စကားဝိုင်း

ဖက်ဒရယ်အရွေ့နှင့် အရှိန်မြှင့်တက်လာသော စစ်ဆင်ရေးများ(စကားဝိုင်းအနှစ်ချုပ်)

ဖက်ဒရယ်အရွေ့နှင့် အရှိန်မြှင့်တက်လာသော စစ်ဆင်ရေးများ(စကားဝိုင်းအနှစ်ချုပ်)

 

နွေဦးတော်လှန်ရေးထဲမှာ လက်နက်ကိုင် တော်လှန်ရေး အရေးပါမှုကို ဆွေးနွေးခြင်း

() ပထမဆုံးအနေနဲ့ နွေဦးတော်လှန်ရေးနဲ့ပတ်သက်ပြီး အမြင်ကို ပြောကြားပေးပါရှင့်။

ဒေါက်တာလှကျော်ဇော (မြန်မာ့ နိုင်ငံရေးလေ့လာသုံးသပ်သူ)

လက်ရှိနွေဦးတော်လှန်ရေးဟာ ခေတ်အဆက်ဆက်တော်လှန်ရေးရဲ့အဆက်ဖြစ်ပါတယ်။ ခေတ်အဆက် ဆက်တော်လှန်ရေးတွေဟာ ယာယီရှုံးနိမ့်ခဲ့ပေမဲ့ တဆက်ပြီးတဆက် ပြန်ပြီး ဦးထောင်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိနွေဦးတော်လှန်ရေးဟာ ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်ဆိုတဲ့ပန်းတိုင်ကို ပြည်သူလူထုကြားမှာ အားလုံးက လက်ခံလာကြသလို၊ နေရာပေါင်းစုံ၊ လူမျိုးပေါင်းစုံက တက်နိုင်တဲ့နည်းနဲ့ အကုန်ပါလာကြတာ ဖြစ်ပါတယ်။ လက်ရှိမှာ နည်းလမ်းပေါင်းစုံ၊ နေရာစုံ၊ သဏ္ဍာန်စုံနဲ့ တိုက်ဝင်နေတဲ့အတွက် လက်ရှိတော်လှန်ရေးက အောင်မြင်မယ်လို့ ယုံကြည်ပါတယ်။

ရဲဘော်ဆန်နီ (အထွေထွေအတွင်းရေးမှူး- ABSDF)

နွေဦးတော်လှန်ရေးဟာ ခေတ်အဆက်ဆက်တိုက်ပွဲဝင်ခဲ့တဲ့တော်လှန်ရေးရဲ့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးရဲ့ နောက်ဆုံးတိုက်ပွဲဖြစ်ပါတယ်။ အစိုးရပြောင်းလဲဖို့ဆိုတာထက် စနစ်တစ်ခုလုံးကို ပြောင်းလဲတဲ့ တော်လှန်ရေးတစ်ခုဖြစ်ပါတယ်။ လက်ရှိကာလမှာ စစ်ဘောင် ကျယ်လာတာနဲ့အမျှ နိုင်ငံရေးဘောင် ကျုံ့လာတဲ့ အပေါ် မှာ NUCC လိုမျိုး ကြီးမားကျယ်ပြန်တဲ့ နိုင်ငံရေးအခင်းအကျင်းကို တည်ဆောက်ဖို့ လိုပါတယ်။ လက်နက်ကိုင်တိုက်ပွဲနဲ့ လူထုတိုက်ပွဲတွေ ပေါင်းစပ်လာနိုင်တဲ့အခြေအနေကိုရောက်ရှိလာတဲ့အတွက် အောင်မြင်မှု ရရှိ လိမ့်မယ်လို့ ယုံကြည်ပါတယ်။ စစ်အာဏာရှင်တွေရဲ့ အကြမ်းဖက်မျက်နှာဖုံးကို ခွာချလိုက်နိုင်တဲ့ တော်လှန်ရေး တရပ်ဖြစ်တယ်လို့ မြင်ပါတယ်။

 () လက်နက်ကိုင်တော်လှန်ရေးတစ်ရပ်ဆင်နွှဲတဲ့အချိန်မှာ ဘယ်လိုမဟာဗျူဟာ၊ နည်းဗျူဟာတွေကို အသုံးပြုသင့်ပါသလဲ။

ဗိုလ်ကြီးကောင်းသူဝင်း (CDM)

