ပဋိပက္ခကို ချဉ်းကပ်နိုင်တဲ့ အလွှာများ | စည်းနရီ
ပဋိပက္ခတွေဟာ ကျွန်တော်တို့ဘဝတွေရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။ ရှောင်လို့မရပါဘူး။ ပဋိပက္ခ တွေ ဖြစ်လာတဲ့အခါ ပြုပြင်ပြောင်းလဲရေးဟာ တချိန်မှာ လိုအပ်လာပါတယ်။
ဘယ်ပဋိပက္ခဖြစ်ဖြစ်ပါပဲ။ ဒါပေမယ့် လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေး ပဋိပက္ခတွေက ပိုတောင်အပြောင်းအလဲလုပ်ဖို့ လိုပါသေးတယ်။ လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေး ဘက်ပေါင်းစုံက ပဋိပက္ခတွေ ဖောသီကြွယ်ဝနေတဲ့ ကျွန်တော်တို့နိုင်ငံမှာ နွေဦးတော်လှန်ရေးဟာ စစ်အာဏာရှင်ကို တော်လှန်ရုံပဲလို့ စဉ်းစားရင် အတော်ကို အသိဉာဏ်အားနည်းတဲ့၊ တွေးရမှာပျင်းတဲ့ ယုံကြည်မှုအဖျင်းစားပဲ ဖြစ်ပါလိမ့်မယ်။
နွေဦးတော်လှန်ရေးမှာ NUCC လို နေရာမျိုးဟာ တကယ်တော့ ပြီးခဲ့တဲ့ကာလက ဖြစ်ပွားခဲ့တဲ့၊ ဖြစ်ပွားနေဆဲ ပဋိပက္ခတွေ ကို ခေါင်းဆောင်တွေကြား၊ အင်စတီကျူးရှင်းတွေကြားနဲ့ လူ့ အသိုက်အမြုံတွေကြားမှာ ပြေလည်အောင် ပုံစံချပေးရမယ့် နေရာတခုလို့လည်း မြင်သင့်ပါတယ်။
ဂျွန်ပေါလ်လက် ထရာ့ချ်က သူ့ရဲ့စာတမ်း၊ စာအုပ်တွေမှာ ပဋိပက္ခတွေကို ပြုပြင်ပြောင်းလဲရေး မူဘောင်တွေအပေါ် ဆွေးနွေးထား တာ ရှိပါတယ်။ သူကတကယ်အတွေ့အကြုံရှိပြီး တကယ် တော်တဲ့ ပညာရှင်ပါ။ သူ့ရဲ့ The Moral Imagination ဆိုတဲ့ စာအုပ်မှာ ပါတဲ့ “ပဋိပက္ခတွေကို ပြုပြင်ပြောင်းလဲ ရေး မူဘောင်” လေ့လာချင်ပါတယ်။
လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေး ပဋိပက္ခတခုကို ကြည့်တဲ့အခါ “အရှင်းလွန်” အောင် ပြုလုပ်တဲ့ reductionist ပုံစံ ချဉ်းကပ်ပုံနဲ့ သွားလို့မရပါဘူး။ ပြဿနာတိုင်းဟာ သပွတ်အူ၊ စာက လေးသိုက်လို ရှုပ်ပါတယ်။ မြန်မာနိုင်ငံမှာဆို ပဋိပက္ခက ဘယ်နှခုရှိမှန်း တောင် ပြောရခက်အောင် ရှုပ်ပါတယ်။
ဘက်ပေါင်းစုံကနေ ပဋိပက္ခတွေဖြစ်နေတဲ့ နိုင်ငံမှာ စစ်အာဏာရှင် တခုတည်းပြုတ်ကျရုံနဲ့ အားလုံးပြီးမယ်လို့ထင်ရင် အတော်ကိုဂွကျပြီး လွှဲနေတဲ့အယူအဆလို့ ပြောရတော့မှာ ပါပဲ။
ကျဆုံးနိုင်ငံ Failed State အခြေအနေကို တွန်းပို့လိုက်ပြီး ပြန်တည်ထောင်တာနဲ့ ဒီပြဿနာတွေ အားလုံး ပြီးသွားမယ်လို့ ဟောပြောနေသူတွေအားလုံးဟာ သေချာမတွေးမိလို့ လုပ်တာ ဒါမှမဟုတ် ရည်ရွယ်ချက်ရှိရှိနဲ့ ပြည်သူကိုလှည့်စားတာ နှစ်မျိုးထဲကတခုခုသာ ဖြစ်မှာပါပဲ။
