ကော့ကရိတ်မြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေ
ဖက်ဒရယ်ဂျာနယ်၊မြန်မာ
ဒီဇင်ဘာ ၁၊ ၂၀၂၃
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းမှာ KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလျှက်ရှိကြောင်း သိရပါတယ်။
ယနေ့ ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ၄ နာရီကျော်ကတည်းက ကော့ကရိတ်မြို့ အနီးရှိ တံတားဦး၊ ဝင်းကြီး၊ ခင်နိမ်းမူ၊ မြို့တော်ဦး၊ သပြေကုန်း၊ ချောင်းတောင်၊ အောက်ရွာ နှင့် မွေးမြူရေးဇုံ စတဲ့နေရာတွေမှာ တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်များမှ လက်နက်ကြီးပစ်ခတ်မှုများကြောင့် အရပ်သားထိခိုက် သေဆုံးမှုများလည်း ရှိတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။
” လက်ရှိတိုက်ပွဲက ကော့ကရိတ်မြို့တစ်ပတ်လုံး ဖြစ်နေတယ်။ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် မြို့နေ ပြည်သူတွေ ထိခိုက်သေဆုံးတာတွေလည်း ရှိနေပါတယ်။ အရပ်သားတချို့က မြဝတီဘက်ကို ရှောင် ကြပေမယ့် တချို့ ပိတ်မိနေတာတွေလည်းရှိတယ်” လို့ ဒေသခံ တစ်ဦးမှ FJMM ကိုပြောပါတယ်။
လက်ရှိ ကော့ကရိတ်မြို့ပေါ်က စစ်ကောင်စီ၏ စက်မူလယ်ယာရုံးအပါအဝင် ဌာနဆိုင်ရာရုံး တချို့လည်း မီးလောင်ပျက်စီးမှု ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ အလံဖြူထောင်ပြီး လက်နက်ချ အညံ့ခံမှု များလည်း ရှိနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံမှ သိရပါတယ်။
အဆိုပါတိုက်ပွဲကြောင့် မြဝတီ – ကော့ကရိတ် – ကျုံဒိုးလမ်းပိုင်းများ ပိတ်နေပြီး ကုန်တင်ယာဥ်တွေနှင့် ခရီးသွားယာဥ်များလည်း ပိတ်မိနေပါတယ်။
လက်ရှိအချိန်ထိ တိုက်ပွဲများပြင်းထန်လျှက်ရှိနေကာ စစ်ကောင်စီတပ်တွေမှ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေပြီး လေကြောင်းပစ်ကူမှုတွေလည်း ပြုလုပ်နေတယ်လို့ ဒေသခံတွေ ထံမှ သိရပါတယ်။
ဓါတ်ပုံ – CJ