လက်နက်ကိုင်တော်လှန်ရေးကိုဆင်နွှဲတဲ့အချိန်မှာ ရန်သူ့အင်အား၊ မိမိအင်အားကို သိအောင် ကြိုးစားဖို့ လိုပါတယ်။ ခေတ်အဆက်ဆက် တော်လှန်ရေးတွေနဲ့ တိုက်ပွဲတွေကြားမှာ စစ်တပ်ဟာ ဘာကြောင့် အသက်ပြင်းပြင်းနဲ့ ရပ်တည်နေနိုင်ခဲ့သလဲဆိုတာကိုလည်း သုံးသပ်ဖို့လိုပါတယ်။ အရင်က ပြည်သူတွေကို လိမ်လုံးပေါင်းများစွာနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ဖုံးကွယ်ထားနိုင်ပေမဲ့၊ လက်ရှိမှာ ပြည်သူတွေက စစ်တပ်ရဲ့ လိမ်လုံးတွေ၊ အကြမ်းဖက်လုပ်ရပ်တွေကို ပိုသိလာပြီ။ စစ်ကောင်စီရဲ့ အားနည်းချက်၊ အားသာချက်ကို သုံးသပ်ပြီး မဟာဗျူဟာကိုရေးဆွဲဖို့လိုပါတယ်။ စစ်ဘောင်ကျယ်လာတဲ့အချိန်မှာ စစ်ကောင်စီကို စစ်မျက်နှာပေါင်းများစွာနဲ့ တပြိုင်နက်ထဲ တိုက်ခိုက်ဖို့လိုသလို၊ ဒရုန်း စတဲ့ အဆင့်မြင့်နည်းပညာတွေသုံးပြီး စစ်တိုက်ဖို့ လိုပါတယ်။

ဗိုလ်နဂါး (ဥက္ကဌ – ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်)

ရန်သူသုံးမဲ့ နည်းဗျူဟာတွေကို သုံးသပ်ပြီး တိုက်ပွဲဝင်ဖို့လိုပါတယ်။ စစ်ကောင်စီဟာ အချင်းချင်းကြား သပ်လျှိုသွေးခွဲတဲ့နည်းကို သုံးပြီး တော်လှန်ရေးကို ဖြိုချခဲ့ပါတယ်။ လက်ရှိအခြေအနေမှာ ရန်သူကိုဖြိုချဖို့အတွက်ဆိုရင် တော်လှန်ရေးအင်အားစုများအားလုံးအကြား နိုင်ငံရေးအရ မျှတတဲ့နိုင်ငံရေးတခုကို နားလည်မှုယူပြီး စစ်ကောင်စီကို လက်ယက်ထိုးဝိုင်းပတ်တဲ့ဗျူဟာနဲ့ တိုက်ခိုက်သင့်ပါတယ်။ ကိုယ်က သက်လုံကောင်းချိန်မှာ ရန်သူကို မြန်မြန်ဆန်ဆန် တိုက်ခိုက်ဖို့လိုပါတယ်။ အချင်းချင်းကြားနိုင်ငံရေးမညီညွတ်ရင် နောက်ထပ်အာဏာရှင်တွေ ဝင်နှောက်သွားနိုင်ပါတယ်။

() နွေဦးတော်လှန်ရေးကနေ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက်  လက်နက်ကိုင်တော် လှန်ရေးက ဘယ်လောက်ထိ အခရာကျမယ်လို့ ယူဆပါသလဲ။

ရဲဘော်ဆန်နီ (အထွေထွေအတွင်းရေးမှူး- ABSDF)

လက်နက်ကိုင်တော်လှန်ရေးဟာ နိုင်ငံရေးလိုအပ်ချက်အရ တိုက်ပွဲဝင်ကြရတာ ဖြစ်ပါတယ်။ တော်လှန်ရေးတရပ်တည်ဆောက်နိုင်ဖို့အတွက် နိုင်ငံရေး၊ စစ်ရေးအရ စုစည်းဦးဆောင်မှုပြုနိုင်တဲ့ ခိုင်မာတဲ့တပ်ပေါင်းစုကို တည်ဆောက်နိုင်ဖို့ လိုပါတယ်။ ပြည်သူလူထုတရပ်လုံး စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ရေး၊ ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေးအပါအဝင် ရည်မှန်းချက်တွေကို ချမှတ်ပြီး တပ်ပေါင်းစုကို တည်ဆောက်ခဲ့ကြတာဖြစ်ပါတယ်။ စစ်ရေးရည်မှန်းချက်နှင့် မဟာာဗျူဟာကို ချမှတ်ပြီး စစ်ကောင်စီကို တည်ဆောက်ရမှာ ဖြစ်ပါတယ်။