ပရမ်းပတာဖြစ်စဉ်တွေကို တည်ငြိမ်အောင်လုပ်တဲ့ အခါ ဖက်ဆစ်စနစ်ရဲ့ “ညီညွတ်ကြ (Fascio)” အတွေးအခေါ်နဲ့ အာဏာရှင်တွေကနေ ပဋိပက္ခကို ထိန်းတာမျိုး တွေ့ရတတ်ပါတယ်။
ပဋိပက္ခကို အလွှာလေးလွှာ ပိုင်းခြားရှုမြင်ခြင်း – ဖြစ်ရပ်အလွှာ၊ ဆက်ဆံရေးအလွှာ၊ စနစ်ခံအလွှာ၊ စနစ်အလွှာ
ဖြစ်ရပ်အလွှာ – ပြဿနာတွေကို ကြည့်တဲ့အခါ လူအများစုက ဖြစ်ရပ်တွေကို အခြေပြုပြီး တစုံလုံးကို ကောက်ချက်ချပြောတတ်ပါတယ်။ လုယက်တယ်၊ အိမ်ကို မီးရှို့တယ်၊ လူသတ်တယ် စတာတွေကို မြင်ကြပါတယ်။
တဆင့်တက်လာတဲ့အခါ လူတစ်ဦးကနေ အခြားသူတွေကို ပြုလုပ်တယ်ဆိုတာမျိုး မဟုတ်တော့ပဲ လူတစု၊ တစ်အုပ်ကို လွှမ်းခြုံပြီး လက္ခဏာကပ်လိုက်တာမျိုးကို ခဏခဏ မြင်ရတတ် ပါတယ်။ ဥပမာအားဖြင့် ဓားပြတိုက်ခံရတဲ့အခါ ဓားပြအဖွဲ့ကိုကျော်ပြီး ဒီဒေသကလူတွေက ဓားပြ တိုက်တတ်တယ်လို့ ပြောတာမျိုးကို ကြားဘူးကြမယ်ထင်ပါတယ်။ အဲ့သည်ဖြစ်ရပ်အလွှာတွေက ပဋိ ပက္ခရဲ့ အလွှာတခု ဖြစ်ပါတယ်။
ဆက်ဆံရေးအလွှာ – ပဋိပက္ခကို တွေ့ပြီးတဲ့အခါ ဆက်ဆံရေးအလွှာကို ပြန်သုံးသပ်ဖို့လိုပါတယ်။ လူ့အသိုင်း အဝိုင်းထဲက အစုစုတွေမှာ တဖက်နဲ့တဖက်မြင်တဲ့ပုံစံတွေ အမျိုးမျိုးရှိပါတယ်။ ဆက်ဆံရေးတွေ မတူ ကြတာရှိသလို ဖိနှိပ်မှုနဲ့ အမြတ်ထုတ်မှုတွေ အမျိုးမျိုးရှိပါတယ်။
တခါတလေကျတော့လည်း ကိုယ် တိုင်မသိလိုက်ပဲ အသာစီးရတာတွေ ရှိကြပြန်ပါတယ်။ ဥပမာ ခိုးဆိုးလုယက်တတ်တယ်လို့ နာမည် ဖျက်ခံရတဲ့ လူ့အသိုင်းအဝိုင်းတခုဟာ စာပေလေ့လာဖို့ အရင်းမြစ်၊ စာပေလေ့လာခွင့်၊ စီးပွားရှာခွင့်၊ စီးပွားရှာဖို့အရင်းအမြစ်တွေ နှစ်ပေါင်းများစွာ ပယ်ထုတ်ငြင်းပယ်ခံ လာရတဲ့သူတွေ ဖြစ်နေနိုင်ပါတယ်။
တပြိုင်တည်းမှာ စွတ်စွဲနေတဲ့သူတွေက ဒီလိုငြင်းပယ်တဲ့ အာဏာနဲ့အကျိုးမြတ်ရှိတဲ့ အင်စတီကျူးရှင်း တွေက သူတို့ထိခိုက်ခံရမှုကို ပိုဇောင်းပေးပြောဆိုတာ ဖြစ်နိုင်ပါတယ်။
စနစ်ခံအလွှာ – ဥပဒေစိုးမိုးရေးနဲ့ အုပ်ချုပ်ရေး ဖွဲ့စည်းပုံရဲ့ ထိရောက်မှုတွေလိုမျိုး စနစ်တွေဟာ စနစ်ခံအလွှာမှာ ပါဝင်ကြပါတယ်။ ဥပဒေဟာ တရားမျှတမှုအတွက်လို့ဆိုနေကြပေမယ့် တကယ်တမ်းမှာ နောက်ထပ် အလုပ်တခုကတော့ ငွေအား၊ ရာထူးအား၊ လုပ်ပိုင်ခွင့်အားတွေနဲ့ အာဏာရှိသူတွေ အာဏာဆက်ရှိနေ ဖို့၊ အခွင့်အရေးရှိရင်းစွဲတွေ ပျောက်ဆုံးမသွားစေဖို့ ဥပဒေကနေ တည်ငြိမ်ရေးအတွက် လုပ်ဆောင်တာ လည်း ဖြစ်တယ်။
