ဆောင်းပါးအတွေးအမြင်

လက်ရှိတော်လှန်ရေးမှ ယူဆောင်လာပေးသော အခွင့်အလမ်းဆုံးရှုံးစေနိုင်မည့် အကြောင်းအရာများ

လက်ရှိတော်လှန်ရေးမှ ယူဆောင်လာပေးသော အခွင့်အလမ်းဆုံးရှုံးစေနိုင်မည့် အကြောင်းအရာများ

ဆလိုင်းဒိုရ်ခါ | အတွေးအမြင်

(အရှိတရားကို လက်ခံနိုင်စွမ်းရှိခြင်းမှ အောင်ပွဲခံစေမည့် စည်းလုံးခြင်းဆီသို့) စာအုပ်မှ ကောက်နှုတ်ချက်

ခေတ်အဆက်ဆက် ချင်းပြည်သူများအား အဖိနှိပ်ခံဘဝဖြင့် နှစ်ပေါင်းများစွာ ရုန်းကန်စေခဲ့သော တရားခံများအား ဖော်ပြရမည်ဆိုပါက ခေတ်အဆက်ဆက် ဗမာကြီးစိုးသော အစိုးများ အပါအဝင် အပြစ်တင်ရမည့် ကိုလိုနီအစိုးရ၊ ဖက်စစ်ဂျန်ပန်အစိုးရများ ရှိသည်။ ထို့အပြင် ခေတ်အဆက်ဆက် ချင်းလူမျိုးခေါင်းဆောင်များမှ သမိုင်းကြောင်းအရ ရရှိခဲ့သော အခွင့်အလမ်းများကို ချင်းလူမျိုးများ၏ အကျိုးစီးပွားအဖြစ် မပြောင်းလဲနိုင်ခဲ့ဘဲ လက်လွှတ်ခဲ့ခြင်းများလည်း ပါဝင်မည် ဖြစ်သည်။

သို့သော် ချင်းနိုင်ငံရေးသမားအများစုကမူ ချင်းခေါင်းဆောင်းများ၏ အားနည်းချက်များကို ထောက်ပြခြင်းထက် မိမိတို့အား နည်းမျိုးစုံဖိနှိပ်သော လူမျိုးခြားများကိုသာ ပြစ်တင် ဝေဖန်ကြမည် ဖြစ်သည်။ ထို့ကြောင့် ချင်းလူငယ်များစွာအား ယနေ့ချင်းလူမျိုးများ ရုန်းကန်နေရခြင်း အကြောင်းအရင်းကို မေးမြန်းပါက ရာနှုန်းပြည့် ခေတ်အဆက်ဆက် ဗမာကြီးစိုးသော အစိုးရများကိုသာ အပြစ်တင်ကြမှာဖြစ်ပြီး ချင်းလူမျိုး‌ခေါင်းဆောင်များ၏ အားနည်းချက်များကို သတိပြုမိကြမည် မဟုတ်ပေ။

သို့ရာတွင် လက်ရှိ တော်လှန်ရေး ခေါင်းဆောင်များ ဖြေဆိုရမည့် မေးခွန်းကြီး တစ်ခုရှိပြီး၊ ၎င်းမေးခွန်းသည် “အကယ်၍ လက်ရှိတော်လှန်ရေးမှ ယူဆောင်လာသော အခွင့် အလမ်းအား ချင်းလူမျိုးများ မျှော်မှန်းသော အမျိုးသားရေး အကျိုးစီးပွားအဖြစ် ပြောင်းလဲ ဖော်ဆောင်နိုင်ခြင်း မရှိပါက ဘယ်သူကို အဖြစ်တင်ရ မည်နည်း၊ အချင်းချင်းသာ အပြစ်တင်ရ မည်လော” ဆိုသည့် မေးခွန်း ဖြစ်သည်။ ၎င်းမေးခွန်း၏ အဖြေသည် ရိုးရှင်းပြီး လှည့်ပတ်ဖြေ၍မရ၊ အကြောင်းပြချက် ပေး၍မရ၊ ရှင်းလင်းချက်များ မလိုအပ် မည်သူ့ကိုမေးမေး တူနေမည့်အဖြေသည် “လက်ရှိတော်လှန်ရေး ခေါင်းဆောင်းများ မစည်းလုံးမှုကြောင့်” ဟူသော အဖြေဖြစ်မည် ဖြစ်သည်။ ထို့ကြောင့် လက်ရှိ တော်လှန်ရေး ခေါင်းဆောင်များအနေဖြင့် ချင်းလူမျိုး၏အိမ်မက်တိုင်းပြည်အား လက်တွေ့ဖော်ဆောင်နိုင်ရန် အတားအဆီး ဖြစ်စေမည့် အချက်အလက်များကို လုံးဝရှောင်ရှားရန် လိုအပ်မည် ဖြစ်သည်။ ၎င်းတို့မှာ

