အတွေးအမြင်

၁၉၈၈ နှင့် မကဒတ | ရဲဘော် ဆလိုင်းယောအောင် (ABSDF)

၁၉၈၈ နှင့် မကဒတ | ရဲဘော် ဆလိုင်းယောအောင် (ABSDF)

(မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး) မကဒတကို ၁၉၈၈ ခုနှစ် ၈၈၈၈ လူထု ဒီမိုကရေစီအရေးတော်ပုံကြီးကနေ မွေးဖွားပေးခဲ့ခြင်း ဖြစ်ပါတယ်။

တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် လက်နက်ကိုင် တိုက်ပွဲဝင်နေကြသော တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများထိန်းချုပ်ထားရာ လွတ်မြောက်နယ်မြေအသီးသီးမှာ အခြေပြုပြီး သက်ဆိုင်ရာ တိုင်ရင်းသားလက်နက်ကိုင် တော်လှန် ရေးအဖွဲ့အစည်းများနှင့်အတူ လက်တွဲပြီး –

(၁) အဖိနှိပ်ခံ တိုင်းရင်းသားပြည်သူတရပ်လုံး စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေး။

(၂) ဒီမိုကရေစီနှင့် လူ့အခွင့်အရေးရရှိရေး။

(၃) ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး။

(၄) ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးတို့အတွက် ယနေ့ (၂၀၂၃) အထိ လက်နက်ကိုင်တော်လှန် တိုက်ပွဲဝင်လျက်ရှိပါတယ်။

မကဒတ စတင်တည်ထောင်ဖွဲ့စည်းပြီးနောက် ကျွန်တော်ပထမဦးဆုံးကြားရသော ဝေါဟာရမှာ မဟာ ဗမာဖြစ်ပါတယ်။ နယ်မြေခံ တာဝန်ရှိသူများနှင့် အတော်လေးအချေအတင်ဆွေးနွေးခဲ့ကြပြီးနောက် မဟာဗမာ ဆိုသော ဝေါဟာရကို လက်ခံခဲ့ပါတယ်။

ထိုအချိန်က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအခြေခံသည့် တပါတီ အာဏာရှင်အစိုးရက အာဏာရယူ ထားသည့်ကာလဖြစ်ပြီး အာဏာရှိသူ အတော်များများမှာ ဗမာများဖြစ်နေပြီး သူတို့နှင့်အသွင်တူသည့် တိုင်ရင်းသားအချို့ကိုသာ နေရာအနည်းငယ်ပေးထားသည်ကို တွေ့ရပါတယ်။

ထို့ အတူ တိုင်းနှင့်ပြည်နယ်အာဏာပိုင်အဖွဲ့အစည်းများတွင်လည်း ဗမာများနှင့် ၎င်းတို့ကြိုးကိုင်လို့ ရသည့် တိုင်း ရင်းသားများကိုသာ ရွေးချယ်တာဝန်ပေးထားခဲ့ကြပါတယ်။

အာဏာနှင့်လုပ်ပိုင်ခွင့်ရှိသည့် နေရာများကို ဗမာများကသာ လွှမ်းမိုးထားသည်ကို တွေ့ရမှာဖြစ်ပြီး၊ ဗမာများကသာ အရာရာကိုသိ အရာရာကိုတတ်၊ ဗမာလူမျိုးကိုသာ အခြေခံပြီးတည်ဆောက် ထားသဖြင့် မဟာဗမာ လူမျိုးကြီးဝါဒဟု တိုင်းရင်းသားများက ခေါ်ဆိုခဲ့ကြခြင်းဖြစ်ပါတယ်။

ထိုစကားဝိုင်းမှာဘဲ ကျွန်တော်က – “အခုကျွန်တော်တို့ ခင်ဗျားတို့ဆီလာတာ အဲ့ဒီဗမာတွေ လုပ်ခဲ့တာတွေကို အကြွေးဆပ်ဖို့ လာတာမဟုတ်ဘူး၊ ကျွန်တော်တို့ ဒီစစ်အာဏာရှင်စနစ်ကို လက်နက်ကိုင်တော်လှန်မှ ကျွန်တော်တို့လိုချင်တဲ့ ဒီမိုကရေစီရမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ လာတာဖြစ်တယ်” လို့ ဆွေးနွေးခဲ့ပါတယ်။