တဘက်ကလည်း စနစ်ခံအလွှာ အားနည်းတဲ့အခါ ပြဿနာတွေ ပိုကြီးလာတတ် တယ်။ ဥပမာ တရားဥပဒေစိုးမိုးရေး စနစ်တခုအတွက် လုံလောက်တဲ့ စွမ်းရည်ကောင်းမွန်တဲ့ ရဲတွေ မရှိရင် ပြဿနာတွေ ကြီးသထက်ပိုကြီးလာနိုင်ပါတယ်။
စနစ်အလွှာ – စနစ်ဆိုတာမျိုးက ပြည်သူတွေအတွက် မမြင်သာဖြစ်နေတတ်တဲ့ နိုင်ငံရေး၊ စီးပွားရေး စတဲ့ တည်ဆောက်မှုတွေနဲ့ ဟောပြောချက်တွေပါပဲ။ ကျယ်ကျယ်ပြန့်ပြန့် လွှမ်းခြုံထားတတ်ပေမယ့် လူ အများစုမှာကတော့ အဲ့ဒီတည်ဆောက်မှုတွေကို မြင်သာနိုင်တဲ့၊ ဝေဖန်ခွဲစိတ်နိုင်တဲ့ အမြင်တွေ အား နည်းနေတတ်ပါတယ်။
ပဋိပက္ခအလွှာလေးခုကို အချိန်အယူအဆ ရှုထောင့်မှ ရှုမြင်ခြင်း
အချိန်အယူအဆ – ပဋိပက္ခကို ကြည့်ရှုတဲ့အခါ အချိန်ကိုဖြတ်သန်းတဲ့အမြင်ဟာ အရေးကြီးပါတယ်။ ဇာတ်ကြောင်းတွေကို လေ့လာတဲ့အခါ အတိတ်ဟာ ပစ္စုပ္ပန်ကို သက်ရောက်တယ်လို့ ရှုမြင်ကြပြီး ပစ္စုပ္ပန်မှာ လိုချင်တောင့်တအပ်တဲ့ အပြောင်းအလဲတွေကို မမြင်ရဘူး ဆိုရင် အနာဂတ်ကိုလည်း အယုံအကြည် မရှိကြပါဘူး။
ဒါကြောင့် ပဋိပက္ခတခုကို ကြည့်တဲ့အခါ အတိတ်ကို ချန်လို့မရပါဘူး။ အနာဂတ်ကို မြင်ယောင် ကြည့်တဲ့အခါ ကိုယ့်အတိတ်၊ ကိုယ့်မိသားစုရဲ့ဇာတ်လမ်းဇာတိဆင်းသက်မှုတို့ကိုချန်ပြီး စဉ်းစားနိုင်တဲ့သူဆို တာ မရှိပါဘူး။
အသိဉာဏ်ရဲ့လုပ်ငန်းသဘောအရကို မဖြစ်နိုင်တာပါ။ ဒီလိုစဉ်းစားပြီဆိုရင်လည်း သူဟာ တပါးသူကို ကိုယ်ချင်းစာနိုင်မယ့်သူ တကယ်ဟုတ်ရဲ့လား ဆိုတဲ့အပေါ် အလွန်သံသယဝင်စရာ ဖြစ်နေပါတယ်။
လွတ်လပ်စွာ ရွေးချယ်ခွင့်၊ လွတ်လပ်စွာ တွေးတောခွင့်၊ လွတ်လပ်စွာ ရေးသားဖော်ထုတ်ပြောဆိုခွင့် စတာတွေကို အာမခံပါမယ်လို့ ဆိုပြီးတဲ့အခါ ကိုယ့်ဘဝနှင့် ကိုယ့်မိသားစု ဆင်းသက်လာတဲ့ ဇာတ်လမ်းတွေကို ကိုယ့်ရွေးချယ်မှုတွေမှာ ထည့်သွင်းစဉ်းစားဖို့မလိုဘူးလို့ ဖော်ပြတဲ့အခါ အလွန်တရာရှေ့နောက်မညီတဲ့ Hypocri -tical အဆိုပြုချက်လို့ ဆိုနိုင်ပါလိမ့်မယ်။
ဒါကြောင့် အတိတ်ကို ပြန်ကြည့်ဖို့ လိုပါတယ်။ အတိတ်ကိုကြည့်ရင် အကန့်လေးကန့် ခွဲခြားကြည့်နိုင်တယ်။