(က) ချင်းပြည်အရေးအား ပြင်ပနိုင်ငံရေး ပယောဂကြောင့် ရှုပ်ထွေးစေမှု

လက်ရှိ ချင်းတော်လှန်ရေးအင်အားစုများအနေဖြင့် ချင်းပြည်အရေး အဖြေရှာ ဆွေးနွေးကြရာတွင် မဟာမိတ်တော်လှန်ရေးအင်အားစုများ ဖြစ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့် နိုင်ငံတကာအဖွဲ့အစည်းများ မှ ကိုယ်စားလှယ်များ တိုက်ရိုက်ပါဝင်ခြင်း မရှိကြသော်လည်း ချင်းတော်လှန်ရေးအင်အားစုများအကြား အားပြိုင်မှုတွင် ဤအဖွဲ့အစည်းများနှင့် မဟာမိတ်တည်ဆောက်မှုများအား နိုင်ငံရေး အရှိန် အဝါဖြင့် မှတ်ယူ၍ အသုံးချသော အဖွဲ့အစည်း၊ ကိုယ်စားလှယ်များ ရှိသည်။ ထို့ကြောင့် ချင်းပြည်အရေး ဆွေးနွေးအဖြေရှာရေးတွင် နိုင်ငံရေးအရ ကိုယ်စားပြုမှုအပါအဝင် လုပ်ငန်းစဉ်များစွာကိုလည်း သက်ရောက်သည်။

ဤသို့ဖြစ်စေသည့် အကြောင်းရင်းသည် မဟာမိတ်များ၏ နိုင်ငံရေး အရှိန်အဝါ များကို ချင်းအရေး အဖြေရှာရာတွင် အသုံးချသူများ၏ အမှားဖြစ်ပြီး ဤသို့သော် လုပ်ရပ်သည် သမိုင်းတွင် ချင်းလူမျိုးရေးအပေါ် မဟာမိတ်များ၏ နိုင်ငံရေးဩဇာကို လွှမ်းမိုးစေခြင်းအဖြစ် စိတ်မကောင်းဖွယ် ကျန်ရစ်နေမည် ဖြစ်သည့်အပြင် ချင်းအရေးအဖြေရှာရာတွင် ရလဒ်ကောင်း ရရှိနိုင်ရန်လည်း အဟန့်အတား ဖြစ်စေသည်။ ဤအချက်သည် ချင်းလူမျိုးခေါင်းဆောင်းများ သမိုင်းဝင်အမှားဖြစ်သော ချင်းလူမျိုးများအချင်းချင်း စည်းလုံး ရေးထက် တခြားညီနောင် မဟာမိတ်များနှင့် ပင်လုံစာချုပ်ချုပ်ဆိုရေး ဦးစားပေးခဲ့ကြသော အမှားမျိုးဖြစ်ပြီး ဤကဲ့သို့ ရှေ့ဆက်ကြပါက ပင်လုံစာချုပ်ကဲ့သို့ ချင်းလူမျိုးများ ၏အကျိုးစီးပွားအား အခြားလူမျိုးများ၏ နိုင်ငံရေးလွှမ်းမိုးမှုကို ရောက်စေသော နိုင်ငံရေးရလဒ် အမှားများကို ထွက်ပေါ်စေမည် ဖြစ်သည်။

