ဆောင်းပါးအတွေးအမြင်

ပြည်ထောင်စု တည်ဆောက်ရေးနှင့် ခွဲထွက်ခွင့်ဆိုင်ရာ အကြောင်းတရားများ

ပြည်ထောင်စု တည်ဆောက်ရေးနှင့်ခွဲထွက်ခွင့်ဆိုင်ရာအကြောင်းတရားများ

Salai CL Thang (Chinland)

  • အဘယ့်ကြောင့် ပြည်ထောင်စုတည်ဆောက်ရေးတွင် ခွဲထွက်ခွင့်ပြဌာန်းရန် အရေးကြီးသနည်း။
  • ခွဲထွက်ခွင့်ပုဒ်မပြဌာန်းခြင်းနှင့် တန်းတူညီမျှမှုတို့သည် မည်သို့ ဆက်စပ်မှု ရှိသနည်း။
  • အဘယ့်ကြောင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန်ဗမာအစိုးရအဆက်ဆက်တို့က ငြင်းဆန်ခဲ့ ကြသနည်း။

၁၉၄၇ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့မှစတင်၍ ပင်လုံစာချုပ်ချုပ်ဆိုပြီး စတင်အသက်ဝင်လာသည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရသည့်အချိန်ကာလမှစတင်ကာ ယနေ့တိုင် ပြည်တွင်းစစ်တွင် နစ်မွန်းနေပြီး ငြိမ်းချမ်းရေးနှင့် ပြည်ထောင်စုဟူသော အနှစ်သာရကို မခံစားခဲ့ရသည်မှာ အားလုံးအသိပင် ဖြစ်သည်။  

ဤသို့ တပါတီစနစ်နှင့် စစ်အာဏာရှင်စနစ်တွင်သာ နှစ်ပေါင်းများစွာ ကျင်လည် နေပြီး ချွတ်ချော်နေသောပညာရေးစနစ်နှင့် သတင်းအမှောင်ချခံရသည့် ပြည်သူလူထုအနေဖြင့် ပြည်ထောင်စု ဟူသည် မည်သို့မည်ပုံဖြစ်မည်ကို သိရှိနားလည်ရန်နှင့် ဖက်ဒရယ်ယူနစ်စံနှုန်းများကို သိရှိရန်မှာ ဝေးမြဲဝေး နေခဲ့ရသည့် အခြေအနေတွင် ရှိနေသည်။  

ထို့ကြောင့် တိုင်းရင်းသားအရေး နိုင်ငံရေးဦးဆောင်လှုပ်ရှားသူများကို ပြည်ထောင်စုပြိုကွဲအောင် လုပ်ကြံလိုသူများဟု စွပ်စွဲကာ ပြည်သူလူထုနှင့် သွေးခွဲနိုင်ခဲ့ခြင်း ဖြစ်သည်။  ၁၉၄၇ ခုနှစ် ပင်လုံညီလာခံတွင် ကိုယ်တိုင်ကိုယ်ကျပါဝင်နေသည့် ဖဆပလပါတီအဖွဲ့ဝင် ဖေခင်ကိုယ်တိုင်ကပင် “ကိုယ်တွေ့ပင်လုံ” စာအုပ်တွင် တိတိကျကျ ဝန်ခံထားသည်ကို တွေ့ရသည်။  “စာမျက်နှာ (၄၉) တွင် ဗိုလ်ချုပ် မြင်လိုသော လွတ်လပ်သည့်မြန်မာနိုင်ငံတော်သည် အင်အားတောင့်တင်းသည့် တပြည်ထောင်စနစ် (Unitary State) မျိုးဖြစ်သည်” ဟု ရေးသားဖော်ပြထားသည်။  

ခွဲထွက်ရေးဆိုင်ရာပြဌာန်းချက်မျိုးကို မလိုလားဟု ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။  မြန်မာတွင် သာမက ကမ္ဘာမှာပင် အသိမှတ်ပြုခံရသော ဗိုလ်ချုပ်အောင်ဆန်း သည် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် ရေးနှင့် အဖွဲ့ဝင်ပြည်နယ်များ၏ ခွဲထွက်ခွင့်ဆိုင်ရာ တင်ပြချက်များကိုနားမလည်ပဲနေမည် မဟုတ်ချေ။  

တပြည်ထောင်စနစ်ကို တည်ထောင်လိုသော သူ့အိပ်မက်ကြောင့်သာ ခွဲထွက်ခွင့်ကို လက်မခံခြင်း ဖြစ်သည်ဟု ထင်မှတ်စရာရှိသည်။  

သို့သော်လည်း နိုင်ငံရေးပရိယာယ်ကြွယ်ဝသော ဖဆပလ တို့သည် ပင်လုံစာချုပ်ချုပ် ဆိုရာတွင် မူဝါဒအရ ခွဲထွက်ခွင့်ကို လက်ခံလက်မှတ်ထိုးနိုင်ခဲ့ကြသည်။  ထိုခေတ်ထိုကာလ အခြေအနေကို လေ့လာပြန်ဆန်းစစ်ကြည့်ပါက တိုင်းရင်းသားပြည်သူများနှင့် တက္ကသိုလ်ကျောင်းသားအများစုသည် ဗမာ (ဖဆပလ) အဖွဲ့နှင့်ပူးပေါင်းကာ လွတ်လပ်ရေးရလိုစိတ် ပြင်းထန်နေသည်ကို ဖဆပလမှ ကောင်းစွာအသုံးချ နိုင်ခဲ့သည်ဟု ဆိုရပေသည်။  