ပထမအကန့်က မကြာသေးခင်ကဖြစ်ရပ်တွေပါ။ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ဖိနှိပ်ခဲ့ကြတဲ့၊ ဖိနှိပ်ခံခဲ့ ကြရတဲ့ ဖြစ်ရပ်တွေဟာ ဒီအကန့်မှာ ပါဝင်တယ်။
ဒုတိယအကန့်က နည်းနည်းကြာသွားပေမယ့် ဘဝထဲမှာ ဖြတ်သန်းခဲ့ကြဘူးတဲ့ မျိုးဆက်အတွေ့အကြုံ ဖြစ်ရပ်တွေပါပဲ။ ဘဝအစောပိုင်းကာလမှာ မျက်မြင်ဒိဌ ကြုံဆုံခဲ့ရတဲ့ ဖြစ်ရပ်တွေလည်း ဖြစ်ကြပါတယ်။
တတိယအကန့်ကတော့ သမိုင်းဖြစ်ရပ်တွေပါ။ မိမိတို့လူမှုအသိုက်အမြုံကို ကျွန်ပြုတာ၊ ဖိနှိပ်တာ၊ စီးပွားရေး အမြတ်ထုတ်တာ၊ အခွင့်အရေးတွေ ငြင်းပယ်ခံရတာတွေ ပါဝင်တယ်။ ဂျီနိုဆိုက်တွေ ပါတယ်။
နောက်ဆုံးအလွှာကတော့ ဇာတ်လမ်းစကား အလွှာပါပဲ။ သမိုင်းဖြစ်ရပ်တွေကို ပြန်ပြောကြတဲ့အခါ ဘယ်လိုပုံစံ ပြန်ပြောသလဲဆိုတာ အရေးကြီးပါတယ်။ အားလုံးကတော့ ကိုယ့်ဘက်သာတဲ့ စဉ်းစားမှုတွေနဲ့ သမိုင်းကို ချဉ်းကပ်ပါတယ်။ ဒါကလည်း ပဋိပက္ခဖြစ်စေတာပါပဲ။
နမူနာပေးရရင် မကြာမီနှစ်တွေတုန်းက ကချင်၊ ရခိုင်၊ သျှမ်းဒေသတွေမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေ၊ စစ် ရာဇဝတ်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ကရင်နီနဲ့ မွန်ဒေသတို့က ဗိုလ်ချုပ်အောင်ဆန်းရုပ်တုတွေ၊ တံတားတွေက မကြာမီက ဖြစ်ရပ်တွေပါပဲ။
ဒါပေမယ့် အဲ့သည်ဖြစ်ရပ်တွေ မတိုင်ခင်ကလည်း စစ်ပွဲတွေ၊ ဖိနှိပ်မှုတွေ၊ ရွှေဝါရောင်တော်လှန်ရေး၊ ၈၈ တို့လို အခြေအနေတွေ၊ တိုင်းရင်းသားတွေက သူတို့နားလည်တဲ့ ဘာသာစကားနဲ့ စာသင်ခွင့် မရတာတွေ၊ ဗမာဇာတ်သွင်းခံရတာတွေ၊ စီးပွားရေးအမြတ်ထုတ် ခံရတာတွေ၊ ဖယ်ကျဉ်ခံရတာတွေ၊ မျိုးစုံရှိခဲ့တော့ အဲ့ဒါတွေက ဖြတ်သန်းနေထိုင်ခဲ့ရတဲ့ ဘဝတွေပါပဲ။
သမိုင်းထဲမှာတော့ ထင်ရှားရှိခဲ့ဘူးတဲ့ နိုင်ငံရေးယူနစ် စုဖွဲ့မှုတွေ၊ စီးပွားရေးတည်ဆောက်မှုတွေ လုယူဖျက်သိမ်းခံရတာတွေ၊ ဥပမာ ကရင်နီကို ဖဆပလတပ်တွေ ကျူးကျော်ခဲ့တာမျိုးတွေ၊ မွန် နဲ့ ရခိုင်ကို ကုန်းဘောင်ဘုရင်တွေ ကျွန်ပြုခဲ့တာ တွေ၊ သျှမ်းပြည်ကို ဗိုလ်နေဝင်းက စစ်အုပ်ချုပ်ရေးအောက်ထဲ အတင်းသွင်းခဲ့တာတွေ၊ ဗမာနိုင်ငံရေးသမားတွေ က လူမျိုးရေးပြဿနာ ဇာတ်သွင်းခဲ့တာတွေ စတဲ့ဖြစ်စဉ်တွေကတော့ သမိုင်းပါပဲ။