ထိုအချိန်က ကျွန်တော်တို့ကိုလည်း KNU ခေါင်းဆောင်အချို့က ဒီဗမာလေးတွေလဲ ဗမာကြီးတွေနဲ့ သိပ်ထူးမှာမဟုတ်ပါဘူးဆိုတဲ့ သံသယ အမြင်ရှိခဲ့ကြပါတယ်။ ဒီကောင်လေးတွေ အပြောကတော့ အတော်ကြီး ကျယ်တယ်။

ငှက်ဖျားဒဏ်၊ ငပိဒဏ်တွေကို ဘယ်လောက်ရင်ဆိုင်နိုင်ကြမလဲ။ (၃,၄) လလောက်ကြာရင် ပြန်သွားကြမှာပါလို့ အချို့ခေါင်းဆောင်တွေရဲ့ မှတ်ချက်ချပြောဆိုသံတွေကိုလည်း ကြားခဲ့ရပါတယ်။

ထို့အတူ ကျွန်တော်တို့ ဘယ်လောက်အနစ်နာခံနိုင်မလဲ၊ အဆင်းရဲခံနိုင်မလဲ၊ စိတ်ဓါတ် ဘယ်လောက် မာနိုင်မလဲ၊ ခံနိုင်ရည် ဘယ်လောက်ရှိမလဲ ဆိုတဲ့ သဘာဝစမ်းသပ်မှုအမျိုးမျိုး၊ လူလုပ်စမ်းသပ်မှု အမျိုးမျိုးကိုလည်း ရင်ဆိုင်ခဲ့ရပါတယ်၊ အဲ့ဒီအခက်အခဲတွေကို ရင်ဆိုင် ဖြတ်ကျော်ခဲ့ပြီး (၁၉၈၈ ကနေ ၂၀၂၃) အထိ (၃၅) နှစ်အထိ ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။ (၃၅) နှစ်တာ နိုင်ငံရေးခရီးဖြတ်သန်းမှု အတွင်း မှာလဲ ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေး အခြေအနေနှင့်အညီ ကြံ့ကြံ့ခံပြီး မယိုင်မလဲ ရပ်တည် ခဲ့ပါတယ်။ မတူညီတဲ့ တိုက်ပွဲမျိုးစုံနဲ့လည်း ရင်ဆိုင်ခဲ့ရ ပါတယ်။

နောက်တခုကတော့ ဖက်ဒရယ်ဖြစ်ပါတယ်။ ကျွန်တော်တို့ကလဲ မဆလရဲ့ ဝါဒဖြန့်ချီရေးအောက်မှာ ဖက်ဒရယ်ကို ခွဲထွက်ရေးအဖြစ်သာ နားလည်ခဲ့ကြပြီး ကျောင်းသားဘဝမှာလည်း နိုင်ငံရေးနှင့် မိုင်ခြောက် ထောင်လောက် ဝေးခဲ့ကြပါတယ်။

ဖက်ဒရယ်ကိစ္စ အမြင်ဖလှယ်ကြတော့လည်း ဖက်ဒရယ်ဆိုတာ ခွဲထွက်ခြင်း အပေါ်အခြေခံတဲ့အတွက် မဖြစ်သင့်ကြောင်း၊ တည်ဆောက်လို့မရဘူးဆိုတဲ့ အခြေခံဘက်ကဘဲ ရပ်တည် ဆွေးနွေးခဲ့ပါတယ်။

လွတ်မြောက်နယ်မြေရောက်တဲ့အခါမှ ဖက်ဒရယ်အသံကို ကျယ်ကျယ်လောင်လောင် ကြားခဲ့ရပြီး၊ ဖက်ဒရယ်အကြောင်းရေးထားသောစာများ လေ့လာခွင့်ရခြင်း၊ ဆွေးနွေးခွင့်ရခြင်းတို့ကြောင့် နားလည်သဘောပေါက်ခဲ့ပြီး တိုင်းရင်းသားခေါင်းဆောင်များက ဘာကြောင့်မြန်မာနိုင်ငံမှာ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ဖို့ လိုအပ်ကြောင်း၊ ဖက်ဒရယ်သည် မြန်မာပြည်အတွက် အရေးကြီး ကြောင်း၊ ဖက်ဒရယ်မရှိဘဲ ငြိမ်းချမ်းရေးမတည်ဆောက်နိုင်ကြောင်း၊ ဖက်ဒရယ်သည် မြန်မာပြည် အတွက် မရှိမဖြစ် လိုအပ်သောအရာဖြစ်ကြောင်း၊ ဖက်ဒရယ်သည်သာ အမျိုးသား ပြန်လည်သင့်မြတ် ရေး အတွက် တခုတည်းသော တံခါးပေါက်ဖြစ်ကြောင်း နားလည်သဘောပေါက်ခဲ့ပါတယ်။