()တော်လှန်ရေးကာလ စနစ်တည်ဆောက်ရေးထက် ရာထူးခွဲဝေရေးဖြင့် ချင်းအရေးချဉ်းကပ်မှု

ချင်းပြည်တော်လှန်ရေးအင်အားစုများ စုစည်းပြီး အစိုးရဖွဲ့စည်းရန် ကြိုးပမ်းနေကြရာ၌ အဓိက စိန်ခေါ်မှုကြီးတွင် တော်လှန်ရေးကာလ ချင်းပြည်အတွင်း စနစ်ဖော်ဆောင် ခြင်းထက် အစုအဖွဲ့အလိုက် ရာထူးထိုင်ခုံ ခွဲဝေရေးကို ဦးစားပေးမှု များပြားနေခြင်းလည်း ပါဝင်သည်။ ဤသို့ ရာထူးခွဲဝေရေးသည် တော်လှန်ရေး အင်အားစုများ စုစည်းနိုင်မှုနှင့် စုပေါင်းခေါင်းဆောင်မှုကို အတိုင်းအတာတစ်ခုအထိ အထောက်အကူဖြစ်စေသော်လည်း တော်လှန်ရေးခေါင်းဆောင်များ ဦးစားပေးရမည့် ကဏ္ဍသည် တော်လှန်ရေးကာလ အတွက်ဖြစ်စေ၊ အသွင်းကူးပြောင်းရေးအတွက် ဖြစ်စေ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်များအတွက်ဖြစ်စေ အထောက်အကူဖြစ်စေမည့်စနစ်တစ်ခုဖော်ဆောင်ရေးနှင့် ချင်း လူမျိုးများ စည်းလုံးရေး ဖြစ်သင့်သည်။

ဤသို့ စနစ်ဖော်ဆောင်ကြရာတွင် အဆင့်ကျော်၍ မရသည့်အရာမှာ ထိန်းချုပ်နယ်မြေနှင့် သက်ဆိုင်ရာပြည်သူများ ထောက်ခံမှုရရှိထားသော အဖွဲ့အစည်းများ ပါဝင်ရေး ကဏ္ဍ ဖြစ်ပြီး ချင်းတော်လှန်ရေး ခေါင်းဆောင်များ အနေဖြင့် ခေတ်အဆက်ဆက် တစ်ကြိမ်မှ စည်းစည်း လုံးလုံးဖြင့် ချင်းလူမျိုးများ အကျိုးစီးပွားကိစ္စရပ် အတူတကွ ဖော်ဆောင် နိုင်မှု မရှိခဲ့ခြင်းအား အဆုံးသတ်ကာ လက်ရှိတော်လှန်ရေးကြောင့် ပေါ်ပေါက်လာသော အခွင့်အရေးအား သမိုင်းဝင် ချင်းလူမျိုးများ စည်းလုံးစွာ အင်အားစုစည်းနိုင်မှု ဖြစ်စေသည်အထိ အကျိုးရှိရှိ အသုံးချနိုင်ရန် လိုအပ် သည်။

ထို့အပြင် လက်ရှိအချိန်သည် တော်လှန်ရေး အောင်မြင်နိုင်ခြေ ပိုနီးစပ်နေပြီ ဖြစ်သည့်အတွက် အသွင်ကူးပြောင်းရေးကာလ စည်းလုံးမှုဖြင့် အချိန်တိုအတွင်း ချင်းလူမျိုးများ အတွက် အသင့်တော်ဆုံး စနစ်အား အဖြေရှာဖော်ဆောင်နိုင်ပြီး တိုက်ပွဲများကြောင့် ပျက်စီးသော ချင်းပြည်ပြန်လည် ထူထောင်ရေး လုပ်ငန်းများအား မြန်ဆန်စွာ အကောင် အထည်ဖော်နိုင်ရေးကို ဦးတည်ရန် လိုအပ်မည် ဖြစ်သည်။