ဒီနေရာမှာ နောက်ဆုံးအလွှာရဲ့ အရေးကြီးပုံကို ပြောချင်တာပါတယ်။ အဲ့သည် နောက်ဆုံးအလွှာ ကတော့ narrative လို့ခေါ်တဲ့ ဇာတ်ကြောင်းကို ပြန်ပြောတဲ့ ပုံစံတွေရဲ့ အရေးကြီးပုံပါ။ ဗမာနိုင်ငံရေးဘက်ကကြည့်ရင် ကရင်နီဟာ သူ့ဘာသာ ရပ်တည်ဖို့မဖြစ်နိုင်လို့ မြန်မာပြည် ထဲပေါင်းလာရတာ ဖြစ်ပေမယ့် ကရင်နီဘက်က ပြန်ကြည့် ရင် လွတ်လပ်ခွင့်ရှိတဲ့ပြည်ကို ဖဆပလတပ်က ကျူးကျော် တာ ဖြစ်ပါတယ်။
ဦးအောင်ဇေယျဟာ နိုင်ငံကို စည်းလုံးစေခဲ့ တဲ့ ဘုရင်ဖြစ်ပေမယ့် မွန်တွေဘက်ကကြည့်တဲ့အခါ ဂျီနို ဆိုက်ဆန်ဆန် လူတွေကိုသတ်ပြီး စာပေအကုန်လုံးကို မီးရှို့ဖျက်ဆီးခဲ့တဲ့သူ ဖြစ်နေတယ်။
ဗမာနိုင်ငံရေးဘက်က ဗိုလ်ချုပ်အောင်ဆန်းဟာ လွတ်လပ်ရေးရဲ့ ဖခင်ကြီးလို့ ပြော ပေမယ့် တချို့တိုင်းရင်းသားတွေအတွက် ကိုယ့်လွတ်လပ် ရေးကို ကိုယ်ယူလာရတာဖြစ်ပြီး ဗမာပြည်နဲ့ လာပေါင်းခဲ့တာ ဖြစ်တယ်။
ဗြိတိသျှဘက်ကကြည့်ရင်လည်း ၁၉၄၀ မတိုင်ခင် ကတည်းက အိန္ဒိယကို လွတ်လပ်ရေးပေးတဲ့အခါ မြန်မာနိုင်ငံ ကိုပါပေးရမယ့်အကြောင်း ဆွေးနွေးချက်က ရှိနှင့်ပြီးဖြစ်နေ တယ်။
ဗြိတိသျှအစိုးရဘက်ကကြည့်ရင် ဗုဒ္ဓဘာသာသာသနာ့ ဒါယကာခံလို့မရပေမယ့် မြန်မာနိုင်ငံရဲ့ ဗုဒ္ဓဘာသာတွက် စာပြန်ပွဲတွေနဲ့ ချီးမြှောက်မှုတွေ လုပ်ပေးရုံမက ထူးချွန်သူဘုန်းကြီးတွေရဲ့ ဆရာတွေကိုပါ ငွေကြေးချီးမြှင့်ပေမယ့် နန်းဦးဆရာတော်နဲ့ ဆက်စပ်ဘုန်းကြီးတွေ က ဗြိတိသျှ အစိုးရဟာ သာသနာ့ဒါယကာခံဖို့ ကမ်းလမ်းချက်ကို လက်မခံခဲ့တဲ့ မိစ္ဆာဒိဌိ ကုလားဖြူဘုရင်ပဲ။
ဒီနေ့ခေတ်ဆို အဲသည်ဇာတ်လမ်းတွေကို ပြန်ပြောပုံရဲ့ သက်ရောက်မှုကို မြင်ရတာပိုသိသာတယ်။ မြို့ကြီးတွေမှာကျောင်းတက်ပြီး ဗမာ့ပညာရေး၊ ဗမာစာအုပ်နဲ့ လစ်ဘရယ်၊ ပို့စ်မော်ဒန်တို့ရဲ့ ဟောပြောချက် တွေနဲ့ ပိုနီးစပ်တဲ့သူတွေဟာ မြန်မာ့နိုင်ငံရေးဘက်ကိုပိုမိုယူကြပြီး နွေဦးတော်လှန်ရေးမှာ ဗမာ့အတွေး အနှစ်သာရဖြစ်တဲ့ “တနိုင်ငံတည်း၊ ဒီမြေ၊ ဒီရေ၊ တပေါင်းတည်း” ခံယူချက်ကို ပိုယူကြတယ်။
ကရင်နီလို သွတ်သွင်းမှု (Annexed) လုပ်ခံထားရတဲ့ နေရာမှာတောင် လူမျိုးစုံဆိုတဲ့ ဟောပြောချက် တွေ များလာတယ်။ ဒါပေမယ့် မွန်၊ ရခိုင်လို ကိုယ့်ဟောပြောချက်နဲ့ကိုယ် ရပ်တည်တာကြာလာတဲ့ လူမျိုးတွေကျတော့ နွေဦး တော်လှန်ရေးထဲကို ဝင်ပါလာတာသိပ်မမြင်ရပဲ ကိုယ့်နိုင်ငံရေးရည်မှန်းချက် ပုံစံနဲ့ ကိုယ့်ဘာသာ ဆက်လျှောက် ကြတယ်။