မြန်မာ့နိုင်ငံရေးသမိုင်းမှာ ၁၉၈၈ခုနှစ် နောက်ပိုင်း ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို ပထမ ဆုံးလက်ခံခဲ့သော နိုင်ငံရေးအဖွဲ့အစည်းမှာ မကဒတ (ABSDF) ဖြစ်ပါတယ်။ ဖက်ဒရယ်အသံကို အကျယ်လောင်ဆုံးအော်ခဲ့သော အဖွဲ့အစည်းမှာလည်း မကဒတပင်။

ကျွန်တော်တို့ သွားရာဒေသတလျှောက် လူထုအား ဖက်ဒရယ်အကြောင်း မိတ်ဆက်ပေးခြင်း၊ ကျွန်တော်တို့ထုတ်ဝေတဲ့ ဒေါင်းအိုးဝေစာစောင်မှာလည်း ဖက်ဒရယ်နှင့်ပက်သက်သော ဆောင်းပါးတွေ ကို အစဉ်မပြတ်ထည့်သွင်းဖေါ်ပြခဲ့ပြီး ရဲဘော်ထုအတွင်း ဖက်ဒရယ်အသိပညာပေးလုပ်ငန်းကို ဆောင် ရွက်ခဲ့ပါတယ်။

ထို့အတူ မိမိတို့နှင့်ဆက်စပ်အလုပ်လုပ်နေတဲ့ ပြည်တွင်း နိုင်ငံရေးပါတီများ၊ လူပုဂ္ဂိုလ်များနဲ့လည်း ဖက်ဒရယ်နှင့်ပက်သက်သော ဆွေးနွေးမှုများ၊ မိတ်ဆက်ပေးခြင်းများ၊ စာစောင်ဖြန့်ဝေခြင်းများကို လုပ်ဆောင်ခဲ့ပါတယ်။

၁၉၈၉ ခုနှစ် ဇူလိုင်လ (၁၉)ရက်နေ့မှာ ကျွန်တော်နဲ့အတူ တပ်စုတစ်စု ဝမ်းခစခန်းကို အင်အား ဖြည့်ရောက်ရှိခဲ့ပါတယ်။ အဲ့ဒီမှာ ပထမဦးဆုံး တွေ့ရတာက လက်ဖျံပေါ်၌ “ခွေးဗမာငါသတ်မည်” နှင့် နဖူးတွင် “နေဝင်းမသေအိမ်မပြန်” ဆိုသော စာသားထိုးထားသည့် ကရင်ရဲဘော် ဖြစ်ပါတယ်။

စတွေ့တွေ့ချင်းမှာ ကျွန်တော်တို့ကို ယောက်ဖရေ နင်တို့ကိုကြိုဆိုပါတယ်လို့ ဖေါ်ရွေစွာနှုတ်ဆက် ပြောဆိုပြီး ရန်သူ (စစ်တပ်)က လက်နက်ကြီးကို ဘယ်လိုအချိန်မှာပစ်တတ်ကြောင်း၊ လက်နက်ကြီး အသံကြားရင် ကတုတ်ကျင်းထဲဝင်ဖို့၊ ဆက်သွယ်ရေး မြောင်းထဲဆင်းဖို့၊ ကင်းစောင့်တဲ့ အခါဘယ်လို စောင့်ဖို့နဲ့ ရန်သူလာနိုင်တဲ့လမ်းစတာတွေကို သူ့အတွေ့အကြုံကို အခြေခံပြီး ရှင်းပြပါတယ်။

ကတုတ်ကျင်းထဲမှာလည်း မြွေ၊ ကင်း၊ ကြွက်၊ ကင်းလိပ်လျှော၊ တောက်တဲ့ စတာတွေ ရှိတဲ့ အကြောင်း လည်း ပြောပြပါတယ်၊ နေ့လည်နေ့ခင်းမှာမအိပ်ဖို့နဲ့ အိပ်ရင်ငှက်ဖျား ဖျားတတ်ကြောင်းလည်း မိတ် ဆက်ပေးပါတယ်။