ဒေါက်တာလှကျော်ဇော (မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ)

လက်ရှိအချိန်မှာ စစ်အာဏာရှင်စနစ်ပြုတ်ကျရေးကို ဦးတည်ပြီး တိုက်ပွဲဝင်သွားဖို့လိုပါတယ်။ စစ်အာဏာရှင်စနစ် ပြုတ်ကျရေး အဓိကထား လုပ်ဆောင်ဖို့ လိုသလို၊ ပြည်သူလူထု အကျိုးစီးပွားကိုအဓိကထားပြီး လုပ်ဆောင်သွားရပါမယ်။ လက်နက်ကိုင်တော်လှန်ရေးတစ်ရပ်ကို ဆင်နွှဲဖို့ဆိုရင် ကိုယ်တပ်ကိုယ်လုံအောင် တည်ဆောက်ဖို့လိုပါတယ်။ အားလုံးညီညီညွတ်ညွတ်နဲ့ တပြည်လုံးအတိုင်းအတာနဲ့ တိုက်ခိုက်ဖို့လိုပါတယ်။ စစ်ကောင်စီရဲ့ ယုတ်ကမ်းတဲ့နည်းလမ်းတွေကိုလည်း သတိထားပြီး ပြင်ဆင်ဖို့လိုပါတယ်။ ဘက်ပေါင်းစုံကနေ စနစ်သစ်အတွက် တည်ဆောက်ဖို့လိုပါတယ်။

(၄) လက်ရှိနွေဦးတော်လှန်ရေးကာလမှာ မြောက်ပိုင်းညီနောင်မဟာမိတ် ဖွဲ့ ဦးဆောင်တဲ့ Operation 1027 လို့ခေါ်တဲ့ ၁၀၂၇ ထိုးစစ်ဆင်မှုက သီတင်းပတ် (၃) ပတ်ကျော်အတွင်းမှာ မြန်မာစစ်တပ်ရဲ့အဓိက စစ်စခန်းအပါအဝင် စခန်းရာချီကို သိမ်းပိုက်ပြီး မြို့သိမ်းတိုက်ပွဲတွေပါ ဖော်ဆောင်လာနိုင်မှုနဲ့ ပတ်သက်ပြီး သုံးသပ်ပေးပါရှင့်။

ဗိုလ်ကြီးကောင်းသူဝင်း (CDM)

၁၀၂၇ စစ်ဆင်ရေးနဲ့ ပတ်သက်ပြီး သုံးသပ်ရမယ်ဆိုရင် တိုက်ပွဲအတွက် အချိန်ယူပြင်ဆင်ထားမှု၊ မဟာမိတ်ညီနောင်အဖွဲ့တွေအပါအဝင် BPLA, PLA, PDF တွေစတဲ့ တော်လှန်ရေးအင်အားစုတွေ  နဲ့ D- Day  ကျကျ ပူးပေါင်းဆင်နွှဲမှုဟာ အားတရပ် ဖြစ်စေပါတယ်။ နောက်ထပ်အားသာချက်အနေနဲ့ ဒရုန်းအပါအဝင်အဆင့်မြင့် နည်းပညာအသုံးပြုနိုင်မှု၊ လိုအပ်တဲ့ ခဲယမ်းတွေကို ပြင်ဆင်ထားနိုင်မှုကြောင့် အချန်အတိုအတွင်း စစ်စခန်းရာနဲ့ချီ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ တနိုင်ငံလုံးက ဒေသတွေမှာ စစ်မျက်နှာ ဖွင့်ပြီး တိုက်ခိုက်ခံနေရတာကြောင့် စိတ်နဲ့ ကိုယ် ပင်ပန်းနေချိန်မှာ မထင်မှတ်ထားတဲ့ ရှမ်းမြောက်မှာ အခုလို တိုက်ခိုက်ခံခဲ့ရတာကြောင့် အခုလို အောင်မြင်ခဲ့တာဖြစ်ပါတယ်။

ရဲဘော်ဆန်နီ (အထွေထွေအတွင်းရေးမှူး- ABSDF)