မွန်ဆို စီးပွားရေးဘက်ကို ပိုကြည့်ပြီး လူထုမထိခိုက်ရေး အတွက် လက်ရှိနွေဦးတော်လှန်ရေးနဲ့ ကင်းကင်းနေတယ်။ ရခိုင်ဆို ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် ဆက်လျှောက်တယ်။
တော်လှန်ရေးခေါင်းဆောင်တွေ မှာတောင် ဟိုးအရင်က တော်လှန်ရေးတပ်တွေကို ဦးဆောင်တည်ထောင် လာတဲ့ ခေါင်းဆောင်တွေနဲ့ သူတို့နေရာ ဆက်ခံကြတဲ့ ၈၈ နောက်ပိုင်း တောထဲရောက်ပြီး အခုခေါင်းဆောင်ဖြစ်လာတဲ့သူတွေနဲ့ ဟောပြောချက် မတူကြဘူး။
KNU မှာဆို သိသာပါတယ်။ ကရင်တော်လှန်ရေး ပဓာနသမားတွေက သတိထားတဲ့ချဉ်းကပ်မှုနဲ့ နွေဦးတော်လှန်ရေးကို ရှုမြင်ပြီး ဗမာနိုင်ငံရေးသမား၊ ဗမာတော်လှန်ရေးသမားနဲ့ ဗမာစစ်တပ် အားလုံးဟာ Statist နိုင်ငံတော်ပဓာနဝါဒသမားတွေ ဖြစ်တယ်လို့ ရှုမြင်ပုံ နဲ့ အခြားတဘက်မှာ ၈၈ ကနေထွက်လာတဲ့ ကရင်တော်လှန်ရေး ခေါင်းဆောင်တွေဆို “ကျွန်တော်တို့ အတူတူလုပ်ဖို့လိုတယ်” ဆိုတာကို အကြိမ်ရေများများ ပိုပြောပါတယ်။ Discord analysis သုတေသီတွေဆို ပိုနားလည်ပါလိမ့်မယ်။
ပဋိပက္ခတွေကို ဘယ်လို ချဉ်းကပ်ဖြေရှင်းမလဲ
အကျပ်အတည်းတွေ ဖြစ်လာတဲ့အခါဖြစ်နေတဲ့ ပြဿနာဖြစ်ရပ်တွေကနေ လူ့အခွင့်အရေး ဆုံးရှုံးတာ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေ ဖြစ်တာတို့ကို အရင်ဖြေရှင်းရတာတော့ ပဓာနပဲ။ လူတွေရဲ့သေဆုံးမှုနဲ့နာကျင်မှုကို အရင်ကန့်သတ်ဖို့ လိုတဲ့စည်းမျဉ်း ဖြစ်ပါတယ်။ ရေတိုကတော့ ဒါပဲ။
ပြီးရင် အနာဂတ်အတွက် ပြင်ဆင်ရမယ်။ စွမ်းရည်မြှင့်တင်ရေးသင်တန်းစတဲ့ အန်ဂျီအိုအလုပ်တွေက ဒီမှာလိုတာပဲ။ လူတွေကို တဦးနဲ့တဦးနားလည်ရေး၊ လက်ခံရေးတွေ လုပ်ဖို့လိုတယ်။ ဒါက ၅ နှစ်နဲ့အထက် ကြာနိုင်တဲ့ကိစ္စပဲ။ လူမှုရေးစနစ်တွေကို ပြောင်းလဲဖို့ ဒီဇိုင်းကတော့ အနိမ့်ဆုံးဆယ်စုနှစ်တခုစာ လုပ်မှရမယ့်ကိစ္စ ဖြစ်ပါတယ်။
မြန်မာမှာ နှစ်ဆယ်စုနှစ်များစွာ ကြာနေတာတောင် အလုပ်မဖြစ်သေးဘူး။ ဒီနေရာမှာ အရေးကြီးတာ က အမေရိကန်လို ရွှေ့ပြောင်းလာတဲ့သူတွေရဲ့ နိုင်ငံရေးစနစ်၊ ဂျပန်၊ ဂျာမနီ၊ ကိုရီးယားလို လူမျိုးမကွဲပြားတဲ့သူ တွေရဲ့ နိုင်ငံကစနစ်တွေ၊ တရုတ်လို Civilization ယဉ်ကျေးမှုအသိုက်အမြုံကနေ လာတဲ့စနစ်နဲ့ ဆိုဗီယက်လို အာဏာရှင် ဖက်ဒရယ်စနစ်တွေက မြန်မာနိုင်ငံမှာ တိုက်ရိုက်လာသုံးလို့ ရမှာတော့ မဟုတ်ပါဘူး။