အဲ့ဒီအချိန်က ဝမ်ခကို ထိုးစစ်ဆင်နေတဲ့ ရန်သူ့တပ်မ ၃၃၊ ၄၄၊ ၆၆ တို့က အလှည့်ကျတာဝန်ယူနေချိန် ဖြစ်ပါတယ်။ ရန်သူကနေ့စဉ် မနက်၊ နေ့လည်၊ ည မရိုးရအောင် လက်နက်ကြီးမျိုးစုံနဲ့ ဖျော်ဖြေပေး နေပါတယ်။ ပွဲကမည့် (ထိုးစစ်ဆင်မည့်) နေ့/ညဆိုရင်တော့ ဖျော်ဖြေမှုက အတော်လေး ညက်ညက် ညောညောရှိပါတယ်။

တချိန်လုံး လက်နက်ကြီး၊ စက်လက်ပါမကျန်၊ လက်နက်ကြီးသံမှတပါး အခြားမည်သည့်အသံမှ မကြားရ အောင် မနားရအောင် ဖျော်ဖြေပေးပါတယ်။ အဲ့ဒီလိုနေ့ဆိုရင် အစားကောင်းစားရပါတယ်၊ တပ်ရင်းက ငါးဒန် (၂)ယောက် တစ်ကီလို (သို့) ကြက် (၂)ယောက် တကောင်နဲ့ ဟင်းသီးဟင်းရွက်များ စသဖြင့်ဝေပါတယ်။

အဲ့ဒီလို တပ်ရင်းက ဟင်းကောင်းတွေဝေပြီဆိုရင်တော့ (၁)ရက်။ (၂)ရက်အတွင်းမှာ တိုက်ပွဲဖြစ်ပါ တော့တယ်။ တိုက်ပွဲ အတွင်းမှာလည်း ကျွန်တော်တို့ ကတုတ်တခုနဲ့တခု အပြန်အလှန် အားပေးမှု၊ ကူညီမှု၊ နွေးထွေးမှုတွေ ရှိပါတယ်။

အဲ့ဒီလိုတိုက်ပွဲတွေကို အတူလက်တွဲ တိုက်ပွဲလာတဲ့ကာလ (၆) လခန့်အကြာမှာ ခွေးဗမာငါသတ် မည် ဆိုသောစာသားထိုးထားသည့် ကရင်ရဲဘော်နဲ့ အတော်လေးခင်မင်ရင်းနှီးခဲ့ကြပါတယ်။

တနေ့ကျွန်တော်က ထိုရဲဘော်ကို “ယောက်ဖ နင့်လက်မှာထိုးထားတဲ့ ခွေးဗမာငါသတ်မည့်ဆိုတာ ငါတို့ကိုလားလို့မေးတော့” သူက “နင်တို့မပါဘူး နင်တို့နဲ့ ငါတို့က ဒေါ်ဘူ ဒေါ်ဘွဲ(ညီအကို)” တွေဖြစ်တယ်” ဒါကဟိုခွေးတွေကိုပြောတာ၊ အဲ့ဒီဗမာထဲမှာ နင်တို့မပါဘူး” လို့ ပြန်ဖြေပါတယ်။

ဒါက ဘာကိုပြသလဲဆိုတော့ ကျွန်တော်တို့ မကဒတ ရဲဘော်တွေဟာ ဗမာဖြစ်ပေမဲ့ သူသတ်မှတ်ထား တဲ့ ဗမာဆိုတဲ့အထဲမှာ ကျွန်တော်တို့မပါဘူးဆိုတာကို လက်ခံ တဲ့သဘောဖြစ်ပါတယ်။ ထို့အတူ ဗမာ တွေထဲမှာ ငါတို့နဲ့အတူလက်တွဲပြီး ဒီစစ်အာဏာရှင်တွေကို တော်လှန် နေတဲ့သူတွေရှိနေပါလား။ ဗမာတွေထဲမှာ ကောင်းတဲ့သူတွေလဲရှိနေပါလား ဆိုတာကို ထိုရဲဘော်သိရှိသွားပြီ ဖြစ်ပါတယ်။

၁၉၉၀ ခုနှစ်၊ နိုဝင်ဘာလမှာ KNU ဌာနချုပ်နယ်မြေ၊ မကဒတ ဌာနချုပ်ရှိရာ မာနယ်ပလောကို တာဝန် တစ်ခုနဲ့ ပြောင်းရွှေ့ခဲ့ရပါတယ်။ မာနယ်ပလောကို မြန်မာလိုဘာသာပြန်ရင် အောင်မြေလို့ အဓိပ္ပါယ်ရ ပါတယ်။

