သတင်း

ရွှေကျင်က ကွန်ဖဲ့စစ်တပ်စခန်းကို KNLA မီးရှို့ဖျက်ဆီး

ရွှေကျင်က ကွန်ဖဲ့စစ်တပ်စခန်းကို KNLA မီးရှို့ဖျက်ဆီး

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဒီဇင်ဘာ ၁၂၊ ၂၀၂၃
 
ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ထဲက ကွန်ဖဲ့ စစ်တပ်စခန်းကို ခြေကုပ်ယူထားတဲ့ စစ်ကောင်စီတပ်များ စခန်းကို ဆုတ်ခွာခဲ့တာကြောင့် ဒီဇင်ဘာ ၁၀ ရက်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က သွားရောက်ရှင်းလင်းပြီး မီးရှိဖျက်ဆီးခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ထား ပါတယ်။
 
ကွန်ဖဲ့စခန်းကို ခြေကုပ်ယူထားတဲ့ စစ်ကောင်စီတပ်ဟာ ဘူးသီးတောင်အခြေစိုက် အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ-၃၅၂ မှ တပ်ဖွဲ့ဝင် များဖြစ်ပြီး ဒီဇင်ဘာ ၇ ရက်မှာ ကွန်ဖဲ့စခန်းကနေ ဆုတ်ခွာသွားခြင်းဖြစ်တယ်လို့ သိရပါတယ်။
 
ဒါ့အပြင် ညောင်လေးပင်ခရိုင်၊ ဆောထိ (ရွှေကျင်) မြိုနယ်အတွင်းရှိ တောင်ခြေရင်း ရှေ့တန်း တပ်စခန်း ကိုလည်း နိုဝင်ဘာ ၁၇ ရက်မှာ KNLA နှင့် တော်လှန်ရေးပူးပါင်းတပ်များက တိုက်ခိုက် သိမ်းပိုက် နိုင်ခဲ့ ပြီးနောက် ယင်းစခန်းနှင့် အပြန်အလှန် အထောက်အကူ ယူထားတဲ့ ဝင်းကလုံး စစ်စခန်းလည်း မလုံခြုံ တော့သဖြင့် အထိုင်ချတပ်စွဲထားတဲ့ ခမရ-၃၅၂ စစ်ကြောင်းနှစ်ကြောင်းဟာ ဒီဇင်ဘာ ၂ ရက်မှာ စခန်း ကို စွန့်ခွာသွားခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
 
စခန်းများကို ဆုတ်ခွာသွားတဲ့ စစ်ကောင်စီတပ်ဖွဲဝင်များဟာ ရွှေကျင်မြို့နှင့် အနီးဆုံးတပ်စခန်းများသို့ သွားရောက်ကာ ပြန်လည်အင်အားဖြည့် ပူးပေါင်းသွားတယ်လို့ KNU ဗဟိုက အသိပေးထားပါတယ်။

ဓာတ်ပုံ – KNU

Related Articles

Back to top button