ထို့ကြောင့် ချင်းတော်လှန်ရေး အင်အားစုများသည် ရာထူးအာဏာ ခွဲဝေရေးထက် တော်လှန်ရေးကာလ ပါဝင်သင့် ပါဝင်ထိုက်သူများ ပါဝင်သောစနစ်တစ်ခုဖော်ဆောင်ကာ အဆိုပါ စနစ်ဖြင့် တော်လှန်ရေးကာလ ကိစ္စရပ်များ၊ အသွင် ကူးပြောင်းရေးကာလ ကိစ္စရပ်များ၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်များ၊ ချင်းပြည်၊ ချင်းအမျိုးသား တည် ဆောက်ရေး လုပ်ငန်များအား ဦးတည်ကာ လက်တွဲညီညီ လှုပ်ရှားနိုင်ရေး အချိန်ယူ အဖြေရှာရန် လိုအပ်မည် ဖြစ်သည်။ ဤသို့ စနစ်တကျ စည်းလုံးမှုကို ဦးတည်ကာ ချဉ်းကပ်မှုများမရှိပါက ချင်းပြည်၏အနာဂတ်မြေပုံအထိ သက်ရောက်မှု ရှိနိုင်သည်။

() ချင်းပြည်၏ စနစ်ဟောင်းပြောင်းလဲရေးနှင့် အုပ်ချုပ်ရေးနယ်မြေ ပြုပြင်ပြောင်းလဲရေး လက်မခံမှု

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ အာဏာသိမ်းမှုကြောင့် ချင်းပြည်သူတရပ်လုံး နည်းလမ်းပေါင်းစုံဖြင့် တော်လှန်ရေးတွင် ပါဝင်လာကြခြင်း အကြောင်းရင်းသည် ခေတ် အဆက်ဆက် ချင်းပြည်၌ မတရားသော နိုင်ငံရေးစနစ်နှင့်  မမျှတသော အုပ်ချုပ်ရေးနယ်မြေ သတ်မှတ်မှုများ အပါအဝင် တနိုင်ငံလုံးစနစ်ပြုပြင်ပြောင်းလဲရေး ဖြစ်သည်။ အကြောင်းရင်းမှာ ခေတ်အဆက်ဆက် ဗမာကြီးစိုးသောအစိုးရမှ ချင်းပြည်တွင် ဖော်ဆောင်ခဲ့သည့်စနစ်များသည် လူမျိုးနွယ်စုများအပါဝင် မတူကွဲပြားမှုများအကြား တရား မျှတမှု မရှိစေသည့်အပြင် မတူကွဲပြားသော ချင်းလူမျိုးများအကြား စည်းလုံးစွာ အတူနေထိုင်နိုင်ရေးကိုပါ ထိခိုက်စေသည်။  

ထို့ကြောင့် ချင်းပြည်အတွင်း မလိုလားသော အားပြိုင်မှုများကို ဖြစ်စေသောစနစ်၊ ချင်းလူမျိုးများကြား တန်းတူညီမျှမှုကို ဆုံးရှုံးစေသောစနစ်၊ ချင်းလူမျိုးများကြား အမုန်းပွားမှု ဖြစ်စေသောစနစ်၊ လူမျိုးနွယ်စုကြား ခွဲခြားဆက်ဆံမှုနှင့် အဆင့်အတန်းကွာခြားမှုများကို ဖြစ်စေသောစနစ်များအား မဖြစ်မနေပြုပြင်ပြောင်းလဲပြီး ဖက်ဒရယ်အစီအမံဖြင့် ချင်းလူ မျိုးများ စည်းလုံးစွာ အတူရှင်သန်နေထိုင်နိုင်ရေးအား ဦးတည်ရန် လိုအပ်မည် ဖြစ်သည်။ ဤကဏ္ဍကို လက်မခံပါက ချင်းတော်လှန်ရေး အင်အားစုများကြား ပွတ်တိုက် မှုသည် ပြင်းထန်လာကာ ချင်းပြည်အနာဂတ်ပါ ထိခိုက်နိုင်သည်။