ရှမ်းပြည်ရှိ ရှမ်းစော်ဘွားများနှင့်၊ ကချင်ပြည်ရှိ ဒူဝါတို့ကို အာဏာမစွန့်လွှတ်လို သူများ၊ ကိုယ်ကျိုးရှာသမားများဟု စွပ်စွဲကာ ရှမ်း၊ ကချင် ပြည်သူများနှင့် ကုန်းတိုက်သွေးခွဲခဲ့ကြသည်။  ထို အချိန်ကာလကို မဆိုထားနှင့် ပွင့်လင်းမြင်သာနေသော (၂၀၂၀) ခုနှစ်တွင်ပင် ပြည်ထောင်စုသဘောတရားကို နားလည်ရန် ခက်ခဲနေသည့် အခြေအနေတွင် ရှိသည်။ 

ဤအချက်ကိုကြည့်ခြင်းဖြင့်ပြည်သူလူထုတို့သည် လွတ်လပ်ရေးကိုသာ ရှေ့တန်းတင်ကာ လွတ်လပ် ပြီးကာလ နိုင်ငံတော်တည်ဆောက်ရာတွင် ဖြစ်ပေါ်လာမည့်နိုင်ငံရေး (တိုင်းရင်းသားတို့၏ အခွင့်အရေး ပြဿနာ) ကို ထည့်သွင်းစဉ်းစားသော ပြည်သူလူထုမှာ အလွန်နည်းပါမည်ဟု ယုံကြည်မိသည်။  ထို့ကြောင့် ပြည်သူတို့၏ အလိုဆန္ဒကိုလိုက်ကာ လွတ်လပ်ရေးကိုသာ ဦးတည်ပြီး ပင်လုံစာချုပ်ချုပ်ဆိုခြင်းအားဖြင့် တိုင်းရင်းသားတို့၏ကြမ္မာကို မြန်မာနိုင်ငံထဲသို့ ပုံအပ်လိုက်ရခြင်းဖြစ်သည်။  

ထို့ကြောင့် ပင်လုံစာချုပ် လက်မှတ်ရေးထိုးပေးကြသော ဖဆပလ ကိုယ်စားလှယ်များသည် စိတ်စေတနာအပြည့်ဖြင့် တိုင်းရင်းသားတို့၏ တောင်းဆိုချက်အပေါ် လက်မှတ်ရေးထိုးပေးကြဟန် မတူချေ။  အဘယ့်ကြောင့်ဆိုသော် လက်တွေ့ကျင့်သုံးရာ တွင် ခေတ်အဆက်ဆက်၌ ရှိခဲ့သောဖွဲ့စည်းပုံအခြေခံဥပဒေများသည် ပင်လုံစာချုပ်ပါ အချက်လက်များနှင့် သွေဖီလာခဲ့သောကြောင့် ဖြစ်သည်။  

အမှန်စင်စစ် ပြည်ထောင်စု မြန်မာနိုင်ငံသည် ကွန်ဖက်ဒရေးရှင်းဖြင့် တည်ဆောက်သင့်သည့်နိုင်ငံဟု ဆိုရလျှင် မမှားနိုင်ပေ။  သို့သော်လည်း စည်းလုံးညီညွတ်ပြီး အင်အားကောင်း၍ တောင့်တင်းခိုင်မာသော ပြည်ထောင်စုကြီးကိုလိုလားသော တိုင်းရင်းသားခေါင်းဆောင်ကြီးများနှင့် ဖဆပလ တို့သည် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ရန်သာ ရွေးချယ်ခဲ့ကြသည်။  

ထိုအချိန်တွင် ဖက်ဒရယ်ပြည် ထောင်စုအဖြစ် တည်ဆောက်ရန် တောင်းဆိုသူများသည် တိုင်းရင်းသားခေါင်းဆောင်များသာဖြစ်ပြီး ဖဆပလ (ဗမာ) တို့သည် တပြည်ထောင်စနစ်ကိုသာ လိုလားခဲ့ကြသည်။

ထို့ကြောင့် စော်ဘွားများ၊ ဒူဝါများအား မိမိကိုယ်ကျိုးအတွက်သာ အာမခံချက် တောင်းဆိုကြသည် ဟူသော ဗမာတို့၏စွပ်စွဲချက်သည် မှားယွင်းလာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဖက်ဒရယ်ယူနစ်အရ အစိုးရသည် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်သောအစိုးရသာ ဖြစ်သည်။ ခွဲထွက်ခွင့်ဟုဆိုရာတွင် ပြည်ထောင်စုမှ ခွဲထွက်ပြီး ကိုယ်ပိုင်နိုင်ငံ တည်ထောင်ရန် သဘောတရားအရ သက်ရောက်သော်လည်း ဖက်ဒရယ်နိုင်ငံများတွင် အမှန်တကယ် ခွဲထွက်ခြင်းနှင့် ကြုံရသော နိုင်ငံ မရှိသေးချေ။

ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံများမှ ခွဲထွက်ခွင့်နှင့် ကွန်ဖက်ဒရေးရှင်း နိုင်ငံများ၏ စံနှုန်းများနှင့် ကွာဟမှုရှိသည်။  ဤခွဲထွက်ရေး ပုဒ်မ ထည့်သွင်းလိုခြင်းသည် (History of Country) နိုင်ငံ၏ ဖြစ်တည်မှု နောက်ခံသမိုင်းအမှန်ကို အသိအမှတ်ပြုပြီး တန်းတူရည်တူ အခွင့်အရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် (ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး) ရှိသော အမျိုးသားပြည်နယ်များဖြင့် သီးခြားလွတ်လပ်သော လူမျိုးများမှ စုပေါင်းကာ ပြည်ထောင်စုကို တည်ဆောက် ကြသည်ဟူသော အချက်ကို ခိုင်မာစေရန် ဖြစ်သည်။

ဖက်ဒရယ်၏ အဓိကအခြေခံမူဖြစ်သော ကိုယ်ပိုင်ပြဌာန်းခွင့် (Self- Rule) နှင့် မျှဝေအုပ်ချုပ်မှု (Shared Rule) တို့ကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တိကျစွာလက် ခံစေရန် ဖြစ်သည်။  ဖက်ဒရယ်နိုင်ငံများကို အမျိုးသားနိုင်ငံနှင့် လူမျိုးပေါင်းစုံ နေထိုင်သောနိုင်ငံဟု တိကျစွာ လက်ခံစေ ရန် ဖြစ်သည်။ Coming togetherနှင့် Holding together သည် နိုင်ငံ၏နောက်ခံသမိုင်းအမှန်ကို ပေါ်လွင်စေသည့် အနှစ်သာရသာဖြစ်သည်။ ဖက်ဒရယ်နိုင်ငံများကို အမျိုး သားနိုင်ငံ(Nation State) နှင့် လူမျိုးပေါင်းစုံနေထိုင် သောနိုင်ငံ (Multi-Nation state) ဟုယေဘူယျအားဖြင့် ခွဲခြားနိုင်သည်။

မြန်မာနိုင်ငံ၏နောက်ခံသမိုင်းကို ယေဘုယျအားဖြင့် ခွဲခြားနိုင်သည်။  မြန်မာနိုင်ငံ၏ နောက်ခံသမိုင်းကို ပင်လုံ စာချုပ်က လူမျိုးပေါင်းစုံနေထိုင်သောနိုင်ငံအဖြစ် သက်သေထူသော်လည်း လက်တွေ့တွင် တမျိုးသားနိုင်ငံ ( (One Nation, One State) ပုံစံမျိုးကိုသာ ကျင့်သုံးနေကြရသည်။  ယနေ့တိုင် ဗမာအစိုးရအနေဖြင့် လူမျိုး ပေါင်းစုံနေထိုင်သော နိုင်ငံအတူပေါင်းစည်းရေးမူ (Coming Together) ကို ဖွဲ့စည်းပုံတွင်ပြဌာန်းရန် ငြင်းဆန် နေသေးသည်။  မူဝါဒများ၊ ခေါင်းစဉ်များသည် ဥပဒေမဟုတ်သေးချေ။  

ထိုကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဌာန်းပြီးမှသာ ကျွန်ုပ်တို့တိုင်းရင်းသားပြည်သူများ၏နောက်ခံသမိုင်းကို အသိအမှတ်ပြုပေးရာရောက်မည်။  ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ယခင်က မြန်မာပြည်ဘုရင်ခံမှတဆင့် အုပ်ချုပ်သော ဗြိသိသျှဘုရင် မင်းမြတ်ပိုင်ဆိုင်သည့် နယ်မြေအားလုံးနှင့် ကရင်နီပြည်နယ်များပါဝင်သည့် မြန်မာနိုင်ငံတစ်နိုင်ငံလုံးသည် ပြည်ထောင်စုမြန်မာနိုင်ငံတွင် ပါဝင်ရမည်ဟုဖော်ပြထားသည်။ 

ဤသို့ဖော်ပြထားခြင်းသည် (Coming Together) ကို မသိမသာဖျောက်ထားခြင်းသာဖြစ်ပြီး ဗမာဘုရင်ခံမှ တဆင့်သာ နယ်မြေအားလုံးကို ဗြိတိသျှ ဘုရင်တို့မှ သိမ်းပိုက်ထားသကဲ့သို့ အဓိပ္ပါသက်ရောက်သည်။ 

အခန်း(၁၀)ပုဒ်မ၂၀။   ။  ဤအခြေခံဥပဒေသော်လည်းကောင်း၊ ပုဒ်မ၁၉၉ အရ ပါလီမာန်က အတည်ပြုသော အက်ဥပဒေ၌ သော်လည်းကောင်း အခြားပြဌာန်းချက်ပြုထားခြင်းမရှိလျှင်၊ အောက်၌ပြဌာန်းထားသော စည်းကမ်းချက်များနှင့်အညီ ပြည်ထောင်စုနိုင်ငံမှ ခွဲထွက်နိုင်ရန် ပြည်နယ်တိုင်း၌ အခွင့်အရေး ရှိစေရမည်။  

