အမျိုးသားရေးဝါဒနှင့် ချင်းအမျိုးသားတည်ဆောက်ရေး (အပိုင်း -၁)
Salai Thang Houng | အတွေးအမြင်
ကမ္ဘာ့နိုင်ငံတော်တော်များများသည် ပြည်တွင်းစစ်များ၊ ပြည်တွင်းပဋိပက္ခများနှင့် ကြုံကြရသည်။ သို့သော် နိုင်ငံအတွင်း ပြည်သူတို့၏ တောင်းဆိုမှုပုံစံခြင်းများနှင့် ဖြစ်ပေါ်ရသည့် အကြောင်းရင်းများ မတူညီကြပေ။ ထို့ကြောင့် ပြည်တွင်စစ်ကို အဆုံးသတ်အောင်အဖြေရှာရာတွင် ဖြစ်ပွားရသည့်အကြောင်းရင်းသည် အလွန်ပင် အရေးကြီးသည်။
နိုင်ငံ၏ဖွဲ့စည်းတည်ဆောက်မှုဆိုင်ရာအချက်များ၊ နိုင်ငံရေးဆိုင်ရာအကြောင်းတရားများ၊ စီးပွားရေးဆိုင်ရာအကြောင်းတရားများ၊ ယဥ်ကျေးမှုဆိုင်ရာအကြောင်းတရားများသည် ပြည်တွင်းပဋိပက္ခကို ဖြစ် ပွားစေသော အဓိကအကြောင်းတရားများ ဖြစ်ကြသည်။ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပြည်တွင်းပဋိပက္ခသည် ဤအချက် သုံးချက်စလုံးကြောင့် ဖြစ်သော်လည်း အဓိကသည် နိုင်ငံရေးဆိုင်ရာလူမျိုးစုပဋိပက္ခသာ ဖြစ်သည်။ ထို့ကြောင့် လူမျိုးစုပဋိပက္ခကိုအဖြေရှာသည့် နည်းလမ်းဖြင့်အဖြေရှာမှသာ ပြီးဆုံးနိုင်မည်ဖြစ်သည်။
သုတေသီမှတ်တမ်းများအရ လူမျိုးစုစစ်ပွဲများကိုအဆုံးသတ်အဖြေရှာရာတွင် အရပ်ဘက်နိုင်ငံရေးကို ဖန်တီးပေးခြင်း၊ လူမျိုးစုကိုယ်ပိုင်လက္ခဏာကို ပြန်လည် တည်ဆောက် ပေးရုံဖြင့် ပြေလည်သွားသောစစ်ပွဲများ မရှိသေးပေ။ ထို့ကြောင့် လူမျိုးစုတစ်စုချင်းစီ၏ အချုပ်အခြာအာဏာကို အခြေမခံပဲ လူဦးရေကိုအခြေခံသော အရပ်ဘက်နိုင်ငံရေး (Demography) ကို တည်ဆောက်ပေးခြင်းသည် လူမျိုးတုံးသတ်ဖြတ်ခြင်းကို အားပေးရာ ရောက်သည်။
ထို့ကြောင့် လူမျိုးစုကို အခြေခံသည့် ပြည်တွင်းစစ်ကို အဖြေရှာရာတွင် နိုင်ငံတကာမှ ကြားဝင်ဖြေရှင်းကူကြသော ဒေသဆိုင်ရာ အင်အားစုနိုင်ငံများ၊ အင်အားကြီးနိုင်ငံများ၊ ကုလသမဂ္ဂအနေဖြင့် လူနည်းစုတိုင်းရင်းသားများ (သို့) နိုင်ငံငယ်များကို မိမိကိုယ်ကို အပြည့်အဝကာကွယ်နိုင်သည့် အခြေအနေအထိရောက်အောင် ကူညီပေးခြင်း၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တို့သည် လူနည်းစုတို့အတွက်အကျိူးစီးပွားကို ကာကွယ်နိုင်သည်အထိ ပြီးပြည့်စုံအောင်ဆောင်ရွက် ကူညီပေးရန် လိုအပ်သည်ဟုဆိုကြသည်။
