ဒီဇင်ဘာကြိုတဲ့ည KIO ဌာနချုပ်နယ်မြေထဲ စစ်တပ်က လက်နက်ကြီးပစ်ခတ်
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဒီဇင်ဘာ ၁၊ ၂၀၂၃
ဒီဇင်ဘာကြိုတဲ့ည KIO ဗဟိုဌာနချုပ်တည်ရှိတဲ့ လိုင်ဇာနဲ့ ထိစပ်နေတဲ့နေရာသို့ စစ်တပ်က လက်နက်ကြီးများနဲ့ ပစ်ခတ်မှု ရှိခဲ့တယ်လို့ ကချင်သတင်း ရင်းမြစ်တွေဆီကနေ သိရပါတယ်။
စစ်ကောင်စီရဲ့ လက်နက်ကြီးတပ်စခန်းတွေဖြစ်တဲ့ ခရာဘွမ့်နဲ့ ဘွမ့်ရေဘွမ့် တပ်စခန်း ၂ နေရာကနေ လက်နက်ကြီးတွေနဲ့ ၉ ကြိမ်ထက်မနည်း ပစ်ခတ်မှု ရှိခဲ့တယ်လို့ သိရပါတယ်။
လိုင်ဇာမြို့ခံတဦးပြောပြတာက “ မနေ့ည ခရစ်မတ်ကြိုတဲ့ ဆွစ်ဒီဇင်ဘာည သန်းခေါင် ၁၂ နာရီထိုး တာနဲ့ မြန်မာစစ်တပ်ဘက်က လက်နက်ကြီးတွေ ပစ်ခတ်လာတာ။ သေချာကြား လိုက်ရတာကတော့ ၉ ကြိမ်ထက်တော့ မနည်းဘူး။ လက်နက်ကြီးကျည် ကျကွဲတဲ့နေရာတွေကတော့ ကျနော်တို့ လိုင်ဇာမြို့ နဲ့တော့ နည်းနည်း လှမ်းတယ်”
စစ်ကောင်စီတပ်ဟာ ခရစ္စယာန်ဘာသာဝင်တွေရဲ့ ခရစ္စမတ်လကို ကြိုဆိုတဲ့ ဝတ်ပြုဆုတောင်းပွဲတွေလို လူစုလူဝေး ရှိချိန်တွေကို ဦးတည်ပြီး လက်နက်ကြီး ပစ်ခတ်တာ လုပ်လေ့ရှိလို့ မနေ့ည သန်းခေါင်က ပစ်ခတ်မှုလည်း အဲဒီလို ရည်ရွယ်တာ ဖြစ်တယ်လို့ မြို့ခံတွေက သုံးသပ်ကြသလို KIO ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကလည်း ကချင်သတင်းဌာနတွေကို ပြောထား ပါတယ်။
စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေဟာ လိုင်ဇာမြို့နဲ့ အလှမ်းဝေးတဲ့ မိုင်ဆပ်ပါနဲ့ နမ်ဆန်ယန်ဘက်မှာ ကျရောက်ပေါက်ကွဲမှု ရှိခဲ့ပြီး အရပ်သား ထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။
ဓါတ်ပုံ – Getty / စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်နေမှုမြင်ကွင်း (ပုံဟောင်း)