ပုဒ်မ ၂၀၂ ။    ။  ဤအခြေခံဥပဒေအာဏာတည်သည့်နေ့မှ ၁၀နှစ်အတွင်း ခွဲထွက်နိုင်သောအခွင့် ရေးကို အသုံးမပြုရ။ 

ပုဒ်မ (၂၀၃)။  ။  (၁)ခွဲထွက်နိုင်သောအခွင့်ရေးကို သုံးစွဲလိုသောပြည်နယ်သည် ခွဲထွက်လိုကြောင်း အဆိုကို မိမိ၏ပြည်နယ်ကောင်စီတွင် တင်သွင်းအတည်ပြုရမည်။  ပြည်နယ်ကောင်စီရှိ အမတ် စုစုပေါင်းအနက် သုံပုံနှစ်ပုံ အောက်မလျော့သော အမတ်များက ထိုအဆိုကို ထောက်ခံမဲပေးခြင်း မပြုလျှင် အတည်ပြုသည်ဟု မမှတ်ယူရ”

ဟု ဆိုလိုရင်းမှာပြည်နယ်ကောင်စီ၏အမတ်များအနက်သုံးပုံ နှစ်ပုံက ထောက်ခံလျှင် ခွဲထွက်နိုင်သည် ဟု ဆိုလိုခြင်းဖြစ်သည်။  ဤပြဌာန်းချက်ခိုင်မြဲပြီးအသက်ဝင်ဖို့ရန်အတွက်ဆိုလျှင် အဖွဲ့ဝင်ပြည်နယ်များဖြစ် ကြသော ရှမ်းပြည်နယ် ဥပဒေပြုရေး၊ တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးအာဏာ အပြည့်အဝရှိရန်နှင့် ပြည်နယ် နှင့်ဗဟိုအစိုးရအကြား တိကျသော အာဏာခွဲဝေမှုရှိရန် လိုအပ်သည်။ 

ထိုအချိန်ကာလ၌ ဖြစ်ပျက်ခဲ့သော ချင်းနိုင်ငံရေး ဖြစ်စဉ်နှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပေဒေအရ လွပ်လပ်ရေးရရှိပြီး (၆) လအတွင်း ရွေးကောက်ပွဲလုပ်ဆောင်ရန် ဖြစ်ပြီး ထိုသို့ရွေးကောက်ပွဲ ပြုလုပ်ပြီးနောက် ဗမာပြည်ကို ပြည်သူ့လွှတ်တော် နှင့် လူမျိုးစုလွှတ်တော် စသည့် လွှတ်တော် နှစ်ရပ်မှ အုပ်ချုပ်ရန် ဖြစ်သည်။ 

ချင်းဝိသေသတိုင်းအတွက် လွှတ်တော်နှစ်ရပ်ရှိပြီး လူမျိုးစုလွှတ်တော်တွင် ထိုင်ခုံနှစ်ခုံနှင့် ပြည်သူ့ လွှတ်တော်တွင် ၆ခုံရှိသည်။  ဖွဲ့စည်းပုံအခြေခံဥပဒေ အရ ချင်းရေးရာဝန်ကြီးနေရာကို  နိုင်ငံတော် ဝန်ကြီးချုပ်မှ ပြည်သူ့လွှတ်တော် အမတ်များထဲမှ ရွေးချယ်ရန် ဖြစ်သည်။  ရွေးကောက်ပွဲကို မြန်မာပြည်တွင် (၁၉၄၇) ခုနှစ်၊ ဧပြီလတွင် ကျင်းပခဲ့ကြသည်။

သို့သော် ချင်းဝိသေသတိုင်းတွင်မူ ရွေး ကောက်ပွဲမကျင်းပနိုင်ကြခြင်းကြောင့် ရွေးကောက်ပွဲမလုပ်မီ အချိန်ကာလတွင် တိုင်းပြုပြည်ပြုလွှတ်တော် ကိုယ်စားလှယ် အဖြစ် ခန့်အပ်ထားသည့် ချင်းအမတ်များ အုပ်ချုပ်ခဲ့ကြသည်။ ချင်းရေးရာကောင်စီသည် ချင်းတောင်တန်းတွင် စနစ်ဟောင်းကို ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ဖြင့် အစားထိုးနိုင်ခဲ့သည်။

သူတို့ကိုယ်တိုင် ရေးဆွဲ၊ အတည်ပြုထားသော ချင်းဝိသေသတိုင်း အက်ဥပဒေ ၁၉၄၈ ကို အသုံးပြုလာခဲ့ကြသည်။  ထို့နောက် ချင်းရေးရာကောင်စီသည် ချင်းလူမျိုးများအတွက် နေ့ထူးနေ့မြတ် တစ်ခုဖြစ်သည့် ချင်းအမျိုးသားနေ့ ကိုလည်း အကောင်ထည် ဖော်နိုင်ခဲ့ကြသည်။  ၁၉၅၁နှစ်ကုန်ပိုင်းမှသာ ချင်းဝိဒေသတိုင်းတွင် ရွေးကောက်ပွဲ လုပ်နိုင်ခဲ့ကြပြီး ချင်းတောင်ကွန်ကရက်ပါတီက အနိုင်ရရှိခဲ့ပြီး ချင်းရေးရာကောင်စီကသာ ဆက်လက် ဦးဆောင် နိုင်ခဲ့သည်။ 

