အက်ကွဲနေသောနိုင်ငံတော်နှင့် နိုင်ငံတော်သစ်တည်ထောင်ခြင်း | ဒေါနခင် – အတွေးအမြင်
မြန်မာနိုင်ငံရဲ့ ပကတိဖြစ်တည်မှုအရ ကြည့်မယ်ဆိုရင် အချုပ်အခြာအာဏာဟာ တစ်ရပ်ထက်မက ရှိပါတယ်။ နိုင်ငံတစ်ခုရဲ့ အင်္ဂါရပ်မှာ (၁) အစိုးရတစ်ရပ်ရှိခြင်း၊ (၂) ပြည်သူလူထုရှိခြင်း၊ (၃) အချုပ်အခြာအာဏာတည်သော၊ အတိအကျ သတ်မှတ်ထားသော နယ်မြေရှိခြင်းနှင့် (၄) နိုင်ငံတကာနှင့် ဆက်သွယ်ကူးလူးဆက်ဆံနိုင်ခြင်း ဖြစ်ပါတယ်။ ထိုအင်္ဂါရပ်တွေဟာ နိုင်ငံတစ်နိုင်ငံဖြစ်တည်မှုကို တိုင်းတာတဲ့အခြေခံအချက်တွေ ဖြစ်ပါတယ်။
ထပ်ဆင့်မေးခွန်းထုတ်ရမဲ့ အကြောင်းအခြင်းအရာတွေမှာ မြန်မာနိုင်ငံတော်တည်ဆောက်မှုများ ထပ်ဆောင်း မေးခွန်းထုတ်ရမဲ့အကြောင်းအချင်းအရာများစွာ ရှိနေပါတယ်။
(၁) နိုင်ငံတစ်ခုအတွင်းမှာ အချင်းချင်းကြား အသိအမှတ်မပြုထားတဲ့ အစိုးရတစ်ရပ်ထက်မက ရှိနေတဲ့အခြေအနေကို ဘယ်လို သတ်မှတ်နိုင်ပါသလဲ။
(၂) နိုင်ငံတစ်ခုအတွင်း ပြည်သူအနေနဲ့ မိမိအစိုးရ၊ မိမိနယ်မြေသတ်မှတ်မှု မတူညီနေတဲ့အခြေအနေကို ဘယ်လို သတ်မှတ်နိုင်ပါသလဲ။
(၃) နိုင်ငံတစ်ခုအတွင်း သီးခြားဖြစ်တည်နေတဲ့အစိုးရတွေကနေ နိုင်ငံတွင်း နယ်နိမိတ်တွေကို အချင်းချင်းကြား ကန့်သတ်ထားရှိတဲ့အခြေအနေတွေကို ဘယ်လို သတ်မှတ်နိုင်ပါသလဲ။
(၄) တစ်နိုင်ငံလုံးရဲ့ ရေးရာကိစ္စတွေနဲ့ ပတ်သက်ပြီး မတူညီတဲ့အစိုးရ (သို့မဟုတ်) အဖွဲ့အစည်း တခုချင်းဆီမှ နိုင်ငံတကာကို ဆက်သွယ်ညှိနှိုင်းမှု တိုက်ရိုက်ပြုလုပ်နေကြတဲ့အခြေအနေကို ဘယ်လို သတ်မှတ်နိုင်ပါသလဲ။
(၅) ထိုနိုင်ငံတော်ကို ဘယ်လိုပြန်လည်တည်ဆောက်သင့်ပါသလဲ။
မေးခွန်းတစ်ခုချင်းဆီကြားမှာ နိုင်ငံတစ်ခုအတွင်း နေထိုင်ကြတဲ့ သွေးချင်ပြည်သူလူထုအပါအဝင် အုပ်ချုပ်သူတွေအကြား မတူညီတဲ့ရှုထောင့်နဲ့ ကွဲပြားတဲ့ အတွေ့အကြုံခံစားမှုတွေကို ပြန်လည်စုစည်းသုံးသပ်ဖို့ အချိန်တန်ပြီလို့ ယူဆပါတယ်။
(၁) နိုင်ငံတစ်ခုအတွင်းမှာ အချင်းချင်းကြား အသိအမှတ်မပြုထားတဲ့ အစိုးရတစ်ရပ်ထက်မက ရှိနေတဲ့အခြေအနေကို ဘယ်လို သတ်မှတ်နိုင်ပါသလဲ။
အဖြေကတော့ အက်ကွဲနေတဲ့ နိုင်ငံတော် (Splitting State) လို့ ခေါ်ဆိုပါတယ်။ အာဏာသိမ်းမှု မတိုင်ခင်မှာ (၁) ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအောက်မှ ထွက်ပေါ်လာတဲ့ အစိုးရ (၂) တိုင်းရင်းသားလွတ်မြောက်နယ်မြေတွေလို့ ခေါ်ဆိုကြတဲ့ ၂၀၀၈ ဖွဲ့စည်းပုံနှင့် ထိုမှ ထွက်ပေါ်လာတဲ့အစိုးရကို အသိအမှတ်မပြုထားတဲ့ တိုင်းရင်းသားတော်လှန်ရေးနယ်မြေအသီးအသီးမှာ ရှိတဲ့ အစိုးရအဖွဲ့အစည်းတွေဟာ အချင်းချင်းကြား အစိုးရတစ်ရပ်အနေနဲ့ အပြန်အလှန်အသိအမှတ်ပြု ဆက်ဆံခြင်းမျိုး မရှိသလို၊ အချင်းချင်းကို အကြမ်းဖက် သူပုန်၊ ရန်သူလို့ သတ်မှတ်ထားကြပါတယ်။
