများကို မေးမြန်းကြည့်ရာတွင် ထိုကဲ့သို့ ပစ်ခေတ်မှုများမရှိကြောင်း သိခဲ့ရသည်။ ဤကဲ့သို့ စွပ်စွဲချက်က်များသည် CNF ကို ထောက်ခံသောချင်းပြည်သူများ နှင့် AA ကို ထောက်ခံသောရခိုင်လူမျိုးအကြား နားလည်မှု အလွဲများကို ဖြစ်ပေါ်စေနိုင်ပါသည်။
ယနေ့တွင် AA သည် ချင်းပြည်နယ်၏ လက်နက်ကိုင်ဖြစ်သော Mindat-CDF နှင့် Maraland Defense Force (MDF) ကို စစ်သင်တန်းများပေးပြီး လက်နက်များ တပ်ဆင် ပေးထားသည်ကို အားလုံး သိကြပြီး ဖြစ်ပါသည်။ AAသည် ပလက်ဝဒေသ ကုလားတန်မြစ်ကျောတလျှောက်ကို ထိန်းချုပ်နိုင်ရန် ပထဝီဝင် အနေထားအရ ရန်သူ၏အင်အားဖြည့် ထောက်ပို့ရေးများပြုလုပ်လာနိုင်မှုကို တားဆီးရန် မရာဒေသ နှင့် ချင်းပြည်နယ်တောင်ပိုင်း (မင်းတပ်မြို့နယ်) ကို AA တပ်များ (သို့) မဟာမိတ်တပ်များထားရှိရန် လိုအပ်လာသည်။ ၂၀၂၁ ခုနစ်မတိုင်မီ AA နှင့် ဗမာ့တပ်မတော် တိုက်ပွဲများ တွင် မင်းတပ်- မတူပီ-လိုင်လင်းပီ လမ်းကြောင်းကို အသုံးပြုပြီး စစ်ကားအစီးပေါင်း ၃၀၀ ခန့်၊ ရဟတ်ယာဥ်များဖြင့် စစ်တပ်သည် AA ကို ပြင်းထန်စွာ ထိုးစစ်ဆင်ခဲ့ သည့် အတွေ့အကြုံများရှိခဲ့သည်။
ထို့ကြောင့် AA သည် နောက်ကျောမှ စစ်ကောင်စီ၏ အင်အားဖြည့် တိုက်ခိုက်လာနိုင်မှု ကာကွယ်ရန် စစ်ရေးအရ MDF နှင့် Mindat-CDF တို့ကို မဟာ မိတ်ပြုပြီး လက်နက်များတပ်ဆင်ပေးခြင်းဖြစ်သည်ဟု သုံးသပ်မိပါသည်။ သို့သော် ယနေ့တွင် CNF/CNA အပါအဝင် CDFs နှင့် ချင်းပြည်သူတစ်ချို့မှ AA ကို ချင်းပြည်နယ်သို့ ခေါ်လာသူများ အဖြင့် Mindat-CDF နှင့် MDF ကို ပုတ်ခတ် ပြောဆိုမှုများ ရှိနေသည် ကိုတွေ့ရသည်။ အမှန်စင်စစ်မှာ AA သည် ၂၀၂၁ မတိုင်မီ ကတည်းက ပလက်ဝဒေသတွင် အခြေ ချပြီးသား ဖြစ်သည်။
AA ခေါင်းဆောင်ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ အင်တာဗျူး ဖြေကြားချက်ကို နားလည်ပါက AA ၏ Mindat-CDF နှင့် MDF များကို လက်နက်တပ်ဆင်ပေးမှုများသည် ပလက်ဝ ကို လုယူရန် မဟုတ်ပဲ တော်လှန်ရေးကာလအတွင်း ကုလန်းတန်မြစ်ကျော တစ်လျှောက်ကို ထိန်းချုပ်ရန် ရည်ရွယ်ချက်ဖြစ်သည်ကို သိနိုင်ပါသည်။ ဤကဲ့သို့ ဆိုလိုက်ခြင်း အားဖြင့် မိမိသည် AA ကို