သို့သော်လည်း ၁၉၅၄ ခုနှစ်တွင် ဦးနုနှင့် ဦးဇာဟရဲလျန် နှစ်ဦးအကြား ဆက်ဆံရေး ကောင်းမွန်လာခဲ့ပြီး ၁၉၅၆ ခုနှစ် မေလတွင် ကျင်းပသည့် ရွေးကောက်ပွဲတွင် ချင်းတောင်ကွန်ဂရက် ပါတီသည် ဖဆပလပါတီနှင့် ပူးပေါင်းကာ ရွေးကောက်ပွဲဝင်ပြီး အနိုင်ရရှိခဲ့သည်။  ထိုအချိန်မှစတင်ကာ ချင်းရေးရာ ကောင်စီမှေးမှိန် သွားခဲ့ရပြီး ဖွဲ့စည်းပုံတွင် ပြဌာန်းခဲ့သော ခွဲထွက်ခွင့်ဆိုင်ရာပြဌာန်း ချက် မိမိနှင့်သက်ဆိုင်သော ပြည်နယ်ကောင်စီ၏သုံးပုံ တစ်ပုံ ထောက်ခံရင် ခွဲထွက်နိုင်သည်ဟူသော အချက်သည် မဖြစ်နိုင်တော့။  

ထိုသို့ဖြစ်ရခြင်းမှာ ဖွဲ့စည်းပုံအခြေဥပဒေအရ ပြည်နယ်များအား လုပ်ပိုင်ခွင့်အာဏာ အပြည့်အဝမပေးခြင်းနှင့် ဗဟိုအစိုးရကို မှီခိုအားထားရမည့် အခြေနေမျိုးကို ဖန်တီးထားခြင်းကြောင့်ပင် ဖြစ်သည်။ ထိုအချိန်မှစတင်ကာ တိုင်းရင်းသားအရေးကို ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဝင်ဆွေးနွေးခြင်းမရှိချေ။

ခွဲထွက်ရေးပုဒ်မပြဌာန်းထားသော အီသီအိုးပီးယား ဖက်ဒရယ်ဒီမိုကရက်တစ်နိုင်ငံ၏ နောက်ခံသမိုင်း အကျဉ်းကို လေ့လာမည်ဆိုပါက အီသီအိုးပီးယားသည် ခေတ်ပေါ်တိုင်းပြည် မဟုတ်ချေ။  အာဖရိကတိုက် နိုင်ငံများအနက် အရေအတွက်အားဖြင့် နည်းပါးလှသော ရှေးသမိုင်းဝင်နိုင်ငံများတွင် တစ်ခုအပါအဝင် ဖြစ် သည်။  ခရစ်တော်မပေါ်မီ နှစ်ပေါင်းရာနှင့်ချီသည့်ခေတ်ကပင် အီသီအိုးပီးယားသည် ကိုယ့်ထီးကိုယ့်နန်းဖြင့် ရပ်တည်နိုင်ခဲ့သည်။ 

၁၉၄၂ ခုနှစ် ကုန်ခါနီးတွင် ဒုတိယကမ္ဘာစစ်အတွင်းသို့ပါဝင်၍ ဂျာမနီ၊ အီတလီနှင့် ဂျပန်နိုင်ငံတို့အား စစ်ကြေညာခဲ့လေသည်။  ဒုတိယကမ္ဘာစစ် ပြီးဆုံးပြီးနောက်တွင် ဗြိတိန်နှင့် အမေရိကန် ပြည်ထောင်စုတို့၏ ငွေအကူအညီ၊ စက်မှုလက်မှုအကူအညီ၊ အတတ်ပညာရှင်အကူအညီ၊ အုပ်ချုပ်ရေး အကူအညီတို့ဖြင့် ဟိုင်လေဆီလာဆီးသည် မိမိ၏နိုင်ငံတွင်း ပြုပြင်ရေးများကို ဆောင်ရွက်ခဲ့သည်။

 အီတလီ သည် ၁၉၃၅ ခုနှစ်က အီသီအိုးပီးယားနိုင်ငံအား စစ်ဆင်ရာ၌ အခြေခံပြုခဲ့သောဒေသများတွင် ပြန်လည် လွှမ်းမိုးရန် အစီအစဉ်များပြုလုပ်လာသဖြင့် ဟိုင်လေဆီလာဆီးက ကုလသမဂ္ဂကို ၁၉၄၆ ခုနှစ်တွင် တိုင်တန်းရ ပြန်သည်။  ထိုကြောင့် နိုင်ငံကြီးလေးနိုင်ငံမှ ကိုယ်စားလှယ်များပါဝင်သောကော်မရှင်အဖွဲ့သည် အီရစ်ထရီးယားနှင့် ဆိုမာလီလန်ပြည်နယ်တို့သို့ သွားရောက်၍ ပြည်သူလူထု၏ဆန္ဒကို လေ့လာသုံးသပ်စေ ပြီးနောက် အီတလီကို ဆိုမာလီလန်ပြည်နယ်အား ထိန်းသိမ်းစောင့်ရှောက်ခွင့်ပြု၍ အီရစ်ထရီးယားပြည်နယ်ကို အီသီ အိုးပီးယားနိုင်ငံတွင်းသို့ ပူပေါင်းထည့်သွင်းရန် ဆုံးဖြတ်ပေးခဲ့သည်။  