အထူးသဖြင့် ဌာနေတိုင်းရင်းသား အများကြီးရှိတဲ့ မြန်မာနိုင်ငံမှာ ဌာနေတိုင်းရင်းသားတွေကို ကျွန်ပြုဖိနှိပ်ခဲ့တဲ့ အမေရိကနဲ့ ကနေဒါလို လုံးပေါင်းလစ်ဘရယ်စနစ်ကို လူမျိုးမရွေး ဘာသာမရွေးစားနိုင်တဲ့ အစားအစာတခုလို လာကျွေးလို့ ရမှာတော့ မဟုတ်ဘူး။
ကိုယ့်စနစ်ကို ကိုယ်ကျင့်သုံးတဲ့အခါ နိုင်ငံသားတခုတည်းရှိရမယ်ဆိုတဲ့ Political membership ကို ပဓာနတန်းတင်ပြီး တိုင်းရင်းသားတွေရဲ့စိတ်နဲ့လူမှုရေးရာ နာကျင်ထိခိုက်ခဲ့ရတာတွေကို မေ့ပစ်ဖို့ ပြောလာ ခဲ့ရင် ဒါက Statism လို့ခေါ်တဲ့ နိုင်ငံတော်ပဓာနဝါဒ၊ တနည်းပြောရရင် မြန်မာနိုင်ငံတော်တခုတည်း ဗဟိုပြုထားတဲ့ Burmanization ဝါဒကြီးသာ ဖြစ်နေပြန်တဲ့အတွက် ငြိမ်းချမ်းမှာမဟုတ်ပါဘူး။
သို့သော်လည်း ခြွင်းချက်တခုကတော့ နွေဦးတော်လှန်ရေးမှာ တိုင်းရင်းသားတော်လှန်ရေး တပ်အသီးသီးမှာ နေရာရလာတဲ့သူ တွေဟာ ဗမာနိုင်ငံရေးနဲပိုနီးစပ်သူများဖြစ်လို့ တချိန်ကျရင်တော့ တိုင်းရင်းသားဖြစ်တည်မှုတွေဟာ အမျိုးသား ရေး Nation အဆင့်ကနေ လူမျိုးစု Ethnic အဖြစ်ကို လျှော့ကျသွားနိုင်ပါတယ်။
ဒါဆိုရင်တော့ တနိုင်ငံလုံး၊ အလွှာအဆင့်တွေ ကွာခြားနေတဲ့ အမျိုးသားနိုင်ငံ ဖြစ်သွားပါလိမ့်မယ်။ ဒါဆိုရင်တော့ Burmanization က အောင်မြင်သွားတာပါပဲ။ နည်းနည်းတော့ ကြာနိုင်ပါတယ်။ ပြဿနာတွေလည်း ရှိနိုင်ပါတယ်။ တချို့ပဋိပက္ခ ကိုတွေလည်း ရပ်သွားနိုင်ပါတယ်။ အကောင်း၊ အဆိုးတော့ ရှိတာပါပဲ။
နောက်ပြီးတော့ လူမှုရေးဒီဇိုင်းဆွဲတဲ့အခါ တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြည်သူ့ရေးရာ ဝန်ဆောင်မှုတွေ ဖွဲ့စည်းရေးတွေလည်း ရှိမှာပါ။ ဒီအပေါ်မှာ ငြိမ်းချမ်းရေး၊ တရားမျှတရေး၊ ပြန်လည်ရင်ကြား စေ့ရေးတွေ လုပ်ရမှာပါ။
လက်တွေ့ကျကျလုပ်ဆောင်ဖို့ နှစ်ပေါင်းများစွာ ရရှိထားတဲ့ အတွေ့အကြုံတွေကို မပစ်ပယ်ဖို့ လိုပါတယ်။ နွေဦးတော်လှန်ရေးမှာ ရရှိတဲ့အတွေ့အကြုံနဲ့ အမြင်အာရုံကသာ အရေးပါပြီး ကျန်တဲ့ အတွေ့အကြုံတွေက တရားမဝင်ဘူးလို့ Statist ဗမာလူမျိုးကြီးဆန်ဆန် တွေးတာမျိုး ရှောင်ရပါမယ်။