ထိုအချိန်က မြန်မာနိုင်ငံဒီမိုကရက်တစ်မဟာမိတ်များအဖွဲ့ချုပ် (DAB)၊ National Democratic Front (အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု) ၊ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS)၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD -LA) တို့ အခြေပြု ရာ နယ်မြေလည်းဖြစ်ပါတယ်။ နိုင်ငံခြားသားများလည်း အဝင်အထွက်ရှိပါတယ်၊ သဘာဝ တော တောင် ရှု့ခင်းများနဲ့ လှပသာယာသောနေရာဖြစ်ပြီး အတော်လေးစည်းကာတဲ့နေရာဖြစ်ပါတယ်။

ကျွန်တော်တို့ဌာနချုပ်နှင့် နီးစပ် သော မကဒတတပ်ရင်းများမှ တာဝန်ရှိသူများ၊ ရဲဘော်များလည်း အလုပ်တာဝန်ဖြင့်လည်းကောင်း၊ ခွင့်ဖြင့် လည်းကောင်း မာနယ်ပလောကို အလည်သဘော လာ ရောက်လေ့ရှိပါတယ်။ ရောက်တဲ့အခါ တွေ့ဆုံမိတ်ဆက် အတွေ့အကြုံများလည်း ဖလှယ်ဖြစ် ကြပါတယ်။

တနေ့ မာနယ်ပလောမှာဘဲ အခြေပြုထားတဲ့ တပ်ရင်း (၂၀၈) ကို သွားလည်ဖြစ်ရင်း ရဲဘော်များနဲ့ အတွေ့အကြုံများ ဖလှယ်ဖြစ်ပါတယ်။ အဲ့ဒီမှာ ရဲဘော်တယောက်ထံမှ ထူးဆန်းသော အတွေ့အကြုံ တစ်ခုကို ကြားရပါတယ်။

သူတို့တပ်ရင်းက တပ်မဟာ (၁) နယ်မြေကို KNU တပ်များနှင့် ပူးတွဲထွက်ရတာဖြစ်ပြီး၊ တပ်မဟာ (၁) နယ်မြေက သူတို့ရဲ့ စစ်ဆင်ရေးနယ်မြေဖြစ်ပါတယ်။ ရွာအချို့က ရွာသူရွာသားများနှင့်လည်း အတော် လေးရင်းနှီးကြပါတယ်။

ထိုရဲဘော်က သူ့ရဲ့အတွေ့အကြုံကို အခုလိုပြန်ပြောပြပါတယ် – သူတို့တပ်ရင်း တပ်မဟာ(၁)နယ်မြေကို ခရီးထွက်ရင်း ရွာတရွာရောက်တော့ အနားယူရင်း ရွာသားတွေနဲ့ စကားပြောဖြစ်ကြ ပါတယ်၊ ပြောကြ ရင်း “အမိုး(အမေ)တယောက်က ပယော်ဟဲလီး (ဗမာစစ်သား လာပြီ) ဆို တရွာလုံးပြေးရ ကြောင်း၊ မပြေးနိုင်တဲ့ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ ကလေးငယ်တွေဘဲ ကျန်ကြောင်း၊ ရွာမှာလူမရှိလို့မရ ကြောင်း၊ လူမရှိရင် စားစရာတွေအကုန်ယူပြီး အိမ်ကိုမီးရှို့ကြောင်း၊ တခါတလေ အချို့မိဘနဲ့ကျန်ခဲ့တဲ့ သမီး အပျိုတွေကို မုဒိန်းကျင့်ကြောင်းများ ပြောပြပါတယ်၊ အဲ့ဒီအခါ ထိုရဲဘော်က အမိုးတို့က ပယော်လာတဲ့အခါ ပြေးရတယ်ဆိုတော့ အခုကျွန်တော်တို့က ပယော်ဘဲလေ – အမိုးတို့ဘာလို့ မပြေးကြတာလဲလို့မေးတော့ – အဲ့ဒီအမိုးက “ဖိုးခွားရေ (သားရေ) နင်တို့က ပယော်တမေ့ပါ (ဗမာစစ်သားမဟုတ်ဘူး) နင်တို့က ကျိုးဖိုး (ကျောင်းသား) တွေဖြစ်တယ်”