၁၀၂၇ စစ်ဆင်ရေးဟာ အချိန်ကိုက်၊ နေရာကိုက် လုပ်ဆောင်နိုင်တဲ့ ညီနောင်မဟာမိတ် (၃) ဖွဲ့ရဲ့ အောင်မြင်မှုလို့ ပြောလို့ရသလို ဂုဏ်ယူကြောင်းပြောကြားလိုပါတယ်။ တတိုင်းပြည်လုံးက အတုယူဖို့ကောင်းတဲ့ စစ်ဆင်ရေးတစ်ရပ်ဖြစ်သလို တနိုင်ငံလုံးကိုအရှိန်မြှင့်တိုက်ပွဲရဲ့ အချက်ပေးခေါင်းလောင်းသံ ဖြစ်ပါတယ်။ ခုခံစစ်ကို ကျော်ပြီးတော့ စစ်တပ်ကို မိမိဒေသအသီးသီးကနေ မောင်းထုတ်မဲ့ တွန်းလှန်စစ်ကို ရောက်သွားပါပြီ။

(၅) စစ်ဆင်ရေး ၁၀၂၇ ရဲ့ စစ်ဆင်ရေးအဟုန်ဟာ စစ်ဘောင်ကို ဘယ်လောက်အထိ ကျယ်ပြန့်လာစေနိုင်ပါသလဲ။

ဒေါက်တာလှကျော်ဇော (မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ)

၁၀၂၇ စစ်ဆင်ရေးဟာ နှစ်ပေါင်းများစွာ ကြိုတင်ပြင်ဆင်မှုရဲ့ ရလဒ်ဖြစ်ပါတယ်။ လူမျိုးရေး၊ ဘာသာရေးစတဲ့အပေါ်မှာ ကွဲပြားမှုမရှိဘဲ စစ်အာဏာရှင်စနစ်ကို တိုက်ခိုက်သွားမှုရမှာ ဖြစ်ပါတယ်။ စစ်ရေးကို တအားကြီး လောလို့ မရဘူး။ ကိုယ်အင်အားကို စနစ်တကျ တည်ဆောက်ဖို့လိုပါတယ်။ ပြည်သူကို မျက်နှာမူတဲ့ တပ်ဖြစ်ဖို့လိုပါတယ်။ ပြည်သူ့အကျိုးကို တည်ဆောက်ရင်း ပြည်သူတွေကို စည်းရုံးဖို့လိုပါတယ်။ တပ်ပေါင်းစုကို ပိုမိုအားကောင်းအောင် လုပ်ဆောင်ဖို့ လိုပါတယ်။ စစ်ဘောင်ကျယ်လာမှာ ဖြစ်တယ်။ စိတ်မလောဖို့နဲ့ ပြင်ဆင်ထားဖို့လိုပါတယ်။

ဗိုလ်နဂါး (ဥက္ကဌ – ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်)

၁၀၂၇ စစ်ဆင်ရေးဟာ ကြိုတင်ပြင်ဆင်ချက်အနေနဲ့ အင်အားစုဆောင်းခဲ့ကြပါတယ်။ BNRA လည်း ပူးပေါင်းပါဝင်ခဲ့ပါတယ်။ ကိုယ့်လက်ကိုယ်လက်နက်နဲ့ ရန်သူကို တိုက်ခိုက်လိုတဲ့အတွက် မိမိမှာ လက်နက်မရှိတဲ့အခါ မဟာမိတ်တွေနဲ့ ပေါင်းစပ်ပြီးတော်လှန်ရေးကို ဆင်နွှဲနေခဲ့ရတာဖြစ်ပါတယ်။ တိုင်းရင်းသားတွေရဲ့ ဝိုင်းဝန်းကူညီမှုနဲ့ အခြေပျက်အနေပျက် ဖြစ်နေတဲ့ စစ်တပ်ကို ခြွေစစ်စနစ်နဲ့ စစ်ကိုင်းမှာ ခပ်စိပ်စိပ် တိုက်ပွဲဝင်သွားမှု ဖြစ်ပါတယ်။