အီသီအိုးပီးယားနိုင်ငံအတွက် အထွဋ် အထိပ်သည် ဧကရာဇ်မင်းမြတ်ဖြစ်ခဲ့၍ ဘုရင်မင်းမြတ်အား တာဝန်ခံရသော ဝန်ကြီးများကောင်စီက နိုင်ငံကို အုပ်ချုပ်ခဲ့သည်။  အထက်နှင့် အောက်လွှတ်တော်နှစ်ရပ်ပါဝင်သော ပါလီမန် ရှိခဲ့သည်။  

ဟိုင်လေဆီလာဆီး သည် ၁၉၅၅ ခုနှစ်တွင် ပြည်သူလူထုအား အခွင့်အရေးပိုပေးသော အုပ်ချုပ်ရေး စနစ်ကို ပြဌာန်းခဲ့သဖြင့် အီသီရိုးပီးယန်းတို့သည် အောက်လွှတ်တော်သို့ မိမိတို့၏မဲဆန္ဒဖြင့် ကိုယ်စားလှယ် စေလွှတ်နိုင်ခွင့်ရရှိခဲ့သည်။  ထို့ပြင် ပို၍ခေတ်မှီသော တရားမနှင့် ရာဇဝတ်ဥပဒေ ကျင့်ထုံးတစ်ရပ်ကိုလည်း ပြဋ္ဌာန်းပေးခဲ့သည်။  ရှေးယခင် က သီးခြားပြည်ထောင်များဖြစ်ခဲ့ကြသော တီဂရေ၊ ဂိုဂျမ်၊ အမ်ဟားရ၊ ဂွန်ဒ်၊ ရှိုအ တို့သည် အီသီအိုးပီးယားနိုင်ငံ၏ နယ်ကြီးများ ဖြစ်ကြ၍ ၁၉၅၂ ခုနှစ်တွင် ပေါင်းထည့်ခဲ့သော အီရစ်ထရီး ယားပြည်သည်လည်း အီသီအိုး ပီးယားပြည်နယ်တစ်ခု ဖြစ်သည်။ 

အီသီအိုးပီးယားနိုင်ငံသည်  လူမျိုးအတော်စုံ သော နိုင်ငံဖြစ်သည်။  နိုင်ငံတွင်းပြောဆိုလျက်ရှိကြသော  ဘာသာစကားပေါင်း (၇၀) ကျော် ရှိသည်။  သို့သော်လည်း ရုံးသုံးဘာသာမှာ အမ်ဟာရစ်ဘာသာစကား ဖြစ်လေသည်။  လူမျိုးပေါင်းစုံနေထိုင်ပြီး ဖက်ဒရယ်စနစ်ကျင့်သုံးသော ဖက်ဒရယ်ဒီမိုကရက်တစ် အီသီအိုးပီး ယားနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ခွဲထွက်ရေးပုဒ်မကို ပြဌာန်းထားသည်။  

မြန်မာနိုင်ငံထက် နှစ်ပေါင်းထောင်နှင့်ချီ၍ ရပ်တည်လာခဲ့သော အီသီယိုးပီးယားနိုင်ငံသည် အဖွဲ့ဝင်ပြည်နယ်များနှင့် မတူကွဲပြား သည့်လူမျိုးစုများစွာဖြင့် ပြည်တွင်းစစ်မဖြစ်ပဲ ငြိမ်းချမ်းသောနိုင်ငံအဖြစ် ရပ်တည်နေနိုင်ခြင်းမှာ ဖက်ဒရယ် စနစ်ကြောင့်ပင် ဖြစ်သည်။  လူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထားသောနိုင်ငံအဖြစ် အသိအမှတ်ပြုထားသော ခွဲထွက် ခွင့်ပုဒ်မကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဌာန်းထားသည်။

 မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက်၌ တိုင်းရင်းသားများ လိုလားတောင်းဆိုကြသော အခြေခံမူများကို လေ့လာကြည့်ပါက အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ပြည်နယ်များကို တိုင်းရင်းသားလူမျိုးများ ဖြစ်ကြသော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် အမျိုးသားပြည်နယ်များဖြင့်(၈) ပြည်နယ်ဖွဲ့စည်းရန် စသည့်အချက်များပါဝင်လျှက်ရှိပြီး အစိုးရအဆက်ဆက် (ဖဆပလအစိုးရ၊ အိမ်စောင့် အစိုးရ ၊ နဝတ၊ နအဖ၊ ကြံ့ခိုင်ရေး၊ NLD) အစိုးရတို့သည် လက်မခံခဲ့ကြပေ။  