ပြေးစရာမှမလိုတာလိုပြန်ဖြေပါတယ်” အဲ့ဒီတော့ ကျွန်တော်တို့ မကဒတက သူတို့အတွက် ပြေးစရာမလိုတဲ့ ကျိုးဖိုးလူမျိုးတမျိုး ဖြစ်သွားခဲ့ပါတယ်။

ကျွန်တော်တို့တပ်တွေရောက်ခဲ့တဲ့ ရွာတိုင်းက ကျွန်တော်တို့ရဲဘော်တွေကို ချစ်ကြပါတယ်၊ ဘာ ကြောင့်လဲဆို့တော့ ကျွန်တော်တို့က ရွာရောက်ရင် ကိုယ်တည်းတဲ့အိမ်က အလုပ်တွေကို ဝိုင်းကူ လုပ်ပေးကြ ပါတယ်၊ ရေခပ်ထင်းခွဲထမင်းချက် တံမြက်လှဲစသဖြင့် ပေါ့။ ဆေးမှူးကလည်း ကျန်းမာရေးမကောင်းသူတွေကို ကုသပေးပါတယ်။

အဲ့ဒီလိုကူညီမှုရဲ့ရလဒ်က သူတို့သိမ်းထားတဲ့ အသားခြောက်၊ မွေးထားတဲ့ကြက်ကို ချက် ကျွေးကြ ပါတယ်။ တခါတလေ ကရင်ရဲဘော်တွေကပါ ရွာသားတွေကို ဒီကျိုးဖိုးတွေကိုတော့ ဟင်းချက် ကျွေး တယ် ငါတို့ကျတော့မကျွေးဘူးဆိုပြီး စောတကတက်တာတွေရှိခဲ့ပါတယ်။

အဲ့ဒီလိုရင်းနှီးရာကနေတဆင့် အရွယ်ရောက်ပြီးသား ကျွန်တော်တို့ရဲဘော်တွေ နှလုံးခုန်မြန်ပြီး မိမိတို့စစ်ဆင်နယ်မြေအတွင်းမှာရှိတဲ့ ရွာက အပျိုမတွေနဲ့ ချစ်သူတွေဖြစ်ပြီး အိမ်ထောင်ကျ ကြပါတော့တယ်။

မကဒတ (၃၅)နှစ် နိုင်ငံရေးဖြတ်သန်းမှုခရီးက ချောမွေ့တဲ့ခရီးလမ်း မဖြစ်ခဲ့ပါဘူး။ ရုပ်ရှင်တစ်ကား လိုပါဘဲ အလွမ်းအဆွေးမျိုးစုံနဲ့ ဖြတ်သန်းခဲ့ရပါတယ်။ အဖွဲ့အစည်းအတွင်းဖြစ်ခဲ့တာတွေရှိသလို တော်လှန်ရေး အဖွဲ့အစည်းများရဲ့နိုင်ငံရေးကြောင့် အဖွဲ့အစည်းကိုသက်ရောက်ခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

မကဒတ ဖွဲ့ စည်းတည်ထောင်ပြီးမကြာခင် (၁၉၈၉) အစောပိုင်းမှာ ဗမာပြည်ကွန်မြူနစ်ပါတီ ပြိုကွဲခဲ့ ပါတယ်၊ အဲ့ဒီဖြစ်စဉ်က မြန်မာပြည်လက်နက်ကိုင်တော်လှန်ရေးအပေါ် အကြီးအကျယ် သက်ရောက် ခဲ့ပါတယ်၊ (၁၉၉၁) မှာ ရန်သူ လက်ချက်ကြောင့် ညီညွတ်ရေးပြိုကွဲခဲ့ရပြီး၊ မကဒတ (မြောက်ပိုင်း)မှာ ပါဂျောင်ကိစ္စဖြစ်ခဲ့ပါတယ်။ (၁၉၉၄) မှာ KNU ကနေ DKBA ခွဲထွက်ခဲ့ပါတယ်၊ မာနယ်ပလော ဆုံးရှုံး ခဲ့ရပါတယ်။