() လက်ရှိအခြေအနေအပေါ် စစ်ကောင်စီက ဘယ်လိုနည်းတွေနဲ့ တုံ့ပြန်လာနိုင်ပါသလဲ။

ဗိုလ်ကြီးကောင်းသူဝင်း (CDM) ၊

ပထမဆုံးအနေနဲ့ လေကြောင်းအင်အားတွေကို သုံးလာမှာ ဖြစ်ပါတယ်။ ကျပြီးသားနေရာတွေကို ပြန်တိုက်တာထက်စာရင် မကျသေးတဲ့နေရာတွေကို အင်အားဖြည့်သွားပြီး ကာကွယ်သွားနိုင်ပါတယ်။ အလယ်ပိုင်းအမာခံဒေသတွေကို ပိုပြီးကာကွယ်ထားမယ်လို့ မြင်ပါတယ်။ တိုင်းစစ်ဌာနချုပ်တွေကိုလည်း ထိန်းမယ်။ ပြင်ဦးလွင်ကိုလည်း မကျအောင်ထိန်းဖို့ ကြိုးစားမယ်လို့ မြင်ပါတယ်။  ဒရုန်းကြောင့် ပိုမိုအထိ နာလာတဲ့အတွက် စစ်တပ်ဘက်ကလည်း နည်းပညာအရ ဒရုန်းကို ကာနိုင်တဲ့ နည်းပညာကို ရှာနေချိန်မှာ တော်လှန်ရေးအင်အားစုဘက်က တဆင့်မြင့်တဲ့ နည်းပညာတွေကို နည်းလမ်းရှာထားဖို့ လိုပါတယ်။

ရဲဘော်ဆန်နီ (အထွေထွေအတွင်းရေးမှူး- ABSDF)

လက်ရှိအခြေအနေက တော်လှန်ရေးဟာ ခံစစ်ကနေ ထိုးစစ်ကို ရောက်လာပြီ။ ၁၀၂၇ စစ်ဆင်ရေးအောင်မြင်မှုကို ကြည့်ခြင်းအားဖြင့် တပ်ပေါင်းစုအင်အားနဲ့ တော်လှန်ရေးကို အောင်ပွဲရမှာ ဖြစ်ပါတယ်။ ဒီနေ့မှာ စစ်တပ်ဟာ တော်လှန်ရေးအင်အားတွေအပြင် ပြည်သူတွေကိုပါ ရန်သူသဖွယ် တိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။ တော်လှန်ရေးဟာ ပျောက်ကြားစစ်ကနေ သမာရိုးကျစစ်ပွဲကို ဆင်နွှဲလာတဲ့အခြေအနေကို ရောက်ရှိ လာ ပြီးတော့ စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲတွေကိုပါ လုပ်ဆောင်လာနိုင်ပြီဖြစ်ပါတယ်။ စစ်တပ်အနေနဲ့ အမာခံ စစ်ဒေသတွေကို ကာကွယ်ဖို့အတွက် ပြင်းအားမြင့် လက်နက်ကြီးတွေကိုပါ ထုတ်သုံးလာနိုင်ပါတယ်။ မြို့တွေကို တော်လှန်ရေးအင်အားစုတွေအပြင် လူထုအင်အားနဲ့ပါ သိမ်းပိုက်နိုင်ဖို့ ကြိုးပမ်းသွားကြရမှာ ဖြစ်ပါတယ်။

စည်းလုံးညီညွတ်ရေးနဲ့ အဆင့်မီတဲ့ စစ်တပ်ရဲ့ အခန်းကဏ္ဍကို ဆွေးနွေးခြင်း

(၁) စစ်ဆင်ရေး ၁၀၂၇ နှင့် ထိုးစစ်အပါအဝင် လက်နက်ကိုင်တော်လှန်ရေးရဲ့ အရှိန်အဟုန်ဟာ အားလုံး လိုလားကြတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ ဖက်ဒရယ်အရွေ့အတွက် ဘယ်လောက်ထိ ပံ့ပိုးပေးနိုင်မယ်လို့ မြင်ပါသလဲ။              

ရဲဘော်ဆန်နီ (အထွေထွေအတွင်းရေးမှူး- ABSDF)         

စစ်အာဏာရှင်စနစ်နဲ့ ယန္တရားကို ဖြိုချဖို့ လက်နက်ကိုင်တော်လှန်ရေးကိုဆင်နွှဲဖို့လိုပါတယ်။ ဒီမိုကရေစီ အရေး ဆိတ်သုဉ်းခြင်းနဲ့ တိုင်းရင်းသားတို့၏ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ တန်းတူရေးမရှိတဲ့ ပြဿနာ ဖြစ်ပါ တယ်။ လက်ရှိအချိန်မှု မိမိတို့၏ဒီမိုကရေစီအရေး၊ မိမိတို့၏ တန်းတူရေးနှင့် မိမိတို့ ၏အခွင့်အရေး တွေအတွက် ပြည်သူတရပ်လုံးက ကိုယ်တိုင်ကိုယ်ကျ တော်လှန်တိုက်ပွဲဝင်သွားဖို့ တိုက်တွန်းချင်ပါတယ်။

