သတင်း

ဘုရားသုံးဆူမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း သေနတ်ဖြင့်ပစ်သတ်ခံရ

ဘုရားသုံးဆူမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း သေနတ်ဖြင့်ပစ်သတ်ခံရ

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဒီဇင်ဘာ ၈၊ ၂၀၂၃

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဟောင်းတဦး သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

ဒီဇင်ဘာလ ၅ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်က ဘုရားသုံးဆူမြို့၊ အမှတ်(၃)ရပ်ကွက်၊ ကံ့ကော်(၄) လမ်း နေ အသက် ၆၅ နှစ်အရွယ် ဦးမြတ်ကျော်နှင့် ၎င်း၏ ဇနီးဖြစ်သူတို့ နေအိမ်မှာ ရှိနေစဉ် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ပါတယ်။

ဦးမြတ်ကျော်ဟာ ယခင်က အုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်ခဲ့ပြီး ယခုအချိန်မှာ အုပ်ချုပ်ရေးမှူးမဟုတ်သော်လည်း စစ်ကောင်စီ၏ထောက်တိုင် သတင်းပေးအနေနဲ့ ပြုလုပ်လျှက် ရှိတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

” သူက အခု စစ်တပ်ကို သတင်းပေးအနေနဲ့ လုပ်နေတာ။ ဘယ်သူလာပစ်သွားတယ်ဆိုတာကိုတော့ မသိဘူး။ သူကတော့ ပွဲချင်းပြီး သေသွားတယ် ” လို့ ဒေသခံတစ်ဦးမှ FJMM ကိုပြောပါတယ်။

အဆိုပါ ပစ်ခတ်ခံရမှုကြောင့် ဦးမြတ်ကျော်က အခင်းဖြစ်ပွားရာနေရာ၌သေဆုံးခဲ့ပြီး သူ၏ဇနီး မှာ ညာဘက်ပေါင်တွင် ဒဏ်ရာရခဲ့ပါတယ်။

ဦးမြတ်ကျော်နှင့်ဇနီးဖြစ်သူ ပစ်ခတ်ခံရမှုနှင့်ပတ်သက်ပြီး မည်သည့်အဖွဲ့က ပစ်ခတ်သွားတယ်ဆိုတာကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၃ ရက်နေ့ကလည်း ကော့ကရိတ်အခြေစိုက် ခလရ(၉၇)မှ ဒုတပ်ရင်းမှူးအေးချမ်းမှာ ဘုရားသုံးဆူရှိ ဆံပင်ညှပ်ဆိုင်တစ်ဆိုင်တွင်ရှိနေစဉ် စနိုက်ပါဖြင့်ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။

Related Articles

Back to top button