ထောက်ခံအားပေးသကဲ့သို့ ဖြစ်သွားနိုင်ပါသည်။ ကျွန်တော်သည် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ပလက်ဝအရေးအပေါ် ပြောကြားချက်အပေါ် အခြေပြီးမှသာ လက်ရှိ AA မူဝါဒကို သုံးသပ်ခြင်းဖြစ်ပါသည်။ ထို့အပြင် မိမိ၏အမြင်ကို အထောက်အထားအပေါ် အခြေမခံပဲ ဖော်ပြခြင်းမျိုး မပြုလုပ်ပေ။
ထို့အပြင် MDF ကို AA နှင့် ပူးပေါင်းသောအဖွဲ့ဟုဆိုကာ CJDC မှ ပယ်ထုတ်ရသည်အထိ ဖြစ်ခဲ့သည်။ Mindat-CDF သည် MDF ထက် အင်အားကြီးပြီး နွေဦးတော်လှန်ရေးကို စတင်ခဲ့သော ပြည်သူလူထု၏ ထောက်ခံမှုကို ရထားသော သောကြောင့် CJDC မှ ထုတ်ပယ်ရန် ခက်ခဲခဲ့သည်။ Mindat-CDF သည် အင်အားသေးသော အဖွဲ့ဖြစ်ပါက MDF ကဲ့သို့ AA နှင့် ပတ်သက်မှု ဖြင့် CJDC မှထုတ်ပယ်ခံရနိုင်သည်ဟု မြင်မိပါသည်။ ဤသည်မှာ CNF/CDFs များ၏ ပလက်ဝအရေးနှင့်ပတ်သက်ပြီး AA ပေါ် တန်ပြန်တုံ့ပြန်မှု မူဝါဒ(responsive policy)ဖြစ်ပါသည်။ ဤကဲ့သို့ ချဥ်းကပ်မှုသည် မှန်ကန်သော (အကောင်းဆုံး) ချဥ်းကပ်မှုဟု မမြင်ပါ။ အဘယ်ကြောင့်ဆိုသော် လက်ရှိတွင် Mindat- CDF နှင့် MDF ကို နိုင်ငံရေး နှင့် စစ်ရေးအရ တိုက်ခိုက်ခြင်းသည် AA ကို တိုက်ခိုက်ခြင်း နှင့် ထပ်တူဖြစ်နေခြင်းကြောင့် ဖြစ်သည်။
ထို့ကဲ့သို့ AA ကို မကျေနပ်မှုဖြင့် MDF နဲ့ Mindat-CDF တို့ကို ထိခိုက်လာမည်ဆိုပါက AA နှင့် CNF/CDFs အကြား ဆက်ဆံရေးများ မလိုအပ်ပဲ ဆိုးဝါးသွားနိုင်ပါသည်။ AA သည် တော်လှန်ရေးကာလ မကုန်ခင်အထိ ပလက်ဝဒေသတွင် အခြေချနေမည်မှာ သေချာနေသောကြောင့် AA ကို ရန်မူသော လုပ်ရပ်များသည် မှားယွင်းသည်ဟု မြင်ပါသည်။ CNFs/CDFs အနေဖြင့် အကြောင်းမရှိပဲ့ စစ်ရေးအရ AA ကို ထိပ်တိုက်ရင်ဆိုင်ရန် စဥ်းစားချက်များသည် သေးငယ်သော နိုင်ငံရေးအတွေး ဖြစ်သည်ဟု မြင် သည်။ ထို့ကြောင့် AA ကို မလိုအပ်ပဲ ရန်လိုမှု နှင့် ထိပ်တိုက်ရင်ဆိုင်မှုအပေါ် ခြေခံသော မူဝါဒ( Direct Confrontation Policy)များကိုရှောင်ပြီး AA နှင့် ပူးပေါင်းမှုပြီး အောင်မြင်မှုများကို အတူတကွရယူကြမည့် (Cooperation and Win Policy) မူဝါဒများကို စဥ်းစားသင့်ပါသည်။ ထို့ကြောင့် CNF/CDFs အနေဖြင့် ပလက်ဝ ဒေသ နှင့် AA အပေါ် ချဥ်းကပ်မှု မူဝါဒများကို ပြန်လည်သုံးသပ်ရန် လိုအပ်နေပါသည်။