(၂) ဘက်ပေါင်းစုံကနေ အင်အားချိနဲ့လာတဲ့ မြန်မာစစ်တပ် (လက်ရှိအများခေါ် စစ်ကောင်စီ) ဟာ သူ့ရဲ့ ခြေကုတ်ယူ ထားတဲ့ နယ်မြေတွေကိုဆွဲကိုင်ပြီး ခွဲထွက်သွားနိုင်ပါသလား။ သို့မဟုတ် စစ်တပ်က ပြိုကျသွား နိုင်လား။

ဗိုလ်နဂါး (ဥက္ကဌ – ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်)

စစ်ကောင်စီအနေနဲ့ သူတို့လိုချင်တဲ့ နေရာကို ခွဲထွက်သွားလို့ မရပါဘူး။ ခွဲထွက်ခွင့်ဆိုတာ စစ်တပ်မှာ မရှိဘူး။ အဲလိုလုပ်ခွင့်ပေးရမယ်ဆိုရင် မြွေပွေးကို ခါးပိုက်ပိုက်တာဖြစ်ပါတယ်။ စစ်တပ်အမြစ်ဖြတ်လို့ ပြောတဲ့နေရာမှာ စစ်သားတစ်ယောက်မကျန် သတ်ပစ်ရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ စစ်တပ်အနေနဲ့ တာဝန်ခံရမဲ့ အရာတွေကို အပြစ်ဒဏ်ခံခိုင်းရမှာ ဖြစ်ပါတယ်။ စစ်တန်းလျား ပြန်ပို့ရမှာ ဖြစ်ပါတယ်။ စစ်တပ် ဘယ်လို ဖြစ်လာမလဲဆိုတာကို တွေးပူနေမဲ့အစား၊ စစ်တပ်ကို ဘယ်လို ဖြစ်အောင် လုပ်ရမလဲဆိုတာကိုဘဲ လုပ်ဖို့လိုပါတယ်။

ဗိုလ်ကြီးကောင်းသူဝင်း (CDM)

လက်ရှိအခြေအနေမှာ စစ်တပ်ရဲ့ တပ်လိုက်တပ်ဆုတ်မှုတွေ၊ တပ်ပြောင်းလဲမှုကို ကြည့်မယ်ဆိုရင် ရှေ့တန်းတပ်တွေကို ဆုတ်ပေးလိုက်တာမျိုးရှိပေမဲ့ အခြေစိုက်ကွပ်ကဲရေးစခန်းတွေက မူလနေရာမှာ ဆက်ရှိ နေသေး တာကို ကြည့်ခြင်းအားဖြင့် အမာခံဒေသတွေကို ခြေကုတ်ယူပြီး ခွဲထွက်သွားမဲ့ အနေအထားမတွေ့ရ သေးပါဘူး။ ဆက်လက်စောင့်ကြည့်ဖို့ လိုပါသေးတယ်။ သို့ပေမဲ့ လက်ရှိတိုက်ပွဲတွေမှာ စစ်သားတွေအနေနဲ့ ဘက်ပြောင်းမှုတွေ၊ အလင်းဝင်တွေများလာရင်တော့ ရာထူးကြီးတဲ့သူချည်းဘဲ ကျန်ခဲ့ရင် စစ်တပ်က ပြိုကျ သွားလိမ့်မယ်။ ဘက်ပြောင်းမှုတွေ လွယ်လွယ်ကူကူ ဝင်လာလို့ရအောင် စီစဉ်ထားပေးဖို့လိုပါတယ်။ လက်ရှိ အချိန်က စစ်တပ်ပြိုကျဖို့အတွက် အကောင်းဆုံးအချိန် ဖြစ်ပါတယ်။

() လက်ရှိအခြေအနေအပေါ်မှာ အိမ်နီးချင်း တရုတ်၊ အိန္ဒိယနဲ့ ထိုင်း အပါအဝင်၊ နိုင်ငံတကာက ဘယ်လိုပုံစံမျိုးနဲ့ တုံ့ပြန်လာနိုင်ပါသလဲ။

ဒေါက်တာလှကျော်ဇော (နိုင်ငံရေးလေ့လာသုံးသပ်သူ)