ဒါကြောင့် အစိုးရယန္တရားဟာ တစုတစည်းတည်း မဖြစ်နေဘဲ ကိုယ့်အစိုးရ၊ ကိုယ့်ယန္တရား၊ ကိုယ်မူဝါဒလုပ်ငန်းစဉ်နဲ့ အုပ်ချုပ်ရေးစနစ်ကစပြီး တရားရေး၊ ပညာရေး၊ ကျန်းမာရေး တွေက အသွင်အမျိုးမျိုးနဲ့ တည်ရှိနေပါတယ်။ ဥပမာအနေနဲ့ တိုင်းရင်းသားဒေသအသီးသီးမှာ ရှိတဲ့ အမျိုးသားကျောင်းတွေကနေ အောင်မြင်တဲ့ကျောင်းသားတွေဟာ မြန်မာနိုင်ငံက တက္ကသိုလ်ကို တက်ခွင့်မရကြပါဘူး။
နောက်ပိုင်းမှာ အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုး သဘောတူထားတဲ့ တိုင်းရင်းသားအဖွဲ့အစည်းရဲ့ ကျောင်းတွေကို ကျောင်းပြင်ပပညာရေးစနစ်နဲ့ ပူးတွဲပြီး ထိုပညာရေးကို အသိအမှတ်ပြုခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်အထိ အမျိုးသားကျောင်းမှာ အောင်မြင်တဲ့ကျောင်းသူကျောင်းသားတွေကို တက္ကသိုလ်ဝင်ခွင့်မပေးသေးတာတွေ ရှိပါတယ်။
(၂) နိုင်ငံတစ်ခုအတွင်း ပြည်သူအနေနဲ့ မိမိအစိုးရ၊ မိမိနယ်မြေသတ်မှတ်မှု မတူညီနေတဲ့အခြေအနေကို ဘယ်လို သတ်မှတ်နိုင်ပါသလဲ။
အဖြေကတော့ အက်ကွဲနိုင်ငံတော်ဖြစ်နေခြင်းကြောင့်ပါ။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် ရဟန်းရှင်လူပြည်သူအပေါင်းတို့ လွတ်မြောက်ဒေသလို့ခေါ်တဲ့ တိုင်းရင်းသားနယ်မြေအသီးသီးကို ထွက်ပြေးတိမ်းရှောင်လာချိန်မှာ ဒီသဘောတရားကို ပိုပြီးထင်သာမြင်သာ သိလာကြပါတယ်။ နယ်မြေသတ်မှတ်မှုမတူညီခြင်းကို တရားဥပဒေတစ်ခုတည်းမဟုတ်ခြင်း၊ အစိုးရမတူညီခြင်းကို လွတ်မြောက်နယ်မြေမှာ ရောက်ရှိလာကြသူတွေအနေနဲ့ မျက်ဝါးထင်ထင် မြင်တွေ့ကြုံကြိုက်လိုက်ရပြီ ဖြစ်ပါတယ်။
(၃) နိုင်ငံတစ်ခုအတွင်း သီးခြားဖြစ်တည်နေတဲ့အစိုးရတွေကနေ နိုင်ငံတွင်း နယ်နိမိတ်တွေကို အချင်းချင်းကြား ကန့်သတ်ထားရှိတဲ့အခြေအနေတွေကို ဘယ်လို သတ်မှတ်နိုင်ပါသလဲ။
အဖြေကတော့ အက်ကွဲနိုင်ငံတော်ဖြစ်နေခြင်းကြောင့်ပါ။ စစ်အာဏာသိမ်းမှု ဖြစ်စဉ်မတိုင်ခင်ကာလမှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံပြီး ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာပေါ်လာတဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး စနစ်ကို လက်ခံကျင့်သုံးခဲ့တဲ့ အစိုးရနဲ့ ပြည်သူတွေ ရှိသလို၊ တချိန်တည်းမှာ နိုင်ငံတစ်ခုတည်းအတွင်းမှာ ရှိပေမဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ရွေးကောက်ပွဲကို အသိအမှတ်မပြု၊ မဲမထည့်၊ မဲပုံးမထောင်တဲ့နယ်မြေတွေရှိပါတယ်။ ထိုနယ်မြေအသီးသီးမှာ ထိုနယ်မြေမှာ နေထိုင်သူတွေက အသိအမှတ်ပြုထားတဲ့ အစိုးရတွေနဲ့ အစိုးရယန္တရားတွေ ရှိပါတယ်။ ထိုတိုင်းရင်းသားအစိုးရတွေကို ဒေသန္တရအုပ်ချုပ်မှုစနစ်( Local Governance) နဲ့ နှိုင်းယှဉ်ဖော်ပြတတ်ကြပေမဲ့ မမှန်ပါဘူး။
ထိုအစိုးရတွေဟာ သီးခြားတည်ဆောက်ထားတဲ့ အစိုးရတစ်ရပ်၊ အစိုးရစနစ်တစ်ခု ဖြစ်ပါတယ်။ သီးခြားဖွဲ့စည်းပုံရှိပါတယ်။ အစိုးရဥသျှောင် သမ္မတ၊ သို့မဟုတ် ဝန်ကြီးချုပ်ရှိပါတယ်။ လုံခြုံရေးယန္တရားအပါအဝင် မတူတဲ့ ပညာရေးစနစ်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ရှိပါတယ်။
ထိုအရာကို တစ်နိုင်ငံအတွင်း နိုင်ငံရေးစနစ်၊ယန္တရားတစ်ခုထက် ပိုရှိခြင်းဖြစ်ပါတယ်။ ထိုအခြေအနေကို အချို့က စင်ပြိုင်အစိုးရ အဖြစ် ရှုမြင်ကြပါတယ်။ စင်ပြိုင်အစိုးရဟာ တူညီတဲ့နယ်မြေသတ်မှတ်ချက်တစ်ခုတည်းမှာ အစိုးရနှစ်ရပ်တပြိုင်တည်းရှိခြင်းနှင့် ထိုအစိုးရတို့ဟာ တူညီတဲ့ ပြည်သူလူထုအပေါ် မတူညီတဲ့ အုပ်ချုပ်ရေးစနစ်၊ အစိုးရယန္တရားနှင့် အုပ်ချုပ်ဖို့ ကြိုးပမ်းခြင်း ဖြစ်ပါတယ်။
(၄) တစ်နိုင်ငံလုံးရဲ့ ရေးရာကိစ္စတွေနဲ့ ပတ်သက်ပြီး မတူညီတဲ့အစိုးရ(သို့မဟုတ်) အဖွဲ့အစည်း တခုချင်းဆီမှ နိုင်ငံတကာကို ဆက်သွယ်ညှိနှိုင်းမှု တိုက်ရိုက်ပြုလုပ်နေကြတဲ့အခြေအနေကို ဘယ်လို သတ်မှတ်နိုင်ပါသလဲ။
ထင်သာမြင်သာရှိတဲ့ နိုင်ငံတကာဆက်ဆံရေးကို လက်ရှိအချိန်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တော်လှန်ရေးအင်အားစုအားလုံးကို အခြေပြုပြီး နိုင်ငံတကာနဲ့ ဆက်သွယ်ဆောင်ရွက်နေသလို့ တဖက်မှာလည်း အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတကာနဲ့ ဆက်ဆံရေးတည်ဆောက်နိုင်ဖို့ ကြိုးပမ်းလျက်ရှိပါတယ်။ မမြင်သာတဲ့ နိုင်ငံတကာဆက်ဆံရေးတွေကလည်း တပြိုင်နက်တည်းမှာ ရှိနေပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေဟာ နယ်စပ်ဒေသတလျှောက်မှာ အခြေစိုက်ထားရှိထားကြတာ ကာလကြာပြီ ဖြစ်ပါတယ်။ နယ်စပ်ရေးရာကိစ္စအပါအဝင် နိုင်ငံရေး၊ လုံခြုံရေးမှ စပြီး စီးပွားရေး၊ ကုန်စည်ပို့ဆောင်ရေးတို့အတွက် နိုင်ငံတကာအစိုးရများနှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း၊ အစိုးရတွေအကြား ခိုင်မာအားကောင်းတဲ့ ဆက်ဆံရေးတွေ ရှိနေပါတယ်။