ကြားဝင်ဖြေရှင်းသူများသည် ပိတ်ဆို့အရေးယူခြင်း၊ စစ်ရေးအရ အကူညီပေးခြင်း၊ စစ်ရေးအရတိုက်ရိုက်ပါဝင်ခြင်းများကို ဆောင်ရွက်နိုင်သည်။ သို့သော် ကျူးကျော်သူ၊ ကျူးကျော်ခံရသူ မည်သူမှန်း ဆုံးဖြတ်မရလျှင် ကြားဝင်ဆောင်ရွက်မှုများ ရှိမည်မဟုတ်ပေ။ ထို့ကြောင့် စစ်အာဏာရှင်နှင့် လူမျိုးကြီးဝါဒကို တော်လှန်နေကြသော ချင်းလူမျိုးများနှင့် တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် မိမိတို့၏ရပ်တည်ချက်နှင့် ချိူးဖောက်ခံရသောအခွင့်အရေးများကို ကမ္ဘာသိအောင် ချပြနိုင်ရန်လည်း လိုအပ်သည်။
မိမိတို့၏ပြိုင်ဘက်တို့သည်လည်း ထိုနည်းတူပင် ကြိုးစားကြမည်ဖြစ်သောကြောင့် နိုင်ငံခြားဆက်ဆံရေးသည်လည်း အရေးကြီးသောဗျူဟာတစ်ခုပင် ဖြစ်သည်။ ထို့ကြောင့် စစ်ရေးအင်အား၊ နိုင်ငံရေးနှင့် စစ်ရေးဟန်ချက်ညီမှု၊ ပြည်သူလူထုတို့၏ ပူးပေါင်းပါဝင်တို့သည် အရေးကြီးသည်။ ယခုနွေဦးတော်လှန်ရေးတွင် နိုင်ငံတကာအဖွဲ့စည်းများသည် စီးပွားရေးပိတ်ဆို့မှုများ၊ စစ်ဘေးဒုက္ခသည်များကို အကူညီပေးမှုများနှင့် အခြားသောနည်းလမ်းများဖြင့် ပါဝင်ကူညီနိုင်ကြသော်လည်း စစ်ရေးအရ တိုက်ရိုက်ပါဝင်မှုမျိုးရှိမည် မဟုတ်ပေ။
ယနေ့ကမ္ဘာပေါ်တွင်ကျင့်သုံးနေသော စနစ်အားလုံးသည် အုပ်ချုပ်မှုပုံစံ အမျိုးမျိုးတို့၏ ဆင့်ကဲဖြစ်စဥ်များသာ ဖြစ်သည်။ ဘုရင်စနစ်၊ ပဒေသရာဇ်စနစ်၊ ဒီမိုကရေစီစနစ်၊ ဖက်ဒရယ်စနစ်တို့သည် ဗဟိုချုပ်ကိုင်မှုများခြင်းနှင့် ဗဟိုချုပ်ကိုင်မှုလျော့ချထားခြင်းတို့သာ ကွာဟမှုရှိသည်။ ယနေ့ကမ္ဘာပေါ်တွင် ကျင့်သုံးကြသော စနစ်များကို လေ့လာ ကြည့် ပါက ကွန်ဖက်ဒရေးရှင်းနိုင်ငံများ၊ ဗဟိုချုပ်ကိုင်မှုများသော တပြည်ထောင်နိုင်ငံများ၊ ဗဟိုချုပ်ကိုင်မှုလျော့ချထားသော တပြည်ထောင်နိုင်ငံများ၊ ဗဟိုချုပ်ကိုင်မှု လျော့ချ ထား သော ဖက်ဒရယ်နိုင်ငံများနှင့် ဗဟိုချုပ်ကိုင်မှုများသော ဖက်ဒရယ်နိုင်ငံများတို့ဖြစ်ကြပြီး ကွန်ဖက်ဒရေးရှင်းနိုင်ငံများမှလွဲ၍ ဗဟိုတွင်အနည်းနှင့်အများ အပြန်အလှန် မှီခိုနေရသည့် စနစ်များသာ ဖြစ်ကြသည်။