နိဂုံး
AA သည် လက်ရှိတွင် ပလက်ဝမြို့နယ်မှ စစ်ကောင်စီ စခန်းများကို သိမ်းပိုက်နေပြီဖြစ်ပြီး ၊ ဆမီးမြို့ နှင့် ပလက်ဝမြို့ထိ ရောက်လာပြီကို တွေ့ကြရသည်။ မကြာခင် ပလက်ဝမြို့နယ်မှ စစ်ကောင်စီ ၏ စခန်းအားလုံး AA လက်ထဲကျရောက်နိုင်ခြေများကိုလည်း တွေ့နေရပြီ ဖြစ်သည်။ ထို့ကြောင့် AA သည် ပလက်ဝဒေသကို ထိန်းချုပ်ပြီး ဖြစ်ပါက အိန္ဒိယ သည် AA နှင့် ဆက်ဆံလာမည်ဖြစ်ပြီး AA ၏အင်အားသြဇာ ကြီးထွားလာမှုကို များစွာအထောက်ကူဖြစ်မည် ဖြစ်သည်။
ဤကဲ့သို့ ဖြစ်လာမည်လျှင် မြန်မာ့တော်လှန်ရေးလည်း ပိုမိုအားကောင်းလာမည်ဖြစ်ပါသည်။ တော်လှန်ရေး ပိုမိုအားကောင်းလာသည်နှင့် အမျှ စစ်ကောင်စီသည် ပိုမိုအင်အားနည်းလာမည် ဖြစ်သည်။ ထို့ကြောင့် တော်လှန်ရေးကာလတွင် တော်လှန်ရေးအင်အားစုများအကြား ကောင်းမွန်သော ဆက်ဆံရေးများ နှင့် စည်းလုံးမှုများထားရှိရန်လိုသည်။ ဘုံရန်သူသည် Divide and Rule ကျွမ်းကျင်သူ ဖြစ်သည်ကို မမေ့သင့်ပေ။ ထို့အကြောင့် CNF/CDFs နှင့် AA (MDF+CDF-Mindat) အကြား မလိုလားအပ်သော ပြဿနာများကို ရှောင်ကြရန် လိုအပ်မည် ဖြစ်သည်။
အကြံပြုချက်များ
********
၁။ AA ခေါင်း ဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ၏ အင်တာဗျူးမှ ဖြေကြားချက်အပြင် AA အနေအဖြင့် ပလက်ဝ သည် ချင်းပြည်နယ် ဖြစ်ကြောင်း နှင့် တော်လှန်ရေးကာလအလွန်တွင် ပလက်ဝမှ ပြန်လည် ဆုတ်ခွာသွားမည် ဟု ချင်းပြည်သူများ အပေါ် ခိုင်မာစွာ ကတိပေးရန်လိုအပ်သည်။
၂။ ထိုကဲ့သို့ AA သည် ချင်းပြည်သူများကို အာမခံချက် ကတိပေးလာနိုင်ရန်အတွက် ချင်းပြည်သူများမှ အကြမ်းဖက်မဟုတ်သောနည်းလမ်းဖြင့် လိမ္မာပါးနပ်စွာ AA ကို ချဥ်းကပ်ရန် လိုအပ်မည်ဖြစ်သည်။
၃။ CNFs/CDFs များသည် ပလက်ဝအရေးနှင့် ပတ်သက်ပြီး AA နှင့် ထိပ်တိုက်ရန်ဖြစ်မှု (Direct Confrontation) ကို ရှောင်ရန်လိုအပ်ပြီး AA နှင့် ပလက်ဝဒေသ ထိန်းချုပ်ရေးကို ပူးပေါင်းဆောင်ရွက်မှု (Cooperation) ကိုသာ ပြုလုပ်သင့်ပါသည်။
- Lakher – Chin Revolution and Politic Observer / Researcher and Writer