ဒီအခြေအနေကို သုံးသပ်ရမယ်ဆိုရင် မြန်မာနိုင်ငံမှာ အချုပ်အခြာအာဏာတစ်ရပ်ထက် ပိုနေတဲ့အခြေအနေ (တနည်း) ပင်မအချုပ်အခြာအာဏာဟာ တိုင်းရင်းသားနယ်စပ်ဒေသတွေကို မစိုးမိုးနိုင်တဲ့အခြေအနေလို့ ပြောလို့ရသလို၊ တဖက်က ပြန်ကြည့်ရင်လည်း တိုင်းရင်းသားဒေသတွေမှာ သီးခြားအချုပ်အခြာအာဏာတွေ တည်ရှိနေတယ်လို့ ဆိုနိုင်ပါတယ်။ ဒါဟာ အက်ကွဲနိုင်ငံတော်တစ်ရပ်ဖြစ်နေတာကြောင့်ပါ။
(၅) ထိုနိုင်ငံတော်ကို ဘယ်လိုပြန်လည်တည်ဆောက်သင့်ပါသလဲ။
အက်ကွဲနိုင်ငံတော် (Splitting State) ဖြစ်နေတဲ့ နိုင်ငံတော်အနေနဲ့ ဖြစ်နိုင်ခြေ လားရာ (၃) မျိုးရှိပါတယ်။ (၁) လက်ရှိအခြေအနေအတိုင်း အက်ကွဲနိုင်ငံတော်အဖြစ် ဆက်လက်တည်ရှိနေခြင်း ဖြစ်ပါတယ်။ (၂) နိုင်ငံရေးသဘောတူညီချက်ခိုင်မာစွာနဲ့ ပြန်လည်စုစည်းနိုင်ပြီးတော့ ခိုင်မာတဲ့ပြည်ထောင်စုတစ်ရပ် ဖြစ်တည်လာခြင်း ဖြစ်ပါတယ်။ (၃) အချင်းချင်းကြားကွဲပြားမှုနဲ့ အက်ကွဲကြောင်းတွေ ပိုများလာပြီး ကွဲထွက်သွားတဲ့ အခြေအနေမှ သီးခြားနိုင်ငံတွေ ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။
လက်ရှိနွေဦးတော်လှန်ရေးဟာ အချင်းချင်းကြား ကွဲအက်နေတဲ့ အချုပ်အခြာအာဏာမှစပြီး၊ အုပ်ချုပ်ရေးယန္တရားများ၊ ပြည်သူလူထုများ၊ အုပ်ချုပ်သူအသီသီးများအကြား ခိုင်မာတဲ့ယုံကြည့်မှု၊ နိုင်ငံရေးပန်းတိုင်ကို တက်လှမ်းတက်လှမ်းနိုင်ဖို့ လုပ်ဆောင်နေကြပြီး၊ ခါးသီးခဲ့တဲ့အတိတ်တွေကို ချန်လှပ်ထားပြီး ပြည်ထောင်စုအသစ်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်အသစ် တည်ထောင်ဖို့ ပြာပုံကနေ ရုန်းထနေကြချိန်ဖြစ်ပါတယ်။
ထိုကာလမှာ ရှင်းလင်းတဲ့နိုင်ငံရေးစိတ်ဆန္ဒတွေ၊ ခိုင်မာတည်မြဲတဲ့ ကတိကဝတ်တွေကိုအခြေခံပြီးတော့ အားလုံးအတွက် တန်းတူညီမျှမှုရှိပြီး လူမျိုး၊ ဘာသာ၊ အဖွဲ့အစည်း၊ အုပ်စုမှ အစ အလုပ်အကိုင်၊နဲ့ လူသားဖြစ်တည်မှုအပေါ် အခြေခံပြီး ခွဲခြားဆက်ဆံခံရမှုနဲ့ အခွင့်ထူးခံဖြစ်မှု၊ အခွင့်အလမ်းပိုမိုရရှိမှု စတာတွေမရှိတဲ့ ပြည်သစ်ကြီးဆီကို တည်ဆောက်ဖို့ အကောင်းဆုံးအချိန် ဖြစ်ပါတယ်။ နေရာတိုင်းမှာ စစ်အင်အားနဲ့ စစ်ရေးအရှိန်အားကောင်းနေခြင်းကို ကောင်းမွန်တဲ့နိုင်ငံရေးတရပ် မတည်ဆောက်နိုင်ဘူးဆိုဘူးဆိုရင် ရှိရင်းစွဲ အက်ကွဲကြောင်းတွေ ပိုမိုနက်ရှိုင်းလာနိုင်မှာ ဖြစ်ပါကြောင်း၊ နိုင်ငံတော်ကြီးကလည်း မိအေး နှစ်ခါနာရုံအပြင် ထူးလာမှာမဟုတ်ကြောင်း ဆွေးနွေးတင်ပြလိုပါတယ်။