တောင်းဆိုချက်များထဲမှ ဤအချက်ကို လိုက်လျောရန်မှာ သူတို့အဖို့ အလွန်ခက်ခဲသော အနေအထားတွင် ရှိသည်။  တိုင်းရင်းသားတို့ တောင်းဆိုသော အကြောင်းအရာများကို လက်ခံကြခြင်းမှာ မသိနားမလည်၍ မဟုတ်ပဲ သိလျှက်ပင် ငြင်းဆန် နေကြခြင်း ဖြစ်သည်။  အဘယ့်ကြောင့်ဆိုသော် တိုင်းရင်းသားကိုသည် မြန်မာနိုင်ငံမှ မည်သည့်အခါမှ ခွဲထွက်သွားကြမည်မဟုတ်ကြောင်း ယုံကြည်နေကြခြင်းကြောင့်ပင် ဖြစ်သည်။  

လက်ရှိတော်လှန်ရေးရေးကာလတွင် အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် CRPH နှင့် NUG အစိုးရတို့အနေဖြင့် ခွဲထွက်ခွင့်၊ ပြည်နယ်ဖွဲ့စည်းရေးနှင့် အဖွဲ့ဝင်ပြည်နယ်များအပေါ် မည်သို့သောသဘောထားရှိကြမည်ကို စောင့်ကြည့်ရမည့်အရာဖြစ်သည်။  

စစ်ကောင်စီ၏ ထင်မြင်ယူဆချက် များနှင့် NUG ၏ထင်မြင်ယူဆချက်များသည် တိုင်းရင်းသားတို့အပေါ် မည်သို့သော ကွာဟမှုများရှိမည်ကို စောင့်ကြည့်ရန်သာ ရှိတော့သည်။  အမေရိကန်သမ္မတလင်ကွင်းက မြင်းတစ်ကောင်၏အမြှီးကို ခြေထောက်ပါ ဟု အမည်ပေးလိုက်ရုံနှင့် အဲ့ဒီမြင်းမှာခြေထောက် (၅) ချောင်းရှိသည်ဟု မဆိုနိုင်ပေ။  ဒါကြောင့် ပြောင်းလဲခြင်း ဆိုတာ အမည်ပေးတာထက် ပိုသည်ဟု ဆိုသည်။ 

ထို့ကြောင့် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ရန်အတွက် ဆိုလျှင် ဖက်ဒရယ်ပြည်ထောင်စုနှင့် ကိုက်ညီသော အခြေခံမူများကို လက်ခံရန် လက်တွေ့အကောင်အထည်ဖော်ရန်နှင့် နိုင်ငံတော်၏နောက်ခံ သမိုင်းအမှန်ကို ကြည်ဖြူစွာလက်ခံရန် လိုအပ်သည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ပင်လုံစာချုပ်ချုပ် ဆိုချိန်တွင် ဗြိတိသျှများသိမ်းပိုက်ထားသည့်ကိုလိုနီနယ်မြေ (၄) ခု နှင့် ၁၈၉၆ ချင်းတောင်တန်းစည်းမျဉ်းဥပဒေ၊ ၁၈၉၄ ကချင်တောင်တန်များ စည်းမျဉ်းဥပဒေ၊ ၁၉၂၂ ဖက်ဒရိတ်တက်ရှမ်းပြည်၊ ၁၉၃၅  ဘားမားအက်ဥပဒေ၊ လွတ်လပ်သောကရင်နီ စသည်တို့ကို စုစည်းကာ ဖွဲ့စည်းထားခြင်းဖြစ်သည်။  

ထို့ကြောင့်  ပြည်သူများ အနေဖြင့်လည်း တော်လှန်ရေးအောင်ရုံသက်သက်အတွက်သာ မဟုတ်ဘဲ ဖက်ဒရယ်ပြည်ထောင်စုနှင့် ကိုက်ညီ သော အခြေခံမူဝါဒများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ထွက်လာစေရန် အသံကျယ်လောင်စွာ ထွက်ကြရန် လိုအပ်လေသည်။

အမေရိကန်သမ္မတ လင်ကွန်းက “မြင်းတစ်ကောင်၏ အမြှီးကို ခြေထောက်ပါဟု အမည်ပေးလိုက်ရုံ နှင့် အဲဒီမြင်းမှာခြေထောက် (၅) ချောင်း ရှိမလာနိုင်ပေ။  ထို့ကြောင့် ပြောင်းလဲခြင်းဆိုတာ အမည်ပေးတာထက် ပိုသည်” ဟုဆိုသည်။  ထို့ကြောင့် ဖက်ဒရယ်ပြည်ထောင်စုကိုတည်ဆောက်ရန်အတွက်ဆိုလျှင် ဖက်ဒရယ်ပြည်ထောင်စုနှင့် ကိုက်ညီသောအခြေခံမူများကို လက်ခံ ရန်၊ လက်တွေ့အကောင်အထည်ဖော်ရန် နှင့် နိုင်ငံတော်၏နောက်ခံသမိုင်းအမှန်ကို ကြည်ဖြူစွာလက် ခံကြရန် လိုအပ်သည်။  