စနစ်အားလုံးသည်လည်း လူ့အဖွဲ့အစည်းတို့၏ အမျိုးသားရေးဝါဒပုံစံ အမျိုးမျိုးတို့မှ ပေါ်ပေါက်လာသော စနစ်များ ဖြစ်ကြသည်။ အမျိုးသားရေးဝါဒသည် လွတ်မြောက် ခြင်းနှင့် ဖိနှိပ်မှု၊ အောင်နိုင်မှု၊ လက်အောက်ခံမှု၊ တိုးတက်မှုနှင့် ကြီးမြတ်မှုသဘောကို ဆောင်သည်နှင့်အညီ အမျိုးသားရေးဝါဒ ရည်မှန်းချက်စွဲကိုင်ခြင်းမရှိ သောလူမျိုးသည် အဖိနှိပ်ခံရမည်သာ ဖြစ်သည်။
အမျိုးသားရေးဝါဒသည် အခြေအနေအချိန်အခါ၊ နေရာဒေသအပေါ်မူတည်၍ အသုံးချသည့်ပုံစံချင်းမတူညီသောကြောင့် အဓိပ္ပါယ်ဖွင့်ဆိုရန်မှာ ရှုပ်ထွေးသည်။ ယနေ့မြန်မာ နိုင်ငံတွင် ဖြစ်ပေါ်နေသောအမျိုးသားရေးဝါဒပုံစံသည် နိုင်ငံရေးစနစ်တခု အပြောင်းအလဲဖြစ်ပေါ်လာစေရေးအတွက် တိုက်ပွဲဝင်တောင်းဆိုနေကြခြင်းဖြစ်သည်။ လူမျိုးတစ်စု၊ အဖွဲ့အစည်းတစ်ခုအတွက် မဟုတ်ချေ။ ဗမာအများစုတို့က ဖက်ဒရယ်စနစ်သည် တိုင်းရင်းသားများ အတွက်သာဖြစ်သည်ဟု မှားယွင်းစွာ ယူဆခဲ့ကြသည်။
နိုင်ငံရေးဆိုင်ရာအတွေးအခေါ်ပညာရှင်များက လူမျိုးဆိုသည်မှာ တူညီသောကံကြမ္မာဖြင့် စုစည်းထား သောလူထုတစ်ရပ်လုံး၊ တူညီသောသဘောထားရှိပြီး ကိုယ်ပိုင်နိုင်ငံအဖြစ် ပြသနိုင်သောလူမျိုး၊ ဒဏ္ဍာရီနှင့်မှတ်ဉာဏ်များ၊ အများဆိုင်ရာယဥ်ကျေးမှု၊ သတ်မှတ်ထားသောနေရပ်မြေ၊ စီးပွားရေးစုစည်းမှု၊ အဖွဲ့ဝင်အားလုံး၏ တူညီသောရပိုင်ခွင့်နှင့် တာဝန်များကို ပိုင်ဆိုင်ခြင်း၊ စိတ်ကူးကြည့်သော နိုင်ငံရေးအစုအဝေး၊ မိမိတို့၏သမိုင်း၊ ယဥ်ကျေးမှု၊ တူညီသောမျိုးရိုးဇာတိတို့ဖြင့် တုပ်နှောင်ထားသောလူတစ်စု၊ ပိုင်နက် နယ်မြေ၊ ဘာသာစကား၊ ကိုးကွယ်ယုံကြည်မှု (သို့) တူညီသောမျိုးနွယ်များကို ချစ်ခင်ခြင်း စသည်တို့ဖြစ်ကြသည်။
အမျိုးသားရေးဝါဒဆိုသည်မှာ နိုင်ငံရေးအရတရားဝင်မှု၊ တရားဝင်အစိုးရပုံစံသည် အမျိုးသားရေးကိုယ်ပိုင်အုပ်ချုပ်ရေး (Nation Self-government) ဖြစ်ခြင်း၊ လူတစ်စုနှင့် သက်ဆိုင်သော သဘောထား၊ တူညီသောနိုင်ငံရေးကံကြမ္မာကို ဆုံးဖြတ်ရန် ဆန္ဒရှိကြခြင်းတို့ဖြစ်သည်ဟု ဆိုကြသည်။