ဒါဟာ လက်နက်ကိုင်တော်လှန်ရေး အတွက် ဒုတိယအကြိမ်အကြီးမားဆုံးသက်ရောက်မှုဖြစ်ပါတယ်၊ အဲ့ဒီသက်ရောက်မှုဟာ မြန်မာပြည်တွင်း နိုင်ငံရေးနဲ့ အကျဉ်းထောင်အသီးသီးမှာ ရှိနေတဲ့နိုင်ငံရေး အကျဉ်းသားတွေရဲ့ အနာဂါတ်မျှော်လင့်ချက် ပျောက် စေတဲ့အထိ သက်ရောက်မှုကြီးခဲ့ပါတယ်။

၁၉၉၄မှာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) စစ်တပ်နဲ့ အပစ်အခတ် ရပ်စဲရေးလုပ်ခဲ့ပါတယ်၊ အဲ့ဒီအချိန် ကျွန်တော်တို့ ကရင်ပြည်နယ်မှာ အကြီးအကျယ်တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်၊ KIO အပစ်ရပ်ပြီး မကြာခင် (၁၉၉၅) လို့ထင်ပါတယ် မွန်ပြည်သစ်ပါတီ (NMSP) စစ်တပ်နဲ့ အပစ်အခတ်ရပ်ခဲ့ပါ တယ်၊ အဲ့ဒီတော့ ရန်သူက ကရင်ပြည်နယ်ကို ပိုဖိပါတော့တယ်။

(၁၉၉၄ – ၉၅) မာနယ်ပလောလက်လွှတ် ခဲ့ရပြီးနောက်ပိုင်း တိုက်ပွဲတွေ ပိုမိုပြင်းထန်းလာပြီး ကျောပိုး အိတ်စခန်းဖြစ်ခဲ့ရသည့် အခြေအနေအထိ ရောက်ခဲ့ပါတယ်၊ အဲ့ဒီလို နိုင်ငံရေး မတည်ငြိမ်တဲ့ ကာလ မှာဘဲ KNU အတွင်းကနေ တပ်မဟာ (၆) က ဗိုလ်မှုးသူ့မူဟဲ ဦးဆောင်တဲ့ ဟောင်သယော အဖွဲ့၊ ပဒိုအောင်ဆန်းဦးဆောင်တဲ့အဖွဲ့၊ တပ်မဟာ(၇)မှုး ဗိုလ်ချုပ်ထိန်မောင် ဦးဆောင်သောအဖွဲ့တွေ အဖွဲ့အစည်းအတွင်းမပြေလည်မှုတွေကြောင့် ခွဲထွက်ခဲ့ကြပါတယ်၊ အဲ့ဒီကာလတွေမှာ မကဒတက မဟာမိတ် ဖြစ်တဲ့ KUN နဲ့အတူ လက်တွဲမဖြုတ်စတမ်း တိုက်ပွဲဝင်ခဲ့ပါတယ်။

အဲ့ဒီအချိန်က KNU ဟာ အဖွဲ့အစည်းအတွင်း တည်ငြိမ်ရေးကို အတော်ကြိုးစားပြီး ပြန်လည် တည် ဆောက် ခဲ့ရပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအစ ပထမခြေလှမ်းလို့ ပြောရမှာဖြစ်ပါတယ်၊ ဗမာတိုင်းရင်းသားနဲ့ အခြားတိုင်းရင်းသားများအကြား တံတားသဖွယ် ဆက်စပ် ပေးခဲ့ပြီး သံသယရှိမှုများကို ဖြေလျော့နိုင်ရေးဆောင်ရွက်မှုတစ်ခု ဖြစ်ပါတယ်။

သံသယရှိမှုများကို ကျွန်တော်တို့အလုပ်များနှင့် သက်သေပြ ကျော်ဖြတ်ပြီး ယုံကြည်မှု တည်ဆောက် ခဲ့ပါတယ်။

မဟာမိတ်တွေနဲ့ အတူတကွလက် တွဲတိုက်ပွဲဝင်ရင်း သူတို့လူမျိုးတွေရဲ့အကြောင်းနဲ့ ဗမာတွေကို ဘာကြောင့် မုန်းရတာလဲ၊ နာကျည်းရတာလဲဆိုတာတွေကို လေ့လာခွင့်ရခဲ့ပါတယ်၊ လေ့လာရကြားရ မြင်တွေရတဲ့အရာတွေက ကျွန်တော်တို့ လက်နက်ကိုင်တော်လှန်ရေး ထဲ မရောက်ခင် ကာလက မဆလ အစိုးရရဲ့ဝါဒဖြန့်ချီရေး သတင်းစာ၊ ရေဒီယို ဇတ်လမ်းတွေမှာ တိုင်းရင်း သား တော်လှန်ရေး အဖွဲ့အစည်းတွေက လူသတ်၊ မုဒိန်းကျင့်၊ မိုင်းထောင်၊ ဆက်ကြေးတောင်း၊ ရွာမီးရှို့စတဲ့ အကြမ်းဖက် လုပ်ရပ်များကိုသာ နေ့စဉ်ဖေါ်ပြခဲ့တာတွေကိုဘဲ ဖတ်ရကြားနေရခဲ့ရတာဖြစ်ပါတယ်။