() အုပ်ချုပ်ရေး၊ နိုင်ငံရေးနှင့် စစ်ရေးရောထွေးမှု

မြန်မာနိုင်ငံ၏ နှစ်ပေါင်း ၇၀ ကျော် နိုင်ငံရေးပြသနာနှင့် စပ်လျဉ်းပြီး ပညာရှင်များစွာ သုံးသပ်ချက် မတူသည့်ကိစ္စရပ်များတွင် စနစ်ပြသနာလား၊ လူပြသနာလား ဆိုသည့် အချက် လည်း ပါဝင်သည်။ အမှန်အားဖြင့်လည်း မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးကို ဖော်ဆောင်ရန် နိုင်ငံရေးစိတ်ဆန္ဒမရှိသော နိုင်ငံရေးသမားများကြောင့်လား၊ တိုင်းပြည် အပြောင်း အလဲ ဖော်ဆောင်၍ မရသည်အထိ အတားအဆီးဖြစ်နေသော စနစ်ကြောင့်လား ဆိုသည့်မေးခွန်းသည် တစ်ခုတည်းရွေး ဖြေဆိုရန် ခက်မည် ဖြစ်သည်။

သို့သော် လက်ရှိအချိန်တွင် စနစ်ပြသနာသည် ကျော်ဖြတ်လို့ရသည့် ကိစ္စရပ်ဖြစ်ပြီး ခေါင်းဆောင်းများ၏ နိုင်ငံရေးစိတ်ဆန္ဒဖြင့် အပြောင်းအလဲများကို လွတ်လပ်စွာ ဖော်ဆောင် နိုင်သည့် ကာလဖြစ်သည်။ ထို့ကြောင့် ချင်းတော်လှန်ရေးခေါင်းဆောင်များ အနေဖြင့် ချင်းပြည်အတွက် အသင့်တော်ဆုံးဖြစ်မည့် စနစ်များကို ပြည်သူများ၊ နည်းပညာရှင်များနှင့် ပူးပေါင်းကာ စတင်စမ်းသပ်ဖော်ဆောင်ရန် လိုအပ်ပြီဖြစ်သည်။

မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် ကျင့်သုံးခဲ့သော စနစ်များသည် ချင်းပြည်သူများ လိုလားသော စနစ်မဟုတ်သည့်အပြင် တိုင်းရင်းသား လက်နက်ကိုင်များ၏ ထိန်းချုပ် နယ်မြေတွင် ကျင့်သုံးသည့် စနစ်များသည်လည်း ချင်းပြည်သူများ လိုလားသည့် စနစ်မဟုတ်ပေ။ ထို့ကြောင့် လက်ရှိ ဒေသန္တရအုပ်ချုပ်ရေး၊ နိုင်ငံရေးနှင့် စစ်ရေးလှုပ်ရှားမှု ရောထွေးနေမှုများသည် အနာဂတ်ချင်းပြည်အတွက် ရှုပ်ထွေးမှုဖြစ်စေနိုင်သောကြောင့် စနစ်တကျဖြင့် ကဏ္ဍများခွဲကာ ပြုပြင်ပြောင်းလဲမှု ဖော်ဆောင်ရန် လိုအပ်မည် ဖြစ်သည်။

ဤသို့ ဖော်ဆောင်ရန်အတွက် တော်လှန်ရေး ကာလဖြစ်သည်ဟု အကြောင်းပြရန် မသင့်တော်ပေ။ အကြောင်းရင်းမှာ စနစ်မကောင်းသော်လည်း လူကောင်းများအုပ်ချုပ်ပါက ပြည်သူများအား သိသာထင်ရှားသော ဘေးဒုက္ခ ကြုံတွေ့မှု နည်းသော်လည်း၊ လူလည်းမကောင်း စနစ်လည်း မကောင်းပါက အချိန်မရွေး ချင်းပြည်သူများကို ဒုက္ခမျိုးစုံ ကြုံတွေ့ စေနိုင်သောကြောင့် လွတ်မြောက်နယ်မြေများတွင် စနစ်ပြောင်းလဲမှု မဖြစ်မနေ ဖော်ဆောင်ရမည် ဖြစ်သည်။