ထို့ကြောင့် ကမ္ဘာပေါ်ရှိလူသားတိုင်းသည် လူမျိုးတစ်မျိုးအဖြစ် တည်ရှိရန်နှင့် လူ့အဖွဲ့အစည်းအတွက် အခြေခံဖြစ်သော အမျိုးသားရေးဝါဒကို ဆုပ်ကိုင်ထားရန် လိုအပ်သည်။ မျိုးချစ်စိတ်ဓာတ် (Patriotism) သည် နိုင်ငံတစ်ခုတည်းအတွက်သာ အလေးထားပြီး နိုင်ငံရေးလုပ်ဆောင်မှုတွင် ပါဝင်ခြင်းမရှိပေ။ ထို့ကြောင့် လူတစ်ဦးချင်းတိုင်းတွင် ရှိနေသောမျိုးချစ်စိတ်ဓာတ်မှတဆင့် အမျိုးသားရေးလှုပ်ရှားမှုတွင် ပါဝင်ကြပြီး မိမိတို့၏နိုင်ငံရေးရည်မှန်းချက်အပေါ်အခြေခံသည့် အမျိုးသားရေးဝါဒကို ဆုပ်ကိုင်ထားရန် လိုအပ်သည်။
အမျိုးသားရေးစိတ်ဓာတ်နှင့် အမျိုးသားရေးဝါဒ၏ ခြားနားမှုကို ရိုးရှင်းစွာ ဥပမာပြရမည်ဆိုလျှင် ကျေးရွာတစ်ရွာတွင် သောက်ရေအခက်ခဲရှိသည်ဟု ဆိုကြပါစို့။ ထိုပြဿနာကို ဖြေရှင်းရန်အတွက် ထိုကျေးရွာရှိ လူ တစ်ဦးချင်းစီတိုင်းတွင် ရေကန်ဆောက်လုပ်ရန်နှင့် ကျေးရွာ၏အဝေးတစ်နေရာတွင်ရှိသော ချောင်းရေကို ရေပိုက်ဖြင့် သွယ်ကာဖြေရှင်းလိုသော စိတ်ဓာတ်များရှိကြမည် ဖြစ်သည်။
ဤသို့တစ်ဦးချင်းတွင် တည်ရှိလာသော စိတ်ကူးများကို အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် စည်းရုံးလှုံ့ဆော်မှုများ၊ ဆွေးနွေးတိုင်ပင်ခြင်း၊ ငွေကြေးကောက်ခံခြင်း၊ လုပ်အားစိုက်ထုတ်ခြင်းနှင့် တခြားသူများ၏အကူညီများ လိုအပ်လာမည်ဖြစ်ပြီး ဦးစီးဆောင်ရွက်မည့်ခေါင်းဆောင်သူများလည်း လိုအပ်မည် ဖြစ်သည်။ နိုင်ငံရေးလောက၌ တစ်ဦးချင်းတွင် ဖြစ် တည်လာသော စိတ်ကူးသည် မျိုးချစ်စိတ်ဓာတ်နှင့်ဆင်တူပြီး လက်တွေ့အကောင်ထည်ဖော်ရန် စတင်လုပ်ဆောင်ခြင်းသည် အမျိုးသားရေးဝါဒနှင့် ဆင်တူသည်။
အမျိုးသားရေးလှုပ်ရှားမှုသည် နိုင်ငံရေးအသွင်ဆောင်လာပါက စိန်ခေါ်မှုများကိုရင်ဆိုင်ရာတွင် လက်နက်ကိုင်လမ်းစဥ်ရွေးချယ်ရသည့်အထိ ကျယ်ပြန့်လာနိုင်သည်။ အမျိုးသားရေးလှုပ်ရှားမှုများတွင် လက်နက်ကိုင်လမ်းစဥ်ရွေးချယ်မှုသည် လူမျိုးတစ်မျိုး၏ ကိုယ့်ကြမ္မာဖန်တီးခွင့်အတွက် နောက်ဆုံးရွေးချယ်မှုဖြစ်ပြီး နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းတည်ငြိမ်ရေးအတွက် အကြီးမာဆုံးသော စိန်ခေါ်မှုလည်းဖြစ်သည်။ လူမျိုးစုများ၏ ကိုယ့်ကြမ္မာဖန်တီးခွင့် တောင်းဆိုမှုများတွင် စစ်အာဏာရှင်များကို ဖြုတ်ချကာ အရပ်သားအစိုးရပုံစံမျိုး ဖန်တီးပေးရုံဖြင့် ပြည်တွင်းစစ်ကို အဆုံးမသတ်နိုင်ကြောင်း လူမျိုးစုပဋိပက္ခအဆုံးသတ်ရေး လေ့လာသူများက ဆိုကြသည်။
ထို့ကြောင့် ပြည်တွင်းစစ်ကိုချုပ်ငြိမ်းစေလိုလျှင် အရပ်ဖက်အစိုးရကို ဖန်တီးပေးရုံသာမက လူမျိုးစုများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် မိမိတို့၏အချုပ်အခြာအာဏာကို ခုခံကာကွယ်နိုင်သည့် အခြေအနေရောက်သည့်အထိ သဘောတူစာချုပ်ချုပ်ဆိုရန် လူမျိုးစုများ အချင်းချင်းကြားတွင် လိုအပ်လာသည်။ ထိုသို့ထောက်ခံမှုရရှိရန်လည်း လုပ်ဆောင်ကြိုးပမ်းရမည့်အရာသည်လည်း လွယ်ကူသောအရာမဟုတ်ချေ။ မိမိလူမျိုးတို့ပုံဖော်လိုသော နိုင်ငံရေးအဆင့်အတန်းအပေါ်တွင် မူတည်၍ စိန်ခေါ်မှုများစွာရှိမည်။ နိုင်ငံအဆင့်၊ ပြည်နယ်အဆင့်၊ ဒေသန္တရအစိုးရ စသည့်အခြေနေပေါ်တွင် မူတည်သည်။
အမျိုးသား (Nation) ဟုဆိုရာတွင် လူမျိုးအောက်တွင် မျိုးနွယ်စု (Tribe) ၊ မျိုးရိုးစု (Clan) ၊ မိသားစုအုပ်စု (Family group) စသဖြင့် ထပ်ဆင့်ကွဲပြားမှုရှိသည်။ ဤတွင်သတိထားရမည်မှာ မိမိလူမျိုးဟုဆိုရာတွင် တချို့သော အမျိုးသားရေးဝါဒီတို့က လူမျိုးတစ်မျိုးနှင့် တစ်မျိုးကြားမုန်းတီးရေး၊ အတိတ်ကမကျေနပ်မှုများကိုသာ တန်းမြင်တတ်ကြပြီး မိမိတို့အမျိုးသားရေးရည်မှန်းချက်ပန်းတိုင်နှင့် သွေဖီသွားသောအတွေးအခေါ်မျိုးရှိတတ် ကြသည်။ ဤသို့သောဖြစ်ရပ်မျိုးသည် တခါတရံတွင် မိမိလမ်းကို ပြန်ပိတ်မိနေတတ်သည်။
လစ်ဘရယ်အမျိုးသားရေးဝါဒ (Liberal Nationalism) သည် လူအများတို့၏ဆန္ဒ (General will) အယူအဆကို ဖော်ထုတ်သည်။ နိုင်ငံပေါင်းစုံပါဝင်သော အင်ပါယာ၊ ကိုလိုနီ၊ နိုင်ငံခြားလွှမ်းမိုးမှုနှင့် ဖိနှိပ်မှု မှန်သမျှကိုဆန့် ကျင်ရမည်။ ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် ရပ်တည်ရမည်။ ကိုယ်ပိုင်အုပ်ချုပ်ရေး (Self-Government) နှင့် ကိုယ်ပိုင်ပြဌာန်းခွင့် (Self-Determination) အတွက် ရပ်တည်သည်။ ဖွဲ့စည်းပုံပဓာနဝါဒ (Constitutionalism) ကို ယုံကြည်လက်ခံသည်။