ကွန်ဖက်ဒရေးရှင်းဖြင့် အစပြုခဲ့သော အမေရိကန်ပြည်ထောင်စုတွင် (၁၃) ပြည်နယ်ဖြင့် ဖွဲ့စည်းထားပြီး ယခုတွင်ပြည်နယ် (၅၀) ရှိသော ဖက်ဒရယ်ပြည်ထောင်စုအဖြစ် ဖွဲ့စည်းကာ ပြည်တွင်းစည်းလုံး ညီညွတ်ရေးကို တည်ဆောက်နိုင်ကြသည်။  ထိုနည်းတူ ပြည်ထောင်စုမြန်မာနိုင်ငံသည်လည်း ကွန်ဖက်ဒရေး ရှင်းဖြင့်အစပြုခဲ့ကြ သည် ကို လက်ခံပြီး အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုဖြင့် တည်ဆောက်ပါက မူအားဖြင့် (၈) ပြည်နယ် ဖွဲ့စည်းရန်ဖြစ်သော်လည်း နိုင်ငံ၏ လူဦးရေ၊ ပထဝီအနေအထားကို ကြည့်၍ ပြည်နယ်များကို တိုးချဲ့ဖွဲ့စည်းနိုင်သည်။  

လက်ရှိပကတိအမှန်တရားကို ကြည်ဖြူစွာလက်ခံကြရန် လိုအပ်သည်။  ပြည်ထောင်စု မြန်မာ နိုင်ငံတော်သည် ပင်လုံစာချုပ်ချုပ်ဆိုချိန်တွင် ဗြိတိသျှသိမ်းပိုက်ထား သည့် ကိုလိုနီနယ်မြေ (၄)ခုနှင့် ၁၈၉၆ ချင်းတောင်တန်းစည်းမျဉ်းဥပဒေ၊ ၁၈၉၄ ကချင်တောင်တန်များစည်းမျဉ်းဥပဒေ၊ ၁၉၂၂ ဖက်ဒရိတ်တက် ရှမ်းပြည်၊ ၁၉၃၅ ဘားမားအက်ဥပဒေ၊ လွတ်လပ်သောကရင်နီ စသည်တို့ကို စုစည်းကာဖွဲ့စည်းထားခြင်း ဖြစ်သည်။  

ထို့ကြောင့် တိုင်းရင်းသားပြည်သူများအနေဖြင့်လည်း တော်လှန်ရေးအောင်ရုံသက်သက် အတွက် သာမဟုတ်ပဲ ဖက်ဒရယ်ပြည်ထောင်စု နှင့် ကိုက်ညီသောအခြေခံ မူဝါဒများ နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ထွက်လာစေရန် အတူတကွလက်တွဲဆောင်ရွက်ကြရန်နှင့် ပြည်သူလူထုအနေဖြင့် သတိကြီးစွာထားကာ ဆန္ဒထုတ်ဖော်မှုနှင့် တောင်းဆိုမှုများ လုပ်ဆောင်ကြရန်လိုအပ်သည်။  

မိမိတို့လိုချင်ကြသည့် ဖက်ဒရယ် အခြေခံမူနှင့် အာမခံချက်ပေးနိုင်သော ဖွဲ့စည်းပုံအခြေခံဥပဒေများ မပေါ်ထွက်လာ မချင်း ပြည်မနှင့် ဒီမိုကရေစီ လွတ်လပ်ခွင့်မျိုး အဆင့်တွင်သာ ပူးပေါင်းဆောင်ရွက်ရန် ဖိအားပေးခြင်းမျိုးကို မလုပ်ဆောင်သင့်ပေ။

“ပန်းတိုင်ရောက်မှ ထိုပန်းတိုင်သည် မိမိရောက်လိုသော ပန်းတိုင်မဟုတ်မှန်း သိလိုက်ရသောအခါ ခံရခက်သည်”

———-
ကြေညာ | အမှတ် ၄၀ ဂျာနယ်စာစဉ် ဖတ်ရှုနိုင်ပြီ
 
ဂျာနယ်စာစဉ်များကို ဖက်ဒရယ်ဂျာနယ်၊ မြန်မာက ၃ လတကြိမ် ပုံမှန် ထုတ်ဝေလျက်ရှိနေပါတယ်။
 
အခုတခေါက် ထုတ်ဝေတဲ့ ဂျာနယ်စာစဉ် ခေါင်းစဉ်ကတော့ “မြန်မာ့တော်လှန်ရေး သမိုင်းကြောင်းကို ပြန်လည် သုံးသပ်ခြင်း” လို့ ပေးထားတာဖြစ်ပြီး စာစဉ်အပြည့်အစုံကို သိမ်းဆည်းဖတ်ရှုနိုင်ဖို့ ဖော်ပြပါ လင့်ခ်မှာ အခမဲ့ ဝင်ရောက်ဒေါင်းလုတ် ရယူနိုင်ပါတယ်။
 
ဒေါင်းလုတ်လင့်ခ် – https://drive.google.com/file/d/1q18aDDUkHPAP_Bf_H4vlaS4Ze8ucHt0b/view?usp=drive_link

Related Articles

Back to top button