အဆုံးစွန်အားဖြင့် နိုင်ငံအပေါ်ထားရှိတဲ့ အမြင်ရည်မှန်းချက်ဟာ အလွန်ပဲအရေးကြီးလှပါတယ်။ ဒါတော့ အမြဲတည်ဆောက်နေရမှာြဖစ်ပြီး မိမိတို့နိုင်ငံမှာ တည်ရှိစေချင်တဲ့ သုစရိုက်တရား၊ လောကပါလတရား တွေကို ထွန်းကားလာအောင် ရူပါရုံပုံရိပ် vision ဆီ ဦးတည်သွားရမှာ ဖြစ်တယ်။ ယထာဘူတလက်တွေ့ကျတဲ့ နိုင်ငံဟာ အမျှော်အမြင် ရှိဖို့လိုပါတယ်။
ဒါ့အပြင် ပဋိပက္ခတွေ ပြန်မပေါ်လာစေဖို့ ကြိုတင်ကာကွယ်ရေးတွေက အလွန်မှ အရေးကြီးတာပဲ။ မျိုးဆက်တွေကို အတိတ်အကြောင်း ပညာပေးတဲ့အခါ တရားမျှတတဲ့ ဇာတ်လမ်းတွေနဲ့ ပြောဆိုမှုတွေ လိုအပ်တယ်။ တဘက်စောင်းနင်းနိုင်တဲ့ သမိုင်းသင်ခန်းစာတွေကို ပယ်ပြီး မျှမျှတတ ဖြစ်စေဖို့လိုအပ်တယ်။ အတိတ်ဆိုတာ လူ့အသိုင်းဝိုင်းတွေရဲ့ သိက္ခာနဲ့ ခွဲခြားမရဘူး။
အတိတ်ကိုပယ်ချတာ၊ အတိတ်ကို ပုံဖျက်တာ လုပ်အပ်လုပ်ထိုက်တဲ့ အရေးကိစ္စမဟုတ်ပါဘူး။ တရားမျှတမှုကို ဖော်ဆောင်ပေးခြင်းအားဖြင့် လူ့အသိုင်းအဝိုင်း တိုင်းဟာ ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်မှာပါ။
ငြိမ်းချမ်းတည်ငြိမ်ရေးအတွက် မူဘောင်တခုကို တည်ဆောက်တယ်ဆိုတာ စစ်နိုင်ခြင်းနဲ့ ဥပဒေရေး ရာရဲ့ အလွန်မှာရှိတယ်လို့ပြောရင် အားလုံးလက်ခံကြမယ်လို့ ယူဆပါတယ်။
သက်ဆိုင်ရာယုံကြည်မှုအလိုက် နိုင်ငံရေးဘောင်က လျှောက်လှမ်းသူတွေ၊ စစ်ရေးဘောင်က လျှောက်လှမ်းသူတွေ ရှိကြပေမယ့် တကယ်တော့ ဘယ်နိုင်ငံရေးကမှ ဘဝနေနည်းရဲ့အလွန်မှာကျော်ပြီး မတည်မြဲနိုင်ပါဘူး။
အင်စတီကျူးရှင်းတွေဟာ ရံဖန်ရံခါ တည်ဆောက်ရတာထက် ဖျက်ဆီးရတာ ပိုခက်တတ်တာတွေ ရှိနိုင်ပါတယ်။ ဒါကြောင့် အနာဂတ်ကိုရှုမျှော်တဲ့ အခါ တရားမျှတရေး၊ အမှန်တရားဖော်ဆောင်ရေး၊ သင့်မြတ်ရေးတွေအားလုံး သမိုင်းကိုမပစ်ပယ်ပဲ ဖော်ဆောင် ဖို့ လိုအပ်လှပါတယ်။ ။
————
ကြေညာ | အမှတ် ၄၀ ဂျာနယ်စာစဉ် ဖတ်ရှုနိုင်ပြီ
ဂျာနယ်စာစဉ်များကို ဖက်ဒရယ်ဂျာနယ်၊ မြန်မာက ၃ လတကြိမ် ပုံမှန် ထုတ်ဝေလျက်ရှိနေပါတယ်။
အခုတခေါက် ထုတ်ဝေတဲ့ ဂျာနယ်စာစဉ် ခေါင်းစဉ်ကတော့ “မြန်မာ့တော်လှန်ရေး သမိုင်းကြောင်းကို ပြန်လည် သုံးသပ်ခြင်း” လို့ ပေးထားတာဖြစ်ပြီး စာစဉ်အပြည့်အစုံကို သိမ်းဆည်းဖတ်ရှုနိုင်ဖို့ ဖော်ပြပါ လင့်ခ်မှာ အခမဲ့ ဝင်ရောက်ဒေါင်းလုတ် ရယူနိုင်ပါတယ်။
ဒေါင်းလုတ်လင့်ခ် – https://drive.google.com/file/d/1q18aDDUkHPAP_Bf_H4vlaS4Ze8ucHt0b/view?usp=drive_link