လစ်ဘရယ်အမျိုးသားရေးဝါဒသည် လူမျိုးတစ်မျိုးနှင့်တစ်မျိုးကြား ဟန်ချက်ညီမှုနှင့် သဟဇာတဖြစ်မှုကို ဦးစားပေးပြီး လူမျိုးမစွဲသောဝါဒ (Cosmopolitanism) နှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းရေးဝါဒကို လက်ခံမျှော်လင့်သည်။ နိုင်ငံရေးစနစ်တိုင်းတွင် အားနည်းချက်၊ အားသာချက်များ ရှိကြမည်မှာအမှန်ပင်ဖြစ်သည်။
အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနှင့် အမျိုးသားရေးတို့အကြား ရှုပ်ထွေးမှုများဖြစ်ပေါ်နိုင်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အားနည်းချက်များအပေါ် မူတည်၍ လူမျိုးစုများကို ပို၍ဖိနှိပ်သကဲ့သို့ ဖြစ်နေတတ်ပြီး ပြည်တွင်းစစ်ကို ပိုမိုကြီးထွားစေနိုင်သည်။ အထူးသဖြင့် ဒီမိုကရေစီနိုင်ငံများတွင် ဖြစ်တတ်သည်။ ပြည်တွင်းစစ်ကို ဖြစ်ပေါ်စေ သောအကြောင်းအရာများထဲမှ ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာအချက်များ (Structural Factors) များလည်း အပါအဝင်ဖြစ်သည်။
ဖွဲ့စည်းတည်ဆောက်မှုဆိုင်ရာ အကြောင်းအချက်များတွင် အားနည်းသောနိုင်ငံများ (Weak state) နိုင်ငံလုံခြုံရေးဆိုင်ရာစိုးရိမ်မှု (Intral-state security concerns) လူမျိုးစု ပထဝီဝင် (Ethnic geography) တို့ပါဝင်သည်။ အထူးသဖြင့် လွတ်လပ်ခါစနိုင်ငံများသည် ဖွဲ့စည်းပုံဆိုင်ရာအားနည်းချက်များ ရှိနေတတ်သည်။
ထိုသို့သော နိုင်ငံများတွင် ပီပြင်သောနိုင်ငံရေးအဖွဲ့စည်းမရှိခြင်း၊ နိုင်ငံရေးအရ တရားဝင်မှု (Political Legitimacy) လိုအပ်ခြင်း၊ ထိခိုက်လွယ်သော နယ်နိမိတ် ပြဿနာ များရှိခြင်း စသည့် အားနည်းချက်များရှိသည်။ ဖွဲ့စည်းပုံအားနည်းသောခါ အာဏာလုပြိုင်ပွဲများ၊ ဒေသဆိုင်ရာခေါင်းဆောင်များ လွတ်လပ်လာပြီး စစ်ခေါင်းဆောင်များ ဖြစ်ပေါ် လာတတ်သည်။