ထိုအချိန်က သတင်းမှန်ရရှိရေး အခြားမီဒီယာများလည်း မရှိပါ။ (၁၉၈၈) လူထုဒီမိုကရေစီ အရေး တော်ပုံကို စစ်တပ်က ဖြိုခွဲပြီး လက်နက်ကိုင်တော်လှန်ရေးလုပ်ဖို့ ထိုနယ်မြေတွေကို ကျွန်တော် တို့ရောက်လာတဲ့အခါမှာတော့ – ကျွန်တော်တို့ကို ကြိုဆိုကြပုံ၊ ကျွေးမွေးစောင့်ရှောက်မှု တွေက သတင်းစာ၊ ရေဒီယိုဇတ်လမ်းတွေထဲက သရုပ်ဆောင်မှုတွေနဲ့ ကွဲလွဲနေတာကိုတွေ့ရပါတော့တယ်။

အကယ်၍ (၁၉၈၈) လူထုဒီမိုကရေစီအရေးတော်ပုံကြီး မဖြစ်ခဲ့ရင် ကျွန်တော်တို့ ညီနောင် တိုင်းရင်း သားတွေရဲ့ ဘဝကိုလေ့လာခွင့်ရမှာမဟုတ်သလို သူ့တို့ရဲ့နိုင်ငံရေးခံယူချက်တွေနဲ့ ဘာကြောင့် တိုက်ပွဲဝင်နေတာလဲဆိုတာတွေကိုလည်း သိခွင့်ရမှာမဟုတ်ပါဘူး။

တို့အတူ မြန်မာနိုင်ငံရေး အပြောင်းအလဲ လည်း ဖြစ်လာမှာမဟုတ်ပါဘူး။ (၁၉၈၈) ၈၈၈၈ လူထု ဒီမိုကရေစီအရေးတော်ပုံကြီးက ကျွန်တော်တို့ရဲ့ နိုင်ငံရေးနား မျက်စိတွေကို ဖွင့်ပေးခဲ့တာကြောင့် တန်ဖိုးမဖြတ်နိုင်တဲ့ သမိုင်းတခုဖြစ်ပါတယ်။

ထို့ကြောင့် ၈၈၈၈ လူထုဒီမိုကရေစီ အရေးတော်ပုံကြီးနှင့် ကျဆုံးသွားခဲ့ကြသည့် ရဟန်းရှင်လူ အာဇာနည်သူရဲကောင်း အပေါင်းတို့အား ကျေးဇူကမ္ဘာပါလို့ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်။

———
ကြေညာ | အမှတ် ၄၀ ဂျာနယ်စာစဉ် ဖတ်ရှုနိုင်ပြီ

ဂျာနယ်စာစဉ်များကို ဖက်ဒရယ်ဂျာနယ်၊ မြန်မာက ၃ လတကြိမ် ပုံမှန် ထုတ်ဝေလျက်ရှိနေပါတယ်။

အခုတခေါက် ထုတ်ဝေတဲ့ ဂျာနယ်စာစဉ် ခေါင်းစဉ်ကတော့ “မြန်မာ့တော်လှန်ရေး သမိုင်းကြောင်းကို ပြန်လည် သုံးသပ်ခြင်း” လို့ ပေးထားတာဖြစ်ပြီး စာစဉ်အပြည့်အစုံကို သိမ်းဆည်းဖတ်ရှုနိုင်ဖို့ ဖော်ပြပါ လင့်ခ်မှာ အခမဲ့ ဝင်ရောက်ဒေါင်းလုတ် ရယူနိုင်ပါတယ်။

ဒေါင်းလုတ်လင့်ခ် – https://drive.google.com/file/d/1q18aDDUkHPAP_Bf_H4vlaS4Ze8ucHt0b/view?usp=drive_link

Related Articles

Back to top button