ဤသို့ အထူးသဖြင့် ဒေသန္တရအဆင့်တွင် ကာကွယ်ရေးကဏ္ဍ အဆင်ပြေမှု ဦးစားပေးကာ စနစ်ပြောင်းလဲမှုအား စတင်ဖော်ဆောင်ခြင်းမရှိပါက ချင်းပြည်အဆင့် နိုင်ငံရေး အဖြေ ရှာမှုကို နှောင့်နှေးစေခြင်း၊ တော်လှန်ရေး အဖွဲ့အစည်းများ အတွင်းရေးနိုင်ငံရေး ပွတ်တိုက်မှု ဖြစ်စေခြင်း အပါအဝင် မျိုးနွယ်စုပြဿနာ အသွင်ဆောင်ကာ ချင်းအနာဂတ်ကို ထိုက်ခိုက် လာနိုင်သည်။

() မလိုလားအပ်သော အားပြိုင်ခြင်း အဆုံးမသတ်နိုင်မှု

လက်ရှိချင်းတော်လှန်ရေး အင်အားစုများနှင့် အဖွဲ့အသီးသီးအား ထောက်ခံအားပေးသော ပြည်သူများအကြား မလိုလားသော အားပြိုင်မှုသည် အပြင်းထန်ဆုံး အခြေအနေသို့‌ ရောက်ရှိနေပြီး ခေါင်းဆောင်းအသီးသီးမှ အမြန်ဆုံး လျှော့ချရန် လိုအပ်မည် ဖြစ်သည်။ ထို့အပြင် ချင်းမဟုတ်သော အခြားတိုင်းရင်းသား နယ်မြေ၌ စုစည်းမှု ချဉ်းကပ်ပုံများ၊ အားပြိုင်းမှု အဖြေရှာသည့် နည်းလမ်းများနှင့် အဖွဲ့အသီးသီး အင်အားတည်ဆောက်မှု လုပ်ငန်းများအား ချင်းပြည်တွင်း တိုက်ရိုက် အသုံးချပါက တော်လှန်ရေးအင်အားစုများ အကြား စည်းလုံးမှုကို များစွာထိခိုက်စေမည် ဖြစ်သည်။ ထို့ကြောင့် ချင်းပြည်၏အခင်းအကျင်းသည် ပါးနပ်စွာကိုင်တွယ်ခြင်း၊ အားပြိုင်မှုများကို လျှော့ချကာ အဖြေရှာခြင်းများ မဆောင်ရွက်ပါက အနာဂတ် ချင်းပြည်၏ မြေပုံအထိပါ သက်ရောက်မှုရှိနိုင်ကာ လက်ရှိခေါင်းဆောင်များသည်လည်း သမိုင်းတရားခံများအဖြစ် ကျန်ခဲ့မည် ဖြစ်သည်။

() ချင်းပြည်အရေးနှင့် အခြားညီနောင် တိုင်းရင်းသားများအရေး ပူးတွဲချဉ်းကပ် အဖြေရှာမှု

ချင်းအရေးကို အဖြေရှာရာတွင် တခြားညီနောင် တိုင်းရင်းသားများနှင့် ပြည်ထောင်စု တည်ဆောက်ရေး ကိစ္စရပ်များအား ထည့်သွင်းစဉ်းစားပါက လွန်စွာအဖြေရှာရန် ခက်မည်ဖြစ်သည်။ လက်ရှိအချိန်တွင် လွတ်လပ်ရေး လိုလားသော အဖွဲ့၊ ကွန်ဖက်ဒရိတ် လိုလားသော အဖွဲ့၊ ဖက်ဒရယ် လိုလားသော အဖွဲ့ အစရှိသဖြင့် မတူကွဲပြားသော နိုင်ငံရေးမျှော်မှန်းချက် ရှိနေမှုများကို ချန်ထားကာ နိုင်ငံရေးအရ ပါဝင်သင့် ပါဝင်ထိုက်သော တော်လှန်ရေး အင်အားစုများ စုစည်းနိုင်မည့် ချဉ်းကပ်မှုဖြင့် စုစည်းမှုအား ဆောင်ရွက်ရန် လိုအပ်သည်။