အိမ်နီးချင်းအပါအဝင် နိုင်ငံတကာက သူတို့ရဲ့အကျိုးစီးပွားအပေါ်အခြေခံပြီးတော့ လုပ်သွားမှာ ဖြစ်ပါတယ်။ တရုတ်ကလည်း တရုတ်ရဲ့ လုံခြုံရေးနဲ့ စီးပွားရေးကို အခြေပြုပြီး ရှုမြင်မှာ ဖြစ်ပါတယ်။ အိန္ဒိယနဲ့ ထိုင်းကလည်း တော်လှန်ရေးကို ပြီးစေချင်ပြီလို့ ပြောလို့ရပါတယ်။ ပြည်သူတွေအနေနဲ့ စစ်အာဏာရှင်တွေ ရှိနေသမျှ ပြည်တွင်းစစ်ငြိမ်းမှာ မဟုတ်ဘူးဆိုတာကို ပြဖို့ လိုပါတယ်။

) အမေရိကန်အပါအဝင် နိုင်ငံတကာကပါ ဒဏ်ခတ်အရေးမှုတွေကလည်း ပိုပြီးအရှိန်မြင့်လာတာတွေ ရှိလာနေ ချိန် တပြိုင်တည်း မြန်မာစစ်တပ်ကလည်း ဘက်ပေါင်းစုံကနေ အကြီးအကျယ် အားနည်းလာချိန်မှာ တော်လှန်ရေး အင်အားစုတွေဘက်က ချီတက်ချင်တဲ့ ပန်းတိုင်ကို ခပ်မြန်မြန်နဲ့ ဘာတွေကို ပြင်ဆင်တည်ဆောက်သင့်ပါသလဲ။ အကြံပြုချက်တွေကို ကြားချင်ပါတယ်။

ရဲဘော်ဆန်နီ (အထွေထွေအတွင်းရေးမှူး- ABSDF)

စစ်ကောင်စီဦးဆောင်တဲ့အစိုးရကို နိုင်ငံတကာက လက်ရှိအချိန်အထိ တရားဝင်အစိုးရအဖြစ် လက်မခံသေးတာက တော်လှန်ရေးအတွက် အားသာချက် တစ်ရပ်ဖြစ်ပါတယ်။ စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေးတွေမှာ စစ်ကောင်စီ ရှုံးနိမ့်နေချိန်မှာ (၁) လက်နက်ကိုင်တိုက်ပွဲကို အရှိန်အဟုန်မြှင့်သင့်တယ်။ (၂) နိုင်ငံရေးအရ ပိုမိုစုစည်းတည်ဆောက်သင့်ပါတယ်။ (၃) သံတမန်အရေးအရ ပိုမိုထောက်ခံမှုရရှိအောင် လုပ်ဆောင်ဖို့ လိုသလို (၄) နိုင်ငံတကာထောက်ပံ့မှု ရရှိအောင် လုပ်ဆောင်ဖို့ လိုပါတယ်။ နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်နိုင်မှု အားကောင်းလာမယ်ဆိုရင်၊ နိုင်ငံရေးရည်မှန်းချက်နဲ့ နိုင်ငံရေးလမ်းပြမြေပုံကို ပိုမိုရှင်းလင်းအောင် ချပြလုပ်ဆောင်နိုင်မယ်ဆိုရင် နိုင်ငံတကာက ပိုမိုထောက်ခံလာမှာ ဖြစ်သလို၊ တရားဝင်မှု ရရှိလာမှာ ဖြစ်ပါတယ်။

ဗိုလ်နဂါး (ဥက္ကဌ – ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်)

စစ်ကောင်စီင အင်အားချိနဲ့နေချိန်မှာ တော်လှန်ရေးအင်အားစုတွေ အားလုံးစုပေါင်းပြီး ဖက်ဒရယ်ပြည်ထောင်စုကို အကောင်အထည်ဖော်ဖို့ လိုပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုဆိုတာ ဖန်တီးတည်ဆောက်သွားရမှာ ဖြစ်ပါတယ်။ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ကို လက်ရှိကာလမှာကတည်း လက်ခံဖို့ လိုပါတယ်။ နိုင်ငံတော်တည်ဆောက်ရေးအတွက် ဖွဲ့စည်းပုံကို ရေးဆွဲပြီး ဥပဒေလမ်းကြောင်းအရ အာမခံတည်ဆောက်ဖို့ လိုပါတယ်။ အားလုံံးသဘောတူတဲ့ ဖွဲ့စည်းပုံတစ်ရပ်သာရှိမယ်ဆိုရင် စစ်ကောင်စီကလည်း အလိုအလျောက် အကြမ်းဖက်စစ်တပ်ဆိုတာကို မြင်သွားကြမှာဖြစ်သလို၊ နိုင်ငံတကာကလည်း ပိုမိုထောက်ခံလာမှာ ဖြစ်ပါတယ်။

) အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးမှာ ဖက်ဒရယ်တပ်မတော်ရဲ့အခန်းကဏ္ဍအတွက်ဆိုရင် နွေဦးတော်လှန်ရေးမှာ တိုက်ပွဲဝင်နေတဲ့ လက်နက်ကိုင်တပ်ဖွဲ့ရဲ့အခန်းကဏ္ဍနဲ့ မြန်မာစစ်တပ်ရဲ့အခန်းကဏ္ဍကို ဘယ်လိုခွဲခြားလို့ ရနိုင်မလဲ။ လက်ရှိတော်လှန်ရေးကို သွားနေရင်း အဆင့်မှီတဲ့ဖက်ဒရယ်တပ်မတော်တရပ် ပေါ် ပေါက်လာဖို့ ဘယ်လိုပုံစံနဲ့ စပြီးတည်ဆောက်ဖို့ လိုအပ်ပါသလဲ။

ဗိုလ်ကြီးကောင်းသူဝင်း (CDM)

အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးမှာ တပ်မတော်ကို ဖွဲ့စည်းဖို့အတွက် လိုအပ်တဲ့ ကြည်း၊ ရေ၊ လေ၊ နဲ့ ထုတ်လုပ်ရေးစတဲ့ စစ်အင်အားတွေကို တည်ဆောက်ရာမှာ လက်ရှိ တော်လှန်ရေးအင်အားစုတွေ၊ ERO တွေနဲ့ တည်ဆောက်ရမှာ ဖြစ်သလို တဖက်ကလည်း CDM တပ်သားတွေကိုလည်း ပြန်ပြီး အသုံးပြုဖို့လိုပါတယ်။ ဒါမှသာ အင်အားတောင့်တင်းတဲ့ စစ်တပ်ဖြစ်လာမှာ ဖြစ်ပါတယ်။

ဒေါက်တာလှကျော်ဇော (မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ)

လက်ရှိမှာ တော်လှန်ရေးတပ်တွေအနေနဲ့ စစ်ရေး၊ နိုင်ငံရေးအရ စည်းကမ်းတကျ တည်ဆောက်ဖို့လိုပါတယ်။ သုံ့ပန်းပညာပေးရေးကိုလည်း လုပ်ဆောင်ဖို့လိုပါတယ်။ သုံ့ပန်းပညာပေးရေးကို လုပ်ဆောင်နိုင်မယ်ဆိုရင် သူတို့တွေရဲ့ အားသာချက်တွေကို ဖော်ထုတ်ပေးနိုင်ပြီးတော့ နောက်ပိုင်းကျရင် စစ်အင်အားအတွက် ပြန်ပြီးအသုံးဝင်ပါတယ်။ CDM တွေနဲ့ သုံ့ပန်းတွေက နောက်ပိုင်းကျရင် စစ်အင်အားတွေအတွက် အများကြီး အထောက်အပံ့ဖြစ်ပါတယ်။ သုံ့ပန်းတွေအပေါ်မှာ လူသားချင်းစာနာမှုအပြည့်နဲ့ ဆက်ဆံမယ်ဆိုရင် စစ်တပ်က မြန်မြန်ပြိုကျသွားမှာ ဖြစ်ပါတယ်။

ရဲဘော်ဆန်နီ (အထွေထွေအတွင်းရေးမှူး- ABSDF)

စစ်တပ်အနေနဲ့ အရပ်သားအစိုးရအောက်မှာ ထားရှိရမှာ ဖြစ်ပါတယ်။ တပ်မတော်ကို လုံခြုံရေးကဏ္ဍရဲ့ ကာကွယ်ရေးကို တာဝန်ယူဖို့ လိုပါတယ်။ စုဖွဲ့မှု၊ ပါဝင်မှုအပေါ်မှာ မူတည်ပြီး အချိုးညီတဲ့ တပ်မတော်ဖြစ်ဖို့ လိုပါတယ်။ တပ်မတော်ဟာ နောက်ထပ်တချိန် အာဏာသိမ်းတဲ့ တပ်မတော်၊ အာဏာရှင်တပ်မတော်မဖြစ်လာအောင်လည်း လုပ်ဆောင်ဖို့ လိုပါတယ်။

Related Articles

Back to top button