ကျွန်ပ်တို့မြန်မာနိုင်ငံသည်လည်း ဖွဲ့စည်းပုံတွင် လူမျိုးစုများနှင့်ပတ်သက်၍ စီမံခန့်ခွဲမှုအားနည်းခဲ့သည်ဟု ဆိုရမည်။ ဗမာတို့သည် သူတို့၏အမျိုးဘာသာ၊ သာသနာနှင့် ပတ်သက်၍ တိုင်းရင်းသားတို့ပါဝင်လာမှုအပေါ် စိုးရိမ်မှုများရှိသကဲ့သို့ တိုင်းရင်းသားတို့သည်လည်း မိမိတို့၏ လူမျိုး၊ စာပေ၊ ယဥ်ကျေးမှု၊ နယ်နိမိတ်နှင့် တိုင်းရင်းသား ဆိုင်ရာအခွင့်အရေး ထိပါးမှုအပေါ် စိုးရိမ်မှုများ ရှိသည်။
ထို့ကြောင့် ဗမာတို့သည်လည်း မိမိတို့၏အမျိုးဘာသာသာသနာကို ကာကွယ်ရန် ဥပဒေကို တဖက်သတ်ပြဌာန်းကြပြီး တိုင်းရင်းသားတို့အပေါ် ဖိနှိပ်မှုများ လုပ်ဆောင်လာကြခြင်း ဖြစ်သည်။ စစ်အာဏာရှင်တို့အသုံးချသော အမျိုးသားရေးဝါဒတွင် အထိရောက်ဆုံးဖြစ်ခဲ့သည်။ ထို့အတူတိုင်းရင်းသားတို့သည်လည်း မိမိတို့၏ လူမျိုးဝါးမျိုးခံရမှု၊ စာပေ၊ ယဉ်ကျေးမှု၊ တိုင်းရင်းသားအခွင့်အရေးတို့ကို ကာကွယ်ရန် လက်နက်ကိုင်တော်လှန်မှုများ ရှိလာသောကြောင့် ပြည်တွင်းစစ်ကို ဖြစ်ပေါ်စေခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် အသုံးပြုခဲ့သော ဖွဲ့စည်းပုံများသည် တိုင်းရင်းသားတို့၏ ရသင့်ရထိုက်သောအခွင့်အရေး (ကိုယ်ပိုင်ပြဌာန်းခွင့်နှင့်ကိုယ်ပိုင်အုပ်ချုပ်ရေး) ကို ပြဌာန်းခွင့် မရရှိ စေခြင်း၊ ပြည်သူလူထုတို့၏ ရသင့်ရထိုက်သောအခွင့်အရေးကို ဖွဲ့စည်းပုံမှ တန်းတူညီမျှမှု မပေးစွမ်းနိုင်ခြင်းတို့ကြောင့် တိုင်းပြည်အတွက် စိုးရိမ်ပူပန်မှုများ ကြီးထွားလာပြီး အစိုးရအားတော်လှန်ပုန်ကန်မှုများရှိလာပြီး ပြည်တွင်းစစ်ကို ပိုမိုကြီးထွားလာစေသည်။
ထို့ကြောင့် တိုင်းရင်းသားတို့၏အခွင့်အရေးကို အပြည့်အဝအာမခံချက်ပေးသော ဖွဲ့စည်းပုံအခြခံဥပဒေ မပေါ်ပေါက်လာသေးသ၍ နွေဦးတော်လှန်ရေးအောင်ပြီး အရပ်သားအစိုးရ ပြန်လည်အုပ်ချုပ်စေကာမူ ပြည်တွင်းပဋိပက္ခသည် ချုပ်ငြိမ်းနိုင်မည် မဟုတ်ပေ။ ထိုသို့မဖြစ်စေရန် ပြည်သူလူထုအနေဖြင့်လည်း လူ့အခွင့်အရေးနှင့် အမျိုးသားရေးဝါဒတို့အကြား ဆက်စပ်မှုကို နားလည်ရန် လိုအပ်သည်။