သို့သော် အခြားညီနောင် တိုင်းရင်းသားများနှင့် ဖက်ဒရယ် အတူတကွ တည်ဆောက်ရေး ကိစ္စရပ်များသည် တော်လှန်ရေးရလဒ် အ‌ပေါ်မူတည်ကာ ချဉ်းကပ်မှု မျိုးစုံဖြင့် အဖြေရှာရမည့် ကိစ္စဖြစ်သောကြောင့် ချင်းအရေးအား ဤအချက်များကြောင့် အဟန့်အတား မဖြစ်စေရန် သတိပြုရမည် ဖြစ်သည်။ ထို့သို့ ဦးစားပေးရမည့် ကဏ္ဍသီးခြား မထားရှိဘဲ ချင်းပြည် အရေးနှင့် အခြားညီနောင် တိုင်းရင်းသားများအရေး ပူးတွဲချဉ်းကပ်ပါက ချင်းလူမျိုးများ၏ အကျိုးစီးပွားအား အခြားလူမျိုးရေးမှ လွမ်းမိုးသော ပင်လုံညီလာခံရလဒ်မျိုး ထွက်စေနိုင်သည့်အပြင် ချင်းလူမျိုးများ အကျိုးစီးပွားအပေါ် ရပ်တည်ချက်မတူမှုကြောင့် ချင်းအနာဂတ် ထိခိုက်စေနိုင်သည်။

            အထက်ပါ အချက်များသည် တော်လှန်ရေး အင်အားစုများအကြား အားပြိုင်မှု ဖြစ်စေသော (သို့မဟုတ်) ယုံကြည်မှု ထိခိုက်‌စေသော (သိုမဟုတ်) အဖြေရှာရန် အတားအဆီး ဖြစ်စေသော (သို့မဟုတ်) အမုန်းပွားမှု ဖြစ်စေသော အဓိကအချက်များဖြစ်ပြီး ဤအချက်များကို တော်လှန်ရေး ခေါင်းဆောင်များ အနေဖြင့် ဖြေရှင်းနိုင် ခြင်းမရှိပါက လက်ရှိတော်လှန်ရေးမှ ယူဆောင်လာပေးသော အခွင့်အလမ်းကို ချင်းလူမျိုးများအကျိုးစီးပွားအဖြစ် ပြောင်းလဲနိုင်ရေး ကြိုးပမ်းမှု ပြိုလဲစေမည် ဖြစ်သည်။

ထို့ကြောင့် အချိန်တိုအတွင်း ပါဝင်သင့် ပါဝင်ထိုက်သော ချင်းတော်လှန်ရေး အင်အားစုများ ပါဝင်သည့်စုဖွဲ့မှု‌ကို ဖော်ဆောင်ကာ တော်လှန်တိုက်ပွဲဝင်ကြရင်း ထိန်းချုပ် နယ်မြေ များအား ပြည်သူများ၏ ဆန္ဒနှင့်ညီသော စနစ်သစ် ဖော်ဆောင်ခြင်းဖြင့် တော်လှန်ရေးခေါင်းဆောင်များ သမိုင်း ကောင်းများ ရေးနိုင်ရေးနှင့် ချင်းအမျိုးသား ခေါင်းဆောင်များ အဖြစ် မှတ်တမ်းတင်ခံကြနိုင်ရေးအတွက် ဆန္ဒပြုအပ်ပါသည်။

(E-BOOK အနေဖြင့် သိမ်းဆည်းဖတ်ရှုလိုပါက ဖော်ပြပါဒေါင်းလုတ်လင့်ခ် Here Download Link မှာ အခမဲ့ ဒေါင်းလုတ်ရယူနိုင်ပါတယ်။)

Related Articles

Back to top button