ရခိုင်မှာ နှစ်ဖက်တိုက်ပွဲ ဆက်လက် ပြင်းထန်ပြီး အရပ်သားများ ထိခိုက်မှုရှိ
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဒီဇင်ဘာ ၁၁၊ ၂၀၂၃
ရခိုင်ပြည်၊ ပေါက်တောမြို့အပါအဝင် မင်းပြား၊ ပုဏ္ဏားကျွန်းတို့မှာ စစ်ကောင်စီတပ်ဖွဲ့နှင့် ရက္ခိုင့် တပ်တော် (AA) တို့ကြား နှစ်ဖက်တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး အရပ်သားများ ထိခိုက်မှု ရှိနေတယ်လို့ သိရပါတယ်။
ပေါက်တောမြို့ရှိ အရပ်သားပြည်သူတွေကို ဓါးစာခံနဲ့ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးကာ သတ်ဖြတ် ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ယမန်နေ့ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်တွေ ဆက်လက် တိုက်ခိုက်ခဲ့လို့ တိုက်ပွဲ ပြင်းထန် ခဲ့တာပါ။
ဒါ့အပြင် ယမန်နေ့ ဒီဇင်ဘာ ၁၀ ရက်နေ့ နံနက် ၁၀ နာရီကျော်အချိန်နဲ့ ညနေ ၄ နာရီကျော်အချိန်တို့မှာ တောင်းဖူး မြစ်အနီး ဖြတ်သန်းသွားလာနေတဲ့ စစ်ကောင်စီ ရေတပ်နေဗီကလည်း လက်နက်ကြီး၊ လက်နက် ငယ်တွေနဲ့ ပစ်ခတ်မှုကြောင့် တောင်းဖူး၊ သဝင်ချောင်းစတဲ့ကျေးရွာတွေမှာ လက်နက် ကျည်ဆံတွေ ကျရောက်မှု တွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မနေ့က တစ်ရက်တည်းမှာဘဲ စစ်ကောင်စီတပ်မှ လက်နက်ကြီး၊ ငယ် ပစ်ခတ်မှုတို့ကြောင့် မင်းပြားမြို့ ဥက္ကာပျံရပ်ကွက်မှ ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦး လက်နက်ကြီးကျည်ထိမှန်ပြီး ဒေသခံ ၈ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီမှ ဒရုန်းအသုံးပြု၍ တိုက်ခိုက်မှုကြောင့် ဝါဘိုကျေးရွာမှ ၁၂ နှစ်အရွယ် ကလေး ငယ်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ် ပဒေသာရွာသစ်ကျေးရွာဘက်မှာလည်း စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် လူနေအိမ်တချို့ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဓါတ်ပုံ – CJ